အခန်း (၃၄၈)
Vol. 35 Ch. 348
အခန်း။ ၃၄၈
"သွားကြစို့ သွားကြစို့"
ကျားမလေးမှာ စိတ်လှုပ်ရှားတက်ကြွမှုများဖြင့် ပြည့်နှက်နေသည်။
နည်းပြဖြစ်သူက ပြုံးပြီး ခေါင်းခါယမ်းကာ "ငါ့နောက်က လိုက်ခဲ့ကြ" ဟု ပြောလိုက်သည်။
ထို့ကြောင့် နည်းပြ၏ လမ်းညွှန်မှုဖြင့် အဖွဲ့သားအားလုံးမှာ ဝန်ဆောင်မှုဗျူရိုဆီသို့ ထွက်ခွာခဲ့ကြသည်။
လမ်းခရီးတွင် နည်းပြဖြစ်သူက အမျိုးမျိုးသော အဆောက်အအုံများနှင့် အသုံးအဆောင်များကို မိတ်ဆက်ပေးခဲ့သည်။
"နောင်မှာ ဒါတွေကို မင်းတို့ အသုံးချရလိမ့်မယ်။ ဘေးကင်းဇုန်တိုင်းမှာ ဒီလို အဖွဲ့အစည်းတွေ ရှိတယ်။ နတ်ဘုရားသတ်အဖွဲ့ဝင်တွေအနေနဲ့ မင်းတို့ရဲ့ တာဝန်က ကြီးမားသလို အရမ်းလည်း အန္တရာယ်များတယ်။ ဒါကြောင့် ဘေးကင်းဇုန်မှာရှိတဲ့ ထိပ်တန်းဝန်ဆောင်မှုအားလုံးကို မင်းတို့အတွက် အခမဲ့ ဖွင့်လှစ်ပေးထားတယ်"
"ရတနာတိုက်ထဲမှာရှိတဲ့ အထူးအဆင့်မြင့်လက်နက်တွေနဲ့ အသုံးအဆောင်တွေကိုတောင် မင်းတို့အတွက် ထောက်ပံ့ပေးသွားမှာပါ။ ဒါပေမဲ့ အသုံးအစွဲ များလွန်းရင်တော့ ရမှတ်တွေနဲ့ လဲလှယ်ရလိမ့်မယ်"
"နတ်ဘုရားအဆင့်ပစ္စည်းတွေအတွက်ဖြစ်ဖြစ်၊ ပိုပြီးစွမ်းအားကြီးတဲ့ ပန်းပဲဆရာကို လက်နက်သွန်းလုပ်ခိုင်းဖို့အတွက်ဖြစ်ဖြစ် သင့်တော်တဲ့ ရမှတ်တွေတော့ လိုအပ်လိမ့်မယ်"
"ဥပမာ ပြောရရင် မင်းတို့အဖွဲ့ရဲ့ ယူနီဖောင်းတွေကို အခု ဒီဇိုင်းဆွဲနေတုန်းပဲ။ ဒီတစ်သုတ်ရဲ့ ယူနီဖောင်းတွေမှာ နည်းပညာသစ်တွေနဲ့ စွမ်းဆောင်ရည်သစ်တွေ အကုန်ပါဝင်မှာ"
နည်းပြဖြစ်သူက အကျိုးခံစားခွင့်များနှင့် အခွင့်အရေးများကို ရှင်းပြနေခဲ့သည်။
မသိလိုက်ဘဲနှင့် သူတို့သည် ဘေးကင်းဇုန်၏ ရတနာတိုက်ဆီသို့ ရောက်ရှိလာကြသည်။
ရတနာတိုက် တာဝန်ခံ လင်းရှို၏ လက်ထောက်သုံးဦးမှာ ဝင်ပေါက်ရုံးခန်းတွင် ပုံစံစာရွက်များကို မှတ်ပုံတင်နေကြသည်။ လင်းရှိုကိုမူ တွေ့ရခြင်း မရှိပေ။
"မင်းတို့ရဲ့ ညွှန်ကြားရေးမှူး ဘယ်မှာလဲ"
"ညွှန်ကြားရေးမှူးလား သူက အထဲမှာ အရာရှိရွှီက သန့်စင်ခြင်း အစီအရင်ကို ထွင်းထုနေတာကို ကြည့်နေတာလေ။ အခုလောလောဆယ် သူကိုယ်တိုင် ထွက်ကြိုဖို့ မအားနိုင်သေးဘူး..."
ဟင်…
အရာရှိရွှီလား။
ကျားမလေး၏ မျက်နှာတွင် အံ့ဩသော အရိပ်အယောင်လေး ပေါ်လာသည်။
ငါ့အစ်ကိုက အဲဒီလောက်တောင် နာမည်ကြီးနေတာလား။ အရာရှိရွှီလို့တောင် တိုက်ရိုက် ခေါ်နေကြတာလား။
အဖွဲ့ထဲမှ ကျူးယွီဟန်၊ ထန်ချီချီ၊ နင်ရွှမ်နှင့် ကွမ်းရှင်းတို့မှာ မရယ်ဘဲ မနေနိုင်တော့ပေ။
အသင်းခေါင်းဆောင်က... အရာရှိရွှီတဲ့လား။
ဟားဟား...
မကြာသေးခင်ကမှ ကျောင်းဆင်းခဲ့တဲ့ အသင်းခေါင်းဆောင်မှာ ဒီလောက်အထိ ခန့်ညားတဲ့ ရာထူးအဆင့်ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
လက်ထောက်ကျောင်းသား "..."
သူတို့ ဘာလို့ ရယ်နေကြတာလဲ။
လက်ထောက်လေးမှာ နားမလည်နိုင်ဘဲ ကီးဘုတ်ပေါ်တွင် အမြန်ရိုက်နှက်နေပြီးနောက် လူတိုင်းကို မော့ကြည့်လိုက်သည်။ သူ၏ရှေ့မှ လူများမှာ ဘာလို့ ထူးဆန်းသော အပြုံးများ ပြုံးနေကြတာလဲဆိုသည်ကို သူ လုံးဝ သဘောမပေါက်ပေ။
ဖိုင်ထဲတွင် အကြောင်းအရာများကို အမြန်သိမ်းဆည်းပြီးနောက် သူက ဆက်ပြောလိုက်သည်။
"မင်းတို့က နတ်ဘုရားသတ်အဖွဲ့သစ် မဟုတ်လား ပစ္စည်းတွေ ရွေးချယ်ချင်တာဆိုရင် ငါ လိုက်ပို့ပေးလို့ ရပါတယ်..."
နည်းပြဖြစ်သူက ခေါင်းကို အသာအယာ ညိတ်ပြကာ "ငါတို့ တပ်ဆင်ပစ္စည်းတွေနဲ့ လက်နက်အချို့ ရှာဖို့ လာတာပါ။ ဒါပေမဲ့ အရင်ဆုံး လင်းရှိုကို သွားရှာကြရအောင်။ ဒီကလေးတွေက အရာရှိရွှီရဲ့ အဖွဲ့သားတွေလေ"
"သူတို့က နတ်ဘုရားသတ်အဖွဲ့ တစ်ခုတည်းကပဲ"
ထိုစကားကို ကြားလိုက်ရသည့်အခါလက်ထောက်လေး၏ မျက်လုံးများမှာ ဝိုင်းစက်သွားပြီး ချက်ချင်းပင် ထရပ်လိုက်တော့သည်။
"ဪ... မင်းတို့က အရာရှိရွှီရဲ့ အဖွဲ့သားတွေလား"
"မဆန်းပါဘူး အားလုံးက ကြည့်ကောင်းလိုက်ကြတာ"
"လာကြပါ လာကြပါ ငါ လိုက်ပို့ပေးပါ့မယ်။ အရာရှိရွှီက ခုနစ်ထပ်မြောက် ရတနာတိုက်ထဲမှာ ရှိနေတာ။ ငါ လိုက်ပြပေးမယ်"
လက်ထောက်လေးသည် ထိုင်ခုံကို အနောက်သို့ တွန်းထုတ်လိုက်သည်။
သူက အရှေ့မှ ဦးဆောင်ပြီး လမ်းပြပေးခဲ့သည်။ အားလုံးက လက်ထောက်လေး၏နောက်မှ လိုက်ပါရင်း လှေကားများအတိုင်း အောက်သို့ ဆင်းသွားကြတော့သည်။
လက်ထောက်ဖြစ်သူက လမ်းပြရင်း တစ်လျှောက်လုံး ရှင်းပြနေခဲ့သည်။
...
ရတနာတိုက်၏ ခုနစ်ထပ်မြောက်တွင်မူ ရွှီရန်သည် သန့်စင်ခြင်းအစီအရင်ကို အာရုံစိုက်၍ ထွင်းထုနေသည်။
ဤအခန်းအတွင်းရှိ အစီအရင်မှာ အလွန်အမင်း ကြီးမားခြင်းမရှိဘဲ ပြပွဲခန်းမအတွင်း၌ စိုက်ထူထားသည့် နှစ်မီတာခန့်မြင့်သော သတ္တုတိုင်ငယ် ရှစ်တိုင်ပေါ်တွင်သာ အခြေခံထားခြင်းပင်။
ထွင်းထုခြင်းလုပ်ငန်းမှာ အလွန်ပင် လျင်မြန်လှ၏။ ရွှီရန်သည် ဓားကို ကလောင်တံသဖွယ် အသုံးပြုကာ နဂါးပျံသန်းနေသလိုနှင့် ဖီးနစ်ငှက် ကခုန်နေသကဲ့သို့ ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် လျှပ်စီးအလား ထွင်းထုနေသည်။
တစ်နာရီအတွင်းမှာပင် အစီအရင်တစ်ခုလုံး ပြီးစီးသွားခဲ့သည်။
အစီအရင်ပြီးစီးသွားသည်နှင့် ရွှီရန်က အသာအယာပုတ်၍ စတင်လှုပ်ရှားစေလိုက်သည်။
ထိုခဏချင်းမှာပင် ရွှေရောင်အလင်းတန်းများ ဝင်းလက်လာပြီး သတ္တုတိုင်ငယ် ရှစ်တိုင်ပေါ်ရှိ အင်းစာသားများမှ ရွှေရောင်အလင်းများ ထွက်ပေါ်လာကာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားပြီး အလင်းကုလားကာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုအလင်းကုလားကာမှာ ပြပွဲခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ဆွဲငင်အားတစ်ခု ထွက်ပေါ်လာကာ အမည်းရောင်နှင့် မီးခိုးရောင် ညစ်ညမ်းမှုများကို ရွှေရောင်အလင်းကုလားကာအတွင်းသို့ ဆွဲသွင်းလိုက်တော့သည်။
ဝဲဂယက်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာ၏။
ထိုဝဲဂယက်များက ပြပွဲခန်းမအတွင်းရှိ ညစ်ညမ်းမှုများကို ဝါးမြိုပစ်လိုက်ရာ ညစ်ညမ်းမှုများမှာ ရုန်းကန်အော်ဟစ်နေကြသော်လည်း အစီအရင်၏ စွမ်းအားအောက်တွင် မျက်ဝါးထင်ထင်ပင် စင်ကြယ်သော ဝိညာဉ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ပြပွဲခန်းမအတွင်းရှိ မြင်သာသော ညစ်ညမ်းမှုများမှာ သိသိသာသာ လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။
နံရံများအတွင်းရှိ ညစ်ညမ်းမှုများမှာလည်း အလင်းတန်းများအဖြစ် တောက်ပလာပြီး စင်ကြယ်သော ဝိညာဉ်ရည်များအဖြစ်သို့ ကူးပြောင်းသွားကြသည်။
လင်းရှိုသည် အလုပ်လုပ်နေသော အစီအရင်ကို ကြည့်ရင်း သူ၏မျက်ဝန်းများမှာ အရောင်တောက်လာပြီး အံ့ဩဝမ်းသာသော အမူအရာများ ပေါ်ထွက်လာသည်။
"ကောင်းတယ်"
"တကယ့်ကို အံ့မခန်းပဲ။ တကယ့်ကို အံ့မခန်းပါပဲ။ မယှဉ်နိုင်တဲ့ ပါရမီရှင်ဆိုတာ ဒါမျိုးကို ပြောတာပဲ"
လင်းရှိုမှာ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ ဤကဲ့သို့သော အစီအရင်မျိုး လေးခုခန့်သာ တပ်ဆင်လိုက်ပါက ခုနစ်ထပ်မြောက်ရှိ ညစ်ညမ်းမှုအားလုံးကို ဖိနှိပ်ထားနိုင်ရုံသာမက လုံးဝဥဿုံ သုတ်သင်ရှင်းလင်းပစ်နိုင်မည်ပင်။
အကယ်၍ ညစ်ညမ်းမှုများကို လုံးဝရှင်းလင်းနိုင်ခဲ့လျှင် ခုနစ်ထပ်မြောက် ရတနာတိုက်တွင် အညစ်အကြေးများ ခိုအောင်းနိုင်တော့မည်မဟုတ်သလို မိစ္ဆာများ ပေါက်ဖွားလာခြင်းနှင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာခြင်းတို့လည်း ရှိတော့မည်မဟုတ်ပေ။
အရမ်းကောင်းတယ်….
လင်းရှိုက အားရပါးရ ရယ်မောလိုက်သည်။
"ဘယ်အချိန် ပေါက်ကွဲမလဲ မသိရတဲ့ အန္တရာယ်အိုးကြီးကို ရွှီရန်က အပြီးအပိုင် ရှင်းပစ်နိုင်ခဲ့တာလေ။ ဒီလောက် ဝမ်းသာစရာကောင်းတဲ့ ကိစ္စမျိုးကို ငါ မပျော်ဘဲ နေပါ့မလား"
လင်းရှိုသည် စိတ်ပေါ့ပါးစွာဖြင့် ရွှီရန်ထံသို့ လျှောက်သွားကာ လက်ဖက်ရည်တစ်ခွက် ကမ်းလှမ်းလိုက်ရင်း "လက်ဖက်ရည် သောက်ပါဦး မင်း တကယ့်ကို ပင်ပန်းသွားပြီ" ဟု ပြောလိုက်သည်။
ရွှီရန်က လက်ဖက်ရည်ခွက်ကို ယူကာ တစ်ကျိုက်တည်းနှင့် သောက်လိုက်ပြီး
"သိပ်မပင်ပန်းပါဘူး အေးအေးဆေးဆေး လုပ်လို့ရတဲ့ ကိစ္စပါ"
"နောက်ထပ် အစီအရင် သုံးခုလောက် ထပ်လုပ်လိုက်ရင်တော့ ခုနစ်ထပ်မြောက် ရတနာတိုက်အတွက် စိတ်ပူစရာ မလိုတော့ပါဘူး"
လင်းရှိုမှာ ပြုံးမဆုံးနိုင်တော့ပေ "မင်းကတော့ ချီးကျူးခံရဖို့ ထိုက်တန်ပါတယ်။ အေးအေးဆေးဆေးပါလို့ ဘာမဟုတ်သလို ပြောနိုင်တာ မင်းတစ်ယောက်ပဲ ရှိတယ်..."
လင်းရှိုက ရွှီရန်ကို ချီးကျူးစကားများ ဆိုနေစဉ်အတွင်းမှာပင် အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရသည်။
ကျားမလေးက အားတက်သရော ပြေးဝင်လာရင်း "အစ်ကို" ဟု လှမ်းခေါ်လိုက်သည်။
ရွှီရန်က အသာအယာ ပြုံးလိုက်ပြီး "ကျားမလေးပါလား။ လေ့ကျင့်ရေးတွေ ပြီးပြီလား"
ကျားမလေးမှာ စွမ်းအင်များ ပြည့်ဝနေပြီး သူတို့ကြုံတွေ့ခဲ့ရသည်များကို စတင်ပြောပြတော့သည်။
"ပြီးပြီ။ ကျွန်မတို့ ဘာတွေနဲ့ ကြုံခဲ့ရလဲဆိုတာ အစ်ကို ယုံမှာတောင် မဟုတ်ဘူး..."
သူမသည် သူတို့အဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုများ၊ ထန်ချီချီ၏ ဒိုင်းလွှာစွမ်းရည်၊ ကျူးယွီဟန်၏ အရာခပ်သိမ်း ရပ်တန့်ခြင်းစွမ်းရည်ကို ခမ်းနားစွာ အသုံးချခဲ့ပုံ၊ နင်ရွှမ်၏ စွမ်းအားမြှင့်တင်မှုများ၊ သားရဲများ၏ ကိုယ်ဖျောက်စွမ်းရည်များအကြောင်းနှင့် ရတနာအဆောင်များ၏ ထူးကဲသော အကျိုးသက်ရောက်မှုများအကြောင်းကို အားပါးတရ ပြောပြနေတော့သည်။
အကုန်လုံးကို ပြောပြပြီးနောက်တွင်မူ သူမက လက်ကို ခါးထောက်ကာ ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ကြည့်လိုက်သည်။
ရွှီရန်က သူမ၏ ခေါင်းလေးကို ပုတ်ပေးလိုက်ရင်း "တော်တယ် တကယ့်ကို အထင်ကြီးစရာပဲ။ သွေးစွမ်းအင်တန်ဖိုး တစ်သန်းရှိတဲ့ သားရဲကို သတ်နိုင်ခဲ့တယ်ဆိုတော့ တကယ့်ကို ကောင်းတယ်" ဟု ချီးကျူးလိုက်သည်။
ကျားမလေးက တည်ကြည်စွာဖြင့် ပြန်ပြင်ပေးလိုက်သည်။
"တကယ်တော့ အစ်ကို့ဆီကရတဲ့ ကိုယ်ဖျောက်စွမ်းရည်ကြောင့်ပါ။ အလစ်အငိုက် တိုက်ခိုက်မှုက တကယ့်ကို အစွမ်းထက်တာ"
ရွှီရန်က အားရပါးရ ရယ်မောလိုက်ပြီး "ဒါကလည်း မင်းရဲ့ ရွှေရောင်မျှော်စင်ငယ်ကြောင့်
လည်း ပါတာပေါ့။ သူ့ရဲ့ ဖျက်ဆီးအားက တော်တော်လေး ပြင်းတာကိုး"
"ဟုတ်တယ်။ လူတိုင်းက တော်တော်လေး သန်မာကြတယ်"
"နင်ရွှမ်ရဲ့ စွမ်းအားမြှင့်တင်မှုက ၅၀ ရာခိုင်နှုန်းလောက်အထိ ရှိနေပြီ။ ဒုတိယအဆင့် စွမ်းရည်တွေသာ ထပ်ပြီး တိုးတက်လာရင်တော့ ပိုပြီး ကြောက်စရာကောင်းမှာ သေချာတယ်"