← Chapters

အခန်း (၂၆၁၁-၂၆၁၂)

Vol. 202 Ch. 2611-2612

အခန်း (၂၆၁၁-၂၆၁၂)

Vol. 202 Ch. 2611-2612

အဆတစ်ရာစနစ် စာစဥ်(၂၀၂)

အခန်း(၂၆၁၁)

ထိုစကားကို ကြားလိုက်ရလျှင် လူတိုင်း၏ စိတ်နှလုံးသည် အနည်းငယ် လေးလံသွားကြသည်။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် အားကောင်းသော ခုခံကာကွယ်မှုများ ရှိပြီး ပြင်ပမှလူများကို ဝင်ရောက်ခွင့် ပိတ်ပင်ထားသော်လည်း ကြယ်စကြဝဠာ အနေဖြင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲကို တစ်စုံတစ်ယောက်စေလွှတ်ဖို့ ဆိုသည်မှာ အလွန်အမင်း ခက်ခဲသောကိစ္စ မဟုတ်ပေ။

ကြယ်စကြဝဠာက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ရုတ်တရက် ကျူးကျော်လာရသည့် အကြောင်းရင်းမှာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ လက်ရှိအခြေအနေကို သိသွားသောကြောင့်လည်း ဖြစ်နိုင်ပေသည်။

“ကြယ်စကြဝဠာက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို တိုက်ခိုက်တော့မဲ့ သတင်းကတော့ အမှန်ပဲ.. ကြယ်စကြဝဠာရဲ့ ထိပ်တန်း စစ်သင်္ဘောတွေရဲ့ အရှိန်အဟုန်နဲ့သာ ဆိုရင် အလွန်ဆုံး နောက်သုံးလ အတွင်း အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ရောက်လာလိမ့်မယ်”

ယွမ်ဟွမ်ကျန့်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“အချိန်သိပ်မရှိတော့ဘူး.. ငါတို့ အင်အားတွေကို စုစည်းပြီး စကြဝဠာ ပြင်ပက ကြယ်တာရာ ဟင်းလင်းပြင်မှာ ခုခံဖို့အတွက် စခန်းချရမယ်...ကြယ်စကြဝဠာကို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲ ဝင်လာခွင့် လုံးဝ ပေးလို့မဖြစ်ဘူး”

ကြယ်စကြဝဠာမှ ဖန်တီးထားသည့် နည်းပညာများသည် သေကြေ ပျက်စီးစေနိုင်စွမ်း အလွန်တရာ ကြီးမားသည်။

ယင်းအပြင် ထိုအရာများသည် အင်‌မော်တယ် ကျင့်ကြံခြင်း စကြဝဠာ အတွင်းရှိ အသက်စွမ်းအားများကိုပါ ဖျက်ဆီးပစ်နိုင်၏။

တစ်ခါက ကြယ်စကြဝဠာမှ လူများသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာထဲကို ဝင်ရောက်လာခဲ့ဖူးပြီး ထိုအတွက် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် အလွန်တရာ ကြီးကြီးမားမား ပေးဆပ်ခဲ့ရသည်။

ယင်းတိုက်ပွဲကြောင့် အင်‌မော်တယ် ကျင့်ကြံခြင်းစကြဝဠာထဲမှ နယ်မြေတစ်ခုသည် အပျက်အစီးပုံဘဝသို့ ရောက်သွားခဲ့ပြီး မည်သို့မျှ ပြန်ကောင်းမလာနိုင်တော့ပေ။

ယခုအချိန်အထိ ထိုနယ်မြေသည် ခြောက်သွေ့နေဆဲ ဖြစ်ပြီး မြက်တစ်ပင်တောင် မပေါက်တော့ဘဲ အသုံးမဝင်သော နယ်မြေတစ်ခု ဖြစ်သွားခဲ့သည်။

ဝူကျိအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျိယွင်ရှောင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“တကယ်လို့ နယ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်သာ ဒီသတင်းကို ရသွားရင် ကြယ်စကြဝဠာနဲ့ သေချာပေါက် ပူးပေါင်းသွားလိမ့်မယ်.. သူတို့ အတွင်းနဲ့အပြင် ပူးပေါင်းတိုက်ခိုက်လာရင် ငါတို့အတွက် ကြီးမားတဲ့ ကပ်ဘေးကြီး ဖြစ်လာလိမ့်မယ်”

ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ် ကူကျန့်ကျွင်း၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ လင်းလက်သွားခဲ့ပြီး ပြတ်သားစွာ ပြောလိုက်သည်။

“အချိန်မဆွဲသင့်တော့ဘူး.. ကြယ်စကြဝဠာက လူတွေ ငါတို့ဆီ ရောက်မလာခင် သူ့ကို အရင်ရှင်းပစ်မှ ဖြစ်လိမ့်မယ်”

ခန်းမထဲရှိ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းမှ မဟာယာနအဆင့် ကျင့်ကြံသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် သူတို့၏ သဘောထားများကို ဖော်ပြလာခဲ့ကြသည်။

အတွင်းမီးကို အရင်ငြိမ်းသတ်ရမည် ဟူသော ဆိုရိုးအတိုင်းပင် လူအများစုသည် နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ်ကို အရင်ဆုံးရှင်းပစ်ရန် ထောက်ခံခဲ့ကြသည်။

သို့‌သော်လည်း ကြယ်စကြဝဠာသည် နှစ်ပေါင်းများစွာ တိတ်ဆိတ်နေခဲ့၍ ယခုတစ်ကြိမ် လှုပ်ရှားမှုတွင် အလွန်တရာ ပြင်းထန်လိမ့်မည်ဟု ယုံကြည်နေသူများလည်း ရှိသည်။

ငြင်းခုံနေကြသည့်လူများကို ကြည့်ရင်း ယွမ်ဟွမ်ကျန့်၏ မျက်ဝန်းများတွင် အပြောင်းအလဲများ ဖြစ်နေခဲ့သည်။

ခဏအကြာတွင်မူ သူက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်ကို အရင်ဆုံး ရှင်းပစ်ရမယ်.. ကဲ ငါတို့ သွေးနတ်ဆိုးဂိုဏ်းဆီ သွားကြစို့”

--------------------------

ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေရှိ သွေးနတ်ဆိုးဂိုဏ်းသို့ ပြန်ရောက်ပြီးနောက်တွင် ကျန်းချန်သည် ရွှယ်ချန်ကျဲကို ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်း၏ လှုပ်ရှားမှုများအား အနီးကပ် စောင့်ကြည့်စေခဲ့သည်။

ထိပ်တန်းအင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းတွင် မည်သည့်လှုပ်ရှားမှုမှ မရှိသေးသလို တိုက်ခိုက်ရန် အစီအစဥ်လည်း ရှိပုံမရသောကြောင့် ရွှယ်ချန်ကျဲသည် အနည်းငယ် စိတ်အေးသွားခဲ့ရသည်။

ဟွမ်ယွမ်သူတော်စင်မြို့တော်တွင် ပြသခဲ့သည့် သူသခင်ကြီး၏ ကြောက်မက်ဖွယ် စွမ်းအားသည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းကို ကြောက်ရွံ့သွားစေသည်မှာ ထင်ရှားနေခဲ့၏။

သို့သော်လည်း ထိုသို့ ကောင်းမွန်သောအခြေအနေသည် အချိန်ကြာကြာ မခံခဲ့ပေ။

လဝက်အကြာမှာပင် ထိပ်တန်း အင်‌မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းသည် အစွမ်းထက် ကျင့်ကြံသူများကို ဟွမ်ယွမ်ဓားဂိုဏ်းဆီ စေလွှတ်လိုက်သည် ဟူသော သတင်းအား ရွှယ်ချန်ကျဲ ရရှိခဲ့သည်။

ရွှယ်ချန်ကျဲသည် အနည်းငယ်မျှပင် မပေါ့ဆရဘဲ ထိုသတင်းကို ကျန်းချန်ထံ အမြန်ဆုံး အစီအရင်ခံလိုက်၏။

“ထိပ်တန်းအင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းက ကြယ်စကြဝဠာ ကျူးကျော်လာတော့မဲ့ သတင်းကို ရသွားလို့ ဟွမ်ယွမ်ဓားဂိုဏ်းမှာ စုဝေးခဲ့ကြတာများလား”

ကျန်းချန်က သူ့ရှေ့မှ ရွှယ်ချန်ကျဲကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

အကယ်၍ ထိပ်တန်း အင်‌မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းသာ သွေးနတ်ဆိုးဂိုဏ်းကို အမှန်တကယ် တိုက်ခိုက်ချင်သည်ဆိုလျှင် သူတို့ကို အသက်ရှူချိန်ပင် မပေးဘဲ အစကတည်းက တိုက်ခိုက်ရပေမည်။

အဘယ်ကြောင့် လဝက်အထိ အချိန်ဆွဲစရာ လိုအပ်ပါမည်နည်း။

“ကြယ်စကြဝဠာ လှုပ်ရှားတာနဲ့ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာက သေချာပေါက် သတင်းရရှိမှာပါ သခင်ကြီး”

ရွှယ်ချန်ကျဲက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်တော်တို့ အချက်တစ်ချက်ကို သတိမမူမိခဲ့ဘူး.. အဲဒါက ကြယ်စကြဝဠာ အနေနဲ့ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာကို ရောက်လာဖို့ အနည်းဆုံး သုံးလလောက် ကြားဦးမယ် ဆိုတာပဲ”

“ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းက ကြယ်စကြဝဠာ ရောက်မလာခင် ငါတို့ကို အရင်ရှင်းပစ်လိမ့်မယ်လို့ မင်း ဆိုလိုချင်တာလား”

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်း မည်သည့်လှုပ်ရှားမှုမှ မရှိသေးခြင်းသည် သူ့ကို ကြောက်ရွံ့သောကြောင့် ဖြစ်နိုင်သလို လောလောဆယ် သူနှင့် မတိုက်ခိုက်ချင်၍လည်း ဖြစ်နိုင်သည်။

သို့သော် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာက ကြယ်စကြဝဠာ ကျူးကျော်လာမည့် သတင်းကို ကြိုတင်ရရှိထားသည် ဆိုလျှင် အခြေအနေက ပြောင်းလဲသွားပြီ ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် သူက အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာထဲမှာ ရှိနေသ၍ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေ၍ပင်။

ကြယ်စကြဝဠာ ရောက်ရှိလာသည်နှင့် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ အင်အားအများစုကို ကြယ်စကြဝဠာအား ရင်ဆိုင်ရန် အတွက် စုစည်းရလိမ့်မည် ဖြစ်သည်။

ထိုအချိန်တွင် သူသာ နောက်ကျောကနေ ဓားဖြင့်ထိုးခဲ့လျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် အတော်လေး အကျပ်ရိုက်သွားနိုင်ခြေ ရှိ၏။

ဤကဲ့သို့သော အခြေအနေမျိုးကို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် လုံးဝ အဖြစ်ခံနိုင်မည် မဟုတ်ပေ။

သူသာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ နေရာတွင်ဆိုလျှင်လည်း ကြယ်စကြဝဠာ မရောက်လာခင် အတွင်းအန္တရာယ် ဖြစ်သည့် သူနှင့် သွေးနတ်ဆိုးဂိုဏ်းကို အရင်ဆုံးရှင်းပစ်မည်သာ။

“ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းရဲ့ လှုပ်ရှားမှုကို အနီးကပ် ဆက်လက် စောင့်ကြည့်ထားပါ.. ဒါ့အပြင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကနေ အချိန်မရွေး ထွက်ခွာနိုင်အောင်လည်း အသင့်ပြင်ထားလိုက်ပါ”

ကျန်းချန်က အနည်းငယ် စဥ်းစားလိုက်ပြီးနောက်တွင် ရွှယ်ချန်ကျဲကို တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။

သူ၏ လက်ရှိစွမ်းအားသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာတွင် ပြိုင်ဘက်ကင်းနေပြီ ဖြစ်ပြီး မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက်လောက်ကို ဂရုစိုက်နေစရာ မလိုတော့ပေ။

သို့သော်လည်း အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ အများအပြားကို စေလွှတ်ပြီး သူသေကိုယ်သေ ရင်ဆိုင်ရန် ကြိုးစားလာခဲ့လျှင် သူ့အတွက် အကျပ်ရိုက်သွားနိုင်သည်။

ဤကဲ့သို့သော အချိန်တွင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာနှင့် ထိပ်တိုက် ရင်ဆိုင်ဖို့ ကြိုးစားခြင်းသည် ဥာဏ်ရှိသောရွေးချယ်မှု မဟုတ်ပေ။

ထို့ကြောင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကသာ သူတို့ကို တိုက်ခိုက်ဖို့ ကြိုးစားလာခဲ့လျှင် ကျန်းချန်သည် သွေးနတ်ဆိုးဂိုဏ်းကို ဦးဆောင်ပြီး နတ်ဘုရားနယ်မြေဆီ ခေတ္တဆုတ်ခွာရန် ရည်ရွယ်ထားခဲ့သည်။

သူ့အနေဖြင့် နတ်ဘုရားနယ်မြေကနေ ထွက်ခွာလာခဲ့သည်မှာ ကြာပြီ ဖြစ်သောကြောင့် ဤအခွင့်အရေးကို အသုံးပြုကာ နတ်ဘုရားနယ်မြေဆီ ပြန်သွားပြီး အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာနှင့် ကြယ်စကြဝဠာ တို့ကို တစ်ခဏမျှ အပြန်အလည် ရင်ဆိုင်ခိုင်းထားမည် ဖြစ်၏။

ထို့အပြင် နတ်ဘုရားနယ်မြေသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ခြိမ်းခြောက်မှုအပြင် အင်မော်တယ်လောကဆီမှ ပို၍ ကြီးမားသော ခြိမ်းခြောက်မှုများလည်း ရှိနေသောကြောင့် သူ့အနေဖြင့် ပြန်ဖို့ အချိန်တန်ပြီ ဖြစ်သည်။

“ဝုန်း..”

ကျန်းချန် တွေးတောနေစဥ်မှာပင် အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါ တစ်ခုသည် သွေးနတ်ဆိုးဂိုဏ်း၏ အထက် ကောင်းကင်ယံတွင် ထွက်ပေါ်လာခဲ့သည်။

ယင်းအခိုက်အတန့်တွင် မိုင်တစ်ထောင် ဧရိယာအတွင်းရှိ သက်ရှိအားလုံးသည် ထိုကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါအောက်တွင် တုန်လှုပ် ချောက်ချားသွားကြ၏။

စွမ်းအားနည်းသော သက်ရှိအချို့ ဆိုလျှင် ထိုအရှိန်အဝါဖိအားအောက်တွင် ချက်ချင်းဆိုသလို သွေးအိုင်အဖြစ် ပြောင်းလဲသွားခဲ့ကြသည်။

သွေးနတ်ဆိုးဂိုဏ်းတွင်သာ ခုခံကာကွယ်ရေး အစီအရင် မရှိခဲ့လျှင် ဂိုဏ်းဝင် အများစုသည် ထိုအရှိန်အဝါ ဖိအားအောက်တွင် သေကြေဒဏ်ရာ ရကုန်ကြမည် ဖြစ်သည်။

ကျန်းချန်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

“မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူရဲ့ အရှိန်အဝါလား.. ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းက လူတွေ ရောက်လာတာ အတော်မြန်တာပဲ”

“ဒါက ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းက လွှတ်လိုက်တဲ့သူ မဟုတ်ဘူး”

ထိုအချိန်မှာပင် ရွှယ်ယွင်ထျန်း၏ ပုံရိပ်သည် ကျန်းချန်၏ ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့ပြီး လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“ဒါက သွေးအရိပ်ဘိုးဘေးရဲ့ အရှိန်အဝါပဲ”

ထိုစကားကို ကြားလျှင် ကျန်းချန်၏ ဓားကဲ့သို့ မျက်ခုံးအစုံက အနည်းငယ် မြင့်တက်သွားခဲ့သည်။

သွေးနတ်ဆိုးဂိုဏ်း၏ နှစ်ပေါင်းထောင်ချီ ပျောက်ကွယ်နေခဲ့သော သွေးအရိပ်ဘိုးဘေးသည် အဆုံးသတ်တွင် ပေါ်ထွက်လာခဲ့ချေပြီ။

ကျန်းချန်၏ အကြည့်က ဟင်းလင်းပြင်ကို ထိုးဖောက်သွားခဲ့ပြီး ကောင်းကင်ယံရှိ သွေးရောင်ဝတ်ရုံဝတ် အဘိုးအို ဆီသို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် သွေးရောင်ဝတ်ရုံဝတ် အဘိုးအို၏ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော ကြုံးဝါးသံသည် သွေးနတ်ဆိုးဂိုဏ်း၏ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့၏။

“ရွှယ် ယွင် ထျန်း.. အောက်တန်းကျတဲ့ကောင်.. အခုချက်ချင်း ထွက်လာပြီး အသေခံစမ်း”

ကျန်းချန်၏ ပုံရိပ်က လျှပ်တစ်ပြက် လှုပ်ရှားသွားခဲ့ပြီး ကောင်းကင်ယံထက်တွင် ပေါ်လာခဲ့သည်။

သူက သူ့ရှေ့မှ သွေးအရိပ်ဘိုးဘေးကို ကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။

“သွေးအရိပ်ဘိုးဘေး.. နှစ်ပေါင်းထောင်ချီ ပျောက်ကွယ်နေခဲ့တဲ့ ခင်ဗျားလို အဘိုးအိုက အခုထိ အသက်ရှင်နေသေးမယ်လို့ ငါမထင်ထားခဲ့ဘူး”

သွေးအရိပ်ဘိုးဘေးက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

“ကောင်လေး.. မင်းက ငါတို့ သွေးနတ်ဆိုးဂိုဏ်းဝင်လည်းမဟုတ်ပါလား.. မင်းဘယ်သူလဲ”

အခန်း(၂၆၁၁)ပြီး၏။

အခန်း(၂၆၁၂)

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ငါက သွေးနတ်ဆိုးဂိုဏ်းဝင် မဟုတ်ပေမဲ့ လက်ရှိအချိန်မှာ သွေးနတ်ဆိုးဂိုဏ်းက ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာပဲ.. ဘာပြဿနာရှိလို့လဲ”

“ကောင်လေး.. ရွှယ်ယွင်ထျန်းနဲ့ ပူးပေါင်းပြီး သွေးနတ်ဘုရားကို သတ်လိုက်တာ မင်းလား”

ကျန်းချန်ကို စိုက်ကြည့်နေသည့် သွေးအရိပ်ဘိုးဘေး၏ အကြည့်က ပို၍ပင် အေးစက်လာခဲ့သည်။

“ဟုတ်တယ် သွေးနတ်ဘုရားကို ငါရှင်းပစ်လိုက်တာပဲ.. အခု တစ်ဂိုဏ်းလုံးက ငါ့ရဲ့လက်အောက်ကို ရောက်နေခဲ့ပြီ"

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“အဘိုးကြီး မင်းရဲ့စွမ်းရည်က မဆိုးဘူးဆိုတော့ ငါ့ဆီမှာ အညံ့ခံမယ်ဆိုရင် ငါ မင်းအသက်ကို ချမ်းသာပေးမယ်”

မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ဤအတိုင်း သတ်လိုက်ရမည်မှာ အလွန်ပင် နှမြောစရာ ကောင်း၏။

အကယ်၍ သွေးအရိပ်ဘိုးဘေးကိုသာ သိမ်းသွင်းနိုင်ခဲ့လျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းကို ရင်ဆိုင်ရာတွင် သူ့အတွက် အထောက်အကူကောင်း ဖြစ်လာပေလိမ့်မည် မဟုတ်ပါလော။

“ဟားဟား.. နို့နံ့တောင် မစင်သေးတဲ့ ကောင်လေးတစ်ယောက်ကများ ငါ့ကို အညံ့ခံခိုင်းဖို့ စဥ်းစားရဲတယ်. မင်း ဘယ်နေရာကနေ သတ္တိတွေ ရလာသလဲ ဆိုတာ ငါတကယ်ကို မသိတော့ဘူး”

သွေးအရိပ်ဘိုးဘေးက မထီမဲ့မြင် ရယ်မောလိုက်သည်။

သူ၏ ခန္ဓာကိုယ်ကနေ မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ၏ ကြောက်မက်ဖွယ်အဆီအနှစ် စွမ်းအား ထွက်ပေါ်လာခဲ့၏။

သူ၏ စကားအဆုံးမှာပင် သွေးအရိပ်ဘိုးဘေးသည် သွေးရောင်အလင်းတန်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ဆီ တိုးဝင်လာခဲ့သည်။

“သေစမ်း”

သွေးအရိပ်ဘိုးဘေးက သာမန်လက်သီးချက် တစ်ချက်ကိုသာ ထုတ်ဖော်ကာ ကျန်းချန်၏ ဦးခေါင်းကို တိုက်ခိုက်လိုက်သည်။

သွေးအရိပ်ဘိုးဘေးသည် ကျင့်ကြံခြင်းအဆင့် မြင့်မားသည့်အပြင် ထူးခြားသည့် ခန္ဓာကိုယ်တည်ဆောက်ပုံ ရှိသောကြောင့် ပြိုင်ဘက်ကင်း ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ပိုင်ဆိုင်ထားခဲ့သည်။

မည်သည့် နတ်စွမ်းအားကိုမှ အသုံးမပြုလျှင်ပင် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ယောက်ကို အသေသတ်နိုင်သည်ဟု သူ့ကိုယ်သူ ယုံကြည်မှု ရှိ၏။

ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် အုပ်စိုးသူအဆင့် စွမ်းအားများကို သူ၏ ညာဘက်လက်သီးတွင် စုစည်းလိုက်ပြီး ရွှေရောင်လက်သီးချက် အဖြစ်သို့ ပြောင်းလဲကာ သွေးအရိပ်ဘိုးဘေး၏ လက်သီးချက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

“ဝုန်း..”

သွေးအရိပ်ဘိုးဘေးက အဝေးကို ပြင်းထန်စွာ လွင့်ထွက်သွားခဲ့ပြီး ပေတစ်ထောင်ခန့် အကွာအဝေးကို ရောက်မှသာ သူ၏ ဟန်ချက်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

“မင်း.. မင်းက အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာကလူ မဟုတ်ဘူး.. မင်း ဘယ်သူလဲ”

သွေးအရိပ်ဘိုးဘေးက အေးစက်စက် သွေးရောင်မျက်ဝန်းများဖြင့် ကျန်းချန်ကို စိုက်ကြည့်ရင်း စိတ်ထဲတွင် ထိတ်လန့်သွားခဲ့သည်။

မဟာယာန အထွတ်အထိပ် အဆင့်ဖြင့်ပင် ယှဥ်နိုင်သည့် ပြင်ပစကြဝဠာမှ ကျင့်ကြံသူ တစ်ယောက်သည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာထဲကို ဝင်ရောက်လာပြီး သွေးနတ်ဆိုးဂိုဏ်းကိုပါ ထိန်းချုပ်ထားသည်ကို ဟွမ်ယွမ်ဓားဂိုဏ်း ဦးဆောင်သည့် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းသည် အဘယ်ကြောင့် သတိမထားမိပါသနည်း။

ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

“မင်း င့ါဆီမှာ အညံ့ခံမယ်ဆိုရင် အချိန်မီသေးတယ်.. ဒီလိုမှမဟုတ်ရင်တော့ ငါ ဒီနေ့ မင်းကို သတ်ရလိမ့်မယ်”

“ဟားဟား တကယ်ကို မောက်မာလိုက်တဲ့ ကောင်လေးပဲ.. ငါသာ မသေချင်ဘူး ဆိုရင် ဒီစကြဝဠာထဲမှာ ငါ့ကို ဘယ်သူသတ်နိုင်မလဲ”

သွေးအရိပ်ဘိုးဘေးသည် လွန်ခဲ့သည့် နှစ်ပေါင်းထောင်ချီ ကတည်းကပင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အထွတ်အထိပ် ကျင့်ကြံသူ ဆယ်ယောက်ထဲမှ တစ်ယောက် ဖြစ်ခဲ့သည်။

ယခုအခါ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ သူ၏ ကျင့်ကြံခြင်း အဆင့်သည် ကြောက်မက်ဖွယ်ရာကောင်းသောအဆင့်ကို ရောက်ရှိနေခဲ့ချေပြီ။

အင်မော်တယ်တစ်ပါး ကိုယ်တိုင် ဆင်းသက်လာခြင်း မဟုတ်လျှင် မည်သူက သူ့ကို သတ်နိုင်ပါမည်နည်း။

သွေးအရိပ်ဘိုးဘေးက ဝင့်ကြွားစွာ ရယ်မောလိုက်သည်။

ထိုခဏဝယ် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် သွေးရောင်များ တောက်ပလာခဲ့ပြီး သွေးရောင်အရိပ်များစွာ အဖြစ် ပြောင်းလဲသွားခဲ့ကာ ကျန်းချန်ကို အရပ်မျက်နှာ အနှံ့ကနေ တိုက်ခိုက်လိုက်သည်။

ထိုသွေးရောင်အရိပ် တစ်ခုချင်းစီတွင် မဟာယာန အထွတ်အထိပ်အဆင့် စွမ်းအားများ ရှိနေခဲ့၏။

“ပျက်စီးစမ်း”

ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်သည်။

သူ၏ အုပ်စိုးသူ အထွတ်အထိပ်အဆင့် စွမ်းအားများသည် ရွှေရောင်ဓားအလင်း ထောင်ပေါင်းများစွာ အဖြစ် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် အရပ်မျက်နှာအနှံ့ကနေ သူ့ဆီသို့ သက်ရောက်လာသည့် သွေးရောင်အရိပ်များသည် ရွှေရောင် ဓားအလင်းများ၏ ချေမှုန်းခြင်းကို ခံလိုက်ရပြီး သွေးအရိပ်ဘိုးဘေး၏ ခန္ဓာကိုယ်က ပြန်ပေါ်လာခဲ့သည်။

“အပြာရောင်ဧကရာဇ်ဓားကွက်”

ကျန်းချန်က လူသားဧကရာဇ်ဓားကို အသုံးပြု၍ အပြာရောင်ဧကရာဇ်ဓားကွက်ကို ထုတ်ဖော်လိုက်ရာ ဓားအလင်းသည် ကောင်းကင်ယံတွင် အလင်းတံခါး တစ်ခုကို ပွင့်သွားစေခဲ့သည်။

ထိုအလင်းတံခါးကနေ အပြာရောင်ပုံရိပ် တစ်ခု ထွက်ပေါ်လာခဲ့ပြီး အောက်ဘက်ရှိ သွေးအရိပ်ဘိုးဘေးကို ဓားတစ်ချက်ဝှေ့ယမ်းလိုက်သည်။

“ငါ့ကို မှာခဲ့တဲ့အတိုင်း ထပ်ပေါ်မလာတော့ဘူးပဲ”

ဤမြင်ကွင်းကို ကြည့်ပြီး ကျန်းချန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ယခု အပြာရောင်ဧကရာဇ် ဓားကွက်ကို အသုံးပြုသည့်အခါတွင် စတင် တတ်မြောက်စဥ်ကကဲ့သို့ အပြာရောင်ပုံရိပ်ကိုသာ ဆင့်ခေါ်ပြီး တိုက်ခိုက်နိုင်တော့၏။

အသိစိတ်ရှိသော အပြာရောင်ဝတ်စုံဝတ် ဓားနတ်ဘုရားသည် သူ့ကို မှာခဲ့သလိုပင် အဆင့်နိမ့် စကြဝဠာဆီသို့ နောက်ထပ် ဆင်းသက်လာတော့မည် မဟုတ်ပေ။

သို့သော်လည်း အသိစိတ်ရှိသည့် ဓားနတ်ဘုရားကို မဆင့်ခေါ်နိုင်ခဲ့လျှင်ပင် ကျန်းချန်၏ အုပ်စိုးသူ အထွတ်အထိပ်အဆင့် ခွန်အားဖြင့် အသုံးပြုလိုက်သည့် စွမ်းအားသည် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းနေခဲ့၏။

သွေးအရိပ်ဘိုးဘေးသည် မည်သို့မျှ တုံ့ပြန်ုနိုင်စွမ်းမရှိဘဲ ထိုဓားချက်ကြောင့် လွင့်ထွက်သွားခဲ့ပြီး သွေးရောင်ဥက္ကာခဲ တစ်ခုနှယ် ကောင်းကင်ယံကနေ ပြုတ်ကျသွားခဲ့သည်။

“နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်က တကယ်ကို အစွမ်းထက်တာပဲ”

မဟာယာန အထွတ်အထိပ်အဆင့် ဖြစ်သည့် သွေးအရိပ်ဘိုးဘေးသည်ပင် ကျန်းချန်၏ ရှေ့တွင် ပြန်လည် တိုက်ခိုက်နိုင်စွမ်းမရှိသည်ကို မြင်လျှင် ရွှယ်ယွင်ထျန်း အလွန်အမင်း အံ့အားသင့်နေခဲ့သည်။

နတ်ဘုရားနယ်မြေကို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ ကျူးကျော်စဥ်တွင် အဘယ်ကြောင့် ရှုံးနိမ့်ခဲ့ရသည်ကို ယခုမှ သူ နားလည်သွားခဲ့သည်။

ဆိုရလျှင် နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ်များသည် သာမန် အသိဖြင့် တိုင်းတာ၍ မရနိုင်သည့် မွန်းစတားများ ဖြစ်နေခဲ့သည်။

“ကောင်လေး.. မင်းက ငါ့ကို နာကျင်အောင် လုပ်ရဲမှတော့ ငါမင်းရဲ့ခန္ဓာကိုယ်ကို အစိတ်စိတ်အမွှာမွှာ လုပ်ပစ်မယ်”

သွေးအရိပ်ဘိုးဘေးက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို သားရဲကြီးတစ်ကောင် အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်ထံ ပြေးဝင်လာခဲ့သည်။

ထိုသားရဲကြီးသည် သွေးရောင်ရှိပြီး မျက်ဝန်းများက သွေးကဲ့သို့ နီရဲနေကာ လူနှင့်လည်း မတူသလို မိစ္ဆာနှင့်လည်း မတူဘဲ ငရဲကနေ လာသည့် နတ်ဆိုးတစ်ကောင် ကဲ့သို့ အသွင်အပြင်မျိုး ဖြစ်နေခဲ့သည်။

“သတိထားပါ.. ဒါက သွေးအရိပ်ဘိုးဘေး ကျင့်ကြံထားတဲ့ အင်မော်တယ်သွေးမွန်းစတား ကျင့်စဥ်ပဲ”

ထိုမြင်ကွင်းကို မြင်လျှင် ရွှယ်ယွင်ထျန်းသည် အလျင်အမြန်ပင် သတိပေးလိုက်သည်။

သွေးအရိပ်ဘိုးဘေးသည် အင်မော်တယ်သွေးမွန်းစတား ကျင့်စဥ်ကို အမွေအနှစ်နယ်မြေ တစ်ခုတွင် ရရှိခဲ့ခြင်း ဖြစ်ပြီး ယင်းသည် သူ့ကို နာမည်ကျော်ကြားစေခဲ့သည့် ကျင့်စဥ်လည်း ဖြစ်သည်။

ဤအင်မော်တယ်သွေးမွန်းစတား ကျင့်စဥ်သည် ခုခံကာကွယ်ရေးတွင် အစွမ်းထက်ရုံတင်မက ပြန်လည် ကုသနိုင်စွမ်းလည်း အလွန် ကြောက်မက်ဖွယ်ရာကောင်း၏။

တစ်ချက်တည်းဖြင့် အပြတ်မရှင်းနိုင်သရွေ့ သွေးအရိပ်ဘိုးဘေးသည် မသေနိုင်သလို ဖြစ်နေပေလိမ့်မည်။

တစ်ချိန်က သွေးအရိပ်ဘိုးဘေးသည် ဤအင်မော်တယ်သွေးမွန်းစတားကျင့်စဥ်ကို အသုံးပြု၍ သူ့ထက် ကျင့်ကြံခြင်းအဆင့်မြင့်မားသည့်သူ အများအပြားကို သတ်ဖြတ်ဖူးသောကြောင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် နာမည်ကြီးခဲ့ခြင်း ဖြစ်သည်။

“ကောင်လေး ငါ့ကို ဒီအင်မော်တယ် သွေးမွန်းစတား ကျင့်စဥ်ထုတ်သုံးလာအောင် ဖိအားပေးနိုင်တာနဲ့တင် မင်းကိုယ်မင်း ဂုဏ်ယူလို့ရပြီ.. သေဖို့သာ ပြင်ထားလိုက်တော့”

စကားဆုံးသည်နှင့် သွေးအရိပ်ဘိုးဘေး အသွင်ပြောင်းထားသော အင်မော်တယ်သွေးမွန်းစတား၏ သွေးရောင်လက်သည်းကြီးသည် ကမ္ဘာကြီးကိုပင် ပိုင်းဖြတ်ပစ်နိုင်သည့် သွေးရောင်တောင်တန်းကြီး ကဲ့သို့ ကျန်းချန်ကို ဖိနှိပ်ရန် ရောက်ရှိလာခဲ့သည်။

ဤတိုက်ခိုက်မှုသည် ယွမ်ထျန်းဟွာ ကဲ့သို့ မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူများပင်လျှင် ဆုတ်ခွာရမည့် တိုက်ကွက်မျိုး ဖြစ်သည်။

သို့သော်လည်း ကျန်းချန်က လုံးဝ ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။

“ဝုန်း..”

သူ၏ ခန္ဓာကိုယ်ကနေ ဓားအလင်းများ ပေါက်ကွဲထွက်လာခဲ့ပြီး သူ၏ ကျောဘက်တွင် ကမ္ဘာကြီးကိုပင် ခြိမ်းခြောက်နိုင်လောက်သည့် ပျက်စီးခြင်း ဓားတစ်လက်သည် ချက်ချင်းဆိုသလို ပေါ်ထွက်လာခဲ့သည်။

“နတ်ခန္ဓာပုံရိပ်.. ပျက်စီးခြင်းဓား”

ကျန်းချန်က သွေးမျိုးဆက် ဆင့်ကဲ ပြောင်းလဲပြီးနောက်တွင် ပိုင်ဆိုင်ခဲ့သည့် နတ်ခန္ဓာပုံရိပ် အသစ်ကို ပထမဆုံးအကြိမ် အသုံးပြုလိုက်ခြင်း ဖြစ်သည်။

ကျန်းချန်က ပျက်စီးခြင်းဓားကို ထိန်းချုပ်လိုက်ပြီး သွေးအရိပ်ဘိုးဘေးကို ခုတ်ချလိုက်ရာ ဓားအလင်း ဖြတ်သန်းသွားသော နေရာတိုင်းသည် ပရမ်းပတာ ဖြစ်သွားခဲ့သည်။

ကျန်းချန်၏ အစွမ်းထက်ဓားချက်ကို ခံစားမိလျှင် သွေးအရိပ်ဘိုးဘေးသည် ပင်ကိုဗီဇအရ အန္တရာယ်ရှိမှန်း ခံစားမိခဲ့ပြီး အလျင်အမြန် ဆုတ်ခွာလိုက်သည်။

သို့ရာတွင် သူ၏ အရှိန်အဟုန်က မြန်ဆန်သော်လည်း ပျက်စီးခြင်း ဓားအလင်းက ပို၍ မြန်ဆန်နေခဲ့၏။

သွေးအရိပ်ဘိုးဘေး ကောင်းစွာ နောက်မဆုတ်ရသေးခင်မှာပင် ဓားအလင်းသည် သူ၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။

သူ၏ ပခုံးရှိ အစိတ်အပိုင်း အများစုက ပျက်စီးခြင်းဓားအလင်းကြောင့် တိုက်ရိုက်ပင် ပျက်စီးသွားခဲ့ပြီး သွေးများက ဒဏ်ရာကနေ ရေပန်းကဲ့သို့ ပန်းထွက်လာခဲ့သည်။

အခန်း(၂၆၁၂)ပြီး၏။

All Chapters