← Chapters

ခင်များရဲ့ ဗီလာကို ဝယ်ချင်တယ်

Vol. 28 Ch. 279

ခင်များရဲ့ ဗီလာကို ဝယ်ချင်တယ်

Vol. 28 Ch. 279

“ ဒေါက်တာချန် … နေ့လည်စာ ရယ်ဒီ ဖြစ်နေပြီနော် … လက်ဆေးပြီး စားလို့ရပြီ ….”

ရက်အနည်းငယ်ကြာပြီး တစ်ခုသော နေ့လည်ခင်းတွင် ကျိုးခဲ့ရှင်းသည် လက်ထဲတွင် ယောက်မကိုင်လျက်သားနှင့် မီးဖိုချောင်ထဲက ထွက်လာခဲ့သည်။

နာ့စ်အဖြစ် အလုပ်လုပ်နေစဉ်တွင် ကျိုးခဲ့ရှင်းသည် မည်သည့်အရာကိုမျှ မသင်ယူနိုင်ခဲ့သော်လည်း သူမ၏ ဟင်းချက် စကေးတို့ကတော့ သာမန်မျက်လုံးနှင့် မြင်နိုင်သည်အထိပင် တိုးတက်လာခဲ့သည်။

“ ဟင်းတွေ ယူလာခဲ့လိုက်တော့ … ငါ ခဏနေ လက်သွားဆေးလိုက်မယ် ….”

ကွန်ပျူတာနောက်တွင် ထိုင်နေရင်း ချန်ယွီ့သည် မောက်စ်ကို ဆက်တိုက် ကလစ်နှိပ်နေသည်။

“ သူ ဟိုဒင်းဟိုဟာတွေများ ကြည့်နေတာလား ….”

ကျိုးခဲ့ရှင်း မျက်လုံးလှန်လိုက်၏။

မနက်ခင်းပိုင်းကတည်းက ချန်ယွီ့သည် ကွန်ပျူတာအရှေ့မှာပဲ တစ်ချိန်လုံး ထိုင်နေပြီး အိမ်သာပင် မသွားချေ။

မော်နီတာရှေ့မှာပဲ တစ်ချိန်လုံး နစ်မြုပ်နေသည်။

သိချင်စိတ် ပြင်းပြစွာဖြင့် ကျိုးခဲ့ရှင်းသည် ချန်ယွီ့နောက်မှ ခြေဖျားထောက်လျက် လှမ်းကြည့်လိုက်၏။

စခရင်ကို မြင်တော့ ကျိုးခဲ့ရှင်း ရှော့ခ်ရသွားခဲ့သည်။

ခေတ္တကြာပြီးနောက် ချန်ယွီ့ ညင်သာစွာ ပြုံးလျက် အညောင်းဆန့်လိုက်၏ ။

“ ဒေါက်တာချန် … ရှင် ဗီလာဝယ်မလို့လား …..”

“ အင်းလေ … ပြဿနာ ရှိလို့လား ….”

ချန်ယွီ့ ပြန်မေးလိုက်၏။

“ အဲ့က ဗီလာတွေ အကုန်လုံးက ယွမ် သန်းရာချီတန်တဲ့ အိမ်တွေချည်းနော်…. ရှင့်မှာ အဲ့လောက် ပိုက်ဆံတွေအများကြီး ရှိလို့လား …..” ကျိုးခဲ့ရှင်းက ထူးဆန်းသည့် အမူအရာဖြင့် မေးမြန်းလိုက်၏။

စခရင်တွင် ပွင့်လျက် ရှိနေသည်က အိမ်ခြံမြေ အေဂျင်စီ တစ်ခု၏ ဝက်ဘ်ဆိုဒ် ဖြစ်၏။ ၎င်းနေရာတွင် ရရှိနိုင်သည်များက စံအိမ် သို့မဟုတ် ဗီလာများ ဖြစ်၏။ ဈေးအပေါဆုံးကပင် ယွမ် သန်း ၁၀၀ လောက်ရှိသည်။

“ တင်ထားတဲ့ ဈေးက ယွမ်သန်းရာချီတယ် … ပြီးတော့ ငွေလွှဲတဲ့အခါ ငွေသားတွေအများကြီးလည်း လိုအပ်သေးတယ် ….”

ဘာမျှမဆိုဘဲ ဂုဏ်ယူဝံ့ကြွားသည့် အပြုံးတစ်ခုက ချန်ယွီ့၏ မျက်နှာထက်တွင် ပေါ်ပေါက်လာပြီး ရေချိုးခန်းသို့ တန်းမတ်စွာ ဦးတည်သွားခဲ့၏။

ယခင် နှစ်ရက်တုန်းက ချန်ယွီ့သည် စိတ်ဝိဉာဏ်ပစ္စည်းများ ပြုလုပ်ရန်အတွက် သင့်လျော်သည့် အမယ်တစ်သုတ်ကို ဝယ်ယူခဲ့သေးသည်။

သူ ဝယ်လိုက်သည့်အချိန်တိုင်း ဆေးခန်း ဒုတိယထပ်တွင် စိတ်ဝိဉာဏ်ပစ္စည်းတို့က ပိုပိုပြီး များပြားလာသည်။

နောင်တွင် သူ ဆက်ပြီး အဆင့်ချိုးဖျက်နေမည်ဆိုပါက ပစ္စည်းများသည်လည်း တစထက်တစ ပိုမိုများပြားလာပြီး လက်ရှိနေရာတွင် နေရာလွတ်များများစားစား ကျန်ရစ်တော့မှာ မဟုတ်ချေ။

သေချာ စဉ်းစားပြီးနောက် ချန်ယွီ့ အိမ်ကြီးကြီး တစ်လုံး ဝယ်ယူဖို့ အကြံရလာသည်။ သူ့ကိုယ်သူ ဖုံးကွယ်ရန်အတွက် အစီအရင်တစ်ခုကို အသုံးပြုနိုင်သော်လည်း အချိန်တိုင်း အစီအရင်ခင်းကျင်းနေရသည်ကတော့ အနည်းနှင့်အများ ကရိကထ များလှသည်။

မည်သို့ပင်ဆိုစေ သူ၏ စိတ်ကျန်းမာရေးဆေးခန်းက ဆေးဆိုင်တစ်ခုဆိုလည်း ဟုတ်သည်။ ဤနေရာတွင် တစ်ချိန်လုံး နေထိုင်ဖို့က အဆင်မပြေလှပေ။

သူ အိမ်တစ်လုံး ဝယ်ယူတော့မည့်အချိန်မှာပဲ အခွင့်အရေးတစ်ခုက သူ့အရှေ့တွင် ရောက်ရှိလာသည်။

အဆိုပါ အခွင့်အရေးက သူ့ကို ငွေပမာဏ အများအပြား သက်သာစေမှာ ဖြစ်ပြီး ရတနာမြေတစ်ခုကိုပင် လက်ဝယ်ပိုင်ဆိုင်နိုင်ပေမည်။

နေ့လည်စာ စားပြီးနောက် ချန်ယွီ့ ဆေးခန်းထဲက ထွက်လာခဲ့ပြိး ဖုန်းထုတ်၍ နံပါတ်တစ်ခုကို နှိပ်လိုက်သည်။

ဆယ်စက္ကန့်ခန့် ကြာပြီးသည့်နောက် ဖုန်းက ဝင်သွားခဲ့ပြီး တစ်ဖက်မှ စိတ်မရှည်သည့် အသံက ထွက်ပေါ်လာသည်။

“ ဘယ်ကောင်တုန်းကွ ဖုန်းခေါ်လာတာ ….”

“ ဥက္ကဌဝန် …. ကျုပ်တို့ချင်း မတွေ့ဖြစ်တာတောင် အတော်ကြာပြီနော်… ခင်များရဲ့ စရိုက်ကလည်း ဆိုးပြီးရင်း ဆိုးလာနေတော့တာပဲ … သိပ်အရမ်းကြီး ဒေါသမများရအောင် ဂရုလေး ဘာလေးစိုက်ဦး….”

“ မင်း … မင်း ချန်ယွီ့ …..”

နောက်တစ်စက္ကန့်၌ ဖုန်းတစ်ဖက်ခြမ်းရှိ စိတ်မရှည်ဖြစ်နေသည့် အသံမှာ ကြောက်ရွံ့သည့်လေသံသို့ ကူးပြောင်းသွားခဲ့တော့သည်။

အဆောက်အဦး ရုံးခန်းထဲ၌။

ဝန်ရှင်းဟွေ့၏ နောက်ကျောတစ်ခုလုံး ချွေးအေးများဖြင့် ရွှဲနစ်နေလျက်ရှိသည်။

ယခုလို အရေးကြီးသည့် အချိန်အခိုက်အတန့်မျိုး၌ ချန်ယွီ့ သူ့ထံသို့ ဖုန်းခေါ်လာလိမ့်မည်ဟု ဝန်ရှင်းဟွေ့ လုံးဝလုံးဝ ထင်မှတ်မထားခဲ့ပါချေ။

ဧကန္တ သူနဲ့ မာစတာလျိုတို့ စီစဉ်နေတာကို ရိပ်မိသွားတာကြောင့်များလား … ဒါမှမဟုတ် မာစတာလျိုကပဲ သူ့ကို ရောင်းစားသွားတာများလား …

အခြားသူများကို လူကဲခတ်တာ တော်သည့် ဝန်ရှင်းဟွေ့သည် ဒုတိယတစ်ခုက ပို၍ ဖြစ်နိုင်ချေများသည်ဟု ခံစားလိုက်ရသည်။ သူ အလိုရှိသည့် အရာကို အောင်မြင်နိုင်ဖို့အတွက် မာစတာလျိုနှင့် ပူးပေါင်းကြံစည်ခဲ့သည်။ သူတို့နှစ်ဦးလုံးကလည်း တစ်ဖက်လူက မည်သို့သော လူစားမျိုး ဖြစ်ကြောင်း ကောင်းစွာ သိရှိကြ၏။

ထို့ကြောင့်လည်း မာစတာလျိုမှာ ဝန်ရှင်းဟွေ့ကို ဖုန်းရွှေ ရတနာလှိုဏ်ဂူ ရှာဖွေပေးနေသည်ဟူသော အကြောင်းပြချက်ဖြင့် မြို့ပြင်မှာပဲ နေထိုင်လျက်ရှိသည်။

“ ဥက္ကဌဝန် … ခင်များ ဘာတွေ အဲ့လောက်ထိ စိတ်လှုပ်ရှားနေရတာ … ခင်များ အခုတစ်လော မကောင်းတဲ့ ကိစ္စတွေ အများကြီး လုပ်ထားတာတော့ မဟုတ်ဘူးမလား ….”

ချန်ယွီ့ လှောင်ပြောင်ထေ့ငေါ့ပြီး မေးလိုက်သည်။

“ စကားပုံတောင် ရှိသေးတာပဲမလား … ကိုယ်က ဘာမဟုတ်တာမှ မလုပ်ထားဘူးဆိုရင် ညသန်းခေါင် တစ္ဆေတံခါးလာခေါက်တောင် ကြောက်စရာမလိုဘူးလေ …. ကြည့်ရတာ အခုတစ်လော ခင်များရဲ့ တံခါးကို လာခေါက်တဲ့ တစ္ဆေတွေ အများကြီး ရှိနေတယ်နဲ့တူတယ် … ဟုတ်လား ….”

“ ငါက သူရဲဘောကြောင်တဲ့ လူစားမျိုးပါ ဒေါက်တာချန်ရာ … မင်းငါ့ကို ဖြဲမခြောက်စမ်းပါနဲ့ … ငါ့နှလုံးသားက သိပ်ခံနိုင်ရည်ရှိတာ မဟုတ်ဘူး …..”

ဝန်ရှင်းဟွေ့သည် နဖူးထက်ရှိ ချွေးများအား သုတ်ရင်း တောင်းပန်တိုလျှိုးစွာ ပြုံးလိုက်၏။

ချန်ယွီ့ သူ့အား ဘာကြောင့် ရှာနေရလဲဆိုတာ မေးမြန်းလိုက်သည်။

“ ခင်များရဲ့ မိသားစုက အခုတစ်လော အခြေအနေ သိပ်မကောင်းဘူး ကြားမိလို့ပါ …. ခင်များရဲ့ အဖိုးတန်သားလေးကလည်း သိပ်မကြာခင် ငရဲမှာ အမည်စာရင်း ပေးသွင်းရတော့မယ် … ဒါကြောင့်မို့ ကျုပ်ဘက်က အထူးတလှယ် ဝမ်းနည်းကြောင်း လာပြောမလို့ပါ ….”

ဝန်ရှင်းဟွေ့ ရှော့ခ်ရသွားခဲ့သည်။ “ ဒါတွေ အကုန်လုံးက ငါ့အမှားတွေပါ ဒေါက်တာချန်ရယ် ….” သူ အလျင်အမြန် ပြောဆိုလိုက်ပြီး “ ငါ့သားငါ ကောင်းကောင်း မသွန်သင်ခဲ့မိလို့ပါ ….”

“ သောက်သုံးမကျတဲ့ သားမိုက်က မင်းရဲ့ လိုက်စထွင်းမှာ ပြဿနာရှာရဲမယ်လို့ ထင်တောင် မထင်ထားခဲ့ဘူး ….”

“ ငါသာ ကြိုသိခဲ့ရင် အဲ့ကောင်ရဲ့ ခြေထောက်တွေ အကုန် ရိုက်ချိုးပစ်တယ် …..”

ချန်ယွီ့ လက်စားချေဖို့ သူ့ထံ ရောက်လာမှာကို စိုးရွံ့သဖြင့် ဝန်ရှင်းဟွေ့သည် သူ၏ အဖိုးတန်သားလေးကို ဆက်တိုက် ကျိန်ဆဲနေလျက် ရှိသည်။ သားအဖနှစ်ယောက်နှင့် မတူပါဘဲ ရန်သူများနှင့် ပိုတူနေသည်။

“ တစ်နာရီလောက်နေရင် ကျုပ် ရှီးရှန်းမှာရှိတဲ့ ခင်များရဲ့ ဗီလာကို ရောက်မယ် … တစ်ခြားမရှိဘူးဆိုရင် အဲ့မှာတွေ့ပြီး စကားပြောကြတာပေါ့ ….”

“ ငါ အခုချက်ချင်း လာခဲ့မယ် ….”

ဖုန်းချပြီးနောက် ဝန်ရှင်းဟွေ့သည် သူ၏ ထိုင်ခုံသို့ အားအင်ချိနဲ့စွာ နောက်လှန်လဲကျသွားခဲ့သည်။

ချန်ယွီ့က သူ ရှီးရှန်းတွင် ကိုယ်ပိုင် ဗီလာတစ်လုံးရှိကြောင်း မည်သို့ သိသွားလဲဆိုတာကို ဝန်ရှင်းဟွေ့ ဂရုမစိုက်။ ချန်ယွီ့၏ အစွမ်းအစတို့ဖြင့် ဆိုပါက လွယ်ကူလွန်းလှသည်။

ယခုအချိန်တွင်တော့ ချန်ယွီ့ အဘယ်ကြောင့် သူ့အား လှမ်းခေါ်လာရသလဲဆိုတာကိုပဲ သိချင်နေသည်။

မာစတာလျို တကယ်ပဲ သူ့ကို ရောင်းထုတ်လိုက်တာများလား ….

ဒါမှမဟုတ် ဆရာယွမ်များ ဖြစ်နေမလား …

ချန်ယွီ့နှင့် တွေ့မည်ဆိုပါက သူ့အတွက် အဆုံးသတ်လှလိမ့်မှာ မဟုတ်မှန်း ဝန်ရှင်းဟွေ့ သိသည်။ သို့သော် … အကယ်၍ သူ မသွားဘူးဆိုပါက ချန်ယွီ့သည် အနှီ ကြက်ဟင်းခါးသီးကြီးကို သူ့ပါးစပ်တည့်တည့်ထဲသို့ ကိုယ်တိုင်လာရောက် ထိုးပေးလိမ့်မည်။

အများအပြား စဉ်းစားကြည့်ပြီးနောက် ဝန်ရှင်းဟွေ့သည် မိမိကိုယ်ကို အားတင်းထားရင်း ရှီးရှန်းဗီလာသို့ ကားမောင်းထွက်လာခဲ့လိုက်၏။

ရှီးရှန်းက ဟန်ကျိုးမြို့နှင့် နှစ်ကီလိုမီတာ အကွာတွင် တည်ရှိပြီး ရှုခင်းသာ ဧရိယာ တစ်ခု ဖြစ်၏။

တောင်ခြေတွင် ဧရာမ အဆောက်အဦးကြီး တစ်ခု ရှိပြီး ယင်းက ဝန်ရှင်းဟွေ့၏ သီးသန့်ဗီလာများထဲက တစ်ခု ဖြစ်သည်။

တစ်နာရီခန့်ကြာပြီးနောက် ချန်ယွီ့က ဗီလာဝင်ပေါက်ဝတွင် ထွက်ပေါ်လာသည်။

ဝန်ရှင်းဟွေ့ ချက်ချင်းပဲ သူ၏ အိမ်အကူများကို ချန်ယွီ့အား ကြိုဆိုဖို့ စေလွှတ်လိုက်၏။ ဝေးကွာနေသည့် ဘိုးဘေးတစ်ဦးကို ကြိုဆိုသည့်နှယ် ချန်ယွီ့ကို ဧည့်ခန်းထဲသို့ ကြိုဆိုလာပြီး နေရာချပေးလိုက်သည်။

“ ဒေါက်တာချန် … မင်း ဒီ လာတာက အလိုက်ကန်းဆိုးမသိတဲ့ ငါ့သားကိစ္စကြောင့်လား ….”

“ မပူနဲ့ … တရားရုံးရဲ့ အမိန့်ကို ငါ ဝင်နှောင့်ယှက်တာတွေ ဘာတွေ လုံးဝ မလုပ်ဘူး …..”

“ ငါ့ရဲ့ ကျေးဇူးကန်းတဲ့သားက ငါ့နောက်ကွယ်မှာ ဒုစရိုက်မှုတွေ အများကြီး ကျူးလွန်ခဲ့တယ် … အခုတော့ တရားဥပဒေဆိုတဲ့ ကျော့ကွင်းမှာ မိသွားခဲ့ပြီး ဘယ်လိုဥပဒေ ……… “

“ တော် တော် ရပြီ ရပ်လိုက်တော့ ….”

“ ခင်များ မိသားစုရဲ့ အသေးအမွှားကိစ္စလေးတွေကို ကျုပ် စိတ်မဝင်စားဘူး ….” ဝန်ရှင်းဟွေ့၏ ပေါက်ကရ စကားများကို ချန်ယွီ့ ညင်သာစွာ ပြုံးလျက် ကြားဖြတ်ပြောလိုက်ပြီး “ ကျုပ် ဒီရောက်လာတာက ခင်များနဲ့ စီးပွားရေး ကိစ္စ စကားပြောချင်တာလေး ရှိလို့ပါ ….”

“ စီးပွားရေး ကိစ္စ ဟုတ်လား …..”

ဝန်ရှင်းဟွေ့ ကြက်သေသေသွားခဲ့၏။

သူနှင့် ချန်ယွီ့ကြား အာဃာတ အမုန်းတရား တစ်ခုတည်းသာ ရှိသည်။ ဘယ်နားက ဆွေးနွေးစရာ စီးပွားရေးကိစ္စ ရှိနိုင်မည်နည်း။

စိတ်ထဲတွင် ထိုသို့ တွေးတောနေမိသော်လည်း ဝန်ရှင်းဟွေ့သည် မျက်နှာထက်တွင် သူ၏ အတွေးများကို မပေါ်စေဝံ့ပေ။

“ ဒေါက်တာချန်က ရုပ်ရှင်လောကထဲ ခြေဆန့်ချင်လို့လား …. အဲ့လိုဆိုကတော့ ငါ အကောင်းဆုံး ကူညီပေးလို့ရတယ် ….”

“ မဟုတ်ဘူး … ကျုပ် ခင်များရဲ့ ဗီလာကို ဝယ်ချင်တယ် …..”

“ ကျုပ်ရဲ့ ဗီလာကို ဝယ်မယ်ဟုတ်လား ….”

ဝန်ရှင်းဟွေ့၏ မျက်လုံးတို့ ပြူးကျယ်သွားခဲ့သည်။

ဖြစ်နိုင်ချေမျိုးစုံကို သူ စဉ်းစားခဲ့ဖူးသည်။ ချန်ယွီ့ သူ့အား လာပြီး စမုံတုံးသည်ဟူသည့် ဖြစ်နိုင်ချေကိုပင် စဉ်းစားခဲ့ဖူး၏။ သို့ပေမယ့်လည်း ချန်ယွီ့က သူ့ဗီလာကို ဝယ်ဖို့ ရောက်လာလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ချေ။

“ ဒီဗီလာကို အေဂျင်စီ ဝက်ဘ်ဆိုဒ်တစ်ခုပေါ်မှာ မြင်မိလို့လေ ….” ချန်ယွီ့ တည်ငြိမ်သည့် လေသံဖြင့် “ ခင်များ ဒီဗီလာကို ရောင်းမလို့ ဟုတ်တယ်ဟုတ် ….”

“ ရောင်းမှာက ဟုတ်တယ် ဒါပေမယ့် ……”

ဝန်ရှင်းဟွေ့ မည်သို့ ပြောရကောင်းနိုးနိုး ဖြစ်နေမိသည်။

ဤဗီလာက တကယ်လည်း အရောင်းတင်ထား၏။ ကြမ်းခင်းဈေးက ယွမ် သန်း ၂၅၀ ပင်။

သူ့အဖေ၏ အရိုးစုကို ရွာသားများ မီးရှို့၍ ပြာအဖြစ် ပြောင်းလဲပြီး ချန်ယွီ့ သူ့အိမ်တံခါးကို တံခါးလာခေါက်ပြီးကတည်းက ဝန်ရှင်းဟွေ့၏ ကံကောင်းမှုများအားလုံး ဆုတ်ယုတ်သွားခဲ့သည်။

သူ့ကုမ္ပဏီ ရိုက်ကူးထားသည့် ဝက်ဝက်ကွဲ ဇာတ်ကားများအားလုံး ရုံတင်ခွင့် ရပ်ဆိုင်းခံထားရသည်။ သူ ငွေကြေးမြောက်များစွာ သုံးစွဲ၍ မြေတောင်မြှောက်ပင့်ပေးထားရသည့် မင်းသား၊ မင်းသမီးများမှာလည်း အမျိုးမျိုးသော မကောင်းသတင်း၊ အတင်းအဖျင်း ကိစ္စရပ်များတွင် ပါဝင် ပတ်သက်နေသည်။

ဤသည်ကို ဆိုးရွားလှပြီ ထင်နေသော်လည်း အစမျှသာ ရှိသေး၏။ ချန်ယွီ့က နှလုံးသား ကင်းမဲ့စွာဖြင့် သူ့ကို ငွေပမာဏ အမြောက်အများ ထုတ်သုံးပြီး ကံတရား စုပ်ယူခြင်း ခံထားရသည့် ရွာသားများကို ပြန်လည် ပေးဆပ်ခိုင်းခဲ့သည်။

သူ့ဘက်က ၎င်းတို့အတွက် စက်ရုံများ၊ ဆေးရုံများ ၊ ရိပ်သာများ ၊ မူကြိုကျောင်းများ ဆောက်လုပ်ပေးခဲ့ရသည်။

အနှီ ပရောဂျက် တစ်ခုချင်းစီတိုင်းက သောက်သောက်လဲ ငွေကုန်စေသည်။

ဒါဇင်နှင့်ချီသည့် ဆောက်လုပ်ရေးဆိုဒ်များက တစ်ပြိုင်တည်း အလုပ်စတင်ကြသဖြင့် ကုမ္ပဏီ၏ ငွေကြေးစီးဆင်းမှု ကွင်းဆက်ကြီး ပြဿနာ တက်သွားသည်မှာ မထူးဆန်းတော့ပေ။

လက်ရှိ အခက်အခဲများကို ကျော်လွှားနိုင်ဖို့အတွက် ဝန်ရှင်းဟွေ့သည် ဘဏ်တစ်ချို့ထံမှ ချေးငွေ ထုတ်ယူပြီး သူ့နာမည်အောက်ရှိ ပိုင်ဆိုင်မှုများကိုလည်း ထုတ်ရောင်းနေသည်။

ဤဗီလာက သူ ထုတ်ရောင်းနေသည့် ပစ္စည်းများထဲက တစ်ခုပင် …..

All Chapters