← Chapters

ကံအကျိုးဆက်

Vol. 28 Ch. 272

ကံအကျိုးဆက်

Vol. 28 Ch. 272

သက်လတ်ပိုင်း အမျိုးသား၏ မျက်လုံးများ ပြူးကျယ်ပြီး ရှော့ခ်ရသွားခဲ့သည်။

ဆရာယွမ်က ခေါင်းမော့ပြီး သွေးများ ပန်းထွက်လာခဲ့သည်မှာ သူ့နှုတ်ခမ်းက ရေပန်းသေးသေးလေး အလားပင်။

“ ဆရာ … ဆရာ … ဘာဖြစ်တာလဲ ….”

ဆရာယွမ်၏ နာကျင်နေသည့် မျက်နှာအမူအရာကို မြင်တော့ သက်လတ်ပိုင်း အမျိုးသားက ထိတ်လန့်တကြား ခြေလှမ်းအနည်းငယ် နောက်ဆုတ်မိသွားခဲ့သည်။

ဆရာယွမ်၏ သူတော်စင် တစ်ဦးကဲ့သို့ ဟန်အမူအရာသည်လည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

သူ၏ မျက်နှာတစ်ခုလုံးက အကျည်းတန်၊ ကြောက်မက်ဖွယ် ကောင်းနေပြီး လက်မောင်းနှင့် နားထင်ထက်တွင် သွေးကြောစိမ်းကြီးများက ဖောင်းကားလို့ နေသည်။

ကလေးလေးနှယ် ချောမွတ်နူးညံ့ပြီး နှင်းဆီရောင် သမ်းနေသည့် အသားအရည်က သာမန်မျက်လုံးနှင့် မြင်နိုင်လောက်သည့် အမြန်နှုန်းဖြင့် ကျုံလီခြောက်ကပ်လာခဲ့သည်။

သူ့ရှေ့ရှိ မြင်ကွင်းကို မြင်တော့ သက်လတ်ပိုင်း အမျိုးသားမှာ သေမတတ် ကြောက်ရွံ့ထိတ်လန့်သွားခဲ့တော့၏။

ဆရာယွမ်က သွေးအန်ရုံတင်သာမက ၊ သူ့အသက်ကလည်း လျင်မြန်စွာ အိုမင်းလာနေသည်။

စက္ကန့်အနည်းငယ်အတွင်းမှာပဲ ယခင် ဆံပင်အဖြူနှင့် သူတော်ကောင်းဆရာတစ်ဆူ သွင်ပြင်ရှိနေသည့် ဆရာယွမ်မှာ မရင်းနှီးသည့် အခြားလူတစ်ယောက်နှယ် ပြောင်းလဲသွားခဲ့တော့သည်။

သူ့ခန္ဓာကိုယ်က ပိန်လှီချောက်ကပ်လာပြီး ရွတ်တွမည်းနက်နေသည့် သစ်ခေါက်ခွံကြီးများကဲ့သို့ ဖြစ်လာသည်။

ရွေ့လျားနိုင်ဆဲရှိသည့် မျက်ဆံများကြောင့်သာ မဟုတ်လျှင် အုတ်ဂူထဲမှ လောလောလတ်လတ် တူးထုတ်ယူထားသည့် ခြောက်သွေ့နေသည့် အလောင်းကောင်ကြီး တစ်ကောင်နှင့် တစ်ထေရာတည်း တူညီနေမည်မှာ မလွဲမသွေပင်။

သက်လတ်ပိုင်း အမျိုးသားက ဆရာယွမ်ကို ဆက်တိုက် မေးခွန်းထုတ်နေစဉ်မှာပဲ မရေမတွက်နိုင်သည့် ကြောက်မက်ဖွယ် အငြှိုးတေး ဝိဉဏ်များက သူ့အရှေ့တွင် ရုတ်ချည်း ထွက်ပေါ်လာသည်။

အဆိုပါ နတ်ဆိုးဝိဉာဏ်များက ပုံသဏ္ဌာန်မျိုးစုံနှင့် တည်ရှိနေကြ၏။ အချို့က လက်မောင်းများ ကင်းမဲ့နေပြီး အချို့က ခြေထောက်များ ပြတ်တောက်နေသည်။ ခေါင်းမပါတော့သည့် နတ်ဆိုးဝိဉာဏ်တစ်ချို့လည်း ရှိ၏။

ဟိုတယ်အခန်းကြီးမှာ အဆင့်မြင့် ဇိမ်ခံဟိုတယ်ခန်းနှင့်ပင် မတူတော့ဘဲ တစ္ဆေခြောက်သည့်တိုက်ခန်းကဲ့သို့ ဖြစ်လာသည်။

လေအေး တစ်ချက် တိုးဝှေ့တိုက်ခိုက်သွားပြီး တစ္ဆေများ၏ ညည်းညူအော်ဟစ်သံက ဆက်တိုက် ထွက်ပေါ်လာခဲ့၏။

“ မလာနဲ့ … မလာနဲ့ ….” သက်လတ်ပိုင်း အမျိုးသားက သူ့လက်ကို ဆက်တိုက် ဝှေ့ယမ်းလျက် အော်ဟစ်နေမိ၏။ “ ငါ့ဆီကို မလာနဲ့ ….”

“ မင်းတို့ကို သတ်တာ ငါမဟုတ်ဘူး … ငါ့ဆရာ ….”

“ သူ့ဆီကိုပဲသွား … သူ့ဆီကိုပဲသွား ….”

သက်လတ်ပိုင်း အမျိုးသားက ကြမ်းပြင်သို့ လဲကျသွားခဲ့ပြီး လေးဘက်ထောက်လျက် ဆက်လက် ထွက်ပြေးသွားသည်။

မွေးကင်းစ ကလေးတစ္ဆေတစ်ကောင်က ထက်မြသည့် သွားများဖြင့် လက်မောင်းကို ကိုက်ဖြတ်လာသည်။

အပြင်လူများ၏ အမြင်တွင်တော့ ဤဆရာတပည့်နှစ်ယောက်က တကယ့်ကို ကြောင်တောင်တောင်များပင်။

တစ်ယောက်က ကြမ်းပြင်တွင် ဒူးထာက်လျက် သွေးများဆက်တိုက် အန်နေပြီး ၊ ကျန်တစ်ယောက်မှာတော့ ကြမ်းပြင်တွင် ရှေ့နောက်ဘယ်ညာ လူးလိမ့်နေသည်။

“ ဆရာ … ကျွန်တော့်ကို ကယ်ပါဦး …”

“ ကျွန်တော့်နားမှာ သရဲတွေ အများကြီးပဲ … ဆရာရေ ကယ်ပါဦး … ကျွန်တော် လုံးဝ မရတော့ဘူး ….”

ခြေလက်များ ကျိုးပဲ့ပြတ်တောက်နေသည့် တစ္ဆေသရဲများနှင့် ကြောက်မက်ဖွယ်ရာ သတ္တဝါကြီများက သက်လတ်ပိုင်း အမျိုးသားထံ ဒီရေလှိုင်းကဲ့သို့ ဝိုင်းဝန်းစုအုံလာခဲ့ကြသည်။

သက်လတ်ပိုင်း အမျိုးသားနှင့် မလှမ်းမကမ်း တစ်နေရာတွင်တော့ ဆရာယွမ်က ကြမ်းပြင်တွင် ဒူးထောက်လျက် နာကြင်စွာ အော်ဟစ်မြည်တမ်းနေသည်။

သူ့ခန္ဓာကိုယ်က လျင်မြန်စွာ အိုမင်းရင့်ရော်လာနေပြီး ကျင့်ကြံမှု အစွမ်းများကလည်း တစ်ပြိုင်နက် ပျော်ကွယ်လာနေသည်။

ခေတ္တကြာပြီးနောက် ဆရာယွမ်၏ ဒွာရကိုးပေါက်ထဲကနေ သွေးများ ယိုစီးကျလာသည်။

သူ့အောက်ခြေကြမ်းပြင်မှာ သွေးအိုင်ကြီး တစ်ခုနှယ် ပြောင်းလဲသွားခဲ့တော့၏။

ကြမ်းပြင်တွင် နာကျင်စွာနှင့် လူးလိမ့်အော်ဟစ်နေသည့် သက်လတ်ပိုင်း အမျိုးသားကလည်း သူ၏ ရုန်းကန်လှုပ်ရှားမှုများအား ရပ်တန့်သွားခဲ့သည်။

သူ၏ မျက်လုံးများက ပြူးကျယ်နေပြီး သူ့ခန္ဓာကိုယ်သည်လည်း ဘောလုံးတစ်လုံးကဲ့သို့ ကွေးညွှတ်နေသည်။

သူ့လက်များက သိမ်းငှက် လက်သည်းအသွင် ကြမ်းပြင်ကို ကုတ်ခြစ်ထားပြီး …

“ ဒါကို ကံအကျိုးဆက်လို့ ခေါ်တာလား ….”

သူ့ အသက်ပျောက်ကွယ်တော့မည့် အချိန်မှာပဲ ချန်ယွီ့၏ ပုံရိပ်က ဆရာယွမ်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ချန်ယွီ့က ဝိဉာဏ်နှုတ် ခေါင်းလောင်းကိုလည်း ကြောက်ရွံ့ခြင်း မရှိပေ။ သူ ဆေးခန်းထဲ ဝင်ရောက်မှာကို တားမြစ်ဖို့ရာအတွက် ရိုးရှင်းသည့် ပုံရိပ်ယောင် အစီအရင်ကိုလည်း အသုံးပြုနိုင်နေသည်။

ယခု နောက်ဆုံး ထွက်သက်ကို ရောက်ရှိသည့် အချိန်ကျတော့မှပဲ ဆရာယွမ်သည် နောက်ဆုံးတွင် အသိစိတ်ပြန်ဝင်လာခဲ့သည်။

ချန်ယွီ့က သူ့အပေါ် လှည့်ကွက်များနှင့် ကစားနေခြင်း မဟုတ်ဘဲ ချန်ယွီ့၏ အစွမ်းအစ ကိုယ်၌က သူ့အထက်တွင် ရှိနေခြင်းပင်။

သူတို့နှစ်ဦးကြားရှိ အရည်အချင်း ကွာဟမှုက ကမ္ဘာကြီးလောက်ကို ခြားနား၏။

ချန်ယွီ့က ဝိဉာဏ်နှုတ်ခေါင်းလောင်း၏ အငြှိုးအတေးများနှင့် ဆိုးယုတ်သည့် အရှိန်အဝါများကို အသုံးချ၍ အဝေးတစ်နေရာမှနေပြီး သူတို့ ဆရာတပည့်နှစ်ယောက်ကို ပညာ ပြန်ထိစေခဲ့သည်။

ဤအချင်းအရာက လှည့်ကွက်သေးသေးလေးများ တတ်မြောက်ရုံနှင့် မစွမ်းသာနိုင်သည့် အရာဖြစ်သည်။

ထိပ်သီးဂိုဏ်းကြီး သုံးဂိုဏ်း၏ ဂိုဏ်းဆရာသခင်များပင် ထိုသို့ ပြုလုပ်နိုင်သည့် အစွမ်းအစ ရှိလိမ့်မည်လို့ ဆရာယွမ် မထင်ပေ။

ဒါဆိုရင် ချန်ယွီ့က ဘာတွေများ တွေ့ကြုံခဲ့ရလို့ အခုလို ခေတ်ကြီးမျိုးမှာ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ …

လက်ရှိ ခေတ်သစ်ကမ္ဘာကြီးတွင် ဝိဉာဏ်ချီစွမ်းအင်တို့က ချီလင်းဦးချိုနှင့် ဖီးနစ် အမွှေးအတောင်ကဲ့သို့ ရှားပါးသည့် အရာပစ္စည်းဖြစ်သည်။ ဂိုဏ်းသုံးဂိုဏ်း၏ ထိပ်သီး ဆရာသခင်ကြီးများပင် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသည့် ရှေးဟောင်း ရတနာ ပစ္စည်းများကြောင့်သာ ယနေ့လို ကျင့်ကြံခြင်း အဆင့်အား ပိုင်ဆိုင်နိုင်ကြခြင်း ဖြစ်၏။

တစ်ဖက်ရှိ ဆရာယွမ်ကတော့ လူကို သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်း ၊ ယစ်ဇ်ပူဇော်ခြင်း … စသဖြင့် နည်းလမ်းပေါင်းစုံကို အသုံးချပြီးမှ ယနေ့လို ဤနေရာသို့ ရောက်ရှိလာခဲ့ရခြင်း ဖြစ်သည်။

တကယ်ပဲ ချန်ယွီ့ ဘယ်လို အရာတွေကို ကြုံတွေ့ခဲ့ရတာလဲ …

သူ့အသက်က ငယ်ငယ်လေးပါ … ဒါကို သူ့ရဲ့ ကျင့်ကြံမှု အဆင့်က ဘာကြောင့် သူ့ထက် အများကြီး မြင့်နေရတာလဲ …

ဆရာယွမ်က သူ့ကိုယ်သူ အတင်းအကြပ် အားပြုပြီး ခေါင်းမော့ကာ ကျယ်လာင်စွာ ဟိန်းဟောက်လိုက်၏။

ပြီးသည့်နောက် သူ့ခန္ဓာကိုယ်က နောက်သို့ လေးလံစွာ လဲကျသွားခဲ့ပြီး ခန္ဓာကိုယ်သည်လည်း ပေါက်ကွဲသွားခဲ့သည်။

“ ဒေါက်တာချန် … ရှင် ဘယ်လို မျက်လှည့်တွေ ကစားနေတာလဲ … ဒီ စက္ကူအရုပ်တွေက ဘယ်လို ဖြစ်ပြီး ပေါက်ကွဲသွားခဲ့တာလဲ ….”

ဟိုတယ်နှင့် ဆယ်ကီလိုမီတာ အကွာရှိ စိတ်ကျန်းမာရေးဆေးခန်းတွင်။

စားသောက်ပြီးစီးသည့် ပန်းကန်များကို ကျိုးခဲ့ရှင်း ဆေးကြောပြီး ပြန်လာပြီးနောက်တွင် မယုံကြည်နိုင်စရာ မြင်ကွင်းတစ်ခုကို မြင်တွေ့လိုကရသည်။

မစားသောက်မီ ချန်ယွီ့က ကတ်ကြေးနှင့် စက္ကူလူရုပ်နှစ်ခုကို ညှပ်ခဲ့၏။

ပြီးသည့်နောက် သူက စုတ်တံနှင့် စက္ကူလူရုပ်ပေါ်တွင် သူမ နားမလည်နိုင်သည့် သင်္ကေအများအပြားကို ရေးဆွဲခဲ့သည်။

သူမကတော့ ချန်ယွီ့ ပျင်းလွန်းနေသဖြင့် အရုပ်တွေ လျှောက်လုပ်နေသည်ဟုသာ ထင်မှတ်ထားခဲ့သည်။

ထင်မှတ်မထားစွာဖြင့် သူမ ပန်းကန်ဆေးပြီးနောက်တွင် စက္ကူလူရုပ်တစ်ခုက ပေါက်ကွဲသွားခဲ့ပြီး ကျန်တစ်ခုမှာတော့ ဘောလုံးတစ်ခုနှယ် ကွေးညွှတ်လို့နေသည်။

“ စိတ်ဝင်စားဖို့ ကောင်းတယ်ဟုတ် …” ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်ပြီး “ နောင်ကျ အချိန်ရရင် မင်းကို ဒီထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာတွေ ပြပေးမယ် …”

ချန်ယွီ့က သူမ မသိသည့် လျှို့ဝှက်ချက်များစွာကို ဖုံးကွယ်ထားဆဲဖြစ်ကြောင်း သိသဖြင့် ကျိုးခဲ့ရှင်းလည်း အလိုက်သိစွာဖြင့် ဆက်လက် မေးမြန်းချင်းမျိုး မပြုခဲ့ပေ။

ရေစိုနေသည့် သူမ၏ လက်ကို တစ်သျှူးဖြင့် သုတ်ပြီး ဖုန်းကြည့်ရန်အတွက် ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်၏။

ချန်ယွီ့က စက္ကူများကို စုလုံးလိုက်ပြီး အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။

ယခုတစ်ကြိမ်နှင့်ဆိုလျှင် ဝန်ရှင်းဟွေ့ ပြဿနာ ရှာသည်မှာ သုံးကြိမ် ရှိပြီ ဖြစ်၏။

ပထမတစ်ကြိမ်တုန်းက သူ့ဆိုင်သို့ လူလွှတ်ပြီး မီးရှို့ရန် ကြံစည်ခဲ့သည်။

ဒုတိယတစ်ကြိမ်တွင်တော့ ဟိတ်တာ အများအပြားကို လိုင်းပေါ်တွင် ငှားရမ်းပြီး သူ့အား အရှက်ခွဲဖို့ ပြုလုပ်ခဲ့၏။

ယခု တတိယတစ်ကြိမ်တွင်တော့ ပို၍ပင် တိုက်ရိုက်ဆန်လာခဲ့ပြီး မကောင်းသည့် နတ်ဆိုးကျင့်ကြံသူ တစ်ဦးကို ဖိတ်ခေါ်၍ သူ့အား ကိုင်တွယ်ခိုင်းခဲ့လေသည်။

အရှိန်အဝါ သန့်စင်ခြင်း အလယ်အလတ်အဆင့်ရှိ ကျင့်ကြံသူ တစ်ဦးက အုတ်မြစ်တည်ထောင်ခြင်း အထိတ်အထိပ်ရှိ ကျင့်ကြံသူတစ်ဦး၏ ဝိဉာဏ်ကို ယူငင်ချင်နေသည်။

ဆရာယွမ်က တကယ့်ကို မျက်ကန်းတစ္ဆေမကြောက်ဖြစ်၏။ သူက ကိုယ့်သေတွင်းကိုယ်တူးပြီး ခုန်ချခဲ့ခြင်းပင်။

များမကြာမီ ချန်ယွီ့ထံသို့ ဖုန်းကောတစ်ခု ဝင်လာခဲ့၏။ လီချန်ကျွင်းထံကပင်။

“ ဒေါက်တာချန် … ထူးဆန်းတဲ့ အမှု တစ်ခုတော့ ဖြစ်နေပြီ ….”

“ လွန်ခဲ့တဲ့ တစ်နာရီကျော်လောက်တုန်းက နတ်ဆိုးကိုးကွယ်သူ နှစ်ယောက် ဟိုတယ်အခန်း တစ်ခုထဲမှာ ထူးထူးဆန်းဆန်း သေဆုံးနေတယ် … သေသွားတဲ့ပုံစံတွေကလည်း တကယ့်ကို ကြောက်စရာကြီးတွေ ….”

“ သက်လတ်ပိုင်း အမျိုးသားတစ်ယောက်ဆို ဧရာမ ကြီးမားတဲ့ အားကြီးတစ်ခုနှင့် ဖိနှိပ်ခံထားရသလိုမျိုး သူ့တစ်ကိုယ်လုံးက ဘောလုံးလိုမျိုး ဖြစ်နေတယ် … ပြီးတော့ အခန်းရဲ့ ကြမ်းပြင်ပေါ်မှာပဲ သေဆုံးသွားခဲ့တယ် ….”

“ တစ်ခြားတစ်ယောက်ရဲ့ အခြေအနေက ပိုပြီးတောင် ဆိုးသေးတယ် …”

“ သူ့ခန္ဓာကိုယ်တစ်ခုလုံးက အစိတ်အစိတ်အမြွှာမြွှာ ဖြစ်နေပြီ … အမျိုးသမီး ဝန်ထမ်းတစ်ယောက်ဆို အခင်းနေရာကို မြင်တော့ နေရာမှာတင် ချက်ချင်း သတိလစ်သွားခဲ့တာပဲ …..”

“ အပြစ်လုပ်ထားတဲ့လူတွေကို ကောင်းကင်က အပြစ်ပေးတဲ့နည်းလမ်းတွေ တစ်နည်းမဟုတ် တစ်နည်းတော့ ရှိမြဲပါပဲလေ …” ချန်ယွီ့က အပြုံးမမည်သည့် အပြုံးဖြင့် ပြောဆိုလိုက်ပြီး “ ဒါပေမယ့် သူတို့ ကျူးလွန်ခဲ့တဲ့ အပြစ်တွေ အတွက်တော့ မဟုတ်ဘူး … ဒါက သူတို့ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် ထိုက်တန်တဲ့ ကံအကျိုးဆက်ကို ပြန်ခံစားရတာပဲ ….”

“ ဒေါက်တာချန် … ဒီ လူနှစ်ယောက်ကို ဘယ်သူသတ်သွားလဲဆိုတာ မင်း သိလား ….” လီချန်ကျွင်း ရင်တစ်ချက် ထိတ်သွားခဲ့ပြီး မေးမြန်းလိုက်သည်။

“ သူတို့က နတ်ဆိုးကိုးကွယ်သူတွေပါလို့ ခင်များ စောနတုန်းက ပြောခဲ့တယ်မလား … သူတို့ နတ်ဆိုးကိုးကွယ်သူတွေ ဆိုမှတော့ နတ်ဆိုးဆန်တဲ့ ကိစ္စတွေ အများကြီးကို လုပ်ခဲ့ဖူးမှာ ကျိန်းသေပေါက်ပဲလေ …. အဲ့ဒီအတွက် တန်ရာတန်ကြေး ပြန်ပေးဆပ်ရတာပဲဟာ ဘာများ ထူးဆန်းနေလို့လဲ ….”

“ သူတို့သေသွားခဲ့တာက သူတို့ရဲ့ လုပ်ရပ်ကြောင့်ပဲ … ဘယ်သူကမှ သူတို့ကို မသတ်ဘူး …” လီချန်ကျွင်း တစ်စုံတစ်ရာကို နားလည်သွားသည့်နှယ် သူ့ဘာသူ တီးတိုးရေရွတ်လိုက်၏။

“ အမှန်ပဲ …” ချန်ယွီ့ ပြုံးလျက် ဆိုလိုက်ပြီး “ လူကောင်းတွေက လူဆိုးတွေ သတ်တာကို ခံရတယ် … လူဆိုးတွေကတော့ ကံအကျိုးဆက်ကြောင့် ပြန်သတ်ခံရတယ် ….”

“ သတိပေးတဲ့ အတွက် ကျေးဇူးပါပဲ ဒေါက်တာချန် … ငါနားလည်သွားပြီ ….”

လီချန်ကျွင်း ဖုန်းချလိုက်ပြီး အခန်းထဲရှိ သူ့လုပ်ဖော်ကိုင်ဖက်များကို ကြည့်လိုက်သည်။

နောက်ဖုန်းတစ်လုံးကို သူထုတ်ယူလိုက်၏။

တစ်ချိန်တည်းမှာပဲ ချန်ယွီ့ arcade simulator ကစားတော့မည့် အချိန်၌ မိန်းကလေး တစ်ဦး၏ အသံက တံခါးပေါက် အပြင်မှ ထွက်လာသည်ကို ကြားလိုက်ရသည်။

“ ဒေါက်တာချန် အထဲမှာရှိလား ….”

“ ကြိုဆိုပါတယ် …” ကျိုးခဲ့ရှင်းက ချိုသာစွာ ပြုံးလိုက်ပြီး “ ဒေါက်တာချန် ဒီနေ့ အထဲမှာ ရှိပါတယ် ….”

မိန်းမငယ်လေး တစ်ဦးက သိချင်စိတ် ပြင်းပြသည့် အမူအရာနှင့် စိတ်ကျန်းမာရေး ဆေးခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။

ကွန်ပျူတာနောက်တွင် ထိုင်နေသည့် ချန်ယွီ့ကိုမြင်တော့ ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး ….

“ ဒေါက်တာချန် … နောက်ဆုံးတော့ ရှင့်ကို ရှာတွေ့ပြီ …”

“ အရင်တုန်းကတော့ လိုက်စထွင်းထဲမှာပဲ ရှင့်ကို မြင်ခဲ့ဖူးတာ အခု အပြင်မှာ တွေ့လိုက်ရတော့ ရှင်က ဖုန်းထဲမှာထက်ကို အများကြီး ပိုချောနေတာပဲ ….”

“ ဟားဟား … ငါ့ကို မြှောက်ပင့်နေပါပြီ …”

ချန်ယွီ့ နှိမ်ချစွာ ပြုံးလိုက်ပြီး ကျိုးခဲ့ရှင်းကို လူနာအတွက် ထိုင်ခုံတစ်လုံး ယူလာခဲ့ပေးဖို့ လက်ဟန် ပြလိုက်သည်။

မိန်းကလေးက အင်မတန် သိချင်စိတ်ပြင်းပြနေပြီး ချန်ယွီ့အကြောင်းကို ဆက်တိုက် မေးမြန်းနေသည်။

စိတ်ကျန်းမာရေး ဆေးခန်း ဖွင့်ထားတာက ဘယ်လောက်ကြာပြီလဲ …

ချန်ယွီ့နဲ့ ကျိုးခဲ့ရှင်းကရော ဘယ်လို ဆက်ဆံရေးမျိုးပဲ …

သူတို့နှစ်ယောက်က အလုပ်သဘောအရပဲလား … ဒါမှမဟုတ် သမီးရည်းစား ဆက်ဆံရေးမျိုးလား ….

စီးပွားရေး အခြေအနေကရော ဘယ်လိုရှိလဲ …

မိန်းကလေးက မေးသင့်သည့် မေးခွန်း၊ မမေးသင့်သည့် မေးခွန်းဟူ၍ စဉ်းစားမနေဘဲ သူမ သိချင်နေသည့် မေးခွန်းပေါင်းများစွာ တရစပ် မေးမြန်းနေသည်။

All Chapters