← Chapters

အခန်း (၂၆၁၅-၂၆၁၆)

Vol. 202 Ch. 2615-2616

အခန်း (၂၆၁၅-၂၆၁၆)

Vol. 202 Ch. 2615-2616

အခန်း(၂၆၁၅)

အဆုံးမဲ့ ကြယ်တာရာ ကောင်းကင်ယံတွင် မှိန်ဖျော့ဖျော့ သွေးရောင်များ ဖုံးလွှမ်းနေသည့် ပေထောင်ချီ ရှည်လျားသော ဧရာမ ကြယ်တာရာစစ်သင်္ဘောကြီး တစ်စင်းသည် အရှိန်အဟုန်ဖြင့် ဖြတ်သန်း မောင်းနှင်နေခဲ့သည်။

ကြယ်တာရာ စစ်သင်္ဘော၏ ဦးပိုင်းတွင် လူသုံးယောက် ဝင့်ကြွားစွာ ရပ်နေခဲ့ကြသည်။

ထိုသုံးယောက်မှာ အခြားသူများ မဟုတ်ဘဲ ရွှယ်ချန်ကျဲတို့ဆရာတပည့်နှင့် ကျန်းချန်တို့ ဖြစ်သည်။

“ငါ့ရဲ့ဆရာက သွေးနတ်ဆိုးဂိုဏ်းကို ဒီအခြေအနေအထိရောက်အောင် အစွမ်းကုန်ကြိုးစားခဲ့ရတယ်.. ငါ သွေးနတ်ဆိုးဂိုဏ်းကို ကောင်းကောင်း စောင့်‌ရှောက်ပါ့မယ်လို့ ဆရာ့ကို ကတိပေးခဲ့တယ်.. အခုတော့ ငါကတိကို မတည်နိုင်ခဲ့ဘူး”

ရွှယ်ယွင်ထျန်းက တဖြည်းဖြည်း ဝေးကွာသွားသော အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ငေးကြည့်ရင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။

“စိတ်မပူပါနဲ့ ဒါက ခဏတဖြုတ် ဆုတ်ခွာတာပဲ.. သိပ်မကြာခင်မှာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာနဲ့ ကြယ်စကြဝဠာတို့ရဲ့ စစ်ပွဲက ဖြစ်လာတော့မယ်.. ဒီလိုအချိန်မှာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကနေ ထွက်ခွာလာတာက ခင်ဗျားတို့အတွက် ပိုကောင်းပါတယ်”

ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“နောက်တစ်ကြိမ် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ပြန်ရောက်ရင် သွေးနတ်ဆိုးဂိုဏ်းကို အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာရဲ့ နံပါတ်တစ် အင်မော်တယ်ဂိုဏ်းကြီး ဖြစ်လာစေရမယ်လို့ ငါကတိပေးတယ်”

ကျန်းချန်၏ စကားကိုကြားလျှင် ရွှယ်ယွင်ထျန်း၏ မျက်ဝန်းများက အနည်းငယ် တောက်ပသွားခဲ့သည်။

ကျန်းချန်သည် အနှိုင်းမဲ့ပါရမီရှင် တစ်ယောက် ဖြစ်ပြီး အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာသို့ တစ်ယောက်တည်း ရောက်ရှိလာခဲ့သော်လည်း အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းစလုံးသည် ကျန်းချန်ကို ကြောက်ရွံ့ခဲ့ကြသည်။

ထို့အပြင် ကျန်းချန်၏ အဆင့်အတန်းသည် ပို၍ပင် ထူးခြားပြီး နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ်လည်း ဖြစ်နေခဲ့သည်။

အကယ်၍ ကျန်းချန်သာ နတ်ဘုရားနယ်မြေကို ဦးဆောင်ပြီး သွေးနတ်ဆိုးဂိုဏ်းကို ကူညီမည်ဆိုလျှင် သွေးနတ်ဆိုးဂိုဏ်းအနေဖြင့် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာသို့ ပြန်လာနိုင်ရန် သို့မဟုတ် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ နံပါတ်တစ် အင်မော်တယ်ဂိုဏ်းကြီး ဖြစ်လာရန် ဆိုသည်မှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။

“ဒါဆိုရင်တော့ သွေးနတ်ဆိုးဂိုဏ်းရဲ့ကိုယ်စား ကျေးဇူးတင်ပါတယ်”

ရွှယ်ယွင်ထျန်းက လက်သီးဆုပ်၍ ဂါဝရပြုကာ အလေးအနက် ပြောလိုက်သည်။

“တကယ်လို့ သွေးနတ်ဆိုးဂိုဏ်းသာ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာရဲ့ နံပါတ်တစ် အင်မော်တယ်ဂိုဏ်းကြီး ဖြစ်လာခဲ့ရင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက နတ်ဘုရားနယ်မြေရဲ့ ထာဝရမဟာမိတ် ဖြစ်လာစေရမယ်”

ကျန်းချန်က ခေါင်းညိတ်လိုက်သည်။

သူ သွေးနတ်ဆိုးဂိုဏ်းကို အထောက်အပံ့ပေးရခြင်းမှာလည်း ဤကဲ့သို့ ရည်ရွယ်ချက်မျိုး ရှိသောကြောင့်ပင်။

သွေးနတ်ဆိုးဂိုဏ်းက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ နံပါတ်တစ် အင်မော်တယ်ဂိုဏ်းကြီး ဖြစ်လာပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အပြည့်အဝ အမိန့်ပေးပိုင်ခွင့် ရှိလာခဲ့လျှင် နတ်ဘုရားနယ်မြေနှင့် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ ရန်ငြိုးများကို လုံးဝ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပါလား။

“အခုအချိန်မှာ နတ်ဘုရားနယ်မြေက ဘယ်လိုအခြေအနေ ရှိနေပြီလဲ မသိဘူး”

နတ်ဘုရားနယ်မြေ ရှိရာဘက်ကို ငေးကြည့်ရင်း ကျန်းချန်အတွေးနက်နေခဲ့သည်။

သူ နတ်ဘုရားနယ်မြေကနေ ထွက်လာခဲ့သည်မှာ ယခုဆိုလျှင် ဆယ်နှစ်ကျော်ပင် ရှိသွားခဲ့ပြီ ဖြစ်၏။

နတ်ဘုရားနယ်မြေ၏ အခြေအနေအရ မတော်တဆ ဖြစ်ရပ်များ မရှိခဲ့လျှင် နတ်ဘုရားနယ်မြေသည် အလွန်ကောင်းမွန်စွာ တိုးတက်နေလောက်သည်။

ကျန်းချန် စိုးရိမ်မိသည့် တစ်ခုတည်းသောအရာမှာ အင်မော်တယ်လောကမှ လူများ နတ်ဘုရားနယ်မြေကို ဆင်းသက်လာမည်ကိုပင် ဖြစ်၏။

နတ်ဘုရားနယ်မြေသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ကျဆုံးခဲ့သောနေရာ ဖြစ်သည်။

သူ နတ်ဘုရားနယ်မြေတွင် ရှိနေစဥ်ကပင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ သဲလွန်စကို ရှာဖွေရန် အင်မော်တယ်လောကမှ လူနှစ်ဦး ဆင်းသက်လာခဲ့ဖူး၏။

အကယ်၍ အင်မော်တယ်လောကမှ လူများသာ နတ်ဘုရားနယ်မြေကို ထပ်မံ ရောက်လာခဲ့လျှင် နတ်ဘုရားနယ်မြေအနေဖြင့် ခုခံနိုင်ရန် လွယ်ကူမည် မဟုတ်ပေ။

စင်စစ် အင်မော်တယ်လောကမှ လူများ နတ်ဘုရားနယ်မြေသို့ ဆင်းသက်လာမည်ကို စိုးရိမ်သောကြောင့် ကျန်းချန်က နတ်ဘုရား နယ်မြေသို့ ပြန်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သို့မဟုတ်လျှင် သူက သွေးနတ်ဆိုးဂိုဏ်းနှင့် အတူ ကြယ်တာရာကောင်းကင်ယံတွင် လအနည်းငယ်ကြာ လှည့်လည်သွားလာပြီး အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာနှင့် ကြယ်စကြဝဠာ တို့၏ တိုက်ပွဲအပြီး၌ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာသို့ ပြန်ကာ အငိုက်ဖမ်းတိုက်ခိုက်နိုင်မည် မဟုတ်ပါလော။

ထိုအချိန်သို့ရောက်လျှင် သူက ကြယ်စကြဝဠာနှင့်အတူ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို အတွင်းရော အပြင်ပါ တိုက်ခိုက်နိုင်မည် ဖြစ်ရာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို မဖျက်ဆီးနိုင်ပင်လျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အသက်သွေးကြောကို အကြီးအကျယ် ထိခိုက်အောင် လုပ်နိုင်ပေလိမ့်မည်။

“ဘာမှ မဖြစ်ပါစေနဲ့လို့ မျှော်လင့်ရတာပဲ”

ကျန်းချန် သက်ပြင်းချကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

အင်မော်တယ်လောကကနေ အဆင့်နိမ့်စကြဝဠာ ဆီသို့ ဆင်းသက်လာဖို့ ဆိုသည်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။

ထိုအချိန်က အင်မော်တယ်လောကသည် နတ်ဘုရားနယ်မြေထဲကို ကပ်ဘေးအထွတ်အထိပ်အဆင့် ကျင့်ကြံသူ နှစ်ဦးကိုသာ စေလွှတ်နိုင်ခဲ့သည်။

အင်မော်တယ်လောကကနေ မဟာယာနအဆင့် ကျင့်ကြံသူ အများအပြားကို စေလွှတ်နိုင်ခြင်းမျိုး မဟုတ်သရွေ့ နတ်ဘုရားနယ်မြေကို ခြိမ်းခြောက်ရန်အတွက် ခက်ခဲပေလိမ့်မည်။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် နတ်ဘုရားနယ်မြေနှင့် သိပ်မနီးပေ။

သာမန် ကြယ်တာရာ စစ်သင်္ဘောဖြင့် ခရီးနှင်လျှင် ကြယ်တာရာကောင်းကင်ယံကို သုံးနှစ်ခန့် ဖြတ်သန်းမောင်းနှင်မှသာ ရောက်ရှိမည် ဖြစ်သည်။

သို့သော် ကျန်းချန်တို့ စီးနှင်းလာသည့် ကြယ်တာရာစစ်သင်္ဘောသည်ပင် သွေးနတ်ဆိုးဂိုဏ်း၏ အဆင့်မြင့်စစ်သင်္ဘော ဖြစ်ရာ ၎င်း၏ အရှိန်အဟုန်သည် သာမန်စစ်သင်္ဘောများထက် နှစ်ဆ၊ သုံးဆခန့် ပိုမြန်နေခဲ့သည်။

တစ်နည်းအားဖြင့် မတော်တဆမှုများ မရှိသရွေ့ သူတို့သည် နတ်ဘုရားနယ်မြေသို့‌ ရောက်ရှိရန် တစ်နှစ်ခန့်သာ လိုအပ်၏။

---------------------

သူတို့လူစုက ကြယ်တာရာကောင်းကင်ယံတွင် ခရီးသွားရင်း တစ်နှစ်ဟူသော အချိန်ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ကျန်းချန်တို့သည် လမ်းခရီး တစ်လျှောက်တွင် အဆင်ပြေချောမွေ့ခဲ့ပြီး မည်သည့် ပြဿနာနှင့်မျှ မကြုံတွေ့ခဲ့ရပေ။

ယခုအခါတွင် သူတို့၏ ကြယ်တာရာစစ်သင်္ဘောသည် နတ်ဘုရားနယ်မြေနှင့် အလွန်တရာ နီးကပ်နေပြီ ဖြစ်သည်။

ကြယ်တာရာစစ်သင်္ဘော၏ အလယ်ဗဟိုရှိ အနုစိတ် ပြင်ဆင်ထားသော အခန်းတစ်ခန်းထဲတွင် တင်ပျဥ်ခွေ၍ ထိုင်နေသော ကျန်းချန်သည် အဆုံးသတ်တွင် သူ၏ မျက်လုံးများကိုဖြည်းညင်းစွာ ဖွင့်လိုက်သည်။

ဤတစ်နှစ်အတွင်း ကျန်းချန်သည် အချိန်ကို အလဟဿ မဖြုန်းဘဲ ကြယ်တာရာစစ်သင်္ဘော ပေါ်တွင် အပတ်တကုတ် ကျင့်ကြံနေခဲ့သည်။

အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာတွင် ရှိစဥ်ကတည်းပင် ကျန်းချန်သည် အုပ်စိုးသူအထွတ်အထိပ်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သော်လည်း အကန့်အသတ်သို့ မရောက်ရှိသေးသည်ကို သတိပြုမိခဲ့သည်။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ အုပ်စိုးသူစွမ်းအားသည် တိုးတက်နှုန်း အလွန်တရာ နှေးကွေးသော်လည်း အဆက်မပြတ် တိုးတက်နေခဲ့သည်။

တစ်နှစ်တာ အချိန်အတောအတွင်း အုပ်စိုးသူနတ်စွမ်းအားများသည် ကျန်းချန်၏ ခန္ဓာကိုယ်တွင် အများအပြား တိုးပွားလာခဲ့သည်။

သူ၏ ခန္ဓာကိုယ်ထဲတွင် အုပ်စိုးသူစွမ်းအား ထပ်မံ တိုးတက်မလာတော့သည့် အချိန်တွင် အုပ်စိုးသူအဆင့်၏ အကန့်အသတ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

ထိုအချိန်သို့ရောက်လျှင် သူက ဒဏ္ဍာရီလာ အင်မော်တယ်အဆင့်ကို တက်လှမ်းရန်အတွက် နည်းလမ်းကို ရှာရပေတော့မည်။

“တစ်နှစ်တောင်ရှိသွားပြီပဲ...နတ်ဘုရားနယ်မြေနဲ့တောင် သိပ်မဝေးတော့ဘူး”

ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်ပြီးနောက်တွင် အခြေအနေကို မေးမြန်းရန်အတွက် ရွှယ်ချန်ကျဲကို ရှာဖွေရန် ပြင်လိုက်သည်။

သို့သော်လည်း သူတင်ပျဥ်ခွေ ထိုင်နေရာကနေ မတ်တတ်ထရပ်လိုက်သည့် အချိန်မှာပင် အရှိန်အဟုန်ဖြင့် မောင်းနှင်နေသော ကြယ်တာရာ စစ်သင်္ဘောသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

“ချန်ကျဲ ဘာဖြစ်တာလဲ”

ကျန်းချန် အံ့ဩ ထိတ်လန့်သွားခဲ့ပြီး ရွှယ်ချန်ကျဲကို အလျင်အမြန်ပင် ဆက်သွယ်လိုက်သည်။

“သခင်ကြီး အရှေ့မှာ တိုက်ပွဲတစ်ပွဲ ဖြစ်နေတယ်”

မကြာမီမှာပင် ရွှယ်ချန်ကျဲ၏ စကားသံက ကျန်းချန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။

“တိုက်ပွဲဖြစ်နေတာလား”

ကျန်းချန် တစ်ခဏမျှ မှင်တက်သွားခဲ့၏။

ဤနေရာသည် နတ်ဘုရားနယ်မြေနှင့် သိပ်မဝေးပေ။

သို့ဆိုလျှင် နတ်ဘုရားနယ်မြေမှ လူများသည် ဤနေရာတွင် တိုက်ပွဲ ဖြစ်နေပါသလော။

ယင်းသို့ တွေးမိသည်နှင့် ကျန်းချန်သည် တုံ့ဆိုင်းမနေဘဲ ကြယ်တာရာစစ်သင်္ဘော၏ ဦးပိုင်းသို့ ချက်ချင်းဆိုသလို ရောက်ရှိလာခဲ့ပြီး ရှေ့သို့ လှမ်းကြည့်လိုက်သည်။

သူတို့နှင့် မိုင်ရာဂဏန်းခန့် အကွာအဝေးရှိ ကြယ်တာရာကောင်းကင်ယံတွင် အပြာရောင် ကြယ်တာရာ စစ်သင်္ဘောတစ်စင်း ရှိနေသည်ကို သူတွေ့လိုက်ရသည်။

“ဘာလို့ ဒီနေရာမှာ ကြယ်တာရာစစ်သင်္ဘော တစ်စင်း ရှိနေတာလဲ”

အပြာရောင် ကြယ်တာရာ စစ်သင်္ဘောကို ကြည့်ရင်း ကျန်းချန်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

စကြဝဠာ တစ်ခုနှင့်တစ်ခု အကွာအဝေးသည် အလွန်တရာပင် ဝေးကွာလှ၏။

ဤနေရာနှင့် အနီးဆုံးရှိ စကြဝဠာမှာ နတ်ဘုရားနယ်မြေ ဖြစ်၍ ယေဘုယျအားဖြင့် တခြားစကြဝဠာမှ လူများ ပေါ်လာမည် မဟုတ်ပေ။

နတ်ဘုရားနယ်မြေ၏ စွမ်းဆောင်ရည်သည် ဤနှစ်များအတွင်း လျင်မြန်စွာ တိုးတက်လာခဲ့လျှင်ပင် ဤကဲ့သို့ အဆင့်မြင့် ကြယ်တာရာ စစ်သင်္ဘောမျိုးကို တည်ဆောက်နိုင်စွမ်း ရှိမည် မဟုတ်ချေ။

တစ်နည်းအားဖြင့် သူ့ရှေ့မှ ကြယ်တာရာ စစ်သင်္ဘောသည် တခြား စကြဝဠာမှ ကြယ်တာရာစစ်သင်္ဘော ဖြစ်ဖို့ များသည်။

“သူတို့က ဘယ်စကြဝဠာက လူတွေလဲ.. နတ်ဘုရားနယ်မြေ အနီးက ကြယ်တာရာကောင်းကင်ယံမှာ ဘာလာလုပ်တာလဲ”

ကျန်းချန် တွေးနေစဥ်မှာပင် ကြောက်မက်ဖွယ် တိုက်ခိုက်သံများသည် ကျန်းချန်ကို ရုတ်တရက် သတိဝင်လာစေခဲ့သည်။

ကျန်းချန်က လှမ်းကြည့်လိုက်ရာ အပြာရောင်ကြယ်တာရာ စစ်သင်္ဘော၏ အပြင်ဘက်တွင် ပြင်းထန်သော တိုက်ပွဲတစ်ပွဲ ဖြစ်ပွားနေသည်ကို တွေ့လိုက်ရသည်။

ဖျက်ဆီးခြင်း နတ်အလင်းများ ဖုံးလွှမ်းနေသည့် အနက်ရောင်ပုံရိပ် တစ်ခုသည် အုပ်စိုးသူအဆင့်ထက် မနိမ့်ကျသည့်အရှိန်အဝါများကို ပိုင်ဆိုင်ထားသော ကြယ်တာရာစစ်သင်္ဘောပေါ်မှ အစွမ်းထက် ကျင့်ကြံသူ အချို့နှင့် တိုက်ခိုက်နေခဲ့သည်။

ဖျက်ဆီးခြင်း နတ်အလင်းများ ဖုံးလွှမ်းနေသော အနက်ရောင်ပုံရိပ် ထံကနေ သူနှင့် အလွန်တရာ ရင်းနှီးသော အရှိန်အဝါကို ခံစားမိလျှင် ကျန်းချန်၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

“ဝူရှင်းပါလား”

အပြာရောင် ကြယ်တာရာစစ်သင်္ဘောမှ လူများနှင့် တိုက်ခိုက်နေသည်မှာ တခြားသူ မဟုတ်ဘဲ ဝူရှင်း ဖြစ်နေခဲ့သည်။

အခန်း(၂၆၁၅)ပြီး၏။

အခန်း(၂၆၁၆)

ဝူရှင်းသည် ရှေးခေတ်ကာလက ဖျက်ဆီးခြင်း အရှင်သခင် ပြန်လည် ဝင်စားလာသူ ဖြစ်သည်။

နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေတွင် ကျန်းချန်သည် ဝူရှင်းအတွက် ဖျက်ဆီးခြင်း အရှင်သခင်၏ အမွေအနှစ်ကို ကိုယ်တိုင် သွားရောက် ယူပေးခဲ့ဖူးသည်။

ထို့ကြောင့် ကျန်းချန်သည် အုပ်စိုးသူအဆင့် ဖျက်ဆီးခြင်းစွမ်းအားကို သဘာဝကျစွာပင် အလွန်တရာ ရင်းနှီးကျွမ်းဝင်နေခဲ့၏။

ဝူရှင်းသည် သူ့ကို စိတ်မပျက်စေခဲ့‌ပေ။

သူ နတ်ဘုရားနယ်မြေကနေ ထွက်ခွာသွားသော အချိန်တွင် ဝူရှင်းသည် အုပ်စိုးသူအဆင့်သို့ပင် ထိုးဖောက်ရောက်ရှိနေပြီဖြစ်သည်။

“ဝူရှင်းက ဘယ်လိုလုပ်ပြီး ကြယ်တာရာ ကောင်းကင်ယံမှာ အခြားစကြဝဠာက လူတွေနဲ့ တိုက်ပွဲ ဖြစ်နေရတာလဲ”

ကျန်းချန်က ဝူရှင်းကို ပူးပေါင်း တိုက်ခိုက်နေသည့် လူသုံးယောက်ကို အကဲခတ် ကြည့်လိုက်သည်။

ထိုသုံးယောက်စလုံးသည်လည်း အုပ်စိုးသူအဆင့် ကျင့်ကြံသူများ ဖြစ်နေခဲ့သည်။

ဝူရှင်းသည် ဖျက်ဆီးခြင်းလမ်းစဥ်ကို အထူးပြုသည့် အုပ်စိုးသူအဆင့် ကျင့်ကြံသူ ပြန်လည်ဝင်စားလာသူ ဖြစ်၍ အုပ်စိုးသူ အဆင့်သို့ ထိုးဖောက်ပြီးနောက်တွင် ဝူရှင်း၏ တိုက်ခိုက်ရေးစွမ်းရည်သည် သာမန် အုပ်စိုးသူအဆင့်ထက် များစွာ သာလွန်နေခဲ့သည်။

သို့သော်လည်း ရန်သူသုံးယောက်ကို တစ်ယောက်တည်းရင်ဆိုင်ရန်ကမူ သူ့အတွက် အနည်းငယ် ခက်ခဲနေဆဲပင်။

ဤအတိုင်းသာ ဆက်သွားနေလျှင် သိပ်မကြာခင် ဝူရှင်းသည် ထိုအစွမ်းထက် အုပ်စိုးသူအဆင့် ကျင့်ကြံသူ သုံးယောက်၏ လက်ချက်ဖြင့် အရေးနိမ့်သွားပေတော့မည်။

“ဝူရှင်း မင်း အားကုန်ခံမနေနဲ့တော့.. မင်းတို့ နတ်ဘုရားနယ်မြေက ငါတို့ စန်းလန်စကြဝဠာရဲ့ ခြေလှမ်းကို တားဆီးနိုင်မှာ မဟုတ်ဘူး.. မင်းသာ လိမ်လိမ်မာမာနဲ့ ငါတို့ စန်းလန်စကြဝဠာဆီ အညံ့ခံမယ်ဆိုရင် ငါ မင်းအသက်ကို ချမ်းသာပေးမယ်”

ထိုသုံးယောက်ထဲမှ အပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ အေးစက်စက် စကားသံသည် ကြယ်တာရာကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့သည်။

အပြာရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့၏။

သူ နတ်ဘုရားနယ်မြေကနေ ထွက်ခွာသွားပြီးနောက်တွင် မည်သည့်နေရာက ထွက်‌ပေါ်လာမှန်း မသိရသည့် စန်းလန်စကြဝဠာသည် နတ်ဘုရားနယ်မြေကို မျက်စိကျနေပုံရ၏။

“ငါ ဝူရှင်းကို မင်းတို့ စန်းလန်စကြဝဠာဆီ အညံ့ခံဖို့ ပြောနေတာက စိတ်ကူးယဥ်လွန်းနေတာပဲ”

ဝူရှင်းက သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့် သုတ်လိုက်ပြီးနောက်တွင် လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

“စေတနာကို နားမလည်တဲ့ကောင်ပဲ.. မင်းက ကိုယ့်သေလမ်းကိုယ်ရှာနေမှတော့ ငါတို့က ဖြည့်ဆည်းပေးရသေးတာပေါ့.. အားလုံးပဲ အတူတူ ပူးပေါင်းပြီး ဒီကောင့်ကို သတ်ဖြတ်ကြစို့”

အပြာရောင်ဝတ်စုံဝတ် ကျင့်ကြံသူက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ၏ နံဘေးမှ အုပ်စိုးသူအဆင့် ကျင့်ကြံသူ နှစ်ဦးနှင့်အတူ အလွန်တရာ အစွမ်းထက်သော အုပ်စိုးသူစွမ်းအားများကို ဝူရှင်းထံ ပို့လွှတ်၍ တိုက်ခိုက်လိုက်သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်၏ ပုံရိပ်သည် မိုင်ပေါင်းရာချီ အကွာအဝေးရှိ ကြယ်တာရာ ကောင်းကင်ယံကို ချက်ချင်းဆိုသလို ဖြတ်ကျော်သွားခဲ့သည်။

နောက်ထပ် တစ်စက္ကန့်တွင် သူ၏ပုံရိပ်သည် ဝူရှင်း၏ ရှေ့တွင် ပေါ်လာခဲ့ပြီး သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ အုပ်စိုးသူအဆင့် ကျင့်ကြံသူသုံးယောက် ဆီသို့ ဓားအလင်းသုံးခုကို ပစ်လွှတ်လိုက်သည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

အနှိုင်းမဲ့စွမ်းအားများကို သယ်ဆောင်လာသော ဓားအလင်းသုံးခုသည် အပြာရောင်ဝတ်စုံဝတ် လူသုံးယောက်၏ တိုက်ခိုက်မှုကို ချက်ချင်းဆိုသလို ချေမှုန်းပစ်လိုက်ပြီး ထိုကျင့်ကြံသူသုံးယောက် မည်သို့မျှ မတုံပြန်နိုင်မီမှာပင် ၎င်းတို့၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိမှန်သွားခဲ့သည်။

သုံးယောက်စလုံး၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး မျက်နှာများဖြူဖျော့ကာ ကြယ်တာရာကောင်းကင်ယံတွင် ပေထောင်ချီ အကွာအဝေးအထိ လွင့်ထွက်သွားခဲ့သည်။

ဝူရှင်း၏ ရှေ့တွင် ရုတ်တရက် ပေါ်လာသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ကြည့်ရင်း သူတို့၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။

“မင်း.. မင်းဘယ်သူလဲ”

ထိုလူငယ်သည် ရိုးရှင်းသော တိုက်ကွက် တစ်ကွက်တည်းဖြင့် သူတို့ အုပ်စိုးသူအဆင့် ကျင့်ကြံသူ သုံးယောက်ကို လွင့်ထွက်သွားစေခဲ့သည်။

ဆိုရလျှင် သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ခွန်အားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာကောင်းနေခဲ့သည်။

“ကျန်းချန်လား”

သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသော ရင်းနှီးသည့်ပုံရိပ်ကို မြင်လျှင် ဝူရှင်း တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

ထို့နောက်တွင်မူ သူ၏ မျက်ဝန်းထဲတွင် အံ့ဩဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က ဤကဲ့သို့ အရေးကြီးသောအချိန်တွင် ပြန်ရောက်လာလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

ကျန်းချန်က ဝူရှင်းကို လှည့်ကြည့်လိုက်ကာ ပြုံး၍ ပြောလိုက်သည်။

“ညီနောင်ဝူရှင်း.. ငါတို့ မတွေ့ရတာတောင် အတော်ကြာပြီ.. ဘာမှမဖြစ်ဘူး မဟုတ်လား”

ဝူရှင်းက ဆန့်ကျင်ဘက်မှ အုပ်စိုးသူအဆင့် ကျင့်ကြံသူ သုံးယောက်ကို တစ်ချက် ကြည့်လိုက်ကာ ကျန်းချန်ကို ခါးသီးစွာ ပြုံးပြလိုက်သည်။

“မင်းသာ ပြန်မလာရင် ငါဒီထက် ပိုပြီး တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး”

“စန်းလန်စကြဝဠာရဲ့အခြေအနေက ဘယ်လိုလဲ.. သူတို့က ဘာလို့ နတ်ဘုရားနယ်မြေကို ရုတ်တရက် တိုက်ခိုက်ရတာလဲ”

ကျန်းချန်က နားမလည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။

စန်းလန်စကြဝဠာသည် နတ်ဘုရားနယ်မြေနှင့် မည်သည့်အခါမှ ပတ်သက်မှု မရှိခဲ့သလို ရန်ငြိုးရန်စလည်း မရှိ‌ပေ။

သို့ဆိုလျှင် အဘယ်ကြောင့် အကြောင်းပြချက်မရှိ နတ်ဘုရားနယ်မြေကို လာရောက်တိုက်ခိုက်ရပါသနည်း။

“အဲဒါတော့ ငါလည်းမသိဘူး”

ဝူရှင်းက ခေါင်းခါရမ်းလိုက်သည်။

နတ်ဘုရားနယ်မြေ၏ ရှေးခေတ်ကာလက ပြန်လည်ဝင်စားလာသူ တစ်ယောက် အနေဖြင့် ဝူရှင်းထံတွင် အတိတ်ဘဝက မှတ်ဥာဏ်များ ရှိသော်လည်း စန်းလန်စကြဝဠာ အကြောင်းကို မကြားဖူးပေ။

နတ်ဘုရားနယ်မြေနှင့် စန်းလန်စကြဝဠာတို့ ကြားတွင် မည်သည့် ပတ်သက်မှုမှ မရှိသော်လည်း နတ်ဘုရားနယ်မြေကို အကြောင်းမဲ့ တိုက်ခိုက်မည် မဟုတ်မှန်း သူ ကောင်းစွာသိသည်။

အကယ်၍သာ စန်းလန်စကြဝဠာက နတ်ဘုရားနယ်မြေကို အမှန်တကယ် ကျူးကျော်ချင်သည် ဆိုလျှင် နတ်ဘုရားနယ်မြေ ပြန်လည် နိုးထမလာခင်တွင် အဘယ်ကြောင့် မလုပ်ဆောင်ခဲ့ပါသနည်း။

ထိုအချိန်ကဆိုလျှင် နတ်ဘုရားနယ်မြေတွင် အုပ်စိုးသူအဆင့်ကျင့်ကြံသူ မရှိသောကြောင့် စန်းလန်စကြဝဠာ အနေဖြင့် နတ်ဘုရားနယ်မြေကို သိမ်းပိုက်ဖို့ ဆိုသည်မှာ အလွန်တရာ လွယ်ကူသောကိစ္စ ဖြစ်သည်။

သို့ရာတွင် စန်းလန်စကြဝဠာက နတ်ဘုရားနယ်မြေ ပြန်လည်နိုးထာလာသည် အထိ စောင့်ပြီးမှ တိုက်ခိုက်လာခြင်းသည် အမှန်တကယ်ပင် စဥ်းစားရ ခက်စေခဲ့၏။

“မိတ်ဆွေ.. ဒါက ငါတို့ စန်းလန်စကြဝဠာနဲ့ နတ်ဘုရားနယ်မြေတို့ကြားက ကိစ္စပဲ.. မင်းဝင်မပါဖို့ အကြံပေးချင်တယ်”

ကျန်းချန်က ဝူရှင်းနှင့် စကားပြောနေစဥ်မှာပင် တစ်ဖက်မှ အပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ စကားသံသည် ကျန်းချန်၏ နားထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်လာခဲ့သည်။

ကျန်းချန်က ထိုအပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို တစ်ချက် ကြည့်လိုက်သည်။

သူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

“မင်းတို့ စန်းလန်စကြဝဠာက နတ်ဘုရားနယ်မြေကို လာတိုက်နေတာတောင် ငါက မင်းတို့ကိစ္စမှာ ဝင်မပါသင့်ဘူးလို့ မင်းပြောနေတာလား”

“မင်း...မင်းက နတ်ဘုရားနယ်မြေကလူလား”

ကျန်းချန်၏ စကားကိုကြားလျှင် အပြာရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

အပြာရောင်ဝတ်စုံဝတ် ကျင့်ကြံသူသည် သူတို့နှင့် မိုင်ရာချီအကွာက ကြယ်တာရာစစ်သင်္ဘော တစ်စီးကို သဘာဝကျစွာပင် သတိပြုမိခဲ့သည်။

ထိုကြယ်တာရာ စစ်သင်္ဘာပေါ်တွင် အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာမှ အစွမ်းထက် ကျင့်ကြံသူများစွာ ရှိနေခဲ့၏။

သူက အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ထိုကြယ်တာရာစစ်သင်္ဘောပေါ်မှ လူဟု ထင်ခဲ့ခြင်းကြောင့် ဝင်မပါစေလိုခြင်းဖြစ်သည်။

သို့ရာတွင် ထိုလူငယ်သည် သူ့ကိုသူ နတ်ဘုရားနယ်မြေမှ ဖြစ်မှန်း ပြောဆိုလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သိထားရမည့်အချက်မှာ နတ်ဘုရားနယ်မြေသည် ကောင်းကင်လမ်းစဥ် ယခုမှ ပြန်လည်နိုးထလာခြင်း ဖြစ်၍ အုပ်စိုးသူအဆင့် ကျင့်ကြံသူသည် လက်ချိုးရေတွက်၍ ရသောအနေအထားသာ ရှိနေသေး၏။

ဝူရှင်း၏ အင်အားသည်ပင် နတ်ဘုရားနယ်မြေတွင် အစွမ်းအထက်ဆုံးဟု သတ်မှတ်၍ ရနေခဲ့ချေပြီ။

သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ အင်အားကမူ ခန့်မှန်း၍ မရလောက်အောင် နက်ရှိုင်းလွန်းနေသည် ဖြစ်ရာ ထိုသူသည် နတ်ဘုရားနယ်မြေကလူ မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။

“ငါက နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ် ကျန်းချန်ပဲ”

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါရပ်နေရင်း အုပ်စိုးသူအဆင့် ကျင့်ကြံသူသုံးယောက်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

“မင်းတို့ စန်းလန်စကြဝဠာက တော်တော် သတ္တိ‌ကောင်းတာပဲ.. ငါမရှိတဲ့အချိန်မှာ ငါ့ရဲ့နတ်ဘုရားနယ်မြေကို တိုက်ခိုက်ရဲတယ်.. အခုချက်ချင်း လိမ်လိမ်မာမာ အဖမ်းခံလိုက်စမ်း.. ဒါဆိုရင် မင်းတို့ကို မသတ်ဘဲ လွှတ်ပေးဖို့ ငါစဥ်းစားပေးမယ်”

“မင်းက တကယ်ကို မောက်မာလွန်းတာပဲ”

အပြာရောင်ဝတ်စုံဝတ် ကျင့်ကြံသူက မျက်မှောင်ကြုတ်ကာ အေးစက်စက် ပြောလိုက်သည်။

“မင်းဘာသာ ဘယ်သူပဲဖြစ်ဖြစ် ငါတို့ စန်းလန်စကြဝဠာရဲ့ခြေလှမ်းကို တားနိုင်မှာ မဟုတ်ဘူး”

စကားဆုံးသည်နှင့် အပြာရောင်ဝတ်စုံဝတ် ကျင့်ကြံသူသည် သူ၏ နံဘေးမှ အုပ်စိုးသူအဆင့် ကျင့်ကြံသူ နှစ်ယောက်နှင့် အတူ ကျန်းချန်ကို တိုက်ခိုက်လိုက်ကြသည်။

“ပုရွက်ဆိတ်လိုကောင်တွေကများ ငါ့ရှေ့မှာ လာရမ်းကားရဲတယ်”

ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်သည်။

သူ၏ လက်ထဲတွင် လူသားဧကရာဇ်ဓားသည် ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီးနောက် ဓားချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

“လူသားအဖြစ် ပြောင်းလဲစေသော ဓားကွက်”

ထိုဓားချက်သည် အုပ်စိုးသူအဆင့် ကျင့်ကြံသူ သုံးယောက်၏ တိုက်ခိုက်မှုအားလုံးကို ချက်ချင်းပင် ချေမှုန်းပစ်လိုက်ပြီး ထိုသုံးယောက်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် အုပ်စိုးသူအဆင့် ကျင့်ကြံသူသုံးယောက်၏ အရှိန်အဝါသည် ရေကာတာ ကျိုးပေါက်သွားသကဲ့သို့ ချက်ချင်းဆိုသလို ပြိုလဲသွားခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုသုံးယောက်စလုံး၏ ကျင့်ကြံခြင်း အဆင့်သည် ကျန်းချန်၏ ဓားချက်ကြောင့် ဖြတ်တောက်ခံလိုက်ရ၏။

ကျန်းချန်က ထိုသုံးယောက်ကို ချက်ချင်း မသေစေချင်၍ ဟင်းလင်းပြင်ကို ထိန်းချုပ်လိုက်ခြင်းကြောင့်သာ မဟုတ်လျှင် ထိုသုံးယောက်၏ ခန္ဓာကိုယ်သည် ကြယ်တာရာကောင်းကင်ယံကနေ ပြုတ်ကျသွားလိမ့်မည် ဖြစ်သည်။

ကျန်းချန်က ရိုးရှင်းသော တိုက်ကွက် တစ်ကွက်ဖြင့်ပင် သူတို့သုံးယောက်စလုံး၏ ကျင့်ကြံခြင်းအဆင့်အား ဖြတ်တောက်လိုက်သည်ကို မြင်လျှင် အုပ်စိုးသူအဆင့် ကျင့်ကြံသူ သုံးယောက်၏ ကျန်းချန်ကို ကြည့်နေသော မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ အဆုံးသတ်တွင် ဖြစ်ပေါ်လာခဲ့သည်။

အခန်း(၂၆၁၆)ပြီး၏။

All Chapters