← Chapters

ဝိဉာဏ်နှုတ် ခေါင်းလောင်း

Vol. 28 Ch. 271

ဝိဉာဏ်နှုတ် ခေါင်းလောင်း

Vol. 28 Ch. 271

မွန်းလွဲညနေ ခြောက်နာရီတွင် ဆရာတပည့် နှစ်ယောက်လုံး ထွက်ခွာသွားခဲ့ကြသည်။

မထွက်သွားလို့လည်း မရတော့ပေ။

အချိန်တစ်ခုကြာလာတော့ သူတို့အနီးနားဝန်းကျင်တွင် ကြည့်ရှုသူများဖြင့် ပြည့်နှက်လာသည်။

သူတို့က ဆရာယွမ်၏ ခြေလှမ်းအကများကို စိတ်ဝင်စားမှု အပြည့်ဖြင့် ရှုစားကြည့်ရှုနေကြ၏။

ဆရာယွမ်၏ မျက်နှာအမူအရာမှာ မည်းမှောင်နေလျက်ရှိပြီး သူ့အသက်အရွယ်နှင့် မလိုက်သည့် အမြန်နှုန်းဖြင့် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ဤသည်က သောက်ရမ်း ရှက်ဖို့ကောင်းလှ၏။

နှစ်တစ်ရာကျော် ရှင်သန်နေထိုင်လာပြီးနောက်တွင် ပထမဆုံးအကြိမ်အဖြစ် မျောက်တစ်ကောင်နှယ် ဆော့ကစားခံလိုက်ရသည်။

ချန်ယွီ့က သူ အထဲဝင်ဖို့ ကြိုးစားနေမှန်း သိပါလျက်နှင့် မျက်နှာထွက်မပြခဲ့ပေ။ သူ့အား အရှက်ခွဲချင်နေသည်မှာ သိသာသည်။

သက်လတ်ပိုင်း အမျိုးသားက နောက်မှ ကပ်လျက် လိုက်ပါလာပြီး အသက်ကျယ်ကျယ်ပင် မရှူဝံ့ခဲ့ချေ။

သူ့ဆရာ ဒေါသူပုန်ထနေသည့် ယခုလိုအချိန်တွင် တစ်ခုခု သွားပြောလိုက်မည်ဆိုပါက ချန်ယွီ့ကိုယ်စား သဲအိတ်ဖြစ်သွားလိမ့်မည်။

ဤနှစ်များတစ်လျှောက် … သူ့ဆရာက တပည့် ဆယ်ယောက်ကျော် လက်ခံခဲ့၏။

အသက်ရှင်ကျန်ရစ်ခဲ့သူဆိုလို့ သူ တစ်ယောက်တည်းသာ ကျန်တော့လေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက်တွင် ဆရာတပည့် နှစ်ယောက်က ကြယ်ငါးပွင့် ဟိုတယ်ကြီး တစ်ခု၏ အကောင်းစား အခန်းတစ်ခုတွင် ထွက်ပေါ်လာခဲ့သည်။

“ ဝန်ရှင်းဟွေ့ကို ဖုန်းခေါ်ပြီး တစ်ခုခု ဖြစ်သွားခဲ့တယ် ပြောလိုက် … နောက်ရက် အနည်းငယ်လောက်ထိ စိတ်ရှည်ရှည်နဲ့ စောင့်လို့ ပြောလိုက် ….” ဆရာယွမ်က လူသတ်ချင်နေသည့် မျက်ဝန်းတို့ဖြင့် ပြောလိုက်သည်။

သက်လတ်ပိုင်း အမျိုးသားမှာ သူ့ဆရာ၏ အမိန့်ကို လျစ်လျူမရှုဝံ့ဘဲ ကော်ရစ်ဒါသို့ သွားကာ သူ့ဖုန်းကို ထုတ်လိုက်သည်။

ဝန်ရှင်းဟွေ့၏ နံပါတ်ကို ခေါ်ဆိုပြီး ကျပန်းဆင်ခြေတစ်ခု ပေးလိုက်၏။

ခေတ္တကြာပြီးနောက် သက်လတ်ပိုင်း အမျိုးသားက အခန်းထဲသို့ ပြန်ဝင်လာသည်။

သူ့ဆရာလက်ထဲတွင် ကိုင်ထားသည့် ပစ္စည်းကို မြင်တော့ သက်လတ်ပိုင်း အမျိုးသားမှာ ပင့်သပ်ရှိုက်မိသွားခဲ့သည်။

“ ဆရာ … ၊ ချန်ယွီ့ရဲ့ ဝိဉာဏ်ကို နှုတ်တော့မလို့လား ….”

သက်လတ်ပိုင်း အမျိုးသားက မဝံ့မရဲ မေးမြန်းလိုက်သည်။

“ ချန်ယွီ့ရဲ့ တစ်ခြား စွမ်းရည်တွေက ပြောပလောက်တဲ့အထိ မကောင်းဘူး ….” ဆရာယွမ်က အေးစက်စက် လေသံဖြင့် “ ဒါပေမယ့် အစီအရင် ခင်းကျင်းတဲ့နေရာမှာတော့ အတော်လေး ပါရမီပါတယ် ….”

“ သူ ခင်းထားတဲ့ ပုံရိပ်ယောင် အစီအရင်ကို ငါ အသာလေး ဖြေရှင်းလို့ရတယ် ….”

“ ဒါပေမယ့် အဲ့ငနဲက အတွင်းပိုင်းမှာပါ တစ်ခြား အစီအရင်တွေနဲ့ ချိတ်ဆက်ထားဦးမယ်လို့ ဘယ်သူက ထင်ထားမှာလဲ ….”

“ ချန်ယွီ့က ငါနဲ့ တိုက်ခိုက်ချင်နေတယ်ဆိုမှတော့ ငါကလည်း သူ့ကို စိတ်ပျက်စေလို့ ဘယ်ဖြစ်မှာ ….”

ထိုသို့ပြောနေရင်း ဆရာယွမ်၏ မျက်နှာထက်တွင် ရက်စက်ကောက်ကျစ်မှုတို့ ကြီးစိုးနေသည်။

“ ညသန်းခေါင် အချိန်ရောက်ရင် ဒီရဲ့ ဝိဉာဏ်နှုတ် ခေါင်းလောင်းကို ချန်ယွီ့ ဆေးခန်းရဲ့ အဓိက ဝင်ပေါက်ဝမှာ သွားချိတ်ထားလိုက် ….”

“ ဟုတ်ကဲ့ …..” သက်လတ်ပိုင်း အမျိုးသားက ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်ပြီး “ ဆရာ … ၊ ဆရာ့ဆီမှာ ရှိတဲ့ ကြွယ်ဝတဲ့ အရင်းအမြစ်တွေနဲ့ဆိုရင် ထိပ်သီးဆန်းကြယ်ဂိုဏ်း သုံးဂိုဏ်းရဲ့ ဆရာသခင်တွေကလွဲပြီး ဘယ်သူကမှ ဆရာနဲ့ မယှဉ်နိုင်ဘူး ….”

“ ဒီ ချန်ယွီ့ ရှုံးမှာ သေချာတယ် … နောက်ဆုံးကျရင် သူလည်း ဆရာ့လက်ခုပ်ထဲက ရေ ဖြစ်လာမှာပါပဲ ….”

“ ဟမ့် ….”

ဂုဏ်ယူဝံ့ကြွားသည့် အမူအရာတစ်ခုက ဆရာယွမ်၏ မျက်နှာထက်တွင် ပေါ်ထွက်လာခဲ့သည်။

သူက ဟော့ဒီ လောကကြီးထဲမှာ နှစ်ပေါင်းတစ်ရာကျော် အဆီးအတားမဲ့ ကျင်လည်ခဲ့ဖူးတယ် … ဒီ ချန်ယွီ့လောက်ကတော့ စာဖွဲ့နေစရာတောင် မလိုဘူး ….

နို့နံ့တောင် မစင်သေးတဲ့ ကောင်စုတ်လေးကများ သူ့လို ကျွမ်းကျင်တဲ့ ကျင့်ကြံသူ တစ်ဦးရဲ့ ရှေ့မှာ ပညာလာကြွယ်ပြချင်နေတယ်ပေါ့ …

ဟက် … ဟာသပဲ …

ဒင်းနဲ့ ကောင်းကောင်းကြီး ကစားပေးလိုက်မယ် …

ထိုသို့ ပြုလုပ်လိုက်ခြင်းက ချန်ယွီ့ကို သူ့ တပည့် အဖြစ် လက်မခံမီ ဆရာဖြစ်သူ မိမိ၏ အရည်အချင်းတို့က မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို ပြသပြီးရာလည်း ရောက်သည်။

ညသန်းခေါင်း အချိန်တွင် လူရိပ်တစ်ခုက စိတ်ကျန်းမာရေး ဆေးခန်း အနီးတွင် တိတ်တိတ်လေး ထွက်ပေါ်လာပြီး …

လမ်းများကလည်း တစ္ဆေလမ်းမကြီးနှယ် တိတ်ဆိတ်လို့နေသည်။ လူရိပ်က လမ်းလျှောက်လာရင်း ဘေးပတ်ဝန်းကျင်ကို စူးစမ်းနေလျက် ရှိ၏။

စိတ်ကျန်းမာရေး ဆေးခန်း တံခါးဝအနားသို့ နီးကပ်လာတော့ လူရိပ်က ဒုတိယထပ် ပြတင်းပေါက်သို့ မော့ကြည့်လိုက်သည်။

အခန်းက ပိန်းပိတ်မှောင်မဲနေပြီး ချန်ယွီ့ အိပ်ပျော်သွားခဲ့ပြီ ဖြစ်ကြောင်း ညွှန်ပြနေသည်။

သက်လတ်ပိုင်း အမျိုးသားက နှာခေါင်းရှုံ့လိုက်၏။

သူ့ဆရာကို အပြစ်ပြုပြီးတာတောင် ဒီချန်ယွီ့က ညဘက် အိပ်ပျော်ရဲသေးတယ်ပေါ့ … သူ့ကိုယ်သူ ဇွတ်အထင်ကြီးနေတဲ့ကောင်ပဲ …

အနီးနားတွင် မည်သူမျှ ရှိမနေကြောင်း အတည်ပြုပြီးသည့်နောက် … သက်လတ်ပိုင်း အမျိုးသားက ဝိဉာဏ်နှုတ်ခေါင်းလောင်းနှင့် တစ်ခါသုံးချိတ်ကို ထုတ်ယူလိုက်သည်။

ခြေဖျားထောက် မတ်တပ်ရပ်ပြီး တစ်ခါသုံးချိတ်ကို တံခါးရက်မတွင် ကပ်လိုက်သည်။

ခေါင်းလောင်းကိုတော့ ချိတ်တွင် ချိတ်ဆွဲထားလိုက်၏။

ဤအရာများအားလုံး ပြုလုပ်ပြီးနောက် သတ်လတ်ပိုင်း အမျိုးသားက လှမ်းအနည်းငယ် နောက်ဆုတ်ပြီး ချိတ်ဆွဲထားသည့် ခေါင်းလောင်းကို ကြည့်လျက် ပြုံးလိုက်၏။

“ ငါ့ဆရာကို မျက်စိကျအောင် လုပ်မိတဲ့ မင်းကိုယ်မင်းသာ အပြစ်တင်လိုက်တော့ … ငါ့ဆရာရဲ့ရှေ့မှာ လှည့်ကွက်လေးတွေ လာကစားဖို့ မင်းကို ဘယ်သူက ခိုင်းလဲ …”

“ အခုတော့ မနက်ဖြန်ဆိုရင် ဝိဉာဏ်နှုတ်ခံရတော့မယ် … ဖြစ်တာတောင် နည်းသေးတယ် ….”

သူ့ကိုယ်သူ ရေရွတ်နေစဉ်မှာပဲ ညလေပြင်းက တစ်ဝှေ့တိုက်ခတ်သွားသည်။

တံခါးရှိ ခေါင်းလောင်းက အသံအနည်းငယ် မြည်လာသည်။

ခေါင်းလောင်းသံကို ကြားတော့ သက်လတ်ပိုင်း အမျိုးသားမှာ ငူငူငိုင်ငိုင်ကြီး ဖြစ်သွားခဲ့ပြီး အချိန်အတန်ကြာတော့မှ လက်ဖျောက်တစ်ချက် တီးလိုက်၏။

“ ဆရာရဲ့ ဝိဉာဏ်ပစ္စည်းက သိပ် အစွမ်းထက်လွန်းတာပဲ … ဒီလောက် အဝေးကြီးကနေတောင် ပါတော့မလို ဖြစ်သွားသေးတယ် …”

သက်လတ်ပိုင်း အမျိုးသားက ခေါင်းကို ပြင်းထန်စွာ ခါယမ်းလိုက်သည်။

ကြောက်မက်ဖွယ်ရာ သားရဲကြီးတစ်ကောင်က သူ့နောက်မှ လိုက်ပါနေသကဲ့သို့ နေရာမှ လျင်မြန်စွာ ပြေးထွက်လာခဲ့၏။

သို့သော် ဟိုတယ်သို့ ပြန်လာရမည့် အစား အနီးနားတွင် ဖွင့်လျက်ဆဲဖြစ်သည့် လမ်းဘေးစားသောက်ဆိုင် တစ်ဆိုင်သို့ ရောက်ရှိလာသည်။

နောက်တစ်နေ့ အရုဏ်တက်တွင်၊ ချန်ယွီ့ ထုံးစံအတိုင်း ဆေးခန်းတံခါးကို ဖွင့်လိုက်၏။

ချည်ထည် ညအိပ်ဝတ်အင်္ကျီနှင့် ညှပ်ဖိနပ်ကို ဝတ်ဆင်ထားရင်း ချန်ယွီ့ ဆေးခန်းအပြင်ဘက်သို့ ထွက်လာခဲ့သည်။

တံခါးကို ပိတ်ပြီးနောက် သမ်းဝေရင်း အနီးနားရှိ မနက်စာ စားသောက်ဆိုင်သို့ လျှောက်လှမ်းလာခဲ့လိုက်သည်။

အမှောင်ထဲတွင်တွင် တောက်ပနေသည့် မျက်ဝန်းတစ်စုံက ချန်ယွီ့ကို မျက်တောင်မခတ် ကြည့်ရှုနေသည်။ အမှန်တော့ ကြက်သေသေနေသည့် မျက်ဝန်းတစ်စုံဟု ပြောလျှင် ပိုမှန်လိမ့်မည်။

ဘာလား … ဝိဉာဏ်နှုတ်ခေါင်းလောင်းက တစ်ညလုံး အသံမြည်နေတာလေ … ချန်ယွီ့ အဆင်ပြေပြေနဲ့ ရှိနေတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ….

မနက်စာ စားပြီးနောက်တွင် ချန်ယွီ့ စားသောက်ဆိုင်က ပြန်သွားခဲ့၏။ သက်လတ်ပိုင်း အမျိုးသား၏ မျက်နှာအမူအရာသည် အံ့အားသင့်နေရာမှ ရှော့ခ်ရမှု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဝိဉာဏ်နှုတ်ခေါင်းလောင်းမှာ ဆရာယွမ်၏ ထူးခြားသည့် မှော်ပစ္စည်းကိရိယာဖြစ်သည်။ အထူးသဖြင့် လူများ၏ ဝိဉာဏ်များကို နှောင့်ယှက်ပြီး ကမောက်ကမ ဖြစ်သွားစေဖို့ ရည်ရွယ်သည်။

သူ့ဆရာ ပြောသည့် အတိုင်းဆိုလျှင် ဆရာက ရှစ်နှစ် အချိန်ပေးပြီး ထိုပစ္စည်းကို ဖန်တီးခဲ့ရသည်။

မည်သို့သော ကျင့်ကြံသူ ဖြစ်နေစေကာမူ ဝိဉာဏ်နှုတ် ခေါင်းလောင်းနှင့် တွေ့ကြုံသည်နှင့် ၎င်းတို့၏ ဝိဉာဏ်များမှာ ချက်ချင်းပဲ ယူငင်သွားခြင်း ခံရလိမ့်မည်။

ထို့နောက်တွင်တော့ လမ်းလျှောက်နေသည့် အလောင်းကောင်ကြီးနှယ် တစ်ချိန်လုံး ငိုင်တွေတွေနှင့် ဖြစ်နေမှာ ဖြစ်၏။

လက်ရှိ အခြေအနေက ထူးဆန်းလွန်းနေသည်။

ကျင့်ကြံသူများကို ကိုင်တွယ်ဖြေရှင်းရန် အထူးပြုထားသည့် ဝိဉာဏ်နှုတ်ခေါင်းလောင်းက ချန်ယွီ့နှင့် တွေ့တော့မှပဲ အရာမထင် ဖြစ်နေရသည်။

ချန်ယွီ့ ထောင်ချောက်ထဲ ကျရောက်သွားလား ဆိုတာ သက်လတ်ပိုင်း အမျိုးသား မသေချာပေ။ ရင်ထဲရှိ ရှော့ခ်ရမှုကို ဆက်တိုက် ဖိနှိပ်ထားရင်း အမှောင်ထဲမှနေ၍ ချန်ယွီ့အား ဆက်လက် လေ့လာ စူးစမ်းနေလျက် ရှိသည်။

တစ်နာရီကြာပြီးနောက် ကျိုးခဲ့ရှင်းက အိတ်ကိုလွယ်လျက် နားကြပ်ဖြင့် သီချင်းနားထောင်နေရင်း ဆေးခန်းထဲသို့ ဝင်ရောက်လာသည်။

မကြာမီ လူနှစ်ယောက် စကားပြောဆို ရယ်မောနေသည့် အသံက ဆိုင်ထဲမှနေ၍ ထွက်ပေါ်လာခဲ့၏။

“ ဘာကွ … ဝိဉာဏ်နှုတ်ခေါင်းလောင်းက ချန်ယွီ့အပေါ် အကျိုးသက်ရောက်မှု မရှိဘူး ဟုတ်လား …”

ဟိုတယ် အခန်းထဲတွင် ဆရာယွမ်သည်လည်း သူ့တပည့်နည်းတူ ရှော့ခ်ရနေမိသည်။

ဝိဉာဏ်နှုတ်ခေါင်းလောင်းက အကျိုးသက်ရောက်မှု မရှိသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။

ယင်းက နယ်နယ်ရရ သာမန်ဝိဉာဏ်ပစ္စည်းမျိုး မဟုတ်ပေ။ ပြင်းထန်သည့် နတ်ဆိုးစွမ်းအင်ရှိသည့် ပစ္စည်းကိရိယာ တစ်မျိုး ဖြစ်၏။

ထိုခေါင်းလောင်းကို ဖန်တီးဖို့ရာအတွက် ရာနှင့်ချီသည့် အငြှိုးတေး ဝိဉာဏ်များကို အသုံးပြုထားရသည်။

အသက်သွင်းလိုက်သည်နှင့် ဝိဉာဏ်နှုတ်ခေါင်းလောင်းက ညှို့ငင်ဖမ်းစားသည့် အသံများကို ထုတ်လွှတ်ပေးလိမ့်မည်။

သာမန်လူများအတွက် များများစားစား အကျိုးသက်ရောက်မှု ရှိလိမ့်မှာ မဟုတ်သော်ငြား တစ်ဖက်တွင်ရှိ ကျင့်ကြံသူများကတော့ မိနစ်ပိုင်းအတွင်း ၎င်း၏ ညှို့ငင်ဖမ်းစားမှုအောက်သို့ ကျရောက်သွားလိမ့်မည်။

ရာနှင့်ချီသည့် အငြှိုးတေး ဝိညဉ်တို့က ခေါင်းလောင်းသံနှင့်အတူ ငိုကြွေးအော်ညည်းနေကြမည် ဖြစ်ပြီး လူတစ်ဦး တစ်ယောက်၏ နှလုံးသား အနက်ရှိုင်းဆုံးနေရာတွင် ကြောက်ရွံ့မှုကို ဖြစ်ပေါ်လာစေကာ စိတ်ဝိဉာဏ်ကို တုန်လှုပ်စေပြီး ဝိဉာဏ်က ခေါင်းလောင်းထဲသို့ စုပ်ယူခံလိုက်ရလိမ့်မည်။

ချန်ယွီ့သည်လည်း ကျင့်ကြံသူ တစ်ဦးဖြစ်၏။ သို့ဆိုလျှင် … သူက အဘယ်ကြောင့် မခိုက်မပွန်းဘဲ ရှိနေရသနည်း။

ဆရာယွမ်ဆိုသည်မှာ သူ့ ကျင့်ကြံမှု အကျိုးရှိစေရေးအတွက် မည်သည့်အရာကိုမဆို လုပ်ဝံ့သည့် လူစားမျိုးဖြစ်ပြီး သူ့လမ်းတွင် ပိတ်ဆို့လာမည့်လူတိုင်းကိုလည်း သတ်ဖို့ လက်တွန့်နေမည့် လူစားမျိုး မဟုတ်ပေ။

ချန်ယွီ့ ဆေးခန်းထဲရှိ စိတ်ဝိဉာဏ်ပစ္စည်းတို့က သူ၏ ကျင့်ကြံမှုအတွက် မြင့်မားစွာ အကျိုးဖြစ်စေနိုင်သည်။

ဆရာယွမ်က အောက်တန်းကျသည့် သူ၏ နည်းလမ်းလှည့်ကွက်များဖြင့် နှစ်ပေါင်းများစွာကြာ လူတော်တော်တော်များများကို ထိခိုက်စေခဲ့ဖူးသည်။

သို့သော် ကံမကောင်းစွာဖြင့် … ဤတစ်ကြိမ်တွင်တော့ ကျရှုံးခဲ့ရ၏။

“ ဆရာ … ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ ….”

သက်လတ်ပိုင်း အမျိုးသားက စိုးရိမ်ကြောင့်ကြစွာ မေးမြန်းလိုက်၏။

ဆရာယွမ်မှာ နှုတ်ဆိတ်နေသည်။ သူ၏ မျက်နှာအမူအရာသည်လည်း ခန့်မှန်းမရနိုင်အောင် အမျိုးမျိုး ပြောင်းလဲနေလျက် ရှိ၏။

“ အဲ့ချန်ယွီ့ဆိုတဲ့ ကောင်က ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး အစွမ်းအစ ရှိနေတဲ့ပုံပဲနော် … ဝိဉာဏ်နှုတ်ခေါင်းလောင်းကတောင် သူ့ကို ဘာမှလုပ်မရဘူးဆိုတော့ …..”

“ အဓိပ္ပာယ်မရှိတာ … ငါ့ ဝိဉာဏ်နှုတ်ခေါင်းလောင်းက အရင် ဘယ်တုန်းကမှ မအောင်မြင်ဘူးဆိုတာ မရှိဖူးဘူး … တစ်နေရာရာမှာ ပြဿနာ တစ်ခုခုတော့ ကျိန်းသေပေါက်ကို ရှိနေရမယ် ….”

ဆရာယွမ်က သက်လတ်ပိုင်း အမျိုးသားက နှုတ်က ပေါက်တတ်ကရများ မပြောရန် သတိပေးလိုက်သည်။

ဝိဉာဏ်နှုတ်ခေါင်းလောင်းဆိုသည့် ပစ္စည်းက သူ သွေးနှင့် ချွေးနှင့် ရင်းပြီး ဖန်တီးထားရသည့် စိတ်ဝိဉာဏ်ပစ္စည်း တစ်ခု ဖြစ်သည်။ ဆန်းကြယ်ဂိုဏ်း၏ ထိပ်သီး ခေါင်းဆောင်ကြီးများပင် သူ၏ ဝိဉာဏ်နှုတ်ခေါင်းလောင်းကို ကြောက်ရွံ့ကြရ၏။

ဝိဉာဏ်နှုတ်ခေါင်းလောင်းက ချန်ယွီ့ကို ဘာမျှ မပြုလုပ်နိုင်ဘူးဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။

“ မနေ့ညက ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ငါ့ကို သေချာပြောစမ်း ….”

“ အသေးစိတ် တစ်ခုလေးတောင် မချန်ထားနဲ့ …..”

ဆရာယွမ်က တင်းမာသည့်လေသံဖြင့် ဆိုလိုက်၏။

သက်လတ်ပိုင်း အမျိုးသားက ချက်ချင်းပဲ သူ ဝိဉာဏ်နှုတ်ခေါင်းလောင်းကို ချန်ယွီ့၏ ဆိုင်တွင် မနေ့ညက မည်သို့ ချိတ်ဆွဲခဲ့ကြောင်းကို စတင်ရှင်းပြ၏။

ပြီးသည့်နောက် လမ်းဘေးဆိုင်သို့ သွားကာ တစ်ခုခု စားသောက်သည်။

မနက် အရုဏ်မတက်မီ အချိန်အထိ စိတ်ကျန်းမာရေး ဆေးခန်းအပေါ် သတိထားပြီး အနီးကပ် လေ့လာစောင့်ကြည့်ခဲ့၏။

ချန်ယွီ့ မနက်အစောပိုင်းတွင် အိပ်ရာနိုးလာခဲ့ပြီး မနက်စာ ဝယ်ဖို့ အပြင်သို့ ထွက်လာခဲ့၏။ သူ၏ ပုံစံက သာမန်လူတစ်ယောက်လိုပင်။

ရံဖန်ရံခါ လမ်းသွားလမ်းလာများကိုပင် နှုတ်ဆက်နေလိုက်သေးသည်။

သူ မနက်စာဝယ်ပြီး မကြာမီမှာပဲ ကျိုးခဲ့ရှင်းက ဆေးခန်းသို့ ရောက်လာခဲ့၏။

နှစ်ယောက်မှာ တွေ့သည်နှင့် စကားတွေ ပြောကြပြီး ရယ်မောနေခဲ့ကြသည်။

သူ မည်သို့ပင် ကြည့်ကြည့် ၊ ချန်ယွီ့က ဝိဉာဏ်ပျောက်ဆုံးနေသည်နှင့် မတူပေ။

“ ဖူး ….”

သူ့ စကားဆုံးသည်နှင့် သွေးတစ်လုတ်က သက်လတ်ပိုင်း အမျိုးသား၏ မျက်နှာသို့ ဖြန်းပက်လာသည်။

All Chapters