← Chapters

သူတို့လိုချင်နေတဲ့ ဧရာမ လျော်ကြေးငွေ

Vol. 28 Ch. 277

သူတို့လိုချင်နေတဲ့ ဧရာမ လျော်ကြေးငွေ

Vol. 28 Ch. 277

လူတိုင်း ချက်ချင်းပဲ နောက်ဆုတ်သွားခဲ့ကြသည်။

ညီကို နှစ်ယောက်၏ ခန္ဓာကိုယ်ထက်ရှိ အနံ့က အဘွားကြီး၏ ခန္ဓာကိုယ်ထက်ရှိ နံစော်သည့် အနံ့ထက်ပင် စူးရှပျစ်နှစ်နေသည်။

သူမသားနှစ်ယောက်က မြေဩဇာကားနှင့် ဖြန်းပက်ခြင်းခံလိုက်ရတာကို မြင်တော့ အဘွားကြီး၏ မျက်လုံးတို့ ပြူးကျယ်သွားခဲ့သည်။

ကနေဦးမှ ယခုထိတိုင် သူမ၏ သားနှစ်ယောက်က ကံဆိုးပြီးရင်း ဆိုးနေခဲ့သည်။

ဧကန္တ … ဒါက မကောင်းတဲ့ အရာတွေ လုပ်တာများလွန်းလို့ ၀ဋ်လည်တာများလား …

ဤအကြောင်း တွေးမိသွားတော့ အဘွားကြီးမှာ ကောင်းကင်ထက်သို့ အပြစ်ရှိစိတ်နှင့် မော့ကြည့်လိုက်မိ၏။

သူမတို့ သားအမိသုံးယောက်က လိမ်လည်သည့် လုပ်ငန်းတွင် ဆယ်နှစ်ကျော် ကျင်လည်လာခဲ့ပြီး အကြိမ်တိုင်းလည်း အပြစ်ပေးမှုက လွတ်မြောက်နိုင်ခဲ့သည်။

ရဲများ ရောက်ရှိလာခဲ့လျှင်ပင် ချွေးသိပ်ဖို့ အကောင်းဆုံး ကြိုးစားကြပြီး ကြီးသည့်ကိစ္စကို ငယ်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြသည်။

အကယ်၍ လူတို့ ပြောပြောနေကြသည့် ၀ဋ်ဆိုသည့် အရာသည်သာ ရှိခဲ့မည်ဆိုလျှင် အစောကြီးကတည်းက ရောက်လာသင့်သည် မဟုတ်လော။

အဘယ်ကြောင့် ဤနေ့မှ ရုတ်တရက် ပေါ်ပေါက်လာခဲ့ရသနည်း။

လိုက်စထွင်း အခန်းထဲတွင်တော့ အော်ဟစ်အားပေးသံများဖြင့် ပြည့်နှက်လို့နေသည်။

ကြည့်ရှုသူများကတော့ မည်သည့် ၀ဋ်လိုက်မှုမျှ မရှိပါဘဲ ဤအရာများအားလုံးက ချန်ယွီ့၏ လုပ်ရပ်များသာ ဖြစ်ကြောင်း နားလည်နေကြသည်။

ချန်ယွီ့ ကြောင့်သာ မဟုတ်ဘူးဆိုပါက ဒင်းတို့သုံးယောက်မှာ ဆက်ပြီး မော်ကြွားမောက်မာနေကြလောက်၏။

“ ဒေါက်တာချန် … 66666 သောက်ရမ်း လန်းတယ်ဗျာ …..”

“ မမလေးကျိုးက တကယ်ကို တော်တဲ့ ကင်မရာသမားပဲ…. ကင်မရာရှုထောင့်ကို အဲ့နှစ်ယောက်အပေါ်မှာပဲ တစ်ချိန်လုံး အာရုံစိုက်ထားတာ အစကနေ အဆုံးထိ တစ်ခုတစ်လေလေးတောင် မလွတ်သွားသေးဘူး …..”

“ ရှေ့ဆက်ဘာဆက်ဖြစ်ဦးမယ်လို့ ထင်လဲ … မင်းတို့ကောင်တွေ မှန်းကြည့်ကြည့် ….”

“ ငါ့လာမေးလို့ကတော့ ငါကတော့ ကောင်းကင်ကနေ မိုးကြိုးကြီး သုံးစင်း ကျလာပြီး သူတို့ သုံးယောက်လုံးကို ပစ်သွားရင် အကောင်းဆုံးလို့ ထင်တာပဲ ….”

“ သဘောတူတယ် … သားအမိ သုံးယောက်လုံး တစ်စုတစ်စည်းတည်း ဖြစ်တာပေါ့ ….”

အဘွားကြီး၏ သားနှစ်ယောက်သည်လည်း ဤသည်က ကံကံ၏ အကျိုးဆက် ဖြစ်လိမ့်မည်ဟု ခံစားနေမိကြသည်။

သူတို့တွေ ငှက်ပျောသီးခွံပေါ် တက်နင်းမိပြီး ချော်လဲကာ မျက်နှာယောင်ကိုင်းသွားခဲ့သည်။ အသစ်စက်စက် ဝယ်ထားတာ မကြာသေးသည့် ဆိုင်ကယ်လေးကလည်း အရေးပေါ် ကယ်ဆယ်ရေးယာဉ် ဖြတ်တိုက်သွားတာကို ခံလိုက်ရသေး၏။

သူတို့နှစ်ယောက် မတုံ့ပြန်နိုင်သေးခင်မှာပဲ မြို့တော်၏ မြေဩဇာကားက သူတို့နှစ်ယောက်ကို မစင်များဖြင့် ဖြန်းပက်ပေးသွားခဲ့လေသည်။

ဤအရာများအားလုံးက တိုက်ဆိုင်မှု သပ်သပ် ဆိုတာကို ညီကိုနှစ်ယောက်လုံး မည်သို့မျှ မယုံကြည်ပေးနိုင်ကြချေ။

“ အမေ … ဒီကို ခဏလောက် …..”

ဤသည်ကို ကြားတော့ အဘွားကြီးက သူ့သားနှစ်ယောက်ထံ ခပ်သွက်သွက် ပြေးသွားခဲ့သည်။

“ ကားတိုက်ခံရလို့ ထိခိုက်ထားတယ် မဟုတ်ဘူးလား … ပြေးတာ ဘာလို့ ဒီလောက်တောင် မြန်နေရတာလဲတဲ့ ….”

“ အောင်မယ်လေးလေ … ဒီလို ခန္ဓာကိုယ်မျိုးနဲ့ဆို ဘက်စ်ကားပေါ်မှာ ငါ့ကို ထိုင်ခုံနေရာ ဖယ်ပေးသင့်တယ် ….”

“ ဆိုတော့ ဒါတွေအကုန်လုံးက အလိမ်အညာတွေချည်းပေါ့ …. သရုပ်ဆောင် တော်တော်ကောင်းတာပဲ …..”

“ အော်စကာဆုတောင် ပေးသင့်တယ် …..”

အမှန်တရားကို မသိကြသည့် ဘေးမှကြည့်ရှုသူများမှာ ဤအချင်းအရာကိုမြင်တော့ သူတို့အားလုံး အံ့အားသင့်သွားခဲ့ကြသည်။

အဘွားကြီးက ငှက်မွှေးလေးတစ်ချောင်းနှယ် ပေါ့ပါးနေပြီး နွေဦး မာရသွန်ပြိုင်ပွဲ၌ ဝင်ပြိုင်လျှင်ပင် ရလဒ်ကောင်းများ ရနိုင်လောက်၏။

အဘွားကြီး၏ သားနှစ်ယောက်အပေါ် ပူပန်စိတ်က သူမ၏ ရည်ရွယ်ချက်များကို ပြေးလွှားခြင်းဖြင့် ဖော်ထုတ်မိလိုက်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။

“ သားတို့ ….” အဘွားကြီးသည် ညီကိုနှစ်ယောက်ထံက ထွက်နေသည့် အနံ့ဆိုးများကြောင့် ခပ်လှမ်းလှမ်းနေရင်း “ ဒါကြီးက ထူးဆန်းလွန်းတယ် ….”

“ ထူးဆန်းရုံတင် မကဘူး … ကြောက်ဖို့တောင် ကောင်းလာနေပြီ … မြန်မြန် သွားကြစို့ … အခုချိန် မထွက်သွားရင် နောက်ပိုင်းကျ ပိုပြီး ပြဿနာ တက်လာနိုင်တယ် ….”

သုံးဦးသားလုံး ချက်ချင်း သဘောတူလိုက်ကြသည်။ သူတို့တွေ ဤနေရာ၌ ကြာကြာနေဖို့ မသင့်ချေ။

“ သူတို့တွေက မကောင်းတဲ့ ကိစ္စတွေ အများကြီး လုပ်ထားတယ် ….” ကျိုးခဲ့ရှင်းက မခံမရပ်နိုင် ဖြစ်စွာ ပြောလိုက်ပြီး “ သင်ခန်းစာ သေးသေးလေး ပေးရုံနဲ့တော့ လုံလောက်မှာ မဟုတ်ဘူး ….”

“ အချိန်တစ်ခု လိုအပ်တယ်လေ ….” ချန်ယွီ့ လက်ပိုက်ထားရင်း အေးစက်စွာ ပြုံးလျက် ဆိုလိုက်သည်။

“ တစ် … ၊ နှစ် …. ၊ သုံး …. ၊ လေး ….”

ချန်ယွီ့ အမှတ်စဉ် ရေတွက်နေသံကို ကြားတော့ ကြည့်ရှုသူများက ရှုပ်ထွေးသွားခဲ့ကြ၏။

သူတို့တွေက ချန်ယွီ့ လူလိမ်သုံးယောက်ကို ပြင်းပြင်းထန်ထန် သင်ခန်းစာပေးပြီး ထောင်ချလိုက်ဖို့ အားကိုးနေကြတာလေ …

ဘာလို့ ရုတ်တရက်ကြီး အမှတ်စဉ် ရေတွက်နေတာလဲတဲ့ …

ချန်ယွီ့၏ ရေတွက်မှုက တစ်ဆယ်ကို ရောက်သွားသည့်အချိန်၌ အနက်ရောင် ဘန်ထလေတစ်စင်းက အနီးအနားတွင် ထွက်ပေါ်လာသည်။

သားအမိသုံးယောက်လုံး ရော်ဘာ ဘောလုံးများကဲ့သို့ လွှင့်ထွက်သွားခဲ့ကြသည်။

အမျိုးသားနှစ်ယောက်က လမ်းမပေါ်သို့ လဲကျသွားခဲ့ကြပြီး သွေးများ အန်ထုတ်လိုက်ကြကာ မလှုပ်ရှားနိုင်တော့ပေ။

အဘွားကြီးမှာတော့ သားနှစ်ယောက်အပေါ်သို့ လဲကျသွားခဲ့ပြီး လွင့်ထွက်သွားခဲ့သော်လည်း သွေးတော့မအန်ပေ။

သို့တိုင် လျှပ်စစ်ဓာတ်လိုက်နေသကဲ့သို့ တစ်ကိုယ်လုံး တွန့်လိမ်ကာ အကြောဆွဲနေလျက် ရှိ၏။

“ ဝှက်တယ်ဖက်ခ် ဒါကြီးက …. သောက်ရမ်း … အားရဖို့ ကောင်းလွန်းတယ် ….”

အပြုံးတစ်ခုက ကျိုးခဲ့ရှင်း၏ မျက်နှာထက်တွင် ထွက်ပေါ်လာခဲ့၏။

၎င်းတို့ သုံးယောက်က လူများကို လိမ်လည်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြသူများပင်။ မရေမတွက်နိုင်သည့် ဒရိုင်ဘာများကို ငွေညှစ်ခဲ့ကြ၏။

နောက်ဆုံးတော့ သူတို့ ကားအကောင်းစား တစ်စင်းရှေ့တွင် လဲကျသွားခဲ့ကြလေသည်။

သို့ပေမယ့် ဟန်ဆောင်မှုတော့ မဟုတ်။ အမှန်တကယ် ကားတိုက်ခံလိုက်ရခြင်းပင်။

“ ကျေးဇူးတင်ပါတယ် ဒေါက်တာချန် … ကျေးဇူးအများကြီး တင်ပါတယ် …."

လင်းမြောင်မြောင်က သက်လတ်ပိုင်း ဒရိုင်ဘာကို ချန်ယွီ့ထံသို့ ခေါ်လာခဲ့ပေးပြီး စိတ်ရင်းလေးနက်မှု အပြည့်ဖြင့် ဦးညွှတ်လိုက်သည်။

“ ဒေါက်တာချန် …” သက်လတ်ပိုင်း အမျိုးသားက ထူးဆန်းသည့် မျက်နှာအမူအရာဖြင့် “ ငါ လုံးဝ သည်းမခံနိုင်တော့တဲ့ အခါကျရင် တကယ်ပဲ သူတို့တွေကို ပြင်းပြင်းထန်ထန် ဒဏ်ရာရတဲ့အထိ ရိုက်နှက်လိုက်မိမှာလား ….”

ချန်ယွီ့နှင့် ကျိုးခဲ့ရှင်းတို့ စကားပြောဆိုနေစဉ် လင်းမြောင်မြောင်က သက်လတ်ပိုင်း အမျိုးသားကို သူမ ချန်ယွီ့နှင့် တွေ့ဆုံရခြင်း အကြောင်းကို ပြောပြခဲ့သည်။

အကယ်၍ ဤလူလိမ်များက သက်လတ်ပိုင်း အမျိုးသားနှင့် ထပ်ခါတလဲလဲ ငြင်းခုန်နေကြမည်ဆိုလျှင် သူ သွေးရူးသွေးတမ်း ဖြစ်သွားပြီး ၎င်းတို့ကို အပြင်းအထန် ဒဏ်ရာရသွားအောင် ပြုလုပ်မိဖို့ အင်မတန် ဖြစ်နိုင်ချေများသည်။

“ တစ်ချို့အရာတွေကတော့ ဖြစ်လိမ့်မယ် … တစ်ချို့အရာတွေကတော့ ဖြစ်လိမ့်မှာမဟုတ်ဘူး ….” ချန်ယွီ့ အေးအေးလူလူ ပြောလိုက်ပြီး “ အဓိကကတော့ ခင်များရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ဘယ်လို ချိန်ညှိလဲဆိုတဲ့အပေါ် မူတည်နေတယ် …”

“ စိတ်ပညာ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ခင်များက သူတစ်ပါးကို ကူညီပေးရင်း ကောင်းမှုတွေလုပ်ရတာကို နှစ်သက်တဲ့ လူစားမျိုးပဲ … ပြီးတော့ တစ်ဖက်ဆီကနေ ဘယ်လို အကျိုးစီးပွားမျိုးကိုမှ မျှော်ကိုးနေတဲ့ လူစားမျိုးလည်း မဟုတ်ဘူး ….”

“ ဒါပေမယ့်လည်း တစ်ခြားတစ်ဖက်မှာ ခင်များရဲ့ စိတ်က ရံဖန်ရံခါ ဒေါသဖြစ်လွယ်တယ် … ပြီးတော့ ခင်များက မှားယွင်းစွပ်စွဲခံရတာမျိုးကို သည်းမခံနိုင်ဘူး ….”

“ အရင်တစ်ကြိမ်တုန်းက မိန်းကလေးလင်းကို ကူညီပေးရင်း လူမိုက်တွေကို ခြိမ်းခြောက်ဖို့ သုံးခဲ့တဲ့ ဂွရှင်က အခု ခင်များကားထဲမှာ ရှိနေလောက်သေးတယ် ဟုတ်တယ်မလား ….”

“ ငါ နားလည်ပြီ ….”

သက်လတ်ပိုင်း အမျိုးသား၏ သွင်ပြင်မှာ နားလည်သဘောပေါက်သွားဟန်ရသည်။

အကယ်၍ ထိုလူလိမ်သုံးယောက်ကသာ သူ့ကို အလွှတ်မပေးဘဲ ဆက်တိုက်ကျိန်ဆဲပြီး ခြိမ်းခြောက်နေမည်ဆိုပါက သက်လတ်ပိုင်း အမျိုးသားသည် သွေးရူးသွေးတန်းဖြစ်ပြီး မည်သည့်အရာကိုမျှ မမြင်နိုင်တော့ဘဲ စိတ်လိုက်မာန်ပါ ပြုလုပ်မိသွားနိုင်သည်။

ကားနောက်ဖုံးထဲကနေ အဆိုပါ ဂွရှင်ကြီးကို ထုတ်လာခဲ့ပြီး ၎င်းတို့ကို သင်ခန်းစာ ကောင်းကောင်းကြီး ပေးမိလောက်၏။

သားအမိသုံးယောက်လုံး အမှန်တကယ် ကားအက်စီးဒင့် ဖြစ်သွားတာကို မြင်တော့ လူအုပ်ကြီး၏ အာရုံသည်လည်း ချက်ချင်း ထိုနေရာသို့ ဆွဲဆောင်ခံလိုက်ရသည်။

စောနက အခင်းနေရာကို ဂရုမစိုက်အားတော့ဘဲ အခင်း ဖြစ်ပွားရာ နေရာအသစ်သို့ အပြေးအလွှား သွားခဲ့ကြသည်။

လမ်းကြားလေးထဲရှိ လူပင်လယ်ကြီးမှာ ချက်ချင်းဆိုသလို လူသူကင်းမဲ့သည့် သဲကန္တာရနှယ် ခြောက်ကပ်သွားခဲ့တော့၏။

လင်းမြောင်မြောင်က သွေးအိုင်ထဲတွင် လဲလျောင်းနေသည့် သားအမိ သုံးယောက်ကို ကြည့်ရင်း မနေနိုင်ဘဲ မေးမြန်းမိသွားခဲ့သည်။ “ ဒေါက်တာချန် … သူတို့ သေသွားတော့မှာလားဟင် ….”

“ သူတို့ သေမှာ မဟုတ်ဘူး … မသေမယ့်အပြင်ကို လျော်ကြေးငွေတွေ အများကြီး ရလိမ့်ဦးမယ် ….”

“ ဒါပေမယ့် ဒီငွေတွေက သူတို့ တက်မယ့် ဆေးရုံရဲ့ အကောင့်ထဲမှာပဲ နေလိမ့်မယ် … သူတို့ အိတ်ထောင်ထဲတော့ တစ်ပြားတစ်ချပ်မှ ကျလာမှာ မဟုတ်ဘူး ….”

ဒရိုင်ဘာက ကားကို အင်မတန် လျင်မြန်စွာ မောင်းနှင်ခဲ့သည်က ကားထဲတွင် သူ့သူဌေး ရှိနေသောကြောင့်ပင်။

သူဌေးဖြစ်သူက အင်မတန် အရေးကြီးသည့် စီးပွားရေး ညှိနှိုင်းမှု တစ်ခု ပြုလုပ်ဖို့ရာအတွက် အလျင်လိုနေသည်။

အက်စီးဒင့် ဖြစ်ပြီးနောက်တွင် သူဌေးက မိသားစုကို လျော်ကြေးငွေ အများအပြား ပေးအပ်ခဲ့သည်။

သားအမိသုံးယောက်က ဤနှစ်များ တစ်လျှောက်လုံး တစ်ပါးသူကို လိမ်လည်ခြင်း၊ လှည့်စားခြင်း၊ ငွေညှစ်ခြင်းတို့ ပြုလုပ်နေသဖြင့် ၎င်းတို့၏ ဆွေမျိုးများကလည်း သူတို့ သားအမိ သုံးယောက်လုံးကို အဆက်အသွယ် ဖြတ်လိုက်သည်မှာ ကြာပြီ ဖြစ်၏။

အဘွားကြီး၏ ခင်ပွန်းသည်ပင် လွန်ခဲ့သော နှစ်အနည်းငယ်ခန့် ဒေါသအထွက်လွန်ပြီး သေဆုံးသွားခဲ့သည်။

ယခု သူတို့ သားအမိ သုံးယောက်တည်းသာ ကျန်ရစ်တော့၏။ မလှုပ်မရှားနိုင်တော့သည့် အခြေအနေသို့ အရောက်တွင် မည်သူကမျှ ပေးအပ်လာသည့် လျော်ကြေးငွေကို ပျော်ရွှင်ခံစားနိုင်ကြမှာ မဟုတ်ပေ။

ထို့ပြင် လျော်ကြေးကလည်း ဆေးရုံ၏ အကောင့်ထဲသို့ လွှဲပြောင်းခံလိုက်ရ၏။

သူတို့ သုံးဦးက အဆင့်အမြင့်ဆုံး ဆေးဝါး ဝန်ဆောင်မှုများကို ခံစားနိုင်သော်လည်းပဲ ထိုကဲ့သို့သော ဂရုစိုက်ပေးမှုက သူတို့အဖို့တော့ နှိပ်စက်ညှင်းပန်းမှုပင်။

ထိုသုံးယောက် သေမှာမဟုတ်ဘူးဆိုတာကို သိလိုက်ရတော့ လင်းမြောင်မြောင်လည်း စိတ်သက်သာရစွာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး သူမ၏ အိတ်ထောင်ထဲက ဘဏ်ကတ်ကို ထုတ်ပေးလိုက်၏။

“ ဦးလေး … ဒါက ကျွန်မ မိသားစုဆီက လက်ဆောင် သေးသေးလေးပါ … ရှင် လက်ခံရမယ်နော်….”

“ တခြားတော့ မရှိပါဘူး .. ဒီတိုင်း ရှင့်ကို ကျေးဇူးတင်ချင်ရုံပါပဲ ….”

“ ဒီ ငွေနဲ့ဆိုရင် ဦးလေးရဲ့ ကလေးကလည်း ပညာကောင်းကောင်းသင်နိုင်မယ် … မိသားစုရဲ့ စားဝတ်နေရေး အခြေအနေကလည်း နောက်တစ်ဆင့်ကို တိုးတက်သွားနိုင်မယ် ….”

“ လက်ခံပေးနော် ဦးလေး …..”

“ မိန်းကလေး ….” သက်လတ်ပိုင်း အမျိုးသားက ထူးဆန်းသည့် အမူအရာဖြင့် “ ငါ ငွေလိုအပ်နေတာတော့ မဟုတ်ဘူး … ဒါပေမယ့် မင်းရဲ့ ကျေးဇူးသိတတ်မှုကိုတော့ အသိအမှတ်ပြုပါတယ် ….”

“ ဦးလေး ….”

လင်းမြောင်မြောင်သည် သူမ စဉ်းစားနိုင်သည့် နည်းလမ်းမျိုးစုံဖြင့် သက်လတ်ပိုင်း အမျိုးသားကို ငွေလက်ခံပေးဖို့ ဖျောင်းဖျနေလျက် ရှိတော့သည်။

“ မိန်းကလေးလင်း ….” ချန်ယွီ့ စကားဖြတ်ပြောလိုက်ပြီး “ ဒီရဲ့ လူကြီးမင်းက တကယ်ပဲ ငွေလိုအပ်နေတာ မဟုတ်ဘူး ….”

“ သူ အခုလို အရောင်ပြယ်အောင် လျှော်ဖွပ်ထားတဲ့ အင်္ကျီအဝတ်အစားကို ဝတ်ထားတယ်ဆိုတာက အလုပ်လုပ်တဲ့အချိန်မှာ ဝတ်ကောင်းစားလှတွေ ဝတ်ထားစရာ မလိုဘူးလို့ ထင်လို့ပဲ … သူ စီးထားတဲ့ ဖိနပ်ကလည်း အဲ့ဒီအတိုင်းပဲ ….”

“ ဟုတ်တယ် ဟုတ်တယ်… ငါ တွေးနေတာ အဲ့လိုမျိုးပဲ ….”

“ မင်းတို့ စိတ်ကျန်းမာရေး ဆရာဝန်တွေက ဒါတွေတောင် သိနေလိမ့်မယ်လို့ ငါ ထင်မထားဘူး …..” သက်လတ်ပိုင်း အမျိုးသားက အသံထွက် ပြောမိလိုက်သည်။

ဟမ် ...

လင်းမြောင်မြောင်မှာ သူမ၏ ဦးနှောက်သည် လက်ရှိ အခြေအနေကို နားလည်သဘောပေါက်နိုင်ရန်အတွက် လုံလောက်သည့် အစွမ်းအစများ မရှိဟု ခံစားလိုက်ရ၏။

All Chapters