အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
Chapter 61+62
~
အခန်း ၆၁+၆၂ : မင်းတို့နှစ်ယောက်လုံး ပျော်ပျော်ရွှင်ရွှင် နေကြရမယ်နော်.
~
"မရီးမှာ တခြား ထူးခြားတဲ့ ကျွမ်းကျင်မှုမျိုးရော ရှိသေးလား.."
မလုပ်တက်သည်များသာ ဆက်တိုက်ဖြစ်နေ၍ ကျိုးယန် စိတ်ရှုပ်ထွေးလာ၏။ လောလောဆယ်တွင် သူမနှင့် သင့်တော်မည့် အလုပ်မျိုးကို သူ စဉ်းစား၍ မရတော့ချေ။
"အင်း . . ."
လုံယွဲ့က စဉ်းစားဟန်ပြုပြီးနောက် သူမ၏ လက်ချောင်းလေးများကို တစ်ချောင်းချင်းစီ ချိုးကာ ရေတွက်ပြလိုက်သည်။
"ငါက ဂိုဏ်းပေါင်းစုံက အင်မော်တယ် ကျင့်စဥ် ထောင်ချီကို တတ်မြောက်ထားတယ်.. လက်နက်ပစ္စည်းတွေ သွန်းလုပ်တာနဲ့ ဆေးလုံးဖော်စပ်တဲ့ နေရာမှာလည်း ကျွမ်းကျင်တယ်.. ပြီးတော့ စွမ်းအင်ဝင်္ကပါတွေ အစီအရင်တွေအကြောင်းကိုလည်း အတော်လေး လေ့လာထားဖူးတယ်.. အင်မော်တယ် သားရဲတွေကို ဘယ်လို ယဉ်ပါးအောင် လုပ်ရမလဲဆိုတာလည်း သိသလို နတ်ဆိုးတွေနဲ့ မိစ္ဆာသားရဲ အမျိုးမျိုးကို နှိမ်နင်းတဲ့ နေရာမှာလည်း အထူး ကျွမ်းကျင်တယ်.. သတ်ဖြတ်ခြင်း လမ်းစဉ် အကြောင်းကိုလည်း အနည်းငယ် သိထားတာ ရှိသေးတယ်..ဒါတွေကကော အလုပ်အတွက် အကျုံးဝင်လား.."
ကျိုးယန် .. " . . ."
လင်းဖန် .. " . . ."
လုံယွဲ့၏ ကိုယ်ပိုင် ဖော်ပြချက်များကို နားထောင်ပြီးနောက် ကျိုးယန်နှင့် လင်းဖန် နှစ်ယောက်စလုံးမှာ ဘာမှပြန်မပြောနိုင်ဘဲ ဆွံ့အသွားကြသည်။ ကျိုးယန်က လင်းဖန်ဘက်သို့ လှည့်ကာ အကြောင်းရင်းအား သိချင်သည့် မျက်နှာပေးမျိုးဖြင့် ကြောင်တောင်တောင် ကြည့်နေမိ၏။
"ဟားဟားဟား... သူက နောက်နေတာပါ.."
လင်းဖန်က ရှက်ကိုးရှက်ကန်း ရယ်မောရင်း ထိုကိစ္စကို အသာအယာ ဖုံးဖိလိုက်ရသည်။ လုံယွဲ့ကတော့ သူမ၏ မျက်မှောင်လေးများကို အသာကြုတ်ကာ သူ့ကို မကျေမနပ် ကြည့်လိုက်သည်။ သူမ အမှန်အတိုင်း ပြောနေခြင်း ဖြစ်ပြီး ထိုနယ်ပယ်အားလုံးတွင် အစစ်အမှန် ကျွမ်းကျင်သူလေး တစ်ယောက်ဖြစ်၏ ။
"ဒါဆို . . . မရီးမှာ တခြား ထူးခြားတဲ့ အရည်အချင်းရော မရှိတော့ဘူးလား.."
ကျိုးယန်က လင်းဖန်အနားသို့ တိုးကာ တိုးတိုးလေး မေးလိုက်သည်။
လင်းဖန်သည် လုံယွဲ့ကို ကြည့်ကာ အကြာကြီး စဉ်းစားသော်လည်း စကားတစ်လုံးမှ ထွက်မလာပေ။ အကယ်၍သာ ရှန်းမို တိုက်ကြီးတွင် ဆိုပါမူ သူမသည် အင်မော်တယ် ဧကရာဇ် အဆင့်ရှိသူ ဖြစ်ရာ အရာအားလုံးကို တတ်ကျွမ်းပြီးသား ဖြစ်ပေလိမ့်မည်။ သူမ၏ အရည်အချင်းများကို ရေးပြလျှင် ကိုယ်ရေးရာဇဝင် စာရွက်ပေါ်မှာပင် ဆံ့မည်မထင်။ သို့သော် ကံဆိုးစွာဖြင့် ဤနေရာမှာ ကမ္ဘာမြေ ဖြစ်နေလေသည်။
ကျင့်စဉ် စွမ်းအားများ အကုန်လုံး ကုန်ဆုံးသွားပြီ ဖြစ်သဖြင့် သူမသည် ဤနေရာတွင် သာမန် လူသားတစ်ယောက်သာ ဖြစ်သည်။ ဝိညာဉ် စွမ်းအား မရှိဘဲနှင့် သူမ၏ အရည်အချင်းများကို ထုတ်ပြရန်မှာ လက်နှစ်ဖက် မရှိသည့် ပန်းပုဆရာတစ်ယောက် ကဲ့သို့ပင် ခက်ခဲလှချေသည်။
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် လင်းဖန်က ကျိုးယန်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"မင်းရဲ့ မရီးက အစား အတော်စားနိုင်တယ်ကွာ.. အဲဒါကော ထူးခြားတဲ့ အရည်အချင်းထဲ ပါလား.."
ကျိုးယန် .. " . . ."
ကျိုးယန် ဘာမှပြန်မပြောနိုင်တော့ပေ။ ယခုမှသာ လင်းဖန်က သူ့အား အကူအညီတောင်းရသည်ကို နားလည်သွားတော့သည်။ မရီး၏ အခြေအနေနှင့်ဆိုလျှင် အလုပ်ရှာရသည်မှာ တကယ်ကို ခက်ခဲပေလိမ့်မည်။
"လင်းဖန်.. မရီးရဲ့ အခြေအနေက နည်းနည်း ထူးခြားနေတယ်.. သူနဲ့ ကိုက်ညီမယ့် အလုပ်က သိပ်မရှိဘူး.."
"ဒါပေမဲ့ ကံကောင်းတာက သူက အရမ်း လှနေတာပဲ.. သူ့ကို စားသောက်ဆိုင်မှာ ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းအဖြစ် ထားကြည့်ရင်ကော ဘယ်လိုလဲ.."
"ငါ့မှာ အဆင့်မြင့် စားသောက်ဆိုင် ဖွင့်ထားတဲ့ သူငယ်ချင်း တစ်ယောက် ရှိတယ်.. မရီးရဲ့ ရုပ်ရည်မျိုးနဲ့ဆိုရင် ပညာအရည်အချင်းနဲ့ အတွေ့အကြုံ မရှိလည်း ဘာမှ ပြဿနာ မရှိဘူး.."
ကျိုးယန်သည် လင်းဖန်ကို ဧည့်ခန်းထောင့်သို့ ဆွဲခေါ်သွားကာ တိုးတိုးလေး ဆွေးနွေးလိုက်သည်။ လင်းဖန် ခဏတာ စဉ်းစားပြီးနောက် ဘေးတွင် ထိုင်နေသော လုံယွဲ့ကို ကြည့်ကာ တွန့်ဆုတ်စွာဖြင့် ခေါင်းခါလိုက်သည်။
"မဖြစ်ဘူး.."
"ဘာဖြစ်လို့လဲ.."
ကျိုးယန်က ဇဝေဇဝါ ဖြစ်သွားသည်။ လင်းဖန်က လုံယွဲ့ကို ကြည့်နေသည့် အကြည့်ကို မြင်လိုက်ရသောအခါ ကျိုးယန် ချက်ချင်းပင် သဘောပေါက်သွားတော့သည်။
"ဟားဟား . . . မင်းကတော့ကွာ..အူတိုနေတာလား.."
"ဒါပေမဲ့ ယောကျာ်းတစ်ယောက် အနေနဲ့တော့ ငါ မင်းကို နားလည်ပေးနိုင်ပါတယ်လေ.."
ကျိုးယန်၏ နှုတ်ခမ်းထောင့်တွင် အရာအားလုံးကို ထွင်းဖောက်မြင်သွားသည့် အပြုံးမျိုး ပေါ်လာပြီး သူ့ဘာသာ ခေါင်းညိတ်လိုက်သည်။ ယောကျာ်းဆိုသည်မှာကတစ်ကိုယ်ကောင်း ဆန်တတ်ကြပေသည်။ စဉ်းစားကြည့်လျှင် နတ်သမီးတစ်ပါးကဲ့သို့ လှပသော ဇနီးသည်မျိုးကို တခြားသူတွေဆီမှာ ဝန်ဆောင်မှုပေးရမည့် ဝန်ထမ်းအဖြစ် မည်သူက လွှတ်ချင်ပါမည်နည်း။ သူသာ ဆိုလျှင်လည်း လက်ခံနိုင်မည် မဟုတ်ပေ။
လင်းဖန်က ဘာမှပြန်မပြောဘဲ နေလိုက်ရာ ကျိုးယန်၏ အထင်ကို ဝန်ခံလိုက်သလို ဖြစ်သွားသည်။ အမှန်အတိုင်း ပြောရလျှင် သူ၏ စိတ်ထဲတွင် အနည်းငယ်မျှတော့ တစ်ကိုယ်ကောင်း ဆန်မိသည်မှာ အမှန်ပင်။ အခြားတစ်ဖက်တွင်မူ လုံယွဲ့သည် ဧကရီတစ်ပါး ဖြစ်ခဲ့သူ ဖြစ်ရာ တခြားသူများကို ပြုစုရမည့် အလုပ်မျိုးကို သူမ လုပ်နိုင်မည် မဟုတ်ကြောင်း သူ ခံစားမိသည်။
ဝန်ဆောင်မှု လုပ်ငန်းလည်း မဖြစ်ရ၊ ပညာအရည်အချင်း ကန့်သတ်ချက်လည်း မရှိရ၊ နည်းပညာလည်း မလိုရ . . . ဤကမ္ဘာပေါ်တွင် ထိုကဲ့သို့သော အလုပ်မျိုး တကယ်ရှိပါမည်လော။ ရှိပုံတော့ ရ၏။
"လင်းဖန်.. ငါ သေသေချာချာ စဉ်းစားကြည့်တော့ မရီးနဲ့ ကိုက်ညီနိုင်တဲ့ တစ်ခုတည်းသော အလုပ်က စက်ရုံထဲ ဝင်လုပ်ဖို့ပဲ ရှိတော့တယ် . . ."
အထပ်ထပ် စဉ်းစားပြီးနောက် ကျိုးယန် ပေးနိုင်သည့် တစ်ခုတည်းသော အဖြေမှာ ဤအချက်ပင် ဖြစ်သည်။ စက်ရုံများမှာ ကျန်းမာသောလူဖြစ်လျှင်ပင် လက်ခံသည့်နေရာများ ဖြစ်ကြသည်။ တခြားသူကို ဝန်ဆောင်မှုပေးစရာ မလို၊ ပညာအရည်အချင်းနှင့် နည်းပညာလည်း မလိုအပ်။ အလုပ်အများစုမှာ လက်ရှိရုံဖြင့် လုပ်ဆောင်နိုင်သည်။
"မရဘူး.. လုံးဝ မဖြစ်နိုင်ဘူး.."
လင်းဖန်က မစဉ်းစားဘဲ ချက်ချင်း ငြင်းပယ်လိုက်၏။ စက်ရုံဆိုသည်မှာ ဘယ်လိုနေရာမျိုးလဲဆိုသည်ကို သူ အသိဆုံး ဖြစ်သည်။ ထိုနေရာမှာ လူသားတွေ နေရမည့် နေရာ မဟုတ်ပေ။
သူ ကျောင်းတက်နေစဉ်က အားလပ်ရက်များတွင် စက်ရုံထဲ၌ အလုပ်ဝင်လုပ်ဖူးရာ ငရဲခန်းကဲ့သို့ အလုပ်ပင် ဖြစ်သည်။ အလုပ်လုပ်ရသည့် အရှိန်မှာ အမြဲတမ်း မြန်ဆန်နေပြီး တစ်နေ့လျှင် ၁၂ နာရီ အလုပ်လုပ်ရရာ နားချိန်ပင် မရှိသလောက်ဖြစ်နေသည်။ သူကိုယ်တိုင်ပင် တစ်လသာ ခံပြီး ထွက်ခဲ့ရရာ လုံယွဲ့ကဲ့သို့ နုနုနယ်နယ် ခန္ဓာကိုယ်လေးနှင့်ဆိုလျှင် မတွေးဝံ့စရာပင်။ စက်ရုံထဲ ရောက်သည့် ပထမဆုံးနေ့မှာတင် သူမ အိမ်ပြန်ချင်လွန်း၍ ငိုနေလိမ့်မည်ကို သူ စိုးရိမ်မိသည်။
သူတို့နှစ်ယောက် တိတ်တဆိတ် ဆွေးနွေးနေကြစဉ် လုံယွဲ့က သူတို့ နောက်သို့ အသာ ရောက်လာပြီး စကားများကို ကြားသွားသည်။
"စက်ရုံထဲ ဝင်ရမှာလား.. အဲဒါ ဘယ်လို နေရာမျိုးလဲ.. ငါ သွားလို့ ရလား.."
လုံယွဲ့က သူမ၏ ခေါင်းလေးကို ပြူကြည့်ကာ စူးစမ်းလိုစိတ်များဖြင့် မေးလိုက်သည်။
"မရဘူး.. စက်ရုံထဲ ဝင်တာက နင် ထင်သလောက် မရိုးရှင်းဘူး.."
လင်းဖန်က လုံယွဲ့၏ ပုခုံးနှစ်ဖက်ကို အလေးအနက် ကိုင်ကာ တားဆီးလိုက်သည်။
"အဲဒီနေရာက လူတွေကို ဝါးမြိုတဲ့ နေရာပဲ.. နတ်ဆိုး နယ်မြေထက်တောင် ပိုပြီး ကြောက်စရာ ကောင်းသေးတယ်..စက်ရုံထဲ ရောက်သွားရင် နင့်ရဲ့ စိတ်ဓာတ်နဲ့ အင်အားတွေ အကုန်လုံးကို သူက စုပ်ယူသွားပြီး နင့်ကို အသိဉာဏ်မရှိတဲ့ အလောင်းကောင် တစ်ခုလို ဖြစ်သွားစေလိမ့်မယ်.."
"အယ် . . . အဲဒီလောက်တောင် ကြောက်စရာ ကောင်းတာလား . . ."
လင်းဖန်၏ စကားကြောင့် လုံယွဲ့မှာ လန့်သွားပြီး မျက်နှာလေး ဖြူဖျော့သွားသည်။ နတ်ဆိုးအရှင်၏ အမူအရာကို ကြည့်ရသည်မှာ နောက်နေပုံ မရပေ။ လူသားလောကတွင် နတ်ဆိုး နယ်မြေထက် ပို၍ ကြောက်စရာကောင်းသည့် နေရာမျိုး ရှိနေသည်ဟု သူမ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ စက်ရုံဆိုသည်မှာ နတ်ဆိုးကျင့်ကြံသူများက လူများကို ကျင့်ကြံရာတွင် အသုံးချသည့် နေရာမျိုးနှင့် တူနေသည်။
"ယန်ကျိ.. မင်းရဲ့ မရီးက ငယ်ငယ်ကတည်းက အလိုလိုက်ခံထားရတာ.. သူက အရမ်း နုနယ်တော့ ပင်ပန်းဆင်းရဲတာမျိုး မခံနိုင်ဘူး.. စက်ရုံထဲမှာတော့ သူ လုံးဝ အလုပ်လုပ်နိုင်မှာ မဟုတ်ဘူး.."
လုံယွဲ့ကို ဖြောင်းဖြပြီးနောက် လင်းဖန်က ကျိုးယန်၏ အကြံပြုချက်ကို ထပ်မံ ငြင်းပယ်လိုက်သည်။
"အလိုလိုက်ခံထားရတာ . . ."
ကျိုးယန်သည် လုံယွဲ့ကို သေသေချာချာ ကြည့်လိုက်သည်။ သူမ၏ ထူးခြားလှပသည့် အမူအရာနှင့် နူးညံလှသည့် အသားအရေကို မြင်သောအခါ သူ မသင်္ကာ ဖြစ်သွားသည်။ ထို့နောက် လင်းဖန် ပြောသမျှ အချက်အလက်များကို ဆက်စပ်ကြည့်လိုက်ရာ အဖြေတစ်ခု ရသွားတော့၏။
'မရီးက ချမ်းသာတဲ့မိသားစုကြီး တစ်ခုက သူဌေးသမီးလေး ဖြစ်ရမယ်..ဟုတ်တယ် .. ဒါပဲ ဖြစ်ရမယ်..'
မရီး၏ မိသားစုမှာ စည်းကမ်း အလွန်ကြီးပြီး မိဘများက သူမကို အပြင်သို့ ထွက်ခွင့် မပေးဘဲ အိမ်ထဲမှာပဲ အမြဲ ပိတ်ထားခဲ့ခြင်း ဖြစ်ရမည်။ ထို့ကြောင့်လည်း သူမသည် ကျောင်းမနေဖူးဘဲ ခေတ်ပေါ် ပစ္စည်းများကို မသုံးတတ်သော်လည်း ပြည့်စုံလှပသည့် အမူအရာများကို ပိုင်ဆိုင်ထားခြင်း ဖြစ်ပေလိမ့်မည်။ တစ်နေ့တွင် သူမသည် လင်းဖန်နှင့် တွေ့ဆုံကာ ချစ်ကြိုက်သွားပြီး လင်းဖန်က သူမကို အိမ်ကနေ ခိုးထုတ်လာခဲ့ခြင်း ဖြစ်ရမည်။
သူတို့နှစ်ယောက်၏ အနာဂတ်အတွက် လင်းဖန်က သူ့ဆီမှာ ပိုက်ဆံလာချေးပြီး မရီးကလည်း အလုပ်ရှာရန် ကြိုးစားနေခြင်း ဖြစ်သည်။ အရာအားလုံးက ကွင်းဆက်မိသွားလေပြီ။
'ဒါဟာ တကယ့်ကို ကြီးမြတ်ပြီး လွတ်လပ်တဲ့ အချစ်စစ်ပဲ..'
အရာအားလုံးကို သဘောပေါက်သွားပြီဟု ထင်မှတ်ကာ ကျိုးယန်မှာ မျက်ရည်များပင် ဝဲလာပြီး လင်းဖန်၏ ပုခုံးကို လေးနက်စွာ ပုတ်လိုက်သည်။
"သူငယ်ချင်း.. ငါ အကုန်လုံးကို နားလည်သွားပြီ.."
"စိတ်မပူပါနဲ့.. မရီးအတွက် အလုပ်ကောင်းကောင်း တစ်ခုကို ငါ သေချာပေါက် ရှာပေးမယ်.."
"ပြီးတော့ . . . မင်းတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် နေကြရမယ်နော် .."
လုံယွဲ့.. “ . . .”
လင်းဖန် .. “ . . .”
ကျိုးယန် တစ်ယောက်တည်း ရုတ်တရက် မျက်ရည်ကျနေသည်ကို ကြည့်ပြီး လုံယွဲ့နှင့် လင်းဖန်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်နေကြသည်။
'ဒီလူက ဘာဖြစ်လို့ ရုတ်တရက်ကြီး ငိုနေတာလဲ . . .'
'သူ ဘာကို နားလည်သွားတာလဲ . . .'