← Chapters

အခန်း (၄၆၁-၄၆၂)

Vol. 43 Ch. 461-462

အခန်း (၄၆၁-၄၆၂)

Vol. 43 Ch. 461-462

အပိုင်း (၄၆၁)

ပြိုင်ပွဲက ဆက်လက်ကျင်းပနေဆဲ ဖြစ်သည်။

တစ်နာရီခန့် အချိန်ကုန်ဆုံးသွားပြီးနောက် လူအများက သူတို့၏ ပန်းချီကားများကို အသီးသီး အဆုံးသတ်ကာ တင်ပြလာကြတော့သည်။ အချို့က နိုင်ငံကျော်အလှဟု တင်စားရလောက်အောင် လှပသည့် ပန်းဥယျာဉ် ပန်းချီကားများကို ဆွဲကြသလို၊ အချို့ကလည်း မပွင့်တပွင့် ကြာပန်းပုံများကို သေသပ်စွာ ရေးဆွဲထားကြသည်။

မည်သူက ဘာကိုပဲ ဆွဲထားသည်ဖြစ်စေ... အားလုံးက လင်းပိုင်ဖန်၏ အက်ဘ်စထရက် ပန်းချီကားထက်စာလျှင် ကြည့်ရသည်မှာ ပို၍ မျက်စိပဒေသာ ဖြစ်နေကြသည်။

ထိုသို့ဖြင့် နှစ်နာရီ အချိန်ပြည့်သွားသောအခါ -

“ကဲ... အချိန်ပြည့်ပြီ။ မပြီးသေးတဲ့သူတွေလည်း စုတ်တံကို ချလိုက်ကြတော့။ အခု ပန်းချီကား ၃၀ ကျော်လုံးကို ပြိုင်တူ ပြသထားမယ်။ ဘယ်ပန်းချီကားက ပိုးမွှားတွေကို ဆွဲဆောင်နိုင်မလဲဆိုတာ အတူတူ ကြည့်ကြရအောင်” ပန်းချီဆရာကြီးက ပြုံးလျက် ပြောလိုက်သည်။

ထို့နောက် သူက အစေခံများကို အမိန့်ပေးကာ ဖမ်းဆီးထားသော ပိုးမွှားများကို လွှတ်လိုက်ပြီး ပန်းချီကားများကို ရွေးချယ်ခိုင်းလေတော့သည်။

ထိုအခိုက်အတန့်တွင် လင်းပိုင်ဖန်သည် မိမိဘေး၌ ရပ်နေသော မိန်းကလေးငယ် လီရှီဟွာ၏ တုန်လှုပ်နေမှုကို သိသိသာသာ ခံစားလိုက်ရသည်။

လင်းပိုင်ဖန်က သူမကို အသာအယာ နှစ်သိမ့်လိုက်သည် - “မပူပါနဲ့... မင်း သေချာပေါက် အောင်မှာပါ”

“ကျေး... ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ အခုမှပဲ နည်းနည်း စိတ်ပေါ့သွားတော့တယ်” လီရှီဟွာက သက်ပြင်းတစ်ချက် ချလိုက်ရင်း မဝံ့မရဲ ပြုံးပြလိုက်သည်။

“ဒီလိုမှပေါ့”

လင်းပိုင်ဖန်က ပြုံးလျက် သူမ၏ ခေါင်းကို အသာအယာ ပုတ်ပေးလိုက်ပြီး - “တကယ်လို့ သူက မင်းကို တပည့်အဖြစ် မယူဘူးဆိုရင် ငါကိုယ်တော်ကပဲ မင်းကို ခေါ်သွားပေးမယ်”

ချက်ချင်းပင် လီရှီဟွာ၏ ပါးပြင်လေးနှစ်ဖက်မှာ နီရဲသွားတော့သည်။ အနည်းငယ် လျော့ပါးသွားသော တင်းမာမှုများမှာလည်း ယခင်ကထက် ပို၍ ပြင်းထန်လာသယောင် ရှိနေသည်။

မိုယုယန်က လီရှီဟွာကို သူမ၏ နောက်သို့ ဆွဲပို့လိုက်ပြီး ကာကွယ်ပေးသည့် အနေအထားဖြင့် - “အရှင်မင်းကြီး... ရှီဟွာက ငယ်သေးတယ်၊ အဲဒီလို နောက်ပြောင်တာမျိုး မလုပ်ပါနဲ့ဦး” ဟု ပြောလိုက်သည်။

လင်းပိုင်ဖန်က ခပ်ဟဟ ရယ်မောလိုက်ပြီး အခြေအနေကိုသာ ပြန်ကြည့်နေလိုက်သည်။

ထိုအချိန်တွင် ပိုးမွှားများက စတင်ရွေးချယ်နေကြပြီဖြစ်ရာ ပန်းချီကား ၆ ကားပေါ်တွင် နားနေကြပြီ ဖြစ်သည်။ ထို ၆ ကားမှာ အစစ်လား၊ အတုလား ခွဲမရလောက်အောင် သက်ဝင်လှပလှသည်။ ထိုထဲတွင် လီရှီဟွာ၏ ပန်းချီကားလည်း ပါဝင်နေသည်။ သူမသည် နေရောင်အောက်တွင် တောက်ပနေသော ဆည်းလည်းပန်းလေးများကို ရေးဆွဲထားခြင်းဖြစ်ပြီး ပန်းပွင့်ပေါ်မှ နှင်းစက်ကလေးများမှာ အစစ်အတိုင်းပင် ထင်မှတ်ရသည်။ လက်ရာမှာ အနည်းငယ် နုနယ်နေသေးသော်လည်း ပန်းချီကားမှာ အလွန်ပင် သက်ဝင်လှသည်။

“ကောင်းတယ်၊ ကျန်းမန်ရှင်း၊ လီရှီဟွာနဲ့ တခြား ၄ ယောက်... စုစုပေါင်း ၆ ယောက်က ဒုတိယစစ်ဆေးမှုကို အောင်မြင်သွားပြီ” ပန်းချီဆရာကြီးက ကျေနပ်စွာ ကြေညာလိုက်သည်။

“အခု... တတိယနဲ့ နောက်ဆုံး စစ်ဆေးမှုကို ဆက်ရအောင်”

ဆရာကြီးက - “ဒီတစ်ခါကတော့ အရင် နှစ်ခုထက် ပိုခက်လိမ့်မယ်။ ငါကိုယ်တိုင် မင်းတို့ရှေ့မှာ ကိုယ်ခံပညာ တစ်စုံကို ကပြမယ်။ မင်းတို့ မြင်ရသမျှကို ပန်းချီဆွဲရမှာပဲ။ ငါ့ရဲ့ သိုင်းကကွက်တွေနဲ့ အနီးစပ်ဆုံး ရေးဆွဲနိုင်တဲ့သူက ငါ့ရဲ့ ပညာအမွေကို ဆက်ခံမယ့်သူ ဖြစ်လိမ့်မယ်”

ထိုစကားကြောင့် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်သည်။

“ဆရာကြီး... ဒါကို ဘယ်လိုလုပ် ပန်းချီဆွဲရမှာလဲ”

“လက်သီးထိုးတာကို ပုံဆွဲခိုင်းနေတာလား”

“အဲဒီလို ဘယ်သူက ဆွဲလို့ရမှာလဲ”

“အားလုံး နားထောင်ကြဦး”

ဆရာကြီးက ပြုံးလျက် - “ဒီစစ်ဆေးမှုက ခက်ခဲတာတော့ အမှန်ပဲ။ ဒါပေမဲ့ ဒါက ပန်းချီလမ်းစဉ်အတွက် မလွဲမသေ လိုအပ်တဲ့ အဆင့်ပဲ။ မင်းတို့က ငါ့ကို လက်သီးထိုးပြနေတယ်လို့ မြင်ပေမဲ့ ငါကတော့ တကယ်တမ်း ပန်းချီဆွဲနေတာပဲ။ ငါ့ရဲ့ ကိုယ်ခံပညာထဲမှာ ရှိနေတဲ့ ပန်းချီရဲ့ အနှစ်သာရကို မင်းတို့ နားလည်မှသာ ပန်းချီကတစ်ဆင့် ညဏ်အလင်းရနိုင်တဲ့အဆင့်ကို တက်လှမ်းနိုင်မှာ။ မဟုတ်ရင်တော့ မင်းတို့ရဲ့ တစ်ဘဝလုံးကို အလဟဿ ဖြုန်းတီးနေသလို ဖြစ်မှာမို့လို့ အခုကတည်းက လက်လျှော့လိုက်တာ ပိုကောင်းလိမ့်မယ်”

ကန့်ကွက်သံများ တဖြည်းဖြည်း တိတ်ဆိတ်သွားကြသည်။

“အားလုံးပဲ... ငါ စတော့မယ်။ သေချာကြည့်ထားကြ”

ဆရာကြီးက အတွင်းအားကို စုစည်းလိုက်ပြီး ကိုယ်ခံပညာ သိုင်းကကွက်များကို ဖြည်းဖြည်းချင်း စတင် ပြသလေတော့သည်။ အားလုံးက စူးစိုက်ကြည့်နေကြသော်လည်း အစအဆုံးကို နားမလည်နိုင်ကြပေ။ ကကွက်များမှာ ပုံသေမရှိဘဲ စိတ်ကူးရှိရာသို့ ကပြနေသကဲ့သို့ ဖြစ်နေသောကြောင့် ကြည့်နေသူများမှာ ဝေခွဲမရ ဖြစ်နေကြသည်။

လက်ဖက်ရည် တစ်ခွက်စာ အချိန်ခန့်အကြာတွင် ဆရာကြီးက အဆုံးသတ်လိုက်ပြီး - “မင်းတို့ ဘာကို သိမြင်လိုက်လဲ... အဲဒါကို စာရွက်ပေါ်မှာ ဆွဲလိုက်ကြတော့” ဟု ပြောလိုက်သည်။

“ဆရာကြီး... ကျွန်တော်မျိုးတို့ ခုနက သေချာမမြင်လိုက်လို့ နောက်တစ်ခါလောက် ထပ်ပြီး ကပြပေးလို့ ရမလား” တစ်ယောက်က မေးလိုက်သည်။

“ရတာပေါ့... အခက်အခဲမရှိဘူး” ဆရာကြီးကလည်း ခက်ခဲမှန်းသိသောကြောင့် နောက်တစ်ကြိမ် ထပ်မံပြသလေသည်။ သို့သော် ဒုတိယအကြိမ် ကကွက်များမှာ ပထမအကြိမ်နှင့် လုံးဝ ခြားနားနေပြန်သည်။ ခြေလှမ်းနှင့် အနေအထားများမှာ တစ်မျိုးစီ ဖြစ်နေသောကြောင့် အားလုံးမှာ ပို၍ ဇဝေဇဝါ ဖြစ်သွားကြသည်။

“ငါ ဆက်ပြမယ်... သေချာကြည့်” ဆရာကြီးက တတိယအကြိမ် ကပြပြန်သည်။ ဤတစ်ခါလည်း ထပ်တူမကျပြန်ပေ။ သုံးကြိမ်စလုံး ကကွက်များမှာ သုံးမျိုး ဖြစ်နေသောကြောင့် အားလုံးမှာ အကြီးအကျယ် ဗျာများကုန်ကြသည်။

“ဆရာကြီးက ဘာကိုယ်ခံပညာကို ကပြနေတာလဲ။ သုံးကြိမ်စလုံးက ဘာလို့ တစ်မျိုးစီ ဖြစ်နေရတာလဲ”

“ငါတော့ ခေါင်းတွေ မူးလာပြီ”

“ဆရာကြီးက... အသက်ကြီးလို့များ တစ်မျိုးဖြစ်သွားတာလား”

ဆရာကြီးက ဝေဖန်သံများကို ကြားသော်လည်း ဘာမှမဖြစ်သလိုပင် ဆက်လက်ကပြနေသည်။ စတုတ္ထအကြိမ်၊ ပဉ္စမအကြိမ်... အကြိမ်တိုင်းမှာ ကကွက်တွေက မတူညီဘဲ ဖြစ်နေသည်။

ယောင်ယောင်က လင်းပိုင်ဖန်၏ အနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်သည် - “ရှင်ရော... တစ်ခုခု ရိပ်မိလား”

လင်းပိုင်ဖန်က - “သိတာပေါ့”

ယောင်ယောင်မှာ အံ့ဩသွားပြီး - “တကယ်လား၊ ဒါက ဘာကိုယ်ခံပညာမျိုးလဲ”

လင်းပိုင်ဖန်က ပြုံးလျက် - “သူက ဘာကိုယ်ခံပညာကို ကပြနေလဲဆိုတာ ငါမသိပေမဲ့ ဒါက တစ်ခုတည်းသော ကိုယ်ခံပညာပဲ။ ဘာလို့လဲဆိုတော့ ဒီပညာက ‘ကကွက်’ ကို အဓိကမထားဘူး၊ ‘အနှစ်သာရ’ကိုပဲ အဓိကထားတာ။ အနှစ်သာရ ရှိနေသရွေ့ ကကွက်တွေက စိတ်အလိုအတိုင်း လိုက်ပါသွားမှာပဲ။ အဲဒီ အတွင်းအနှစ်သာရကို မြင်အောင်ကြည့်ပြီး ပန်းချီဆွဲနိုင်ရင် ဒီစစ်ဆေးမှုကို အောင်မြင်မှာပဲ”

ယောင်ယောင်က ပို၍ အံ့အားသင့်သွားကာ - “ဒါဆိုရင် အဲဒီ အနှစ်သာရက ဘာလဲ”

လင်းပိုင်ဖန်က လျှို့ဝှက်စွာ ပြုံးလိုက်ပြီး - “တကယ်တော့... ငါ ဆွဲပြီးသားပဲလေ”

ယောင်ယောင် - “ဟမ်…..!”

အပိုင်း (၄၆၂)

“ရှင် ဆွဲပြီးသား ဟုတ်လား”

ယောင်ယောင်က ခဏမျှ စဉ်းစားလိုက်ပြီး - “အဲဒီ ချေးပုံကြီးကို ပြောတာတော့ မဟုတ်ပါဘူးနော်” ဟု မေးလိုက်သည်။

လင်းပိုင်ဖန် - “...”

“မင်း ဘယ်လိုတွေ ပြောလိုက်တာလဲ” လင်းပိုင်ဖန်က သူ၏ စက္ကူယပ်တောင်ဖြင့် သူမ၏ ခေါင်းကို အသာအယာ ခေါက်လိုက်သည်။

“အား... နာတယ်” ယောင်ယောင်က သူမ၏ ခေါင်းလေးကို အုပ်လျက် လင်းပိုင်ဖန်ကို မော့ကြည့်ကာ - “မဟုတ်လို့လား... ရှင့်လက်ရာကို ချေးပုံလို့ ပြောတာတောင် ချီးကျူးတာ ဖြစ်နေဦးမယ်။ ချေးတောင် သူ့သိက္ခာနဲ့သူ ရှိသေးတယ် သိလား”

လင်းပိုင်ဖန် - “...”

“ငါ အခုတော့ အများကြီး မပြောချင်သေးဘူး။ နောက်ကျရင် မင်း သိလာမှာပါ”

သူတို့နှစ်ဦးစလုံး အခန်းအလယ်သို့ ကြည့်လိုက်ကြသည်။ ထိုနေရာတွင် ပန်းချီဆရာကြီးက နောက်ထပ် တစ်မျိုးမတူသော သိုင်းကကွက်များကို ကပြနေဆဲ ဖြစ်သည်။ ကကွက်များမှာ ဝေခွဲရခက်လွန်းလှသဖြင့် ရောက်ရှိနေသူအားလုံးမှာ ဘယ်ကစပြီး ဆွဲရမှန်းပင် မသိ ဖြစ်နေကြသည်။

“ကဲ... ငါ ငါးကြိမ်တိုင်တိုင် ပြသပြီးပြီ။ အားလုံး ပန်းချီစဆွဲနိုင်ပြီ”

ဆရာကြီးက ကကွက်များကို အဆုံးသတ်လိုက်ပြီးနောက် ပြုံးလျက် မုတ်ဆိတ်မွှေးကို သပ်ကာ - “မင်းတို့ မြင်ခဲ့ရသမျှကို ဆွဲဖို့အတွက် အချိန်တစ်နာရီ ပေးမယ်” ဟု ပြောလိုက်သည်။

အစစ်အမှန် စမ်းသပ်မှုက စတင်ခဲ့ပြီ ဖြစ်သည်။ ကျန်ရှိနေသော ပြိုင်ပွဲဝင် ၆ ဦးစလုံးမှာ သူတို့၏ စားပွဲရှေ့တွင် ရပ်ကာ အသည်းအသန် စဉ်းစားနေကြတော့သည်။

တစ်နာရီ အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

“ကဲ... အချိန်ပြည့်ပြီ။ မပြီးသေးတဲ့သူတွေလည်း စုတ်တံကို ချလိုက်ကြတော့”

ပန်းချီဆရာကြီးက ဦးစွာပထမ သူဖုန်းစားဂိုဏ်းမှ ကိုယ်စားလှယ် ကျန်းမန်ရှင်း၏ အနားသို့ ချဉ်းကပ်သွားပြီး - “မင်း ဘာတွေ ဆွဲထားလဲဆိုတာ ကြည့်ရအောင်” ဟု ပြုံးလျက် ပြောလိုက်သည်။

ကျန်းမန်ရှင်းက သူ၏ ပန်းချီကားကို ဖြန့်ပြလိုက်ရာ ရဲရဲတောက် နေသော နဂါးတစ်ကောင် ဖြစ်နေသည်။

“မင်းက ဘာလို့ နဂါးကို ဆွဲတာလဲ” ဟု ဆရာကြီးက မေးလိုက်သည်။

“ဆရာကြီး... ဆရာကြီးရဲ့ သိုင်းကကွက်တွေထဲမှာ ခပ်ရေးရေး မြင်နေရတဲ့ ရှည်လျားထွားကြိုင်းတဲ့ ပုံရိပ်တစ်ခုကို ကျွန်တော်မျိုး မြင်လိုက်ရလို့ပါ။ သူက ရစ်ခွေနေလိုက်၊ တစ်ခါတစ်ရံ ပင်လယ်ထဲ ငုပ်လျှိုးသွားလိုက်၊ တစ်ခါတစ်ရံ ပြန်ပေါ်လာလိုက်နဲ့ ကောင်းကင်နဲ့ မြေကြီးကြားမှာ လွတ်လပ်စွာ လှုပ်ရှားနေတာကြောင့် ဒါဟာ ‘နဂါးလက်သီး’ ဖြစ်မယ်လို့ ခန့်မှန်းပြီး ဆွဲလိုက်တာပါ”

ဆရာကြီးက အသာအယာ ခေါင်းညိတ်လိုက်ပြီး - “မဆိုးဘူး... မင်းမှာ အမြင်ရှိသားပဲ”

ထို့နောက် သူက ဒုတိယမြောက်လူထံသို့ ဆက်သွားသည်။

ဒုတိယမြောက်လူမှာ ဗုဒ္ဓဘာသာဂိုဏ်းမှ ကိုယ်စားလှယ်ဖြစ်ပြီး သူက လိပ်တစ်ကောင်ကို ဆွဲထားသည်။

“ဘာလို့ လိပ်ဖြစ်နေတာလဲ” ဆရာကြီးက စူးစမ်းလိုက်သည်။

“အောမီထောဖော …”

ကိုယ်တော်က ကရုဏာမျက်ဝန်းများဖြင့် - “ဆရာကြီးရဲ့ ကိုယ်ခံပညာက အလွန်တည်ငြိမ်ပြီး လှုပ်ရှားမှုတွေက နှေးကွေးပေမဲ့ ပြစ်ချက်မရှိ ချောမွေ့နေလို့ပါ။ တိုက်စစ်ပိုင်းမှာ အားနည်းကောင်း အားနည်းနိုင်ပေမဲ့ ခံစစ်ပိုင်းမှာတော့ လိပ်တစ်ကောင်လိုပဲ အပြည့်အဝ လုံခြုံနေတာကို မြင်လိုက်ရလို့ပါ”

ဆရာကြီးက ခေါင်းညိတ်လိုက်ပြန်သည် - “မင်းလည်း မဆိုးပါဘူး၊ အမြင်ရှိသားပဲ”

သူက တတိယမြောက်လူထံသို့ ချဉ်းကပ်သွားသည်။

တတိယမြောက်လူမှာ တာအိုဂိုဏ်းမှ ‘လျှို့ဝှက်ထင်းရှူး’ ဖြစ်ပြီး သူဆွဲထားသောအရာမှာ အနည်းငယ် ထူးဆန်းနေသည်။ ၎င်းမှာ ကိုးဆစ်နွယ်ကြိမ်လုံးနှင့် ဒိုင်းလွှာတစ်ခု ဖြစ်သည်။

“ဘာဖြစ်လို့ ဒီပစ္စည်းနှစ်ခုကို ဆွဲတာလဲ” ဆရာကြီးက မေးလိုက်သည်။

ထိုသူက ဦးစွာ အရိုအသေပြုလိုက်ပြီးနောက် - “ဆရာကြီးရဲ့ ကိုယ်ခံပညာထဲမှာ ပျော့ပြောင်းပြီး လျင်မြန်တဲ့ မြွေတစ်ကောင်ရဲ့ ပုံရိပ်နဲ့ ခိုင်ခံ့တဲ့ ခံစစ်ကို တစ်ပြိုင်တည်း မြင်လိုက်ရလို့ပါ။ ဒါကြောင့် ဆရာကြီးဟာ ကိုးဆစ်နွယ်ကြိမ်လုံးနဲ့ ဒိုင်းလွှာကို သုံးပြီး တိုက်စစ်နဲ့ ခံစစ် ပေါင်းစပ်မှုကို ကပြနေတယ်လို့ ယူဆမိလို့ ဆွဲလိုက်တာပါ” ဟု ဖြေလိုက်သည်။

ဆရာကြီးက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်ပြီး - “မင်းလည်း တော်သားပဲ”

ထို့နောက် ဆရာကြီးက ကျန်ရှိနေသော နှစ်ဦး၏ ပန်းချီကားများကို ကြည့်သော်လည်း ဘာမှတ်ချက်မှ မပေးခဲ့ပေ။ သူတို့၏ လက်ရာများမှာ ဆရာကြီးကို စိတ်ကျေနပ်မှု မပေးနိုင်ပုံရသည်။

နောက်ဆုံးတွင် လီရှီဟွာ၏ အလှည့်သို့ ရောက်ရှိလာသည်။

ဆရာကြီးက “ဟင်...” ဟု ရေရွတ်လိုက်မိကာ သူမအနားသို့ အမြန်လျှောက်သွားပြီး ပန်းချီကားကို မလိုက်ရင်း - “သမီးလေး... မင်းက ဘာလို့ ‘မြွေလိပ်’ ကို ဆွဲထားရတာလဲ” ဟု မေးလိုက်သည်။

လီရှီဟွာက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့လိုက်ပြီး တိုးတိုးလေး ဖြေလိုက်သည် - “အဘိုးရဲ့ သိုင်းကကွက်တွေထဲမှာ မြွေတစ်ကောင်လို ပျော့ပြောင်းပြီး တည်ငြိမ်ထွားကြိုင်းတဲ့ ပုံရိပ်တစ်ခုကို ရစ်ပတ်ထားတာကို မြင်လိုက်ရလို့ပါ။ အဲဒီလို ပုံရိပ်မျိုး ရှိတာဆိုလို့ ဒဏ္ဍာရီလာ ‘မြွေလိပ်’ တစ်ကောင်ပဲ ရှိတာမို့ ဆွဲလိုက်တာပါ။ ဆရာကြီး... ကျွန်မ ဆွဲတာ မှားသွားလားဟင်”

“အတိအကျကြီး မမှန်ပေမဲ့ လွဲတော့ မလွဲဘူး”

ဆရာကြီးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး - “မင်းလို ကလေးမလေးက ဒီလောက်အထိ မြင်နိုင်လိမ့်မယ်လို့ ငါ မထင်ထားဘူး။ ကောင်းတယ်၊ အရမ်းတော်တယ်။ ငါ့ရဲ့ နောက်ဆုံးနဲ့ အချစ်ဆုံး တပည့်အဖြစ် လက်ခံမလား”

လီရှီဟွာမှာ မှင်သက်သွားတော့သည်။

သူမသည် ဆရာကြီး၏ တပည့်ဖြစ်ရန် အမြဲအိပ်မက်မက်ခဲ့သော်လည်း ဤအိပ်မက်က တကယ်ဖြစ်လာလိမ့်မည်ဟု တစ်ခါမျှ မတွေးဝံ့ခဲ့ပေ။ ၎င်းမှာ ထီပေါက်သလိုပင် မယုံနိုင်စရာ ကောင်းလှသည်။

ရောက်ရှိနေသူ အားလုံးလည်း မှင်သက်ကုန်ကြသည်။ ဆရာကြီးက အတွေ့အကြုံရှိ ပညာရှင်များကို ထားခဲ့ပြီး ကျင့်စဉ်အဆင့် လုံးဝမရှိသော မိန်းကလေးငယ်တစ်ဦးကို တပည့်အဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

အားလုံးက သံသယမျက်ဝန်းများဖြင့် ကြည့်လိုက်ကြသည်။ ဒီလို နုနယ်တဲ့ မိန်းကလေးက တကယ်ပဲ တတ်နိုင်ပါ့မလား။

“သမီးလေး... ငါ့ဆီမှာ တပည့်ခံပြီး အမြင့်ဆုံးသော ပန်းချီလမ်းစဉ်ကို သင်ယူချင်လား” ဆရာကြီးက ထပ်မံ မေးမြန်းလိုက်သည်။

“သင်ယူပါ့မယ်... သင်ယူပါ့မယ်” လီရှီဟွာက ဒယိမ်းဒယိုင်ဖြင့် ခေါင်းညိတ်လိုက်သည်။ အိပ်မက်ပဲဖြစ်ဖြစ်၊ လက်တွေ့ပဲဖြစ်ဖြစ် သဘောတူလိုက်တာက အကောင်းဆုံးပင် ဖြစ်သည်။

“ကောင်းတယ်... အရမ်းကောင်းတယ်”

ဆရာကြီးက အလွန်ကျေနပ်သွားကာ - “ သိုင်းလောကသား အားလုံးကို သက်သေအဖြစ်နဲ့ ဒီနေ့ကစပြီး သူဟာ ငါ့ရဲ့ တစ်ဦးတည်းသော တိုက်ရိုက်တပည့်ပဲ”

“ တပည့်ကောင်းတစ်ယောက် ရရှိလိုက်တဲ့အတွက် ဂုဏ်ယူပါတယ် ဆရာကြီး” ဟု အားလုံးက တညီတညွတ်တည်း ပြောလိုက်ကြသည်။

“အားလုံးကို ကျေးဇူးတင်ပါတယ်” ဆရာကြီးက ထပ်မံ၍ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ထိုအချိန်တွင် လင်းပိုင်ဖန်က ပြုံးလျက် ရှေ့သို့ တက်လာပြီး - “တပည့်ကောင်း ရတဲ့အတွက် ဂုဏ်ယူပါတယ် ဆရာကြီး။ ဒါနဲ့... မဟာရှနိုင်ငံကို လိုက်လာဖို့ စဉ်းစားပြီးပြီလား”

ဆရာကြီးက ခေါင်းခါလိုက်ပြီး - “ဘာလို့ မဟာရှကို လာရမှာလဲ။ ငါ ဒီမှာတင် ကောင်းကောင်း နေနိုင်တယ်၊ ဘယ်မှ မသွားဘူး”

“ဆရာကြီး မလိုက်ရင် တပည့်ကို ဘယ်လို သင်မှာလဲ။ ဆရာကြီး အခုမှ လက်ခံလိုက်တဲ့ တပည့် လီရှီဟွာက ကျွန်တော်မျိုးတို့ မဟာရှနိုင်ငံရဲ့ နန်းတွင်းပန်းချီဆရာမလေ။ သူမရဲ့ မိသားစုကလည်း မဟာရှမှာပဲ ရှိတာ”

“အဲဒါ တကယ်လား” ဆရာကြီးက လှည့်မေးလိုက်သည်။

“ဟုတ်ပါတယ် ဆရာကြီး”

လီရှီဟွာက ရိုးရိုးသားသားပင် ပြန်ဖြေလိုက်သည်။ “လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ အရှင်မင်းကြီးက ကျွန်မရဲ့ ပန်းချီကားကို သဘောကျလို့ နန်းတွင်းပန်းချီဆရာမအဖြစ် ခန့်အပ်ခဲ့တာပါ”

ဆရာကြီး၏ အကြည့်များမှာ ထူးဆန်းသွားသည်။

ဒါက တိုက်ဆိုင်လွန်းနေသည်။ တမင်တကာကို စီစဉ်ထားသလိုပင်။ လင်းပိုင်ဖန်က လီရှီဟွာရဲ့ ပါရမီကို ကြိုသိနေပြီး တမင် ကြားဖြတ် ခေါ်သွားတာများလား။ မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး။

“ငါ ဒီမှာလည်း သင်ပေးလို့ ရတာပဲ” ဆရာကြီးက ပြောလိုက်သည်။

“ရတာပေါ့... ဒါပေမဲ့ ဆရာကြီးအနေနဲ့ တပည့်လေးအတွက် စဉ်းစားပေးရမယ်လေ”

လင်းပိုင်ဖန်က လေးလေးနက်နက် ပြောလိုက်သည် - “တပည့်လေးက ငယ်သေးပေမဲ့ ဆရာကြီးကတော့ မငယ်တော့ဘူး။ နေရမယ့် အချိန်က သိပ်မကျန်တော့ဘူးလေ။ လူက အိုလာရင် အားအင်တွေက ဆုတ်ယုတ်လာမှာပဲ။ တကယ်လို့ ဆရာကြီးရဲ့ ရန်သူတွေ ရောက်လာရင် ဘယ်လိုလုပ်မလဲ။ ဆရာကြီး သေသွားတာက ကိစ္စမရှိပေမဲ့ ကျွန်တော်မျိုးရဲ့ နန်းတွင်းပန်းချီဆရာမလေးပါ ပါသွားရင် ဘယ်လိုလုပ်မလဲ”

ဆရာကြီး၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။

ဒီကောင်စုတ်ရဲ့ စကားတွေက တကယ်ကို ဒေါသထွက်စရာ ကောင်းလှသည်။ နေရမယ့်အချိန် မကျန်တော့တာတို့၊ ရန်သူတွေ ရောက်လာမှာတို့၊ သေသွားတာ ကိစ္စမရှိတာတို့...

နိမိတ်ရှိတဲ့ စကားတစ်ခွန်းလောက်တောင် မပြောနိုင်ဘူးလား။ ငါ့ကို သေစေချင်နေတာလား။

သို့သော် ပြန်စဉ်းစားကြည့်ပြန်တော့လည်း ပြောတာက အမှန်ပင်။ လောကထဲမှာ ရန်သူမရှိတဲ့သူဆိုတာ ဘယ်သူရှိလို့လဲ။ အများစုက သူထက် အရင်သေကုန်ကြပေမဲ့ ကျန်နေတဲ့သူတွေလည်း ရှိသေးသည်။ သူတို့ရဲ့ သားစဉ်မြေးဆက်တွေလည်း ရှိနေသည်။

တကယ်လို့ သူတို့က ငါ့ကို မယှဉ်နိုင်လို့ ဒီတပည့်လေးကို ရန်ရှာရင် ဘယ်လိုလုပ်မလဲ။ တပည့်လေးက ကျင့်စဉ်လမ်းထဲ မဝင်ရသေးခင်မှာ ခုခံနိုင်စွမ်း လုံးဝ မရှိပေ။

လင်းပိုင်ဖန်က ဆက်လက် ဖျောင်းဖျပြန်သည် - “ပန်းချီကတစ်ဆင့် ဉာဏ်အလင်းရဖို့ဆိုတာ ဘယ်လောက် ခက်ခဲလဲဆိုတာ ဆရာကြီး သိပါတယ်။ တည်ငြိမ်တဲ့ ပတ်ဝန်းကျင်တစ်ခု လိုအပ်တယ်လေ။ ဆရာကြီးက အဲဒါကို မပေးနိုင်ဘူး။ ကျွန်တော်မျိုးတို့ မဟာရှနိုင်ငံကပဲ သူမကို အပြည့်အဝ ကာကွယ်ပေးနိုင်မှာ။ ကြွားဝါတာတော့ မဟုတ်ပေမဲ့ မဟာရှနိုင်ငံထဲမှာဆိုရင် မဟာကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက် ကိုယ်တိုင် ရောက်မလာသရွေ့ ဘယ်သူမှ သူမရဲ့ ဆံပင်တစ်ပင်ကိုတောင် ထိခိုက်အောင် မလုပ်နိုင်စေရဘူး”

ဒီအချက်ကိုတော့ ဆရာကြီး ယုံကြည်သည်။ ကောင်းကင်အဆင့် သိုင်းပညာရှင် သုံးဦး ပေါင်းစပ်ထားသော အင်အားက ဘယ်လိုအခြေအနေမျိုးကိုမဆို ကိုင်တွယ်နိုင်လေသည်။

သို့သော် ဆရာကြီးမှာ တွန့်ဆုတ်နေဆဲ ဖြစ်သည်။ သူ လုံးဝ အသာစီးရယူခံလိုက်ရသလို ခံစားနေရသည်။ တစ်ဖက်လူ အောင်မြင်သွားတာကို မြင်ရတာ သူ့အတွက် စိတ်မသက်မသာ ဖြစ်စေသည်။

ထို့ကြောင့် သူက ဝေဝေဝါးဝါးပင် ပြန်ဖြေလိုက်သည် - “ဒီကိစ္စကို နောက်ရက်မှ ထပ်ပြောကြတာပေါ့”

........

ပါရမီရှင် တပည့်လေးကို ရရှိပြီးနောက် ဆရာကြီးက ခမ်းနားသော တပည့်ခံပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။ ထို့ပြင် ရောက်ရှိလာကြသော ဧည့်သည်များအတွက်လည်း စားသောက်ပွဲကြီး ပြင်ဆင်ပေးခဲ့သည်။ အားလုံးက ညနက်သည်အထိ သောက်စားကြပြီးမှ အိမ်ပြန်ကြတော့သည်။

ထိုအချိန်တွင် အိမ်စေအုပ်က အစေခံများကို ဦးဆောင်ကာ ကမ်းခြေရှိ စားပွဲ၊ ကုလားထိုင်များကို သိမ်းဆည်းနေသည်။

“သခင်ကြီး... ဒါတွေက နယ်ပယ်အသီးသီးက လာတဲ့သူတွေ ဆွဲထားတဲ့ ပန်းချီကားတွေပါ။ ဖျက်ဆီးလိုက်ရမလား”

ဆရာကြီးက လက်ယမ်းပြလိုက်ရင်း - “ဖျက်ဆီးဖို့ မလိုပါဘူး။ ဒီကို လာပြိုင်တဲ့သူတွေက ဒီခေတ်ရဲ့ ပန်းချီဆရာတွေပဲ၊ သူတို့ရဲ့ လက်ရာတွေမှာ အနုပညာတန်ဖိုး ရှိပါတယ်။ သိမ်းထားလိုက်ပါ”

“ဟုတ်ကဲ့ သခင်ကြီး။ ဒါပေမဲ့ ဒီပန်းချီကားကတော့...”

အိမ်စေအုပ်က တွန့်လိမ်ကောက်ကွေးနေတဲ့ မြဉ်းကြောင်းတွေနဲ့ ချေးပုံကြီးလို ဖြစ်နေတဲ့ ပန်းချီကားတစ်ကားကို ဆွဲထုတ်လိုက်သည်။ အများကြီး ပြောစရာမလိုဘဲ ၎င်းမှာ လင်းပိုင်ဖန်၏ ‘လက်ရာမွန်’ ဖြစ်ကြောင်း သိသာလှသည်။

ဆရာကြီးမှာလည်း ထိုပန်းချီကားကို ထပ်မြင်ရသောအခါ စိတ်ပျက်လက်ပျက် ဖြစ်သွားပြန်သည်။ သူတစ်သက်လုံး ပန်းချီဆွဲလာရာတွင် ဤမျှ ရုပ်ဆိုးသော ပန်းချီကားကို မမြင်ဖူးခဲ့ပေ။ ကလေးတစ်ယောက်ရဲ့ ဝိုင်းစက်စက် ခြစ်ရာတွေကတောင် ဒါထက် ပိုလှဦးပေမည်။

“ဒါကိုလည်း သိမ်းထားလိုက်။ ဘာပဲဖြစ်ဖြစ် ဒါက မဟာရှဧကရာဇ်ရဲ့ ရှက်စရာကောင်းတဲ့ သမိုင်းကြောင်းပဲ။ အားလုံး ဝိုင်းရယ်နိုင်အောင် မျိုးဆက်အဆက်ဆက် မှတ်မှတ်ရရ သိမ်းထားရမယ် ဟားဟား”

ဆရာကြီးက သူ့ဘာသာ သဘောကျလျက် ပြောလိုက်သည် - “ဒီပန်းချီကားတွေကို ဒီမှာပဲ ခဏထားလိုက်၊ မနက်မှ သိမ်းကြတာပေါ့”

“ဟုတ်ကဲ့ သခင်ကြီး”

အိမ်စေအုပ်က ပန်းချီကားများကို သီးသန့် ဖယ်ထားခဲ့ပြီး တံခါးပိတ်ကာ ထွက်သွားတော့သည်။

ဆရာကြီးက ပန်းချီကားများကို ပြန်ကောက်ယူကာ ဖြည်းဖြည်းချင်း အပန်းဖြေ ကြည့်ရှုနေသည်။ မတော်တဆပင် သူ၏ အကြည့်မှာ လင်းပိုင်ဖန်၏ ပန်းချီကားပေါ်သို့ ကျရောက်သွားသည်။

ထိုအခိုက်အတန့်တွင် ပန်းချီကားပေါ်ရှိ မြဉ်းကြောင်းများမှာ သက်ဝင်လှုပ်ရှားလာသလို ခံစားလိုက်ရကာ ပင်လယ်မြွေတစ်ကောင်နှင့် လိပ်တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး အပြန်အလှန် တိုက်ခိုက်နေကြသည်။

“နေဦး... ဒါ ဘာကြီးလဲ။ ငါပဲ မျက်စိမှားနေတာလား” ပန်းချီဆရာကြီးက ခေါင်းခါလိုက်သည်။

သူ သောက်တာ များသွားလို့ ဒီလို ထူးဆန်းတာတွေ မြင်နေရတာလို့ သူ ထင်လိုက်သည်။ သို့သော် သူ သေသေချာချာ ပြန်ကြည့်လိုက်သောအခါ မြွေနှင့် လိပ် တိုက်ခိုက်နေသည့် မြင်ကွင်းက ပြန်လည် ပေါ်ပေါက်လာပြန်သည်။

မြွေက ရက်စက်ကြမ်းကြုတ်စွာဖြင့် လိပ်ကြီးကို ဝါးမြိုရန် ကြိုးစားနေသော်လည်း လိပ်ကြီးကတော့ တုန်လှုပ်ခြင်းမရှိ တည်ငြိမ်နေဆဲ ဖြစ်သည်။

“မဖြစ်နိုင်တာ၊ ဒါ အစစ် မဖြစ်နိုင်ဘူး” ဆရာကြီးက အလန့်တကြား အော်ဟစ်လိုက်မိသည်။

အဘယ်ကြောင့်ဆိုသော် ပန်းချီကားထဲတွင် ဖော်ပြထားသည့် မြင်ကွင်းမှာ သူချမှတ်ထားသော တတိယမြောက် စစ်ဆေးမှု၏ အဖြေနှင့် အသေးစိတ်အချက်အလက်ကအစ ထပ်တူကျနေသောကြောင့် ဖြစ်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က လင်းပိုင်ဖန်၏ လှည့်ကွက်ကြောင့် တန်ဖိုးကြီးပစ္စည်းများစွာ ဆုံးရှုံးခဲ့ရသဖြင့် သူ စိတ်ညစ်နေခဲ့သည်။ ထို့နောက် လင်းပိုင်ဖန် ပေးသော အရက်ကို သောက်ပြီး ကမ်းခြေသို့ သွားစဉ် မြွေနှင့် လိပ် တိုက်ခိုက်နေသည်ကို မြင်လိုက်ရသဖြင့် စိတ်ဝင်စားသွားကာ ၎င်းကို မှတ်တမ်းတင်ပြီး စစ်ဆေးမှု မေးခွန်းအဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

“ဒါဆိုရင်... မဟာရှဧကရာဇ်က ငါ့ရဲ့ သိုင်းအနှစ်သာရကို ကြိုမြင်နေတာလား။ ဒါပေမဲ့ မဖြစ်နိုင်ဘူးလေ၊ ငါက ဒီမေးခွန်းကို တတိယအဆင့်မှာမှ ထုတ်တာ၊ သူက ဒုတိယအဆင့်မှာကတည်းက ဆွဲထားတာ။ ဒါကို ဘယ်လို ရှင်းပြရမလဲ”

ဆရာကြီး၏ အကြည့်များမှာ သံသယနှင့် အံ့ဩမှုများဖြင့် ပြည့်နှက်နေသည်။ သူ သောက်တာ များသွားလို့ မျက်စိမှားတာလည်း ဖြစ်နိုင်သည်ဟု ယူဆမိပြန်သည်။

ထို့ကြောင့် သူသည် အတွင်းအားကို သုံးကာ ကိုယ်ထဲရှိ အရက်ရှိန်များကို ဖြိုခွဲလိုက်ပြီး ကြည်လင်သော စိတ်ဖြင့် ပန်းချီကားကို ပြန်ကြည့်လိုက်သည်။

လက်ဖက်ရည် တစ်ခွက်စာ အချိန်ခန့်အကြာတွင် ဆရာကြီးမှာ အားအင်ကုန်ခမ်းသွားသူကဲ့သို့ လက်မှတ်ခုံပေါ်တွင် လှဲချလိုက်ရင်း ခါးသီးစွာ ရေရွတ်လိုက်မိသည် - “သူ တကယ်ပဲ မြင်သွားခဲ့တာပဲ...”

“သူ ဘယ်လိုလုပ်လိုက်တာလဲ...”

All Chapters