အခန်း (၄၆၅-၄၆၆)
Vol. 43 Ch. 465-466
အပိုင်း (၄၆၅)
“အရှင်မင်းကြီးပြောတာတွေ တကယ်ပဲလား၊ ဒါမှမဟုတ် ကျွန်တော့်ကို လိမ်ညာနေတာလား” ဆရာကြီး၏ မျက်လုံးများတွင် သံသယများ ပြည့်နှက်နေသည်။
မတတ်နိုင်ပေ၊ လင်းပိုင်ဖန်မှာ အပြောကောင်းလွန်းသည့် ရာဇဝင်ရှိသူဖြစ်သဖြင့် ဆရာကြီး၏ နာမည်ပျက် စာရင်းထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။
လင်းပိုင်ဖန်က ရယ်မောလိုက်ပြီး - “အမှန်တရားဆိုတာ လက်တွေ့လုပ်ဆောင်မှုကနေ လာတာပဲ။ ဆရာကြီးကိုယ်တိုင် စမ်းကြည့်လိုက်ရင် သိသာမှာပေါ့”
ဆရာကြီးမှာ ခဏမျှ အလေးအနက် စဉ်းစားလိုက်သည်။ သူ အပင်ပန်းခံ စိုက်ပျိုးထားသော ပန်းများသည် သူ့အတွက် အလွန် အရေးကြီးသည်။ သို့သော် ပန်းချီအနုပညာ၏ လမ်းစဉ်ကို နားလည်သဘောပေါက်ဖို့က ပို၍ပင် အရေးကြီးပေသည်။
ဝါသနာဆိုသည်မှာ စိတ်ကူးအိပ်မက်များအတွက် လမ်းဖယ်ပေးရစမြဲ ဖြစ်သည်။
ထို့ကြောင့် ဆရာကြီးက ခေါင်းညိတ်လိုက်ပြီး - “ကောင်းပါပြီ၊ ဒီတစ်ကြိမ်တော့ အရှင်မင်းကြီးရဲ့ စကားကို ယုံကြည့်လိုက်ပါ့မယ်”
ထို့နောက်တွင် ဆရာကြီးသည် သူ ဂရုတစိုက် စိုက်ပျိုးထားသော ပန်းအားလုံးကို ယူဆောင်လာခဲ့သည်။
လင်းပိုင်ဖန်က ထိုပန်းများကို ရက်ရက်စက်စက် ဆွဲခူးကာ အရက်အိုးထဲသို့ ကြမ်းတမ်းမြန်ဆန်စွာ ပစ်ထည့်နေသည်ကို ဆရာကြီးမှာ ရင်တထိတ်ထိတ်ဖြင့် ကြည့်နေရတော့သည်။
“အဲဒီလို မလုပ်ပါနဲ့... ဖြည်းဖြည်း... အသာလေးလုပ်ပါ... အဲလောက်ကြီး မကြမ်းတမ်းပါနဲ့...”
လင်းပိုင်ဖန်ကမူ ထိုတောင်းပန်တိုးလျှိုးသံများကို လျစ်လျူရှုကာ ပန်းများကို ဆက်လက် နှိပ်စက်ရင်း ပြောလိုက်သည် - “လီအဘိုးကြီး... ခင်ဗျား နှမြောနေတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ တစ်ခုခုကို မစွန့်လွှတ်ဘဲနဲ့ နောက်တစ်ခုကို ဘယ်လိုရနိုင်မှာလဲ။ ဒီလို ဆွဲဆောင်မှုရှိတဲ့ အရာတွေက ခင်ဗျားရဲ့ လမ်းစဉ်ကို ပိတ်ဆို့နေတာပဲ။ ခင်ဗျားရဲ့ ရှေ့ဆက်ရမယ့်လမ်းမှာ အတားအဆီးဖြစ်နေတဲ့ စိတ်အစွဲအလမ်းတွေကို ဖယ်ရှားပစ်ဖို့ဆိုရင် ဒါတွေကို ဖျက်ဆီးပစ်ရမယ်”
“ဒါပေမဲ့ အဲဒီထက် ပိုပြီးတော့ ညင်ညင်သာသာလေး လုပ်ပေးလို့ မရဘူးလား၊ သူတို့ကို သိက္ခာရှိရှိလေး သေဆုံးခွင့် ပေးပါဦး”
“ရတာပေါ့၊ ကျွန်တော်ကလည်း သိက္ခာရှိတဲ့လူပဲဥစ္စာ”
မကြာမီမှာပင် ဆရာကြီး အပင်ပန်းခံ စိုက်ပျိုးထားသော ပန်းအများစုမှာ လင်းပိုင်ဖန်၏ လက်ချက်ဖြင့် အရက်အိုးထဲသို့ ရောက်သွားပြီး အရက်ကောင်းများ ဖြစ်ကုန်ကြတော့သည်။ ယခုအခါ တန်ဖိုးမဖြတ်နိုင်သော ဆေးဖက်ဝင် ပန်းပင်အနည်းငယ်သာ ကျန်တော့သည်။
“ဒါတွေကိုကော ဖျက်ဆီးဦးမှာလား။ ဒါတွေကို ကျွန်တော် တစ်ကမ္ဘာလုံး လိုက်ရှာထားရတာ၊ တချို့ဆိုရင် မျိုးတုံးလုနီးပါး ဖြစ်နေပြီ”
“စိတ်မပူပါနဲ့၊ ဒါတွေက ရှားပါးဆေးဖက်ဝင်ပန်းတွေဆိုတော့ ကျွန်တော် ပြန်ယူသွားဖို့ စဉ်းစားထားတယ်”
အလုပ်ကိစ္စပြီးသွားသောအခါ လင်းပိုင်ဖန်က ကျေနပ်အားရစွာဖြင့် မေးလိုက်သည် - “လီအဘိုးကြီး... အခု ဒီပန်းတွေကို ကျွန်တော် အကုန်ဖျက်ဆီးပစ်လိုက်ပြီဆိုတော့ ခင်ဗျားရဲ့ စိတ်ထဲမှာ တစ်ခုခု ခံစားရလား”
ဆရာကြီးမှာ ရင်ဘတ်ကို ဖိရင်း - “ခံစားရတာပေါ့”
လင်းပိုင်ဖန်က ဝမ်းသာအားရဖြင့် - “ဘယ်လို ခံစားရလဲ”
ဆရာကြီးက အလွန်အမင်း နာကျင်နေသော အသံဖြင့် - “ရင်နာတယ်..”
လင်းပိုင်ဖန် : “…”
“ဒီအဖြစ်အပျက်ကနေ တစ်ခုခု နားလည်သွားလားလို့ မေးတာလေ၊ ရင်နာလားလို့ မေးတာ မဟုတ်ဘူး” ဟု လင်းပိုင်ဖန်က လေးလေးနက်နက် ပြန်ပြောလိုက်သည်။
ဆရာကြီးက မျက်မှောင်ကြုတ်လိုက်ပြီး - “နေပါဦး... ကျွန်တော် တခြား တစ်ခုခုကို တကယ်ပဲ ခံစားမိသလိုပဲ”
သူသည် ချက်ချင်းပင် စုတ်တံကို ကောက်ကိုင်ကာ စက္ကူပေါ်တွင် စတင် ရေးဆွဲတော့သည်။
သူ ရေးဆွဲလိုက်သည်မှာ ညှိုးနွမ်းနေသော ပန်းပင်တစ်ခု၏ မြင်ကွင်းတစ်ခုဖြစ်ပြီး ပန်းတစ်ပွင့်ချင်းစီမှာ မပြည့်စုံဘဲ ကိုယ်ပိုင် ဇာတ်လမ်းရှိနေသည့်အလား ထူးခြားဆန်းပြားစွာပင် အထီးကျန် ဆွေးမြည့်ဖွယ် ကောင်းလှသည်။ မြင်ရသူတိုင်းမှာ မျက်ရည်ကျလုမတတ် ခံစားရလေသည်။
တကယ်ပင် ထိုပန်းချီကားကို မြင်လိုက်ရသူတိုင်း ဝမ်းနည်းပူဆွေးမှုကို မထိန်းနိုင်ဘဲ မျက်ရည် ကျကြရသည်။ ကောင်းကင်အဆင့် သိုင်းပညာရှင်ကြီးပင် ထိခိုက်သွားရသည်အထိ တကယ်ပင် ထူးခြားလှပေသည်။
“အမ်… ဒါက ဘာလို့ ဒီလို ဖြစ်ရတာလဲ” ဆရာကြီးမှာ မျက်မှောင်ကြုတ်မိသွားသည်။
သူသည် ညှိုးနွမ်းနေသော ပန်းပုံများကို ယခင်ကလည်း ဆွဲဖူးသော်လည်း ယခုလောက်အထိ လူတွေကို ငိုကြွေးစေနိုင်လောက်အောင် မထိမိခဲ့ဖူးပေ။ ဤပန်းချီကားသည် သူ၏ စွမ်းဆောင်ရည် အထွတ်အထိပ်သို့ ရောက်သွားရုံသာမက ရှေ့သို့ တစ်လှမ်း တိုးသွားသည်ဟုပင် ဆိုနိုင်သည်။
သို့သော် ထိုအချက်ကြောင့်ပင် သူ ဝေခွဲမရ ဖြစ်နေရသည်။ အရင်က အပင်ပန်းခံ ကြိုးစားသော်လည်း တိုးတက်မလာခဲ့ဘဲ အခုမှ ပန်းတွေကို ဖျက်ဆီးလိုက်ကာမှ ဘာလို့ တိုးတက်သွားရတာလဲ။ ဒီပန်းတွေကို ဖျက်ဆီးလိုက်ခြင်းက တကယ်ပဲ အတားအဆီးတွေကို ကျော်ဖြတ်နိုင်စေတာလား။ ဒီပန်းတွေက တကယ်ပဲ သူ့ရဲ့ ရှေ့ဆက်ရမယ့် လမ်းမှာ ခလုတ်ကန်သင်းတွေ ဖြစ်နေခဲ့တာလား။
သူသည် ဇဝေဇဝါ ဖြစ်နေသဖြင့် အဖြေကို သိလိုသောကြောင့် လင်းပိုင်ဖန်ကို ကြည့်လိုက်သည်။
“အခြေခံသဘောတရားကတော့ တကယ်ကို ရိုးရှင်းပါတယ်”
လင်းပိုင်ဖန်က ပြုံးလျက် - “ဘာလို့လဲဆိုတော့ ဆရာကြီးက တခြား ပညာရှင်ကြီးတွေ ကြုံတွေ့ခဲ့ရဖူးတဲ့ ပြဿနာမျိုးကို ရင်ဆိုင်နေရလို့ပဲ”
“အရှင်မင်းကြီး... လမ်းညွှန်ပေးပါဦး” ဆရာကြီးက နှိမ့်ချစွာ တောင်းဆိုလိုက်သည်။
“လီအဘိုးကြီး... သမိုင်းတစ်လျှောက်မှာ ဘယ်လောက်တောင် များပြားလှတဲ့ ပညာရှင်ကြီးတွေဟာ သူတို့ရဲ့ အဆင်းရဲဆုံးနဲ့ အခက်ခဲဆုံး အချိန်တွေမှာ အကောင်းဆုံး လက်ရာတွေကို ဖန်တီးခဲ့ကြလဲဆိုတာ ခင်ဗျား သိလား”
ဆရာကြီးမှာ နက်နက်ရှိုင်းရှိုင်း စဉ်းစားမိသွားသည်။
“အဲဒီအချိန်တုန်းက သူတို့ရဲ့ ရည်မှန်းချက်က အသန့်စင်ဆုံးဖြစ်ပြီး စိတ်ကူးအိပ်မက်တွေကလည်း ရိုးရှင်းတယ်။ သူတို့ဟာ သူတို့ရဲ့ အိမ်မက်တွေအတွက် မီးထဲပဲ ဆင်းရဆင်းရ၊ အရာအားလုံးကိုတောင် ပေးဆပ်ဖို့ အသင့်ရှိနေခဲ့ကြတယ်။ အဲဒီအချိန်မှာ သူတို့ရဲ့ စိတ်ဓာတ်တွေက အပြင်းထန်ဆုံးဖြစ်ပြီး ပြင်ပလောကအပေါ် ခံစားနိုင်စွမ်းကလည်း အစူးရှဆုံးပဲ”
“ဒါပေမဲ့ အောင်မြင်မှုနဲ့ ကျော်ကြားမှုတွေ ရလာပြီး အရာအားလုံး ပြည့်စုံသွားတဲ့အခါမှာတော့ သူတို့က တဖြည်းဖြည်း ထုံထိုင်းလာကြတယ်။ အရင်က ရှိခဲ့တဲ့ စိတ်အားထက်သန်မှုနဲ့ ထက်မြက်တဲ့ ခံစားမှုတွေ ပျောက်ဆုံးသွားပြီး အဲဒီနောက်မှာတော့ ကြီးကျယ်တဲ့ လက်ရာတွေကို မဖန်တီးနိုင်တော့ဘူး”
“ဒါက ခင်ဗျားရဲ့ အခြေအနေနဲ့ အတူတူပဲ”
လင်းပိုင်ဖန်က အားပါပါဖြင့် ဆက်ပြောလိုက်သည် - “ခင်ဗျားက အခု ခေတ်တစ်ခေတ်ရဲ့ ဆရာကြီး ဖြစ်နေပြီ၊ လိုချင်တာ မှန်သမျှလည်း ရှိနေပြီ။ ပန်းချီပညာကို ဆက်လက် လေ့လာနေတုန်းဆိုပေမဲ့ အခြေအနေတွေက ပြောင်းလဲသွားပြီ။ ခင်ဗျားရဲ့ စိတ်ဓာတ်က လူငယ်ဘဝတုန်းကလို မပြင်းထန်တော့ဘူး။ အဲဒီတော့ အခုရှိနေတဲ့ ကိုယ့်ကိုယ်ကိုယ် ကျော်ဖြတ်နိုင်ဖို့က ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ”
“ဒါကြောင့် ခင်ဗျား အမြတ်နိုးဆုံး အရာကို ခင်ဗျားရဲ့ ရှေ့မှာတင် ကျွန်တော် ဖျက်ဆီးပြခဲ့တာပဲ။ ဒါက ‘ဆုံးရှုံးမှု’ ဆိုတဲ့ ခံစားချက်ကို ခင်ဗျားဆီ တစ်ကျော့ပြန် ရောက်လာစေဖို့ပဲ။ ဒါမှသာ ခင်ဗျားရဲ့ ထုံထိုင်းနေတဲ့ စိတ်တွေ ပြန်နိုးကြားလာပြီး ပိုပြီး ထိခိုက်ခံစားလွယ်လာမယ်၊ စိတ်ခံစားချက်တွေ ပိုပြည့်စုံလာပြီး ခင်ဗျား ဆွဲလိုက်တဲ့ ပန်းချီတွေကလည်း သိသိသာသာ ပြောင်းလဲသွားမှာပေါ့”
“အခုမှပဲ နားလည်ပါတော့တယ်၊ ကျွန်တော် တကယ်ပဲ သင်ခန်းစာ ရလိုက်ပါပြီ”
ဆရာကြီးသည် လေးလေးစားစားဖြင့် ဦးညွှတ်လိုက်ပြီး ခါးသီးသော အပြုံးဖြင့် မော့ကြည့်လိုက်ကာ - “အရှင်မင်းကြီး ပြောသလိုပါပဲ၊ ကျွန်တော် ကျော်ကြားလာကတည်းက အရာအတော်များများ ပြောင်းလဲသွားခဲ့တယ်။ အပြောင်းအလဲက သေးငယ်တယ်လို့ ထင်ရပေမဲ့ ပြောင်းလဲသွားတာကတော့ အမှန်ပဲ။ ကျွန်တော့်ရဲ့ စိတ်က မသန့်စင်တော့သလို ပန်းချီအပေါ် ထားတဲ့ စိတ်ဓာတ်ကလည်း အရင်လို မပြင်းထန်တော့ဘူး။ တချို့အချိန်တွေမှာ လုပ်ရိုးလုပ်စဉ်အတိုင်းပဲ လုပ်နေမိသလို ခံစားရတယ်။ ဒါကြောင့်လည်း ကျွန်တော့်ရဲ့ ပန်းချီတွေမှာ တစ်ခုခု လိုအပ်နေသလို ဖြစ်နေတာပဲ”
လင်းပိုင်ဖန်က ခေါင်းညိတ်ပြရင်း - “အတိအကျပဲ၊ ‘မူလရည်ရွယ်ချက်ကို ဘယ်တော့မှ မမေ့နဲ့၊ ဒါမှသာ ခင်ဗျားရဲ့ ရည်မှန်းချက်ကို အောင်မြင်နိုင်မှာ’ ဆိုတဲ့ စကားက ပြောဖို့သာ လွယ်ပေမဲ့ တစ်သက်လုံး လိုက်နာဖို့ကတော့ ဘယ်လောက် ခက်ခဲလိုက်မလဲ”
“တကယ်ပါပဲ၊ ဒါပေမဲ့ အခုလို သိလိုက်ရပြီဆိုတော့လည်း သိပ်မနောက်ကျသေးပါဘူး။ ကျွန်တော့်မှာ အသက်ရှင်ဖို့ နှစ်အနည်းငယ် ကျန်ပါသေးတယ်။ လောကကြီးရဲ့ အလှအပတွေကိုလည်း အကုန်လုံးနီးပါး မြည်းစမ်းဖူးသွားပြီဆိုတော့ နောင်တရစရာ မရှိပါဘူး။ ဒါကြောင့် ကျန်တဲ့ အချိန်တွေကို တပည့်တွေကို သင်ကြားပေးရင်း ကျွန်တော့်ရဲ့ ငယ်ဘဝ လမ်းစဉ်ကို ပြန်ရှာပြီး ရှေ့ကို နောက်တစ်လှမ်း တိုးနိုင်မလားဆိုတာ ကြိုးစားသွားပါ့မယ်” ဟု ဆရာကြီးက ပြန်လည် နိုးကြားလာသော စိတ်ဓာတ်ဖြင့် ပြောလိုက်သည်။
ဒါကို ကြားလိုက်ရသောအခါ လင်းပိုင်ဖန်က အလွန်ပင် ဝမ်းမြောက်သွားသည် - “ခင်ဗျားရဲ့ မူလရည်ရွယ်ချက်ကို ပြန်ရှာတွေ့သွားတာ တကယ်ကို ကောင်းပါတယ်”
“ဒါကလည်း အရှင်မင်းကြီးရဲ့ လမ်းညွှန်မှုကြောင့် ဒီလို အသိတရားတွေ ရခဲ့တာပါ။ ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး” ဟု ဆရာကြီးက ဆိုလိုက်သည်။
“ရပါတယ်၊ ကျွန်တော်က ဘာမှ သိပ်မလုပ်ပေးရပါဘူး၊ ဆရာကြီးကိုယ်တိုင် အလင်းရသွားတာပဲ”
ဆရာကြီး၏ သင်ယူလိုစိတ် ပြင်းပြနေသည်ကို မြင်သောအခါ လင်းပိုင်ဖန်က ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည် - “ ‘လူကောင်းဆိုတာ အဆုံးအထိ ကူညီရတယ်’ ဆိုတဲ့ စကား ရှိတယ်လေ။ လီအဘိုးကြီး... ခင်ဗျားမှာ ဆုံးရှုံးရမယ့် တခြား ဘာတွေ ရှိသေးလဲ ပြောပါ၊ ကျွန်တော် ထပ်ပြီး ကူညီပေးနိုင်ပါသေးတယ်”
ဆရာကြီး : “….”
အပိုင်း (၄၆၆)
အလေးအနက် စဉ်းစားပြီးနောက်တွင် ဆရာကြီးသည် သူ၏ တန်ဖိုးထားရသော အရာအားလုံးကို လင်းပိုင်ဖန်ထံသို့ စိတ်မကောင်းခြင်းများစွာဖြင့် အပ်နှံလိုက်ရတော့သည်။
ထိုညတွင် ဆရာကြီးမှာ အလွန်အမင်း ရင်ကွဲနာကျသွားခဲ့ရပြီး ထိုခံစားချက်ကပင် နောက်ထပ် ကြီးကျယ်သော လက်ရာတစ်ခုကို ဖန်တီးရန် စေ့ဆော်မှု ဖြစ်လာခဲ့သည်ဟု ဆိုရပေမည်။
ထိုပန်းချီကား၏ အမည်မှာ ‘အော်ဟစ်သံ’ ဟု အမည်ရသည်။
ပန်းချီကားထဲတွင် လူတစ်ဦးမှာ ပြင်းထန်သော နာကျင်မှုကို ခံစားနေရသဖြင့် မျက်နှာမှာ ပုံပျက်ပန်းပျက် ဖြစ်နေပြီး၊ ထူးဆန်းကာ အရောင်အသွေး စုံလင်လှသည့် နောက်ခံကားချပ်ရှေ့တွင် နားနှစ်ဖက်ကို ပိတ်ကာ အော်ဟစ်နေသည့်ပုံ ဖြစ်သည်။ ထိုလူ၏ နောက်ကွယ်မှ နောက်ခံမြင်ကွင်းမှာ သူ့ကို ဝါးမြိုတော့မည့် မိစ္ဆာတစ်ကောင်အလား ခံစားရစေသည်။ ထူးဆန်းသည်မှာ ထိုမိစ္ဆာ၏ ပုံသဏ္ဌာန်မှာ လင်းပိုင်ဖန်နှင့် အနည်းငယ် တူနေခြင်းပင် ဖြစ်သည်။
လင်းပိုင်ဖန်မှာ ထိုပန်းချီကားကို မြင်သောအခါ အလွန်ပင် သဘောကျသွားသည်။ ထို့ကြောင့် ဆရာကြီးကို ဤစိတ်အခြေအနေ၌ပင် ရှိနေစေပြီး နောက်ထပ် လက်ရာကောင်းများ ဆက်လက် ဖန်တီးနိုင်ရန်အတွက် ဆရာကြီးထံမှ နောက်ထပ် အရာအချို့ကို ထပ်မံ ယူဆောင်လိုက်ပြန်သည်။
နှစ်ရက်အကြာတွင် လင်းပိုင်ဖန်နှင့် အဖွဲ့သားများမှာ အိမ်သို့ ပြန်ရန် ခရီးစတင်ခဲ့ကြသည်။ အရာအားလုံး ဆုံးရှုံးသွားခဲ့ရသော ဆရာကြီးသည်လည်း ‘မဟာရှ’ သို့ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ပြီး လင်းပိုင်ဖန်နှင့်အတူ လိုက်ပါလာခဲ့တော့သည်။
“ဒင်! ကစားသမား၏ နိုင်ငံတော်စွမ်းအား မြင့်တက်လာခြင်းကြောင့် သင်၏ စွမ်းအားများလည်း ထပ်တူ တိုးတက်လာခဲ့သည်။ ဆုလာဘ်အဖြစ် ‘ယင်နှင့်ယန် ပေါင်းစပ်ခြင်း- ကောင်းကင်နှင့်မြေကမ္ဘာ၏ ဝမ်းနည်းခြင်းသိုင်းကျမ်း’ ကို ရရှိခဲ့သည်”
“ဤသိုင်းပညာသည် လောကတွင် ကြောက်မက်ဖွယ် အကောင်းဆုံးနှင့် အရက်စက်ဆုံးသော သိုင်းပညာ (၇) မျိုးထဲမှ တစ်ခုဖြစ်သည်။ ဤသိုင်းကျမ်းကို ရေးသားပြီးစီးသောအခါ ကောင်းကင်မှ သွေးမိုးများ ရွာသွန်းခဲ့ပြီး ညအခါတွင် တစ္ဆေသရဲများ ငိုကြွေးကြသည်ဟု ဆိုကြသည်။ သိုင်းကျမ်းကို ရေးသားသူကိုယ်တိုင်လည်း သွေးအန်ကာ သေဆုံးခဲ့ရသည်”
လင်းပိုင်ဖန်သည် ထိုဒဏ္ဍာရီလာ သိုင်းကျမ်းကို အလျင်အမြန်ပင် စုပ်ယူလေ့လာလိုက်သည်။
သူ့အတွက်မူ ဤသိုင်းပညာ၏ စွမ်းအားမှာ သာမန်မျှသာ ဖြစ်ပြီး သူသင်ယူခဲ့သော တခြားသော နတ်ဘုရားအဆင့် သိုင်းပညာများနှင့် သိပ်မကွာခြားလှပေ။ လူအများ ကြောက်ရွံ့နေကြရသည့် အကြောင်းရင်းမှာ သူတို့တွင် ဤသိုင်းကို တတ်မြောက်နိုင်သည့် အရည်အချင်း မရှိဘဲ ကျင့်ကြံမိပါက မိမိကိုယ်ကိုယ် ပြန်လည် ထိခိုက်စေနိုင်သောကြောင့်သာ ဖြစ်သည်။ မဟာကောင်းကင်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော လင်းပိုင်ဖန်အတွက်မူ မည်သည့်ဆိုးကျိုးမှ မရှိပေ။
သို့သော်လည်း နတ်ဘုရားအဆင့် သိုင်းပညာသစ်တစ်ခု တိုးလာခြင်းမှာ အမြဲတမ်း ပျော်ရွှင်စရာပင် ဖြစ်သည်။ ထို့ကြောင့် လင်းပိုင်ဖန်သည် သူ့အတွက် ဤသိုင်းပညာ ရရှိအောင် ဖန်တီးပေးခဲ့သော ဆရာကြီးကို ကျေနပ်အားရစွာ ကြည့်လိုက်မိသည်။
ထိုအချိန်တွင် ဆရာကြီးမှာ မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ တစ်ကိုယ်လုံး ချွေးစေးများ ထွက်နေပြီး လှေနံဘေးတွင် ကုန်း၍ အန်နေလေတော့သည် - “ဝေါ့... ဝေါ့...”
ပြောနေစရာပင် မလိုတော့ချေ၊ ဆရာကြီးမှာ လှေမူးနေခြင်း ဖြစ်သည်။
အမှန်စင်စစ် သူ၏ သိုင်းပညာအဆင့်အတန်းအရ လှေမူးခြင်းဆိုသည်မှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စဖြစ်သည်။ သို့သော် သူသည် သူ၏ ‘မူလရည်ရွယ်ချက်’ ကို ပြန်လည် ရှာဖွေနိုင်ရန်အတွက် အခြားဆရာကြီး တစ်ဦးကို သူ၏ သိုင်းစွမ်းအားများကို ချိပ်ပိတ်ခိုင်းထားခဲ့သည်။ သာမန်လူတစ်ယောက်ကဲ့သို့ ဘဝကို ခံစားပြီး အရာအားလုံးကို နားလည်သဘောပေါက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
အကျိုးသက်ရောက်မှုကတော့ ချက်ချင်းပင်၊ သူသည် သာမန်လူတစ်ယောက်ကဲ့သို့ပင် လှေမူးဝေဒနာကို အလူးအလဲ ခံစားနေရတော့သည်။
“လီအဘိုးကြီး... တောင့်ခံနိုင်ပါ့မလား၊ သိုင်းစွမ်းအားတွေကို ခဏ ပြန်ဖွင့်လိုက်ပါလား... ကုန်းပေါ်ရောက်မှ ဆက်ပြီး အသိတရား ရှာတာပေါ့” ဟု လင်းပိုင်ဖန်က စိုးရိမ်တကြီး မေးလိုက်သည်။
“ရပါတယ်... ကျွန်တော် တောင့်ခံနိုင်ပါသေးတယ်... ဝေါ့...”
ဆရာကြီး အန်နေသည်ကို မြင်ရသည်မှာ လင်းပိုင်ဖန်ကိုပင် ပျို့တက်လာစေသဖြင့် သူ ချက်ချင်းပင် ခေါင်းလွှဲလိုက်တော့သည်။
အန်လွန်း၍ ခေါင်းတွေ မူးနောက်နေသည့် ကြားမှပင် ဆရာကြီးသည် နောက်ထပ် အနုပညာ စိတ်ကူးများ ထပ်မံ ရရှိသွားပြန်ကာ ‘ကြယ်တွေစုံသောည’ ဟု အမည်ရသည့် ပန်းချီကားတစ်ချပ်ကို ထပ်မံ ရေးဆွဲလိုက်ပြန်သည်။
ဤပန်းချီကားမှာ အလွန် ထူးဆန်းလှပေသည်။ နက်ပြာရောင် ကောင်းကင်နှင့် ပင်လယ်ကို ဖော်ပြထားပြီး၊ ကောင်းကင်တွင် နေနှင့် လအများအပြားမှာ တရစပ် လည်ပတ်နေကြသဖြင့် ရှုပ်ထွေးနောက်ကျိမှုနှင့် ကိုယ်ပိုင်အနိဋ္ဌာရုံ နိမိတ်များကိုပင် ခံစားရစေသည်။
ထိုကားကို ကြည့်ပြီးနောက် လင်းပိုင်ဖန်က အလွန်ပင် ချီးကျူးလိုက်သည် - “လီအဘိုးကြီး... ကြည့်ပါဦး၊ အခုဆိုရင် ခင်ဗျားက ကျွန်တော့်ထက်တောင် ပိုပြီး အက်ဘ်စထရက်ပန်းချီကို ဆွဲနိုင်နေပြီပဲ။ ဒါက တကယ့်ကို တန်ဖိုးဖြတ်မရတဲ့ လက်ရာပဲ။ ဒါ့အပြင် ဒီပန်းချီကားက ကြည့်တဲ့သူကို မူးဝေအော့အန်ချင်စိတ် ဖြစ်ပေါ်စေတဲ့ တိုက်ခိုက်မှု စွမ်းရည်တောင် ပါနေသေးတယ်။ တကယ်ကို အံ့သြစရာပဲ”
မျက်နှာဖြူဖျော့နေသော ဆရာကြီးက - “ကျွန်တော်လည်း ဒါကို တကယ် ကျေနပ်မိပါတယ်... ဝေါ့...”
လင်းပိုင်ဖန်သည် ခေါင်းပြန်လွှဲလိုက်ပြီးနောက် စိတ်အာရုံကို အင်ပါယာ မြေပုံထဲသို့ ပို့လွှတ်ကာ မဟာရှ၏ အခြေအနေကို စစ်ဆေးလိုက်သည်။ ထိုအချိန်တွင် ထူးခြားသည့် အရာတစ်ခုကို သူ သတိပြုမိသွားသည်။
“ကောင်းကင်အဆင့်တစ်ဦး ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့က မဟာရှနိုင်ငံထဲကို ခိုးဝင်လာတာလား၊ သူတို့ ဘာလုပ်ဖို့ ကြံနေတာလဲ”
လင်းပိုင်ဖန်က မျက်မှောင်ကြုတ်ကာ ဆက်လက် စောင့်ကြည့်လိုက်သည်။
“ဘာ... ကောင်းကင်အဆင့်တစ်ယောက်နဲ့ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၃၂ ယောက်တောင်လား၊ အကုန်လုံးက လုပ်ကြံသတ်ဖြတ်သူတွေပဲ”
“ကြည့်ရတာ သူတို့က ‘ဝတ်ရုံစိမ်းမျှော်စင်’က လူတွေ ဖြစ်မယ်” ဟု လင်းပိုင်ဖန် ရေရွတ်လိုက်သည်။
ဝတ်ရုံစိမ်းမျှော်စင်မှာ နှစ်ပေါင်းတစ်ထောင် သမိုင်းကြောင်းရှိသည့် နာမည်ဆိုးဖြင့် ကျော်ကြားသော လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်း ဖြစ်သည်။ ထိုအဖွဲ့အစည်းတွင် ကောင်းကင်အဆင့် ၂ ဦးမှ ၃ ဦးအထိ အမြဲရှိနေတတ်ပြီး၊ ချီဖွဲ့တည်ခြင်းအဆင့်သိုင်းပညာရှင် ၅၀ ကျော်နှင့် သာမန်လုပ်ကြံသတ်ဖြတ်သူ ထောင်ပေါင်းများစွာ ရှိသဖြင့် အင်ပါယာတစ်ခုနှင့်ပင် ယှဉ်နိုင်သည့် အင်အားစုဖြစ်သည်။ သူတို့သည် ကောင်းကင်အဆင့်တစ်ဦးကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့သည့် အံ့ဖွယ်မှတ်တမ်းလည်း ရှိခဲ့ဖူးသည်။
သူတို့သည် ငွေကြေးအတွက် လူပေါင်းများစွာကို ပြောင်ပြောင်တင်းတင်း သတ်ဖြတ်ခဲ့ကြသဖြင့် ရန်သူပေါလှသည်။ တစ်ခါတွင် ထိပ်တန်း အင်အားကြီးအဖွဲ့အစည်း ၇ ခု၏ တိုက်ခိုက်မှုကို ခံခဲ့ရသော်လည်း သူတို့သည် အလွန်ပါးနပ်လှသဖြင့် အမြစ်ပြတ်အောင် မချေမှုန်းနိုင်ခဲ့ပေ။ ဆယ်စုနှစ်အနည်းငယ် ကြာတိုင်း သူတို့က ပြန်လည် ထွက်ပေါ်လာစမြဲ ဖြစ်သည်။
“အခုတော့ ဝတ်ရုံစိမ်းမျှော်စင်က ငါ့နယ်မြေထဲကို ဘာလာလုပ်တာလဲ”
………
ထိုအချိန်တွင် လုပ်ကြံသတ်ဖြတ်သူ အုပ်စုထဲမှ အာရုံခံစားမှု ကောင်းသော သိုင်းပညာရှင်တစ်ဦးက တစ်ခုခုကို သတိပြုမိသွားပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“မြေခွေး... ဘာဖြစ်လို့လဲ” ဟု ဆရာကြီးက သတိထားမိပြီး မေးလိုက်သည်။
‘မြေခွေး’ ဟု အမည်ပြောင်ပေးထားသော ထိုသူမှာ ခွန်အားအကောင်းဆုံး မဟုတ်သော်လည်း အာရုံခံစားမှု အရှိဆုံးသူ ဖြစ်သည်။ သူသည် အဖွဲ့ကို အန္တရာယ်များမှ အကြိမ်ကြိမ် ကယ်တင်ပေးခဲ့ဖူးသဖြင့် အဖွဲ့၏ ‘လာဘ်ကောင်’ ဟုပင် အမည်တွင်သည်။
မြေခွေးက မျက်မှောင်ကြုတ်ကာ - “မသိဘူးဗျ၊ ဒါပေမဲ့ တစ်ယောက်ယောက်က ကျွန်တော်တို့ကို ကြောက်စရာကောင်းတဲ့ အကြည့်နဲ့ စိုက်ကြည့်နေသလို ခံစားရတယ်”
“ဘယ်မှာလဲ” လူတိုင်း ချက်ချင်းပင် တင်းမာသွားကြသည်။
“ကောင်းကင်ပေါ်မှာ” မြေခွေးက အထက်သို့ ညွှန်ပြလိုက်သည်။
“ကောင်းကင်ပေါ်မှာ ဟုတ်လား” လူတိုင်း ကြောင်အမ်းအမ်းဖြင့် မော့ကြည့်ကြသော်လည်း လေပြည်လေညင်းမှလွဲ၍ ဘာမှ မတွေ့ရပေ။
“မြေခွေး... မင်း မှားနေတာ မဟုတ်လား၊ ကောင်းကင်ပေါ်မှာ ဘယ်သူရှိမှာလဲ” တစ်ယောက်က မေးလိုက်သည်။
“ဟုတ်တယ်၊ ကောင်းကင်အဆင့်တောင်မှ ကောင်းကင်ပေါ်မှာ ပျံသန်းနိုင်တာ မဟုတ်ဘူး” ဟု နောက်တစ်ယောက်က ထောက်ခံလိုက်သည်။
မြေခွေးက ခေါင်းခါပြရင်း - “ခင်ဗျားတို့ ပြောတာလည်း ဟုတ်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် ခံစားရတဲ့ အန္တရာယ်က အပေါ်ကနေ လာနေတာ။ အနားလေးတင် ရှိနေသလိုလို၊ မိုးကုတ်စက်ဝိုင်းလောက် ဝေးနေသလိုလိုနဲ့ တကယ့်ကို ထူးဆန်းပြီး အန္တရာယ်များလှတယ်”
“ဘယ်လောက်တောင် အန္တရာယ်ရှိလို့လဲ”
“အရမ်း အန္တရာယ်ရှိတယ်၊ အသက်အန္တရာယ်ပဲ” မြေခွေးက လူအုပ်ကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည် - “ကျွန်တော်တို့သာ ရှေ့ဆက်သွားမယ်ဆိုရင် တစ်ယောက်မှ အသက်ရှင်မှာ မဟုတ်ဘူးလို့ ခံစားနေရတယ်”
“ဒါ...” လူတိုင်း တုန်လှုပ်သွားကြသည်။
သူတို့အဖွဲ့တွင် ကောင်းကင်အဆင့်တစ်ဦးနှင့် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၃၂ ဦး ပါဝင်ရာ ကောင်းကင်အဆင့်တစ်ဦးနှင့် ရင်ဆိုင်လျှင်ပင် အနိုင်ရနိုင်သည့် အင်အားရှိသည်။ ထိုကဲ့သို့ အင်အားစုကို တစ်ယောက်မကျန် သတ်နိုင်ရန်မှာ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်မျိုးနှင့် တွေ့မှသာ ဖြစ်နိုင်ပေလိမ့်မည်။
လူတိုင်း၏ အကြည့်မှာ ခေါင်းဆောင်ဖြစ်သည့် ကောင်းကင်အဆင့် သိုင်းပညာရှင်ထံ ရောက်သွားသည်။
ထိုသူက ကောင်းကင်ကို အစွမ်းကုန် ရှာဖွေကြည့်သော်လည်း ဘာမှ မတွေ့ရသဖြင့် - “ကောင်းကင်ပေါ်မှာ ဘယ်သူမှ မရှိဘူး၊ မဟာကောင်းကင်အဆင့်တောင်မှ ကောင်းကင်ပေါ်မှာ ကြာကြာ မနေနိုင်ဘူးလေ။ မြေခွေး... မင်းရဲ့ အာရုံတွေ မှားနေတာပဲ ဖြစ်လိမ့်မယ်”
မြေခွေးက ခေါင်းခါလိုက်ပြီး - “ကျွန်တော့်အာရုံ မမှားဘူး။ ဒါက အရင်က ကြုံဖူးသမျှထက် ပိုပြီး အန္တရာယ်များတာမို့ ဒီခရီးကို ဖျက်လိုက်ကြရအောင်ပါ”
“မဖြစ်နိုင်တာ” ကောင်းကင်အဆင့် သိုင်းပညာရှင်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
“ဒါက ငွေတေး သန်း ၃၀ တန်တဲ့ အလုပ်ကွ၊ ဝတ်ရုံစိမ်းမျှော်စင် တည်ထောင်ကတည်းက ဒီလောက် တန်ကြေးရှိတဲ့ အလုပ်မျိုး မရှိခဲ့ဖူးဘူး။ ငါတို့သာ မဟာရှရဲ့ မြို့တော်ကို ဖျက်ဆီးပြီး နန်းတွင်းအရာရှိတွေနဲ့ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၃၀ ကျော်ကို သတ်နိုင်ရင် အဲဒီငွေတွေက ငါတို့လက်ထဲ ရောက်လာမှာ”
“အခုက အကောင်းဆုံး အခွင့်အရေးပဲ။ မဟာရှဧကရာဇ်က ‘ပန်းချီနယ်မြေ’ ကို သွားနေပြီး ပြန်မလာသေးဘူး။ ကောင်းကင်အဆင့် နှစ်ယောက်လည်း သူ့နောက် ပါသွားတယ်။ နောက်ထပ် ကောင်းကင်အဆင့် တစ်ယောက်ကလည်း မြို့တော်မှာ မရှိဘူး။ မြို့တော်က အင်အားချည့်နဲ့နေတဲ့ အချိန်မှာ ငါတို့က အမိအရ ဖမ်းဆုပ်ရမယ်။ သူတို့ ပြန်လာရင် ငါတို့အတွက် အခွင့်အရေး မရှိတော့ဘူး”
ထိုစကားကို ကြားသောအခါ အခြား လုပ်ကြံသတ်ဖြတ်သူများကလည်း ထောက်ခံကြတော့သည်။
“ဒုတိယခေါင်းဆောင် ပြောတာ မှန်တယ်၊ အခုမှ မလုပ်ရင် ဘယ်တော့ လုပ်မလဲ”
“ဒီလိုအခွင့်အရေးက တစ်သက်မှာ တစ်ခါပဲ ရတာ၊ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင် နောင်တရလိမ့်မယ်”
မြေခွေးက တွန့်ဆုတ်နေဆဲဖြစ်သော်လည်း ကောင်းကင်အဆင့်က အလျှော့မပေးပေ - “မြေခွေး... မင်း မှားနေတာ သေချာပါတယ်။ မင်း ပင်ပန်းနေလို့ စိတ်ချောက်ချားနေတာ ဖြစ်မှာပါ။ ဆက်သွားမယ်၊ နှစ်ရက်အတွင်း မဟာရှမြို့တော်ကို ရောက်အောင်သွားပြီး သူတို့ကို အံ့သြသွားစေရမယ်”
သူတို့သည် မဟာရှမြို့တော်ရှိရာသို့ အရှိန်အဟုန်ဖြင့် ဆက်လက် ခရီးနှင်ခဲ့ကြသည်။ သို့သော် ထိုအချိန်တွင် မြေခွေးသာမက ခေါင်းဆောင်ဆရာကြီးကိုယ်တိုင်ပါ ကြီးမားသော အန္တရာယ်တစ်ခုကို ခံစားလိုက်ရသည်။
မော့ကြည့်လိုက်သောအခါတွင်မူ ဗုဒ္ဓ၏ အလင်းရောင်များ တောက်ပနေသည့် ဧရာမ လက်ဝါးကြီးတစ်ခု ကောင်းကင်မှ ကျဆင်းလာနေသည်ကို တွေ့လိုက်ရတော့သည်။
“အန္တရာယ်…!!!”
ဆရာကြီး၏ မျက်လုံးများတွင် ကြောက်လန့်ရိပ်များ ပြည့်နှက်သွားသည်။
သူသည် ထိုဗုဒ္ဓလက်ဝါးကို ချက်ချင်း မှတ်မိလိုက်သည်။ ၎င်းမှာ ဗုဒ္ဓဘာသာဂိုဏ်းမှ နက်နဲလှသော ဆရာကြီးတစ်ဦး၏ လက်ရာဖြစ်သည်။ ထိုလက်ဝါးမှာ ယခင်က နှစ်ကြိမ် ပေါ်လာဖူးပြီး၊ ပေါ်လာတိုင်းတွင် ပေပေါင်း ၃၀၀၀ ခန့် ကျယ်ဝန်းသည့် လက်ဝါးရာကြီးကို ချန်ရစ်ခဲ့ကာ တောင်တစ်တောင်လုံးကို မြေပြန့်ဖြစ်အောင် နှိမ်ချနိုင်စွမ်းရှိသည်။
ထိုပုဂ္ဂိုလ်မှာ ‘မဟာကောင်းကင်’ အဆင့်ရှိသူ ဖြစ်ကြောင်း သူ သိထားသော်လည်း ယခုကဲ့သို့ မိမိတို့ကို လာရောက် တိုက်ခိုက်လိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။
သူ့စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည် - “ဒါဆိုရင်... မြေခွေး ခံစားမိတဲ့ အန္တရာယ်က ဒီပုဂ္ဂိုလ်ကြီးဆီက လာတာပေါ့...”
ထပ်မံ စဉ်းစားရန် အချိန်မရှိတော့ဘဲ ထိုဗုဒ္ဓလက်ဝါး၏ ဖိအားအောက်တွင် သူသည် အစွမ်းကုန် ပြန်လည် ခုခံရန်မှလွဲ၍ အခြားနည်းလမ်း မရှိတော့ပေ။