← Chapters

အခန်း (၂၆၁၇-၂၆၁၈)

Vol. 202 Ch. 2617-2618

အခန်း (၂၆၁၇-၂၆၁၈)

Vol. 202 Ch. 2617-2618

အခန်း(၂၆၁၇)

သူ့ရှေ့မှ နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ် ဟူသော အနက်ရောင်ဝတ်စုံဝတ် လူငယ်လးသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် အစွမ်းထက်နေခဲ့သည်။

သူတို့ အုပ်စိုးသူအဆင့် ကျင့်ကြံသူ သုံးယောက်၏ ကျင့်ကြံမှုများကို ဖျက်ဆီးပစ်လိုက်သည်မှာ ထိုလူငယ်အတွက် သာမန်မျှသာ ဖြစ်နေခဲ့သည်။

ဤကဲ့သို့သော ခွန်အားမျိုးသည် သူတို့ စန်းလန်စကြဝဠာတွင်ပင် လက်ချိုးရေတွက်၍ ရလောက်သည်အထိ ရှားပါး၏။

သူတို့က အမှန်တကယ်ပင် နားမလည်နိုင် ဖြစ်နေခဲ့ကြသည်။

ပျက်စီးနေသော နယ်မြေက ယခုမှ ပြန်လည် နိုးထလာသော နတ်ဘုရားနယ်မြေတွင် ဤမျှ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး မည်ကဲ့သို့ ပေါ်ထွက်လာနိုင်ပါသနည်း။

“ဒီကောင်က တကယ့်ကို သာမန်အသိနဲ့ တိုင်းတာလို့မရတဲ့ မွန်းစတား တစ်ကောင်ပဲ”

အုပ်စိုးသူအဆင့် ကျင့်ကြံသူသုံးယောက်ကို ကျန်းချန်က တစ်ကွက်တည်းဖြင့်ပင် အလွယ်တကူ နှိမ်နင်းလိုက်သည်အား မြင်လျှင် ဝူရှင်းသည် မှင်တက်နေရာကနေ သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။

နတ်ဘုရားနယ်မြေ ပြန်လည် နိုးထလာသည်နှင့်အမျှ ရှေးခေတ်ကာလက ဖျက်ဆီးခြင်း အရှင်သခင် ပြန်လည်ဝင်စားလာသူ တစ်ဦး အနေဖြင့် သူက ကျန်းချန်ထက် အုပ်စိုးသူအဆင့်ကို ပိုမို မြန်ဆန်စွာ ထိုးဖောက်နိုင်လိမ့်မည်ဟု မူလက ထင်မှတ်ထားခဲ့သည်။

သို့သော်လည်း ယခုအခါတွင် သူက ကျန်းချန်၏ ပါရမီကို လျှော့တွက်မိနေဆဲ ဖြစ်မှန်း သိလိုက်ရ၏။

ကျန်းချန်သည် လက်ရှိတွင် အုပ်စိုးသူအဆင့်ကို ထိုးဖောက်သွားရုံသာမက အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းသော အဆင့်ကိုပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သူ့အနေဖြင့် ကျန်းချန်နှင့် အဝေးကြီးတွင် ပြတ်ကျန်ရစ်နေပြီဆိုလည်း မမှားပေ။

“ပြောစမ်း.. မင်းတို့ စန်းလန်စကြဝဠာက နတ်ဘုရားနယ်မြေကို ဘာရည်ရွယ်ချက်နဲ့ လာတာလဲ...အမှန်အတိုင်း ပြောမယ်ဆိုရင် မင်းတို့ကို မသတ်ဘဲ ငါပြန်လွှတ်ပေးမယ်”

ကျန်းချန်က လက်နှစ်ဖက် နောက်ပစ်ကာ ရပ်နေရင်း ထိတ်လန့်နေကြသော အုပ်စိုးသူအဆင့် ကျင့်ကြံသူ သုံးဦးကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။

“နတ်ဘုရားနယ်မြေမှာ မင်းလို အစွမ်းထက် အုပ်စိုးသူတစ်ယောက် ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

အပြာရောင်ဝတ်စုံဝတ် ကျင့်ကြံသူက ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ငါတို့က ထာဝရရှင်သန်ခြင်းနန်းတော်ကို ရှာဖွေဖို့ နတ်ဘုရားနယ်မြေကို ရောက်လာကြတာပဲ.. တကယ်လို့ မင်းတို့ နတ်ဘုရားနယ်မြေကသာ အခြေအနေကို နားလည်တယ်ဆိုရင် ထာဝရရှင်သန်ခြင်းနန်းတော် ဘယ်နေရာမှာ ရှိနေလဲ ဆိုတာကို လိမ်လိမ်မာမာ ပြောပြလိုက်တာ အကောင်းဆုံးပဲ.. မဟုတ်ရင်တော့ မင်းရဲ့အင်အားက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ နတ်ဘုရားနယ်မြေကို ကယ်တင်နိုင်မှာ မဟုတ်ဘူး”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

စန်းလန်စကြဝဠာမှ လူများ နတ်ဘုရားနယ်မြေသို့ ရောက်လာခြင်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် ပတ်သက်နေခဲ့သည်။

သေချာစဥ်းစားကြည့်လျှင် ထာဝရရှင်သန်ခြင်းနန်းတော်က နတ်ဘုရားနယ်မြေတွင် ကျရောက်နေသည်ကို စန်းလန်စကြဝဠာ အနေဖြင့် သိနိုင်စရာ အကြောင်းမရှိချေ။

အကယ်၍ သိခဲ့မည် ဆိုလျှင် နတ်ဘုရားနယ်မြေ ပျက်စီးနေသော ဤနှစ်များအတွင်း စန်းလန်စကြဝဠာသည် ငြိမ်နေလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် စန်းလန်စကြဝဠာသည် ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင် အကြောင်းကို သိပ်မကြာခင်ကမှ သိရှိခဲ့ခြင်းဖြစ်သည်မှာ ထင်ရှားနေခဲ့၏။

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

သူ နတ်ဘုရားနယ်မြေတွင် ရှိနေစဥ်ကပင် အင်မော်တယ်လောကမှ ချီယန်အင်မော်တယ် ဘုရင်သည် တပည့်နှစ်ယောက်ကို ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ သတင်းအား စုံစမ်းရန် နတ်ဘုရားနယ်မြေသို့ စေလွှတ်ခဲ့ဖူးသည်။

စန်းလန်စကြဝဠာကနေ ထာဝရရှင်သန်ခြင်းနန်းတော်ကို ရှာဖွေရန် ရောက်ရှိလာခြင်းသည် အင်မော်တယ်လောကမှ ချီယန် အင်မော်တယ်ဘုရင်နှင့် ပတ်သက်နေပါသလော။

ဤသည်က အလွန်ပင် ဖြစ်နိုင်ခြေရှိကြောင်း ကျန်းချန် စဥ်းစားမိခဲ့သည်။

စန်းလန်စကြဝဠာ အနေဖြင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် အကြောင်းကို သိရှိသွားရန် မဖြစ်နိုင်ဘဲ တစ်စုံတစ်ယောက်က ညွှန်ကြားခဲ့ခြင်းသာ ဖြစ်ရပေမည်။

ထိုသို့ စန်းလန်စကြဝဠာကို ညွှန်ကြားနိုင်သူမှာ အင်မော်တယ်လောကမှ ချီယန်အင်မော်တယ်ဘုရင် ဖြစ်ရန် အခွင့်အလမ်း အများဆုံး ဖြစ်၏။

ဆိုရလျှင် အင်မော်တယ်လောကသည် စကြဝဠာ၏ မူလအစဖြစ်ပြီး အင်မော်တယ်လောကကနေ အဆင့်နိမ့် စကြဝဠာသို့ ဆင်းသက်ရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။

သို့မဟုတ်လျှင် ထိုစဥ်က ချီယန် မျိုးနွယ်စုသည် ကပ်ဘေးအဆင့်ကို ကျော်ဖြတ်ကာစ လူငယ်နှစ်ယောက်အား နတ်ဘုရားနယ်မြေဆီ စေလွှတ်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် အဆင့်နိမ့် စကြဝဠာက တစ်စုံတစ်ယောက်က နတ်ဘုရားနယ်မြေကို လာရောက် တိုက်ခိုက်ခြင်းသည် သေချာပေါက်ပို၍ လွယ်ကူလိမ့်မည် မဟုတ်ပါလော။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ကျန်းချန် အတွေးနက်နေစဥ်မှာပင် အပြာရောင်ကြယ်တာရာစစ်သင်္ဘောပေါ်မှ စန်းလန်စကြဝဠာ၏ စစ်သည်ထောင်ပေါင်းများစွာသည် စစ်သင်္ဘောပေါ်ကနေ တိုက်ရိုက်ပင် ဆင်းသက်လာကြပြီး ကျန်းချန်ကို သတ်ရန် ပြေးဝင်လာခဲ့ကြသည်။

စန်းလန်စကြဝဠာ၏ စစ်သည်တော် အများစုသည် နယ်မြေနတ်ဘုရား အဆင့်တွင် ရှိကြပြီး ၎င်းတို့ကို ဦးဆောင်လာသူမှာ ခြေလှမ်းတစ်ဝက် အုပ်စိုးသူ တစ်ဒါဇင်ခန့် ဖြစ်သည်။

သို့သော်လည်း စန်းလန်စကြဝဠာမှ စစ်သည်တော်များသည် အင်အားမကြီးသော်လည်း ပူးပေါင်းတိုက်ကွက်ကို ကျင့်ကြံထားကြသဖြင့် ၎င်းတို့ ပူးပေါင်းတိုက်ခိုက်သော အင်အားသည် အုပ်စိုးသူအဆင့်ထက် မနိမ့်ကျပေ။

“ကိုယ့်အတိုင်းအတာကို မသိတဲ့ကောင်တွေ သွားသေလိုက်တော့”

ကျန်းချန်၏ မျက်နှာက အေးစက်သွားခဲ့ပြီး လက်ထဲမှ လူသားဧကရာဇ်ဓားကို ဝှေ့ယမ်းလိုက်သည်။

တောက်ပသော ရွှေရောင်ဓားအလင်း တစ်ခုသည် ကြယ်တာရာကောင်းကင်ယံကို ဖောက်ထွက်သွားခဲ့ပြီး စန်းလန်စကြဝဠာမှ စစ်သည်တော်များကို ခုတ်ပိုင်းချလိုက်သည်။

အုပ်စိုးသူ အထွတ်အထိပ်အဆင့် ကျင့်ကြံသူဖြစ်သော ကျန်းချန်၏ အစွမ်းကုန် တိုက်ခိုက်မှုကို စန်းလန်စကြဝဠာမှ စစ်သည်တော်များသည် မည်ကဲ့သို့ တောင့်ခံနိုင်ပါမည်နည်း။

ဤဓားချက်သည် စန်းလန်စကြဝဠာ၏ စစ်သည်တော် ထောင်ပေါင်းများစွာကို တစ်ချက်တည်းဖြင့်ပင် ချေမှုန်းပစ်လိုက်သည်။

စန်းလန်စကြဝဠာ၏ စစ်သည်တော်‌ ထောင်ပေါင်းများစွာသည် မည်သည့် တုံ့ပြန်မှုကိုမှ မပြုလုပ်နိုင်ခဲ့ဘဲ ကျန်းချန်၏ ဓားချက်အောက်တွင် အားလုံး ပျောက်ကွယ်သွားခဲ့သည်။

စန်းလန်စကြဝဠာမှ ကျင့်ကြံသူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ပြီးနောက်တွင် ရွှေရောင်ဓားအလင်းသည် ပျောက်ကွယ်မသွားသေးဘဲ အပြာရောင်ကြယ်တာရာ စစ်သင်္ဘောပေါ်သို့ တိုက်ရိုက်ပင် သက်ရောက်သွားခဲ့၏။

“ဝုန်း..”

ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး ပေထောင်ချီ ရှည်လျားသော ကြယ်တာရာစစ်သင်္ဘောသည် ချက်ချင်းပင် နှစ်ပိုင်းပြတ်ထွက်ကာ ကြယ်တာရာကောင်းကင်ယံ၏ အဆုံးမဲ့ အောက်ခြေသို့ ပြုတ်ကျသွားခဲ့သည်။

“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

အစောပိုင်းက ကျန်းချန်နှင့် တိုက်ခိုက်ခဲ့သည့် အုပ်စိုးသူအဆင့် ကျင့်ကြံသူ သုံးယောက်သည် သူတို့ရှေ့တွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို ကြည့်ကာ ထိတ်လန့်တကြား ဖြစ်နေခဲ့ကြသည်။

ထိုကောင်လေးသည် ဓားချက် တစ်ချက်တည်းဖြင့် စန်းလန်စကြဝဠာ၏ စစ်သည်တော် များစွာကို ချေမှုန်းလိုက်ရုံတင်မက ကြယ်တာရာ စစ်သင်္ဘောကိုပင် နှစ်ပိုင်းပြတ်အောင် ခုတ်ပိုင်းပစ်လိုက်သည် မဟုတ်ပါလော။

ဓားတစ်ချက်၏ စွမ်းအားသည် ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းနေပါသလော။

“ကောင်လေး.. မင်း.. မင်း ငါတို့ စန်းလန်စကြဝဠာက လူတွေကို သတ်ရဲတယ်.. ငါတို့ စန်းလန်စကြဝဠာက မင်းကို သေချာပေါက် အလွှတ်ပေးမှာ မဟုတ်ဘူး”

အပြာရောင်ဝတ်စုံဝတ် ကျင့်ကြံသူက ကျန်းချန်ကို နာကြည်းသော အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

သူ၏ မျက်နှာထက်တွင် ခါးသီးသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ဤတစ်ကြိမ်တွင် နတ်ဘုရားနယ်မြေကို တိုက်ခိုက်ရန် အတွက် သူတို့ ရေတိမ်တိုက် သူတော်စင်ဂိုဏ်းသည် အင်အားခုနစ်ဆယ် ရာခိုင်နှုန်းနီးပါးကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အားလုံးသည် သူ့ရှေ့မှ အနက်‌‌ရောင်ဝတ်စုံဝတ် လူငယ်၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရချေပြီ။

ယခုအချိန်မှစ၍ သူတို့ ရေတိမ်တိုက် သူတော်စင်ဂိုဏ်းသည် စန်းလန်စကြဝဠာ၏ ဒုတိယတန်းစား အင်အားစု အဖြစ်သို့ အဆင့်ကျသွားပေတော့မည်။

“ငါ့ရဲ့နတ်ဘုရားနယ်မြေက မင်းတို့ စန်းလန်စကြဝဠာ လာရမဲ့နေရာ မဟုတ်ဘူး.. နတ်ဘုရားနယ်မြေကို လာထိရဲရင် ဘယ်သူမဆို သေလမ်းတစ်လမ်းပဲ ရှိတယ်”

ကျန်းချန်က အေးစက်စက် ရေရွတ်ပြီးသည်နှင့် ဟင်းလင်းပြင်ကို ထိန်းချုပ်ထားသော စွမ်းအားကို ရုတ်သိမ်းလိုက်ရာ ကျင့်ကြံခြင်းအဆင့် ဖျက်ဆီးခံထားရသည့် အုပ်စိုးသူအဆင့်ကျင့်ကြံသူ သုံးဦးသည် ကြယ်တာရာကောင်းကင်ယံတွင် မရပ်တည်နိုင်တော့ဘဲ အဆုံးမဲ့ အောက်ခြေ ဆီသို့ တိုက်ရိုက်ပင် ပြုတ်ကျသွားခဲ့သည်။

“ကျန်းချန်.. မင်းရဲ့ကျင့်ကြံခြင်းအဆင့်က အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ”

ဝူရှင်းက မချိပြုံးပြုံး၍ မေးလိုက်သည်။

“ငါက ဖျက်ဆီးခြင်း အရှင်သခင်ရဲ့ အမွေအနှစ်ကို အမှီပြုပြီး မင်းကို အမီလိုက်နိုင်မယ်လို့ ထင်ထားခဲ့တာ.. ဒါပေမဲ့ မင်းနဲ့ငါ့ကြားက ကွာဟချက်က ပိုပြီးတောင် ကျယ်ပြန့်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ငါက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာ ကံကောင်းမှုတချို့နဲ့ ကြုံတွေ့ခဲ့လို့ပါ. ဒါကြောင့်ပဲ အုပ်စိုးသူ အထွတ်အထိပ် အဆင့်ကို ရောက်သွားခဲ့တယ်”

ကျန်းချန်၏ စကားကိုကြားလျှင် ဝူရှင်းသည် အသက်ရှူရပ်မတတ်ပင် ဖြစ်သွားခဲ့သည်။

နတ်ဘုရားနယ်မြေ၏ ရှေးခေတ်ကာလတွင်ပင် အုပ်စိုးသူ အထွတ်အထိပ်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်များသည် လက်ချိုးရေတွက်၍ပင် ရ၏။

သူ၏ အတိတ်ဘဝက အထွတ်အထိပ် အချိန်မှာပင် အုပ်စိုးသူနှောင်းပိုင်းအဆင့်သို့ ရောက်ရန် မလုံလောက်ခဲ့ပေ။

ယခု ကျန်းချန်၏ အင်အားက သူ၏ အထွတ်အထိပ် အခြေအနေက အင်အားထက် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းနေခဲ့ချေပြီ။

“မင်းက အုပ်စိုးသူ အထွတ်အထိပ်အဆင့်ကို ရောက်နေပြီဆိုတော့ တကယ် ကောင်းတာပဲ”

ဝူရှင်းက သတိပြန်ဝင်လာပြီးနောက်တွင် ကျန်းချန်ကို အလျင်အမြန် ပြောလိုက်သည်။

“အခု နတ်ဘုရားနယ်မြေရဲ့ အခြေအနေက သိပ်မကောင်းဘူး.. အချိန်မနှောင်းခင် ငါတို့ အမြန်ဆုံးပြန်ကြစို့”

ထိုစကားကိုကြားလျှင် ကျန်းချန် မျက်နှာအနည်းငယ် ပျက်သွားခဲ့သည်။

“နတ်ဘုရားနယ်မြေမှ စန်းလန်စကြဝဠာက လူတွေ ရှိနေသေးလို့လား”

“ဟုတ်တယ်”

ဝူရှင်းက ခေါင်းညိတ်၍ ပြောလိုက်သည်။

“စန်းလန်စကြဝဠာရဲ့ ပထမအသုတ်က ကြယ်မြို့တော်မှာ နတ်ဘုရားနယ်မြေက လူတွေနဲ့ ရင်ဆိုင်နေကြပြီ.. ဒါက ဒုတိယအသုတ်ပဲ.. ငါက သူတို့ရဲ့ သတင်းကို ရပြီးတာနဲ့ သူတို့ကို လမ်းမှာ ကြားဖြတ်တိုက်ခိုက်ဖို့ ဒီနေရာကို လာခဲ့တာပဲ.. မဟုတ်ရင် နတ်ဘုရားနယ်မြေရဲ့ ဖိအားတွေက ဒီထက်ပိုပြီး ကြီးမားသွားလိမ့်မယ်”

“ဒါဆိုရင် ငါအရင်ဆုံး နတ်ဘုရားနယ်မြေကို ပြန်လိုက်မယ် မင်းက ငါ့နောက်က ကြယ်တာရာစစ်သင်္ဘောကို သွားပြီး သူတို့နဲ့အတူ လိုက်လာခဲ့ပါ”

ယခုအခါတွင် နတ်ဘုရားနယ်မြေနှင့် မဝေးတော့ပေ။

သူ၏ အုပ်စိုးသူ အထွတ်အထိပ်အဆင့် အရှိန်အဟုန်ဖြင့် ဆိုလျှင် ကြယ်တာရာစစ်သင်္ဘောထက်ပင် ပိုမို၍ မြန်ဆန်၏။

ထို့ကြောင့် ကျန်းချန်က တစ်ယောက်တည်း အရင်ပြန်ရန် ဆုံးဖြတ်လိုက်သည်။

ကျန်းချန်က ရွှယ်ချန်ကျဲကို စကားအနည်းငယ် မှာကြားလိုက်ပြီးနောက်တွင် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ နတ်ဘုရားနယ်မြေ ရှိရာ ဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားခဲ့သည်။

အခန်း(၂၆၁၇)ပြီး၏။

အခန်း(၂၆၁၈)

နတ်ဘုရားနယ်မြေ၏ အပြင်ဘက်ရှိ ကြယ်တာရာကောင်းကင်ယံတွင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာနှင့် တိုက်ခိုက်ရန်အတွက် နတ်ဘုရားနယ်မြေသည် အရင်းအမြစ်များကို စုစည်းပြီး ခံတပ်မြို့တစ်ခုကို တည်ဆောက်ထားခဲ့သည်။

နတ်ဘုရားနယ်မြေသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာမှ ကျူးကျော်လာသော စစ်တပ်ကို အနိုင်ယူပြီးနောက်တွင်လည်း ခံတပ်မြို့ဖြစ်သည့် ကြယ်မြို့တော် တည်ဆောက်ရေးကို လက်မလျှော့ခဲ့ဘဲ ပိုမို ခိုင်ခံ့အောင် ပြုလုပ်ခဲ့ကြသည်။

ဤနှစ်များအတွင်း နတ်ဘုရားနယ်မြေနှင့် ကြယ်မြို့တော်သည် အေးအေးချမ်းချမ်း ရှိနေခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။

သို့သော်လည်း ထိုအေးချမ်းမှုသည် လွန်ခဲ့သော နှစ်နှစ်ခန့်က ရုတ်တရက် ပျက်စီးသွားခဲ့သည်။

အကြောင်းရင်းမှာ စန်းလန်စကြဝဠာမှ ကြယ်တာရာ စစ်သင်္ဘောတစ်စင်းသည် တစ်စုံတစ်ခုကို ရှာဖွေရန်အတွက် နတ်ဘုရားနယ်မြေသို့ ရုတ်တရက် ဆင်းသက်လာခဲ့သည်။

နတ်ဘုရားနယ်မြေသည် သဘာဝကျစွာပင် စန်းလန်စကြဝဠာမှ လူများကို နတ်ဘုရားနယ်မြေအတွင်းသို့ ဝင်ရောက်ရှာဖွေခွင့်မပြုခဲ့ပေ။

ထို့ကြောင့် နတ်ဘုရားနယ်မြေနှင့် စန်းလန်စကြဝဠာတို့ ကြားတွင် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် နတ်ဘုရားနယ်မြေသည် ကောင်းကင်လမ်းစဥ် ပြန်လည်နိုးထလာသည့် အချိန်မှစ၍ မင်ယွဲ့ရှင်း၊ဝူရှင်းတို့ ကဲ့သို့ အုပ်စိုးသူအဆင့် ကျင့်ကြံသူများ ပေါ်ထွက်လာသည့် အပြင် ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့် ကျင့်ကြံသူများလည်း ပေါ်ထွက်လာသောကြောင့် စန်းလန်စကြဝဠာမှ ကျင့်ကြံသူများကို ပြန်လည် မောင်းထုတ်နိုင်ခဲ့သည်။

ဤနှစ်နှစ်အတွင်း စန်းလန်စကြဝဠာသည် ကြယ်မြို့တော်ကို အခါအားလျော်စွာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ နတ်ဘုရားနယ်မြေအတွက် အလွန်တရာ ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

သို့သော်လည်း စန်းလန်စကြဝဠာသည် နတ်ဘုရားနယ်မြေ ပြင်ပရှိ ခံတပ်မြို့ဖြစ်သော ကြယ်မြို့တော်ကို အဆုံးသတ်တွင် မထိုးဖောက်နိုင်ခဲ့ပေ။

လွန်ခဲ့သော တစ်လခန့်က တိုက်ပွဲတွင် နတ်ဘုရားနယ်မြေသည် စန်းလန်စကြဝဠာမှ အဆင့်မြင့်ပုဂ္ဂိုလ် တစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ထိုသူ၏ နှုတ်မှတစ်ဆင့် စန်းလန်စကြဝဠာ၏ စစ်ကူ အုပ်စုတစ်စု နတ်ဘုရားနယ်မြေသို့ ရောက်လာတော့မည် ဟူသော သတင်းကို ရရှိခဲ့သည်။

ထိုစစ်ကူ အုပ်စုထဲတွင် အုပ်စိုးသူအဆင့် ကျင့်ကြံသူ သုံးဦး ပါဝင်ပြီး ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့် တစ်ဒါဇင်နှင့် နတ်ဘုရင်အဆင့် ကျင့်ကြံသူ မရေမတွက်နိုင်အောင် ပါဝင်မည်ဟု သတင်းရခဲ့သည်။

စန်းလန်စကြဝဠာ၏ စစ်ကူများသာ ရောက်ရှိလာလျှင် စကြဝဠာနှစ်ခု၏ အားပြိုင်မှု အခြေအနေသည် သေချာပေါက် ပျက်ပြားသွားမည် ဖြစ်ပြီး နတ်ဘုရားနယ်မြေ အနေဖြင့် စန်းလန်စကြဝဠာကို ဆက်လက် ယှဥ်ပြိုင်နိုင်တော့မည် မဟုတ်ပေ။

ထိုအကြောင်းကြောင့်ပင် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက်တွင် စန်းလန်စကြဝဠာမှ ရောက်လာသည့် စစ်ကူအုပ်စုကို တားဆီးရန်အတွက် နတ်ဘုရားနယ်မြေသည် အစွမ်းအထက်ဆုံး ကျင့်ကြံသူ ဖြစ်သည့် ဝူရှင်းကို ကြယ်တာရာကောင်းကင်ယံဆီ လျှို့ဝှက်စွာ စေလွှတ်ခဲ့သည်။

ဝူရှင်း ထွက်ခွာသွားပြီးနောက်တွင် နတ်ဘုရားနယ်မြေဘက်၌ အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ဦး လျော့နည်းသွားသောကြောင့် စန်းလန်စကြဝဠာနှင့် ထိပ်တိုက် ရင်ဆိုင်ရာတွင် အတော်လေး အားနည်းသွားခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်မှစ၍ နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများသည် ကြယ်မြို့တော်၏ ကာကွယ်ရေး အစီအရင်ကို အမှီပြုကာ စန်းလန်စကြဝဠာမှ လူများကို ရင်ဆိုင်ခဲ့ကြသည်။

--------------------------------

ကြယ်မြို့တော်၏ ဗဟိုခန်းမတွင် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ စုဝေးနေခဲ့ကြသည်။

ခေါင်းဆောင်ဖြစ်သူမှာ လနန်းတော်မှ နတ်သမီးတစ်ပါး ကဲ့သို့ ခန့်ညားထည်ဝါ လှပသော အမျိုးသမီးတစ်ဦး ဖြစ်သည်။

ထိုအမျိုးသမီးမှာ အခြားသူ မဟုတ်ဘဲ လနတ်နန်းတော်၏ သခင်မ မင်ယွဲ့ရှင်း ဖြစ်ပြီး သူမသည် နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ် ပြန်လည်နိုးထလာပြီးနောက်တွင် အုပ်စိုးသူအဆင့်သို့ ပထမဆုံး ထိုးဖောက်နိုင်ခဲ့သူလည်း ဖြစ်သည်။

အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာမှ ကျူးကျော်လာသော စစ်ပွဲတွင် မင်ယွဲ့ရှင်းသည် တားမြစ်နည်းစနစ်ကို အသုံးပြု၍ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ မဟာယာနအဆင့်ကျင့်ကြံသူကို သတ်ဖြတ်ခဲ့ရာ ကျင့်ကြံခြင်းအဆင့် ကျဆင်းသွားခဲ့ရသည်။

နှစ်အနည်းငယ် ကျင့်ကြံပြီးမှသာ သူမသည် အုပ်စိုးသူအဆင့်သို့ ပြန်လည် တက်လှမ်းလာနိုင်ခဲ့၏။

မင်ယွဲ့ရှင်း၏ ဘယ်နှင့်ညာ တစ်ဖက် တစ်ချက်စီတွင် စန်းမင်နှင့် ဝူကျန့်ထျန်းတို့ ရှိနေကြသည်။

ထိုနှစ်ဦး၏ အရှိန်အဝါသည် အလွန်တရာပင် နက်ရှိုင်းပြီး ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့်ကို ကျော်လွန်ကာ စစ်မှန်သော အုပ်စိုးသူအဆင့် ကျင့်ကြံသူများ ဖြစ်လာကြပြီ ဖြစ်သည်။

သူတို့ သုံးဦးမှလွဲ၍ ခန်းမထဲရှိ ကျန်ရှိသော လူများသည် ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့်ကို ရောက်ရှိနေသည့်ကျင့်ကြံသူများ ဖြစ်ကြသည်။

ထိုအထဲတွင် ကျန့်ဝူရှင်း၊ ကူဖုန်းအာနှင့် မုန့်ချင်းရွှယ် ကဲ့သို့ နတ်ဘုရားနယ်မြေ၏ ထိပ်တန်း ပါရမီရှင်များလည်း ပါဝင်၏။

ကောင်းကင်လမ်းစဥ် ပြန်လည် နိုးထလာပြီးနောက်တွင် နတ်ဘုရားနယ်မြေသည် အလွန် လျင်မြန်စွာ တိုးတက်လာခဲ့သည်မှာ ထင်ရှားနေခဲ့သည်။

ဆယ်နှစ်ခန့်အတွင်း နတ်ဘုရားနယ်မြေ၏ အင်အားသည် ယခင်နှစ်များထက် အဆပေါင်းများစွာ တိုးပွားလာခဲ့သည်။

“နန်းတော်သခင်မ မင်ယွဲ့.. ကြယ်တာရာကောင်းကင်ယံကို ဝူရှင်း ထွက်ခွာသွားပြီးကတည်းက ဘာသတင်းမှ မရတော့ဘူး.. ငါတို့ အခုထက်ပိုပြီး ကြာကြာ တောင့်ခံနိုင်ပါ့မလားဆိုတာ ငါစိုးရိမ်မိတယ်”

စန်းမင်က ခန်းမအတွင်းရှိ တိတ်ဆိတ်မှုကို ရုတ်တရက် ဖြိုခွင်းကာ အလေးအနက် ပြောလိုက်သည်။

ကြယ်မြို့တော်၏ အပြင်ဘက်ရှိ စန်းလန်စကြဝဠာမှ စစ်တပ်တွင် အုပ်စိုးသူအဆင့် ကျင့်ကြံသူ ငါးယောက်အထိ ရှိနေခဲ့သည်။

သူတို့ နတ်ဘုရားနယ်မြေသည် ဤနှစ်ပိုင်းအတွင်း လျင်မြန်စွာ တိုးတက်လာခဲ့သော်လည်း အချိန်က အလွန် တိုတောင်းလွန်းနေခဲ့၏။

ထို့ကြောင့် စန်းလန်စကြဝဠာ၏ စစ်ကူများကို ကြားဖြတ်တားဆီးရန် သွားရောက်ခဲ့သော ဝူရှင်း အပါအဝင် အုပ်စိုးသူအဆင့် လေးယောက်သာ ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သူတို့ အုပ်စိုးသူအဆင့်သို့ ထိုးဖောက်နိုင်ခဲ့သည်မှာ မကြာသေး၍ သူတို့၏ အင်အားသည် စန်းလန်စကြဝဠာမှ အုပ်စိုးသူအဆင့် ကျင့်ကြံသူများထက် အနည်းငယ် နိမ့်ကျနေခဲ့သည်။

အထူးသဖြင့် ဝူရှင်း ထွက်ခွာသွားပြီးနောက်တွင် သူတို့သည် စန်းလန်စကြဝဠာမှ ကျင့်ကြံသူများကို သိသိသာသာပင် ရင်ဆိုင်ရ ပိုမိုခက်ခဲလာခဲ့၏။

ကျန့်ဝူရှင်း၊ ကူဖုန်းအာနှင့် မုန့်ချင်းရွှယ်တို့ ကဲ့သို့ နတ်ဘုရားနယ်မြေ၏ အနှိုင်းမဲ့ ပါရမီရှင်များသည် ခြေလှမ်းတစ်ဝက်အုပ်စိုးသူ အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး အုပ်စိုးသူအဆင့် ကျင့်ကြံသူများကို ရင်ဆိုင်နိုင်စွမ်း အနည်းငယ် ရှိနေသောကြောင့်သာ မဟုတ်လျှင် အခြေအနေသည် သူတို့အတွက် ပို၍ပင် ဆိုးရွားသွားပေလိမ့်မည်။

သို့သော်လည်း ဤအတိုင်းသာ ဆက်သွားနေမည် ဆိုလျှင် သူတို့သည် ကြယ်မြို့တော်ကို လုံးဝ ကာကွယ်နိုင်တော့မည် မဟုတ်ပေ။

“ဒီကြယ်မြို့တော်က ငါတို့ရဲ့ နောက်ဆုံးအတားအဆီးပဲ.. ငါတို့ဘက်က စစ်သည် တစ်ယောက်ပဲ ကျန်တဲ့အထိ တိုက်ခိုက်ရမယ်ဆိုရင်တောင် ကြယ်မြို့တော်ကို ကာကွယ်ရလိမ့်မယ်”

မင်ယွဲ့ရှင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“ပြောရရင် ဝူရှင်းဆီက ဘာသတင်းမှ မရတာကလည်း အကောင်းဆုံး သတင်းပဲ.. ဒါက စန်းလန်စကြဝဠာရဲ့ စစ်ကူတွေကို သူ ဟန့်တားထားနိုင်တယ် ဆိုတာကို သက်သေပြနေတာပဲ”

မင်ယွဲ့ရှင်း၏ စကားအဆုံးမှာပင် ကြယ်မြို့တော် တစ်ခုလုံးတွင် တောင်များပြိုလဲတော့မည့် အလား ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာခဲ့သည်။

လူတိုင်း၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့၏။

ဤနှစ်များအတွင်း နတ်ဘုရားနယ်မြေသည် ကြယ်မြို့တော်ကို ကြိုးပမ်းအားထုတ်မှု များစွာ ပြုလုပ်ခဲ့ပြီး ကာကွယ်ရေးကို အကြိမ်ကြိမ် အဆင့်မြှင်တင်ခဲ့သည်။

ယနေ့ခေတ် ကြယ်မြို့တော်၏ ကာကွယ်ရေးသည် အုပ်စိုးသူအဆင့် ကျင့်ကြံသူများပင် အလွယ်တကူ မထိုးဖောက်နိုင်သော အဆင့်တွင် ရှိသည်။

သို့သော်လည်း စန်းလန်စကြဝဠာ၏ အင်အားသည် အလွန်တရာပင် ကြီးမားလွန်း၏။

ကြယ်မြို့တော်၏ လက်ရှိ ကာကွယ်ရေးဖြင့်ပင် စန်းလန်စကြဝဠာမှ အုပ်စိုးသူအဆင့် ကျင့်ကြံသူများ၏ ထပ်ခါတလဲလဲ တိုက်ခိုက်မှုများကို ကြာရှည်စွာ တောင့်ခံနိုင်ရန် မဖြစ်နိုင်ပေ။

“ကြယ်မြို့တော်ရဲ့ အကာအကွယ် အစီအရင်က ပျက်စီးတော့မယ်ထင်တယ်.. ငါတို့ အပြင်ထွက်ပြီး ရင်ဆိုင်ရအောင်”

မင်ယွဲ့ရှင်း၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်းများ လင်းလက်သွားခဲ့သည်။

ထို့နောက်တွင် သူမ၏ ပုံရိပ်သည် ကြယ်မြို့တော်၏ ကောင်းကင်ယံထက်တွင် ပေါ်လာခဲ့၏။

စန်းမင်နှင့် ဝူကျန့်ထျန်းတို့ အပါအဝင် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများသည်လည်း သူမ နောက်ကနေ ထက်ကြပ်မကွာ လိုက်ပါသွားခဲ့ကြပြီး ကြယ်မြို့တော်၏ အထက် ကောင်းကင်ယံတွင် ပေါ်လာကြသည်။

“မင်ယွဲ့ရှင်း.. မင်းက ဒီကြယ်မြို့တော်လောက်နဲ့ ငါတို့ စန်းလန်စကြဝဠာရဲ့ ခြေလှမ်းကို တားဆီးနိုင်မယ်လို့ ထင်နေတာလား.. အခုချက်ချင်း အညံ့ခံမယ်ဆိုရင် မင်းတို့ရဲ့အသက်ကို ချမ်းသာပေးမယ်.. မဟုတ်ရင်တော့ ဒီကြယ်မြို့တော် ပျက်စီးတဲ့နေ့က မင်းတို့ သေရမဲ့နေ့ပဲ”

ကြယ်မြို့တော်၏ အပြင်ဘက်တွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ချောမောသော အသွင်အပြင်ရှိသော လူငယ်တစ်ဦးသည် ရှေ့ဆုံးကနေ ရပ်နေခဲ့သည်။

သူ၏ အေးစက်စက် စကားသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။

ထိုလူငယ်၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ရာကောင်းသော ရေခဲ အရှိန်အဝါများကို ထုတ်လွှတ်နေ၍ ပတ်ဝန်းကျင်ရှိ ကြယ်များကိုပင် အေးခဲစေတော့မည့်အလား ဖြစ်နေခဲ့သည်။

အဖြူရောင်ဝတ်စုံဝတ် လူငယ်၏ နံဘေးတွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ရှိသည့် လူလေးဦးသည် ဘေးချင်းယှဥ်၍ ရပ်နေခဲ့ကြသည်။

ထိုလူလေးဦးထဲမှ တစ်ဦးချင်းစီသည် စန်းမင်နှင့် ဝူကျန့်ထျန်းတို့ထက် အရှိန်အဝါ မနိမ့်ကျပေ။

၎င်းတို့က အုပ်စိုးသူအဆင့်သို့ ရောက်ရှိနေသည့် အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။

အုပ်စိုးသူအဆင့် ကျင့်ကြံသူ ငါးဦး၏ အနောက်ဘက်တွင် နတ်ဘုရင် တစ်ရာနီးပါးနှင့် ကြယ်တာရာ စစ်သင်္ဘောပေါ်မှ နယ်မြေနတ်ဘုရား ထောင်ပေါင်းများစွာသည်လည်း တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေခဲ့ကြသည်။

သူတို့အားလုံးက ကြယ်မြို့တော်ကို တိုက်ခိုက်ရန် အတွက် အဖြူရောင်ဝတ်စုံဝတ် လူငယ်၏ အမိန့်ကို စောင့်ဆိုင်းနေသည့်အလား ရှိနေကြ၏။

“ဒီတစ်ကြိမ်တော့ စန်းလန်စကြဝဠာက အကုန်လုံးနီးပါးကို စေလွှတ်လိုက်တဲ့ပုံပဲ.. သူတို့က ငါတို့နတ်ဘုရားနယ်မြေကို အပြီးတိုင်ချေမှုန်းဖို့ ဆုံးဖြတ်ထားပုံရတယ်”

သူ့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရလျှင် စန်းမင် မှင်တက်သွားခဲ့သည်။

“စန်းလန်စကြဝဠာရဲ့ စစ်ကူတွေ လမ်းမှာရောက်နေပြီပဲ.. သူတို့က စစ်ကူတွေ ရောက်လာတဲ့အထိ ဘာလို့မစောင့်ပဲ ငါတို့နဲ့ သူသေကိုယ်သေ တိုက်ဖို့ လုပ်နေရတာလဲ"

"ငါတို့က စန်းလန်စကြဝဠာရဲ့ စစ်ကူတွေကို ထားဖို့ ဝူရှင်းကို အသုံးပြုသလို စန်းလန်စကြဝဠာကလည်း ဝူရှင်းကို ဟန့်တားဖို့အတွက် သူတို့ရဲ့ စစ်ကူတွေကို အသုံးပြုနိုင်တာပဲ”

မင်ယွဲ့ရှင်း၏ လှပသော မျက်ဝန်းလေးထဲတွင် အေးစက်သော အလင်းတန်းများ လင်းလက်သွားခဲ့သည်။

“ဘာပဲဖြစ်ဖြစ် အခြေအနေက ဒီအဆင့်အထိ ရောက်လာပြီဆိုမှတော့ စန်းလန်စကြဝဠာနဲ့ သူသေကိုယ်သေ တိုက်ခိုက်ဖို့သာ ပြင်ဆင်ထားကြတော့”

အခန်း(၂၆၁၈)ပြီး၏။

All Chapters