← Chapters

အခန်း (၂၇၄)

Vol. 28 Ch. 274

အခန်း (၂၇၄)

Vol. 28 Ch. 274

စိုးရိမ်သောက ရောက်နေသည့် လင်းမြောင်မြောင်ကို ကြည့်ရင်း ချန်ယွီ့ ပြောလိုက်၏။

“ ယုန်က အကြောက်လွန်‌နေတဲ့အချိန် ပြန်ကိုက်တတ်တယ် … လူကောင်းတစ်ယောက်ကလည်း ချောင်ပိတ်ရိုက်ခံရတဲ့ အချိန်ကျရင် သူတို့လည်း ရက်စက်တဲ့လူတွေ ဖြစ်လာတတ်ကြတာပါပဲ ….”

ဤအဖြေကို ကြားတော့ လင်းမြောင်မြောင်သည် ခေတ္တခန့် စဉ်းစားမိသွားခဲ့ပြီး နှုတ်က လွှတ်ခနဲ မေးလိုက်မိ၏။

“ ရှင်ဆိုလိုချင်တဲ့သဘောက ဒရိုင်ဘာ ဦးလေးကြီး အဲ့ဒီ နှစ်ယောက်ကို ရိုက်လိုက်တာက အတင်းအကြပ် ချောင်ပိတ်ခံလိုက်ရလို့ပေါ့နော်….”

လင်းမြောင်မြောင်၏ မေးခွန်းကို ချန်ယွီ့ မဖြေဆိုခဲ့ပေ။ ထိုအစား စားပွဲပေါ်ရှိ ဖုန်းကို ကောက်ကိုင်ပြီး အချိန်ကို တစ်ချက် ကြည့်လိုက်၏။

“ တစ်ချို့ အရာတွေက အပြောသပ်သပ်နဲ့တော့ နားလည်နိုင်မှာ မဟုတ်ဘူး ….”

“ ငါမင်းကို တစ်နေရာ ခေါ်သွားပေးမယ် ….”

ထိုသို့ ပြောပြီးနောက် ချန်ယွီ့ ဖုန်းနှင့်အတူ ထိုင်ခုံကနေ မတ်တပ်ရပ်လိုက်ပြီး လင်းမြောင်မြောင်ကို သူ့နောက်သို့ လိုက်ခဲ့ဖို့ အချက်ပြလိုက်၏။

တစ်ချိန်တည်းမှာပဲ သူက ကျိုးခဲ့ရှင်းကိုပါ လိုက်ခဲ့ဖို့ လက်ဟန်ပြလိုက်သည်။

“ ကျွန်မရောလား …..”

“ ကျွန်မပါ လိုက်ခဲ့ရင် ဆေးခန်းကို ဘယ်သူက ကြည့်ပေးမှာလဲ ….” ကျိုးခဲ့ရှင်း မေးလိုက်၏။

“ ဒီညနေပိုင်း ဘယ်သူမှ လာမယ်လို့ ငါမထင်ဘူး ….” ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်ပြီး “ မင်းက ငါ့ဆေးခန်းရဲ့ နာ့စ်တင် မကဘူး ၊ ဗွီဒီယို ရိုက်ကူးသမားဆိုလည်း ဟုတ်နေတာကို မမေ့လိုက်နဲ့လေ ….”

ကျိုးခဲ့ရှင်း သဘောပေါက်သွားခဲ့၏။

ချန်ယွီ့က လိုက်စထွင်း တစ်ခုကို ထုတ်လွှင့်ချင်နေဟန်ပင်။

သို့ပေမယ့် ချန်ယွီ့က လင်းမြောင်မြောင်ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားမလဲဆိုတာကိုတော့ သူမ နားလည်နိုင် ဖြစ်နေခဲ့၏။

ချန်ယွီ့၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားတော့ ကျိုးခဲ့ရှင်းက သူမ၏ အိတ်ကို ဖွင့်ပြီး လိုက်စထွင်းထုတ်လွှင့်လို့ အဆင်ပြေမည့် ပစ္စည်း ကိရိယာများအား ထုတ်ယူလိုက်သည်။

ပြီးသည့်နောက် ချန်ယွီ့နှင့်အတူ စိတ်ကျန်းမာရေး ဆေးခန်းထဲက ထွက်လာခဲ့လိုက်၏။

စိတ်ကျန်းမာရေး ဆေးခန်းက လမ်းနှင့် မီတာ ၂၀၀ ခန့်အကွာ မြစ်လမ်းအဆုံးနားတွင် တည်ရှိသည်။

လူသူစည်ကားနေသည့် လမ်းရှေ့ဘက် စာမျက်နှာနှင့် မတူညီပါဘဲ လမ်းအနောက်ဘက်ခြမ်းက အတော်လေး တိတ်ဆိတ်လှ၏။

လမ်း၏ ရှေ့ဘက်ခြမ်းက တိုးရစ်ဧရိယာဖြစ်ပြီး ခရီးသွားဧည့်သည်တို့က မပြတ် ဝင်ထွက်သွားလာနေကြ၏။

လမ်း၏ အနောက်ဘက်ခြမ်းက ဒေသခံ နေထိုင်သူများ၏ နေရာဖြစ်ပြီး လမ်းများကလည်း ကျဉ်းမြောင်းကာ လမ်းဘေးဆိုင်များနှင့် ပြည့်ကြပ်နေသည်။

ပုံမှန်ဆိုပါက တက္ကစီဖြစ်စေ၊ ကိုယ်ပိုင်ကား ဖြစ်စေ၊ ဒါမှမဟုတ် ခရီးသွားဧည့်သည် ဘက်စ်ကား ဖြစ်စေ၊ ဤနေရာကို ဖြတ်သန်းသွားလာနိုင်မှာ မဟုတ်ချေ။

ကျဉ်းမြောင်းသည့် လမ်းများထဲ လမ်းလျှောက်ရမည့် အစား လူများ ရှုပ်ယှက်ခတ်နေသည့် ရှေ့ဘက်ခြမ်းကိုသာ ရွေးချယ်မိကြလိမ့်မည်။ အကြောင်းအရင်းကိုတော့ ဒေသခံများ အားလုံး သိကြ၏။

“ ဟင် .. ဒရိုင်ဘာဦးလေးကြီး ….”

လမ်းနောက်ဘက်ခြမ်းသို့ လျှောက်လှမ်းလာရင်း လင်းမြောင်မြောင်သည် မလှမ်းမကမ်း တစ်နေရာတွင် ထိုးရပ်ထားသည့် တက္ကစီကားတစ်စင်းကို မြင်တွေ့လိုက်ရသည်။

မျက်ခုံးထူထူ၊ မျက်လုံးကြီးကြီးနှင့် သက်လတ်ပိုင်း အမျိုးသား တစ်ဦးက တက္ကစီနံဘေးတွင် မတ်တပ်ရပ်နေသည်။

အသက်ကြီးကြီး မိန်းမကြီး တစ်ဦးကတော့ တက္ကစီရှေ့တွင် ထိုင်နေလျက် ရှိ၏။

အဘွားကြီးမှာ သူမ၏ ခြေထောက်ကို ဆက်တိုက် ထုနှက်ပြီး တစ်စုံတစ်ရာ မှားယွင်းခံထားရဟန်ပင်။

သက်လတ်ပိုင်း အမျိုးသား၏ မျက်နှာမှာတော့ နီရဲနေပြီး သူ့ဘေးတွင်လည်း လူအုပ်ကြီး တစ်အုပ်က ဝိုင်းရံထားလျက် ရှိ၏။

“ ဒေါက်တာချန် … ဒါ ဘာတွေ ဖြစ်နေတာလဲ ….”

လင်းမြောင်မြောင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

“ မြင်သာနေတာပဲ မဟုတ်ဘူးလား ….” ကျိုးခဲ့ရှင်းက ဦးစွာ ပြောလာခဲ့၏။

“ ရှေ့မှာ ကားအက်စီးဒင့် ဖြစ်ထားတယ် … လူကို လိမ်နေတာ ….”

“ တကယ်လို့ သက်လတ်ပိုင်း ဦးလေးကသာ တကယ်ပဲ နင်ပြောတဲ့အတိုင်းဆိုလို့ကတော့ ဒီကားအက်စီးဒင့်ကတော့ အတော်လေး ပြဿနာ များပြီပဲ ….”

သက်လတ်ပိုင်း အမျိုးသား၏ မျက်နှာက နီစွေးနေသည်။ အပြစ်ရှိစိတ်ကြောင့်တော့ မဟုတ်ဘဲ ဒေါသထွက်နေသည့်နှင့် ပိုပြီး ဆင်တူနေခဲ့၏။ သိသာစွာဖြင့် ဤကားအက်စီးဒင့်က လိမ်လည်မှု တစ်ခု ဖြစ်ဖို့များသည်။

“ ဟင် … အဘွားကြီးက အသက်ဒီလောက်ကြီးနေပြီကို လူတွေကို လိုက်လိမ်နေတုန်းလား ….”

ကျိုးခဲ့ရှင်း၏ စကားကို နားထောင်ပြီးနောက် လင်းမြောင်မြောင်မှာ မယုံကြည်နိုင်စရာကောင်းလွန်းသည်ဟု ခံစားသွားခဲ့ရသည်။

အဘွားကြီးက အသက် ၇၀ နီးပါးခန့် ရှိနေလေပြီ။

ထိုကဲ့သို့သော အသက်အရွယ်မျိုးတွင် တစ်ခုခု ဖြစ်သွားခဲ့မည်ဆိုပါက သူမ၏ အသက်ကိုပင် ဆုံးရှုံးသွားလိမ့်မည်။

“ အသက်ကြီးလာတာနဲ့ပဲ မကောင်းတာတွေ မလုပ်နိုင်တော့ဘူးလို့ နင်က ထင်နေတာလား …” ကျိုးခဲ့ရှင်း မျက်လုံးလှိမ့်လိုက်ပြီး “ ကားရှေ့မှာ ထိုင်ပြီး ငိုပြနေတဲ့ အဘွားကြီးကို သေချာကြည့်လိုက်… တက်ကြွနေလိုက်တာများ ငါတို့ လူငယ်တွေထက်တောင် သာနေသေး …..”

“ ပုံမှန်ဆို အဘွားကြီး တစ်ယောက် လမ်းမပေါ် လဲပြီး ငိုနေတာနဲ့ လူနာတင်ကားက ချက်ချင်း ရောက်လာရမှာ ….”

“ အခုကြည့်လိုက် … အနီးနားမှာ ဘာ လူနာတင်ကားမှလည်း မရှိဘူး …. ဘာတွေ ဖြစ်နေလဲဆိုတာ အသိသာကြီးပဲ မဟုတ်လား ….”

“ ဖြတ်သွားဖြတ်လာ လူတွေက အဘွားကြီး လိမ်ဖို့ တမင်လုပ်နေမှန်းသိလို့ လူနာတင်ယာဉ် မခေါ်ပေးကြတာ ….”

“ အဲ့တာ အမှန်ပဲလား ….”

တက္ကသိုလ်မှ ဘွဲ့ရတာ မကြာသေးသည့် လင်းမြောင်မြောင်သည် လူမှုရေး ကိစ္စရပ်များနှင့် ပတ်သက်လာလျှင် အတွေ့အကြုံ အင်မတန် နည်းနေသေးသည်။

အက်စီးဒင့် လိမ်လည်မှုများ အကြောင်း မကြာခဏ ကြားဖူးသော်လည်းပဲ လူ့အဖွဲ့အစည်းကြီးက ဤမျှ ကောက်ကျစ်ယုတ်မာလိမ့်မည်လို့တော့ တွေးထင်မထားခဲ့ပါချေ။

ဘ၀ နေဝင်ချိန် နီးနေတဲ့ လူကြီးတစ်ယောက်က အိမ်မှာ အေးဆေး သက်သက်သာသာ မနေဘဲ ဘာလို့ အဲ့လိုမျိုး အောက်တန်းကျတဲ့ အလုပ်‌တွေ လိုက်လုပ်နေရတာလဲတဲ့ …

ယင်းက သူမ၏ လောကအမြင်များကို တစ်ဖန် ဆန်းသစ်သွားစေခဲ့သည်။

“ မဖြစ်သေးဘူး … ငါ တစ်ချက် သွားကြည့်မှရမယ် …..”

အက်စီးဒင့် လိမ်လည်သူများက အင်မတန် ရက်စက်ပြီး အညှာအတာ ကင်းမဲ့ကြ၏။ တစ်စုံတစ်ယောက်ကို ပစ်မှတ်ထားပြီးသည်နှင့် သားကောင်ဖြစ်ခံရသူသည် ကျိန်းသေပေါက်ကို ငွေအများအပြား ဆုံးရှုံးရလိမ့်မည်။

သက်လတ်ပိုင်း ဒရိုင်ဘာ၏ အဝတ်အစားများမှာ ဖန်တစ်ရာထေနေအောင် လျှော်ဖွပ်ထားမှုကြောင့် အရောင်များပင် ကွယ်ပျောက်နေပြီး ဖြစ်လေသည်။

ငွေကြေးချမ်းသာသည့် အမျိုးသား တစ်ဦး မဟုတ်သည်မှာ သိသာလှ၏။

အကယ်၍ အဘွားကြီးကသာ သူ့အား အနုနည်းနဲ့ ခြိမ်းခြောက်လာခဲ့မည်ဆိုပါက သက်လတ်ပိုင်း ဦးလေးကြီး၏ မိသားစုအပေါ် ပြင်းထန်သည့် အကျိုးသက်ရောက်မှုတို့ ရှိလာပေလိမ့်မည်။

“ နေဦး … ခဏလေး စောင့်ဦး ….”

ကျိုးခဲ့ရှင်း လိုက်သွားတော့မည့် အချိန်မှာပဲ ချန်ယွီ့က ဟန့်တားလိုက်၏။

“ မင်း လိုက်စထွင်း မလွှင့်ဖြစ်တာလည်း ကြာပြီဆိုတော့ ….” ချန်ယွီ့ ပြောလိုက်ပြီး “ ပရိသတ်‌ တော်တော်များများလည်း ဆုံးရှုံးလောက်ရောပေါ့ ဟုတ်တယ်ဟုတ် ….”

ကျိုးခဲ့ရှင်း မျက်နှာစူပုတ်သွားပြီး ခေါင်းညိတ်ပြလိုက်၏။

“ ငါဒီနေ့ မင်းကို ပရိသတ်တိုးလာအောင် ကူညီပေးမယ် … ဒီခု လိုက်စထွင်းကို မင်းရဲ့ ချာနယ်ကပဲ လွှင့်လိုက် … ကင်မရာကိုတော့ အရှေ့ဘက်ခြမ်းကို ဦးတည်ထား ….”

“ အိုကေ …..”

ကျိုးခဲ့ရှင်းမှာ စိတ်အားတက်ကြွစွာနှင့် လိုက်စထွင်းလွှင့်ရန် စတင် ပြင်ဆင်တော့သည်။

ချန်ယွီ့က လိုက်စထွင်းလွှင့်ချင်နေသဖြင့် ရှေ့ဆက်လာမည့် ရှိုးက စိတ်ဝင်စားဖို့ကောင်းမည်မှာ ကျိန်းသေသည်။

ဤလိုက်စထွင်း ထုတ်လွှင့်မှုကတစ်ဆင့် ၊ သူမသည်လည်း ပရိသတ်အများအပြားကို ဆွဲဆောင်ပြီး ဖြစ်လိမ့်မည်။

လိုက်စထွင်းလွှင့်သည်နှင့် ပလတ်ဖောင်းက လူတိုင်းထံသို့ အသိပေးစာ ပို့ပေးသည့် ချန်ယွီ့လိုက်စထွင်းအခန်းနှင့် မတူညီပါဘဲ အချိန်အတော်ကြာအောင် လိုက်စထွင်း မလွှင့်ဖြစ်သည့် ကျိုးခဲ့ရှင်း၏ အခန်းလေးမှာ စတင်သည်နှင့် ကြည့်ရှုသူ သုံးလေးယောက်မျှသာ တက်လာသည်။

“ ငါတော့ မမလေးကျိုးကို လွမ်းလွန်းလို့ ထင်ယောင်ထင်မှားတွေ ဖြစ်နေပြီထင်တယ် ….”

“ ပျောက်ကြီး ပြန်ပေါ်လာတာလားဟ …..”

“ မမလေးကျိုး … မင်းရဲ့ အလုပ်အကိုင်ကို နာ့စ်ဘက် ပြောင်းပြီး စထွင်မာ ဆက်မလုပ်တော့ဘူးဆို …..”

“ မင်းက ငါတို့ ပရိသတ်အဟောင်းတွေကို တကယ်လည်း ဂရုမစိုက်ဘူး … လူတိုင်းက မင်း နာ့စ် ယူနီဖောင်းနဲ့ လိုက်လွှင့်ပေးဖို့ မဲပေးနေကြတာကို ဘာလို့ အခုထိ အဲ့ဒီ သောက်ကျိုးနည်း အားကစားဝတ်စုံချည်း ဝတ်ထားရတာလဲ …..”

“ အာ … ရှေ့မှာ လူတွေအများကြီးပဲ ဘာဖြစ်နေတာလဲတဲ့ ….”

“ မမလေးကျိုး …. မင်း အလုပ်အကိုင် ပြောင်းပြီး အောက်ဒေါစထွင်မာ လုပ်တော့မလို့လား …..”

ကျိုးခဲ့ရှင်း၏ လိုက်စထွင်း အခန်းထဲတွင် ဦးဆုံး ရောက်လာကြသူများက ပရိသတ်အဟောင်းများ ဖြစ်၏။ သူတို့အားလုံးက သိက္ခာစောင့်ထိန်းခြင်း မရှိဘဲ ကျိုးခဲ့ရှင်းကို သူမ၏ ပျက်ကွက်မှုအတွက် အပြစ်တင်နေခဲ့ကြသည်။

“ နင်တို့တွေကတော့ ငါ့ကို ဘယ်လို အနိုင်ကျင့်ကြမလဲဆိုတာပဲ သိကြတယ် …” ကျိုးခဲ့ရှင်းက စိတ်ဆိုးချင်ယောင် ဆောင်လိုက်ပြီး “ ဒေါက်တာချန် လိုက်စထွင်းလွှင့်တဲ့အချိန် နင်တို့ကောင်တွေ အဲ့လို စကားမျိုး ပြောရဲလား ဟမ် ….”

ပြီးသည့်နောက် ကျိုးခဲ့ရှင်းက သူမ၏ ဖုန်းကို ရွေ့လျားလိုက်သည်။

ကင်မရာက သူမ၏ ဘေးတွင် မတ်တပ်ရပ်နေသည့် ချန်ယွီ့ထံသို့ ရောက်ရှိသွားခဲ့၏။

ချက်ချင်းဆိုသလို လိုက်စထွင်းခန်းတစ်ခုလုံး ပေါက်ကွဲထွက်လာသည်။

ကျိုးခဲ့ရှင်း ယနေ့ လိုက်စထွင်း လွှင့်လာသည်မှာ မထူးဆန်းတော့ချေ။ သူမက ချန်ယွီ့နှင့်အတူ ရှိနေတာ ဖြစ်၏။

လိုက်စထွင်း စတင်ပြီး မိနစ်အနည်းငယ်ကြာသည်အထိ ကျိုးခဲ့ရှင်း၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲ လူ ရာဂဏန်းခန့်မျှသာ ရှိသော်ငြားလည်း ကင်မရာ ချန်ယွီ့ထံသို့ ရောက်ရှိသွားသည်နှင့် သူမ၏ ရေပန်းစားမှုက ချက်ချင်း ထိုးတက်လာခဲ့တော့သည်။

ကျိုးခဲ့ရှင်း၏ အမာခံ ပရိသတ်အဟောင်းများကို မန်းရှင်းခေါ်ရုံသာမက ၊ မိမိတို့၏ နီးစပ်ရာ သူငယ်ချင်းများကိုလည်း လိုက်စထွင်းသို့‌ ဖိတ်ခေါ်လိုက်ကြသည်။

လူအများအပြားက ချန်ယွီ့၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ သွားပြီး ကြေညာပေးမှုများပင် ပြုလုပ်နေခဲ့ကြသေး၏။

တိုက်ရိုက်ထုတ်လွှင့်ခန်း၏ ရေပန်းစားမှုမှာ ရာဂဏန်း အနည်းငယ်မှတစ်ဆင့် ခဏအတွင်း သိန်းနှင့်ချီသည့် ကြည့်ရှုသူတို့ ရောက်ရှိလာသည်။

“ ဒေါက်တာချန်ကတော့ တကယ့်ကို ပေါ်ပြူလာ ဖြစ်တာပဲ …. သူ့ကိုယ်ပိုင် တိုက်ရိုက်ထုတ်လွှင့်ခန်း မဟုတ်တာတောင် ကြည့်ရှုသူတွေ ဒီလောက်အများကြီးကို ဆွဲဆောင်နိုင်နေတယ် …”

ကျိုးခဲ့ရှင်း သူမကိုယ်သူမ ရေရွတ်ပြောဆိုရင်း ခါးသက်စွာ ပြုံးလိုက်မိသည်။

သူမ၏ အထွတ်အထိပ် အချိန်ကာလတုန်းကပင် ရေပန်းစားမှုက ရှစ်သိန်းမကျော်ခဲ့ပေ။ ယခုတွင်မူကား အချိန်တိုလေးအတွင်းမှာပဲ ကြည့်ရှုသူ အရေအတွက်က နှစ်သန်းသို့ ရောက်ရှိနေသည်။ ထို့ပြင် ဆက်တိုက်လည်း တိုးမြင့်နေဆဲဖြစ်၏။

ချန်ယွီ့က သူမ၏ ဧည့်သည်တော်အဖြစ် သရုပ်ဆောင်ပေးမှုနှင့် ယနေ့ လိုက်စထွင်းပြီးနောက်တွင် သူမအတွက် ပရိတ်သတ်အများအပြား မရလာဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။

“ ဒေါက်တာချန် … မိန်းကလေးလင်းက ဘာလို့ ငိုနေတာလဲတဲ့ …..”

ကျိုးခဲ့ရှင်းက ကြည့်ရှုသူများကို နှုတ်ဆက်ပြီးနောက် ရှေ့ရှိ အခြေအနေအား စူးစမ်းအကဲခတ်လိုက်သည်။

ယခုလေးတင် ရှေ့သို့ လျှောက်လှမ်းသွားသည့် လင်းမြောင်မြောင်က ရှိုက်ကြီးတငင်ငင် ငိုကြွေးလို့နေသည်။

“ သွားကြည့်ကြတာပေါ့ ….” ချန်ယွီ့ အမူအရာကင်းမဲ့သည့် မျက်နှာထားဖြင့် ပြောလိုက်သည်။

ထိုသို့ပြောပြီးသည့်နောက် ချန်ယွီ့ ရှေ့သို့ လျှောက်လှမ်းလာခဲ့၏။

လင်းမြောင်မြောင်တို့နှင့် သုံးလေးမီတာခန့်အကွာတွင် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ….

လမ်းပေါ်တွင် ထိုင်၍ လူကို ကျိန်ဆဲနေသည့် အဘွားကြီးအား အေးစက်စွာ စိုက်ကြည့်လိုက်သည်။

All Chapters