← Chapters

အခန်း (၄၆၃-၄၆၄)

Vol. 43 Ch. 463-464

အခန်း (၄၆၃-၄၆၄)

Vol. 43 Ch. 463-464

အပိုင်း (၄၆၃)

ဒီအခြေအနေကြီးက သူ့အတွက်တော့ တကယ်ကို ဝေခွဲရ ခက်ခဲလွန်းလှသည်။

ပန်းချီပညာကို နက်နက်ရှိုင်းရှိုင်း နားလည်ထားရုံတင် မကဘဲ ထူးချွန်ထက်မြက်တဲ့ ပါရမီလည်း ရှိမှသာ သိုင်းအနှစ်သာရကို စက္ကူပေါ်မှာ အသက်ဝင်အောင် ဖော်ပြနိုင်ဖို့ 'အခွင့်အရေး' ရှိတာမျိုး ဖြစ်သည်။ သို့သော် အဲဒါကလည်း 'အခွင့်အရေး' အဆင့်သာ ရှိသေးသည်။

အခု ရွေးချယ်ပွဲကို လာကြတဲ့ ပန်းချီဆရာတွေဆိုတာ ဒီခေတ်ရဲ့ အတော်ဆုံးတွေလို့ ပြောလို့ရပေမဲ့ သူတို့တောင်မှ ပုံသဏ္ဌာန်ကိုသာ ဖော်နိုင်ပြီး အနှစ်သာရကိုတော့ အနည်းငယ်သာ ဖမ်းဆုပ်နိုင်ကြသည်။ ဇိမ်ခံဖို့ပဲ သိတဲ့ ဧကရာဇ်လေး တစ်ပါးက ဒါကို ဘယ်လိုများ မြင်အောင်ကြည့်နိုင်ရတာလဲ။

ဒါ့အပြင် သူက ကြိုတင်ပြီး ဆွဲထားခဲ့တာ ဖြစ်သဖြင့် ပိုလို့ပင် နားမလည်နိုင် ဖြစ်ရသည်။

“သူက ငါ ဘာတွေးနေလဲဆိုတာကိုတောင် သိနေတာလား”

သူ အရမ်းကို ဇဝေဇဝါ ဖြစ်နေသဖြင့် အဖြေကို သိချင်လှသည်။ ထို့ကြောင့် နောက်တစ်နေ့တွင် နဂါးလှေပေါ်ရှိ လင်းပိုင်ဖန်ထံသို့ သွားရောက်လည်ပတ်ခဲ့သည်။

......

“အရှင်မင်းကြီး”

ပန်းချီဆရာကြီးက လင်းပိုင်ဖန် ဆွဲထားသော ‘ချေးပုံကြီး’ ကို ကိုင်လျက် - “ဒါကို ဘယ်လိုလုပ်ပြီး သိသွားတာလဲ” ဟု မေးလိုက်သည်။

လင်းပိုင်ဖန်က ပြုံးလိုက်ရင်း - “ဒီအတိုင်း အမှတ်မထင် သိသွားတာပါ။ ဒါက ခက်လို့လား”

ဆရာကြီးမှာ မျက်တောင်တခတ်ခတ်ဖြင့် ကြောင်အသွားသည်။ ဒီအဖြေက အဖြေမဟုတ်သလိုပင်။

မခက်ဘူးတဲ့လား။

တကယ်လို့သာ မခက်ခဲဘူးဆိုရင် သူ တပည့်ရှာပြီးနေတာ ကြာလှပြီပေါ့။

ဘေးနားရှိ လှံနတ်ဘုရားက ပြုံးလျက် ရှင်းပြလိုက်သည် - “ကျွန်တော်တို့ရဲ့ ဆရာက ကမ္ဘာလောကရဲ့ လျှို့ဝှက်ချက် အားလုံးကို မြင်နိုင်တဲ့ ထူးခြားတဲ့ ပါရမီရှင်ပါ။ ဆရာ့အတွက်တော့ ဓားကလည်း လမ်းစဉ်တစ်ခုပဲ၊ လှံကလည်း လမ်းစဉ်တစ်ခုပဲ၊ ပန်းချီကလည်း လမ်းစဉ်တစ်ခုပါပဲ။ ဆရာ့ရဲ့ လမ်းညွှန်မှုကြောင့်သာ ကျွန်တော်တို့ ဒီလောက်အထိ တိုးတက်လာခဲ့တာ။ ဒါကြောင့် ဆရာကြီးရဲ့ သိုင်းကကွက်ထဲက အနှစ်သာရကို ဆရာ မြင်နိုင်တာက အံ့ဩစရာ မဟုတ်ပါဘူး”

“တကယ်ပဲလား” ဆရာကြီးက သံသယဖြင့် မေးလိုက်သည်။

“ဒါပေါ့... ကျွန်တော်တို့က ကိုယ့်ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့ ဒီခေတ်ရဲ့ ကောင်းကင်အဆင့် သိုင်းပညာရှင်တွေပါ။ ဆရာကြီးကို လိမ်ညာစရာ အကြောင်းမရှိပါဘူး” ဟု လှံနတ်ဘုရားက ပြုံးလျက် ပြောလိုက်သည်။

ဆရာကြီးသည် ရှေ့က ကောင်းကင်အဆင့် သိုင်းပညာရှင် နှစ်ဦးကို ကြည့်ကာ တိတ်ဆိတ်သွားတော့သည်။ ပြီးခဲ့တဲ့ ရက်ပိုင်းက စကားပြောကြည့်ရသလောက် ဒီလူနှစ်ယောက်က လင်းပိုင်ဖန်ရဲ့ တပည့်တွေ ဖြစ်ပြီး သူ့ကို တကယ် လေးစားကြတာကိုလည်း သိထားသည်။ လင်းပိုင်ဖန်ရဲ့ လမ်းညွှန်မှုကြောင့်သာ သူတို့ အချိန်တိုအတွင်းမှာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တာလို့လည်း ဆိုကြသည်။

လင်းပိုင်ဖန်က သိုင်းပညာ မတတ်ပေမဲ့ သိုင်းလမ်းစဉ်အပေါ် နားလည်မှုကတော့ အံ့မခန်းပင်။ သို့သော် တစ်ဖက်လူက ပန်းချီပညာမှာပါ သူ့ထက်တောင် သာလွန်တဲ့ ပါရမီ ရှိနေလိမ့်မယ်လို့တော့ မထင်ထားမိပေ။ ဒါဟာ လူယောင်ဆောင်ထားတဲ့ ဘာကောင်ကြီးများလဲ။

“ဒါဆိုရင် အရှင်မင်းကြီးက ဘယ်လိုလုပ်ပြီး ကြိုဆွဲထားနိုင်တာလဲ။ တစ်ဖက်လူရဲ့ စိတ်ကို ဖတ်နိုင်တဲ့ ပညာရပ်မျိုး ရှိနေတာလား” ဟု ဆရာကြီးက ထပ်မံ မေးမြန်းလိုက်သည်။

ဤမေးခွန်းကို ဓားအဖိုးအိုနှင့် လှံနတ်ဘုရားတို့လည်း သိချင်နေကြသဖြင့် လင်းပိုင်ဖန်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

“ဒီမေးခွန်းက ပိုတောင် လွယ်သေးတယ်”

လင်းပိုင်ဖန်က ရယ်မောလျက် - “ဆရာကြီး... ဆရာကြီး ထွက်သွားပြီးတဲ့နောက် ကမ်းခြေမှာ အကြာကြီး ရပ်နေတာကို ကျွန်တော် မြင်လိုက်လို့ပဲ။ ဆရာကြီးက မြွေနဲ့ လိပ် တိုက်ခိုက်နေတာကို ကြည့်ပြီး တစ်ခုခုကို သဘောပေါက်သွားတဲ့ ပုံစံမျိုး ဖြစ်နေတာ။ အဲဒါကို နည်းနည်းလေး စဉ်းစားလိုက်တာနဲ့ စာမေးပွဲမေးခွန်းကို မှန်အောင် ခန့်မှန်းနိုင်တာပေါ့”

“အော်... ဒါကြောင့်ကိုး” ဆရာကြီးမှာ ရုတ်တရက် သဘောပေါက်သွားတော့သည်။

“ဒါပေမဲ့ တကယ်လို့ ကျွန်တော်က ဒီမေးခွန်းကို မထုတ်ခဲ့ရင်ကော... အရှင် မှားသွားမှာပေါ့”

လင်းပိုင်ဖန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည် - “မှားရင်လည်း မှားတာပေါ့။ ဘာလို့ အဲလောက် အတည်ကြီး လုပ်နေတာလဲ။ ကျွန်တော်က ပျော်ရုံသက်သက်ပဲ ဆွဲခဲ့တာ”

ဆရာကြီးမှာ ဆွံ့အသွားသည်။ ပြောတာကလည်း ဟုတ်သလိုလိုပင်။ တကယ်တော့ သူလည်း ထပ်ခါထပ်ခါ ပြန်မကြည့်မိခဲ့ရင် ဒီအချက်ကို သတိထားမိမှာ မဟုတ်ပေ။

“အရှင်မင်းကြီးက ပန်းချီပညာကိုလည်း နားလည်တာလား” ဆရာကြီးက လေးလေးနက်နက် မေးလိုက်သည်။

ကြည့်လိုက်ရင် အဓိပ္ပာယ်မရှိတဲ့ ပန်းချီကားကနေတစ်ဆင့် သိုင်းအနှစ်သာရကို ဖော်ပြနိုင်ပြီး တခြားသူတွေကိုပါ ဉာဏ်အလင်း ရစေနိုင်တယ်ဆိုရင် ဒါဟာ သူ့အဆင့်အတန်းနဲ့ မခြားတဲ့ ပညာရှင်တစ်ဦး ဖြစ်နေပြီဖြစ်သည်။

“နားလည်တာပေါ့... ကျွန်တော်က ‘ အက်ဘ်စထရက် ပန်းချီ’ ဆွဲတဲ့နေရာမှာ အထူး ကျွမ်းကျင်တယ်လေ” ဟု လင်းပိုင်ဖန်က ပြုံးလျက် ပြောလိုက်သည်။

ဆရာကြီးရဲ့ ပါးစပ်မှာ တွန့်သွားတော့သည်။ တကယ်ကို ‘စိတ်ကူးယဉ်’ လွန်းလှသည်။

“အရှင်မင်းကြီး... ဒါက ကျွန်တော် အရင်က ဆွဲထားတဲ့ ပန်းချီကားပါ။ အရှင်မင်းကြီး ဒီထဲမှာ ဘာကို မြင်ပါသလဲ” ဆရာကြီးက ပန်းချီကားတစ်ကားကို ထုတ်ကာ လင်းပိုင်ဖန်ထံသို့ စနစ်တကျ ကမ်းပေးလိုက်သည်။

၎င်းမှာ လေပြင်းမိုးသည်းထဲတွင် ယိုင်နဲ့နေပြီး ညှိုးနွမ်းလုဆဲဆဲဖြစ်သော ဂန္ဓာမာပန်းလေးတစ်ပွင့်၏ ပန်းချီကားဖြစ်ပြီး ဆွေးမြေ့ဖွယ် အလှတရားတစ်ခုကို ဆောင်နေသည်။

သို့သော် လင်းပိုင်ဖန်က တစ်ချက်ကြည့်လိုက်ရုံဖြင့် - “ဆရာကြီး ဆွဲထားတာက ဓားသိုင်းတစ်စုံပဲ။ ‘ကြွေလွင့်ပန်းမိုး ဓားသိုင်း’ လို့ အမည်ပေးရင် သင့်တော်မယ်။ ဒီထဲက လေနဲ့မိုးက ဓားကို ကိုယ်စားပြုပြီး ပန်းကတော့ လူကို ကိုယ်စားပြုတယ်။ ဓားချီက ထက်မြက်ပြီး မိုးစက်တွေလိုပဲ အဆက်မပြတ် ကျဆင်းနေတယ်။ လူကတော့ ဒီပန်းလေးလိုပဲ ဓားချီကြားမှာ ညှိုးနွမ်းသွားပြီး အရာအားလုံးကို တဖြည်းဖြည်း ဆုံးရှုံးသွားရတာပေါ့”

ဆရာကြီးက ချီးကျူးလိုက်သည် - “မှန်လိုက်လေ... ဒါက တကယ်ပဲ ဓားသိုင်းတစ်စုံပါ။ တစ်နေ့မှာ လေမိုးတွေကြားထဲက ဂန္ဓာမာပန်းတွေ ညှိုးနွမ်းသွားတာကို ကြည့်ပြီး ကျွန်တော် သဘောပေါက်ခဲ့တာ။ လူတွေဆိုတာ ဂန္ဓာမာပန်းတွေလိုပါပဲ... ဘယ်လောက်ပဲ လှပပါစေ သဘာဝတရားရဲ့ စွမ်းအားရှေ့မှာတော့ အရမ်းကို နုနယ်ပြီး မုန်တိုင်းကြားမှာ ညှိုးနွမ်းသွားကြရတာပဲ။ အချိန်ဆိုတာ ဓားပဲ၊ လေနဲ့မိုးကလည်း ဓားပဲ... ဓားတစ်ချက်ချင်းစီတိုင်းက အသက်တွေကို ခြွေချနေတာ”

လင်းပိုင်ဖန်က ခေါင်းခါလိုက်ပြီး - “အမြဲတမ်းတော့ အဲဒီလို မဟုတ်နိုင်ပါဘူး”

ဆရာကြီး၏ အကြည့်များမှာ စူးရှသွားကာ - “ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး”

“အနုနယ်ဆုံး ပန်းတစ်ပွင့်မှာတောင် သူ့ရဲ့ ခိုင်မာတဲ့အင်အား ရှိတယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါကို ထုတ်လွှတ်နိုင်ပြီး ကောင်းကင်နဲ့ မြေကြီးကိုတောင် ပြန်တိုက်ခိုက်နိုင်တယ်”

လင်းပိုင်ဖန်က စုတ်တံကို ကောက်ယူကာ အဝါရောင်ဆေးတွင် နှစ်လိုက်ပြီး ပန်းချီကားပေါ်၌ ဆက်လက် ဖြည့်စွက်လိုက်သည်။ ဆွဲနေရင်းဖြင့် သူက ကျယ်လောင်စွာ သီဆိုလိုက်သည် -

“ကိုးလ ကိုးရက် ဆောင်းဦးရောက်သော်၊

ငါ့ ပန်းပွင့်ချိန် တခြားပန်းတို့ မှေးမှိန်စေရမည်။

မွှေးရနံ့တို့ ချန်အန်းတစ်မြို့လုံးကို လွှမ်းခြုံစေကာ၊

ရွှေချပ်ဝတ်တန်ဆာ ဆင်မြန်းသကဲ့သို့ ဖြစ်သွားစေအံ့”

ဤကဗျာစာသားကို ကြားလိုက်ရုံဖြင့် ရှိနေသူအားလုံးမှာ အေးစက်လှသော သတ်ဖြတ်လိုသည့် အရှိန်အဝါကို တုန်လှုပ်ဖွယ် ခံစားလိုက်ကြရသည်။

အပိုင်း (၄၆၄)

ပန်းချီကားကို တစ်ဖန် ပြန်ကြည့်လိုက်တဲ့အခါမှာတော့ အသွင်အပြင်က လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ပန်းချီကားထဲရှိ တစ်ချိန်က ညှိုးနွမ်းနေခဲ့သော ဂန္ဓာမာပန်းလေးများသည် ယခုအခါ တစ်ပွင့်နှင့်တစ်ပွင့် အပြန်အလှန် ဖေးမထားကြပြီး ရွှေရောင်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည့်အလား ရှိနေသည်။ သူတို့သည် ကောင်းကင်ယံကို ထိုးဖောက်မည့် ပြင်းထန်သော အရှိန်အဝါများဖြင့် စစ်သည်တော်များကဲ့သို့ မားမားမတ်မတ် ရပ်တည်နေကြသည်။

ကောင်းကင်မှ ကျဆင်းလာသော လေနှင့်မိုးတို့ပင်လျှင် ထိုစွမ်းအားကြီးမားလှသော အရှိန်အဝါကြောင့် လွင့်စင်သွားကြရပုံပေါ်သည်။ လောကကြီးတစ်ခုလုံးတွင် ထိုဂန္ဓာမာပန်းများသာ ကျန်ရှိတော့သည့်အလားပင်။

တကယ့်ကို လွှမ်းမိုးနိုင်စွမ်းရှိလှပေသည်။

“ဒါက...” ပန်းချီဆရာကြီးမှာ အလွန်အမင်း အံ့အားသင့်သွားရသည်။

လင်းပိုင်ဖန်၏ စုတ်ချက်အနည်းငယ်က ပန်းချီကားတစ်ကားလုံး၏ အနုပညာခံစားချက်ကို ပြောင်းလဲပစ်လိုက်နိုင်ခြင်းကြောင့်သာ သူ အံ့ဩနေခြင်း မဟုတ်ပေ။ ထိုထက်ပို၍ အံ့ဩဖို့ကောင်းသည်မှာ ပန်းချီကားထဲတွင် သတ်ဖြတ်လိုသည့်အရှိန်အဝါနှင့် ဓားသိုင်းအနှစ်သာရများ ပါဝင်နေခြင်းပင် ဖြစ်သည်။ ဂန္ဓာမာပန်းတစ်ပွင့်ချင်းစီသည် ဓားသိုင်းအနှစ်သာရတစ်ခုကို ကိုယ်စားပြုနေပြီး ‘ကြွေလွင့်ပန်းမိုး ဓားသိုင်း’ ကို ရင်ဆိုင်အနိုင်ယူရန် ကောင်းကင်သို့ ဦးတည်နေကြသည်။

နုနယ်လှသော ဂန္ဓာမာပန်း၏ ခန္ဓာကိုယ်ဖြင့် သဘာဝတရား၏ အင်အားစုတွေကို ရင်ဆိုင်ပြီး အောင်ပွဲခံလို့ ရသည်တဲ့လား။

“ဒါကို ဘယ်လိုများ လုပ်လိုက်တာလဲ” ဟု ဆရာကြီးမှာ မမေးဘဲ မနေနိုင်တော့ပေ။

“ပန်းတစ်ပွင့်မှာ ကမ္ဘာတစ်ခုရှိသလို၊ သစ်ရွက်တစ်ရွက်မှာလည်း ဘုရားတစ်ဆူရှိတယ်တဲ့”

လင်းပိုင်ဖန်က စုတ်တံကို ချလိုက်ရင်း ပြုံးလျက် - “ဒီပန်းတစ်ပွင့်ချင်းစီက ကမ္ဘာတစ်ခုစီနဲ့ တူတယ်။ ကျွန်တော်က အဲဒီကမ္ဘာတွေရဲ့ စွမ်းအားကို အသုံးချပြီး လောကကြီးထဲက သဘာဝအင်အားစုတွေကို ပြန်တိုက်ခိုက်ခဲ့တာပဲ။ ဒါကို မနိုင်ဘဲ နေပါ့မလား”

ဆရာကြီးမှာ ကြောင်အသွားရသည်။ သူပြောပုံကလည်း ဆီလျော်သလိုပင်။ ပန်းတစ်ပွင့်ထဲက ကမ္ဘာဖြစ်စေ၊ ပြင်ပကမ္ဘာကြီးဖြစ်စေ ကမ္ဘာဆိုသည်မှာ အရာအားလုံးကို လွှမ်းခြုံထားပြီး အဆုံးအစမဲ့ ကျယ်ပြောလှသည်။ လူသားတွေရဲ့ စွမ်းဆောင်ရည်က အကန့်အသတ်ရှိပြီး ဘဝကလည်း တိုတောင်းလှသဖြင့် ကမ္ဘာတစ်ခုကို အမှန်တကယ် မြင်အောင်ကြည့်နိုင်ဖို့ဆိုသည်မှာ မလွယ်ကူလှပေ။

ဒီလိုမျိုး စွမ်းဆောင်နိုင်ဖို့ဆိုရင် ဒဏ္ဍာရီလာ မဟာကောင်းကင်အဆင့် သိုင်းပညာရှင်ကြီးတွေ ဒါမှမဟုတ် မြေကမ္ဘာအင်မော်တယ်တွေသာ ဖြစ်နိုင်လိမ့်မည်။ အခုတော့ တစ်ဖက်လူက ပန်းတစ်ပွင့်ကို အခြေခံပြီး ကမ္ဘာတစ်ခုရဲ့ အစပျိုးပုံစံကို ဆွဲပြခဲ့ကာ သဘာဝတရားကြီးကိုပါ ပြောင်းပြန်လှန်ပစ်ခဲ့တာက တကယ်ကို ကြောက်စရာကောင်းလှသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒါက သူ မလုပ်နိုင်သည့်အရာမျိုး ဖြစ်သည်။ သူ၏ တစ်သက်တာလုံးမှာ ကမ္ဘာတစ်ခုကို ပန်းချီဆွဲနိုင်မလားဆိုတာ သူကိုယ်တိုင်လည်း မသိပေ။

“အရှင်မင်းကြီးရဲ့ ပန်းချီပညာက ကျွန်တော့်ထက် အများကြီး သာလွန်ပါတယ်” ဟု ဆရာကြီးက စိတ်ရင်းဖြင့် ချီးကျူးလိုက်သည်။

“မြှောက်ပင့်လွန်းနေပါပြီ” ဟု လင်းပိုင်ဖန်က သူ၏ စက္ကူယပ်တောင်ကို ဖြန့်လိုက်ရင်း ပြောလိုက်သည်။

ထို့နောက်တွင် ဆရာကြီးက ဆက်လက်၍ လမ်းညွှန်မှုများ တောင်းခံခဲ့ပြီး နှစ်ဦးသား အားရပါးရ ဆွေးနွေးခဲ့ကြသည်။ ဆရာကြီးသည် အလွန်ပင် ပျော်ရွှင်နေလေသည်။ သူသည် ပန်းချီအနုပညာနောက်သို့ တစ်သက်လုံး လိုက်ခဲ့သော်လည်း အဖော်မွန်ကား ရခဲလှသည်။ နှစ်ပေါင်း တစ်ရာကျော်ကြာအောင် တစ်ဦးတည်း အထီးကျန်ခဲ့ပြီး ဤနောင်တကို သေသည့်အထိ ယူဆောင်သွားရတော့မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် သူ၏ သက်တမ်းမကုန်ဆုံးမီမှာပင် သူ၏ ပန်းချီအဆင့်အတန်းထက် အများကြီးသာလွန်သော စိတ်တူကိုယ်တူ ပညာရှင်တစ်ဦးနှင့် တွေ့ဆုံခဲ့ရပြီ ဖြစ်သည်။

သူတို့နှစ်ဦးသည် စုတ်တံချင်း ယှဉ်ပြိုင်ကာ အတွေးအခေါ်ချင်း တိုက်ခိုက်ရင်း အရှိန်အဟုန် ပြင်းထန်လှသော စိတ်ချင်းယှဉ်ပြိုင်ပွဲတစ်ခုကို ဆင်နွှဲခဲ့ကြသည်။ ဆရာကြီးမှာ သက်ပြင်းတစ်ချက်ကို အားရပါးရ ချလိုက်ပြီး မျက်နှာတွင် ကျေနပ်မှုများ အပြည့်ဖြစ်နေသည်။ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းပြီး အားရစရာလည်း ကောင်းလှပေသည်။

“အရှင်မင်းကြီး... အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ ပန်းချီပညာကို ဘယ်လိုလုပ်ပြီး ဒီလောက်အထိ နက်နက်ရှိုင်းရှိုင်း နားလည်နေရတာလဲ”

လင်းပိုင်ဖန်က ပေါ့ပေါ့ပါးပါးပင် လက်ခါပြရင်း - “ကျွန်တော်က ပန်းချီပညာအကြောင်း အများကြီး မသိပါဘူး၊ ဒါပေမဲ့ တာအို အကြောင်းကိုတော့ နည်းနည်း သိထားတာပေါ့။ ဒါက အရာအားလုံးရဲ့ အစဖြစ်သလို အဆုံးလည်း ဖြစ်တယ်။ တာအိုကို တစ်ခါ နားလည်သွားရင် ကျန်တဲ့ အရာအားလုံးက အလိုလို ပွင့်လင်းသွားတာပဲ။ မြင်အောင် မကြည့်နိုင်တာ ဘာမှမရှိတော့ဘူး”

“အခုမှပဲ ပညာသစ် ရပါတော့တယ်” ဟု ဆရာကြီးက ဦးညွှတ် အသိအမှတ်ပြုလိုက်သည်။

“ဒါနဲ့ ဆရာကြီး...”

ဆရာကြီးက လက်ခါပြလျက် - “မခေါ်ပါနဲ့... အရှင်မင်းကြီးရဲ့ ရှေ့မှာ ကျွန်တော့်ကိုယ်ကျွန်တော် ဆရာကြီးလို့ မခေါ်ဝံ့ပါဘူး”

လင်းပိုင်ဖန်မှာ အံ့ဩသွားပြီး - “ဒါဆို ကျွန်တော်က ဘယ်လို ခေါ်ရမလဲ”

“ကျွန်တော့်ကို ‘လီအဘိုးကြီး’ လို့ပဲ ခေါ်ပါ” ဟု ဆရာကြီးက ပြုံးပြုံးလေး ပြောလိုက်သည်။ “ကျွန်တော့်ရဲ့ မျိုးရိုးနာမည်ရင်းက လီ ဖြစ်ပြီး အမည်က ရုယွီ ပါ၊ ဘွဲ့အမည်ကတော့ ကျီဟွာ ပေါ့။ ဒါပေမဲ့ အချိန်ကြာလာတော့ ကျီဟွာ ဆိုတဲ့ နာမည်ပဲ ကျန်တော့တာပါ”

လင်းပိုင်ဖန်က မျက်မှောင်ကြုတ်လိုက်ရင်း - “အဘိုးကြီးလို့ ခေါ်တာက ရိုင်းရာ မကျဘူးလား။ ဆရာကြီးက ကျွန်တော့်ရဲ့ ဘိုးဘေးတွေ အရွယ်လောက် ရှိနေတာကို”

“ဘာဖြစ်လဲ... သူငယ်ချင်းအဖြစ် ပေါင်းတဲ့နေရာမှာ အရေးကြီးတာက စိတ်ချင်း ဆက်သွယ်ဖို့ပဲ၊ အသက်က အရေးမကြီးပါဘူး။ ဒါ့အပြင်...”

ဆရာကြီးက ဘေးနားရှိ ဓားအဖိုးအိုနှင့် လှံနတ်ဘုရားတို့ကို လက်ညှိုးထိုးပြရင်း - “အရှင်မင်းကြီးက အဘိုးကြီး နှစ်ယောက်ကိုတောင် တပည့်အဖြစ် လက်ခံထားတာပဲ။ ကျွန်တော်သာ မျက်နှာမပြောင်တာရယ်၊ အိုနေတာရယ်ကြောင့်သာပေါ့... မဟုတ်ရင် ကျွန်တော်လည်း ဝင်ပါမိမှာပဲ”

“တကယ်တော့... မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး...”

ဆရာကြီးက မျက်ခုံးပင့်လိုက်ရင်း - “ဟမ်?”

“ဟားဟား! နောက်တာပါ” လင်းပိုင်ဖန်က အားရပါးရ ရယ်မောလိုက်သည်။ “လီအဘိုးကြီး... ကျွန်တော်တို့ တွေ့ရခဲတဲ့ သံယောဇဉ်ကို ဂုဏ်ပြုတဲ့အနေနဲ့ အရက်လေး ဘာလေး သောက်ကြမလား”

“ကောင်းသားပဲ၊ စိတ်တူကိုယ်တူ သူငယ်ချင်းနဲ့ တွေ့ရင် အရက်အိုးတစ်ထောင်တောင် မလောက်ဘူးတဲ့။ ဒီနေ့တော့ အားရပါးရ သောက်ကြတာပေါ့” ဟု ဆရာကြီးက စိတ်လှုပ်ရှားမှုကြောင့် မျက်နှာ နီမြန်းလျက် ပြောလိုက်သည်။

“အရက် ယူခဲ့ကြစမ်း” လင်းပိုင်ဖန်က လှမ်းအော်လိုက်သည်။

ချက်ချင်းပင် ကောင်းမွန်လှသော အရက်အိုးအချို့ ရောက်လာသည်။ ဆရာကြီးက အရက်အိုးတစ်လုံးကို ဖွင့်ပြီး အနံ့ခံကြည့်လိုက်ရာ - “မွှေးလိုက်တာ၊ တကယ့်ကို ကောင်းတဲ့အရက်ပဲ”

သို့သော် နောက်တစ်စက္ကန့်မှာပင် သူ နှမြောတသ ဖြစ်လာရသည် - “အရှင်မင်းကြီး... ကျွန်တော့်ရဲ့ အဖိုးတန် ပန်းတွေကို သုံးပြီး ဒီအရက်ကို ပြန်ချက်လိုက်တာလား”

“နည်းနည်းလေးပါပဲ” လင်းပိုင်ဖန်က လက်နှစ်ချောင်းဖြင့် အချက်ပြလိုက်သည်။

“နည်းနည်းလေး ဟုတ်လား”

ဆရာကြီးက နာကျင်နေသော မျက်နှာဖြင့် - “ဒီအရက်ထဲမှာ ကလေးရနံ့ပန်းရယ်၊ မန္ဒလာပန်း ရနံ့တွေရယ်ကို ကျွန်တော် ရနေတယ်။ ဘုရားရေ... အနည်းဆုံးတော့ ကျွန်တော့်အတွက် ချန်ထားပေးပါဦး၊ အရှင်မင်းကြီးက အကုန်နီးပါး ခူးသွားတာပဲ”

“တကယ်တော့ ဒါက ဆရာကြီး ကောင်းဖို့အတွက် လုပ်ပေးတာပါ”

“ကျွန်တော့်အတွက်..” ဆရာကြီးမှာ မှင်တက်သွားရသည်။

“ဒါပေါ့”

လင်းပိုင်ဖန်က ဂုဏ်ယူစွာဖြင့် - “ဆရာကြီးရဲ့ ပန်းချီပညာက ဘာလို့ နှစ်ပေါင်းများစွာကြာအောင် တိုးတက်မလာလဲဆိုတာ သိလား”

“ဘာလို့များလဲ...” ဆရာကြီးက သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။

“ဘာလို့လဲဆိုတော့ ဆရာကြီးက ပြီးပြည့်စုံမှုကိုပဲ အရမ်း လိုက်စားနေလို့ပဲ”

လင်းပိုင်ဖန်က ပြုံးလျက် - “ဆရာကြီးရဲ့ ပန်းချီတွေမှာ အရာအားလုံးကို စေ့စပ်သေချာပြီး သန့်စင်နေအောင်ပဲ ကြိုးစားနေတယ်။ ဒါပေမဲ့ တာအိုမှာ အစိတ်ငါးဆယ် ရှိပေမဲ့ ကောင်းကင်ဘုံရဲ့ လည်ပတ်မှုက လေးဆယ့်ကိုးခုပဲ ရှိတာကို သတိရပါ။ ကောင်းကင်ဘုံတောင်မှ လုံးဝ ပြီးပြည့်စုံ မနေတာပဲ၊ ဆရာကြီးက ဘာလို့ ပြီးပြည့်စုံမှုကို ရနိုင်မယ်လို့ ထင်နေတာလဲ”

ဆရာကြီးမှာ နက်နက်ရှိုင်းရှိုင်း စဉ်းစားမိသွားတော့သည်။ တကယ်လို့ လင်းပိုင်ဖန်က သာမန် ဧကရာဇ်တစ်ပါးသာဆိုလျှင် သူက ပြုံးပြပြီး ကျော်သွားလိုက်မည် ဖြစ်သည်။ သို့သော် တစ်ဖက်လူက သူ၏ ပန်းချီစွမ်းရည်ကို သက်သေပြပြီးသား ဖြစ်သဖြင့် လျစ်လျူမရှုနိုင်ပေ။ သူ့ရဲ့ ပညာတွေ ရပ်တန့်နေတာက တကယ်ပဲ ပြီးပြည့်စုံမှုကို လိုက်နေလို့များလား။ ဒါပေမဲ့ ပြီးပြည့်စုံတာက မှားလို့လား။

ထိုအချိန်တွင် လင်းပိုင်ဖန်က ဆက်ပြောလိုက်သည် - “ပြီးပြည့်စုံတာက အလှတရားတစ်မျိုးပဲ၊ ဒါပေမဲ့ မပြည့်စုံတာကလည်း လှပတာပါပဲ။ လမင်းမှာလည်း လပြည့်တာ၊ လဆုတ်တာ ရှိတာပဲ၊ မြင်ကွင်းတိုင်းမှာ သူ့အလှနဲ့သူ ရှိတယ်။ အပြည့်စုံဆုံးအရာကိုပဲ လိုက်ရှာနေရင် တခြားအလှတရားတွေကို လက်လွတ်သွားလိမ့်မယ်။ ဒါကြောင့် အစွဲအလမ်းတွေကို လွှတ်ချလိုက်ပါ၊ အဲဒီအခါမှာ အများကြီး ပိုရလာတာကို တွေ့လိမ့်မယ်”

ဒါကို ကြားလိုက်ပြီးနောက် ဆရာကြီးမှာ ဉာဏ်အလင်းရသွားသလို ခံစားလိုက်ရပြီး လေးလေးစားစားဖြင့် လမ်းညွှန်မှု တောင်းလိုက်သည် - “လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ ကျွန်တော် အများကြီး သင်ယူလိုက်ရပါတယ်။ ဒါပေမဲ့ အခုလို အသိတရားရပေမဲ့ ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ ဝေခွဲမရသေးဘူး။ အရှင်ကော ဘာလို့ထင်လဲ”

“ပန်းတွေတောင်မှ အများကြီး ရှိနေရင် မျက်စိနောက်တတ်တယ်ဆိုတဲ့ စကားရှိတယ်လေ”

လင်းပိုင်ဖန်က တရားသဖြင့် ပြောနေသလို ပုံစံမျိုးဖြင့် - “ဒါကြောင့် ဆရာကြီးရဲ့ ပန်းတွေ အကုန်လုံးကို ကျွန်တော့်ဆီ ပေးလိုက်ပါ၊ ကျွန်တော် အရက်ချက်ပေးမယ်။ ပန်းတွေဆိုတဲ့ အစွဲအလမ်းတွေကနေ လွတ်မြောက်သွားရင် ဆရာကြီးရဲ့ ရှေ့ခရီးက အလိုလို ပွင့်လင်းသွားမှာပေါ့”

ဆရာကြီး: “…”

All Chapters