← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

Chapter 63+64

~

အခန်း ၆၃+၆၄ : ဧကရီ၏ ပထမဆုံး ဂိမ်းကစားခြင်း

~

​"လင်းဖန်..ငါ့ သူငယ်ချင်းတွေကို လှမ်းမေးကြည့်ပြီးပြီ.. ငါ့သူငယ်ချင်းတစ်ယောက်က အွန်လိုင်းမှာ ဂိမ်းအတူဆော့ပေးတဲ့ ဆိုင်ဖွင့်ထားတယ်လေ..အဲ့ဒီကောင်ပြောတာက ဂိမ်းသိပ်မဆော့တတ်လည်း ကိစ္စမရှိဘူး.. အဓိကက အသံလေးကောင်းဖို့ပဲတဲ့.. မင်း ဘယ်လိုထင်လဲ.. "

​ကျိုးယန်သည် သူ၏အဆက်အသွယ်များထဲတွင် လိုက်လံစုံစမ်းပြီးနောက် ပညာအရည်အချင်းမရှိ၊ အတွေ့အကြုံမရှိသည့်အပြင် ဘာမှလည်းမလုပ်တတ်သေးသော လုံယွဲ့ကို လက်ခံမည့် အလုပ်တစ်ခုကို နောက်ဆုံးတွင်မတော့ ရှာဖွေပေးနိုင်ခဲ့လေပြီ။

​"နင်ရော ဘယ်လိုသဘောရလဲ.."

​လင်းဖန်က လုံယွဲ့ဘက်သို့လှည့်ကာ သူမ၏သဘောထားကို မေးလိုက်သည်။

​ဂိမ်းအတူဆော့ပေးရသည့် အလုပ်ဆိုပါက တခြားဝန်ဆောင်မှုအလုပ်များကဲ့သို့ ခိုင်းဖတ်တစ်ခုလို ဖြစ်နေမည်မဟုတ်ဘဲ အလုပ်မှာလည်း အတော်အတန် သက်သောင့်သက်သာရှိသည်ဟု ဆိုနိုင်သည်။

​သူ့အနေနှင့်တော့ သိပ်ပြီးအားမပေးချင်သော်လည်း ရွေးချယ်စရာတစ်ခုအနေနှင့်တော့ ရှိနေသည်။ အဓိကဆုံးဖြတ်ချက်မှာ သူမအပေါ်တွင်သာ မူတည်၏။

​"ဂိမ်းဆိုတာလား..ကလေးတွေကို ထိန်းပေးပြီး သူတို့နဲ့ ကစားပေးရတာမျိုးလား.."

​လုံယွဲ့က မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ဇဝေဇဝါဖြစ်နေသော မျက်နှာပေးဖြင့် မေးလိုက်သည်။ သူမ၏စကားကြောင့် ကျိုးယန်မှာ ချက်ချင်းပင် ရယ်မောမိတော့သည်။

​"ဟားဟားဟား..မရီး ပြောတာက ကလေးထိန်းတာကို ခေါ်တာလေ.."

​"ဂိမ်းအတူဆော့ပေးတယ်ဆိုတာက အွန်လိုင်းကနေ အော်ဒါလက်ခံပြီး အလုပ်ရှင်တွေနဲ့ ဂိမ်းအတူတူဆော့ပေးရတာကို ပြောတာ.. ကလေးတွေနဲ့လည်း တွေ့နိုင်ပေမဲ့ အများစုကတော့ အသက် ဆယ်ကျော်သက်.. နှစ်ဆယ်ကျော်အရွယ် လူကြီးလေးတွေပဲ များတယ်.."

​လင်းဖန်က ရှင်းပြရင်း သူ၏ဖုန်းထဲမှ ဂိမ်းဆော့ဖ်ဝဲလ်ကိုဖွင့်ကာ ဂိမ်းစာရင်းများကို ပြသလိုက်သည်။

​"ဒီမှာကြည့်.. ဒါတွေအားလုံးက ဂိမ်းတွေပဲ.."

​"ဒီလောက်တောင် များတာလား.."

​လုံယွဲ့သည် ဖုန်းမျက်နှာပြင်အနားသို့ တိုးကပ်ကြည့်လိုက်ရာ အဆုံးမရှိသော ဂိမ်းစာရင်းများကို မြင်ပြီး အံ့အားသင့်သွားရသည်။

​"အခုခေတ်မှာ ဂိမ်းတွေက အများကြီးပဲ.. အမျိုးအစားတွေလည်း အစုံပဲ.. ဒါပေမဲ့ စိတ်မပူပါနဲ့.. ဂိမ်းအတူဆော့ပေးတဲ့ ဝန်ဆောင်မှုမှာ သုံးတဲ့ဂိမ်းက သိပ်အများကြီး မဟုတ်ပါဘူး.."

​"လောလောဆယ် ဖုန်းဂိမ်းတွေထဲမှာ လူကြိုက်အများဆုံးကတော့ ဒီဂိမ်းပဲ.. King of Glory တဲ့.."

​လင်းဖန်က ဂိမ်းအဆင့်သတ်မှတ်ချက်ကို နှိပ်လိုက်ရာ ထိပ်ဆုံးတွင်ရှိနေသော King of Glory ဂိမ်းကို တွေ့လိုက်ရသည်။

​"ဒီဂိမ်းကို လူအများကြီး ဆော့ကြတာလား.."

လုံယွဲ့က စပ်စုလိုက်သည်။

​"ဒါပေါ့.. ဒါက အခုခေတ်မှာ လူကြိုက်အများဆုံး ဖုန်းဂိမ်းပဲ.. ဒီဂိမ်းမှာ အတူဆော့ပေးတဲ့သူတွေရော.. အဆင့်တက်အောင် ကူဆော့ပေးတဲ့သူတွေရော အများကြီးပဲ.. ဈေးကွက်က တော်တော်လေးကြီးတာ.."

ကျိုးယန်က ဝင်ပြောလိုက်သည်။

​King of glory ထွက်ရှိလာပြီးနောက် နှစ်အနည်းငယ်အတွင်းမှာပင် မူလတန်းကျောင်းသားများမှစ၍ ရုံးဝန်ထမ်းများအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေပန်းစားသွားခဲ့သည်။ ထိုအချိန်က လူတိုင်းနီးပါး၏ဖုန်းတွင် ဤဂိမ်းရှိနေတတ်ပြီး လူမှုဆက်ဆံရေးအတွက် အကောင်းဆုံးဂိမ်းတစ်ခုဟု ဆိုလျှင်လည်း မမှားပေ။

​ကျောင်းဆင်းချိန်ဖြစ်စေ၊ အလုပ်ပြီး၍ လူစုလူဝေးလုပ်ချိန်ဖြစ်စေ တစ်ယောက်ယောက်က တစ်ပွဲလောက် ဆော့ကြမလား ဟု စကားစလေ့ရှိကြသည်။

​"နင် တစ်ခါမှ မဆော့ဖူးသေးတော့ အရင်ဆုံး ဂိမ်းကို ဒေါင်းလုဒ်ဆွဲပြီး စမ်းကြည့်လိုက်ဦးလေ..နင်နဲ့ ကိုက်ညီရဲ့လားဆိုတာ သိရအောင်လို့.."

​လင်းဖန်က လုံယွဲ့၏လက်ထဲမှ ဖုန်းကိုယူကာ King of Glory ဂိမ်းကို ချက်ချင်းဒေါင်းလုဒ်ဆွဲပေးလိုက်သည်။

​ဂိမ်းထဲသို့ ဝင်လိုက်သောအခါ လုံယွဲ့သည် အတွေ့အကြုံ လုံးဝမရှိသော အဆင့်ဖြင့် စတင်ရပေ၏။

​လေ့ကျင့်ခန်း ထဲသို့ ဝင်လိုက်သောအခါ သူရဲကောင်း (Hero) ရွေးချယ်သည့် နေရာကို အရင်ဆုံး ရောက်ရှိသွားသည်။

​"ဒါက ဟီးရိုး ရွေးရမယ့်နေရာပဲ.. ကိုယ်ဆော့ရမယ့် နေရာနဲ့ ရန်သူ့ဘက်က ရွေးချယ်မှုအပေါ် မူတည်ပြီး သင့်တော်တဲ့သူကို ရွေးရမယ်.."

​"ဒါပေမဲ့ ဒါက ပထမဆုံးအကြိမ်ဆိုတော့ အများကြီး စဉ်းစားမနေပါနဲ့ဦး.. နင် ကြိုက်တဲ့သူကိုပဲ ရွေးလိုက်.."

​"အများကြီးပါလား . . ."

​လုံယွဲ့သည် စီရီနေသော သူရဲကောင်းရုပ်ပုံများကို ကြည့်ရင်း ဘယ်သူ့ကို ရွေးရမှန်းမသိ ဖြစ်နေသည်။

​သို့သော် များပြားလှသော သူရဲကောင်းစာရင်းထဲတွင် သူမ ရင်းနှီးနေသော နာမည်တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ နွားနတ်ဆိုး (Bull Demon)ပင် ဖြစ်သည်။

​အင်မော်တယ်နယ်မြေတွင်လည်း နွားနတ်ဆိုးဟု ခေါ်သော မိစ္ဆာများ ရှိသည်။ ၎င်းမှာ သူမ၏ဘဝတွင် ပထမဆုံး သတ်ဖြတ်ခဲ့ဖူးသော မိစ္ဆာဖြစ်သဖြင့် ထိုနာမည်ကို မြင်လိုက်ရသောအခါ ရင်းနှီးမှုရှိသည်ဟု ခံစားလိုက်ရသည်။

​"ဒီတစ်ယောက်ပဲ.."

​လုံယွဲ့က နွားနတ်ဆိုးကို တွန့်ဆုတ်ခြင်းမရှိဘဲ ရွေးချယ်လိုက်သည်ကို မြင်သောအခါ လင်းဖန်နှင့် ကျိုးယန်တို့မှာ အတော်လေး အံ့သြသွားကြသည်။

​ပုံမှန်အားဖြင့် မိန်းကလေးများသည် ချောမောလှပသော သူရဲကောင်းများ သို့မဟုတ် ချစ်စရာကောင်းသော ဇာတ်ကောင်များကိုသာ ရွေးချယ်လေ့ရှိကြသည်။ နွားနတ်ဆိုးကဲ့သို့ ရုပ်ဆိုးဆိုးဇာတ်ကောင်ကို ပထမဆုံးအနေနှင့် ရွေးချယ်သည်ကို သူတို့ ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။

​သို့သော် ထိုကိစ္စက အခုချိန်မှာ အရေးမကြီးသေးပေ။ အဓိကမှာ သူမကို ဂိမ်းထိန်းချုပ်ပုံနှင့် စည်းကမ်းများကို ရင်းနှီးသွားအောင် ကူညီပေးရန်သာ ဖြစ်သည်။

​ဂိမ်းစတင်သည်နှင့် လုံယွဲ့သည် လင်းဖန်နှင့် ကျိုးယန်တို့၏ အနီးကပ်လမ်းညွှန်မှုဖြင့် ဂိမ်းထဲရှိ လမ်းညွှန်ချက်များကို လိုက်နာကာ ဂိမ်းဆော့ပုံကို သင်ယူတော့သည်။

​"နင် ရွေးထားတဲ့သူက တန့် (Tank) အမျိုးအစားပဲ.. အဓိကကတော့ mmကို အောက်လမ်းမှာ ကူညီပေးရမယ်.."

​"ဒါက သာမန်တိုက်ခိုက်တာ.. ဒါတွေကတော့ စွမ်းရည် (Skill) တွေပေါ့..စွမ်းရည်တစ်ခုချင်းစီမှာ မတူညီတဲ့ အာနိသင်တွေ ရှိတယ်.. ဥပမာ နွားနတ်ဆိုးရဲ့ ပထမစကေးက ရန်သူကို မူးသွားစေပြီး ဒမ်းမေ့ ထိစေတယ်.."

​"ပထမတစ်ခုကို နှိပ်ပြီးရင် တခြားဟာတွေကို ဘာလို့ နှိပ်လို့မရတာလဲ.."

​"အဲဒါက နင့်ရဲ့ အဆင့် (Level) မတက်သေးလို့လေ.. လယ်ဗယ်တက်မှ နှိပ်လို့ရမယ်"

​"မရီး.. ဟိုမှာတွေ့လား.. ဟိုမီနီယံတွေကို သတ်ရင် ပိုက်ဆံနဲ့ အတွေ့အကြုံ ရလိမ့်မယ်.. အဲ့ဒါမှ စကေးတွေ မြှင့်လို့ရမယ်..ပစ္စည်းတွေ ဝယ်လို့ရမယ်.."

​"ပြီးတော့ ဒါတွေက အထူးစွမ်းရည်တွေပေါ့ . . ."

​" . . ."

​လုံယွဲ့သည် ဖုန်းကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး သူမ၏ မျက်နှာလှလှလေးမှာ အလွန်တည်ကြည်လေးနက်နေ၏။ သူမ၏ မျက်လုံးများက မျက်နှာပြင်ပေါ်တွင်သာ ရှိနေပြီး လက်ချောင်းလေးများကလည်း အဆက်မပြတ် ရွေ့လျားနှိပ်နေသည်။

​အလုပ်ရရှိရန်အတွက် သူမ၏ ကြိုးစားအားထုတ်မှုမှာ အင်မော်တယ်နည်းလမ်းများနှင့် လက်နက်သွန်းလုပ်နည်းများကို စတင်သင်ယူစဉ်ကထက်ပင် ပို၍ လေးနက်နေပုံရသည်။

​လင်းဖန်နှင့် ကျိုးယန်တို့ကလည်း ဘေးတစ်ဖက်တစ်ချက်စီမှနေ၍ ဘယ်လိုဆော့ရမည်ကို အဆက်မပြတ် ရှင်းပြပေးနေကြသည်။

​မကြာမီမှာပင် အဆင့်မြင့်ကစားသမားဟောင်းနှစ်ယောက်၏ သင်ကြားပေးမှုကြောင့် သူမသည် ဂိမ်း၏ အခြေခံစည်းမျဉ်းများနှင့် ထိန်းချုပ်ပုံများကို နားလည်သွားခဲ့သည်။

​"ကောင်းပြီ.. နင် ဒီဂိမ်းရဲ့ အနှစ်သာရကို သဘောပေါက်သွားပြီ..အခု တကယ့်ပွဲကို စဆော့ကြည့်ရအောင်.."

​လင်းဖန်နှင့် ကျိုးယန်တို့မှာ သက်ပြင်းချနိုင်သွားကြပြီး ချီးကျူးအားပေးသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

​လုံယွဲ့သည် ဂိမ်းကို ပထမဆုံးအကြိမ် ဆော့ဖူးခြင်းဖြစ်သော်လည်း သူမ၏ နားလည်နိုင်စွမ်းမှာ အလွန်မြင့်မားလှသည်။ သူတို့ရှင်းပြသမျှကို ချက်ချင်းနားလည်သွားသဖြင့် သူတို့ထင်ထားသည်ထက် ပို၍ ထက်မြက်ကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။

​"အင်း.."

​လုံယွဲ့က လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး တကယ့်ပွဲစဉ်ထဲသို့ ဝင်လိုက်သည်။

​တခြားသူများအတွက်တော့ သာမန်ဂိမ်းတစ်ခုသာ ဖြစ်သော်လည်း သူမအတွက်မူ ဤသည်က ဂိုဏ်းဝင်စာမေးပွဲတစ်ခုကဲ့သို့ပင် ဖြစ်ချေသည်။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ အကောင်းဆုံး အခွင့်အရေးပင်။

​မကြာမီမှာပင် ပြိုက်ဘက်များနှင့် တွေ့ဆုံသွားပြီး ပွဲစတင်ခဲ့သည်။

​လုံယွဲ့သည် တွန့်ဆုတ်နေခြင်းမရှိဘဲ ခုနက လေ့ကျင့်ထားသော ဟီးရိုးကိုသာ ရွေးချယ်လိုက်၏။

​နွားနတ်ဆိုး။ အတည်ပြုလိုက်ပြီ။

​ဂိမ်းစတင်သည်နှင့် သူမသည် နွားနတ်ဆိုးကို ထိန်းချုပ်ကာ ပစ္စည်းများဝယ်ယူပြီး အပေါ်လမ်းသို့ တန်းတန်းမတ်မတ် လျှောက်သွားတော့သည်။

​လမ်းတွင် ပြိုင်ဘက်နှင့် စတင်တွေ့ဆုံချိန်မှာပင် ယုံကြည်မှုအပြည့်ရှိနေသော ဧကရီမှာ ပြိုင်ဘက်၏ တိုက်ခိုက်မှုများကြောင့် ဇဝေဇဝါ ဖြစ်သွားရသည်။

​"သူက ဘာလို့ ဒီလောက် အဝေးကြီးကနေ ငါ့ကို လှမ်းပစ်နိုင်တာလဲ.."

​"ငါ ဘာလို့ သူ့ကို ထိအောင် မလုပ်နိုင်ရတာလဲ.."

​"သူက ငါ့ထက် ပိုမြန်နေသလိုပဲ.. ဘာကြောင့်လဲ.."

​လုံယွဲ့၏ ဂိမ်းကစားပုံကို ငြိမ်ငြိမ်လေး စောင့်ကြည့်နေကြသော လင်းဖန်နှင့် ကျိုးယန်တို့မှာ ဆက်၍ သည်းမခံနိုင်တော့ပေ။

​"သူက ဖိနပ်ဝယ်ထားတာဆိုတော့ ပိုမြန်မှာပေါ့ . . ."

​"ဒါပေမဲ့ ကိစ္စမရှိပါဘူး.. မနိုင်ရင် ရှောင်လိုက်လေ.. ဇွတ်မတိုက်နဲ့ဦး.. လမ်းကိုပဲ ထိန်းထား.."

​"မဖြစ်ဘူး.. ငါက ဂျီရှန်းထျန်းကုန်းရဲ့ ဧကရီပဲ.. ဒီလိုလူကို ငါက ဘယ်လိုလုပ် ရှုံးပေးနိုင်မှာလဲ.. ငါ့ပုဆိန်ကို ခံစားကြည့်စမ်း.. သေပေတော့.."

​လုံယွဲ့သည် ဖုန်းမျက်နှာပြင်ကို အပြင်းအထန် ပွတ်ဆွဲရင်း စူးစူးရှရှ အော်ဟစ်လိုက်သည်။

​ဂိမ်းထဲတွင် အာရုံအပြည့်ရောက်နေသဖြင့် ဘေးနားက ကျိုးယန်ရှိနေသည်ကိုပင် သူမ မေ့သွားပုံရသည်။

​ကျိုးယန်ကတော့ စိုးရိမ်သောမျက်နှာဖြင့် လင်းဖန်ဘက်သို့ လှည့်ကာ ပါးစပ်ကိုလက်ဖြင့်အုပ်ပြီး တိုးတိုးလေး မေးလိုက်သည်။

​"လင်းဖန်..မရီးက ထူးဆန်းတာတွေ ထပ်အော်နေပြန်ပြီ.. တကယ်ပဲ အဆင်ပြေရဲ့လား.."

​"အဆင်ပြေပါတယ်.. သူ ဂိမ်းထဲ စိတ်ပါသွားလို့ပါ.. စိတ်လှုပ်ရှားလာရင် အဲ့လို ထူးဆန်းတာတွေ အော်တတ်တာ သဘာဝပဲလေ.."

​"မင်းရော ဆွန်းဝူခုန်း (Sun Wukong) နဲ့ ဆော့ရင် ငါ့တုတ်ကို စားလိုက် လို့ အော်တတ်တာပဲ မလား.."

​"ဟီးဟီး.. အဲ့လိုပြောတော့လည်း ဟုတ်သားပဲ . . ."

​ကျိုးယန် စဉ်းစားကြည့်တော့လည်း ဟုတ်နေသဖြင့် ဆက်၍ မတွေးတော့ပေ။

'​ဒါက ဂိမ်းဆော့နေတာပဲလေ.. တစ်ခါတလေ ထူးထူးဆန်းဆန်းတွေ အော်တာက သဘာဝပဲ မလား..'

All Chapters