အခန်း (၂၆၁၃-၂၆၁၄)
Vol. 202 Ch. 2613-2614
အခန်း(၂၆၁၃)
သွေးအရိပ်ဘိုးဘေးက သူ၏ အခြေအနေကို မနည်းပင် ပြန်လည် ထိန်းချုပ်လိုက်ရသည်။
သူ၏ ခန္ဓာကိုယ်မှ သွေးစွမ်းအားများက ဒဏ်ရာရရှိသည့်နေရာသို့ စီးဆင်းသွားခဲ့ရာ ဒဏ်ရာများသည် လျင်မြန်စွာ ပြန်လည် ကောင်းမွန်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်းချန်၏ မျက်ဝန်းထဲ၌ အံ့အားသင့်သော အရိပ်အယောင်များ ယှက်သန်းသွားခဲ့၏။
အင်မော်တယ် သွေးမွန်းစတား ကျင့်စဥ်၏ ပြန်လည် ကုသနိုင်စွမ်းသည် သူယခင်က ကြုံတွေ့ခဲ့ဖူးသည့် အင်မော်တယ်ကောင်းကင်ကျင့်စဥ်ထက်ပင် သိပ်မနိမ့်ကျပေ။
“ကောင်လေး မင်းဘယ်လောက်ပဲ အနှိုင်းမဲ့ အစွမ်းထက်နေပါစေ.. အင်မော်တယ်သွေးမွန်းစတား မသေသရွေ့ မင်းငါ့ကို သတ်လို့မရဘူး”
သွေးအရိပ်ဘိုးဘေးက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်၍ ပြောလိုက်သည်။
“ဒီလိုမျိုး တိုက်ခိုက်မှုကို မင်းဘယ်နှစ်ကြိမ်လောက် ထပ်လုပ်နိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်”
အင်မော်တယ် သွေးမွန်းစတား ကျင့်စဥ်သည် သွေးအရိပ်ဘိုးဘေး အတွက် အားအထားရဆုံးကျင့်စဥ် ဖြစ်သည်။
တစ်ချိန်က သူသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို လှည့်လည်ရင်း သူ့ထက် စွမ်းအားများစွာ သာလွန်သည့် ပြိုင်ဘက်များကို တစ်ကြိမ်ထက်မက ရင်ဆိုင်ခဲ့ဖူးသည်။
အဆုံးသတ်တွင် သူက အင်မော်တယ် သွေးမွန်းစတား ကျင့်စဥ်၏ အစွမ်းထက် ပြန်လည် ကုသနိုင်စွမ်းကို အသုံးချကာ ပြိုင်ဘက်၏ အင်အားကို တဖြည်းဖြည်း ကုန်ခမ်းစေပြီးမှ ပြန်လည်တိုက်ခိုက်ကာ အနိုင်ယူနိုင်ခဲ့၏။
သူ၏ရှေ့ရှိ ပြင်ပစကြဝဠာမှာ ဆန်းကြယ်သော လူငယ်သည် သွေးအရိပ်ဘိုးဘေး၏ တစ်သက်တာတွင် ကြုံတွေ့ဖူးသမျှ ပြိုင်ဘက် ထဲ၌ အစွမ်းအထက်ဆုံး ပြိုင်ဘက် ဖြစ်သည်။
သို့သော်လည်း သွေးအရိပ်ဘိုးဘေးသည် သူ၏ အင်မော်တယ် သွေးမွန်းစတားကျင့်စဥ် အပေါ်တွင် အပြည့်အဝ ယုံကြည်မှု ရှိနေဆဲပင်။
“ခင်ဗျား ကျင့်ကြံထားတဲ့ အင်မော်တယ် သွေးမွန်းစတား ကျင့်စဥ်က ငါမြင်ဖူးတဲ့ အင်မော်တယ်ကောင်းကင် ကျင့်စဥ်ထက် အများကြီး နိမ့်ကျတယ်.. ငါက အင်မော်တယ်ကောင်းကင်ကျင့်စဥ် ကျင့်တဲ့ သူတွေကိုတောင် သတ်ခဲ့တာ.. ခင်ဗျားလိုကောင်မျိုးလောက်ကို ပြောမနေနဲ့တော့”
ကျန်းချန်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။
သွေးအရိပ်ဘိုးဘေး၏ အင်မော်တယ်သွေးမွန်းစတား ကျင့်စဥ်သည် ပြန်လည်ကုသနိုင်စွမ်း အလွန်တရာ ကောင်းမွန်သော်လည်း သူယခင်က ကြုံတွေ့ခဲ့ဖူးသော အင်မော်တယ်ကောင်းကင်ကျင့်စဥ်သည် စစ်မှန်သော အင်မော်တယ်ကျင့်စဥ် ဖြစ်သည်။
ထိုကျင့်စဥ်က အမှုန်အမွှားအဖြစ် ချေမှုန်းခံရလျှင်ပင် ချက်ချင်းဆိုသလို ပြန်လည် သက်သာလာနိုင်ပေသည်။
ထို့အပြင် အင်မော်တယ်ကောင်းကင် ကျင့်စဥ်ကို ကျင့်ကြံသူသည် ဒဏ်ရာအပြင်းအထန်ရရှိလေ၊ အင်အားပို၍ ကောင်းမွန်လာလေ ဖြစ်သည်။
သို့ဖြစ်ရာ သွေးအရိပ်ဘိုးဘေး၏ အင်မော်တယ်သွေးမွန်းစတား ကျင့်စဥ်သည် အင်မော်တယ်ကောင်းကင် ကျင့်စဥ်နှင့် မည်ကဲ့သို့ နှိုင်းယှဥ်နိုင်ပါမည်နည်း။
သို့ရာတွင် အင်မော်တယ်သွေးမွန်းစတား ကျင့်စဥ်သည် အင်မော်တယ်ကောင်းကင် ကျင့်စဥ်ကို မမီသော်လည်း သွေးအရိပ်ဘိုးဘေး၏ မဟာယာန အထွတ်အထိပ်အဆင့် စွမ်းအားဖြင့် ပေါင်းစပ်လိုက်လျှင် ဤအင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာတွင် သွေးအရိပ်ဘိုးဘေးကို သတ်နိုင်မည့်သူ အမှန်တကယ် ရှိတော့မည် မဟုတ်ပေ။
ကျန်းချန်၏ လက်ရှိခွန်အားဖြင့်ပင်လျှင် သွေးအရိပ်ဘိုးဘေးကို သတ်နိုင်ရန် အတွက် အတော်လေး အားထုတ်ရလိမ့်မည် ဖြစ်သည်။
“တော်တော် လေလုံးထွားတဲ့ကောင်ပဲ.. မင်းငါ့ကို ဘယ်လိုသတ်မလဲဆိုတာ ငါကြည့်ချင်သေးတယ်”
သွေးအရိပ်ဘိုးဘေး လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
ထိုကောင်လေး၏ အင်အားက သန်မာသော်လည်းသူ၏ အင်မော်တယ်သွေးမွန်းစတားကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်ရန် မဖြစ်နိုင်ဟု သူထင်ခဲ့သည်။
အင်မော်တယ်သွေးမွန်းစတား မပျက်စီးသရွေ့ သူမည်မျှပင် ပြင်းထန်စွာ ထိခိုက်စေကာမူ လျင်မြန်စွာ ပြန်လည် သက်လာနိုင်သည် ဖြစ်ရာ သူ့ကို မည်သူမျှ သတ်နိုင်မည် မဟုတ်ချေ။
“မင်းကို သတ်ရတာ နည်းနည်းတော့ လက်ပေါက်ကပ်တယ်.. ငါ ဒီမှာ မင်းနဲ့ အချိန်မဖြုန်းချင်တော့ဘူး”
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ အင်မော်တယ်ကျောက်တိုင်သည် သူ၏ လက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။
သူက သွေးအရိပ်ဘိုးဘေး၏ အင်မော်တယ်သွေးမွန်းစတားကို တိုက်ခိုက်ရင်း အင်အားများစွာ အကုန်မခံလိုခဲ့ပေ။
ထို့အပြင် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းမှ လူများသည် သွေးနတ်ဆိုးဂိုဏ်း ဆီသို့ သိပ်မကြာခင် ရောက်လာနိုင်သောကြောင့် သူ၏ အင်အားကို တတ်နိုင်သမျှ ချန်ထားရလိမ့်မည် မဟုတ်ပါလား။
ထို့ကြောင့် ကျန်းချန်က သွေးအရိပ်ဘိုးဘေးနှင့် အပြင်းအထန်တိုက်ပွဲဝင်မနေတော့ဘဲ အင်မော်တယ်ကျောက်တိုင်၏ အကျဥ်းသားစွမ်းအားကို အသုံးချကာ သွေးအရိပ်ဘိုးဘေးကို ချုပ်နှောင်ရန် ပြင်ဆင်လိုက်သည်။
ကျန်းချန်၏ လှုံ့ဆော်မှုအောက်တွင် အင်မော်တယ်ကျောက်တိုင်ကနေ တောက်ပသော အင်မော်တယ် အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ကိုပင် ဖုံးလွှမ်းသွားသည့် ပေတစ်သောင်း အမြင့်ရှိ ကျောက်တိုင်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“အကျဥ်းသားစွမ်းအား.. ဖိနှိပ်စမ်း”
ကျန်းချန်က လက်ဟန်တချို့ကို လျင်မြန်စွာ ပြုလုပ်လိုက်ပြီး အကျဥ်းသားစွမ်းအားကို လှုံ့ဆော်ကာ သွေးအရိပ်ဘိုးဘေး၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်သည်။
“ဒါ.. ဒါက အင်မော်တယ်လက်နက်ပဲ.. မင်း.. မင်းက ဒဏ္ဍာရီလာ အင်မော်တယ်လက်နက်ကို ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်ထားတာလဲ”
အင်မော်တယ်ကျောက်တိုင်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်စွမ်းအားကို မြင်လျှင် သွေးအရိပ်ဘိုးဘေးသည် အဆုံးသတ်၌ ထိတ်လန့်တကြား ရေရွတ်လိုက်သည်။
သူက သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို သွေးစွမ်းအားများဖြင့် ဖုံးလွှမ်းလိုက်ပြီး ဧရာမသွေးဓားကြီး အဖြစ်သို့ ပြောင်းလဲကာ အကျဥ်းသားစွမ်းအားကနေ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း သူလုပ်သမျှ အရာအားလုံးသည် အချည်းနှီးသာ ဖြစ်သွားခဲ့သည်။
ယခုအခါ ကျန်းချန်သည် အုပ်စိုးသူ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ အကျဥ်းသားစွမ်းအားကို အသုံးပြုမည်ဆိုလျှင် အစစ်အမှန် အင်မော်တယ် ဆင်းသက်လာမှသာလျှင် ခုခံနိုင်ပေလိမ့်မည်။
သွေးအရိပ်ဘိုးဘေး၏ အင်မော်တယ် သွေးမွန်းစတားသည် အကျဥ်းသားစွမ်းအား၏ အောက်တွင် သိသိသာသာပင် သေးငယ်သွားခဲ့ပြီး အဆုံးသတ်၌ သွေးရောင်အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ထက်ရှိ ပေတစ်သောင်းအမြင့်ရှိသော အင်မော်တယ်ကျောက်တိုင်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
“ချန်ကျဲ.. ထိပ်တန်း အထင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ထားပါ. အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာကနေ အချိန်မရွေးဆုတ်ခွာဖို့ အတွက် အသင့်ပြင်ထားလိုက်တော့”
ကျန်းချန်က အင်မော်တယ် ကျောက်တိုင်ကို ပြန်လည်သိမ်းဆည်းလိုက်ပြီးနောက်တွင် ရွှယ်ချန်ကျဲကို အမိန့်ပေးလိုက်သည်။
ထို့နောက်တွင် ကောင်းကင်ယံရှိ သူ၏ပုံရိပ်သည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
“သွေးအရိပ်ဘိုးဘေးက ဒီလိုပဲ နှိမ်နင်းခံလိုက်ရတယ်လား”
ရွှယ်ယွင်ထျန်းက သူ့ရှေ့မှ အခြေအနေကို မှင်တက်စွာ စိုက်ကြည့်နေရင်း စိတ်ထဲတွင် ခါးသီးစွာ ပြုံးလိုက်သည်။
နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ်သည် မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူကို နှိမ်နင်းနိုင်သည့် စွမ်းရည်ရှိရုံတင်မက ဆန်းကြယ်သော ဝှက်ဖဲများလည်း ရှိနေခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းထောင်ချီ ကတည်းက အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာကို ကိုင်လှုပ်ခဲ့သော သွေးအရိပ်ဘိုးဘေးသည်ပင် သူ၏ ရှေ့တွင် ဘာမှ မတတ်နိုင်ခဲ့ပေ။
ရွှယ်ယွင်ထျန်းတွင် ကြိုတင်ခန့်မှန်းချက် တစ်ခု ရှိနေခဲ့သည်။
ယင်းမှာ တစ်နေ့နေ့တွင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးသည် နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ် ခြေဖဝါးအောက်တွင် အညံ့ခံရလိမ့်မည် ဟူ၍ပင်။
-----------------------
သွေးဓားအင်မော်တယ်ဂိုဏ်း၏ ပင်မခန်းမတွင် ကျန့်ချုံရှန်းဦးဆောင်သော သွေးဓားအင်မော်တယ်ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲများသည် အစည်းအဝေး ပြုလုပ်နေကြသည်။
ကျန့်ချုံရှန်းက ခန်းမထဲရှိ ကျင့်ကြသူများကို ဝေ့ကြည့်လိုက်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အားလုံးပဲ အခုလေးတင် သတင်းရတယ်.. ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းက ကျင့်ကြံသူတွေက ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေကို မကြာခင် ရောက်လာတော့မယ်တဲ့.. ငါ့အထင် သွေးနတ်ဆိုးဂိုဏ်း ပျက်စီးဖို့ လက်တစ်ကမ်းစာလောက်ပဲ လိုတော့တယ်”
ကျန့်ချုံရှန်း၏ စကားအဆုံးတွင် သွေးဓားအင်မော်တယ်ဂိုဏ်းမှ အဆင့်မြင့် အကြီးအကဲ အားလုံး၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
သွေးနတ်ဆိုးဂိုဏ်း ခွဲထွက်သွားပြီးနောက်တွင် သွေးဓားအင်မော်တယ်ဂိုဏ်းသည် အကြီးအကျယ် အားနည်းသွားခဲ့ပြီး တစ်နေ့ထက် တစ်နေ့ အခြေအနေ ပိုမို ဆိုးရွားလာခဲ့ကာ သွေးနတ်ဆိုးဂိုဏ်း၏ ဖိနှိပ်မှုကို အမြဲတစေ ခံခဲ့ရသည်။
ဆိုရလျှင် သွေးဓားအင်မော်တယ်ဂိုဏ်းသည် ပျက်စီးလုနီးပါး အခြေအနေသို့ပင် ရောက်ရှိခဲ့၏။
ယခုအခါတွင် သွေးနတ်ဆိုးဂိုဏ်းသည် နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ်နှင့် ပူးပေါင်းလိုက်ခြင်းကြောင့် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ ဘုံရန်သူ ဖြစ်သွားခဲ့ရာ ပျက်စီးရန် သေချာသွားခဲ့ချေပြီ။
ရှင်းလင်းစွာဆိုရလျှင် သူတို့ သွေးဓားအင်မော်တယ်ဂိုဏ်းသည် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေကို ပြန်လည်ထိန်းချုပ်ကာ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲသို့ ပြန်လည် ဝင်ရောက်နိုင်ရန်မှာ လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
“ကျန်းချန်က နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ် ဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
ကျန့်ဝူရွှယ်က ခပ်တိုးတိုး ပြောလိုက်သည်။
“ဘိုးဘေး ကျွန်တော်တို့ အဲဒီကောင်နဲ့ အရင်က ပူးပေါင်းခဲ့ဖူးတာ ဆိုတော့ ဒီပြဿနာက ကျွန်တော်တို့ ဘက်ကို လှည့်လာမှာ စိုးရိမ်မိတယ်”
“မစိုးရိမ်ပါနဲ့ ဒီအကြောင်းကို လူသိပ်မသိပါဘူး.. ဒါ့အပြင် သူက နတ်ဘုရားနယ်မြေက လာတာဆိုတာ ငါတို့ မသိခဲ့ဘူးလေ.. ငါတို့အနေနဲ့ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းနဲ့ ပူးပေါင်းပြီး သွေးနတ်ဆိုးဂိုဏ်းကို ရှင်းပစ်လိုက်မယ်ဆိုရင် ဘာပြဿနာမှ ရှိတော့မှ မဟုတ်ဘူး”
ကျန့်ချုံရှန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ချက်ချင်းသွားပြီး ပြင်ဆင်ထားလိုက်.. ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းက ကျင့်ကြံသူတွေ ရောက်လာတာနဲ့ ငါတို့ သွေးဓားအင်မော်တယ်ဂိုဏ်းက သွေးနတ်ဆိုးဂိုဏ်းကို ဝင်တိုက်မယ်”
“အမိန့်အတိုင်းပါ”
အကြီးအကဲများက ပြန်ဖြေလိုက်ကြပြီး ခန်းမထဲကနေ ထွက်ခွာရန် ပြင်လိုက်သည်။
သို့သော်လည်း ထိုအချိန်မှာပင် သွေးဓားအင်မော်တယ်ဂိုဏ်းမှ တပည့် တစ်ယောက်သည် ခန်းမထဲကို အပြေးအလွှားဝင်ရောက်လာခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ကျန့်ဝူရွှယ်သည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ကျန့်ချန်း.. ဘာကိစ္စဖြစ်လို့ အလောတကြီး ပြေးလာရတာလဲ”
ကျန့်ချန်းဟု အမည်ရသည့် သွေးဓားအင်မော်တယ်ဂိုဏ်းမှ တပည့်က အလျင်အမြန်ပင် ပြောလိုက်သည်။
“ဂိုဏ်းချုပ် သိပ်မကြာခင်ကပဲ သွေးအရိပ်ဘိုဘေးက သွေးနတ်ဆိုးဂိုဏ်းကို ပြန်ရောက်လာပြီး နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်နဲ့ တိုက်ပွဲ ဖြစ်ခဲ့တယ်.. သွေးအရိပ်ဘိုးဘေးက လူသားဧကရာဇ်ရဲ့ လက်ထဲမှာ အလွယ်တကူပဲ နှိမ်နင်းခံလိုက်ရတယ်”
ကျန့်ချန်း၏ စကားကိုကြားလျှင် ခန်းမတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။
သွေးအရိပ်ဘိုးဘေး ဆိုသည်မှာ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် နာမည် ကျော်ကြားခဲ့သည့် အထွတ်အထိပ် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။
ဤမျှ အစွမ်းထက်သည့် မွန်းစတားအိုကြီးသည်ပင် နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ်၏ လက်ထဲတွင် အလွယ်တကူ နှိမ်နင်းခံလိုက်ရသည်မှာ မယုံကြည်နိုင်စရာ ကောင်းနေခဲ့သည်။
အခန်း(၂၆၁၃)ပြီး၏။
အခန်း(၂၆၁၄)
“စီနီယာ.. သွေးအရိပ်ဘိုးဘေးက နှစ်ပေါင်းထောင်ချီကြာတဲ့အထိ လောကထဲကို ထွက်မလာခဲ့ဘူး.. သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က မဟာယာန အထွတ်အထိပ် အဆင့်ကို ရောက်နေပြီလို့ ကျွန်တော်ထင်တယ်.. ဒါ့အပြင် သွေးအရိပ်ဘိုးဘေးက အင်မော်တယ် သွေးမွန်းစတား ကျင့်စဥ်ကို ကျင့်ကြံထားတယ်.. ဒါတောင်မှ သွေးအရိပ်ဘိုးဘေးက နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ် နှိမ်နင်းခြင်းကို ခံလိုက်ရတယ် ဆိုတော့ ကြည့်ရတာ နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်ကို ကိုင်တွယ်ဖို့က သိပ်မလွယ်လောက်ဘူး ထင်တယ်”
ကျန့်ဝူရွှယ်က မှင်တက်ရာကနေ ပြန်လည် သတိဝင်လာပြီးနောက်တွင် လေးနက်စွာ ပြောလိုက်သည်။
ကျန့်ချုံရှန်းက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်ကို ရင်ဆိုင်ဖို့ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်း ရှိနေတာပဲ...ငါတို့ သွေးဓားအင်မော်တယ် ဂိုဏ်းအနေနဲ့ စိုးရိမ်စရာ မလိုပါဘူး”
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းသည် အလွန်တရာပင် အင်အားကြီးမားသည်။
အထူးသဖြင့် ဟွမ်ယွမ်ဓားဂိုဏ်း ဦးဆောင်သည့် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး သုံးဂိုဏ်း၏ အင်အားသည် မှန်းဆ၍ မရလောက်အောင် နက်ရှိင်း၏။
နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ် ကျန်းချန်က မည်မျှပင် အစွမ်းထက်နေပါစေ၊ အင်မော်တယ် မဖြစ်သေးသရွေ့ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပေ။
ဤသို့ဖြင့်ပင် ကျန့်ချုံရှန်း၏ ဦးဆောင်မှုအောက်တွင် သွေးဓားအင်မော်တယ်ဂိုဏ်းသည် သွေးနတ်ဆိုးဂိုဏ်းကို အချိန်မရွေး တိုက်ခိုက်ရန် အတွက် အသင့်ပြင်ထားခဲ့ကြသည်။
အချိန်များက တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပြီး မသိလိုက်မသိဘာသာဖြင်ပင် ရက်အနည်းငယ်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ယနေ့တွင်မူ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းမှ ကျင့်ကြံသူများသည် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေဆီသို့ အဆုံးသတ်တွင် ရောက်ရှိလာခဲ့ကြသည်။
ထိုသတင်းကို ရသည်နှင့် ကျန့်ချုံရှန်းသည် သွေးဓားအင်မော်တယ်ဂိုဏ်းမှ တပည့်ထောင်ချီကို ဦးဆောင်ကာ သွေးနတ်ဆိုးဂိုဏ်း ဆီသို့ ချီတက်လာခဲ့သည်။
နာရီဝက်ခန့်အကြာတွင် ကျန့်ချုံရှန်း ဦးဆောင်သော သွေးဓားအင်မော်တယ်ဂိုဏ်းမှ လူများသည် သွေးနတ်ဆိုးဂိုဏ်း၏ ဂိတ်တံခါးဝ အရှေ့ထိ ရောက်ရှိလာခဲ့သည်။
“ကျန့်ချုံရှန်း.. သွေးနတ်ဆိုးဂိုဏ်းနဲ့ သွေးဓားအင်မော်တယ်ဂိုဏ်းတို့ကြားမှာ တစ်ဖက်နဲ့တစ်ဖက် မကျူးကျော်ကြေးလို့ ငါ မင်းကို ပြောထားဖူးတယ် ထင်တယ်.. အခု မင်းက ဘာသဘောနဲ့ မင်းရဲ့လူတွေနဲ့ အတူ သွေးနတ်ဆိုးဂိုဏ်းဆီ ရောက်လာရတာလဲ”
သွေးနတ်ဆိုးဂိုဏ်း၏ အထက် ကောင်းကင်ယံတွင် ကျန်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါ ရပ်နေခဲ့ပြီး ဂိုဏ်းအပြင်ဘက်ရှိ ထောင်ချီသော လူအုပ်ကြီးကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။
ကျန့်ချုံရှန်းက အေးစက်စက် ပြုံးလိုက်၏။
“ကျန်းချန်.. မင်းက နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်ပဲ.. အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ လူတိုင်းက မင်းကို သတ်ဖြတ်ပိုင်ခွင့်ရှိတယ်.. ငါတို့ သွေးဓားအင်မော်တယ်ဂိုဏ်းကလည်း အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ အစိတ်အပိုင်းတစ်ခု ဆိုမှတော့ တာဝန်ကျေအောင် လုပ်ရမှာပဲ”
“ဒီလိုမျိုးဆင်ခြေတွေ ပေးနေတာ မင်းမရှက်ဘူးလား”
ကျန်းချန်က မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။
“တကယ်လို့ ငါသာ မင်းတို့ သွေးဓား အင်မော်တယ်ဂိုဏ်းကို အကူအညီ မပေးခဲ့ရင် မင်းတို့ဂိုဏ်းက ဒီနေ့လို အခြေအနေမျိုး ရှိနိုင်ပါ့မလား”
ထိုစကားကိုကြားလျှင် ကျန့်ချုံရှန်း၏ အမူအရာက အေးစက်သွားခဲ့သည်။
“ကျန်းချန် မင်း အပိုစကားတွေ ပြောမနေနဲ့တော့.. ဒီနေ့က မင်းနဲ့ သွေးနတ်ဆိုးဂိုဏ်း ဇာတ်သိမ်းရမဲ့နေ့ပဲ”
“မင်းတို့ ပုရွက်ဆိတ်လေးတွေကများ ငါ့ကို ယှဥ်နိုင်မယ်လို့ ထင်နေလား”
ကျန်းချန်က ကျန့်ချုံရှန်းကို အထင်သေးသော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ငါက မင်းတို့ သွေးဓားအင်မော်တယ်ဂိုဏ်းကို အသက်ပြန်သွင်းပေးနိုင်သလို ပျက်စီးအောင်လည်း လုပ်နိုင်တယ်”
စကားဆုံးသည်နှင့် ကြောက်မက်ဖွယ်ရာကောင်းသော အုပ်စိုးသူအဆင့် စွမ်းအားများသည် သူ၏ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲထွက်လာခဲ့သည်။
ကျန်းချန်က တိုက်ခိုက်ရန် ပြင်လိုက်သည့် အချိန်မှာပင် အေးစက်စက် စကားသံ တစ်သံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။
“လူသားဧကရာဇ်.. မင်းက ငါတို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက လူကိုတောင် ထိရဲတယ် ဆိုတော့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာ မင်းကို ယှဥ်နိုင်တဲ့သူ မရှိတော့ဘူးလို့ ထင်နေတာလား”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် မှေးကျဥ်းသွားခဲ့ပြီး ဟင်းလင်းပြင်တစ်နေရာ ဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် မည်သည့် အချိန်ကတည်းက ရောက်ရှိနေမှန်း မသိရသည့် ကြောက်မက်ဖွယ် အရှိန်အဝါများကို ပိုင်ဆိုင်ထားသော လူသုံးဦး ရှိနေခဲ့သည်။
ထိုသုံးဦး၏ အရှိန်အဝါသည် ယွမ်ထျန်းဟွာ၏ အရှိန်အဝါထက် မနိမ့်ကျပေ။
၎င်းတို့အားလုံးသည် မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူများ ဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။
ထိုသုံးယောက် ပေါ်လာပြီး သိပ်မကြာခင်မှာပင် နောက်ထပ်လူခြောက်ယောက်သည် ၎င်းတို့ နောက်ကနေ ပေါ်လာခဲ့သည်။
ထိုခြောက်ယောက်သည် မဟာယာန နှောင်းပိုင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။
ကျန်းချန် သိမ်းသွင်းထားသော သွေးနတ်ဆိုးဂိုဏ်းမှ လွဲလျှင် ကျန်ရှိသည့် အင်မော်တယ်ဂိုဏ်းကြီး ကိုးဂိုဏ်းစလုံးသည် ကျင့်ကြံသူ တစ်ယောက်ချင်းစီကို စေလွှတ်လိုက်ကြခြင်းဖြစ်သည်။
ထိုကိုးယောက်သည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ကိုးဂိုဏ်း၏ ဂိုဏ်းချုပ်များ သို့မဟုတ် အကြီးအကဲချုပ်များ ဖြစ်ကြပြီး အားလုံးသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် နာမည်ကျော် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
“ခင်ဗျားက ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်မယ်ထင်တယ်”
ကျန်းချန်က တစ်ဖက်အဖွဲ့ကို ခေါင်းဆောင်လာသည့် ယွမ်ဝမ်ကျန့်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ သုံးယောက်နဲ့ မဟာယာန နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ခြောက်ယောက်တောင် ဆိုတော့ မင်းတို့က ငါ့ကို တော်တော် အလေးထားတာပဲ”
“မင်းက နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ် ဆိုတော့ ဒီလိုအလေးထားခံရဖို့ ထိုက်တန်ပါတယ်”
ယွမ်ဟွမ်ကျန့်က ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“လူသားဧကရာဇ်.. စကားကို လိုရင်းပဲ ပြောကြရအောင်”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။
“မင်းတို့ တိုက်ချင်တယ် ဆိုရင် ငါက အဖော်ပြုပေးဖို့ အသင့်ပဲ”
သူ့ရှေ့မှ သုံးယောက်သည် မဟာယာန အထွတ်အထိပ်အဆင့် ဖြစ်သော်လည်း သူ့အနေဖြင့် အကျဥ်းသားစွမ်းအားကို အစွမ်းကုန် အသုံးချမည် ဆိုလျှင် ၎င်းတို့ကို နှိမ်နင်းနိုင်ရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
ယွမ်ဟွမ်ကျန့်က အေးစက်စက် ပြောလိုက်သည်။
“အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာကနေ ချက်ချင်းထွက်သွားပေးပါ.. ဒီလိုမှမဟုတ်ရင် မင်းက အင်မော်တယ်ဆက်သွယ်ခြင်း ပညာရပ်ကို တတ်မြောက်ထားရင်တောင် ငါတို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက မင်းကို အစွမ်းကုန်တိုက်ခိုက်သွားမယ်”
ထိုစကားကိုကြားလျှင် ကျန်းချန် အံ့အားသင့်သွားခဲ့သည်။
ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းသည် ကြယ်စကြဝဠာနှင့် စစ်ပွဲ မဆင်နွှဲခင် သူ့ကို အပြတ်ရှင်းရန် လာသည်ဟု မူလက သူထင်ထားခဲ့သည်။
သို့သော်လည်း ၎င်းတို့သည် သူ့ကို အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာကနေ ထွက်ခွာခိုင်းရုံသာ ဖြစ်နေခဲ့သည်။
ထိုလူများသည် ဟွမ်ယွမ်သူတော်စင်မြို့တော်တွင် သူအသုံးပြုခဲ့သည့် အပြာရောင်ဧကရာဇ် ဓားကွက်ကို သူ ထင်ထားသည်ထက်ပင် ပို၍ ကြောက်နေကြသည်မှာ ထင်ရှားနေခဲ့သည်။
“ကောင်းပြီလေ.. သုံးရက်အတွင်း ငါ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာကနေ ထွက်သွားပေးမယ်”
ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ ယွမ်ဝမ်ကျန့်ကို တိကျသော အဖြေတစ်ခု ပေးလိုက်သည်။
သူက ဤအချိန်တွင် ယွမ်ဝမ်ကျန့်တို့နှင့် တိုက်ခိုက်ရန် စိတ်ကူးမရှိခဲ့ပေ။
ယွမ်ဝမ်ကျန့်တို့က သူ့ကို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကနေ ထွက်သွားဖို့သာ လိုလားနေသည် ဖြစ်ရာ ယင်းသည် ကျန်းချန် အတွက် ငြင်းစရာအကြောင်း မရှိပေ။
ကြယ်စကြဝဠာသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ကျူးကျော်တော့မည် ဖြစ်၍ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ အနေဖြင့် နတ်ဘုရားနယ်မြေကို တိုက်ခိုက်ရန် အင်အားမရှိတော့ချေ။
စကြဝဠာနှစ်ခုကြားရှိ စစ်ပွဲစတင်လိုက်သည် ဆိုလျှင် အချိန်တိုအတွင်း ပြီးဆုံးမည် မဟုတ်ပေ။
ဤအချိန်ကို အခွင့်ကောင်းယူကာ နတ်ဘုရားနယ်မြေကို ပြန်ခြင်းသည်လည်း ကောင်းမွန်သောကိစ္စပင် မဟုတ်ပါလား။
“ကောင်းပြီလေ ဒါဆိုမင်းကို အချိန်သုံးရက်ပေးမယ်”
ထိုစကားကို ပြောပြီးသည်နှင့် ယွမ်ဝမ်ကျန့်တို့ လူစုသည် ကျန်းချန်တို့၏ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။
သို့သော်လည်း ယွမ်ဝမ်ကျန့် တို့သည် အမှန်တကယ် ထွက်မသွားဘဲ အမှောင်ထဲတွင် ပုန်းအောင်းနေသည်ကို ကျန်းချန် ခံစားမိခဲ့သည်။
ထိုလူများသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကနေ သူထွက်သွားသည်ကို အသေအချာ မြင်ရသောအခါမှ စိတ်အေးလက်အေး ထွက်သွားကြမည့်ပုံ ရသည်။
ကျန်းချန်က သူတို့ကို ဂရုစိုက်မနေတော့ဘဲ သွေးနတ်ဆိုးဂိုဏ်းထဲကို ချက်ချင်းပင် ပြန်လာခဲ့ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကနေ ထွက်ခွာရန်အတွက် ရွှယ်ချန်ကျဲနှင့် ဆွေးနွေးခဲ့သည်။
“စီနီယာ.. ထိပ်တန်းအင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းက ဘာမှလည်း မတိုက်ကြပါလား.. ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ”
ထိုမြင်ကွင်းကိုကြည့်ကာ ကျန့်ချုံရှန်း၏ နံဘေးရှိ ကျန့်ဝူရွှယ်သည် ခပ်တိုးတိုး မေးလိုက်သည်။
ကျန့်ချုံရှန်းက အနည်းငယ် စဥ်းစားပြီးမှ ပြန်ဖြေလိုက်သည်။
“စောင့်ကြည့်ကြတာပေါ့.. သေချာတာက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာ သွေးနတ်ဆိုးဂိုဏ်း အတွက် နေရာမရှိတော့ဘူး.. သူတို့က သုံးရက်အတွင်း ကျန်းချန်နဲ့အတူ ထွက်သွားကြလိမ့်မယ်.. သူတို့ ထွက်ခွာသွားတာနဲ့ ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေက ငါတို့ သွေးဓားအင်မော်တယ်ဂိုဏ်းရဲ့ ကမ္ဘာ ဖြစ်သွားပြီပဲ”
နောက်ထပ် သုံးရက်အတွင်း ရွှယ်ချန်ကျဲသည် သွေးနတ်ဆိုးဂိုဏ်းမှ တပည့်များနှင့်အတူ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကနေ ထွက်ခွာရန် ပြင်ဆင်နေကြသည်။
အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာကနေ ထွက်မသွားချင်သည့် လူများကိုမူ ရွှယ်ချန်ကျဲသည် အရင်းအမြစ်အချို့ ပေးကာ ဂိုဏ်းကနေ ထွက်ခွာခွင့် ပေးခဲ့သည်။
သွေးနတ်ဆိုးဂိုဏ်းကနေ ယူသွားလို့ရသည့် အရင်းအမြစ် အားလုံးကိုမူ ရွှယ်ချန်ကျဲသည် အကုန်အစင် သိမ်းယူသွားခဲ့၏။
ဤသို့ဖြင့် သုံးရက်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ယနေ့တွင် ရွှယ်ချန်ကျဲနှင့် တခြားသူများသည် အားလုံးပြင်ဆင်ပြီးသည်နှင့် ကျန်းချန်၏ ဦးဆောင်မှုအောက်ကနေ ကြယ်တာရာ စစ်သင်္ဘောပေါ်ကို တက်လိုက်ကြပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကနေ ထွက်ခွာလာခဲ့ကြသည်။
“ငါတို့ အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် လုပ်ခဲ့တဲ့ နတ်ဘုရားနယ်မြေကနေ ဒီလောက်အထိ ကြောက်ဖို့ကောင်းတဲ့ လူသားဧကရာဇ်တစ်ပါး ပေါ်ထွက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
ကျန်းချန် ထွက်ခွာသွားသည့်ဘက်ကို ငေးကြည့်ရင်း ကူကျန့်ကျွင်း သက်ပြင်းချကာ ရေရွတ်လိုက်သည်။
ယခုအခါတွင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာနှင့် ကြယ်စကြဝဠာကြားမှ စစ်ပွဲသည် စတင်တော့မည် ဖြစ်သလို နတ်ဘုရားနယ်မြေတွင်လည်း ဤကဲ့သို့ အနှိုင်းမဲ့ ကျင့်ကြံသူတစ်ယောက် ရှိနေသောကြောင့် သူတို့ အနေဖြင့် နတ်ဘုရားနယ်မြေကို နောက်တစ်ကြိမ် ထပ်မံ ကျူးကျော်လာပြီး ဒဏ္ဍာရီလာ အင်မော်တယ် ကျောက်တိုင်ကို ရှာဖွေဖို့ ဆိုသည်မှာ လွယ်ကူမည် မဟုတ်တော့ပေ။
အခန်း(၂၆၁၄)ပြီး၏။