← Chapters

ထောင်ထဲဝင်ရတော့မယ့် ဟီးရိုး

Vol. 28 Ch. 273

ထောင်ထဲဝင်ရတော့မယ့် ဟီးရိုး

Vol. 28 Ch. 273

သူမထက်ပင် ဘွင်းဘွင်းရှင်းရှင်းရှိသည့် မိန်းကလေးမျိုးကို ကျိုးခဲ့ရှင်း ပထမဆုံးအကြိမ် အဖြစ် မြင်တွေ့ဖူးသွားခဲ့သည်။ ဤမိန်းကလေးက စထွင်မာ ဖြစ်ဖို့ အင်မတန် သင့်လျော်လေသည်။

“ မိန်းကလေး ….” ချန်ယွီ့က ညင်သာစွာ ပြုံးလျက် “ အခုက အလုပ်ချိန်ဆိုတော့ … တကယ်လို့ မင်း တစ်ခုခု လိုအပ်တာရှိရင် ငါ့ကို လွတ်လွတ်လပ်လပ် မေးမြန်းလို့ရပါတယ် ….”

“ တကယ်လို့ တစ်ခြား မေးချင်တာရှိတယ်ဆိုရင်တော့ ကျေးဇူးပြုပြီး လိုက်လွှင့်တဲ့ အချိန်မှပဲ မေးပေးပါ ….”

“ ဟုတ် ဟုတ် ဟီးဟီး … စိတ်မရှိနဲ့နော် ဒေါက်တာချန် ….” မိန်းကလေးက ရှက်ကိုးရှက်ကန်း တောင်းပန်လာခဲ့ပြီး “ ရှင့်ကို အပြင်မှာ မြင်လိုက်ရတော့ ကျွန်မလည်း စိတ်လှုပ်ရှားသွားလို့ပါ… လာရင်းကိစ္စကိုတောင် မေ့သွားတယ် …”

“ ကျွန်မ ဒေါက်တာချန်ဆီ ရောက်လာခဲ့တာက လူတစ်ယောက်ကို ရှာချင်လို့ ….”

မိန်းကလေး၏ နာမည်က လင်းမြောင်မြောင်ဖြစ်ပြီး ချန်ယွီ့၏ ပရိသတ်အဟောင်း တစ်ဦးပင်။

သူမက စည်းမျည်းစည်းကမ်းများအားလုံးကို နားလည်ထားလေသည်။

ယွမ်တစ်သောင်းကို ချန်ယွီ့ထံသို့ လွှဲပေးပြီးနောက် သူမ၏ ပြဿနာအကြောင်းကို ဆက်ပြီး ပြောပြသည်။

လွန်ခဲ့သော သုံးရက်ခန့်က သူမ ညဆိုင်း ဆင်းပြီး၍ အိမ်သို့ ပြန်လာချိန် အကြောင်းအရင်းတစ်ချို့ကြောင့် လမ်းခုလတ်တွင် ကားပျက်သွားခဲ့၏။

တိုက်ဆိုင်ချင်းသားကောင်းစွာဖြင့် ကားက မြို့နှင့် ဝေးလံသည့် ထောင့်တစ်နေရာတွင် လာပျက်နေလေသည်။

မနက်ခင်း တစ်နာရီ ကျော်နေပြီးဖြစ်ပြီး အနီးနားတွင် အကူအညီတောင်းစရာ မည်သူမျှလည်း မရှိပေ။

ဖုန်းလိုင်းသည်ပင် စုတ်ချာလွန်းလှ၏။

လင်းမြောင်မြောင် သူမဖုန်းကို ထုတ်ပြီး ကားထဲက ထွက်လာသည်။ လိုင်းကောင်းသည့် နေရာသို့ ရောက်အောင် သွားပြီးနောက် အကူအညီတောင်းလိုက်၏။

သူမ ကားသို့ ပြန်လာ၍ စောင့်ဆိုင်းတော့မည့် အချိန်မှာပဲ လူမိုက်သုံးဦးက သူမ အရှေ့တွင် ထွက်ပေါ်လာသည်။

“ အဲ့တုန်းက အရမ်း ကြောက်ဖို့ကောင်းတယ် … သူတို့ သုံးယောက်လုံးရဲ့ မျက်နှာတွေကလည်း ကြောက်စရာကြီးတွေ ….”

“ ကန်းနေတဲ့လူတွေ အဲ့လူတွေက လူကောင်းမဟုတ်ဘူးဆိုတာ ပြောနိုင်တယ် ….”

ထိုနေ့ညက အဖြစ်အပျက်ကို ပြန်မြင်ယောင်မိတော့ လင်းမြောင်မြောင် ကူကယ်ရာမဲ့စွာဖြင့် တုန်ယင်မိသွားခဲ့သည်။

သူမက ပြိုင်ဘက်ကင်းအောင် လှပမနေသော်ငြားလည်း ဆွဲဆောင်မှုတစ်ချို့တော့ ရှိနေဆဲ ဖြစ်၏။

ထို့ပြင် ခန္ဓာကိုယ်ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားသည့် အတွက် အမျိုးသား တော်တော်များများ၏ အကြည့်ကို ဆွဲဆောင်နိုင်လေသည်။

ထို လူမိုက် သုံးဦးကိုမြင်တော့ လင်းမြောင်မြောင် ရှေ့ဘာဆက်ဖြစ်တော့မယ်ဆိုတာကို ကြိုပြီး မြင်ယောင်မိသွားခဲ့သည်။

သို့ပေမယ့် နောက်ပိုင်း ဖြစ်ပျက်လာသည့် အရာများက လင်းမြောင်မြောင် မြင်ယောင်မိထားသည်နှင့် ကွဲလွဲနေလျက် ရှိ၏။

လူမိုက်သုံးဦးက တစ်လှမ်းချင်း တစ်လှမ်း သူမ အနားသို့ ချဉ်းကပ်လာသည်။

လင်းမြောင်မြောင် မည်သည့် နေရာသို့ ထွက်ပြေးရမှန်း မသိ ဖြစ်နေချိန်မှာပဲ တက္ကစီတစ်စင်းက သူမဘေးနားသို့ ရောက်ရှိလာခဲ့၏။

သက်လတ်ပိုင်း ဒရိုင်ဘာ တစ်ဦး ကားထဲက ထွက်လာသည်။

ဒရိုင်ဘာက ဒေါင်ကောင်းကောင်းနှင့် ခန္ဓာကိုယ်ကလည်း ထောင်ထောင်မောင်းမောင်းကြီးပင်။ သူက ဂွ(ခွ)ရှင်တစ်ခုကို လက်ထဲ ဆုပ်ကိုင်ထားပြီး လူမိုက်သုံးဦးကို ဆူငေါက်လိုက်၏။

လင်းမြောင်မြောင်က သူ့သမီး ဖြစ်ကြောင်းနှင့် အကယ်၍ သူတို့က သူ့သမီးကို အနိုင်ကျင့်ဝံ့လျှင် ၎င်းတို့၏ ဦးခေါင်းများကို ဦးနှောက်များ ပဲ့ထွက်သည်အထိ ရိုက်နှက်ပစ်မည် ဖြစ်ကြောင်း၊ ထိုသို့ မလုပ်ခဲ့လျှင် သူ့မျိုးရိုးနာမည်ကို ပြောင်းပြန်လှန်ပစ်လိုက်မည်ဆိုကြောင်း ကျယ်လောင်စွာ ဆိုလာသည်။

“ အဲ့နောက်ရော … အဲ့တာနဲ့ပဲ လူမိုက် သုံးယောက်လုံးက ထွက်ပြေးကြရောလား ….”

ဇာတ်လမ်းထဲတွင် နစ်မြောနေသည့် ကျိုးခဲ့ရှင်းက မနေနိုင်ဘဲ ကြားဖြတ်မေးမြန်းမိလိုက်၏။

“ သက်လတ်ပိုင်း ဦးလေးကြီးက သူရဲကောင်းဆန်တဲ့ သွင်ပြင်ရှိတယ် …” လင်းမြောင်မြောင် ပြောလိုက်ပြီး “ အဲ့ လူမိုက်သုံးယောက်လည်း ဆဲရေးတဲ့ စကားတစ်ချို့ ပြောပြီးတာနဲ့ ချက်ချင်း ထွက်သွားကြတော့တာပဲ ….”

“ ဒီတော့ မင်းက သူ့ကို ရှာပြီး ကျေးဇူးတင်ချင်တယ်ပေါ့ ….” ချန်ယွီ့ ပြုံးလျက် မေးမြန်းလိုက်သည်။

“ အွန်း အွန်း ဟုတ်တယ် ….”

လင်းမြောင်မြောင်က ရှက်ကိုးရှက်ကန်း အမူအရာနှင့် တစ်ဖက်သို့ လှည့်သွားပြီး “ သက်လတ်ပိုင်း ဦးလေးကြီးက လူမိုက်တွေကို မောင်းထုတ်ပြီးတော့ ကျွန်မကို အဖေတစ်ယောက်လိုမျိုး ဂရုစိုက်ပေးပြီး နှစ်သိမ့်ပေးတယ် ….”

“ သူပြောတာ ဒီနေရာက မလုံခြုံဘူးတဲ့ … ဆိုးသွမ်းတဲ့ လူတစ်ချို့က ညအချိန်မတော်ရင် ဖြတ်သွားဖြတ်လာ လုပ်နေကြတဲ့ ….”

“ ကျွန်မကို အိမ်ပြန်လိုက်ပို့ပေးမယ်လုပ်တော့ ကျွန်မလည်း အခြေအနေကို ရှင်းပြလိုက်တယ် … အဲ့နောက်မှာ ဦးလေးကြီးက ကယ်ဆယ်ရေး သမားတွေ ရောက်လာတဲ့အထိ လမ်းဘေးမှာ ကျွန်မနဲ့အတူ စောင့်ဆိုင်းပေးခဲ့တယ် …”

“ နောက်ပိုင်း အိမ်ပြန်ရောက်တော့မှပဲ ဦးလေးကြီးရဲ့ နာမည်နဲ့ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်ကို တောင်းဖို့ မေ့နေခဲ့မှန်း သတိရလိုက်တယ် …”

“ ကျွန်မလည်း တကယ့် ငတုံးပဲ ….”

လင်းမြောင်မြောင်က စိတ်အနှောင့်အယှက် ဖြစ်စွာနှင့် သူ့ခေါင်းသူ အသာ ထုနှက်လိုက်၏။

သက်လတ်ပိုင်း ဒရိုင်ဘာ ဦးလေးကြီးသာ ထွက်ပေါ်မလာခဲ့ဘူးဆိုလျှင် လင်းမြောင်မြောင်၏ ကံကြမ္မာကတော့ မတွေးဝံ့လောက်အောင်ကို ရှိသည်။

သူမ၏ ဘဝသည်လည်း ပျက်စီးသွားလိမ့်မှာ ဖြစ်၏။

အိမ်ပြန်ရောက်တော့ လင်းမြောင်မြောင် တွေးမိလေလေ၊ သူမစိတ်ထဲ ပို၍ အရှက်ရမိလာလေလေပင်။

သက်လတ်ပိုင်း ဦးလေးကြီးက သူ့အသက် အန္တရာယ်ကိုပင် မမှုဘဲ လူမိုက်သုံးယောက်နှင့် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပေးခဲ့၏။

ထို့ပြင် သူမနှင့်အတူ လမ်းဘေး၌ တစ်နာရီကျော်ကြာအောင် အတူ စောင့်ဆိုင်းပေးခဲ့သည်။ သို့ပေမယ့်လည်း သူမဘက်ကတော့ မည်သို့သော ကျေးဇူးတင်မှုကိုမျှ မပြသခဲ့ပေ။

သူမ အင်မတန် မှားယွင်းခဲ့မိ၏။

“ ဒေါက်တာချန် …” လင်းမြောင်မြောင်က တောင်းပန်တိုလျှိုးသည့် လေသံဖြင့် “ အဲ့ဒီ ဦးလေးကြီးကို ရှာပေးဖို့ ကူညီပေးပါလားဟင် ….”

“ သူက ညဘက်မှာတောင် တက္ကစီမောင်းနေတယ်ဆိုတော့ သူ့ မိသားစု အခြေအနေက အကောင်းကြီး မဟုတ်တာ သိသာတယ် … “

“ လူမိုက်တွေကို မောင်းထုတ်ပေးပြီး ကျွန်မနဲ့အတူ တစ်နာရီလောက် ထိုင်စောင့်ပေးခဲ့တာဆိုတော့ အဲ့နေ့ သူ့ တက္ကစီခလည်း ဘယ်လောက်မှ ရလိုက်မှာ မဟုတ်လောက်ဘူး ….”

“ ကျွန်မ မိဘတွေနဲ့ တိုင်ပင်ပြီး ဦးလေးကြီးကို ကျေးဇူးဆပ်တဲ့အနေနဲ့ ယွမ်တစ်သိန်းပေးဖို့ စီစဉ်ထားတယ် … ကျွန်မ သူ့ကို ကိုယ်တိုင်ကိုယ်ကျ သွားပေးချင်တယ် ….”

“ မင်းမိသားစုက ကျေးဇူးတရားကို ပြန်ဆပ်ရကောင်းမှန်း သိတာ ကောင်းတယ် … ဒါပေမယ့် သူကတော့ ပိုက်ဆံကို လက်ခံမှာ မဟုတ်ဘူး ….” ချန်ယွီ့ တုံ့ပြန် ဖြေဆိုပေးလိုက်သည်။

လင်းမြောင်မြောင် သက်ပြင်းချလိုက်၏။

သက်လတ်ပိုင်း ဒရိုင်ဘာ ဦးလေးကြီးက အသက်အန္တရာယ်ကိုပင် မကြောက်မရွံ့ ၊ မျက်စိရှေ့ရှိ မတရားမှုကို ရှေ့ထွက်ရင်ဆိုင်ပေးခဲ့သည်။ တစ်ချက်ကြည့်လိုက်သည်နှင့် ထိုကဲ့သို့သော လူစားမျိုးက ကျေးဇူးတင်ခံလိုသော စိတ်ဖြင့် လုပ်ပေးခြင်း မဟုတ်ကြောင်း မြင်သာလေသည်။

ထိုကဲ့သို့သော လူစားမျိုးများက ငွေကို မက်မောတန်ဖိုးထားလေ့ မရှိကြပေ။

သို့ပေမယ့်လည်း ….. ၎င်းတို့က ငွေကို မက်မောတန်ဖိုးထားခြင်း မရှိဆိုတိုင်း ၊ ငွေကို လိုအပ်နေခြင်း မရှိဟု မဆိုလိုပေ။

“ ဒေါက်တာချန် … အဲ့ဒီ ဦးလေးကြီးက ဘယ်တက္ကစီ ကုမ္ပဏီမှာ အလုပ်လုပ်တာလဲဟင် … သူ့နာမည်က ဘယ်သူလဲ …”

“ ကျွန်မ ဒီည အလုပ်ဆင်းပြီးတာနဲ့ ချက်ချင်း သူနဲ့ သွားတွေ့မယ် …”

ဤစကားကြားတော့ ကျိုးခဲ့ရှင်းသည် လင်းမြောင်မြောင်က အလုပ်လုပ်နေဆဲ ဖြစ်ကြောင်းကို သတိပြုမိလိုက်သည်။

သူမက နေ့လည်စာ အားလပ်ချိန်ကို အခွင့်ကောင်းယူပြီး ချန်ယွီ့ထံသို့ ရောက်လာခဲ့ခြင်းပင်။

ချန်ယွီ့က လင်းမြောင်မြောင်၏ နဖူးသို့ တစ်ချက် ကြည့်ပြီး “ မင်း အလုပ်ဆင်းပြီး သူ့ကို သွားတွေ့မယ်ဆိုရင်တော့ … ငါ စိုးရိမ်မိတာ မင်း သူနဲ့ မတွေ့နိုင်တော့မှာကိုပဲ …”

“ နောက်တစ်ကြိမ် မင်းသူနဲ့ တွေ့ရမယ့် အချိန်က လအနည်းငယ် ကြာပြီးမှပဲ ဖြစ်လိမ့်မယ် …”

“ ဟင် … ဘာလို့လဲ ….”

“ သူ တစ်နေရာရာကို ထွက်သွားလို့များလား ….” လင်းမြောင်မြောင် မေးမြန်းလိုက်ပြီး ဘာတွေ ဖြစ်နေလဲဆိုတာကို နားလည်သဘောပေါက်ချင်နေသည်။

“ မဟုတ်ဘူးဆိုရင် ကြန့်ကြာစရာ ကိစ္စတစ်ခုခု ရှိနေတာကြောင့် ကျွန်မနဲ့ တွေ့ဖို့ အချိန်မရှိတာများလား ….”

“ ကိစ္စ တစ်ခုခုကြောင့် ကြန့်ကြာနေတာလို့ ပြောရင် ပိုမှန်လိမ့်မယ် ….”

ချန်ယွီ့ ဖြည်းညင်းစွာ ပြောပြလိုက်ပြီး “ သိပ်မကြာခင် အချိန်မှာပဲ သက်လတ်ပိုင်း ဒရိုင်ဘာဦးလေးကြီးက တစ်ဖက်သားကို ပြင်းထန်တဲ့ ထိခိုက်အနာတရ ဖြစ်ပေါ်စေတဲ့အတွက် ရဲတွေ ဖမ်းဆီးတာကို ခံရတော့မယ် ….”

“ လအနည်းငယ်ကြာပြီးတဲ့နောက် တရားရုံးမှာ တရားခံတစ်ယောက် ဖြစ်လာလိမ့်မယ် ….”

“ အမှုရဲ့ သဘောဘဘာဝကြောင့် တရားရုံးကလည်း ဒီအမှုအကြောင်း လူတွေကို ပေးသိလိမ့်မယ် ….”

“ သူတို့က TV ဌာန တစ်ခုကို ဖိတ်ခေါ်ပြီး ကြားနာမှုကို တိုက်ရိုက်လွှင့်လိမ့်မယ် ….”

“ မင်း သူနဲ့ နောက်တစ်ကြိမ် တွေ့တဲ့အခါကျရင် … မဟုတ်လည်း မင်း နောက်တစ်ကြိမ် သူ့ကို ပြန်မြင်ရမယ့် အချိန်က ကြားနာမှု တိုက်ရိုက်ထုတ်လွှင့်ပွဲမှာပဲ ….”

လင်းမြောင်မြောင်၏ စိတ်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားခဲ့သည်။

“ သူ အပြစ်ပေးခံရမယ် ဟုတ်လား …”

ကြင်နာတတ်တဲ့ ဦးလေးကြီးက သူများကို ထိခိုက်နာကျင်စေခဲ့တယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ …

သူမတို့ နောက်တစ်ကြိမ် ပြန်တွေ့တဲ့အခါကျရင် သူမရဲ့ ဟီးရိုးက အကျဉ်းသား တစ်ယောက် ဖြစ်နေတော့မယ် …

ကိစ္စဖြစ်ပွားပြီးသည်မှာ နှစ်ရက်မျှပင် ရှိသေးသဖြင့် လင်းမြောင်မြောင်သည် ထိုစဉ်အချိန်အခါက မြင်ကွင်းကို ကွက်ကွက်ကွင်းကွင်း မှတ်မိနေသေးသည်။

သက်လတ်ပိုင်း ဒရိုင်ဘာ ဦးလေးကြီးက လူမိုက်သုံးယောက်လုံးကို အံ့ဩလေးစားဖို့ကောင်းသည့် နည်းလမ်းဖြင့် မောင်းထုတ်ခဲ့ပြီး သူ၏ အပေါ်ကုတ်ကိုလည်း သူမထံ ငှားရမ်းပေးခဲ့သေးသည်။

သူက သမီးကို ကာကွယ်ပေးနေသည့် ဖခင် တစ်ဦးနှယ် လင်းမြောင်မြောင်ကို ညဘက် အပြင်ထွက်သည့် အချိန်၌ ပိုပြီး ဝတ်စားဖို့လည်း ပြောခဲ့သေးသည်။

သူမက အသားဖော်သည့် အဝတ်အစားများ ဝတ်ဆင်ထားနေခြင်းကြောင့် မဟုတ်ဘဲ အအေးမိမှာကို စိုးရိမ်သောကြောင့်ပင်။

ရာသီဥတုက တစ်နေ့ထက်တစ်နေ့ အေးစိမ့်လာနေပြီး အလှအပထက် ကျန်းမာရေးဘက်ကို ပိုပြီး ဦးစားပေးသင့်၏။

သူက လင်းမြောင်မြောင် ကြောက်လန့်စိတ်များ ပြောလျော့စေဖို့အတွက် ရယ်စရာကောင်းသည့် အတွေ့အကြုံများကိုလည်း ပြောပြပေးခဲ့သေးသည်။

ကယ်ဆယ်ရေးယာဉ်ကို အတူစောင့်ဆိုင်းပေးနေစဉ်မှာလည်း သက်လတ်ပိုင်း ဒရိုင်ဘာဦးလေးကြီးက သူ့စည်းသူ့ကမ်းနှင့်သူ ရှိ၏။

သူတို့နှစ်ဦးကြားတွင် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ခြင်းတို့လည်း မရှိခဲ့ချေ။

လင်းမြောင်မြောင်နှင့် အကွာအဝေးတစ်ခုခြားပြီး နေလေသည်။

“ အင်း ……. ပြီးတော့ သူ အထဲမှာ အကြာကြီး နေရလိမ့်မယ် ….”

ချန်ယွီ့က လက်ညှိုးတစ်ချောင်း ဆန့်တန်းလိုက်ပြီး “ ကိစ္စက နားလည်ပေးနိုင်လို့ရပေမယ့် သူ့နည်းလမ်းတွေကတေ့ ပြင်းထန်လွန်းတယ် ….”

“ အဆုံးမှာ တရားရုံးကနေပြီး သူ့ကို ထောင် ဆယ်နှစ် ကျခံစေမယ် …”

“ သူဘယ်သူ့ကို ထိခိုက်စေခဲ့မိလို့လဲ ဒေါက်တာချန် … ဘာကြောင့်မို့ အဲ့လောက်ထိ နှစ်အရှည်ကြီး ထောင်ကျရမှာလဲ ….”

လင်းမြောင်မြောင် မနေနိုင်ဘဲ မေးမြန်းလိုက်မိ၏။

“ သူ့ကြောင့်နဲ့ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက်က ပြင်းပြင်းထန်ထန် ထိခိုက်သွားလိမ့်မယ် …” ချန်ယွီ့ ပြောလိုက်ပြီး “ အမျိုးသားနှစ်ယောက်ကတော့ သူ ရိုက်နှက်တာကို ခံရပြီး ဒုက္ခိတ ဖြစ်သွားလိမ့်မယ် …”

“ ရက်စက်လိုက်တာ ….”

ကျိုးခဲ့ရှင်း ရင်ဘက်တစ်ခုလုံး တုန်ယင်သွားခဲ့၏။

သက်လတ်ပိုင်း ဦးလေးကြီးက ဘာတွေများ ဖြစ်ခဲ့လို့လဲ …

သူဘာကြောင့်များ အဲ့လောက်တောင် ရက်စက်ရတာလဲ …

လင်းမြောင်မြောင် ပြောပြသည့်အတိုင်းဆိုရင် အဲ့ဒီ သက်လတ်ပိုင်း ဦးလေးကြီးက ကြင်နာတတ်တဲ့လူစားမျိုး ဖြစ်ရမှာ မဟုတ်ဘူးလား …

အဲ့လို ကြင်နာတတ်တဲ့ လူတစ်ယောက်က ဒီလိုအလုပ်မျိုး ဘာကြောင့် လုပ်ရမှာလဲ …

All Chapters