← Chapters

ဒီရေဂို အဲဘတ်တိုင်း

Vol. 5 Ch. 257

ဒီရေဂို အဲဘတ်တိုင်း

Vol. 5 Ch. 257

“မိုနီကာ... ခဏလောက်တော့ အားတင်းထားပါဦး။ မကြာခင် ကိုယ်တို့နည်းလမ်းရှာတွေ့မှာပါ။”

နေရောင်ကောင်းကောင်းရအောင် ပြတင်းပေါက်တွေဖွင့်ထားတဲ့ အခန်းငယ်လေးထဲမှာတော့ နက်ဆန်က အိပ်ရာထဲမှာလှဲနေတဲ့ မိုနီကာရဲ့လက်ကိုဆုပ်ကိုင်ထားတယ်။ အခုမိုနီကာက အားနည်းလွန်းပြီး နှုတ်ခမ်းတွေဖြူဖပ်နေတာ။ ဒါပေမဲ့ သူက ရေးရေးလေးပြန်ပြုံးပြတယ်။

“ရပါတယ်... ကျွန်မအတွက် ဒါလင့်နားမှာ နောက်ဆုံးအချိန်အထိ ရှိနေခွင့်ရရုံနဲ့တင် ကျေနပ်တာမလို့။ ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးပါနဲ့။”

မိုနီကာက လေသံနဲ့ပြန်ဖြေပါတယ်။ ချစ်သူနှစ်ယောက်ကို ဘေးက ကြည့်နေရတဲ့ ဒေါ်ရသီတောင့်မှ အဲဒီမြင်ကွင်းကို စိတ်မကောင်းစွာ ကြည့်နေရတယ်။ သူတို့အနေနဲ့ ဖြေရှင်းနည်းကိုမရှာနိုင်ရင် မိုနီကာက သေတော့မှာဖြစ်ပြီးတော့ အချိန်အများကြီး မကျန်တော့ဘူး။

“နက်ဆန်...” ရုတ်တရက် အခန်းတံခါးက ကျယ်လောင်စွာ ပွင့်လာပြီးနောက် ဆယ်ဗီက အခန်းအပြင်ကနေ လှမ်းပြီး ခေါင်းပြူကြည့်တယ်။ နက်ဆန်ကိုမြင်တာနဲ့ သူကပြုံးလိုက်ပြီး ပြေးသွားတယ်။ အနားရောက်တော့ လက်တစ်ဖက်ကိုဖမ်းဆွဲပြီး ပြောလိုက်ပါလေရော။

“ဒီနေ့ ရာသီဥတုကောင်းတယ်၊ မြို့ထဲလျှောက်လည်ကြမယ်လေ။”

ဆယ်ဗီက အတင်းခေါ်နေပေမဲ့ နက်ဆန်ကတော့ မိုနီကာကို စိုးရိမ်စွာနဲ့ ကြည့်နေဆဲပါ။ နက်ဆန်မျက်နှာမကောင်းမှန်း သတိထားမိတော့ ဒေါ်ရသီကလည်း ဝင်ဖျန်ဖြေပေးဖို့ ကြိုးစားတယ်။

“မမလေးဆယ်ဗီ၊ သခင်က ဒီနေ့မြို့ထဲသွားဖို့ စိတ်ပါမယ် မထင်ဘူး။”

နက်ဆန်ကလည်း ဆယ်ဗီကို ခေါင်းပုတ်ပေးလိုက်ပြီးတော့ သူ့ခံစားချက်တွေကို မထိခိုက်သွားစေဖို့ အတတ်နိုင်ဆုံး ကြင်နာစွာပြောလိုက်တယ်။

“ဆယ်ဗီ၊ ကိုဒီနေ့ အိမ်မှာလုပ်စရာရှိတယ်။ ပါစီဗယ်ကိုခေါ်ပြီး မြို့ထဲလျှောက်လည်လေ။”

ဆယ်ဗီရဲ့မျက်နှာက ရုတ်တရက်နီရဲလာတယ်။ အလိုမကျတဲ့ ကလေးတစ်​ယောက်လိုမျိုး နက်ဆန်ရဲ့ပခုံးကိုဆုပ်ကိုင်ကာ လှုပ်ခါနေပြီးတော့ မရအရဂျီကျနေတော့တာ။

“အဲဒီအရူးကောင်က ပျော်စရာမှမကောင်းတာ။ ကျွန်မက ရှင်နဲ့ ​လျှောက်သွားချင်တာလေ။”

ဟိဟိ...

နောက်ဆုံးတော့ သူတို့နှစ်ယောက်ကိုကြည့်နေတဲ့ မိုနီကာလည်း ရယ်မောလိုက်တယ်။ ပြီးနောက် နက်ဆန်ကိုင်ထားတဲ့သူ့လက်ကို ပြန်ဆွဲယူလိုက်ပြီး

“ဒါလင်... မိန်းမလှလေးတစ်ယောက်က တောင်းဆိုနေတာကို လစ်လျူမရှုသင့်ဘူးထင်တာပဲ။ ဒေါ်ရသီလည်း အနားမှာရှိနေလို့ ဒါလင် ကျွန်မနားမှာ အမြဲနေဖို့မလိုပါဘူး။”

နက်ဆန်လည်း သက်ပြင်းချလိုက်တယ်။ မိုနီကာကို စိတ်ပူတာ မှန်ပေမဲ့လို့ ဆယ်ဗီစိတ်မကောင်းဖြစ်မှာကိုလည်း သူ မလိုလားပြန်ဘူး။ သူတို့နှစ်ယောက်လုံးက သူ့အတွက် တန်းတူညီမျှအရေးပါနေတယ်။

မိနစ်ပိုင်းလောက်ကြာတော့ အခန်းငယ်လေးထဲမှာ မိုနီကာနဲ့ ဒေါ်ရသီပဲကျန်ရစ်ခဲ့တယ်။ နက်ဆန်တို့မရှိတော့တာနဲ့ မိုနီကာ စုစည်းထားသမျှ အားအင်တွေပျောက်ကွယ်သွားပြီး တစ်ကိုယ်လုံး ခိုက်ခိုက်တုန်လာတော့တာပဲ။

“မမလေး မိုနီကာ၊ ဘုရားရေ။” ဒေါ်ရသီက အပြေးအလွှားပဲ မိုနီကာ ကိုယ်ပူချိန်ကျဆင်းသွားစေဖို့အတွက် နဖူးပေါ်ကို ရေပတ်ဝတ်တင်ပေးလိုက်ရတာပေါ့။ မိုနီကာရဲ့အသက်စွမ်းအားက အားနည်းလွန်းတဲ့အတွက်ကြောင့် အဖျားဝင်လွယ်ပြီး မတည်မငြိမ် ဖြစ်နေတာကြာပြီ။

“ဒီလောက် အသည်းအသန်ဖြစ်နေတာကို ဘာလို့သခင့်ကို ပေးသွားရတာလဲ။”

“ သူရှိနေရင်လည်း ကျွန်မအတွက် ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူးလေ။ ဆယ်ဗီက ကျွန်မကိုလက်ခံထားတယ်ဆိုပေမဲ့ သူ့ကို လစ်လျူရှုထားတာမျိုးကို လက်ခံမယ်လို့မှ မဆိုလိုတာ။ သူလည်း ဒါလင်နဲ့အတူတူရှိနေဖို့ ထိုက်တန်ပါတယ်။” မောပန်းနေပြီဖြစ်တဲ့ မိုနီကာက မျက်လွှာကိုချပြီးအိပ်စက်ဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ တစ်ကိုယ်လုံးနာကျင်နေတာမလို့ အိပ်ပျော်မသွားဘဲ ညည်းညူနေရလေရဲ့။

...

ညနေပိုင်းဖြစ်တဲ့အတွက်ကြောင့် နက်ဆန်ကောင်းကောင်း အိပ်ထားပြီးပြီဖြစ်ပြီး လမ်းမပေါ်မှာလည်းလူတွေအများကြီး ရှိလို့နေပါတယ်။ ဒါပေမဲ့ နက်ဆန်ရဲ့စိတ်ထဲမှာတော့အတွေးတွေ အများကြီးဖြစ်လို့ရယ်။

ဆယ်ဗီကတော့ သူ့လက်ကိုဆွဲထားပြီး ရှေ့ကနေ ဆက်သွားနေဆဲ။ လက်ထဲမှာတော့ ဖုန်းကိုကိုင်ထားပြီးတော့ ခရီးသွားလမ်းညွန် ဝက်ဆိုက်တစ်ခုကိုဖတ်နေပါတယ်။

“နက်ဆန်... ဇာရာဂိုဇာမြို့မှာ လည်စရာအများကြီးရှိတယ်ဆိုပေမဲ့ ပထမနေ့မှာ စိန့်ပယ်လာဘက်ဆယ်လစ်ကာနဲ့ အယ်ဆာဘေဒေါ ကသီဒယ်တွေကို မဖြစ်မနေသွားလည်ရတယ်တဲ့။”

“ဆယ်ဗီ...” နက်ဆန်က တစ်နေရာမှာရပ်လိုက်ပြီး ဆယ်ဗီကို တစ်ခုခုပြောလိုက်ချင်ပေမဲ့ သူသက်ပြင်းချမိတယ်။ သူတကယ်ပဲ ဘယ်မှမသွားချင်ဘူး။ ဖြစ်နိုင်ရင် မိုနီကာနားကနေ တစ်လှမ်းမှ မခွာချင်ပါဘူး။ ဒါပေမဲ့ တောက်ပတဲ့မျက်လုံးတွေနဲ့ သူ့ကိုကြည့်နေတဲ့ တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ဆယ်ဗီကို မငြင်းနိုင်ဘူးဖြစ်နေပါတယ်။

“ငါတို့ ဒီညစောစောပြန်လို့ရမလား။”

“အရင်ဆုံး သွားကြည့်ကြတာပေါ့။” ဆယ်ဗီက နက်ဆန့်လက်ကို ဆောင့်ဆွဲပြီးတော့ ပြေးသွားလိုက်တယ်။

မကြာခင်မှာပဲ ဆယ်ဗီလည်ချင်တဲ့နေရာတစ်ခုဖြစ်တဲ့ စိန့်ပယ်လာ ဘုရားကျောင်းကိုရောက်လာခဲ့ပါတယ်။ ဘုရားကျောင်းကို တည်ဆောက်ထားတဲ့ အုတ်ချပ်တွေကို အဝါဖျော့ရောင်ဆေး သုတ်ထားတဲ့အတွက်ကြောင့် ကျောက်တိုင်ကြီးတစ်တိုင်ကို ထွင်းထုထားသလိုမျိုးခံစားရတယ်။ အတွင်းထဲက ဘုရားကျောင်းကို အပြင်ဘက်ကနေ နံရံကြီးတစ်ခုနဲ့ ကာကွယ်ထားပြီး ရဲတိုက်တစ်ခုလိုမျိုး ကင်းမျှော်စင်လေးခုက ဝန်းရံထားလို့။

“ကျွန်မတို့မြင်နေရတဲ့ အဆောက်အဦကြီးက ၁၆ရာစု လက်ရာပေမဲ့ ဒီနေရာမှာ ဘုရားကျောင်းက ၄၄ အေဒီလောက်ထဲက ရှိခဲ့တာတဲ့။ အဆင့်ဆင့်ပြင်ဆင်ရင်းနဲ့မှ လက်ရှိလက်ရာအတိုင်း ဖြစ်လာခဲ့တာ။ ပြီးတော့ မယ်တော်မာရီအတွက်ရည်စူးထားတဲ့ ပထမဆုံးဘုရားကျောင်းပဲ။”

ဆယ်ဗီက ဖုန်းထဲက မှတ်စုကိုထုတ်ဖတ်ရင်းပြောတယ်။ သူက အတတ်နိုင်ဆုံး သူတို့နှစ်ယောက်ရဲ့ခရီးစဥ်ကိုပျော်စရာဖြစ်စေဖို့ ဖျစ်ညှစ်ကြိုးစားနေပုံရပေမဲ့ ရုပ်တည်ကြီးနဲ့ရှိနေတဲ့နက်ဆန်ကြောင့် ပိုပြီးစိုးရိမ်လာသလိုပဲ။

“ပြီးတော့ ဘုရားကျောင်းနောက်ကိုထွက်လိုက်တာနဲ့ အယ်ဘရို မြစ်ကမ်းဘေးကိုရောက်ပြီ။ အဲဒီမှာတင် နှစ်ခြင်းခံကြတာတဲ့။ သွားကြည့်ကြမလား...”

“အင်း...” နက်ဆန်က သက်ပြင်းချလိုက်တယ်။

ဘုရားကျောင်းထဲမှာ သူတို့တွေသေသေချာချာလေ့လာဖြစ်ခဲ့တယ် ဆိုပေမဲ့လို့ အကြာကြီးတော့မနေဖြစ်ခဲ့ဘူး။ သူတို့လိုပဲလာလည်သူ များတဲ့အတွက်ကြောင့် ကောင်းကောင်းမနေရဘဲ အသက်ရှုကျပ်လုမတတ်ပါပဲ။ ဒါကြောင့် နာရီဝက်လောက် ကြာတဲ့အချိန်မှာ ဆယ်ဗီငြီးငွေ့လာပြီးနောက်တစ်နေရာသွားဖို့ ဆုံးဖြတ်လိုက်တယ်။

“အယ်ဆာဘေဒေါ ကို သွားရအောင်...”

ဆယ်ဆာဘေဒေါ ဘုရားကျောင်းကတော့ မြစ်ကမ်းနားနဲ့နီးပေမဲ့ ကမ်းပါးဘေးမှာမဟုတ်ပါဘူး။ အဲဒီအစားဇာရာဂိုဇာမြို့ဟောင်း ရောမဖိုရမ်တစ်နေရာမှာရှိနေတာ။ လမ်းကျဥ်းလေးတွေကြားမှာ ရှိနေတာဖြစ်ပေမဲ့လို့ တည်ဆောက်ထားတဲ့ကျောက်နံရံကြီးတွေပေါ် တိုက်ရိုက်ထွင်းထုထားတဲ့ ပန်းကနုတ်တွေက တကယ့်ကို အသက်ရှုဖို့ မေ့သွားစေနိုင်လောက်ပါတယ်။

ဘုရားကျောင်းရဲ့အမိုးခုံးကလည်း စိန့်ပယ်လာနဲ့မတူဘဲ အပြာရောင်။ ဝတ်ပြုခန်းမကလည်း တော်တော်ကျယ်ပြီး အုတ်ကြွပ်အမိုးတွေမိုးထားလို့။ မှတ်စုတွေဖတ်နေသေးတဲ့ ဆယ်ဗီက နက်ဆန်စိတ်ဝင်စားစေဖို့ ထပ်ပြောလိုက်တယ်။

“နက်ဆန်... ရှင်သိလား... ဒီနေရာက အာရာဂွန်ဘုရင်တွေ ဘိသိက်ခံတဲ့ဘုရားကျောင်းတဲ့။”

ဒါပေမဲ့နက်ဆန်ကတော့နည်းနည်းလေးမှစိတ်မဝင်စားတာ။ မှောင်လာတဲ့ကောင်းကင်ကြီးကိုကြည့်လေလေ သူ့ရင်တွေ တင်းကျပ်လာလေလေပါပဲ။

“ကိုယ်တို့ပြန်ရအောင်....” နက်ဆန်က ဆယ်ဗီရဲ့လက်ကိုဆွဲပြီး ပြန်ခေါ်သွားဖို့လုပ်ပေမဲ့ ဆယ်ဗီက တောင့်တောင့်ကြီးရပ်နေပြီး ဗိုက်ကိုလက်နဲ့ဖိနှိပ်ထားလိုက်တယ်။

“နက်ဆန်... ညစာသွားစားရအောက်လေ။”

“မော်လီ ညစာချက်ပြီးလောက်ပြီ။” နက်ဆန်က ဆယ်ဗီ စားသောက်ဆိုင်အတူထိုင်ချင်မှန်းသိပေမဲ့ ငြင်းလိုက်ပါတယ်။ ဒါကြောင့်ပဲဆယ်ဗီရဲ့မျက်နှာပေါ်က ဟန်ဆောင်ပြုံးလည်း ပျောက်ကွယ်သွားပြီးတော့ နက်ဆန်ရဲ့အင်္ကျီကော်လံကို ဖမ်းဆွဲလိုက်တယ်။

“ရှင်ဘာလို့ ဒီလောက်တောင် ခေါင်းမာနေရတာလဲ။”

ဆယ်ဗီက နက်ဆန်ရဲ့ခြေထောက်တွေ ​လမ်းမနဲ့လွတ်သွားတဲ့အထိ ဆွဲမြှောက်လိုက်တာပေါ့။ လမ်းပေါ်ကလူတွေလည်း သူတို့ကိုကြည့် အထူးတဆန်းဖြစ်နေကြပြီ။ ကောင်လေးနဲ့ကောင်မလေး ရန်ဖြစ်တာမထူးဆန်းပေမဲ့ ကောင်မလေးကကောင်လေးကို ကိုင်ပေါက်တော့မလိုလုပ်နေတာကတော့ အဆန်းကြီးမဟုတ်လား။

“ရှင်ကျွန်မကို ဘာလို့နားမလည်​ပေးနိုင်တာလဲ။ ကျွန်မအတွက် တစ်ညနေလေးတောင်မှ အချိန်မပေးနိုင်ဘူးလား။ ဘာလို့... ဘာလို့အဲဒီဟာမနားကပ်နေရမှ စိတ်ချမ်းသာမှာလဲ။”

“ဆယ်ဗီ... မိုနီကာက နေမကောင်းဘူးလေ။” နက်ဆန်ရဲ့ အတက်အကျမရှိတဲ့လေသံတွေကို ဆယ်ဗီမခံစားနိုင်တော့ဘူး။ အမြဲတမ်း ဒီဆင်ခြေတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါပေးနေတာ။ ဆယ်ဗီက နက်ဆန်ကိုမြေပြင်ပေါ်ပစ်ချထားပြီးတဲ့နောက်မှာတော့

“တော်ပြီ၊ ရှင့်ဟာရှင် အဲဒီကောင်မဆီသွားချင်သွားတော့။” ဆိုပြီး ခြေဦးတည့်ရာထွက်လာမိတော့တာပဲ။

...

ဆယ်ဗီ သတိပြန်ဝင်လာတော့ စားသောက်ဆိုင်တစ်ခုထဲမှာ ဝင်ထိုင်မိပြီးသားဖြစ်နေပြီး အစားကောင်းအသောက်ကောင်းတွေ စားနှင့်ပြီးသားဖြစ်နေပြီ။

“ကောင်စုတ်... ​အဲဒီတုန်းကတစ်ခါတည်း မျက်နှာကိုလက်သီးနဲ့ တဖောင်းဖောင်းထိုးခဲ့ရမှာ။” နက်ဆန်ရဲ့မျက်လုံးသေတွေကို သတိရမိတိုင်း ဆယ်ဗီပိုဒေါသထွက်လာပြီး သူ့ရှေ့မှာရှိတဲ့ သိုးငယ်သားကင်ကို ခက်ရင်းနဲ့ထိုးချလိုက်ရော။

“သောက်ရူး... သောက်ရူး...သောက်ရူးကောင်...”

အရည်ရွှမ်းတဲ့အထိ အပေါ်ကနေလောင်းထည့်ထားတဲ့ ဆော့စ်တွေ မျက်နှာပေါ်တက်စင်တော့တာပေါ့။ ဒါပေမဲ့ ဆယ်ဗီက ဂရုမစိုက်ဘဲ မျက်နှာကို တစ်ရှုးနဲ့သန့်ရှင်းရေးလုပ်ဖို့တောင် စိတ်မဝင်စားဘူး။ အဲဒီအစား သိုးသားတုံးကြီးတစ်တုံးလုံး ပျောက်သွားတဲ့အထိ ခက်ရင်းနဲ့ဖဲ့ပြီး စားပစ်လိုက်ရော။

“စားပွဲထိုး... မဝသေးဘူး။ ထပ်ချပေးဦး...” ဆယ်ဗီက ငါးပွဲမြောက်ပန်းကန်အလွတ်ကို စားပွဲပေါ်မှာဆင့်တင်ပြီးနောက် စားပွဲထိုးကိုလှမ်းခေါ်တယ်။ ဒါပေမဲ့စားပွဲထိုးက အော်ဒါထပ်ပြီး မကောက်သေးဘဲဆယ်ဗီကိုသတိပေးလိုက်လေရဲ့။

“စားသုံးသူရှင့်၊ ကျွန်မတို့ဆိုင်မှာ ထိုင်ခုံဘိုကင် ကြိုလုပ်မထားတဲ့သူတွေက စားပြီးရှင်းစနစ်နဲ့ဆိုရင် တစ်ယောက်ကို ဟင်းပွဲငါးပွဲအောက်ပဲ မှာလို့ရပါတယ်”

ပြောရရင်တော့ စားချင်ရင် ငွေအရင်ရှင်းဆိုတဲ့သဘော။ ဆယ်ဗီက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ပိုက်ဆံအိတ်ကိုထုတ်လိုက်ပါတယ်။ ပြီးတော့ ပျစ်ပျစ်နှစ်နှစ်နဲ့ပြောပါလေရော။

“အေးပါအေ... ငါလည်းနင်တို့ဟာတွေ အလကားမစားပါဘူး။”

ဒါပေမဲ့ ဆယ်ဗီ့လက်က ပိုက်ဆံအိတ်ထဲလက်နှိုက်မိပြီးတဲ့နောက် မျက်နှာက ရုပ်သေကြီးဖြစ်သွားတယ်။ အထဲမှာဘာဆိုဘာမှမရှိ။ တစ်ကိုယ်လုံး အေးစက်သွားသလိုဖြစ်သွားပြီး ပိုက်ဆံအိတ်ကို သွန်ချလိုက်တော့ အကြွေဒင်္ဂါးလေးတစ်ပြားပဲ ကျလာပါတယ်။

“ကတ်နဲ့လည်း ရှင်းလို့ရပါတယ်ရှင့်...” စားပွဲထိုးမိန်းကလေးက ဆယ်ဗီရဲ့သနားစရာအဖြစ်ကိုကြည့်ရင်း ပြုံးပြုံးလေးနဲ့ပဲ ငွေရှင်းစက်ကို ထုတ်ပေးလိုက်တယ်။

တီးတီ...

ကတ်နဲ့ရှင်းတော့လည်း ထူးမခြားနား။ စက်က Credit အမှတ် ကုန်သွားပါပြီပဲပြနေတယ်။ ဆယ်ဗီ့မျက်နှာက ဖြူရာကနေ ပြာလာပြီ။ ဒီနေ့က ပြတ်တုန်းလတ်တုန်း ၂၃ကြီးမှန်း အခုမှသတိရသွားရှာတာ။ ဧပြီလရဲ့တတိယအပတ်ထဲမှာလေ။ လအစောပိုင်းက စားချင်တာတွေစားထားပြီး ပိုက်ဆံမရှိတော့တာ။

“ဘုရားရေ... ငါတော့ သောက်ရှက်ကွဲပြီ။” ဆယ်ဗီငိုချင်စိတ် ပေါက်လာတယ်။ စားပွဲထိုးမလေးကတော့ လုံခြုံရေးလှမ်းခေါ်ဖို့ လုပ်နေပြီ။ ပြဿနာအကြီးအကျယ်တက်ခါနီးမှာပဲ...

“ဒီမိန်းကလေးအတွက် ကျသင့်ငွေကို ကျွန်တော်ရှင်းပေးပါ့မယ်။ သူ့အတွက် နောက်ဟင်းပွဲတစ်ပွဲမှာပေးလိုက်ပါ။ ကျုပ်အတွက်လဲ သူမှာထားတဲ့ဟင်းပဲ ချပေးပါ။”

ကြင်လည်ပြတ်သားတဲ့ လူငယ်လေးတစ်ယောက်ရဲ့အသံက ပြန့်နှံလာတယ်။ ဆယ်ဗီမော့ကြည့်လိုက်တော့ တန်ဖိုးကြီးတဲ့ အဖြူရောင်အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားတဲ့ ရွှေရောင်ဆံပင်၊ အပြာရောင်မျက်လုံးတွေနဲ့လူငယ်လေးက သူ့ဆီလျှောက်လာနေတယ်။ ထူးထူးခြားခြားပဲ သူ့ဆံပင်တချို့က ကာလာဖောက်ပြီး ဆေးဆိုးထားသလို အပြာရောင်ဖြစ်နေတယ်။ အသက်အရွယ်အရဆိုရင် နှစ်ဆယ်ကျော်ရုံပဲရှိဦးမယ့်ပုံ။

“ အချောလေး... စက်ကိုဒီဘက်ခဏ...” လူငယ်က စားပွဲထိုးမလေးကို မြှောက်ပင့်လိုက်ပြီး သူ့အိတ်ကပ်ထဲက အနက်ရောင်ဘဏ်ကတ်ကိုဆွဲထုတ် စက်မှာဖြတ်လိုက်တယ်။ ကိစ္စပြီးသွားပြီဆိုပေမဲ့ စားပွဲထိုးမလေးက ကိုလူချောကို ခိုးကြည့်ပြီးမှ သူ့နေရာသူပြန်သွားတယ်။

လူချောလေးကတော့ ဆယ်ဗီဆီကနေ ခွင့်တောင်မတောင်းဘဲ ဆယ်ဗီနဲ့မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်တာပေါ့။ဆယ်ဗီက မယုံသင်္ကောနဲ့ ကူညီတတ်တဲ့ကိုလူချောကို ကြည့်လိုက်ပြီးတော့

“ရှင်နဲ့ကျွန်မက သိတောင်မသိတဲ့ဥစ္စာကိုဘာလို့ကူညီပေးတာလဲ။I

“မင်းက ကိုယ်အကြိုက်ဆုံးဟင်းပွဲဖြစ်တဲ့ တာနက်စ်ကိုကို မြိန်မြိန်ကြီးစားနေတာမလို့လေ။”

“တာ... နက်စ်... ကို...” ဆယ်ဗီက ခေါင်းလေးစောင်းလိုက်ပြီး ပြန်စဥ်းစားတယ်။ သူစားသောက်ဆိုင်ထဲဝင်လာကာစက ဒေါသထွက်နေတာမလို့ ဟင်းကိုမီနူးကပုံကိုပဲကြည့် စားလို့ကောင်းမယ်ထင်ရာကိုလက်ထောက်မှာခဲ့တာပါ။ ဘာဟင်းမှန်း မဖတ်ကြည့်မိခဲ့ဘူး။

လူချောလေးကတော့ အာဘော်ကောင်းကောင်းနဲ့ဆက်ပြောတယ်။ “တာနက်စ်ကိုဆိုတာက မွေးပြီးရက်ကိုးဆယ်ပဲသက်တမ်းရှိသေးတဲ့ သိုးငယ်လေးရဲ့အသားကို အားလူး၊ ဟင်းခတ်အမွှေးအကြိုင် နိုင်နိုင်နဲ့ ချက်ပြုတ်ထားတာလေ။ ဒါကြောင့်လည်းနူးအိပြီးတော့ ဘယ်လောက်စားစားမဝတာပေါ့။”

သိုးငယ်တစ်ကောင်ရဲ့အသားနဲ့လုပ်ထားတယ်ဆိုတာကို သိလိုက်ရတဲ့အတွက် ဆယ်ဗီ့စိတ်ထဲက နည်းနည်းခုလုခုလု ဖြစ်သွားတယ်။ ထွက်သွားတဲ့ စားပွဲထိုးမလေးကတော့ ဟင်းပွဲတွေနဲ့အတူပြန်ရောက်လာပြီဖြစ်ပြီးတော့ နှစ်ယောက်လုံးအတွက်ချပေးပါတယ်။

ကိုလူချောကတော့ ဟင်းပွဲတွေကို သေသေသပ်သပ်ဖြစ်အောင် ကိုယ်တိုင်ပြင်ဆင်နေရာချလိုက်ပြီးနောက်မှာ သူ့ကိုယ်သူ မိတ်ဆက်လိုက်တာပေါ့။

“ကိုယ့်နာမည်က အီရေဂို အဲဘတ်တိုင်းပါ။ ဆီညှော်ရီတာ ဆယ်ဗီ။”

[Note: Señorita = စပိန်ဘာသာစကားနဲ့ မိန်းမပျိုလေး။]

All Chapters