← Chapters

အခန်း (၂၆၁၉-၂၆၂၀)

Vol. 202 Ch. 2619-2620

အခန်း (၂၆၁၉-၂၆၂၀)

Vol. 202 Ch. 2619-2620

အခန်း(၂၆၁၉)

ဝူရှင်းသည် ရှေးခေတ်ကာလက ဖျက်ဆီးခြင်း လမ်းစဥ် အုပ်စိုးသူ အဆင့် ကျင့်ကြံသူ ပြန်လည် ဝင်စားလာသူ ဖြစ်၍ တိုက်ခိုက်ရေးစွမ်းရည်တွင် အဆင့်တူ အတွင်း ပြိုင်ဘက်ကင်းသလောက် ဖြစ်သည်။

အထူးသဖြင့် အုပ်စိုးသူအဆင့်သို့ ထိုးဖောက်ဝင်ရောက်ပြီးနောက်တွင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် မင်ယွဲ့ရှင်း ထက်ပင် သာလွန်သွားခဲ့ပြီး နတ်ဘုရားနယ်မြေ၏ နံပါတ်တစ် အစွမ်းထက်ဆုံး ကျင့်ကြံသူ ဖြစ်လာခဲ့သည်။

စန်းလန်စကြဝဠာ၏ စစ်ကူများ ရောက်ရှိလာခြင်းကို တားဆီးရန် အတွက် ဝူရှင်းသည် ကြယ်တာရာကောင်းကင်ယံသို့ တစ်ဦးတည်း သွားရောက်ခဲ့သည်။

နတ်ဘုရားနယ်မြေ အတွက်မူ ဤလုပ်ရပ်မှာ တကယ်တမ်းတွင် မတတ်သာ၍ လုပ်ဆောင်ရခြင်း ဖြစ်သည်။

ဝူရှင်းက စန်းလန်စကြဝဠာ၏ စစ်ကူများကို ဟန့်တားနိုင်ခဲ့လျှင်ပင် ယင်းသည် နတ်ဘုရားနယ်မြေ၏ အင်အားကို ခွဲထုတ်လိုက်ခြင်းလည်း ဖြစ်သည်။

သူတို့၏ နတ်ဘုရားနယ်မြေသည် စန်းလန်စကြဝဠာနှင့် ရင်ဆိုင်ရာတွင် အသာစီးမရခဲ့ပေ။

အထူးသဖြင့် အစွမ်းထက်ဆုံး တိုက်ခိုက်ရေးအင်အား ဖြစ်သည့် ဝူရှင်း ထွက်သွားပြီးနောက်တွင် သူတို့သည် ပို၍ပင် အားနည်းသွားခဲ့သည်။

စန်းလန်စကြဝဠာ အတွက်မူ ဤအချိန်တွင် နတ်ဘုရားနယ်မြေကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်းမှာ အကျိုးအကြောင်း ဆီလျော်သော ကိစ္စပင်။

"စန်းလွမ်.. ငါတို့ နတ်ဘုရားနယ်မြေနဲ့ ရှင်တို့ စန်းလန်စကြဝဠာက ဘာရန်ငြိုးရန်စမှ မရှိခဲ့ဘူး.. ဒီလောက်ထိ နိုင်ထက်စီးနင်းလုပ်နေတာ မလွန်လွန်းဘူးလား"

မင်ယွဲ့ရှင်းက အဖြူရောင်ဝတ်စုံဝတ် လူငယ်ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။

"ငါ့ရဲ့ နတ်ဘုရားနယ်မြေက ရှင်တို့ စန်းလန်စကြဝဠာကို ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ဘူး.. တကယ်လို့ ရှင်တို့က နတ်ဘုရားနယ်မြေကို ဆက်ပြီး တိုက်ခိုက်မယ်ဆိုရင် ငါတို့ရဲ့ အရိုးတွေ ကြေမွသွားရင်တောင် ရှင်တို့ကို အကြီးအကျယ် ပြန်လည် ပေးဆပ်စေမယ်"

"မင်ယွဲ့ရှင်း.. အပိုစကားတွေ လာပြောမနေနဲ့"

စန်းလွမ်က ခေါင်းခါယမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"ငါ့ရဲ့ စန်းလန်စကြဝဠာက မင်းတို့ နတ်ဘုရားနယ်မြေကို စိတ်မဝင်စားဘူး.. ငါက နတ်ဘုရားနယ်မြေထဲ ဝင်ပြီး တစ်ခုခု ရှာချင်ရုံပဲ.. မင်းတို့တွေ ငါတို့ကို နတ်ဘုရားနယ်မြေထဲ ဝင်ခွင့်ပေးမယ် ဆိုရင် ဒီတိုက်ပွဲကို ရှောင်လွှဲလို့ရနေတာပဲ"

မင်ယွဲ့ရှင်းက အေးစက်စွာ ပြောလိုက်သည်။

"နတ်ဘုရားနယ်မြေထဲမှာ ရှင် ရှာနေတဲ့အရာ ဘာမှမရှိဘူး"

"ရှိလား မရှိလားဆိုတာ မင်းရဲ့ စကားတစ်ခွန်းထဲနဲ့ ဆုံးဖြတ်လို့မရဘူး"

စန်းလွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းတို့ နတ်ဘုရားနယ်မြေက ဒီတစ်ကြိမ် ငါ့ကို တားနိုင်ရင်တောင် စန်းလန်စကြဝဠာက ပိုအစွမ်းထက်တဲ့ လူတွေကို စေလွှတ်ဦးမှာပဲ.. အဲဒီအချိန်ကျရင် မင်းတို့ နတ်ဘုရားနယ်မြေရဲ့ တစ်ခုတည်းသော ရလဒ်က ပျက်စီးခြင်းပဲ"

"အပိုစကားတွေ ပြောမနေနဲ့.. တိုက်ချင်ရင်တိုက်လိုက်.. ငါတို့ နတ်ဘုရားနယ်မြေက အဖော်လုပ်ပေးမယ်"

မင်ယွဲ့ရှင်း၏ မျက်ဝန်းများက အေးစက်သွားပြီး သူမ၏ ပုံရိပ်သည် ကြယ်မြို့တော်ကနေ ပျံထွက်သွားကာ စန်းလွမ်၏ ရှေ့တွင် တိုက်ရိုက် ပေါ်လာခဲ့သည်။

"ဒါဆိုရင်လည်း မင်းဆန္ဒအတိုင်း ဖြစ်စေရမယ်"

စန်းလွမ်၏ တည်ငြိမ်သော စကားသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် စန်းလွမ်၏ ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ရာကောင်းသော ရေခဲအုပ်စိုးသူ နတ်စွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး ပေထောင်ချီ ရှည်လျားသော ရေခဲမြား အဖြစ် ပြောင်းလဲကာ မင်ယွဲ့ရှင်း၏ နှလုံးသား ဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာခဲ့သည်။

ရေခဲမြား ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ဟင်းလင်းပြင်သည် အေးခဲသွားခဲ့၏။

နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူ ပင်လျှင် ချက်ချင်း ရေခဲရုပ်တု အဖြစ် ပြောင်းလဲသွားနိုင်သည့် အနေအထားပင်။

ထိုအချင်းအရာကို မြင်လျှင် စန်းမင်က သူ၏ နံဘေးမှ ဝူကျန့်ထျန်းကို ကြည့်ကာ ပြောလိုက်သည်။း

"ညီနောင်ဝူ.. ငါတို့လည်း စလိုက်ကြရအောင်"

ကြယ်မြို့တော်၏ ကာကွယ်ရေးက အကန့်အသတ်သို့ ရောက်တော့မည် ဖြစ်သည်။

အကယ်၍ ကြယ်မြို့တော်၏ ကာကွယ်ရေးကိုသာ ဆက်ပြီး အားကိုးနေမည် ဆိုလျှင် ကြယ်မြို့တော် တစ်ခုလုံး ပြိုလဲသွားပြီး နတ်ဘုရားနယ်မြေ၏ နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်မှုများ ပျက်စီးသွားမည်ကို သူ စိုးရိမ်မိသည်။

"ကောင်းပြီ"

ဝူကျန့်ထျန်းက ခေါင်းညိတ်လိုက်ပြီး မဆိုင်းမတွဘဲ စန်းလန်စကြဝဠာ၏ အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ဦးကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။

"ကျန့်ဝူရှင်း.. ငါက စန်းလန်စကြဝဠာရဲ့ အုပ်စိုးသူ အဆင့် တစ်ယောက်ကို ထိန်းထားမယ်.. ကျန်တဲ့ အုပ်စိုးသူအဆင့် နှစ်ယောက်ကတော့ မင်းတို့တွေ အပေါ်မှာပဲ မူတည်တော့တယ်"

စန်းမင်က ကျန့်ဝူရှင်းတို့ သုံးဦးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှေ့သို့ လှမ်းတက်လိုက်ကာ စန်းလန်စကြဝဠာ၏ အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ဦး၏ ရှေ့တွင် တိုက်ရိုက် ပေါ်လာခဲ့သည်။

ကျန့်ဝူရှင်းက စစ်မြေပြင်၏ အခြေအနေကို တစ်ချက်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

"အုပ်စိုးသူအဆင့်ကို နတ်ဘုရားနယ်မြေမှာ ငါတို့ သုံးယောက်ပဲ တိုက်နိုင်စွမ်း ရှိတယ်.. ငါ သူတို့ထဲက တစ်ယောက်ကို ထိန်းထားမယ်.. မင်းတို့ နှစ်ယောက်က နောက်တစ်ယောက်ကို ပူးပေါင်း ရင်ဆိုင်လိုက်ပါ"

အုပ်စိုးသူအဆင့် နှင့် ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့်မှာ တစ်ဆင့်သာ ကွာသော်လည်း အင်အား အတော်လေး ကွာခြားသည်။

သာမန် ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့် ကျင့်ကြံသူသည် အုပ်စိုးသူအဆင့် ကျင့်ကြံသူ ရှေ့တွင် ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိသလောက်ပင်။

သို့သော် ကျန့်ဝူရှင်း၊ မုန့်ချင်းရွှယ် နှင့် ကူဖုန်းအာတို့ သုံးဦးကမူ တွေ့ရခဲသော အနှိုင်းမဲ့ ပါရမီရှင်များ ဖြစ်ကြသည်။

ထိုသုံးဦးသည် ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့်သို့ ရောက်ရှိပြီးနောက်တွင် သာမန် ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့် ကျင့်ကြံသူများထက် များစွာ သာလွန်သွားခဲ့သည်။

အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ဦးပင်လျှင် သူတို့ကို အနိုင်ယူရန် မလွယ်ကူပေ။

"ငါ သူတို့ထဲက တစ်ယောက်ကို ထိန်းထားမယ်.. နင်နဲ့ ဖုန်းအာ က ပူးပေါင်းပြီး အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ယောက်ကို ရင်ဆိုင်ပါ"

မုန့်ချင်းရွှယ်၏ လှပသော မျက်လုံးလေးက လင်းလက်သွားခဲ့သည်။

"ဓားသမားတစ်ယောက် အနေနဲ့ နင်က တိုက်ခိုက်ရေးမှာ တော်တယ်.. ဖုန်းအာလည်း အတူတူပဲ.. ငါ့မှာက လနတ်နန်းတော်ရဲ့ အထွတ်အမြတ် ပစ္စည်း ဖြစ်တဲ့ လနတ်ကျောက်တုံး ရှိတဲ့အတွက် သူတို့ထဲက တစ်ယောက်ကို ထိန်းထားဖို့ ငါက ပိုပြီး သင့်တော်တယ်"

ထိုစကားကို ပြောပြီးနောက်တွင် မုန့်ချင်းရွှယ်က ထိုနှစ်ဦး ပြန်ပြောသည်ကို မစောင့်တော့ဘဲ ကြယ်မြို့တော်ကနေ ထွက်သွားခဲ့သည်။

"အစ်မချင်းရွှယ်"

ထိုအချင်းအရာကို မြင်လျှင် ကူဖုန်းအာ၏ လှပသော မျက်ဝန်းထဲတွင် စိုးရိမ်သော အရိပ်အယောင်များ ​ဖြစ်ပေါ်လာခဲ့သည်။

"သွားကြရအောင်.. သူ ဆိုလိုတဲ့သဘောက ငါတို့ နှစ်ယောက် ပူးပေါင်းပြီး အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ယောက်ကို အရင် အနိုင်ယူဖို့ပဲ.. ဒါမှပဲ ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်လိမ့်မယ်"

စကားဆုံးသည်နှင့် ကျန့်ဝူရှင်း၏ ပုံရိပ်သည် ကြယ်တာရာကောင်းကင်ယံ ထဲသို့ ချက်ချင်း ပြေးဝင်သွားခဲ့သည်။

မိုင်ပေါင်း သောင်းချီ ဧရိယာရှိ ကြယ်တာရာများမှ ကြယ်စွမ်းအားများသည် အရပ်မျက်နှာ အနှံ့ကနေ ချက်ချင်းပင် စုစည်းလာခဲ့ပြီး ကျန့်ဝူရှင်း၏ ခန္ဓာကိုယ် အတွင်းသို့ စီးဝင်သွားခဲ့သည်။

နတ်ဘုရားနယ်မြေ၏ သေခြင်းရှင်ခြင်းနှင့် သက်ဆိုင်နေသော ဤတိုက်ပွဲတွင် ကျန့်ဝူရှင်းသည် တုံ့ဆိုင်းမနေတော့ဘဲ သူ၏ ကြယ်တာရာ နတ်ခန္ဓာကိုယ်ကို တိုက်ရိုက် လှုံ့ဆော်လိုက်ရာ သူ၏ အရှိန်အဝါသည် အုပ်စိုးသူအဆင့် နှင့် နှိုင်းယှဉ်နိုင်သော အဆင့်ထိ ချက်ချင်း မြင့်တက်သွားခဲ့သည်။

ကြယ်တာရာ ကောင်းကင်ယံတွင် ကျန့်ဝူရှင်းသည် ကြယ်တာရာ နတ်ခန္ဓာကိုယ်၏ စွမ်းအားကို အပြည့်အဝ အသုံးချနိုင်စွမ်း ရှိ၏။

"သေစမ်း"

ကျန့်ဝူရှင်းက အေးစက်စက် အော်ဟစ်လိုက်သည်။

ကျန့်ဝူရှင်း၏ ခန္ဓာကိုယ်ကနေ ကြယ်ဓားများစွာ စုစည်းလာခဲ့ပြီးနောက် တောက်ပသော ဧရာမဂလက်ဆီ ဓားကြီး တစ်လက်အဖြစ် ပြောင်းလဲသွားခဲ့ကာ စန်းလန်စကြဝဠာမှ အုပ်စိုးသူအဆင့် ကျင့်ကြံသူကို ခုတ်ချလိုက်သည်။

ကူဖုန်းအာကလည်း တုံ့ဆိုင်းမနေတော့ပေ။

သူမ၏ ပုံရိပ်သည် အနီ​ရောင် လျှပ်စီးတန်းတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့ပြီး ကျန့်ဝူရှင်း အနားသို့ ရောက်လာခဲ့သည်။

သူမ၏ ကျောဘက်တွင် ပြင်းထန်သော ဖီးနစ်မီးလျှံများ တောက်လောင်နေသည့် ကြီးမားသော ကောင်းကင်ဖီးနစ်ပုံရိပ် တစ်ခု ပေါ်လာခဲ့၏။

သူမက ကျန့်ဝူရှင်း နှင့်အတူ လက်တွဲ၍ အုပ်စိုးသူ အဆင့် ကျင့်ကြံသူကို တိုက်ခိုက်လိုက်သည်။

နတ်ဘုရားနယ်မြေ၏ ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့် ကျင့်ကြံသူ နှစ်ဦးသည် သူတို့၏ အစွမ်းထက်ဆုံး တိုက်ခိုက်ရေး ပညာရပ်များကို အသီးသီး ထုတ်ဖော်လိုက်ကြရာ ထိုကြောက်မက်ဖွယ်ရာ ကောင်းသော အင်အားသည် အစစ်အမှန် အုပ်စိုးသူ အဆင့် ကျင့်ကြံသူများကိုပင် နောက်ဆုတ်သွားစေရန် လုံလောက်၏။

စန်းလန်စကြဝဠာ၏ အုပ်စိုးသူအဆင့် ကျင့်ကြံသူသည် ထိုကဲ့သို့ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို မည်ကဲ့သို့ အလွယ်တကူ ခုခံနိုင်ပါမည်နည်း။

ကျန့်ဝူရှင်း နှင့် ကူဖုန်းအာ တို့၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် ထိုကျင့်ကြံသူက ပေထောင်ချီ အကွာအဝေးထိ လွင့်ထွက်သွားခဲ့သည်။

သူတို့နှစ်ဦးက စန်းလန်စကြဝဠာ အုပ်စိုးသူအဆင့် ကျင့်ကြံသူကို အသက်ရှူဖို့ပင် အခွင့်အရေး မပေးဘဲ အစွမ်းထက်ဆုံး တိုက်ကွက်များကို ထုတ်ဖော်ကာ အညှာအတာ ကင်းမဲ့စွာ တိုက်ခိုက်လိုက်ကြသည်။

ကျန့်ဝူရှင်း နှင့် ကူဖုန်းအာ တို့က အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ယောက်ကို ဖိနှိပ်ထားနိုင်သော်လည်း အခြားသော စစ်မြေပြင်များရှိ အခြေအနေကမူ အနည်းငယ် စိုးရိမ်စရာ ဖြစ်နေခဲ့သည်။

မင်ယွဲ့ရှင်းသည် လနတ်နန်းတော်၏ နန်းတော်သခင်မ ဖြစ်ပြီး အနှိုင်းမဲ့ ပါရမီရှင် တစ်ဦးလည်း ဖြစ်၍ နတ်ဘုရားနယ်မြေတွင် အုပ်စိုးသူအဆင့်သို့ ပထမဆုံး ရောက်ရှိခဲ့သူ ဖြစ်သည်။

သို့သော်လည်း နတ်ဘုရားနယ်မြေသို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ လာရောက်စဉ်က သူမသည် တားမြစ်ပညာရပ်ကို အသုံးပြု၍ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ မဟာယာနအဆင့် ကျင့်ကြံသူကို သတ်ခဲ့၍ သူမ၏ နယ်ပယ်အဆင့်က ကျဆင်းသွားခဲ့ရပြီး အချိန်များစွာ ပြန်လည် ကျင့်ကြံပြီးမှသာ အုပ်စိုးသူအဆင့်ကို ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။

သူမ၏ ဆန့်ကျင်ဘက်တွင် ရှိနေသည့် စန်းလွမ်သည် စန်းလန်စကြဝဠာမှ အုပ်စိုးသူ အဆင့် ပါရမီရှင် တစ်ဦး ဖြစ်သည်။

ထို့ကြောင့် မင်ယွဲ့ရှင်းသည် စန်းလွမ်ကို အသာစီးရရန် ခက်ခဲနေခဲ့၏။

စန်းမင် နှင့် ဝူကျန့်ထျန်း တို့သည်လည်း သူတို့၏ ပြိုင်ဘက်များနှင့် အကြိတ်အနယ် တိုက်ခိုက်နေကြပြီး အချိန်တိုအတွင်း အနိုင်အရှုံး ခွဲခြားရန် ခက်ခဲနေခဲ့သည်။

မုန့်ချင်းရွှယ်ကမူ အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ဦးကို တစ်ဦးတည်း ရင်ဆိုင်နေရ၍ အတော်လေး ရုန်းကန်နေရသည်။

သူမက လနတ်နန်းတော်၏ အထွတ်အမြတ် လနတ်ကျောက်တုံးကို ပိုင်ဆိုင်ထားပြီးနောက်တွင် သူမ၏ ခန္ဓာကိုယ် သွေးမျိုးဆက်က လနတ်ကြမ္မာခန္ဓာကိုယ် အဖြစ် လုံးဝ ပြောင်းလဲသွားခဲ့သည်။

ထို့အပြင် လနတ်နန်းတော်၏ အမွေအနှစ်ကို ဆက်ခံထားသဖြင့် သူမက ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့်သို့ လျင်မြန်စွာ ရောက်ရှိခဲ့သည်။

အစပိုင်းတွင် လနတ်ကျောက်တုံး၏ စွမ်းအားဖြင့် မုန့်ချင်းရွှယ်သည် အုပ်စိုးသူအဆင့် ကျင့်ကြံသူကို ရင်ဆိုင်နိုင်ခဲ့သော်လည်း လနတ်ကျောက်တုံးကို အသုံးပြုခြင်းသည် မုန့်ချင်းရွှယ်၏ အင်အားကို များစွာ ကုန်ဆုံးစေခဲ့၏။

ထို့ကြောင့် တဖြည်းဖြည်းနှင့် မုန့်ချင်းရွှယ်သည် အုပ်စိုးသူအဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုအောက်တွင် အောက်စည်းသို့ ​ရောက်ရှိသွားခဲ့သည်။

အခန်း(၂၆၁၉) ပြီး၏

အခန်း(၂၆၂၀)

ကြယ်တာရာကောင်းကင်ယံတွင် မုန့်ချင်းရွှယ် ရင်ဆိုင်နေရသော ပိန်ပါးပါး အဖိုးအိုသည် ဟင်းလင်းပြင်ကို ချေမှုန်းကာ မုန့်ချင်းရွှယ်က လနတ်ကျောက်တုံးဖြင့် တည်ဆောက်ထားသော လရောင် အကာအကွယ် အတားအဆီးကို တိုက်ခိုက်လိုက်သည်။

"ဝုန်း"

လရောင် အကာအကွယ် အတားအဆီး အစိတ်စိတ် အမွှာမွှာ ပျက်စီးသွားပြီးနောက်တွင် မုန့်ချင်းရွှယ်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားခဲ့ပြီး ကြယ်တာရာ ကောင်းကင်ယံထက်တွင် နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားခဲ့ရသည်။

သူမ၏ လှပသော မျက်နှာလေး ထက်တွင်လည်း အလွန်အမင်း ဖြူဖျော့သော အရိပ်အယောင်များ ပေါ်လာခဲ့၏။

"နောက်ဆုံးတော့လည်း အုပ်စိုးသူအဆင့်ကို ယှဥ်လို့မရသေးပါလား"

မုန့်ချင်းရွှယ်က သူမ၏ ခန္ဓာကိုယ်အတွင်းမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

အုပ်စိုးသူအဆင့် နှင့် ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့်တို့ကြားရှိ ကွာခြားချက်သည် အမှန်တကယ်ပင် ကြီးမားလွန်း၏။

သူမ၏ ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့် ကျင့်ကြံမှုဖြင့် အုပ်စိုးသူအဆင့်ကို ယှဉ်နိုင်ရန်မှာ တကယ်ပင် ခက်ခဲနေခဲ့သည်။

"နတ်ဘုရားနယ်မြေက ဒီလောက်ထိ အနှိုင်းမဲ့ ပါရမီရှင်တွေ အများအပြား ထွက်ပေါ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. မင်းတို့ရဲ့ ပါရမီတွေက တကယ်ကို ကြောက်စရာပဲ"

ပိန်ပါးပါး အဖိုးအိုက မုန့်ချင်းရွှယ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် အံ့ဩချီးကျူးသော အရိပ်အယောင်များ ရှိနေခဲ့၏။

သူ့ရှေ့က မိန်းကလေးသည် ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့် ကျင့်ကြံမှုသာ ရှိသော်လည်း အုပ်စိုးသူအဆင့်နှင့် နှိုင်းယှဉ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။

အကယ်၍ ယခုမှအဆင့် ထိုးဖောက်ကာစ အုပ်စိုးသူ အဆင့်ကျင့်ကြံသူ တချို့သာ ဆိုလျှင် သူမကို အနိုင်ယူရန်မှာ အမှန်တကယ် ခက်ခဲပေလိမ့်မည်။

ထို့အပြင် သူ့ရှေ့မှ မိန်းကလေး တစ်ယောက်ထဲ အနှိုင်းမဲ့ပါရမီ ရှိသည် မဟုတ်ဘဲ အခြားသော လူငယ်နှစ်ယောက်သည်လည်း မွန်းစတားဆန်လွန်းသည့် ပါရမီရှင်များ ဖြစ်ကြသည်။

ထိုနှစ်ယောက် ပူးပေါင်းပြီး သူနှင့် ခွန်အားချင်း အဆင့်တူသော အုပ်စိုးသူ အဆင့် ကျင့်ကြံသူ တစ်ယောက်ကိုပင် အထက်စီးကနေ တိုက်ခိုက်နိုင်ခဲ့သည် မဟုတ်ပါလား။

အကယ်၍ ဤလူငယ်များသာ အုပ်စိုးသူအဆင့်သို့ ထိုးဖောက်သွားမည် ဆိုလျှင် အုပ်စိုးသူ အလယ်အလတ်အဆင့် ကျင့်ကြံသူများ ပင်လျှင် ၎င်းတို့ကို အနိုင်ယူနိုင်ရန် သေချာမည် မဟုတ်ပေ။

မုန့်ချင်းရွှယ်က ဘာမှပြန်မပြောဘဲ ခွန်အားဖြည့်ဆေး တစ်လုံးကို ထုတ်ယူကာ မျိုချလိုက်သည်။

ထို့နောက် သူမက လက်ထဲမှ လနတ်ကျောက်တုံးကို ထပ်မံ၍ အသက်သွင်းလိုက်သည်။

"ဟားဟား.. မင်းလက်ထဲက ရတနာက တကယ်ကို ထူးခြားလွန်းတာပဲ.. တကယ်လို့သာ မင်းရဲ့ ကျင့်ကြံမှုက အုပ်စိုးသူအဆင့်ကို ထိုးဖောက်သွားမယ်ဆိုရင် ငါက မင်းရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ဘူး.. ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မင်းမှာ အဲဒီလို အခွင့်အရေး မရှိတော့ဘူး"

ပိန်ပါးပါး အဖိုးအိုက ကောက်ကျစ်စွာ ပြုံးလိုက်သည်။

သူက မုန့်ချင်းရွှယ်နှင့် အချိန်ဖြုန်းရန် စိတ်မကူးတော့ပေ။

သူက မုန့်ချင်းရွှယ် ထံသို့ ကြောက်မက်ဖွယ် စွမ်းအားများ ကိန်းအောင်းနေသည့် လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

မုန့်ချင်းရွှယ်က လနတ်ကျောက်တုံးကို လက်နှစ်ဖက်ဖြင့် ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ပြီး ပိန်ပါးပါး အဖိုးအို၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခုခံရန် လက်ဟန်များ ထုတ်ဖော်တော့မည့်အချိန်တွင် ကြယ်တာရာကောင်းကင်ယံထဲ၌ ရုတ်တရက် အသံတစ်သံ ပဲ့တင်ထပ်လာခဲ့သည်။

မကြာမီမှာပင် အလွန်တရာ တောက်ပသော ရွှေရောင်ဓားအလင်းတန်း တစ်ခုသည် ကောင်းကင်ယံကို ချက်ချင်း ဖြတ်သန်းသွားပြီး မိုင်ပေါင်းထောင်ချီ အကွာရှိ ကြယ်စင်တန်းများ ဆီကနေ ပြေးထွက်လာခဲ့သည်။

ထိုဓားအလင်းတန်းက အလွန်အမင်း မြန်ဆန်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မိုင်ပေါင်းထောင်ချီ ဧရိယာကို ဖောက်ထွက်ကာ မုန့်ချင်းရွှယ် ထံသို့ ဦးတည်လာသည့် ပိန်ပါးပါး အဖိုးအို ၏ လက်သီးချက်ကို ချေမှုန်းပစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် အေးစက်စက် အသံတစ်သံသည် ကြယ်တာရာ ကောင်းကင်ယံတွင် ပျံ့လွင့်သွားခဲ့၏။

"အဖိုးကြီး.. ချင်းရွှယ်ရဲ့ ဆံချည်တစ်မျှင်ကို ထိခိုက်အောင် လုပ်ရဲရင် သေတာထက် ပိုဆိုးတဲ့ အရသာက ဘယ်လိုလဲဆိုတာ ငါ မင်းကို သိအောင် လုပ်ပေးမယ်"

အလွန်ရင်းနှီးသော အသံက ကြယ်တာရာ ကောင်းကင်ယံတွင် ထွက်ပေါ်လာသည်နှင့်အမျှ မုန့်ချင်းရွှယ်သည် တစ်စုံတစ်ရာကို ချက်ချင်း အမှတ်ရသွားပြီး သူမ၏ လှပသော မျက်ဝန်းထဲတွင် အံ့ဩဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

မုန့်ချင်းရွှယ် တင်မကဘဲ ဤနေရာတွင် ရှိနေသော နတ်ဘုရားနယ်မြေမှ လူအားလုံးနီးပါးသည်လည်း စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာကြသည်။

"နောက်ဆုံးတော့ ကျန်းချန် ပြန်ရောက်လာပြီပဲ"

အမြဲတမ်း အေးစက်စက် နေတတ်သော မင်ယွဲ့ရှင်း၏ အနှိုင်းမဲ့ လှပသော မျက်နှာထက်တွင်ပင် ပျော်ရွှင်သော အရိပ်အယောင်များ ရှိနေခဲ့သည်။

ထိုနှစ်များက နတ်ဘုရားနယ်မြေတွင် ရှိစဉ်ကပင် ထိုကောင်လေးသည် နတ်ဘုရားနယ်မြေရှိ ပါရမီရှင် အားလုံးကို လွှမ်းမိုးထားနိုင်သည့် မွန်းစတား ကဲ့သို့ တည်ရှိမှုမျိုး ဖြစ်သည်။

ယခု နှစ်ပေါင်းများစွာ ကြာသွားပြီးနောက်တွင် သူ၏ အင်အားသည် အလွန်တရာ ကြောက်စရာကောင်းသော အဆင့်သို့ ရောက်ရှိနေမည်မှာ သေချာသလောက်ပင်။

ထိုကောင်လေး ရှိနေသဖြင့် ယနေ့ နတ်ဘုရားနယ်မြေ၏ အကျပ်အတည်းသည် ပြေလည်သွားပေတော့မည် မဟုတ်ပါလော။

"ဘယ်သူလဲ.. ထွက်လာခဲ့စမ်း"

ပိန်ပါးပါး အဖိုးအို၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး သူ၏ ပုံရိပ်သည် နောက်သို့ အရှိန်အဟုန်ဖြင့် ဆုတ်ခွာသွားခဲ့သည်။

ယင်းနောက်တွင် သူက ကြယ်တာရာကောင်းကင်ယံ၏ တစ်နေရာသို့ ဆီသို့ စူးစိုက်ကြည့်လိုက်သည်။

နောက်ထပ် တစ်ခဏတွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် ကြယ်တာရာကောင်းကင်ယံတွင် ထွက်ပေါ်လာပြီး မုန့်ချင်းရွှယ်၏ ရှေ့ကို ရုတ်ခြည်း ရောက်ရှိလာခဲ့၏။

"ရှင် နောက်ဆုံးတော့ ပြန်လာပြီပေါ့"

သူ့ရှေ့မှ ရင်းနှီးသော မျက်နှာကို ကြည့်ကာ မုန့်ချင်းရွှယ်သည် သက်ပြင်းချလိုက်သည်။

သူမ၏ ဖြူဖျော့နေသော ပါးပြင်ထက်တွင် စိတ်အေးသွားသည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

"အင်း.. ငါ ပြန်လာပြီ.. မင်း အရင် သွားနားလိုက်ဦး.. ဒီအဖိုးကြီးကို ငါ ဘယ်လိုရိုက်နှက်ပြီး မင်းအတွက် ဒေါသဖြေပေးမလဲ ဆိုတာ စောင့်ကြည့်နေ"

"ကောင်းပါပြီရှင့်"

မုန့်ချင်းရွှယ်က ချိုသာစွာ ပြုံးလိုက်ပြီးနောက် ကြယ်မြို့တော်ဆီသို့ တိုက်ရိုက်ပင် ပြန်သွားခဲ့သည်။

ယခု ကျန်းချန်၏ အင်အားက မည်မျှရှိသည်ကို သူ မသိသော်လည်း ကျန်းချန် အပေါ်တွင် သူမ အပြည့်အဝ ယုံကြည်မှု ရှိသည်။

ရှန်းဝူတိုက်ကြီးမှ စ၍ ကျန်းချန်သည် အံ့ဖွယ်ဖြစ်ရပ်များအား တစ်ခုပြီးတစ်ခု ဖန်တီးခဲ့သည်ကို သူမ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီး နံဘေးရှိ လူများကို မည်သည့်အခါမျှ စိတ်မပျက်စေခဲ့ပေ။

ယခု ကျန်းချန် ပြန်လာပြီ ဖြစ်၍ ယနေ့ အကျပ်အတည်းက သေချာပေါက် ပြေလည်သွားပေလိမ့်မည်။

"ချီး.. နို့နံ့တောင် မစင်သေးတဲ့ ကောင်လေး တစ်ယောက်က ဘာလို့ ဒီလောက်တောင် လေလုံးထွားနေတာလဲ"

မလှမ်းမကမ်းတွင် ရှိနေသော ပိန်ပါးပါး အဖိုးအိုသည် ကျန်းချန်၏ စကားကို ကြားလျှင် လှောင်ပြောင်၍ ပြောဆိုလိုက်သည်။

အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ခန္ဓာကိုယ်တွင် မည်သည့် အရှိန်အဝါမှ မရှိသဖြင့် ထိုလူငယ်၏ ကျင့်ကြံခြင်း အဆင့်ကို သူ မမြင်နိုင်ခဲ့ပေ။

သို့သော် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ အသက်အရွယ်အရ ခြေလှမ်းတစ်ဝက် အုပ်စိုးသူ အဆင့်သို့ ရောက်နေလျှင်ပင် ကောင်းကင်ကို ဆန့်ကျင်နေလောက်အောင် ထူးခြားနေပြီဟု ပိန်ပါးပါး အဖိုးအို မှန်းဆခဲ့သည်။

ဝါရင့် အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ဦးအနေဖြင့် သူ၏ ကျင့်ကြံမှုသည် အုပ်စိုးသူ အစောပိုင်း အဆင့်တွင်သာ ရှိနေခဲ့သော်လည်း ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့် ပါရမီရှင် တစ်ဦးနှင့် တစ်ဦးချင်း ရင်ဆိုင်ရမည် ဆိုလျှင်မူ ယုံကြည်မှု ရှိနေဆဲ ဖြစ်သည်။

"အဖိုးကြီး.. ခုနက ခင်ဗျား တော်တော် ဟန်ရေးပြနေတာ ငါ တွေ့တယ်.. ငါ ကျန်းချန်ရဲ့ လူကို မင်း အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရမယ် ထင်နေလား"

ကျန်းချန်က ပိန်ပါးပါး အဖိုးအိုကို အေးစက်စက် ကြည့်လိုက်သည်။

"ငါ ပြောခဲ့သလိုပဲ.. သေတာထက် ပိုဆိုးတဲ့ အရသာက ဘာလဲဆိုတာ မင်းကို မြည်းစမ်းခိုင်းမယ်"

"ကောင်လေး.. ငါ့ရှေ့မှာ လေကျယ်မနေနဲ့"

ပိန်ပါးပါး အဖိုးအိုက ကျန်းချန်ကို မထီမဲ့မြင် ပြုံးလိုက်ပြီး လက်ဟန် တချို့ကို ပြုလုပ်လိုက်ရာ ကောင်းကင်နှင့်မြေကြီးကိုပင် ဖျက်ဆီးနိုင်လောက်သည့် မိုးကြိုးစည်းတံဆိပ် တစ်ခုသည် ကြယ်တာရာ ကောင်းကင်ယံကို တိုက်ရိုက် ဖြတ်သန်းသွားပြီး မိုးကြိုးမုန်တိုင်းကဲ့သို့ ကျန်းချန်ကို ဖိနှိပ်လိုက်သည်။

ကျန်းချန်က လက်ချောင်းမှ စွမ်းအားဖြင့် ပစ်ခတ်လိုက်ရာ အားကောင်းပုံရသော မိုးကြိုးစည်းတံဆိပ်သည် "ဝုန်း" ခနဲ ပေါက်ကွဲသွားခဲ့သည်။

သူ၏ မိုးကြိုးစည်းတံဆိပ်ကို ကျန်းချန်က အလွယ်တကူ ဖြေရှင်းလိုက်သည်အား မြင်လိုက်ရလျှင် ပိန်ပါးပါး အဖိုးအိုသည် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"ကောင်လေး.. ငါ မင်းကို အထင်သေးမိသွားပြီ ထင်တယ်.. ငါ့ရဲ့ လက်သီးချက်ကို ထပ်ပြီး မြည်းစမ်းကြည့်စမ်း"

ပိန်ပါးပါး အဖိုးအို၏ မျက်ဝန်းများက ရုတ်တရက် စူးရှသွားပြီး အသက်ရှူမှားလောက်အောင် ထည်ဝါသော လျှပ်စီးတန်းနှစ်ခုသည်ပင် သူ၏ မျက်ဝန်းကနေ ထွက်ပေါ်လာခဲ့သည်။

ယင်းနောက်တွင် အဖိုးအိုသည် လက်သီးချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

သူ၏ လက်သီးချက်က ပေပေါင်း သောင်းချီ မြင့်မားသည့် မိုးကြိုးတောင်တန်း တစ်ခုနှယ် ကျန်းချန်ထံ ပြင်းထန်စွာ ရိုက်ခတ်လာခဲ့သည်။

ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး ပိန်ပါးပါး အဖိုးအို၏ လက်သီးချက်ကို သူ၏ လက်သီးချက်ဖြင့်ပင် ရိုးရိုးရှင်းရှင်း ပြန်လည် ရင်ဆိုင်လိုက်သည်။

"ဝုန်း"

ကောင်းကင်ကိုပင် တုန်ဟည်းသွားစေသော ပေါက်ကွဲသံကြီးသည် ကြယ်တာရာ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့သည်။

ကျန်းချန်သည် မူလနေရာတွင် ဝင့်ကြွားစွာ ရပ်နေဆဲဖြစ်သော်လည်း ပိန်ပါးပါး အဖိုးအိုကမူ ကြယ်တာရာကောင်းကင်ယံထက်တွင် ခြေဆယ်လှမ်းခန့် နောက်ဆုတ်သွားပြီးမှ သူ၏ ဟန်ချက်ကို ထိန်းချုပ်နိုင်ခဲ့သည်။

သူက ဖြူဖျော့သော မျက်နှာဖြင့် ကျန်းချန်ကို ကြည့်ကာ ထိတ်လန့်တကြား ပြောလိုက်သည်။

"အုပ်စိုးသူအဆင့် ပါရမီရှင်.. မင်း.. မင်း ဘယ်သူလဲ"

ကျန်းချန်သည် ပိန်ပါးပါး အဖိုးအို၏ မေးခွန်းကို ပြန်ဖြေရန် ငြီးငွေ့နေခဲ့သည်။

သူက ကြယ်တာရာ ကောင်းကင်ယံတွင် ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ရာ သူ၏ ခန္ဓာကိုယ် တစ်ကိုယ်လုံးသည် သဲလွန်စပင် မကျန်ရှိဘဲ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ထိုမြင်ကွင်းကြောင့် ပိန်ပါးပါး အဖိုးအို၏ မျက်ဝန်းများက ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့၏။

သူက အလျင်အမြန်ပင် နောက်ဆုတ်ရန် ပြင်လိုက်သည်။

သို့သော်လည်း ပိန်ပါးပါး အဖိုးအို နောက်ဆုတ်တော့မည့် အချိန်မှာပင် သူ၏ ကျောဘက်တွင် အနက်ရောင်အရိပ် တစ်ခုသည် တစ္ဆေတစ်ကောင်နှယ် ပေါ်လာခဲ့ပြီး သူ၏ ကျောပြင်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

အခန်း(၂၆၂၀) ပြီး၏

All Chapters