အခန်း (၃၄၅)
Vol. 35 Ch. 345
အခန်း။ ၃၄၅
သာမန်တိုက်ပွဲတစ်ခုသာဆိုလျှင် ကျားမလေးသည် ထိုတစ်ခြားကမ္ဘာတစ္ဆေကျားကြီးနှင့် အချိန်အတော်ကြာအောင် တိုက်ခိုက်နေမည်မှာ သေချာသည်။ သူမ၏ နည်းဗျူဟာအားလုံးကို အသုံးချပြီး ထိုသားရဲကြီးကို သူမနှင့် သူမ၏အဖွဲ့သားများအတွက် အရည်အသွေးမြှင့်တင်ပေးမည့် ကျောက်ပြင်တစ်ခုကဲ့သို့ အသုံးချပေလိမ့်မည်။
သို့သော် ယခုမူ အမြန်ဆုံး အပြတ်ရှင်းရန် လိုအပ်နေပြီဖြစ်သည်။
ထို့နောက် စစ်မြေပြင်ရှိ အခြားကျင့်ကြံသူများကို သွားရောက်ကူညီရမည်။
ယခုနှစ်၏ နံပါတ်တစ်အဆင့်ရှိ "အံ့ဖွယ်" နတ်ဘုရားသတ်အဖွဲ့အနေဖြင့် ၎င်းမှာ သူတို့၏ တာဝန်ပင်။
သူမ၏ ပခုံးပေါ်ရှိ တာဝန်ဝတ္တရားများကို တွေးတောရင်း ကျားမလေး၏ မျက်ဝန်းများမှာ တောက်ပလာပြီး သူမ၏ လက်ဖဝါးပေါ်တွင် ရွှေရောင်မျှော်စင်ငယ်လေး ပေါ်ထွက်လာသည်။
နောက်တစ်စက္ကန့်တွင် ထိုရွှေရောင်မျှော်စင်ငယ်လေးသည် ဟင်းလင်းပြင်ကို ထိုးဖောက်ကာ လျှပ်စီးတန်းတစ်ခုအလား အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။
တစ္ဆေကျားကြီးမှာ ဦးရေပြားများ စိမ့်တက်သွားရပြီး ၎င်းမှာ အလန့်တကြားဖြင့် ခုန်ရှောင်ရန် ပြင်လိုက်သော်လည်း ရွှေရောင်မျှော်စင်ငယ်၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှသဖြင့် ရှောင်တိမ်းရန် အခွင့်အရေး မရလိုက်ပေ။
ဂလောင်…
ခေါင်းလောင်းကြီးတစ်ခုကို ထိုးနှက်လိုက်သကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။
သာယာနာပျော်ဖွယ်ကောင်းသော ထိုအသံမှာ မြေပြင်မှ ပဲ့တင်ထပ်သွား၏။
တစ္ဆေကျားကြီးမှာ အပြင်းအထန် ရိုက်နှက်ခြင်းကို ခံလိုက်ရသည်။
သုံးမီတာခန့် မြင့်သော တစ္ဆေကျားကြီးမှာ ထိုနေရာတွင်ပင် တောင့်တောင့်ကြီး ရပ်တန့်သွားပြီး ၎င်း၏ ဦးခေါင်းတစ်ခြမ်းမှာ သွေးစက်များအဖြစ် လွင့်စင်သွားကာ သွေးမြူများအလား ဝဲလည်နေတော့သည်။
ဒဏ်ရာမှ သွေးများမှာ ရေပန်းတစ်ခုအလား ပန်းထွက်လာ၏။
ဦးခေါင်းတစ်ခြမ်းအတွင်းရှိ ဦးနှောက်မှာ ပူပြင်းသော ဆီပူလောင်းချခံရသည့် ပဲပြားတစ်ခုကဲ့သို့ တုန်ခါနေဆဲပင်။
ငါက ဘယ်လိုလုပ် တစ်ချက်တည်းနဲ့ အရှုံးပေးလိုက်ရတာလဲ ငါက... ဘုရင်ပဲလေ
တစ္ဆေကျားကြီးမှာ ဇဝေဇဝါ ဖြစ်နေသည်။
၎င်း၏ မျက်နှာတစ်ခြမ်းတွင် အလွန်အမင်း ကြောက်လန့်နေသည့် အမူအရာ ပေါ်နေ၏။
၎င်းသည် သံချေးတက်နေသော စက်ရုပ်တစ်ခုကဲ့သို့ လည်ပင်းကို တဖြည်းဖြည်း လှည့်ကာ ရှေ့မှ ကျားမလေးကို ကြည့်လိုက်သည်။
"မင်း..."
၎င်း စကားပင် မဆုံးလိုက်မီ ခန္ဓာကိုယ်ကြီးမှာ မြေပြင်ပေါ်သို့ ဘုတ်ခနဲ လဲကျသွားပြီး သွေးများမှာ မြေပြင်ထက်တွင် မြွေများအလား သွားလာနေတော့သည်။
...
မလှမ်းမကမ်းတွင်မူ ကိုယ်ဖျောက်ထားသော ကျူးယွီဟန်၊ နင်ရွှမ်၊ ထန်ချီချီနှင့် ကွမ်းရှင်းတို့မှာ ကြောင်အသွားကြသည်။
ဒီအတိုင်းကြီး အပြတ်ရှင်းလိုက်တာလား။
ရွှေရောင်မျှော်စင်ငယ်လေးက ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား။
ကြည့်ရတာ လျူလီကလည်း သူမအစ်ကိုလိုပဲ ဝှက်ဖဲတွေကို ဖုံးကွယ်ထားရတာကို သဘောကျတာပဲလား
အရင်က သူမ ဒီစွမ်းရည်ကို သုံးခဲလှသည်။
ဝါး... ဒီလောက် ကြောက်စရာကောင်းတဲ့ အစွမ်းကို သူမ ဖုံးထားတာလား။
သူတို့အားလုံး၏ အကြည့်များမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။
ကျူးယွီဟန်ပင်လျှင် အနည်းငယ် မှင်သက်သွားရသည်။ လျူလီ၏ ရွှေရောင်မျှော်စင်ငယ်မှာ ထူးခြားမှန်း သူမ သိထားသော်လည်း ယွဲ့နယ်ပယ်အထွတ်အထိပ်အဆင့်ရှိသော သလင်းကျောက်သားရဲတစ်ကောင်၏ ဦးခေါင်းကို တိုက်ရိုက် ရိုက်ခွဲပစ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
တကယ့်ကို ထိတ်လန့်ဖွယ်ကောင်းသော ဖျက်ဆီးအားပင်။
ရွှီရန်က သူမကို ကျားမလေးဟု ခေါ်သည်မှာ မဆန်းတော့ပေ...။
အသင်းဖော်များအနေဖြင့် သူတို့အားလုံး ကျားမလေးကို အလွန်ပင် လေးစားသွားကြသည်။
တစ်ချိန်တည်းမှာပင် အဝေးမှ ကြည့်နေသော လျူဖုန်းနှင့် သူ၏အဖွဲ့သားများမှာလည်း ဦးရေပြားများ စိမ့်တက်သွားရသည်။
လျူဖုန်းက ထစ်ထစ်အအဖြင့် "ဒါ... ဒါ... ဒီလို တိုက်ခိုက်ရေးစွမ်းအားမျိုးက ဒီလောက် ငယ်ရွယ်တဲ့ မျက်နှာလေးနဲ့ တကယ်ပဲ ကိုက်ညီရဲ့လား" ဟု မေးလိုက်သည်။
ခန္ဓာကိုယ် ထွားကျိုင်းသော အသင်းဖော် ချန်ဟွေးက "ဒါ... နတ်ဘုရားသတ်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နိုင်မလား" ဟု ပြောလိုက်သည်။
ပိန်ပိန်ပါးပါး အသင်းဖော် လီမင်ကမူ "ဒါပေမဲ့ ဒီလောက် ငယ်တဲ့ နတ်ဘုရားသတ်အဖွဲ့ဝင်တစ်ယောက်က ဒီလောက် ကြောက်စရာကောင်းတဲ့ ဖျက်ဆီးအားမျိုး ပိုင်ဆိုင်ထားနိုင်ပါ့မလား" ဟု သံသယဝင်နေမိတော့သည်။
လျူဖုန်းက ခေါင်းခါယမ်းလိုက်ပြီး "ဘယ်သူသိမှာလဲ။ ကြားတာတော့ နတ်ဘုရားသတ်သင်
တန်းကျောင်းက သင်ကြားရေးအရင်းအမြစ်တွေကို အဆင့်မြှင့်တင်လိုက်လို့ အခုခေတ် လူငယ်ပါရမီရှင်တွေက အရမ်းမြန်မြန် သန်မာလာကြတာတဲ့။ ငါ့သူငယ်ချင်းတစ်ယောက်ရဲ့ အမျိုးဆိုရင် နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းမှာ အကဲခတ်အဖြစ် တက်နေတာလေ။ အဲဒီမှာရှိတဲ့ ကလေးတွေက ပါရမီရှင်တွေထဲကမှ ထိပ်တန်းမိစ္ဆာလေးတွေလိုပဲတဲ့။ သူကိုယ်တိုင်က အထက်တန်းနောက်ဆုံးနှစ်မှာ ထိပ်တန်းကျောင်းသူဖြစ်ပေမဲ့ အဲဒီပါရမီရှင်လေးတွေကို မြင်ရတာက ပုရွက်ဆိတ်တစ်ကောင်က ဆင်တစ်ကောင်ကို မော့ကြည့်ရသလို ခံစားရတယ်လို့ ပြောတယ်..."
ထိုစဉ် လျူဖုန်းနှင့် သူ၏အသင်းသားများမှာ စိတ်မသက်မသာ ဖြစ်သွားကြသည်။
သူတို့ အသက်ပေးကာ တိုက်ခိုက်ခဲ့သော်လည်း မသတ်နိုင်ခဲ့သည့် သားရဲကြီးမှာ စူပါပါရမီရှင် မိန်းကလေး၏ တစ်ချက်တည်းသော တိုက်ကွက်ဖြင့် ဦးခေါင်းကြေမွသွားခဲ့ရသည်။ ဤမျှလောက် ကွာခြားချက်ကြီးမားနေခြင်းက တကယ့်ကို စိတ်ပျက်အားငယ်စရာပင်။
သို့သော်လည်း အခြားတစ်ဖက်မှ ကြည့်လျှင်တော့ ကံကောင်းသည်။
မဟုတ်ပါက ထိုတစ္ဆေကျားကြီး၏ လက်မှ သူတို့ ဘယ်လိုမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
သူတို့တစ်ဦးကိုတစ်ဦး သက်ပြင်းချရင်း ကြည့်လိုက်ကြသည်။
ကျားမလေးက လှည့်ကြည့်ကာ "မင်းတို့ထက် အားနည်းတဲ့ ကျင့်ကြံသူတွေကို သွားကယ်
လိုက်ကြ။ ကျန်တဲ့ ယွဲ့နယ်ပယ် အထွတ်အထိပ်အဆင့် သားရဲတွေကိုတော့ ငါပဲ ကိုင်တွယ်လိုက်မယ်" ဟု မှာလိုက်သည်။
ထိုသို့ဆိုကာ သူမသည် လျင်မြန်သော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အခြားတိုက်ပွဲဖြစ်ပွားရာနေရာသို့ ဒုန်းစိုင်း ထွက်ခွာသွားတော့သည်။
ဒုတိယနှင့် တတိယခံစစ်မျဉ်းများတွင် ဆန်းပြားသော ကိုယ်ဖျောက်စွမ်းရည်ရှိသည့် သားရဲများစွာ ရှိနေကြသည်။
မြေပြင်ကို သဲကန္တာရအဖြစ် ပြောင်းလဲကာ သဲထဲတွင် ပုန်းကွယ်နေသော သားရဲများ...
ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို မိုးရွာစေပြီး ထိုမိုးပေါက်များကြားတွင် ပျော်ဝင်နေသော သားရဲများ...
ညစ်ညမ်းမှုများကို မီးခိုးငွေ့အဖြစ် ပြောင်းကာ ထိုမီးခိုးများထဲတွင် ပုန်းအောင်းနေသော သားရဲများ...
ကံကောင်းသည်မှာ ၎င်းတို့အားလုံးက ခြေရာလက်ရာ ချန်ထားခဲ့ကြပြီး အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော ယန္တရားများ မရှိခြင်းပင်။ သို့သော်ငြားလည်း ယွဲ့နယ်ပယ်အောက်ရှိ ကျင့်ကြံသူများအတွက်မူ ဤသည်မှာ ငရဲတစ်ခုပင်။
စစ်မြေပြင်တွင်မူ မိုးရေထိမှန်သော ကျင့်ကြံသူအချို့၏ ခန္ဓာကိုယ်မှာ တိုက်စားခံနေရသည်။ သေးငယ်သော အင်းဆက်ပိုးမွှားလေးများသည် ဒဏ်ရာများကို ကြောက်မက်ဖွယ်ကောင်းအောင် ဝါးစားနေကြပြီး ခဏအတွင်းမှာပင် အရိုးစုများသာ ကျန်ရစ်တော့သည်။
ဤမြင်ကွင်းမှာ တကယ့်ကို ထိတ်လန့်ဖွယ်ကောင်းလှ၏။
ကျောရိုးစိမ့်သွားရလောက်အောင်ပင် ချောက်ချားဖို့ ကောင်းလှသည်။
"မြန်မြန် မီးလျှံနည်းစနစ်ကို သုံးပြီး ကျလာတဲ့ မိုးရေတွေကို လောင်ကျွမ်းပစ်ကြ"
"မီးလျှံပေါက်ကွဲခြင်း"
မီးလျှံဓာတ်ခံရှိသော ကျင့်ကြံသူများက တုံ့ပြန်လိုက်သော်လည်း ထိုထူးဆန်းသော ပိုးမွှားလေးများသည် မီးတောက်များကြားတွင် အချိန်တိုအတွင်း အသက်ရှင်နိုင်ကြသည် အဆိုးရွားဆုံးမှာ ၎င်းတို့သည် လူသားတို့၏ အသားနှင့် ထိတွေ့မိသွားပါက မီးတောက်များဖြင့် အလွယ်တကူ သုတ်သင်၍ မရခြင်းပင်။
"အား... ဘာလို့ သုတ်သင်လို့ မရတာလဲ ငါ မသေချင်ဘူး ငါ မသေချင်ဘူး"
"မြန်မြန်... ငါ့ကို ကူညီကြပါ... ငါ့လက်ကို ဖြတ်ပစ်လိုက်ကြပါဦး ကျေးဇူးပြုပြီး"
"မဖြစ်ဘူး သူငယ်ချင်း... မင်းမျက်နှာပေါ်မှာလည်း ရှိနေပြီ..."
"ဟင်"
ထိုခဏ၌ လူတိုင်း၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာတော့သည်
ကျားမလေး၊ ကျူးယွီဟန်၊ နင်ရွှမ်၊ ကွမ်းရှင်းနှင့် ထန်ချီချီတို့၏ မျက်နှာများမှာ တည်ကြည်လေးနက်သွားကြသည်။
ထန်ချီချီသည် ဒိုင်းလွှာများကို အလျင်အမြန် စစ်ဆေးလိုက်သည်။ တစ်ချိန်တည်းမှာပင် မလှမ်းမကမ်းတွင် ထွက်ပြေးနေသော ကျင့်ကြံသူတစ်ဦးအပေါ်သို့ ဒိုင်းလွှာတစ်ခု ချပေးလိုက်၏။ ဒိုင်းလွှာဓာတ်ခံရှိသူတစ်ဦးအနေဖြင့် အများဆုံး ခုနစ်ဦးအထိသာ ပြီးပြည့်စုံသော ဒိုင်းလွှာကို ချပေးနိုင်သည်။
ဤသည်မှာလည်း နတ်ဘုရားသတ်အဖွဲ့တွင် အဖွဲ့ဝင် ခုနစ်ဦးသာ ရှိရခြင်း၏ အကြောင်းရင်းတစ်ခုပင်။ သို့သော် ယခုမူ အသင်းခေါင်းဆောင် မရှိသလို အဖွဲ့သားတစ်ဦးလည်း လိုနေသဖြင့် အခြားသူများကို ကူညီရန် အင်အားပိုထွက်နေခြင်းပင်။
ထွက်ပြေးနေသော ကျင့်ကြံသူ၏ နောက်သို့ မိုးရေများ လိုက်ပါလာသော်လည်း ဒိုင်းလွှာ ကျရောက်သွားသည့်အခါ မိုးရေများမှာ ဒိုင်းပေါ်တွင်သာ စင်ထွက်ကုန်သည်။ ဒိုင်းလွှာမှာ တိုက်စားခံရသဖြင့် တရှဲရှဲ အသံများ ထွက်ပေါ်လာသော်လည်း ပေါက်ထွက်သွားခြင်း မရှိပေ။
ထိုကျင့်ကြံသူသည် ကျားမလေးကို ဘေးအန္တရာယ်မှ လွတ်မြောက်သွားသော မျက်နှာဖြင့် ကြည့်ကာ "ကျေးဇူးတင်ပါတယ်" ဟု ပြောကာ ထို ကပ်ပါးမိစ္ဆာမိုးလွှမ်းမိုးရာ နယ်မြေအတွင်းမှ အသည်းအသန် ပြေးထွက်သွားတော့သည်။
ကျားမလေးသည် မီတာ ရာဂဏန်းအထိ လွှမ်းခြုံထားသော ထိုမိစ္ဆာမိုးများကို အဝေးမှ စိုက်ကြည့်လိုက်သည်။