အခန်း (၃၄၆)
Vol. 35 Ch. 346
အခန်း။ ၃၄၆
"ဒါကို ဘယ်လို ကိုင်တွယ်ရမလဲ... ငါ့မှာ ဒီလိုမျိုး တားဆီးနိုင်တဲ့ နည်းလမ်း မရှိဘူး"
သူမ၏ မျက်ဝန်းများက ပတ်ဝန်းကျင်ကို အလျင်အမြန် ဝေ့ကြည့်လိုက်သည်။
မလှမ်းမကမ်းတွင် မီးလျှံဓာတ်ခံကျင့်ကြံသူ ဦးဆောင်သော အထူးတိုက်ခိုက်ရေးအဖွဲ့တစ်ဖွဲ့မှာ တောင်ပေါ်မျောက်တစ်ကောင်၏ တမင်နှောင့်ယှက် ပိတ်ဆို့ထားခြင်းကို ခံနေရပြီး အသည်းအသန် ရုန်းကန်နေရသည်ကို သူမ သတိပြုမိသွားသည်။
ထိုတောင်ပေါ်မျောက်မှာ လူမိုက်ကြီးတစ်ဦးကဲ့သို့ ဝဖြိုးသော်လည်း ၎င်း၏ ကြွက်သားများထက်တွင် ထူးဆန်းသော မီးခိုးနက်များ တောက်လောင်နေသည်။ ထိုမီးခိုးနက်များမှာ အဆိပ်ငွေ့များ ဖြစ်ဟန်တူပြီး အဖွဲ့သားများ၏ ဒိုင်းလွှာကို တိုက်စားနိုင်စွမ်း ရှိသည်။
ထို့ပြင် တောင်ပေါ်မျောက်၏ ကျောဘက်တွင် ကင်းမြီးကောက် အဆိပ်ဆူးကဲ့သို့သော လက်နက်သုံးခု ပါရှိနေသဖြင့် ထိုအထူးအဖွဲ့မှာ အနားကပ်၍ ဒဏ်ရာရအောင် မတိုက်ခိုက်နိုင်ဘဲ ဖြစ်နေရသည်။ ၎င်းသည် အင်အားအပြည့် ထုတ်သုံးကာ မီးလျှံအဖွဲ့ကို မိစ္ဆာမိုးကို သွားရောက် မဖျက်ဆီးနိုင်အောင် ဟန့်တားထားခြင်းပင်။
ကျားမလေးက ခပ်တိုးတိုး ရယ်မောလိုက်ပြီးနောက် ကိုယ်ဖျောက်လိုက်ကာ တိတ်တဆိတ် ရှေ့သို့ တိုးသွားသည်။
၎င်းအဆိပ်ဆူးပါသော တောင်ပေါ်မျောက်၏ နောက်ကျောဘက်သို့ သူမ ချဉ်းကပ်သွား၏။
ရွှေရောင်မျှော်စင်ငယ်လေးကို ပစ်ထုတ်လိုက်ကာ ရွှေရောင်အလင်းတန်းများမှာ ကောင်းကင်ယံမှ ပြင်းထန်သော နေမင်းကြီးအလား ရုတ်တရက် တောက်ပလာသည်။
တောင်ပေါ်မျောက်မှာ ထိတ်လန့်သွားပြီး ၎င်း၏ အဆိပ်ဆူး သုံးခုကို အလျင်အမြန် ပြန်ရုတ်ကာ ရွှေရောင်မျှော်စင်ငယ်ကို ပိတ်ဆို့ရန် ကြိုးစားသည်။ ၎င်း၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှ၏။
မျှော်စင်ငယ်ကို ပိတ်ဆို့နိုင်တော့မည့်ဆဲဆဲ သေခြင်းနှင့် ရှင်ခြင်း ဆုံးဖြတ်ရမည့် ထိုခဏ၌ ကျူးယွီဟန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"အရာခပ်သိမ်း ရပ်တန့်ခြင်း"
ပင်လယ်ပြာရောင် အလင်းတန်းတစ်ခုက တောင်ပေါ်မျောက်ကို လွှမ်းခြုံသွားသည်။
ခဏတာမျှသာ ရပ်တန့်သွားခြင်း ဖြစ်သော်လည်း ထိုခဏလေးမှာပင် သေခြင်းနှင့် ရှင်ခြင်းမှာ ပြောင်းပြန် ဖြစ်သွားခဲ့ရသည်။
အသက်ရှင်နိုင်ခွင့်ရှိခဲ့သော တောင်ပေါ်မျောက်မှာ ရွှေရောင်မျှော်စင်ငယ်က ၎င်း၏ ခံစစ်ကို ဖောက်ထွက်သွားသည်ကို မျက်တောင်မခတ်တမ်း ကြည့်နေလိုက်ရတော့သည်။
ဘုန်း….
၎င်း၏ အရိုးများအတွင်းမှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ရင်ဘတ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းများမှာ အပိုင်းပိုင်း ကြေမွသွားသည်ကို ၎င်း ခံစားလိုက်ရ၏။
အသက်ရှူရသည်မှာ တဖြည်းဖြည်း ခက်ခဲလာပြီး အသက်ရှူ၍ မရတော့ပေ။
လူမိုက်ကြီးနှင့်တူသော တောင်ပေါ်မျောက်မှာ အသတ်ခံရတော့မည့် ဝက်တစ်ကောင်ကဲ့သို့ အသက်ကို ပြင်းပြင်းရှူသွင်းနေရှာသည်။
ဂတ်…
၎င်းမှာ ရုတ်တရက် အသက်ရှူရပ်သွားကာ သွေးခဲကြီးများကို အန်ထုတ်လိုက်ရသည်။ ဝဖြိုးလှသော ခန္ဓာကိုယ်ကြီးမှာ တုန်ခါနေပြီး ရင်ဘတ်အတွင်းရှိ အခေါင်းပွကြီးမှာ အဆီပြင်များ၏ ဖိနှိပ်ခြင်းကို ခံလိုက်ရကာ ဝမ်းဗိုက်အတွင်းရှိ အရာများမှာ ဖိအားမမျှတတော့သဖြင့် ရင်ဘတ်ထဲသို့ အလုံးအရင်းနှင့် တိုးဝင်ကုန်ကြသည်။
"အား"
ထိုမိစ္ဆာကြီးမှာ စူးရှနာကျင်စွာဖြင့် အော်ဟစ်လိုက်တော့သည်။
၎င်း၏ ဝဖြိုးသော ခန္ဓာကိုယ်ကြီးမှာ မြေပြင်ပေါ်သို့ လဲကျသွားကာ တဆတ်ဆတ် တုန်ခါနေပြီး ကျောမှ အဆိပ်ဆူးများမှာ ရန်သူကို ရှာဖွေနေသကဲ့သို့ မြေပြင်ကို ခြစ်နေကြသည်။ လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်မှာမူ မြေပြင်ကို ယက်ကန်ယက်ကန်ဖြင့် ကိုယ့်ကိုကိုယ်အတွက် ဂူင်္သချိုင်းတစ်ခုတူးနေသကဲ့သို့ပင်။
ဤမြင်ကွင်းကို ကြည့်နေသော အထူးအဖွဲ့ဝင်တိုင်းမှာ ဦးရေပြားများ စိမ့်တက်သွားရသည်။
ဘာဖြစ်သွားတာလဲ။
ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။
ဘာကြောင့် သူ့ရဲ့ ရင်ဘတ်က ရုတ်တရက် ပေါက်ကွဲပြီး သေသွားရတာလဲ။
ဟို ရွှေရောင်မျှော်စင်ငယ်လေးက ဘယ်ကနေ ရောက်လာတာလဲ။
ဘာကြောင့် အဲဒီလောက်အထိ ကြောက်ဖို့ကောင်းနေရတာလဲ။
ဒါဟာ ယွဲ့နယ်ပယ်အဆင့်ရှိတဲ့ အင်အားကြီးသူတစ်ယောက်ရဲ့ လက်ချက်များလား။
သူတို့အားလုံး ထိတ်လန့်တကြားနှင့် အံ့အားသင့်နေကြသည်။
ကျားမလေးမှာ ကိုယ်ထင်ပြလိုက်ပြီး အားရပါးရ ရယ်မောကာ "ဒါဟာ တကယ့်ကို အစ်ကိုရဲ့ နတ်ဘုရားအဆင့် စွမ်းရည်ပဲ။ ရန်သူကို သုတ်သင်နိုင်တဲ့ အစွမ်းက အရမ်းကို ထက်မြက်လွန်းတယ်" ဟု ပြောလိုက်သည်။
ကိုယ်ဖျောက်စွမ်းရည်နှင့် ဖိနှိပ်မှုတုပခြင်းတို့ ပေါင်းစပ်လိုက်ပါက သွေးစွမ်းအင်တန်ဖိုး ၁ သန်းရှိသော သားရဲတစ်ကောင်ပင်လျှင် သူမကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။
ဒါက တကယ့်ကို လုပ်ကြံသတ်ဖြတ်သူတွေအတွက်တော့ နတ်ဘုရားအဆင့် စွမ်းရည်ပဲ။
ရန်သူကို တစ်ချက်တည်းနဲ့ အသေသတ်နိုင်မယ့် နေရာအထိ တိတ်တဆိတ် ချဉ်းကပ်သွားနိုင်
ပြီး ရွှေရောင်မျှော်စင်ငယ်ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဖျက်ဆီးအားနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် သွေးစွမ်းအင်တန်ဖိုး တစ်သန်းရှိတဲ့ ယွဲ့နယ်ပယ်ကျင့်ကြံသူတစ်ယောက်ကိုတောင် အရိုက်သတ်ပစ်လို့ ရတယ်။
ကျားမလေးသည် အံ့ဩတကြီးဖြင့် လျှာသပ်မိသွားသည်။
ယခင် မူကြိုကျောင်းတုန်းကမူ သူတို့သည် တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်တိုက်ခိုက်ရုံသာ ရှိခဲ့ပြီး ယခုကဲ့သို့ နည်းလမ်းမျိုးစုံအသုံးပြုကာ တိုက်ခိုက်ခြင်းမျိုး မရှိခဲ့ပေ။ သို့သော် စစ်မြေပြင်တွင်မူ ဤကဲ့သို့သော နည်းလမ်းများသည် တကယ့်ကို အားရကျေနပ်စရာ ကောင်းသည်။ တစ်ချက်ရိုက်လိုက်ရုံမျှဖြင့် အသံတိတ် သေဆုံးသွားစေခြင်းပင်။
ကျားမလေးသည် သူမ၏ နောက်ထပ်ပြိုင်ဘက်ကို ရှာဖွေရန် စစ်မြေပြင်ကို ဝေ့ကြည့်လိုက်သည်။ သူမ ကိုယ်ထင်ပြလိုက်သည့်အခါ မီးလျှံဓာတ်ခံအဖွဲ့၏ ခေါင်းဆောင်မှာ ကြောင်အသွားပြီး သူ၏ခန္ဓာကိုယ်ပေါ်မှ မီးတောက်များပင် ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားရသည်။
“မင်း...”
အထူးအဖွဲ့၏ အံ့ဩနေမှုကို ကျားမလေးက လက်ကာပြရင်း “အချိန်မဖြုန်းနဲ့တော့ နင်က မီးလျှံဓာတ်ခံကျင့်ကြံသူပဲ။ ဟို မိစ္ဆာမိုးက နင့်အတွက် အခွင့်အရေးပဲ သွားပြီး အပြတ်ရှင်းလိုက်တော့” ဟု ပြောလိုက်သည်။
မီးလျှံအဖွဲ့ခေါင်းဆောင်က “ကျွန်တော်လား” ဟု ပြန်လည်မေးမြန်းမိသည်။
ကျားမလေးက “နင် ရှင်းနိုင်လား မရှင်းနိုင်ဘူးလား” ဟု ထပ်မံမေးမြန်းလိုက်ရာ “ဟုတ်ကဲ့ ဒီဒိုင်းလွှာနဲ့ဆိုရင်တော့ အောင်မြင်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်” ဟု သူက ပြန်ဖြေလိုက်သည်။
ကျားမလေးက ခေါင်းညိတ်ပြပြီး “ဒါဆို နင့်အပေါ်မှာပဲ မူတည်တော့တယ်” ဟု ပြောလိုက်သည်။ ထို့နောက်တွင်မူ သူမသည် နောက်ထပ်နေရာတစ်ခုဆီသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားပြန်သည်။
သူမ၏ အခြေခံ ကိုယ်ကာယခွန်အားမှာ ၁၆၀,၀၀၀ရှိသည်။ နင်ရွှမ်၏ စွမ်းအားမြှင့်တင်မှု၊ အသေးစားစွမ်းအင်ရတနာအဆောင်နှစ်ခု၊ လျင်မြန်ခြင်းအဆောင်နှင့် ထန်ချီချီ၏ ဒိုင်းလွှာတို့ ပေါင်းစပ်လိုက်သည့်အခါတွင်မူ သူမ၏ ကိုယ်ကာယခွန်အားမှာ ၅၄၀,၀၀၀အထိ မြင့်တက်သွားခြင်းပင်။
ဤမျှ ကြောက်စရာကောင်းသော ခွန်အားသည် သူမ၏ ရွှေရောင်မျှော်စင်ငယ်ကို ရန်သူ့ခံစစ်၏ လေးဆခန့်အထိ ဖောက်ထွက်နိုင်စွမ်း ရှိစေသည်။ ဤသည်မှာ သီအိုရီအရသာ ဖြစ်သော်လည်း လက်တွေ့တွင်မူ ယွဲ့နယ်ပယ်သားရဲများသည် အသွင်ပြောင်းလဲမှု တစ်ကြိမ် ပြုလုပ်ထားသဖြင့် အနည်းငယ်တော့ လျော့နည်းနိုင်သည်။
သို့သော် ဘာပဲဖြစ်ဖြစ် ကျူးယွီဟန်၏ အရာခပ်သိမ်း ရပ်တန့်ခြင်းစွမ်းရည်နှင့် ပေါင်းစပ်လိုက်မည်ဆိုပါက သွေးစွမ်းအင်တန်ဖိုး တစ်သန်းရှိသော သားရဲများကို သတ်ဖြတ်ရန်မှာ မခက်ခဲတော့ပေ။ ထို့ကြောင့် သူမနှင့် သူမ၏ အဖွဲ့သားများသည် တတိယခံစစ်မျဉ်းတစ်လျှောက် စိတ်ကြိုက် သောင်းကျန်းနိုင်နေသလို၊ ဒုတိယခံစစ်မျဉ်းဆီသို့ပင် မကြောက်မရွံ့ဘဲ ချဉ်းကပ်သွားကြသည်။
ကျားမလေးက “အစ်ကိုကတော့ အစ်ကိုပဲဟေ့” ဟု ရေရွတ်လိုက်မိသည်။ ထို့နောက် သူမ နောက်သို့ လှည့်ကြည့်လိုက်သည်။ ဒိုင်းလွှာကြောင့် သူမ၏ အဖွဲ့သားများ မည်သည့်နေရာတွင် ရှိနေသည်ကို ခံစားမိနေသည်။ ကျူးယွီဟန်၏ ကူညီမှုသာ မပါဝင်ပါက သူမအနေဖြင့် တောင်ပေါ်မျောက်ကို တစ်ချက်တည်းနှင့် အပြတ်ရှင်းနိုင်မည် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် ထန်ချီချီ၊ နင်ရွှမ်နှင့် ကွမ်းရှင်းတို့သည် အနားရှိ သွေးစွမ်းအင်တန်ဖိုး နှစ်သိန်းခန့်ရှိသော သားရဲငယ်လေးများကို သုတ်သင်နေကြသည်။ သူတို့၏ ခွန်အားများမှာလည်း နှစ်သိန်းခန့် ရှိနေကြသဖြင့် သားရဲငယ်လေးများကို ကိုင်တွယ်ရသည်မှာ သိပ်ပြီး အားမစိုက်ရပေ။
ကျားမလေးက ခေါင်းခါယမ်းရင်း “ဒီလို သားရဲငယ်လေးတွေအပေါ်မှာ အချိန်မဖြုန်းကြနဲ့တော့။ တခြား အထူးအဖွဲ့တွေကို ကယ်ဖို့အတွက် ကိုယ်ဖျောက်နိုင်တဲ့ကောင်တွေနဲ့ သွေးစွမ်းအင်တစ်သန်းလောက် ရှိတဲ့ကောင်တွေကိုပဲ ပစ်မှတ်ထားပြီး သတ်ကြရအောင်” ဟု တိုက်တွန်းလိုက်သည်။
“ကောင်းပြီလေ။ နင်ပဲ အရှေ့က ဦးဆောင်ပြီး တိုက်ခိုက်လိုက် ငါတို့ နောက်ကနေ ကူညီပေးမယ်”
ဒိုင်းလွှာအတွင်းမှ အသံများ ထွက်ပေါ်လာသည်။ ထန်ချီချီ၏ ဒိုင်းလွှာမှာ တကယ့်ကို နတ်ဘုရားအဆင့်ပင် ဖြစ်ပြီး စွမ်းဆောင်ရည်မှာ ဘက်စုံလွန်းလှသည်။
စစ်မြေပြင်တွင် ရွှေရောင်ဆံပင်တိုနှင့် မိန်းကလေးတစ်ဦးသည် ပေါ်လိုက်ပျောက်လိုက်ဖြင့် ဖမ်းရခက်စွာ လှုပ်ရှားနေပြီး စစ်မြေပြင်တစ်ခုလုံးကို လျှပ်စီးအလား ဖြတ်သန်းနေသည်ကို မြင်တွေ့ရသည်။ ကျားမလေးသည် ကိုယ်ဖျောက်စွမ်းရည်ကို အသုံးပြုကာ အလစ်အငိုက် တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းပင်။
တစ်ခြားကမ္ဘာ တစ္ဆေကျား သုံးကောင်၊ ဟွမ်ရှား မြွေဆိုးတစ်ကောင်၊ တောင်ပေါ်မျောက် ငါးကောင်နှင့် မီးခိုးရောင်ဘီလူးခြောက်ကောင်ကို သတ်ဖြတ်လိုက်သည်။
မီးခိုးများအတွင်း ပုန်းအောင်းနေသည့် မီးခိုးယက္ခများသည် ခေါင်းလေးပြူထွက်လာသည်နှင့် ကျားမလေး၏ ရွှေရောင်မျှော်စင်ငယ်ဖြင့် အနှိုက်ခံရကာ ဦးခေါင်းကြေမွသွားကြရသည်ချည်းသာ ဖြစ်သည်။ တတိယခံစစ်မျဉ်းမှ ထူးဆန်းသော ရန်သူအားလုံးကို ကျားမလေး၊ ကျူးယွီဟန်၊ နင်ရွှမ်၊ ကွမ်းရှင်းနှင့် ထန်ချီချီတို့ ငါးဦးက သုတ်သင်ရှင်းလင်းနေကြသည်။ သူတို့ ငါးဦး၏ ပူးပေါင်းဆောင်ရွက်မှုမှာ တကယ့်ကို စောဒကတက်စရာ မရှိအောင် တိကျသည်။
ကျားမလေးက အလစ်အငိုက် တိုက်ခိုက်ပြီး ကျူးယွီဟန်က ထိန်းချုပ်မှုတွင် ကူညီပေးကာ ကွမ်းရှင်း၏ ပြာသောငွေရောင်မြက်ကမူ အဝေးမှ ကူညီရန် လာသည့် ရန်သူများကို တုပ်နှောင်ထားပေးသည်။