← Chapters

အခန်း (၃၆၉-၃၇၀)

Vol. 37 Ch. 369-370

အခန်း (၃၆၉-၃၇၀)

Vol. 37 Ch. 369-370

အခန်း (၃၆၉) - အရောင်းအဝယ်၊ ကမ္ဘာသစ်ပင်မှ ထုတ်လုပ်သော အသီးများ(၁)

လင်းတုန်နှင့် လူဆယ်ယောက်ကျော်တို့သည် ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်းမှ ထွက်လာကြပြီး စည်ကားသိုက်မြိုက်နေသော ကောင်းကင်ကုန်သည်မြို့တော်အတွင်းသို့ ဝင်ရောက်လာကြသည်။

ထျန်းရှန်း လေလံပွဲက မကြာမီ စတင်တော့မည်ဖြစ်သည်။

ထျန်းရှန်း အဆောက်အအုံသည် လွန်ခဲ့သည့် လအနည်းငယ်ကတည်းက ပတ်ဝန်းကျင် ပင်လယ်နယ်မြေများသို့ စတင်ကြော်ငြာနေခဲ့ပြီး ပတ်ဝန်းကျင် ပင်လယ်နယ်မြေ အားလုံးနီးပါးမှ အင်အားစုကြီးများကို ဆွဲဆောင်နိုင်သည့် ကောလာဟလ အများအပြားကို ဖြန့်ဝေခဲ့သည်။

ထို့ကြောင့် ဝူယွမ်တို့ကဲ့သို့သော လူအုပ်စုကြီးတစ်စု ကောင်းကင်ကုန်သည်မြို့တော်ကို ဖြတ်သန်းသွားလာနေခြင်းမှာ ထူးဆန်းသောအရာ မဟုတ်ပေ။

အင်အားစုကြီး အများအပြားတွင် သူတို့ထက်ပင် လူပိုများကြသေးသည်။

“ထျန်းရှန်း အဆောက်အအုံကို သွားကြစို့၊ အဲဒါက ကောင်းကင်ကုန်သည်မြို့တော်ရဲ့ ဗဟိုချက်ပဲ၊ အဲဒီမှာ မင်းတို့ လိုချင်တာမှန်သမျှ ဝယ်လို့ရတယ်” ဝူယွမ်က ပြုံးကာပြောလိုက်သည်။

“အပြင်ထွက်ရတာက ရှားတယ်၊ ဒါကြောင့် မင်းတို့ လိုချင်တာမှန်သမျှ ဝယ်လို့ရတယ်”

သူတို့အုပ်စုသည် တိမ်တိုက်များဆီသို့ ထိုးတက်နေသကဲ့သို့ မြင့်မားလှသော ဗဟိုချက်ရှိ အဆောက်အအုံကြီးဆီသို့ ဦးတည်သွားကြသည်။

သူတို့ပတ်ဝန်းကျင်ရှိ အုပ်စုကြီး၊ အုပ်စုငယ် အများအပြားကလည်း ထိုနည်းတူပင် ပြုလုပ်နေကြသည်။

ထိုအထဲမှ လူအများအပြား၏ အရှိန်အဝါမှာ အထူးသဖြင့် အစွမ်းထက်လှသည်။

ဤနေရာတွင် ဆန်းကြယ်ရှင်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များမှာ ရှားပါးသောအရာ မဟုတ်တော့ပေ။ အဖွဲ့တိုင်းလိုလိုတွင် အနည်းဆုံး တစ်ယောက်တော့ ပါဝင်ကြသည်။

သို့သော်လည်း ဝူယွမ်၏အဖွဲ့မှာ အလွန်တရာ မျက်စိကျစရာ ဖြစ်နေဆဲပင်။

ဝူယွမ်ကဲ့သို့သော ချောမောခံ့ညားသည့် အမျိုးသားများအပြင် နတ်သမီးငါးပါးဖြစ်သော ယင်းဟွမ်ဟွမ်၊ ယင်းရှောင်ရှောင်၊ ပိုင်ယွမ်၊ ကျန်းယွဲ့နှင့် မုချန်ချန်တို့အားလုံးမှာ အလွန်တရာ လှပချောမောကြသည်။ သူတို့ အတူတကွ ပေါ်ထွက်လာမှုက လမ်းသွားလမ်းလာများ၏ အကြည့်များကို ရှောင်လွှဲ၍မရနိုင်အောင် ဆွဲဆောင်နေသည်။

ထို့အပြင် ဤအမျိုးသမီးငါးဦးစလုံမှာ ဝူယွမ်ကိုသာ ဗဟိုပြုနေကြပြီး အလှပဆုံးနှင့် အဆွဲဆောင်နိုင်ဆုံးဖြစ်သော ပိုင်ယွမ်နှင့် ဖြူစင်ကာ ချစ်စရာကောင်းသော ယင်းဟွမ်ဟွမ်တို့က သူ၏ဘယ်ဘက်နှင့် ညာဘက်အသီးသီးတွင် နေရာယူထားကြသည်။

“အရမ်းလှတာပဲ”

“သူတို့က ဘယ်အင်အားစုကလဲ”

“အလှလေးတွေ အများကြီးပဲ၊ သူ တော်တော် ကံကောင်းတာပဲ”

“ထျန်းရှန်း အဆောက်အအုံက ထန်မိသားစု ညီအစ်မတွေတောင် ဒီအမျိုးသမီးငါးယောက်နဲ့ ယှဉ်ရင် နည်းနည်း မှေးမှိန်သွားသလိုပဲ”

“အဲဒီလူက ရှန်ထူမိသားစုရဲ့ ရှန်ထူကျွယ်နဲ့ တူတယ်၊ ဒါက ရှန်ထူမိသားစုရဲ့ အဖွဲ့များလား၊ ဒါပေမယ့် ဒီအဖွဲ့က သူ့ကို ဗဟိုမပြုထားဘူးလို့ ဘာလို့ခံစားနေရတာလဲ”

“အလယ်မှာ ဝိုင်းရံခံထားရတဲ့ အဲဒီအဖြူရောင် ဝတ်စုံနဲ့ သခင်လေးက အရမ်းကို ချောမောပြီး သူတို့ရဲ့ခေါင်းဆောင် ဖြစ်ပုံရတယ်”

“အံ့ဩစရာပဲ၊ ရှန်ထူကျွယ်တောင် နောက်လိုက်တစ်ယောက် ဖြစ်သွားတာလား၊ ဒီလူက ဘယ်ကရောက်လာတာလဲဆိုတာ ငါ တကယ် သိချင်လာပြီ”

လမ်းသွားလမ်းလာ အများအပြားက ဝူယွမ်နှင့် သူ၏ အဖွဲ့အကြောင်းကို ဆွေးနွေးနေကြသော်လည်း သူတို့အားလုံးမှာ ကောင်းကင်ကုန်သည်မြို့တော်သို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်သဖြင့် မည်သူကမျှ သူတို့ကို မမှတ်မိကြပေ။

သိုင်းပြိုင်ပွဲကျွန်းပေါ်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များမှာ ကောင်းကင်ကုန်သည်မြို့တော် တစ်ခုလုံးသို့ မပျံ့နှံ့သေးသဖြင့် ဤနေရာတွင် ဝူယွမ်ကိုသိရှိသူ အလွန်နည်းပါးလှသည်။

သို့သော်လည်း သတင်းအချက်အလက် ကျယ်ပြန့်စွာ သိရှိသူ အများအပြားကမူ ရှန်ထူကျွယ်အကြောင်းကို သိရှိကြသည်။

ဤအချက်ကြောင့် လူများက ဝူယွမ်အကြောင်းကို ပို၍ပင် စူးစမ်းသိချင်လာကြသည်။

ရှန်ထူကျွယ်သည် ထျန်းဖုန်း ပင်လယ်နယ်မြေရှိ လူငယ်မျိုးဆက်များကြားတွင် တတိယအဆင့်ရှိသော ပါရမီရှင်တစ်ဦးဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးမှာ ကစဉ်ကလျားမိစ္ဆာပင်လယ် တစ်ခုလုံးတွင်ပင် နာမည်ကျော်ကြားလှသည်။

လူအုပ်ကြီးနောက်သို့ လိုက်ပါသွားရင်း သူတို့သည် ထျန်းရှန်း အဆောက်အအုံရှေ့ရှိ အလွန်တရာ စည်ကားသိုက်မြိုက်ကာ လူများဖြင့် ပြည့်နှက်နေသော ဧရာမရင်ပြင်ကြီးသို့ ရောက်ရှိလာကြသည်။

မော့ကြည့်လိုက်ရာ ဧရာမထျန်းရှန်းအဆောက်အအုံကြီးမှာ တစ်ထပ်ပြီးတစ်ထပ် မြင့်တက်နေပြီး အဆုံးမရှိသကဲ့သို့ ထင်ရကာ အတွင်း၌ လူများ ဝင်ထွက်သွားလာနေကြသည်။

“ဒီနေရာက လူအသွားအလာ သန်းချီရှိလောက်တယ်” ဝူယွမ်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။

ထျန်းရှန်း အဆောက်အအုံ၏ စည်ကားသိုက်မြိုက်မှုမှာ သူ မျှော်လင့်ထားသည်ထက် ပိုလွန်နေပြီး သူ၏ ယခင်ဘဝက အားလပ်ရက် ခရီးစဉ်များကိုပင် ပြန်လည်အမှတ်ရစေသည်။

သို့သော်လည်း ထျန်းရှန်း အဆောက်အအုံတွင် အရပ်မျက်နှာအသီးသီးမှ ဧည့်သည်များအား မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို သိရှိသော ဝန်ထမ်း အများအပြားလည်း ရှိသည်။ ဆိုင်ခန်းပေါင်း ရာချီရှိပြီး လူများက ဤဆိုင်များမှတစ်ဆင့် ထျန်းရှန်း အဆောက်အအုံအတွင်းသို့ ဝင်ရောက်ကြသည်။

ဝူယွမ်နှင့် သူ၏ အဖွဲ့မှာ သာမန်မဟုတ်သော အရှိန်အဝါများ ရှိကြပြီး သူတို့အထဲတွင် အလှပဆုံး အမျိုးသမီး အများအပြား ပါဝင်နေသဖြင့် သာမန် အင်အားစုတစ်ခုမှ မဟုတ်ကြောင်း ထင်ရှားလှသည်။ လူအများအပြားက သူတို့၏ လမ်းကို မပိတ်ဆို့ရဲကြဘဲ သူတို့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။

ထိုအချိန်တွင် လူအုပ်ကြီးထဲ၌ ရုတ်ရုတ်သဲသဲ အနည်းငယ် ဖြစ်ပေါ်လာသည်။

“အဲဒါ မိစ္ဆာလေ လျှို့ဝှက်ဂူက လူတွေလား”

“သူတို့ကို ဦးဆောင်လာတဲ့သူက မိစ္ဆာလေ လျှို့ဝှက်ဂူ လူငယ်မျိုးဆက်တွေထဲမှာ အထူးချွန်ဆုံး တပည့်ဖြစ်တဲ့ မရဏဘုရင်လေးလို့ လူသိများတဲ့ ရှဲ့ယန်နဲ့ တူတယ်”

“သူ့ရဲ့ အရှိန်အဝါက တော်တော်လေး အထင်ကြီးစရာကောင်းတာပဲ၊ သူ့ရဲ့ နာမည်ဂုဏ်သတင်းက အလကားမဟုတ်ဘူးဆိုတာ ထင်ရှားတယ်၊ ထျန်းဖုန်း ပင်လယ်နယ်မြေရဲ့ လူငယ်မျိုးဆက်တွေထဲမှာ သူက သေချာပေါက် ထိပ်တန်းတွေထဲက တစ်ယောက်ပဲ”

ထိုတီးတိုးစကားများကို ကြားသောအခါ ဝူယွမ်နှင့် သူ၏ အဖွဲ့သည်လည်း သတိထားမိသွားကြသည်။

ကောင်းကင်ယံမှ လူတစ်ဒါဇင်ကျော် ဆင်းသက်လာသည်ကို သူတို့ မြင်တွေ့လိုက်ရပြီး ရှေ့ဆုံးတွင် မှုန်ကုပ်နေသော မျက်နှာထားဖြင့် အမည်းရောင် ဝတ်ရုံဝတ် လူငယ်တစ်ဦး ရှိနေသည်။

ထိုလူ၏ မျက်ခုံးနှစ်ခုကြားတွင် အမည်းရောင် ဦးခေါင်းခွံ တက်တူးတစ်ခု ရှိပြီး သူ ခြေလှမ်းလိုက်တိုင်း ခပ်သဲ့သဲ့ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာကာ သူ၏ပတ်ဝန်းကျင်ရှိ အပူချိန်ကို သိသိသာသာ ကျဆင်းသွားစေသည်။

သူ၏နောက်တွင် လူတစ်ဒါဇင်ကျော်က သူ့ကိုဝန်းရံထားကြပြီး ထိုအထဲတွင် လျစ်လျူရှုထားသော မျက်နှာထားများဖြင့် အဘိုးအိုနှစ်ဦး ပါဝင်သည်။ သူတို့၏ မှုန်ဝါးနေသော မျက်လုံးများအတွင်းထဲ၌ ကြောက်ရွံ့ဖွယ်ကောင်းသော အလင်းတန်းတစ်ခု တဖျတ်ဖျတ်လက်သွားပြီး သူတို့၏ အလွန်တရာအစွမ်းထက်သော စွမ်းအားကို ရှင်းလင်းစွာ ဖော်ပြနေသည်။

“မိစ္ဆာလေ လျှို့ဝှက်ဂူ၊ မရဏဘုရင်လေး ရှဲ့ယန်ပဲ” ရှန်ထူကျွယ်က လက်သီးကို အနည်းငယ်ဆုပ်ကာ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

ဤလူမှာ ယခင်က သူ့အား အမြဲတမ်းဖိနှိပ်ထားခဲ့သော သူများထဲမှ တစ်ဦးဖြစ်သည်။

ရှန်ထူကျွယ်သည် ထျန်းဖုန်း ပင်လယ်နယ်မြေတွင် တတိယအဆင့်၌ ရှိသည်။ သူ့အထက်ရှိ နှစ်ဦးမှာ ချန်ခွန်း လျှို့ဝှက်ဂူမှ ချန်ခွန်းလက်ဝါး ကျိုးချန်နှင့် အခြားတစ်ဦးမှာ သူ၏မျက်မှောက်တွင် ရှိနေသော မရဏဘုရင်လေး ရှဲ့ယန်ပင် ဖြစ်သည်။

“ရှဲ့ယန်တောင် ရောက်လာမှတော့ ကျိုးချန်လည်း မလာဘဲနေမှာမဟုတ်ဘူး၊ ဒီထျန်းရှန်း လေလံပွဲမှာ အရေးကြီးတဲ့ ရတနာတွေ ထွက်ပေါ်လာနိုင်တယ်” ရှန်ထူကျွယ်က တီးတိုးရေရွတ်လိုက်သည်။

အကယ်၍ ၎င်းက ထျန်းဖုန်း ပင်လယ်နယ်မြေ၏ အဓိက အင်အားစုကြီးနှစ်ခုကို ဆွဲဆောင်နိုင်မည်ဆိုပါက လေလံပွဲတွင် ထွက်ပေါ်လာမည့် ရတနာများမှာ သေချာပေါက် သာမန်မဟုတ်ပေ။

ဝူယွမ်နှင့် သူ၏အဖွဲ့က မိစ္ဆာလေ လျှို့ဝှက်ဂူမှ လူများကို ကြည့်နေစဉ်မှာပင် ရှဲ့ယန်ကလည်း လူအုပ်ကြီးထဲရှိ သူတို့ကို သတိပြုမိသွားသည်။

သူတို့က လူအုပ်ကြီးထဲတွင် အရမ်းကို မျက်စိကျစရာ ဖြစ်နေသဖြင့် သတိမထားမိရန်မှာ မဖြစိနိုင်ပေ။

“ရှန်ထူကျွယ်၊ သူလည်း ဒီမှာ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး” ရှဲ့ယန်၏ဘေးရှိ အကြီးအကဲတစ်ဦးက ပြောလိုက်သည်။

“ဟက်ဟက်၊ ရှုံးနိမ့်သွားတဲ့ ပြိုင်ဘက်တစ်ယောက်ပါ၊ စိုးရိမ်စရာ မရှိပါဘူး၊ ငါတို့ စိုးရိမ်ရမှာက ကျိုးချန်ကိုပ၊” ရှဲ့ယန်က လှောင်ပြုံးပြုံးကာ ရှန်ထူကျွယ်ကို မကြည့်ဘဲ သူ၏ အကြည့်များကို ပိုင်ယွမ်၊ ယင်းဟွမ်ဟွမ်နှင့် အခြား အမျိုးသမီးများဆီသို့ အလိုအလျောက် ရွှေ့လိုက်သည်။

သူ၏ မျက်လုံးများ တောက်ပသွားသည်။ မိစ္ဆာလေ လျှို့ဝှက်ဂူ၏ လျှို့ဝှက်ဂူသခင်လေး တစ်ဦးအနေဖြင့် သူ၏ ပတ်ဝန်းကျင်တွင် အမျိုးသမီးများစွာ ရှိနေပြီး အလှပဆုံး အမျိုးသမီးများစွာကို သူ မြင်တွေ့ခဲ့ဖူးသော်လည်း ရုပ်ရည်ရူပကာတွင်သာမက စိတ်နေသဘောထားတွင်ပါ ဤအမျိုးသမီးအနည်းငယ်နှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

“ရှန်ထူမိသားစုမှာ ဒီလောက်လှပတဲ့ အမျိုးသမီးတွေ ဘယ်တုန်းက ဒီလောက်အများကြီး ရောက်လာတာလဲ”

ရှဲ့ယန်က တွေးတောလိုက်သည်။ ရှန်ထူမိသားစုတွင် ဤမျှလောက် လှပသော အမျိုးသမီးအများအပြား ရှိနေမှန်း သူ ကြိုသိခဲ့ပါက... ရှဲ့ယန်၏ စိတ်ကူးများက တောင်စဉ်ရေမရ ဖြစ်လာပြီး သူ၏မျက်နှာပေါ်တွင် ကိလေသာရမ္မက်ပြည့်နှက်နေသော အပြုံးတစ်ခု အလိုအလျောက် ပေါ်လာသည်။

“ဟင်”

သို့သော်လည်း ပိုင်ယွမ်နှင့် ယင်းဟွမ်ဟွမ်တို့၏ ကြားတွင် ညှပ်နေသော ဝူယွမ်အပေါ်သို့ သူ၏အကြည့်များ ကျရောက်သွားသောအခါ သူ၏အပြုံးမှာ လျင်မြန်စွာ အေးခဲသွားလေသည်။

“သူပဲ”

“အရိုးအဘိုးအိုကို သတ်သွားတဲ့ကောင်၊ သူပဲ၊ ဝူယွမ်၊ သူလည်း ဒီကို လာလိမ့်မယ်လို့ ငါ မထင်ထားဘူး”

“ဒီလူက ကြောက်ဖို့ကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ၊”

ရှဲ့ယန်၏ဘေးရှိ လူတစ်ဦးက ဝူယွမ်၏ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော်ပြောဆိုလိုက်သည်။

မိစ္ဆာလေ လျှို့ဝှက်ဂူ၏ လေးစားရသော အကြီးအကဲတစ်ဦးအနေဖြင့် အရိုးအဘိုးအို သေဆုံးသွားခြင်းကို မိစ္ဆာလေ လျှို့ဝှက်ဂူက ချက်ချင်းသိရှိသွားမည်မှာ သေချာသည်။

သို့သော်လည်း အရိုးအဘိုးအိုကို သတ်ဖြတ်နိုင်ခြင်းက ပြိုင်ဘက်၏စွမ်းအားမှာ အနည်းဆုံး ခြေလှမ်း၀က်ဆန်းကြယ်သေခြင်း သို့မဟုတ် ဆန်းကြယ်သေခြင်းအဆင့်တွင် ရှိနေကြောင်း သက်သေပြနေသည်။

ထို့ကြောင့် မိစ္ဆာလေ လျှို့ဝှက်ဂူသည် ဝူယွမ်အပေါ် အဆောတလျင် လက်စားချေရန် မကြိုးစားဘဲ သူ့အကြောင်း သတင်းအချက်အလက်များ စုဆောင်းရန်သာ သွားခဲ့ကြသည်။

ကံမကောင်းစွာဖြင့် ဝူယွမ်သည် မျိုးနွယ်စုကြီးငါးခုနှင့် မဟာမိတ်ဖွဲ့ထားပြီးဖြစ်ရာ မိစ္ဆာလေ လျှို့ဝှက်ဂူသည် သူ့အကြောင်း သတင်းအချက်အလက် များများစားစား မရရှိခဲ့ပေ။

အရေးအကြီးဆုံးမှာ ဝူယွမ်က ဝေမိသားစု ဘိုးဘေးအိုကြီးကို ဖိနှိပ်ခဲ့ကြောင်းကို သူတို့ မသိရှိခဲ့ခြင်းပင်။ ထိုသို့သော အရေးကြီးသည့် ကိစ္စရပ်များကို မျိုးနွယ်စုကြီးငါးခု၏ အမာခံအဖွဲ့ဝင်များသာ သိရှိကြသည်။

ထို့အပြင် ဝေမိသားစု ဘိုးဘေးအိုကြီးမှာ အလွန်တရာ အရှက်ကွဲခဲ့ရသဖြင့် ဤကိစ္စကို ပြန့်နှံ့သွားစေလိုမည် မဟုတ်သည်မှာ သေချာသည်။

မိစ္ဆာလေ လျှို့ဝှက်ဂူ၏ ဝူယွမ်အကြောင်း ထောက်လှမ်းသိရှိထားမှုများမှာ အရိုးအဘိုးအိုကို သတ်ဖြတ်ခဲ့သော သူ၏ အောင်မြင်မှုအပေါ်တွင်သာ အာရုံစိုက်ထားဆဲ ဖြစ်သည်။

“ဒီဝူယွမ်က မျိုးနွယ်စုကြီးငါးခုနဲ့ သဘောတူညီချက် တစ်ခုခု ရထားပုံရတယ်၊ ရှန်ထူကျွယ်က သူ့နောက်ကို လိုက်နေတာ ဖြစ်ရမယ်” ရှဲ့ယန်က အကဲခတ်လိုက်သည်။

ရှန်ထူကျွယ်သည် သိုင်းပြိုင်ပွဲတွင် ဝူယွမ်၏ အနိုင်ယူခြင်းကို ခံခဲ့ရကြောင်းက လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။

နှစ်ဖက်လုံး ခဏတာ အကဲခတ်ကြည့်နေကြပြီး လေထုမှာ အနည်းငယ် အေးစက်သွားသည်။ အဖွဲ့နှစ်ဖွဲ့ကြားတွင် ညပ်နေသော လမ်းသွားလမ်းလာများမှာ ထိပ်တိုက်ရင်ဆိုင်နေသော အရှိန်အဝါများကြောင့် အသက်ရှူရန်ပင် ခက်ခဲလာကြသည်။

အခန်း (၃၇၀) - အရောင်းအဝယ်၊ ကမ္ဘာသစ်ပင်မှ ထုတ်လုပ်သော အသီးများ(၂)

“လျှို့ဝှက်ဂူသခင်လေး၊ ကျွန်တော်တို့ ဘာလုပ်ရမလဲ၊ ဒီဝူယွမ်ကို ဖမ်းပြီး အရိုးအဘိုးအိုအတွက် လက်စားချေရမလား”

ဘေးရှိလူ၏ စကားကို ကြားပြီးနောက် ရှဲ့ယန်က ခေါင်းယမ်းလိုက်သည်။ “ဒီနေရာက ကောင်းကင်ကုန်သည်မြို့တော်လေ၊ ဒီမှာ ငါတို့ လှုပ်ရှားလို့ မရဘူး၊ ပြီးတော့ ဒီတစ်ခါ ငါတို့ရဲ့ အဓိက တာဝန်က လေလံပွဲပဲ၊ ဒီဝူယွမ်က ကိုင်တွယ်ရ သိပ်မလွယ်ဘူး၊ အခုလောလောဆယ် ပြဿနာတွေ မဖန်တီးကြနဲ့အုံး၊ လေလံပွဲ ပြီးမှပဲ ပြောကြတာပေါ့၊ အဲဒီကျမှ သူတို့ကို ကိုင်တွယ်မယ်”

ရှဲ့ယန်၏ အကြည့်များက ပိုင်ယွမ်နှင့် အခြားသူများအပေါ် ကျရောက်သွားပြီး သူ့မျက်လုံးများ၏ အနက်ထဲတွင် ကိလေသာရမ္မက် မီးတောက်များ တောက်လောင်လာသည်။ သူသည် ဝူယွမ်ကို သတ်ဖြတ်ပြီး သူ့ဘေးရှိ အမျိုးသမီးများကို အစားထိုးသိမ်းပိုက်ရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။

“သွားကြစို့၊ ထျန်းရှန်း အဆောက်အအုံထဲ အရင်ဝင်ကြမယ်”

ရှဲ့ယန်က ဝူယွမ်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏အဖွဲ့ကို ဦးဆောင်ကာ ထျန်းရှန်း အဆောက်အအုံအတွင်းသို့ ဝင်ရောက်သွားလေသည်။

“အဲဒီလူရဲ့ အကြည့်က အရမ်းကို ဆိုးရွားတယ်၊ သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက်‌တွေ ရှိနေတယ်” ပိုင်ယွမ်က ဝူယွမ်၏ လက်မောင်းကို ဆွဲကာ ပြောလိုက်သည်။

သတ်ဖြတ်လိုစိတ် အရိပ်အယောင်တစ်ခု သူမမျက်လုံးများ၏ အနက်ထဲ၌ ဆူပွက်နေခဲ့သည်။

ရှဲ့ယန်၏ ယခုလေးတင် သူမအပေါ် ကြည့်ခဲ့သော အကြည့်မှာ ကိလေသာရမ္မက်ပြည့်နှက်နေကြောင်း သူမ၏ အလိုအလျောက်အသိစိတ်က ပြောနေသည်။

“ငါ သိပါတယ်၊ ငါ သူ့ကို ကိုင်တွယ်ဖြေရှင်းပါ့မယ်” ဝူယွမ်က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

သူသည် ရှဲ့ယန်ကို သူ၏ စိတ်ထဲရှိ နာမည်ပျက်စာရင်းထဲတွင် ထည့်သွင်းပြီးသား ဖြစ်သည်။

“ဂိုဏ်းချုပ်ကြီး၊ တကယ်လို့ တိုက်ခိုက်ဖြစ်ရင် ရှဲ့ယန်ကို ကျွန်တော့်နဲ့ ထားခဲ့ပါ” ရှန်ထူကျွယ်က ခိုင်မာသော လေသံဖြင့် ပြောလိုက်သည်။

“ပြဿနာမရှိပါဘူး၊ ဒါပေမယ့် မင်း ယုံကြည်ချက်ရှိရဲ့လား” ဝူယွမ်က မေးလိုက်သည်။

မည်သို့ပင်ဆိုစေ ရှဲ့ယန်၏နာမည်ဂုဏ်သတင်းက သူ့ထက်စောပြီး ကျော်ကြားခဲ့ကာ ရှန်ထူကျွယ်ကို အမြဲတမ်း ဖိနှိပ်ထားခဲ့သည် မဟုတ်လော။

“ဒီတစ်ခါတော့ သူ့ကို သေချာပေါက် ချေမှုန်းပစ်မယ်” ရှန်ထူကျွယ်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

ယခုလေးတင် ရှဲ့ယန်သည် ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်၏ အထွတ်အထိပ်တွင်သာ ရှိနေသေးကြောင်း သူသတိပြုမိလိုက်သည်။ သူကိုယ်တိုင်မှာမူ ဝူယွမ်၏အကူအညီဖြင့် ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ်သို့ ချိုးဖောက်ဝင်ရောက်ထားပြီးဖြစ်ကာ အသူရာခန္ဓာကိုယ်ကိုလည်း မဟာပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံထားပြီးဖြစ်သည်။

ထျန်းရှန်း အဆောက်အအုံအတွင်းသို့ ဝင်ရောက်ပြီးနောက် ဝူယွမ်သည် ပိုင်ယွမ်၊ ရွှမ်စုနှင့် အခြားသူများကို လွတ်လပ်စွာ လှည့်လည်ကြည့်ရှုခွင့် ပြုလိုက်သည်။

ထျန်းရှန်း အဆောက်အအုံအတွင်းတွင် မည်သူမျှ မတိုက်ခိုက်ရဲကြသဖြင့် သူတို့၏ လုံခြုံရေးအတွက် ဝူယွမ်စိုးရိမ်မနေပေ။

ထို့အပြင် ရှောင်တျောင်းက ကိုယ်ရံတော်အဖြစ် ပါရှိနေသဖြင့် လုံးဝပြဿနာမရှိနိုင်ပေ။

အတွင်း၌ ရတနာမြောက်မြားစွာ ရှိနေသည်။ ဝူယွမ်သည် ရောင်းချရန်အတွက် မသေမျိုးအနှစ်သာရ ဝိညာဉ်သစ်သီး၊ ကောင်းကင်အဆောင် ဝိညာဉ်သစ်ရွက်၊ ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးနှင့် အဆင့်မြင့် ဝိညာဉ်ဆေးလုံး အသီးသီးစသည့် ရှေးဟောင်းကျောက်တိုင်ကမ္ဘာမှ အထူးထုတ်ကုန်အချို့ကို ရွှမ်စုအား ယူဆောင်လာစေခဲ့သည်။

ထို့နောက် သူတို့သည် ဂိုဏ်းအတွက် လိုအပ်သော အရင်းအမြစ်အချို့ကို ဝယ်ယူဖို့ရာ ပြင်ကြတော့သည်။

ထျန်းရှန်း အဆောက်အအုံသည် ကစဉ်ကလျားမိစ္ဆာပင်လယ် အရပ်ရပ်မှ ရတနာများကို စုဆောင်းထားသည်။ ၎င်းတို့ထဲမှအချို့မှာ ကမ္ဘာသစ်ပင်၏ ကြီးထွားမှုအတွက် များစွာ အထောက်အကူပြုပြီး ကမ္ဘာသစ်ပင်နှင့် ပေါင်းစပ်ပြီးနောက် အများအပြားထုတ်လုပ်နိုင်သည့် ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးကဲ့သို့သော သစ်သီးပင်အချို့လည်း ရှိနေသည်။

ဝိညာဉ်ဆေးပင် မျိုးစေ့များ၊ ဝိညာဉ်သစ်ပင်များနှင့် ဝိညာဉ်သီးနှံများမှာ ရှေးဟောင်းကျောက်တိုင်ကမ္ဘာက အလိုအပ်ဆုံးအရာများဖြစ်ပြီး ဂိုဏ်းအတွက် အများဆုံး အထောက်အကူပြုနိုင်မည့် အရာများ ဖြစ်သည်။

လက်ဖဝါးထဲကကောင်းကင်ပုလင်း၏ သီးပွင့်စေခြင်း အာနိသင်နှင့် ကမ္ဘာသစ်ပင်၏ ပေါင်းစပ်ခြင်းတို့ကြောင့် အလွန်ကောင်းမွန်သော ဝိညာဉ်ဆေးပင်တစ်ပင်ကို ရှာတွေ့သရွေ့ အဆုံးအစမရှိ စိုက်ပျိုးထုတ်လုပ်နိုင်မည် ဖြစ်သည်။

ဤအရာများအပြင် စွမ်းအင်သလင်းကျောက် သတ္တုရိုင်းအမျိုးမျိုး၊ သိုင်းပညာရပ်များ၊ ဝိညာဉ်ရတနာ ပစ္စည်းများနှင့် အခြားအရာများအားလုံးကို ဝယ်ယူရန် လိုအပ်သည်။

ကျယ်ဝန်းသော စစ်ဆေးရေးအခန်းတွင်း၌ မီးရောင်များ လင်းထိန်နေပြီး တိတ်ဆိတ်ငြိမ်သက်နေသော လေထုမှာ အပြင်ဘက်ရှိ ဆူညံသံများနှင့် လုံးဝ ကွဲပြားခြားနားနေသည်။

ဝူယွမ်သည် ကမ္ဘာသစ်ပင်မှ သီးလာသော အသီးများကို တစ်လုံးချင်းစီ ထုတ်ယူလိုက်သောအခါ ထျန်းရှန်း အဆောက်အအုံ၏ စစ်ဆေးရေးမှူးများမှာ ဆက်လက်၍ တည်ငြိမ်မနေနိုင်ကြတော့ပေ။

ဝူယွမ်က အစိမ်းရောင်၊ အနီရောင်နှင့် ရွှေရောင် အသီးသီးရှိသော ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီး သုံးလုံးကို ထုတ်ယူလိုက်သည်။

“ဒီဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးတွေက အဆင့်နိမ့်၊ အလယ်အလတ်နဲ့ အဆင့်မြင့်ဆိုပြီး အဆင့်သုံးဆင့်ရှိတယ်၊ အဆင့်နိမ့်အသီးက နိဗ္ဗာန်အဆင့် ၉ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ကို ဆန်းကြယ်ရှင်ခြင်းအဆင့်အထိ ချိုးဖောက်ဝင်ရောက်နိုင်အောင် ခုနစ်ဆယ်ရာခိုင်နှုန်း အခွင့်အရေး ပေးနိုင်တယ်”

“အလယ်အလတ်အဆင့် အသီးက ဆန်းကြယ်ရှင်ခြင်းအဆင့် အစောပိုင်း အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ကို အစောပိုင်း အထွတ်အထိပ်အထိ ချိုးဖောက်ဝင်ရောက်နိုင်အောင် ငါးဆယ်ရာခိုင်နှုန်း အခွင့်အရေး ပေးနိုင်တယ်၊ အဆင့်မြင့် အသီးကတော့ အလယ်အလတ် အထွတ်အထိပ် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ကို မဟာပြည့်စုံခြင်းအဆင့်အထိ ချိုးဖောက်ဝင်ရောက်နိုင်အောင် သုံးဆယ်ရာခိုင်နှုန်း အခွင့်အရေး ပေးနိုင်တယ်၊ ပြီးတော့ ချိုးဖောက်ဝင်ရောက်တာ မအောင်မြင်ရင်တောင် ဘေးထွက်ဆိုးကျိုး မရှိတဲ့အပြင် နောက်တစ်ခါ ချိုးဖောက်ဝင်ရောက်မယ့် အောင်မြင်မှုနှုန်းကိုလည်း တိုးစေနိုင်တယ်”

ကမ္ဘာသစ်ပင်မှ သီးလာသော အသီးများကို ၎င်းတို့၏ စွမ်းအင်နှင့် ရင့်ကျက်မှုတို့အပေါ် မူတည်၍ အဆင့်များ ခွဲခြားနိုင်သည်။

ကမ္ဘာသစ်ပင်၏ တိုးတက်ကောင်းမွန်လာမှုမှတစ်ဆင့် မူလက ဆန်းကြယ်ရှင်ခြင်းအဆင့်သို့ ချိုးဖောက်ဝင်ရောက်ရန်အတွက်သာ အထောက်အကူပြုသော ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးသည် ယခုအခါ လူများကို ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်သို့ ချိုးဖောက်ဝင်ရောက်ရန်ပင် ကူညီပေးနိုင်သည်။

ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များသည် အထူးအစွမ်းထက်ဂိုဏ်းကြီးများမှ ခန်းမသခင်များ၏ အဆင့်တွင် ရှိကြသည်။ မိစ္ဆာလေ လျှို့ဝှက်ဂူ၏ လျှို့ဝှက်ဂူသခင်လေး ရှဲ့ယန်ပင်လျှင် ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်၏ အထွတ်အထိပ်တွင်သာ ရှိသေးသည်။

ရွှေရောင် ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးတစ်လုံးမှာ မည်မျှ တန်ဖိုးကြီးမားကြောင်း တွေးကြည့်နိုင်ပေသည်။

“လေးစားရတဲ့ ဧည့်သည်တော်၊ ဒီလိုအသီးမျိုး ဘယ်လောက်များများ ပိုင်ဆိုင်ထားသလဲဆိုတာ မေးခွင့်ပြုပါ”

စစ်ဆေးရေးမှူးမှာ ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီး၏ အကျိုးသက်ရောက်မှုကြောင့် အံ့အားသင့်ကာ တိကျသော ဆုံးဖြတ်ချက် မချနိုင်ဖြစ်နေစဉ် ပေါ့ပါးပြီး နူးညံ့သော အသံတစ်ခုက တံခါးဝမှ ရုတ်တရက် ထွက်ပေါ်လာသည်။

ဝူယွမ်က လှမ်းကြည့်လိုက်ရာ တံခါးဝတွင် ကျက်သရေရှိစွာ ရပ်နေသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီးသည် တောက်ပသော အနီရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး သူမ၏ခန္ဓာကိုယ်မှာ သွယ်လျကာ အချိုးအစားကျနလှပေသည်။

သူမတွင် အလွန်သိမ်မွေ့သော ဘဲဥပုံ မျက်နှာသွယ်သွယ်လေးရှိပြီး ဤအချိန်တွင် အပြုံးပါးပါးလေးက သူမ၏ ပါးပြင်ပေါ်တွင် ပေါ်လွင်နေကာ သူမ၏မေးစေ့မှာ အထူးသဖြင့် ချွန်ထက်နေပြီး အတော်လေး လှပလေသည်။

အနီရောင်ဝတ် အမျိုးသမီး ဝင်လာသည်ကို မြင်သောအခါ သက်လတ်ပိုင်း စစ်ဆေးရေးမှူးက သူမ၏ အနောက်တွင် လေးစားစွာ မတ်တတ်ရပ်လိုက်သည်။ ယင်းက ဤအမျိုးသမီးမှာ ထျန်းရှန်း အဆောက်အအုံတွင် သာမန်မဟုတ်သော ရာထူးတစ်ခု ရှိနေကြောင်း ပြသနေသည်။

“အရည်အတွက်ကတော့ မင်းပေးနိုင်တဲ့ စျေးနှုန်းအပေါ်မှာပဲ မူတည်တယ်” ဝူယွမ်က နောက်ပြောင်သော အပြုံးဖြင့် ပြောလိုက်သည်။

“ဟက်ဟက်၊ သခင်လေးက ပြင်ဆင်ပြီးမှလာတာပဲ၊ ဒါပေမယ့် သခင်လေးပြောတာတွေ မှန်သရွေ့ ထျန်းရှန်း အဆောက်အအုံက သခင်လေးဆီမှာ ရှိသလောက် ဒီလိုရတနာမျိုးတွေကို ဝယ်ယူနိုင်စွမ်း ရှိပါတယ်” အနီရောင်ဝတ် အမျိုးသမီးက သဘောထားကြီးစွာဖြင့် ပြောလိုက်သည်။

သူမက ဝူယွမ်ကို တောက်ပသော အပြုံးဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။ “သခင်လေးရဲ့ နာမည်ကို သိခွင့်ပြုပါ၊”

“ဝူယွမ်” ဝူယွမ်က ပြုံးကာ တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေလိုက်သည်။

သူ၏ နာမည်မှာ ထျန်းဖုန်း ပင်လယ်နယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့နေပြီဖြစ်ပြီး မကြာမီ ထျန်းရှန်း ပင်လယ်နယ်မြေ တစ်ခုလုံးသို့လည်း ပျံ့နှံ့သွားမည်ဖြစ်ရာ ဖုံးကွယ်ထားရန်မလိုအပ်တော့ပေ။

ဤနာမည်ကို ကြားသောအခါ အနီရောင်ဝတ် အမျိုးသမီး အနည်းငယ် ရပ်တန့်သွားရာ ပထမဆုံးအကြိမ် ကြားဖူးခြင်း မဟုတ်ကြောင်း ထင်ရှားလှသည်။

“ကျွန်မက ထျန်းရှန်း အဆောက်အအုံရဲ့ မန်နေဂျာ ထန်တုန်လင်းပါ”

အနီရောင်ဝတ် အမျိုးသမီးက ပြုံးပြလိုက်ပြီးနောက် ဝူယွမ်၏ရှေ့ရှိ အသီးသုံးလုံးကို ယူရန် သူမ၏ သွယ်လျသော ကျောက်စိမ်းလက်လေးကို ဆန့်ထုတ်လိုက်သည်။

၎င်းတို့အတွင်းရှိ ကြွယ်ဝသော အသက်စွမ်းအင်များကို ခံစားလိုက်ရသောအခါ သူမ၏ လှပသော မျက်လုံးများ အနည်းငယ် တောက်ပသွားသည်။ ထို့နောက် သူမက မှတ်ချက်ပြုလိုက်သည်။

“ဒါတွေက တကယ်ပဲ ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးတွေပဲ၊ ပြီးတော့ သူတို့အထဲက အသက်စွမ်းအင်တွေက သိသိသာသာကို ကြွယ်ဝနေတယ်၊ ကျွန်မ မြင်ဖူးသမျှ အသီးတွေထဲမှာ အပြည့်ဖြိုးဆုံးပဲ၊ သူတို့ကို အကောင်းဆုံးတွေထဲက အကောင်းဆုံးလို့တောင် သတ်မှတ်လို့ရတယ်”

“သာမန် ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးတွေက ဆန်းကြယ်ယွမ်ဆေးလုံး တစ်သန်းလောက် တန်ကြေးရှိတယ်၊ သခင်လေးပြောတဲ့ ဒီအဆင့်နိမ့်အသီးအတွက် ငါတို့ တစ်သန်းနဲ့ နှစ်သိန်း ပေးနိုင်တယ်၊ ကျန်တဲ့ နှစ်လုံးအတွက်တော့ သခင်လေးဝူယွမ်ပြောတဲ့ အကျိုးသက်ရောက်မှုတွေ တကယ်ရှိမရှိ အတည်ပြုဖို့ စမ်းသပ်ရလိမ့်မယ်၊ ဒါပေမယ့် အလယ်အလတ်အဆင့်အတွက် အနည်းဆုံး ဝယ်ယူမယ့်စျေးက သုံးသန်းနဲ့ အဆင့်မြင့်အတွက် ငါးသန်း အာမခံနိုင်ပါတယ်”

ဝူယွမ်က ချက်ချင်းတုံ့ပြန်လိုက်သည်။ “မိန်းမလှလေး၊ နောက်နေတာလား၊ လူတစ်ယောက်ကို ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်အထိ ချိုးဖောက်ဝင်ရောက်အောင် ကူညီပေးနိုင်တဲ့ အသီးတွေက အနည်းဆုံး ဆယ်သန်း ဒါမှမဟုတ် အဲဒီထက်ပိုပြီး တန်ကြေးရှိတယ်၊ ပြီးတော့ ဒီအသီးတွေက ဘေးထွက်ဆိုးကျိုးမရှိရုံတင် မကဘူး၊ မအောင်မြင်ရင်တောင် နောက်တစ်ခါ အောင်မြင်စွာ ချိုးဖောက်ဝင်ရောက်ဖို့အတွက် ခြေလှမ်းတစ်ခုအနေနဲ့ ထောက်ပံ့ပေးနိုင်တယ်”

“စမ်းသပ်ဖို့အတွက် အဆင့်မြင့်အသီးသုံးလုံး မင်းကို ငါပေးနိုင်တယ်၊ သူတို့ရဲ့ တန်ဖိုးကို သက်သေပြနိုင်ရင် တစ်လုံးကို ဆယ့်ငါးသန်းနဲ့ ငါရောင်းချင်တယ်”

“အဆင့်နိမ့် အသီးတွေအတွက် သုံးသန်း၊ အလယ်အလတ်အဆင့် အသီးတွေအတွက် ရှစ်သန်း”

ဝူယွမ်၏ စကားများမှာ ပြတ်သားလှသည်။ ဤမတိုင်မီက သူသည် ရွှမ်စုကို စျေးကွက်လေ့လာမှု ပြုလုပ်စေခဲ့ပြီးဖြစ်ရာ ဤအသီးများ၏ စစ်မှန်သောတန်ဖိုးကို သိရှိထားပြီးဖြစ်သည်။

အသီး၏အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍မူ ၎င်းတို့ကို ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်းရှိ လူအများအပြားအပေါ် စမ်းသပ်အတည်ပြုပြီးဖြစ်သည်။ ဝူယွမ် ပြောခဲ့သော ဖြစ်နိုင်ခြေများမှာ အနည်းဆုံး တွက်ဆထားခြင်းသာဖြစ်ပြီး လက်တွေ့ အောင်မြင်မှုနှုန်းမှာ သူ ပြောခဲ့သည်ထက် သေချာပေါက် ပိုမိုမြင့်မားမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ကမ္ဘာသစ်ပင်မှ ထုတ်လုပ်သော အသီးများတွင် တာအို၏အနှစ်သာရများပါဝင်နေသည် မဟုတ်ပါလော။

All Chapters