← Chapters

အခန်း (၃၆၃-၃၆၄)

Vol. 37 Ch. 363-364

အခန်း (၃၆၃-၃၆၄)

Vol. 37 Ch. 363-364

အခန်း (၃၆၃) - ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဘိုးဘေးအဆောင်၊ မုလင်းရှန်(၁)

အရိုးအဘိုးအိုသည် ကူမိသားစု၏ အထက်ကောင်းကင်ယံတွင် ရပ်နေပြီး အကြောင်းပြချက်တစ်ခု လာရောက်တောင်းဆိုနေသည့်ပုံစံမျိုး ဖြစ်နေသည်။

သူ၏ဘေးတွင်မူ တပည့်ကောင်း ချန်လော့ ရှိနေသည်။

“မင်း ငါ့ကို ရှာနေတာလား” ဝူယွမ်သည် လေထဲသို့ ပျံတက်လာကာ အရိုးအဘိုးအိုကို တည့်တည့်မတ်မတ် ရင်ဆိုင်လိုက်သည်။

“မင်းက ဝူယွမ်ပဲ၊ ကောင်းတယ်၊ မင်း ငါ့တပည့်ဆီက ကောင်းကင်အဆင့် ဝိညာဉ်ရတနာတစ်ခုနဲ့ တခြားရတနာအတော်များများကို လုယူသွားတယ်လို့ ငါကြားတယ်၊ အဲဒါတွေအားလုံးက ဆန်းကြယ်ယွမ်ဆေးလုံး တစ်သန်းလောက် တန်ဖိုးရှိတယ်၊ အခုချက်ချင်း အဲဒါတွေ အားလုံးကို ပြန်ပေးစမ်း၊ ပြီးရင် မင်းကို နာကျင်မှုမရှိဘဲ သေခွင့်ပေးမယ်”

အရိုးအဘိုးအိုသည် ဝူယွမ်ကို ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် ကြည့်ကာ တစ်ချိန်တည်းမှာပင် အစွမ်းထက်သော ဖိအားတစ်ခုကို ထုတ်လွှတ်ပြီး သူ့အား လွှမ်းခြုံလိုက်သည်။

“ဆရာ၊ ညီလေးကိုလည်း သူပဲ သတ်လိုက်တာ ဖြစ်လောက်တယ်” ချန်လော့က ဘေးမှနေ၍ တီးတိုးရေရွတ်လိုက်သည်။

“တော်တော် သတ္တိကောင်းပါလား၊ ငါ့တပည့်ကိုတောင် မင်း သတ်ရဲတယ်ပေါ့၊ မင်းဆီက ငါ့တပည့်ရဲ့ သိုလှောင်အိတ် အငွေ့အသက်ကို ငါ ခံစားမိနေပြီ”

အရိုးအဘိုးအိုသည် ချက်ချင်း ဒေါသထွက်သွားသည်။ ထျန်းဖုန်း ပင်လယ်နယ်မြေတွင် သူ၏ တပည့်ကို အမှန်တကယ် ကိုယ်ထိလက်ရောက်ကျူးလွန်ရဲသူ ရှိနေသည်လော။

ဤအချိန်တွင် ကူဖန်၊ ကူရွှေ့နှင့် အခြားသော ကူမိသားစုဝင်များလည်း ထွက်ပေါ်လာကြသော်လည်း သူတို့သည် အနီးသို့ မချဉ်းကပ်ကြဘဲ အဝေးမှသာ စောင့်ကြည့်ရန် ရွေးချယ်ခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် ဝူယွမ်၏ စွမ်းအားသည် ဤကဲ့သို့သော ပြဿနာငယ်လေးကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သည်ထက်ပင် ပိုနေသောကြောင့် ဖြစ်သည်။

“ဒီနေ့ မင်းကို ဘယ်သူမှ မကယ်နိုင်ဘူး” ကူဖန်နှင့် အခြားသူများကို မြင်သောအခါ အရိုးအဘိုးအိုက သူ၏သတ်ဖြတ်လိုစိတ်များကို ပြန့်ကျဲစေလျက် အေးစက်စွာ ပြောလိုက်သည်။

“ဟုတ်တယ်၊ ဒီနေ့ မင်းကို ဘယ်သူမှ မကယ်နိုင်ဘူး”

ဝူယွမ်က ထိုစကားများကို ပြန်လည်ရွတ်ဆိုကာ အပြည့်အဝ သဘောတူညီကြောင်း ခေါင်းညိတ်ပြလိုက်သည်။

အရိုးအဘိုးအို အရင်တိုက်ခိုက်လာမည့်အချိန်ကို မစောင့်ဆိုင်းတော့ဘဲ သူ စတင်လှုပ်ရှားလိုက်ပြီဖြစ်သည်။

သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကောင်းကင်ပြာနဂါး အလင်းပုံစံများ တဖျပ်ဖျပ်လက်သွားပြီး ဝူယွမ်၏အတွင်းမှ တိုးညှင်းသော နဂါးဟိန်းသံတစ်ခု ပေါက်ကွဲထွက်လာသည်။

“ကောင်းကင်ပြာနဂါး ကောင်းကင်တံဆိပ်”

ဝူယွမ်၏ လက်ဟန်သင်္ကေတများ ပြောင်းလဲသွားပြီး ကောင်းကင်ပြာနဂါးတစ်ကောင်၏ အရိပ်တစ်ခုက သူ၏ပတ်လည်တွင် ရစ်ခွေထွက်ပေါ်လာသည်။

“ဘယ်လောက်တောင် အတင့်ရဲလိုက်သလဲ”

အရိုးအဘိုးအိုက ၎င်းကို လုံးဝမယုံကြည်ပေ။ သူ၏ ခြေလှမ်း၀က် ဆန်းကြယ်သေခြင်းအတင့် စွမ်းအားဖြင့် ဝူယွမ်ကို မည်သို့ ကြောက်ရွံ့စရာ အကြောင်းရှိမည်နည်း။

သို့သော်လည်း ဧရာမ ကောင်းကင်ပြာနဂါး အလင်းတံဆိပ်ကြီးတစ်ခုက သူ့အပေါ်သို့ ကျဆင်းလာပြီဖြစ်သည်။

အရိုးအဘိုးအိုသည် သူ၏ လက်သည်းများကို ဝှေ့ယမ်းလိုက်သော်လည်း အစိမ်းရောင်အလင်းတန်းများ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရပြီး ဝူယွမ်၏ တိုက်ခိုက်မှုမှ လုံးဝ ရုန်းထွက်နိုင်စွမ်း မရှိတော့ပေ။

“သေစမ်း” ဝူယွမ်က အေးစက်စွာ ပြောလိုက်သည်။

ဤအရိုးအဘိုးအိုအပေါ် သူ မည်သည့် စေတနာမျှ မရှိသဖြင့် သူ့ကို တိုက်ရိုက် ဖိနှိပ်သတ်ဖြတ်လိုက်ခြင်းပင်

အစိမ်းရောင်အလင်းတန်းများ ပျောက်ကွယ်သွားသောအခါ အရိုးအဘိုးအို၏ သိုလှောင်အိတ် တစ်ခုတည်းသာ ကျန်ရစ်တော့သည်။

ဝူယွမ်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သိုလှောင်အိတ်က သူ၏ လက်ထဲသို့ လွင့်ပျံလာခဲ့သည်။

“ဆရာ”

ချန်လော့သည် နေရာတွင်ပင် တွေဝေဆွံ့အသွားလေသည်။

“မဖြစ်နိုင်ဘူး၊ ငါ့ဆရာက ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ”

သူသည် ဝူယွမ်ကို ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်နေမိသည်။ သူ့ခေတ်သူ့အခါက ပါရမီရှင်တစ်ဦး ဖြစ်သင့်ပြီး သူနှင့် ရွယ်သူ ပါရမီရှင်တစ်ဦးမျှသာ ဖြစ်သည့် ဤလူက သူ၏ဆရာကို မည်သို့ ချက်ချင်းသတ်ပစ်နိုင်ရသနည်း။

“မင်းလည်း နေဖို့မလိုတော့ပါဘူး” ချန်လော့ကို ခပ်ဖျော့ဖျော့ တစ်ချက်လှမ်းကြည့်ကာ ဝူယွမ်က ပြောလိုက်သည်။

ချက်ချင်းပင် သူ၏ ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာပြီး ဝိညာဉ်စွမ်းအင် ဓားချီတစ်ချောင်းအဖြစ် ပြောင်းလဲကာ ချန်လော့ကို သတ်ဖြတ်လိုက်ပြီး ဆရာနှင့် တပည့်ကို ပြန်လည်ဆုံစည်းစေလိုက်သည်။

“စုဆောင်းထားတာတွေ မဆိုးဘူးပဲ၊

ဝူယွမ်သည် အရိုးအဘိုးအို၏ သိုလှောင်အိတ်ကို အကဲခတ်ကြည့်လိုက်ရာ ၎င်းအတွင်း၌ ဆန်းကြယ်ယွမ်ဆေးလုံး တစ်သန်းကျော် အမှန်တကယ် ပါရှိနေသည်ကို တွေ့လိုက်ရသည်။

ချန်လော့ကို ပြန်လွှတ်လိုက်ခြင်းက မှန်ကန်သော လုပ်ရပ်တစ်ခု ဖြစ်သည်မှာ သေချာပေသည်။ ထိုသို့မဟုတ်လျှင် ဤမျှကြီးမားသော ငါးကြီးတစ်ကောင်ကို သူ ဖမ်းမိနိုင်မည် မဟုတ်ပေ။

အရိုးအဘိုးအိုကို ရှင်းလင်းပြီးနောက် ဝူယွမ်သည် သိုင်းပြိုင်ပွဲကျွန်းမှ ထွက်ခွာလာခဲ့သည်။

သူသည် ထျန်းဖုန်း ပင်လယ်နယ်မြေ၏ မြေပုံကို စုဆောင်းရရှိထားပြီးဖြစ်သည်။ သူ၏ နောက်ထပ် ခြေလှမ်းမှာ ထျန်းရှန်း ပင်လယ်နယ်မြေဆီသို့ ဦးတည်ရန် ဖြစ်သည်။

…

အဆုံးအစမရှိသော ပင်လယ်ပြင်ကြီးပေါ်တွင် ရေပြင်က အလင်းရောင်များဖြင့် တောက်ပနေသည်။ ဧရာမ ငှက်ကြီးများက ကောင်းကင်ယံတွင် ရံဖန်ရံခါ ဖြတ်သန်းပျံသန်းသွားကြပြီး သူတို့၏ စူးရှသော အော်သံများက တိတ်ဆိတ်ငြိမ်သက်နေသော သမုဒ္ဒရာကြီးကို သက်ဝင်လှုပ်ရှားမှု အနည်းငယ် ပေါင်းထည့်ပေးနေသည်။

ဝူယွမ်သည် လင်းတုန်၊ ရှောင်တျောင်း၊ ရှောင်ယန်၊ ပိုင်ယွမ်တို့နှင့်အတူ ဧရာမ သင်္ဘောကြီးတစ်စင်းပေါ်တွင် လိုက်ပါလာခဲ့သည်။

ဤသင်္ဘောကြီးကို ရှန်ထူမိသားစုက သူတို့အတွက် စီစဉ်ပေးထားခြင်း ဖြစ်သည်။

ရှန်ထူကျွယ်က လမ်းပြအဖြစ် ကိုယ်တိုင် တာဝန်ယူကာ ရှန်ထူမိသားစုမှ သင်္ဘောသားများကို ဦးဆောင်နေသည်။

ဝူယွမ်နှင့် အခြားသူများမှာ သင်္ဘောပေါ်တွင် အခြေခံအားဖြင့် ခရီးသွားဧည့်သည်အခြေအနေသို့ ရောက်ရှိနေကြသည်။

“ကစဉ်ကလျားမိစ္ဆာပင်လယ်က တကယ်ကို ကျယ်ပြောလွန်းတာပဲ”

ရှောင်တျောင်းက သင်္ဘောဦးပိုင်းမှနေ၍ အံ့ဩတကြီး ရေရွတ်လိုက်သည်။

ပိုင်ယွမ်သည် သင်္ဘောဘေးဘောင်တွင် ထိုင်ကာ သူမ၏ ဖြူဖွေးသော ခြေဖဝါးလေးများကို ပင်လယ်ရေထဲသို့ နှစ်ထားပြီး ပင်လယ်ရေ၏ စီးဆင်းမှုကို ခံစားနေသည်။

လင်းတုန်နှင့် ရှောင်ယန်တို့အတွက် ဤမျှလောက် ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး ရေကူးရန် ပင်လယ်ထဲသို့ တိုက်ရိုက် ခုန်ချသွားကြသည်။

ယင်းရှောင်ရှောင်ကမူ အုန်းသီးတစ်လုံးကို ကိုင်ထားရင်း ရေကူးနေသော လင်းတုန်ကို ကြည့်နေသည်။

ဝူယွမ်ကမူ သင်္ဘောနောက်ပိုင်းတွင် ယင်းဟွမ်ဟွမ်နှင့်အတူ တစ်ယောက်က စောင်းတီး၊ တစ်ယောက်က ပုလွေမှုတ်ကာ တေးဂီတကို တွဲဖက်တီးမှုတ်နေကြသည်။

မြင်ကွင်းတစ်ခုလုံးမှာ ကဗျာဆန်ဆန် ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေလေသည်။

ညဘက်တွင် ပိုင်ယွမ်၊ ယင်းဟွမ်ဟွမ်နှင့် အခြားသူများသည် ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြသည်။

ပိုင်ယွမ်နှင့် ရွှမ်စုတို့ကို သီးခြားစီ သိုင်းကျမ်းအဖျာဖျာ ကျင့်ကြံပေးရန် နှစ်နာရီကြာ အချိန်ပေးပြီးနောက် ဝူယွမ်သည် သင်္ဘောအခန်းတွင်းသို့ ပြန်လာခဲ့သည်။

ရှန်ထူကျွယ်သည် ရှေးဟောင်းကျောက်တိုင်ကမ္ဘာ၏ တည်ရှိမှုကို သိရှိပြီးဖြစ်ရာ ဝူယွမ်၏ ဝင်ထွက်သွားလာမှုများကြောင့် အံ့အားသင့်နေခြင်း မရှိတော့ပေ။

ရက်အနည်းငယ် ကြာသွားခဲ့ပြီဖြစ်ရာ သူ၏ကနဦး တုန်လှုပ်မှု အများစုမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ဝူယွမ်သည် ဤမျှလောက် ကျယ်ပြောလှသော ရှေးဟောင်းကျောက်တိုင်ကမ္ဘာကြီးကို အမှန်တကယ် ထိန်းချုပ်ထားကြောင်း သိရှိပြီးနောက် ရှန်ထူကျွယ်သည် သူ့အပေါ် ရိုသေလေးစားမှုနှင့် ကြောက်ရွံ့မှုတို့ ပိုမိုများလာလေသည်။

သူ၏ စိတ်နှလုံးထဲတွင် ဝူယွမ်သည် နတ်ဘုရားတစ်ပါးနှင့် တူသော တည်ရှိမှုတစ်ခု ဖြစ်နေချေပြီ။

သူ၏ စွမ်းအားမှာ သူတို့ ရှန်ထူမိသားစု ယှဉ်ပြိုင်နိုင်စွမ်းရှိသော အရာ လုံးဝမဟုတ်ပေ။

ထို့အပြင် ရှေးဟောင်းကျောက်တိုင်ကမ္ဘာ၏ ကြွယ်ဝလှသော ကျင့်ကြံခြင်းပတ်ဝန်းကျင်ကလည်း ရှန်ထူကျွယ်၏ စိတ်နှလုံးကို လှုပ်ခတ်စေခဲ့သည်။ ရှန်ထူမိသားစု တစ်ခုလုံးကို ဝူယွမ်၏ဂိုဏ်းသို့ ဝင်ရောက်ဖို့ရာ ခေါ်ဆောင်လာရန်ပင် သူ စဉ်းစားမိခဲ့သည်။

လက်ရှိတွင် သူသည် ထိုရည်မှန်းချက်အတွက် ကြိုးပမ်းအားထုတ်နေသည်။

“ထျန်းရှန်း ဒေသရဲ့ အခြေအနေအကြောင်း ငါ့ကို ပြောပြပါဦး” ဝူယွမ်က ရှန်ထူကျွယ်ကို ခေါ်ကာ မေးလိုက်သည်။

“ထျန်းရှန်း ဒေသက ကစဉ်ကလျားမိစ္ဆာပင်လယ် အတွင်းမှာရှိတဲ့ အတော်လေး ထူးခြားတဲ့ နေရာတစ်ခုပါ၊ အဲဒီနယ်မြေက ပင်လယ်နယ်မြေ အများအပြားရဲ့ ဆုံမှတ်မှာ ရှိနေပြီး အဲဒီမှာရှိတဲ့ လူတွေရဲ့၊ ရောနှောမှုက ကြောက်ဖို့ကောင်းလောက်အောင် ရှုပ်ထွေးတယ်”

“ဒါက ထျန်းရှန်း ဒေသမှာ ကုန်သွယ်မှုတွေ အလွန် ဖွံ့ဖြိုးတိုးတက်လာစေခဲ့ပြီး ရေတွက်လို့မရနိုင်တဲ့ ရတနာတွေ အဲဒီမှာ စုစည်းနေကြပါတယ်” ရှန်ထူကျွယ်က ပြန်လည်ဖြေကြားလိုက်သည်။

“ထျန်းရှန်း ဒေသမှာ အခြေချနေထိုင်တဲ့ အင်အားစုအများအပြား ရှိပေမယ့် သူတို့ထဲမှာ အင်အားအကြီးဆုံးကတော့ သေချာပေါက် ထျန်းရှန်း အဆောက်အအုံပါပဲ၊ ဒါက ကစဉ်ကလျားမိစ္ဆာပင်လယ် အတွင်းမှာတောင် အတော်လေး နာမည်ကြီးတဲ့ ဧရာမ အင်အားစုတစ်ခုပါ၊ ဒါပေမယ့် ထျန်းရှန်း အဆောက်အအုံက သတင်းအချက်အလက်တွေ ရောင်းချတာနဲ့ လေလံရုံတွေ ဖွင့်လှစ်တာကို အဓိက အာရုံစိုက်ပါတယ်၊ ဂိုဏ်းချုပ်ကြီးအနေနဲ့ ပိုပြီး ပြီးပြည့်စုံတဲ့ ပင်လယ်မြေပုံတစ်ခုကို လိုချင်တယ်ဆိုရင်တော့ ထျန်းရှန်း အဆောက်အအုံကို သွားရပါလိမ့်မယ်”

“ထပ်ပြောရရင် ထျန်းရှန်း အဆောက်အအုံရဲ့ လေလံပွဲတွေကလည်း ကစဉ်ကလျားမိစ္ဆာပင်လယ်ထဲက အကြီးကျယ်ဆုံး ပွဲလမ်းသဘင်တွေထဲက တစ်ခုအပါအဝင် ဖြစ်ပြီး ထိပ်တန်းအဆင့်မှာ ရှိပါတယ်၊ ကျင်းပတိုင်း ရတနာ အများအပြား ထွက်ပေါ်လာတတ်ပါတယ်”

“ကျွန်တော်တို့ရဲ့ လက်ရှိအရှိန်နဲ့ဆိုရင် ထျန်းရှန်း ဒေသကို နောက်ထပ် ဆယ်ရက်ကျော်လောက်ဆိုရင် ရောက်ပါလိမ့်မယ်”

“ပြီးတော့ ထျန်းရှန်းဒေသမှာ နောက်ထပ် လေလံပွဲက နောက်တစ်လနေရင် ရှိပါတယ်၊ ကျွန်တော်တို့ မှီနိုင်သေးတယ်”

‌ေန့ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားပြီး သူတို့သည် ထျန်းရှန်းဒေသနှင့် ပိုမိုနီးကပ်လာခဲ့သည်။

ကောင်းကင်ပြာမိုးကုတ်စက်ဝိုင်းပေါ်တွင် ဧရာမသင်္ဘောကြီးတစ်စင်းက အံ့မခန်း အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွားသည်။ ၎င်း၏ လှော်တက်များက ရေပြင်ကို မွှေနှောက်ကာ အောက်ဘက်ရှိ ငြိမ်သက်နေသော ပင်လယ်ရေပြင်ပေါ်တွင် လှိုင်းတံပိုးများ ဖြစ်ပေါ်စေသည်။

“ဝူယွမ်၊ ဒီနယ်မြေထဲမှာ စွမ်းအင်လှိုင်း အတော်များများ ရှိနေပုံရတယ်” ဟွမ်၏အသံက ဝူယွမ်၏စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

“ဟင်”

ဝူယွမ် အံ့အားသင့်သွားသည်။ ဤခရီးစဉ်တစ်လျှောက်လုံး သူတို့သည် သင်္ဘောအနည်းငယ်ကိုသာ တွေ့ခဲ့ရပြီး တွေ့ခဲ့ရသော သင်္ဘောများမှာလည်း အလွန်အလှမ်းဝေးသော နေရာမှ ဖြတ်သန်းသွားခဲ့ကြသည်။

ကစဉ်ကလျားမိစ္ဆာပင်လယ်မှာ လှိုင်းထန်ပြီး ကျယ်ပြောလှသဖြင့် သင်္ဘောများ ရှိနေလျှင်ပင် တွေ့ဆုံရန်ခက်ခဲလှသည်။

“အနောက်တောင်ဘက် အရပ်မှာ၊ ကိုယ်တိုင်သာ ကြည့်လိုက်ပါ” ဟွမ်က ပြန်လည်ဖြေကြားလိုက်သည်။

ဝူယွမ်သည် သူ၏ ဝိညာဉ်အမြင်ဖြင့် လှမ်းကြည့်လိုက်သည်။ အနောက်တောင်ဘက် ပင်လယ်ပြင်ပေါ်တွင် လူပေါင်း တစ်ရာကျော် အမှန်တကယ်ပင် ရှိနေသည်။ ထိုလူများမှာ အလွန်တရာ သန်မာတောင့်တင်းကြပြီး ထူးဆန်းသည်မှာ သူတို့ကို သယ်ဆောင်လာသည်က သွေးရောင် ငါးမန်းများ ဖြစ်နေခြင်းပင်။

“အဲဒါ ပင်လယ်နတ်ဆိုးမျိုးနွယ်ရဲ့ သွေးနတ်ဆိုးငါးမန်း မျိုးနွယ်စုလား” ဝူယွမ်က သူတို့ မည်သူမည်ဝါဖြစ်ကြောင်းကို ချက်ချင်း မှတ်မိလိုက်သည်။

“သွေးနတ်ဆိုးငါးမန်းတွေလား”

ထိုအကြောင်းကို ကြားသောအခါ ရှန်ထူကျွယ်မှာ မျက်နှာအမူအရာ တင်းမာသွားသည်။ သွေးနတ်ဆိုးငါးမန်းများမှာ အလွယ်တကူ သွားမစသင့်သောသူများ ဖြစ်ပြီး သူတို့၏ ရက်စက်ကြမ်းကြုတ်သော ဂုဏ်သတင်းမှာ ကစဉ်ကလျားမိစ္ဆာပင်လယ်တွင် ကျော်ကြားလွန်းလှသည်။

အခန်း (၃၆၄) - ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဘိုးဘေးအဆောင်၊ မုလင်းရှန်(၂)

ကစဉ်ကလျားမိစ္ဆာပင်လယ်တွင် အင်အားအကြီးဆုံးသော အင်အားစုများမှာ လူသားများ သို့မဟုတ် မိစ္ဆာသားရဲများ မဟုတ်ဘဲ ပင်လယ်နတ်ဆိုးမျိုးနွယ်ပင် ဖြစ်သည်။

သူတို့၏ မျိုးနွယ်စုများမှာ အများအပြားရှိပြီး ကျယ်ပြန့်လှသည်။ သွေးနတ်ဆိုးငါးမန်း မျိုးနွယ်စုသည် ထိုအထဲတွင် အတော်လေး နာမည်ကြီးသော မျိုးနွယ်စုများထဲမှ တစ်ခုဖြစ်ပြီး သူတို့၏ ရက်စက်မှုနှင့် သွေးဆာမှုတို့ကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားလှသည်။

လူသားဂိုဏ်း အများအပြားသည် သူတို့ကို ရန်စမိပြီးနောက် တိုက်ရိုက် သတ်ဖြတ်ခြင်း ခံခဲ့ရသည်ဟု ဆိုကြသည်။

သို့သော်လည်း သူ့ရှေ့တွင် ရပ်နေသော ဝူယွမ်ကို မြင်သောအခါ ရှန်ထူကျွယ် စိတ်အေးသွားလေသည်။

‘ဂိုဏ်းချုပ်ကြီး ဒီမှာရှိနေမှတော့ ဘယ်လို သွေးနတ်ဆိုးငါးမန်းမျိုးမဆို သူတို့ဘာသာ သေတွင်းထဲ ခုန်ဆင်းလာတာနဲ့ အတူတူပါပဲ'

ထိုအချိန်မှာပင် သွေးနတ်ဆိုးငါးမန်း အုပ်စုက သူတို့ဆီသို့ ပြေးဝင်လာကြသည်။

“ငါတို့ သွေးနတ်ဆိုးငါးမန်းမျိုးနွယ်စုက ဒီနယ်မြေထဲမှာ တာဝန်တစ်ခု ထမ်းဆောင်နေတယ်၊ သက်ဆိုင်ခြင်းမရှိတဲ့သူတွေ အားလုံး အခုချက်ချင်းထွက်သွားကြစမ်း”

ရေပြင်ကို ခွဲထွက်လာသော အလွန်သန်မာတောင့်တင်းသည့် သွေးငါးမန်းတစ်ကောင်ကြောင့် လှိုင်းတံပိုးများထန်သွားသည်။ ၎င်း၏ကျောပေါ်တွင် သွေးရောင်ခက်ရင်းခွသုံးခုပါ လက်နက်ကို ကိုင်ဆောင်ထားပြီး ကြောက်မက်ဖွယ်ကောင်းကာ အန္တရာယ်ကြီးမားသော မျက်နှာထားဖြင့် လူတစ်ယောက် ရပ်နေသည်။

သူ၏ အကြည့်များက ဝူယွမ်၏ ဧရာမသင်္ဘောကြီးပေါ်သို့ စူးစိုက်သွားကာ အေးစက်စွာ အော်ဟစ်လိုက်သည်။

“ဆန်းကြယ်ရှင်ခြင်းအဆင့်၊ အထွတ်အထိပ် ”

ပြိုင်ဘက်၏ စွမ်းအားမှာ မဆိုးလှကြောင်း ဝူယွမ်က တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။

ဆန်းကြယ်ရှင်ခြင်းအဆင့်၏ အထွတ်အထိပ်သည် ကစဉ်ကလျားမိစ္ဆာပင်လယ်တွင် အလယ်အလတ်မှ အမြင့်ဆုံးအဆင့်ရှိ တိုက်ခိုက်ရေးစွမ်းအားအဖြစ် သတ်မှတ်နိုင်နေပြီဖြစ်သည်။

ထို့အပြင် ဤလူ၏နောက်မှ လိုက်ပါလာသော အဖွဲ့မှာလည်း အားမနည်းဘဲ ဆန်းကြယ်ရှင်ခြင်းအဆင့် အစွမ်းထက်သူ ဆယ်ယောက်ကျော် ပါဝင်သည်။

“ငါတို့က ဖြတ်သွားရုံသက်သက်ပါ၊ မင်းတို့က ငါတို့လမ်းကို မပိတ်သရွေ့ပေါ့” ဝူယွမ်က သွေးနတ်ဆိုးငါးမန်းများကို စူးစမ်းလိုစိတ်ဖြင့် အကဲခတ်ရင်း ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။

သူတို့၏ အသွင်အပြင်များမှာ လူသားများနှင့် အနည်းငယ် ဆင်တူသော်လည်း ငါးမန်းကဲ့သို့သော လက္ခဏာများစွာ ရှိနေကြသည်ဖြစ်ရာ သူတို့ကို ငါးမန်း-လူသားများအဖြစ် သတ်မှတ်နိုင်သည်။

“တပ်မှူး ရှ၊ ဒီနှစ်ယောက်စလုံးက ဆန်းကြယ်ရှင်ခြင်းအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတယ်၊ သူတို့ကို ကိုင်တွယ်ရတာ ပြဿနာရှိနိုင်တယ်” ချွန်ထက်သော မျက်နှာနှင့် လူတစ်ယောက်က ခေါင်းဆောင်ဖြစ်သူကို တီးတိုး သတိပေးလိုက်သည်။

“မြန်မြန် ဖြတ်သွားကြ၊ ဒီပင်လယ်နယ်မြေမှာ ကြာကြာမနေနဲ့” တပ်မှူး ရှဟု ခေါ်သော လူက လမ်းဖယ်ပေးရန် ဘေးသို့ ဆုတ်လိုက်သည်။

ဝူယွမ်၏ သင်္ဘော ဖြတ်သန်းသွားပြီးနောက် သူက ဆက်လက်၍ ညွှန်ကြားလိုက်သည်။ “အားလုံးပဲ၊ လူခွဲပြီး သေချာရှာဖွေကြ၊ သူက အကြီးအကဲရဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်တာကို ခံထားရတယ်၊ သူ့ကို ငါတို့ဖမ်းမိမှဖြစ်မယ်၊ သူသာလွတ်သွားရင် ငါတို့ သွေးနတ်ဆိုးငါးမန်း မျိုးနွယ်စုကြီး ဒုက္ခရောက်လိမ့်မယ်”

“ဟုတ်ကဲ့ပါ”

ထိုစကားကို ကြားသောအခါ မိစ္ဆာချီများ ထုတ်လွှတ်နေသော လူများက ချက်ချင်းပင် တစ်ပြိုင်နက်တည်း တုံ့ပြန်လိုက်ကြသည်။ ထို့နောက် စူးရှသော လေချွန်သံများ ပြန့်ကျဲသွားကာ လူအများအပြား လူစုခွဲသွားကြပြီး ပိုက်ကွန်တစ်ခုပမာ ပင်လယ်နယ်မြေကို ရှင်းလင်းရှာဖွေကြတော့သည်။

ကောင်းကင်ယံသည် တဖြည်းဖြည်းမှောင်မိုက်လာ၏။ လခြမ်းကွေးလေးတစ်ခုက ကောင်းကင်ယံတွင် တွဲလောင်းကျနေပြီး ၎င်း၏ အေးမြသော လရောင်များက အောက်သို့ဖြာကျနေကာ ပင်လယ်ပြင်တစ်ခုလုံးကို ငါးအကြေးခွံများပမာ တလက်လက် တောက်ပနေစေပြီး အလွန်တရာ လှပနေလေသည်။

ဤပင်လယ်နယ်မြေရှိ တစ်နေရာရာက ကျွန်းငယ်လေးတစ်ခုပေါ်တွင် မီးပုံတစ်ခုက တဖျစ်ဖျစ် မြည်နေသည်။ ဝူယွမ်သည် ခေတ္တရပ်နားထားပြီး ရှန်ထူကျွယ်နှင့် အခြားသူများနှင့်အတူ ငါးကင်စားနေကြသည်။

ပင်လယ်ပြင်တွင် ရှိနေစဉ် သူတို့သည် တမင်တကာ ငါးဖမ်းရန်ပင် မလိုအပ်ပေ။ ခရီးသွားနေစဉ်အတွင်း ငါးများစွာက သူတို့ သင်္ဘောပေါ်သို့ ခုန်တက်လာတတ်ကြသည်။

ဝူယွမ်သည် ငါးကင်ကို စားရင်း မှောင်မိုက်နေသော ပင်လယ်ပြင်ကို ငေးကြည့်နေသည်။

ပင်လယ်ပြင်၏ အလယ်ဗဟိုတွင် ဧရာမရေဝဲကြီးတစ်ခု ပေါ်ထွက်နေ၏။

၎င်းမှာ ရှေးဟောင်းကျောက်တိုင်က ပင်လယ်ရေကို စုပ်ယူနေခြင်းဖြစ်သည်။

ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်း၌ ဟွမ်နှင့် ဟွမ်ယွမ်တို့ ပူးပေါင်းကာ ကျယ်ပြောလှသော ပင်လယ်နယ်မြေတစ်ခုကိုလည်း ဖန်တီးထားခဲ့ကြသည်။

ဤရွက်လွှင့်ခရီးစဉ်အတွင်း သားအဖနှစ်ဦးဖြစ်သော ဟွမ်တို့သည် ရှေးဟောင်းကျောက်တိုင်ကို ပင်လယ်အောက်ကြမ်းပြင်သို့ ယူဆောင်သွားကာ ပင်လယ်ရေကို စုပ်ယူရန် လေဟာနယ်လမ်းကြောင်းများကို ဖွင့်လှစ်ခဲ့ကြသည်။

ပင်လယ်ရေစွမ်းအင်သည် ကမ္ဘာသစ်ပင်၏ ကြီးထွားမှုအတွက်လည်း အလွန်အကျိုးရှိသည်။

ထို့အပြင် ရှေးဟောင်းကျောက်တိုင်ကမ္ဘာသည် အဓိကအားဖြင့် ကုန်းမြေများချည်းဖြစ်ပြီး ပင်လယ်နယ်မြေ မရှိသေးပေ။

ကစဉ်ကလျားမိစ္ဆာပင်လယ်ကြီးမှာ အလွန်ကျယ်ပြောလှရာ သူတို့က ပင်လယ်ရေအချို့ကို ယူဆောင်သွားခြင်းက မည်သည့်အရာကိုမျှ ထိခိုက်စေမည်မဟုတ်ပေ။

ထို့ကြောင့် သူတို့သည် ဤကာလအတွင်း သမုဒ္ဒရာထဲမှ ရေများကို ဆွဲယူနေခဲ့ကြခြင်းဖြစ်သည်။

“ဟင်၊ ကျွန်းပေါ်မှာ တခြားလူ ရှိနေတာလာ၊း

သူတို့ရှိရာသို့ တစ်စုံတစ်ယောက် ချဉ်းကပ်လာနေကြောင်း ဝူယွမ် ရုတ်တရက် အာရုံခံမိလိုက်သည်။

နေ့လယ်ဘက်က ကျွန်းပေါ်သို့ သူတို့ ဝင်ရောက်လာချိန်တွင် ဤနေရာ၌ မည်သူ့ကိုမျှ သူ အာရုံခံမမိခဲ့ပေ။

“ထွက်လာခဲ့စမ်း” ဝူယွမ်က တောအုပ်ဆီသို့ လှမ်းကြည့်လိုက်သည်။

မလှမ်းမကမ်းရှိ သစ်ပင်ကြီးတစ်ပင်ပေါ်တွင် အစိမ်းရောင် ဂွမ်းအင်္ကျီကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦး ရပ်နေသည်။ သူမ၏ ကြီးမား၊ မည်းနက်ပြီး တောက်ပနေသော မျက်လုံးများက သူ၏လက်ထဲရှိ ငါးကင်ပေါ်သို့ အာရုံစိုက်နေသည်။

ဂလု၊ ဂလု...

သူမ တံတွေးမျိုချနေရသည်။

ရှန်ထူကျွယ်က ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ထိုမိန်းကလေးကို သတိကြီးစွာဖြင့် စောင့်ကြည့်လိုက်ဧ။ခ။

ဝူယွမ်ကြောင့်သာ မိန်းကလေးတစ်ဦး သူတို့အနီးသို့ ဤမျှနီးကပ်စွာ ရောက်ရှိလာသည်ကို သူ သတိပြုမိခဲ့ခြင်းဖြစ်သည်။

“မစိုးရိမ်ပါနဲ့” ဝူယွမ်က ရှန်ထူကျွယ်ကို ပြန်ထိုင်ရန် အချက်ပြလိုက်သည်။

မိန်းကလေးမှာ အလွန်ငယ်ရွယ်ပုံရသော်လည်း ကြွေရုပ်လေးတစ်ရုပ်ပမာ သိမ်မွေ့သော မျက်နှာသွင်ပြင်ရှိကာ အလွန်ချစ်စရာကောင်းလှသည်။

သူမ၏ ခေါင်းပေါ်တွင် ဆံပင်အမြီးနှစ်ခု ချည်နှောင်ထားပြီး ကြည့်ရသည်မှာ အလွန် လိမ္မာရေးခြားရှိပုံရသည်။

အကယ်၍ အမျိုးသမီးအချို့သာ ထိုသို့သော ကလေးမလေးမျိုးကို မြင်တွေ့ရပါက သူမကို ပွေ့ချီပြီး ဖက်ထားရန် မနေနိုင်အောင် ဖြစ်သွားကြပေလိမ့်မည်။

သို့သော်လည်း ဝူယွမ်မှာ ဤအချိန်တွင် ထိုသို့သော အတွေးမျိုးမရှိပေ။ ယင်းအစား သူ့မျက်လုံးများ၏ အနက်ထဲတွင် သတိထားမှု အရိပ်အယောင်တစ်ခု ကိန်းအောင်းနေသည်။

ဤကလေးမလေး၏ ပေါ်ထွက်လာမှုမှာ ထူးဆန်းလွန်းလှသည်။ အစောပိုင်းက သူမ မည်သို့ ဤမျှနီးကပ်စွာ ရောက်ရှိလာကြောင်းကို သူ လုံးဝ အာရုံခံမမိခဲ့ပေ။

ထို့အပြင် ဤကဲ့သို့သော လူသူကင်းမဲ့သည့် ကျွန်းပေါ်တွင် သာမန်ကလေးမလေးတစ်ယောက်က ဘယ်လိုလုပ် အသက်ရှင်နေထိုင်နိုင်မည်နည်း။

ဝူယွမ်နှင့် အစိမ်းရောင်ဝတ် မိန်းကလေးတို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။

သူမက သူ့ကို ကြည့်လိုက်ပြီးနောက် သူမ၏ ကြီးမား၊ မည်းနက်သော မျက်လုံးများက သူ၏လက်ထဲရှိ ငါးကင်ဆီသို့ မလွှဲမရှောင်သာ ပြန်ရောက်သွားကာ တံတွေးတစ်ခါ ထပ်မံမျိုချလိုက်ပြန်သည်။

“စားချင်လို့လား” ဝူယွမ်က သူ့လက်ထဲရှိ ငါးကင်ကို သူမဆီသို့ မြှောက်ပြလိုက်သည်။

မိန်းကလေးက အားရပါးရ ခေါင်းညိတ်ပြလိုက်၏။

“ဒီကိုလာခဲ့လေ” ဝူယွမ်က သူမကို လက်ယပ်ခေါ်လိုက်သည်။

ကလေးမလေးကရောက်လာပြီး ချက်ချင်းပင် ငါးကင်ကို ကောက်ယူကာ စားတော့သည်။

“ငါ အဆိပ်ခတ်ထားမှာ မကြောက်ဘူးလား” ဝူယွမ်က သူမကို မေးလိုက်သည်။

“အဆိပ်လား၊ ကျွန်မ သေးသေးလေးကတည်းက အဆိပ်ကို တစ်ခါမှ မကြောက်ဖူးဘူး” အစိမ်းရောင်ဝတ် မိန်းကလေးက ချက်ချင်း ပြန်ဖြေလာသည်။ သူမ၏ အသံမှာ ငွေပြားပေါ် ကျောက်စိမ်းပုတီးစေ့များ ကျဆင်းသွားသကဲ့သို့ အလွန် ကြည်လင်ပြတ်သားလှသည်။

အနည်းငယ် ကလေးဆန်နေသေးသော်လည်း သူမ ကြီးပြင်းလာသောအခါ ဤအသံလေးသက်သက်ဖြင့်ပင် အမျိုးသားများစွာကို ပြုစားနိုင်လိမ့်မည်ကို တွေးကြည့်နိုင်ပေသည်။

ဝူယွမ် ပြုံးလိုက်မိ၏။ ဤကလေးမလေးမှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းပေသည်။

သူမ၏လက်မောင်းပေါ်တွင် အမာရွတ်များ တက်နေပြီဖြစ်သော အတော်လေးထင်ရှားသည့် ဒဏ်ရာအချို့ကို သတိပြုမိလိုက်သောအခါ သူ၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

“မင်း ဒဏ်ရာရထားတာလား”

“ဒါတွေက အသေးအဖွဲဒဏ်ရာတွေပါ၊ ကိစ္စမရှိပါဘူး” ကလေးမလေးက အချိန်ကြာမြင့်စွာ မစားမသောက်ခဲ့ရသူတစ်ဦးပမာ ငါးကင်ကို ဆက်လက်စားနေသည်။

မျက်စိတစ်မှိတ်အတွင်း သူမသည် ငါးကင်ဆယ်ခုကျော်ကို စားပစ်လိုက်သည်။

သူမ၏ ဗိုက်လေးထဲတွင် ဤမျှလောက်များစွာ ဘယ်လိုဆံ့နေသည်ဆိုသည်မှာတော့ ပဟေဠိတစ်ခုပင်။

ပြီးတော့ သူမက စားသောက်ပုံ အမူအကျင့်များကိုလည်း လုံးဝဂရုမစိုက်ပေ။

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”

စားပြီးသွားသောအခါ သူမက ပါးစပ်ကိုသုတ်ကာ ဝူယွမ်ကို ကျေးဇူးတင်စကားပြောလိုက်သည်။

“မင်း နာမည် ဘယ်လိုခေါ်လဲ” ဝူယွမ်က မေးလိုက်သည်။

“ကျွန်မ နာမည်က မုလင်းရှန်ပါ” ကလေးမလေးက ကြည်လင်ပြတ်သားစွာ ဖြေကြားလိုက်သည်။

‘ဒါ သူမကိုး၊ သူမဆီက ထူးဆန်းတဲ့ စွမ်းအားတစ်ခုကို ငါ ခံစားမိတာ အံ့ဩစရာ မရှိပါဘူး'

ဝူယွမ် အံ့အားသင့်သွားသည်။ သူ အမှန်တကယ်ပင် ဤကလေးမလေးနှင့် ဤနေရာတွင် ဆုံတွေ့ခဲ့ရသည်။

သူမက တကယ်ကို ထူးခြားသူလေး ဖြစ်သည်။

“အစ်ကိုကြီးရော” သူမက တခစ်ခစ်ရယ်မောကာ ပြန်မေးလိုက်သည်။

“ငါ့နာမည်က ဝူယွမ်” ဝူယွမ်က ဖြေလိုက်၏။

“တကယ်တော့ ကျွန်မက အစ်ကိုကြီးရဲ့ ငါးကင်အတွက်ချည်း သက်သက်လာတာ မဟုတ်ပါဘူး၊ အစ်ကိုကြီးကို မြင်လိုက်ရတော့ အစ်ကိုကြီးဆီက ဆွဲဆောင်ခံလိုက်ရလို့ပါ”

သူမ၏ လခြမ်းကွေးလေးနှင့်တူသော မျက်လုံးများက ဝူယွမ်ကိုကြည့်နေသည်။

“ဒါဆို မင်း ငါ့နောက်ကို လိုက်နေတာ အတော်ကြာပြီပေါ့” ဝူယွမ် အနည်းငယ် အံ့အားသင့်သွားသည်။ သူ လုံးဝ အာရုံခံမမိခဲ့ပေ။

မုလင်းရှန်က ဖြေလိုက်သည်။ “ဟုတ်တယ်၊ အစ်ကိုကြီးတို့ အဲဒီ စိတ်အနှောင့်အယှက်ပေးတဲ့ လူတွေနဲ့ တွေ့ပြီးကတည်းက ကျွန်မ စပြီးလိုက်လာတာ”

ရှန်ထူကျွယ် တုန်လှုပ်သွားပြီး မေးလိုက်၏။ “ဒါဆို အဲဒီ သွေးနတ်ဆိုးငါးမန်း အဖွဲ့က မင်းကိုရှာနေကြတာပေါ့၊”

“အင်း၊ သူတို့က တော်တော် စိတ်အနှောင့်အယှက်ပေးတာ၊ ကျွန်မ သူတို့ဆီကနေ ဒဏ်ရာရလာတာလေ” မုလင်းရှန်က ခေါင်းညိတ်ပြလိုက်သည်။

“ဒါဆို ငါတို့က မင်းကို နာကျင်အောင်လုပ်မှာ မကြောက်ဘူးလား၊” ဝူယွမ်က သူမကို ပြန်မေးလိုက်သည်။

မုလင်းရှန်က ခေါင်းယမ်းလိုက်ရာ သူမ၏ ဆံပင်အမြီးနှစ်ခုက လိုက်ပါယိမ်းနွဲ့သွားသည်။

“ကျွန်မရဲ့ အလိုအလျောက် သိစိတ်က အစ်ကိုကြီး ကျွန်မကို နာကျင်အောင်မလုပ်ဘူးလို့ ပြောနေတယ်၊ ပြီးတော့ အစ်ကိုကြီးနဲ့ အရမ်းနီးစပ်သလို ခံစားရတယ်၊ ကိုယ့်မိသားစုထက်တောင် ပိုပြီးနီးစပ်သလို ခံစားနေရတယ်” သူမက လေးနက်စွာဖြင့် ပြောလိုက်သည်။

“ဟုတ်တာပေါ့၊ ငါတို့က တကယ်ပဲ နီးစပ်သင့်တာပေါ့” ဝူယွမ်က ခေါင်းညိတ်ကာ ပြုံးလိုက်သည်။

မုလင်းရှန်က မည်သည့် အကြောင်းပြချက်ကိုမျှ မပြောသော်လည်း ဝူယွမ်က အလွန်ရှင်းလင်းစွာ သိနေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဘိုးဘေးအဆောင် ဖြစ်သောကြောင့်ပင်။

ထို့အပြင် ဝူယွမ်၏ခန္ဓာကိုယ်ပေါ်တွင်၊ ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်း၌ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဘိုးဘေးအဆောင်နှင့် ရင်းနှီးကျွမ်းဝင်သော အငွေ့အသက်များစွာ ရှိနေသည်။

ထိုအထဲတွင် ရှင်သန်ခြင်းနှင့် သေဆုံးခြင်း သခင်မ၏ ဝင်စားသူဖြစ်သော ကျန်းယင်ယင်ပင် ပါဝင်လေသည်။

“အစ်ကိုကြီး ဝူယွမ်၊ ကျွန်မ ဒဏ်ရာရထားလို့ အိပ်ချင်တယ်” မုလင်းရှန်က သူမ၏ မျက်လုံးများ မှေးစင်းလာရင်း ပြောလိုက်သည်။

ထို့နောက် ဝူယွမ်၏ဘေးနားရှိ ကျောက်တုံးတစ်တုံးပေါ်တွင် ကြောင်ပေါက်လေးတစ်ကောင်ပမာ ကွေးကွေးလေး အိပ်ပျော်သွားလေသည်။

သူမ အိပ်ပျော်သွားစဉ် နက်ရှိုင်းသော အပြာရောင်အလင်းတန်းတစ်ခု သူမ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ဤအလင်းတန်းသည် အကာအကွယ်တစ်ခုကဲ့သို့ အလင်းဝန်းတစ်ခု ဖြစ်ပေါ်လာကာ သူမကို လွှမ်းခြုံထားလိုက်သည်။

တစ်ချိန်တည်းမှာပင် သူမ၏ သွယ်လျသော လက်မောင်းများပေါ်ရှိ ပြင်းထန်သောဒဏ်ရာများမှာ မျက်စိဖြင့်မြင်နိုင်သော နှုန်းဖြင့် ပြန်လည်သက်သာလာလေသည်။

All Chapters