← Chapters

အခန်း (၄၅၉-၄၆၀)

Vol. 43 Ch. 459-460

အခန်း (၄၅၉-၄၆၀)

Vol. 43 Ch. 459-460

အပိုင်း (၄၅၉)

ထိုအချိန်တွင် ပန်းချီဆရာကြီးက နေရာအချို့ လွတ်နေသေးသည်ကို သတိပြုမိသွားပြီး ပြုံးလျက် - “ထိုင်ခုံအချို့ လွတ်နေပါသေးတယ်။ ဘယ်မိတ်ဆွေများကများ ရှေ့ထွက်ပြီး စမ်းကြည့်ချင်ပါသလဲ။ ပန်းချီပညာနဲ့ မိတ်ဖွဲ့ကြတာပေါ့”

လင်းပိုင်ဖန်က လက်ခုပ်တီးကာ ပြုံးရွှင်စွာဖြင့် ရှေ့သို့ တက်လာခဲ့ပြီး - “ငါကိုယ်တော်လည်း အားနေတာနဲ့ပဲ... စမ်းကြည့်တာပေါ့”

လင်းပိုင်ဖန်၏ လှုပ်ရှားမှုက လူတိုင်း၏ အာရုံကို ဖမ်းစားသွားတော့သည်။

“အရှင်မင်းကြီး... အရှင်က ပန်းချီလည်း ဆွဲတတ်တာပဲလား” ပန်းချီဆရာကြီးက သိချင်စိတ်ဖြင့် မေးလိုက်သည်။

လင်းပိုင်ဖန်က ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလိုက်ပြီး - “ဒါပေါ့... ငါကိုယ်တော်က ငယ်စဉ်ကတည်းက စာပေနဲ့ အနုပညာမှာ နှံ့စပ်ခဲ့တာ။ ဂီတ၊ စစ်တုရင်၊ လောင်းကစား... အဲ... လွဲလို့၊ ဂီတ၊ စစ်တုရင်၊ စာပေနဲ့ ပန်းချီမှာ ကျွမ်းကျင်ပြီးသားပါ။ ဒါကြောင့် ပန်းချီဆွဲတတ်တာ ဘာဆန်းလို့လဲ”

အားလုံးက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။ လင်းပိုင်ဖန်သည် တော်ဝင်မိသားစုမှ မွေးဖွားလာသူဖြစ်ပြီး တော်ဝင်ပညာရေးကို သင်ကြားခဲ့ရသူဖြစ်သဖြင့် ပန်းချီဆွဲတတ်သည်မှာ သဘာဝကျလှသည်။

ပန်းချီဆရာကြီးကလည်း - “အရှင်မင်းကြီးဆီက မျှော်လင့်ထားတဲ့အတိုင်းပါပဲ” ဟု ခေါင်းညိတ်လိုက်သည်။

“အားလုံးပဲ... ငါကိုယ်တော်ရဲ့ လက်ရာညံ့ညံ့လေးကို ခွင့်လွှတ်ကြပါဦး” လင်းပိုင်ဖန်က စုတ်တံကို ကောက်ကိုင်ကာ မင်အနည်းငယ် တို့လိုက်ပြီးနောက် စက္ကူပေါ်တွင် အလျင်အမြန်ပင် ရေးဆွဲလေတော့သည်။

လက်ဖက်ရည်တစ်ခွက်စာပင် မကြာလိုက်ဘဲ သူက စုတ်တံကို ချလိုက်ကာ - “ပြီးပြီ”

“ဒီလောက်တောင် မြန်တာလား” လူတိုင်းမှာ ကြောင်အသွားကြသည်။

“ဒါပေါ့” လင်းပိုင်ဖန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

အားလုံးက စပ်စုချင်စိတ်ဖြင့် ဝိုင်းကြည့်လိုက်ကြသော်လည်း ပန်းချီကို မြင်လိုက်ရသည့်အခါတွင်မူ ဆွံ့အသွားကြတော့သည်။

“ဒါ... ဒါ ဘာဆွဲထားတာလဲ”

“ပန်းလေ” ဟု လင်းပိုင်ဖန်က ပြောလိုက်သည်။

“ဒါက တကယ်ပဲ ပန်းလား” ယောင်ယောင်က အားလုံးမြင်အောင် ပန်းချီကို မြှောက်ပြလိုက်သည်။

ပန်းချီပေါ်တွင် စုတ်ချက်များက အစအဆုံးမရှိဘဲ ဝိုင်းပတ်လိမ်ယှက်နေသည်။ ၎င်းမှာ ပန်းတစ်ပွင့်နှင့် တူသည်ထက် ချေးပုံတစ်ပုံနှင့် ပိုတူနေလေ၏။

“ဒါ ပန်းအစစ်ပါပဲဆို” လင်းပိုင်ဖန်က ထပ်လောင်းပြောလိုက်သည်။

“လျှောက်မပြောနဲ့။ ပြောစမ်းပါဦး... ဒါရဲ့ ဘယ်နေရာက ပန်းနဲ့တူလို့လဲ” ယောင်ယောင်က ဒေါသတကြီး မေးလိုက်သည်။

“မင်းတို့ မမြင်ရတာ မဆန်းပါဘူး၊ ဘာလို့လဲဆိုတော့ ငါကိုယ်တော် ဆွဲထားတာက စိတ်ကူးနဲ့ပဲ ပုံဖော်လို့ရတဲ့ အက်ဘ်စထရက် (Abstract) ပန်းချီမို့လို့လေ”

“အက်ဘ်စထရက် ပန်းချီ….” အားလုံးမှာ တစ်ကျော့ပြန် ဝေခွဲမရ ဖြစ်သွားကြပြန်သည်။

သူတို့၏ ဇဝေဇဝါဖြစ်နေသော မျက်နှာများကို မြင်သောအခါ လင်းပိုင်ဖန်က သက်ပြင်းချလိုက်ပြီး - “မင်းတို့ရဲ့ အသိပညာ နည်းပါးမှုကို ထောက်ထားပြီး ငါကိုယ်တော်ကပဲ သဘောထားကြီးကြီးနဲ့ ရှင်းပြပေးပါ့မယ်။ အက်ဘ်စထရက် အနုပညာဆိုတာက အရာဝတ္ထုတွေရဲ့ အလှတရားကို ထူးခြားတဲ့ စိတ်ကူးပုံဖော်မှုတွေနဲ့ ဖော်ပြပြီး နက်နဲတဲ့ ရိုက်ခတ်မှုကို ဖန်တီးတာပဲ။ အခုရော နားလည်ကြပြီလား”

လူအုပ်ကြီးက နားမလည်နိုင်သဖြင့် ခေါင်းခါပြကြသော်လည်း - “နားတော့မလည်ဘူး၊ ဒါပေမဲ့ ကြည့်ရတာတော့ အထင်ကြီးစရာပဲ” ဟု ဆိုကြသည်။

သူတို့၏ မသိနားမလည်မှုကို မြင်သောအခါ လင်းပိုင်ဖန်က အခြားကမ္ဘာမှ အနုပညာရှင်တစ်ဦးကဲ့သို့ မာန်တက်သွားပြီး - “မင်းတို့ နားမလည်တာ မဆန်းပါဘူး၊ ဘာလို့လဲဆိုတော့ မင်းတို့ထဲမှာ အနုပညာကို တကယ် ခံစားတတ်သူ တစ်ယောက်မှ မရှိလို့ပဲ။ ပန်းချီပညာရဲ့ အဆင့်သုံးဆင့်အကြောင်းကိုရော မင်းတို့ သိကြလား”

“မသိပါဘူး” အားလုံးက ထပ်မံ ခေါင်းခါလိုက်ကြပြန်သည်။

“အခု ငါကိုယ်တော် ရှင်းပြမယ်။ ပန်းချီပညာရဲ့ အဆင့်သုံးဆင့်ဆိုတာက သိုင်းပညာလိုပဲ အပေါ်ယံကနေ နက်နဲရာကို သွားတဲ့ အဆင့်ကြီး သုံးဆင့်ရှိတယ်။ ပထမအဆင့်ကတော့ ‘တောင်ကို တောင်အဖြစ်မြင်ခြင်း၊ ရေကို ရေအဖြစ်မြင်ခြင်း’ ပဲ”

“တောင်ကို တောင်အဖြစ်မြင်၊ ရေကို ရေအဖြစ်မြင်” လူအုပ်ကြီးက ဇဝေဇဝါ ဖြစ်နေခဲ့သည်။

“အဲဒါက ဘာကို ဆိုလိုတာလဲဆိုတော့ မင်းတို့က အရာဝတ္ထုတွေရဲ့ အပေါ်ယံကိုပဲ မြင်ပြီး အဲဒီအတိုင်း ပန်းချီဆွဲတာကို ပြောတာ။ ဒီအဆင့်မှာ တောင်က တောင်ပဲ၊ ရေက ရေပဲ။ မင်းမြင်တဲ့အတိုင်း ဆွဲတာဖြစ်လို့ သာမန်အမြင်နဲ့ မခြားနားဘူး။ ဒီအဆင့်ကို ရောက်တဲ့သူတွေကို ပန်းချီဆရာလို့ပဲ ခေါ်နိုင်ပြီး ပညာရှင်လို့ မခေါ်နိုင်သေးဘူး”

လူအုပ်ကြီးက နားမလည်တချက်၊ နားလည်တချက်ဖြင့် အထင်ကြီးစွာ နားထောင်နေကြသည်။

ယောင်ယောင်က သံသယဖြင့် - “ဒါက ကျွန်မတို့ကို လိမ်ဖို့ ရှင်လျှောက်လုပ်ထားတဲ့ စကားတွေတော့ မဟုတ်ပါဘူးနော်”

လင်းပိုင်ဖန်က ပန်းချီဆရာကြီးကို ညွှန်ပြလိုက်ပြီး - “မယုံရင် ပညာရှင်ကြီးကို မေးကြည့်လေ”

လူတိုင်း၏ အကြည့်များက မေးခွန်းထုတ်သည့်ဟန်ဖြင့် ဆရာကြီးထံသို့ ရောက်သွားကြသည်။

ပန်းချီဆရာကြီးက ခေါင်းညိတ်လိုက်ပြီး - “အရှင်မင်းကြီး ပြောတာ လုံးဝ မှန်ပါတယ်။ ပန်းချီပညာကို စတင် သင်ယူတဲ့ ပထမအဆင့်က မြင်တဲ့အတိုင်း ဆွဲတာပါပဲ။ ပုံတူလေ ပိုကောင်းလေပေမဲ့ ကံမကောင်းတာက အဲဒီမှာ ဝိညာဉ် မပါဝင်သေးတာပဲ”

“ဒုတိယအဆင့်ကတော့ မတူတော့ဘူး”

လင်းပိုင်ဖန်က ယုံကြည်မှုအပြည့်ဖြင့် ဆက်ပြောလိုက်သည် - “ဒုတိယအဆင့်က ‘တောင်ကို တောင်အဖြစ် မမြင်ခြင်း၊ ရေကို ရေအဖြစ် မမြင်ခြင်း’ ပဲ။ ဒီအဆင့်ကို ရောက်တဲ့အခါ မင်းတို့ မြင်ရတာက အရာဝတ္ထုတွေရဲ့ အပေါ်ယံတင် မဟုတ်တော့ဘဲ သူတို့ရဲ့ အနှစ်သာရ၊ သူတို့ရဲ့ ရွေ့လျားမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေရဲ့ အတွင်းပိုင်း ဆက်နွှယ်မှုတွေကိုပါ မြင်လာရတယ်။ ဒီအချိန်မှာ သူတို့မြင်တဲ့ တောင်တွေ၊ ရေတွေက အရင်လို မဟုတ်တော့ဘူး”

လူအုပ်ကြီးက နားမလည်သေးသဖြင့် ဆရာကြီးကို လှမ်းကြည့်ကြပြန်သည်။

ဆရာကြီးက ထပ်မံ ခေါင်းညိတ်ပြပြီး - “အရှင်မင်းကြီးရဲ့ စကားက ပညာရှိဆန်လှပါတယ်။ တောင်တွေ၊ မြစ်တွေဆိုတာ အပေါ်ယံမြင်ရသလို မရိုးရှင်းဘူး။ သူတို့မှာ ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှု စည်းမျဉ်းတွေ ရှိပြီး ခွဲခြားလို့မရဘူး။ ဒါကို မြင်နိုင်ပြီဆိုရင်တော့ မင်းရဲ့ ပန်းချီကို အသက်သွင်းနိုင်ပြီ။ ဒီအဆင့်ရောက်မှသာ ပညာရှင်လို့ ခေါ်ထိုက်တာ”

“ပန်းချီပညာရဲ့ တတိယအဆင့်ကိုတော့ ငါကိုယ်တော်က ‘တောင်ကို တောင်အဖြစ် ပြန်မြင်ခြင်း၊ ရေကို ရေအဖြစ် ပြန်မြင်ခြင်း’ လို့ ခေါ်တယ်”

လင်းပိုင်ဖန်က ပြုံးလျက် - “ဒီအဆင့်ကတော့ အနှစ်သာရကို အလိုအလျောက် နားလည်သွားပြီး ရှုခင်းတွေရဲ့ အရှိတရားနဲ့ အစစ်အမှန် မဟုတ်တာတွေကို နတ်ဘုရားတစ်ပါးလို မြင်နိုင်စွမ်းရှိတာပဲ။ ဒီအဆင့်ကို မူလသဘာဝအတိုင်း ပြန်လည်ရောက်ရှိသွားတဲ့ အဆင့်လို့လည်း ခေါ်တယ်။ ဆရာကြီး... ဆရာကြီးလည်း ဒီအဆင့်ကို ရောက်နေပြီမလား”

အားလုံးက ပန်းချီဆရာကြီးကို ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။

ဆရာကြီးက ပြုံး၍ ခေါင်းညိတ်ပြကာ - “အရှင်မင်းကြီးရဲ့ စကားတွေက တကယ်ကို မှန်ကန်ပါတယ်။ တတိယအဆင့်က အဲဒါပါပဲ။ ဒီအဆင့်ကို ရောက်သွားရင် အရာအားလုံးက မင်းရဲ့ နှလုံးသားထဲမှာပဲ ရှိတော့တယ်။ ဘယ်လိုပဲ ပြောင်းလဲပါစေ၊ ငါ့နှလုံးသားထဲမှာတော့ တောင်က အဲဒီတောင်ပဲ၊ ရေက အဲဒီရေပါပဲ”

ထိုအချိန်တွင် လူတိုင်းက လင်းပိုင်ဖန်ကို အထင်ကြီးလေးစားသည့် အကြည့်များဖြင့် ကြည့်လိုက်ကြတော့သည်။

သူ လျှောက်ပြောနေသည်ဟု ထင်ခဲ့ကြသော်လည်း တကယ်တမ်းတွင် အမှန်တရားများ ဖြစ်နေသည် မဟုတ်ပါလား။ ပန်းချီဆရာကြီး ကိုယ်တိုင်ကပင် အသိအမှတ်ပြုထားသည်။ ဤဧကရာဇ်ငယ်လေးမှာ တကယ့်ကို အစွမ်းအစ ရှိပေသည်။

“ဒါပေမဲ့ အဲဒါတွေက ဒီ အက်ဘ်စထရက် ပန်းချီနဲ့ ဘာဆိုင်လို့လဲ” ယောင်ယောင်က သူမလက်ထဲက ပန်းချီကားကို မြှောက်ပြရင်း မေးလိုက်လေသည်။

အပိုင်း (၄၆၀)

“ဒါနဲ့ အများကြီး သက်ဆိုင်တာပေါ့။ ဘာလို့လဲဆိုတော့ ဒီအဆင့် ၃ ဆင့်ရဲ့ အထက်မှာ စတုတ္ထမြောက် အဆင့်တစ်ခု ရှိသေးလို့ပဲ”

လင်းပိုင်ဖန်၏ စကားကြောင့် တစ်ခန်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။

“ဒီ ၃ ဆင့်အထက်မှာ နောက်ထပ် အဆင့်တစ်ခု ရှိသေးတယ် ဟုတ်လား”

“ပန်းချီဆရာကြီးတောင် တတိယအဆင့်ပဲ ရှိသေးတာ၊ သူ့ထက်သာတဲ့သူ ရှိနိုင်ပါဦးမလား”

“အဲဒါက ဘယ်လိုအဆင့်မျိုး ဖြစ်မလဲ”

ချက်ချင်းပင် လူတိုင်း၏ အကြည့်များက လင်းပိုင်ဖန်ထံသို့ ရောက်သွားကြပြီး ပန်းချီဆရာကြီးကိုယ်တိုင်လည်း လှမ်းကြည့်လိုက်သည်။

“ဒီစတုတ္ထအဆင့်ကိုတော့ ‘တောင်ကို တောင်မဟုတ်မှန်း သိမြင်ခြင်း၊ ရေကို ရေမဟုတ်မှန်း သိမြင်ခြင်း’ လို့ ငါကိုယ်တော် ခေါ်တယ်” လင်းပိုင်ဖန်က ပြုံးလျက် ပြောလိုက်သည်။

တစ်ကျော့ပြန်၍ လူတိုင်း မျက်မှောင်ကြုတ်သွားကြပြန်သည်။ သူ၏ စကားကို လုံးဝ နားမလည်နိုင်ကြတော့ပေ။

ပန်းချီဆရာကြီးက ဦးညွှတ်လိုက်ပြီး - “အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ အသိဉာဏ် ပွင့်လင်းသွားအောင် အကျယ်တဝင့် ရှင်းပြပေးပါဦး”

“ငါကိုယ်တော်ကပဲ စပြောလိုက်တာဆိုတော့ လိုအပ်တာကို ရှင်းပြရမှာပေါ့”

လင်းပိုင်ဖန်က ခေါင်းညိတ်လိုက်ပြီး - “အရင် အဆင့် ၃ ဆင့်ကနေပဲ ပြန်စရအောင်။ အရင်က ပြောခဲ့တဲ့ အဆင့်တွေက ‘တောင်ကို တောင်အဖြစ်မြင်၊ ရေကို ရေအဖြစ်မြင်’၊ ‘တောင်ကို တောင်အဖြစ်မမြင်၊ ရေကို ရေအဖြစ်မမြင်’ နဲ့ ‘တောင်ကို တောင်အဖြစ် ပြန်မြင်၊ ရေကို ရေအဖြစ် ပြန်မြင်’ ဆိုပြီး ရှိခဲ့တယ်။ အဲဒီ အဆင့် ၃ ဆင့်လုံးမှာ တူညီနေတဲ့ အချက်တစ်ခုကို တစ်ယောက်ယောက် သတိထားမိကြလား”

“ဘယ်လို တူညီချက်လဲ” လူတိုင်းက မျက်မှောင်ကြုတ်ကာ စဉ်းစားနေကြသည်။

လင်းပိုင်ဖန်က လက်ထဲမှ ယပ်တောင်ကို ဖြတ်ခနဲ ဖြန့်လိုက်ပြီး ပြုံးလျက် - “သူတို့ရဲ့ အကြီးမားဆုံး တူညီချက်က အဲဒါတွေအားလုံးဟာ ‘လူသားတွေရဲ့ အမြင်’ ကနေပဲ ကြည့်နေကြတာလေ။ တောင်ကိုပဲကြည့်ကြည့်၊ ရေကိုပဲကြည့်ကြည့်... အဲဒီထဲမှာ မြင်နေရသမျှက လူ့မျက်စိနဲ့ ကြည့်နေတာပဲ။ မင်းတို့ မြင်တာက မြင်တဲ့အတိုင်းပဲ ဖြစ်မှာပေါ့။ ဒါပေမဲ့ ငါတို့ မြင်ရသမျှက အမြဲတမ်း မှန်ကန်နေလို့လား။ ငါတို့မြင်နေရတာက သဘာဝတရားရဲ့ အစစ်အမှန်ဆုံး ပုံသဏ္ဌာန်လို့ရော ပြောနိုင်မလား”

သူ၏ အတွေးအခေါ်ဆန်သော စကားများက လူတိုင်းကို နက်နက်ရှိုင်းရှိုင်း စဉ်းစားသွားစေသည်။

“ဒါပေမဲ့ ကျွန်မတို့ မြင်နေရတာက မမှန်ဘူးဆိုရင် ဘာက မှန်တာလဲ။ ကျွန်မတို့ မြင်နေရတာက အစစ်အမှန် မဟုတ်ဘူးဆိုရင် ဘယ်အရာက အစစ်အမှန်လဲ” ယောင်ယောင်က လူတိုင်း၏ သံသယကို ကိုယ်စားပြုကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။

လင်းပိုင်ဖန်က ခေါင်းခါယမ်းလိုက်ပြီး - “ဒါက ပြောရခက်တယ်။ လောကမှာ အကြွင်းမဲ့ဆိုတာ မရှိသလို အကြွင်းမဲ့ အမှန်တရားဆိုတာလည်း မရှိဘူး။ မင်းတို့ နားလည်ထားရမှာက ငါတို့ဟာ စကြဝဠာထဲက မရေမတွက်နိုင်တဲ့ အရာဝတ္ထုတွေထဲက တစ်စိတ်တစ်ပိုင်းပဲ။ ငါတို့အပြင် ပန်းတွေ၊ သစ်ပင်တွေ၊ ငှက်တွေ၊ တိရစ္ဆာန်တွေ၊ ပိုးမွှားတွေနဲ့ ငါးတွေ အများကြီး ရှိသေးတယ်။ သူတို့ မြင်ရတာတွေက ငါတို့ မြင်ရတာနဲ့ တူချင်မှတူမှာ။ သူတို့ ကြိုက်တာနဲ့ ငါတို့ ကြိုက်တာလည်း တူမှာ မဟုတ်ဘူး”

“ဥပမာ ပြောရရင်... ချေးပုံတစ်ပုံကိုပဲ ကြည့်။ ငါတို့ လူသားတွေ မြင်ရင်တော့ ရွံစရာကောင်းပြီး ညစ်ပတ်တယ်လို့ ထင်ကြလိမ့်မယ်။ ဒါပေမဲ့ လောက်ကောင်တွေအတွက်ကျတော့ ဒါက အနှိုင်းမဲ့ အရသာရှိတဲ့ အစားအစာဖြစ်သလို သူတို့ ဘဝရဲ့ အသက်သွေးကြောပဲ”

လူတိုင်းက တွေးတောရင်း ခေါင်းညိတ်လိုက်ကြသည်။ ဥပမာပေးပုံက အနည်းငယ် ရိုင်းစိုင်းသော်လည်း သဘောတရားမှာမူ ရှင်းလင်းလှသည်။

“ဒါကြောင့် ‘တောင်ကို တောင်မဟုတ်မှန်း သိမြင်ခြင်း၊ ရေကို ရေမဟုတ်မှန်း သိမြင်ခြင်း’ ဆိုတာက ငှက်တွေ၊ တိရစ္ဆာန်တွေ၊ ပိုးမွှားတွေနဲ့ ငါးတွေရဲ့ အမြင်ကနေ ကြည့်တာကို ဆိုလိုတာပဲ။ ငါတို့အတွက် တောင်နဲ့ ရေလို့ မြင်ရပေမဲ့ သူတို့အတွက်ကျတော့ အဲဒီလို ဖြစ်ချင်မှ ဖြစ်မှာ”

“ငါတို့က တောင်နဲ့ ရေကို လှတယ်လို့ မြင်ပေမဲ့ သူတို့အတွက်တော့ ရုပ်ဆိုးချင် ဆိုးနေမှာ။ တစ်ခါတလေ ငါတို့ ရုပ်ဆိုးတယ်လို့ ထင်တဲ့အရာက သူတို့မျက်လုံးထဲမှာတော့ ကမ္ဘာပေါ်မှာ အလှဆုံး ရှုခင်း ဖြစ်နေနိုင်တယ်”

“ပြီးတော့ ငါကိုယ်တော်ရဲ့ ဒီပန်းချီကားကလည်း...”

လင်းပိုင်ဖန်က သူ၏ အက်ဘ်စထရက် ပန်းချီကားကို ယုံကြည်မှုအပြည့်ဖြင့် မြှောက်ပြလိုက်ပြီး - “ဒါက တကယ်တော့ မင်းတို့ ကြည့်ဖို့ ဆွဲထားတာ မဟုတ်ဘူး၊ ပိုးမွှားတွေ ကြည့်ဖို့ ဆွဲထားတာ။ လူနဲ့ ပိုးမွှားရဲ့ အမြင်က မတူဘူးလေ။ မင်းတို့ကတော့ ဒါကို ရုပ်ဆိုးပြီး နားမလည်နိုင်စရာ အက်ဘ်စထရက်ကြီးလို့ မြင်ကောင်းမြင်လိမ့်မယ်။ ဒါပေမဲ့ သူတို့မျက်လုံးထဲမှာတော့ ဒါက ငွေနဲ့ဝယ်လို့မရတဲ့ အဖိုးတန် ရတနာတစ်ပါး ဖြစ်နေနိုင်တယ်”

“တကယ်ပဲ... အဲဒီလိုလား” ယောင်ယောင်က ဝေခွဲမရ ဖြစ်နေသည်။

ထိုသူ လျှောက်ပြောနေသည်ဟု ခံစားရသော်လည်း ပြန်လည်ချေပရန် သက်သေအထောက်အထားလည်း ရှာမတွေ့ပေ။

“ဒါပေါ့” လင်းပိုင်ဖန်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

ထိုအချိန်မှာပင် တစ်နေရာမှ တဝီဝီ မြည်သံ ထွက်ပေါ်လာသည်။ လူတိုင်း အသံလာရာသို့ ကြည့်လိုက်သောအခါ ပျားတစ်အုပ်မှာ အစီအရင်ဖြင့် ပျံသန်းလာပြီး အဆိုပါ အက်ဘ်စထရက် ပန်းချီကားရှေ့တွင် ဝဲပျံနေကြကာ ထွက်မသွားတော့သည်ကို တွေ့လိုက်ရသည်။

ဤမြင်ကွင်းက ရောက်ရှိနေသူတိုင်းကို တုန်လှုပ်သွားစေတော့သည်။

“ဒီ... ဒီ အက်ဘ်စထရက် ပန်းချီကားက တကယ်ပဲ ပျားတွေကို ဆွဲဆောင်နိုင်တာလား”

“ဒါဆို ပျားတွေရဲ့ မျက်လုံးထဲမှာ ဒီပန်းချီကားက တကယ်ပဲ အဖိုးတန် ရတနာ ဖြစ်နေတာလား”

“စတုတ္ထအဆင့်က တကယ်ပဲ ရှိနေတာလား”

ဤအခိုက်အတန့်တွင် လူတိုင်း လင်းပိုင်ဖန်အပေါ် ထားရှိသည့် အမြင်မှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။ သူ လျှောက်ပြောနေသည်ဟု ထင်ခဲ့ကြသော်လည်း ယခု မြင်တွေ့နေရသည့် အံ့ဩဖွယ် မြင်ကွင်းကြောင့် တစ်နည်းမဟုတ် တစ်နည်းဖြင့် သူ့ကို ယုံကြည်သွားကြလေပြီ ဖြစ်သည်။

ပန်းချီဆရာကြီးပင်လျှင် လင်းပိုင်ဖန်ကို လေးစားသည့်အကြည့်ဖြင့် ကြည့်ကာ သက်ပြင်းချလိုက်ပြီး - “ပညာရှာရာမှာ အသက်အရွယ် မရှိဘူးဆိုတာ ဒါကို ပြောတာပဲ။ ငါကတော့ ပန်းချီလမ်းစဉ်ရဲ့ အဆုံးကို ရောက်ပြီလို့ ထင်ခဲ့တာ... တကယ်တော့ ကိုယ့်ထက်သာတဲ့သူ အမြဲ ရှိနေပါသေးလား”

“အရှင်မင်းကြီးရဲ့ ဒီ... ဒီ အက်ဘ်စထရက် ပန်းချီကားက ကျွန်တော်မျိုးကို ပန်းချီလောကရဲ့ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုနဲ့ မတူညီတဲ့ အမြင်သစ်တစ်ခုကို ပြသပေးခဲ့ပါတယ်။ အများကြီး သင်ယူခဲ့ရပါတယ်၊ လမ်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”

ထိုသို့ပြောပြီးနောက် သူက လက်အုပ်ချီကာ အလေးအမြတ် ဦးညွှတ်လိုက်သည်။

လင်းပိုင်ဖန်ကလည်း နှိမ့်ချစွာဖြင့် - “ဆရာကြီးကလည်း ချီးမွမ်းလွန်းနေပါပြီ။ ငါကိုယ်တော်အတွက်လည်း ဂုဏ်ယူစရာပါ”

သို့သော် ထိုအချိန်မှာပင် ပန်းချီဆရာကြီးက မျက်မှောင်ကြုတ်လိုက်ပြီး - “ဒါ ဘာနံ့လဲ... အလွန်မွှေးတာပဲ”

သူ အားရပါးရ ရှူကြည့်လိုက်ရာ ထိုရနံ့မှာ အက်ဘ်စထရက် ပန်းချီကားဆီမှ ထွက်ပေါ်နေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ သူက လက်ညှိုးဖြင့် ပန်းချီကားကို တို့ကြည့်ကာ နမ်းကြည့်လိုက်ပြီးနောက် မျက်နှာသေဖြင့် ပြောလိုက်သည်မှာ -

“အရှင်မင်းကြီး... အရှင်က ပန်းချီမင်ထဲမှာ ပျားရည်တွေ ထည့်ထားတာလား”

“ဒါပေါ့။ ဒါမှမဟုတ်ရင် ဒီပန်းချီက ပျားတွေကို ဘယ်လိုလုပ် ဆွဲဆောင်နိုင်မှာလဲ” လင်းပိုင်ဖန်က မဆိုင်းမတွပင် ဝန်ခံလိုက်သည်။

လူတိုင်း - “...”

“ဟ… ငါကတော့ သူက ပန်းချီပညာနဲ့ ပျားတွေကို ဆွဲဆောင်တာ ထင်နေတာ၊ တကယ်တော့ ပျားရည်ကိုး”

“သူ့ရဲ့ လျှောက်ပြောနေတဲ့ စကားတွေကို အတည်ပေါက်ကြီး နားထောင်ပြီး ငါတောင် ယုံတော့မလို့”

“လူလိမ်ကြီး... တကယ့်ကို သူတစ်ပါးကို စိတ်ဒုက္ခပေးတဲ့လူပဲ”

လူတိုင်းက လင်းပိုင်ဖန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။ လွန်ခဲ့သည့် မိနစ်ပိုင်းက သူတို့ အရူးလုပ်ခံလိုက်ရသည်ကို ပြန်တွေးမိပြီး အလွန်အရှက်ရသွားကြသည်။

လင်းပိုင်ဖန်ကတော့ ဘာမှမဖြစ်သလိုမျိုး ခပ်တည်တည်ဖြင့် နောက်သို့ ဆုတ်လိုက်ပြီး -

‘မင်းတို့ကို စနောက်လိုက်တာလေ၊ ဘာဖြစ်လဲ။ မင်းတို့က ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ။ လုပ်နိုင်ရင် လာကိုက်လေ’

All Chapters