← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

Chapter 65+66

~

အခန်း ၆၅+၆၆ : ဧကရီ အဆဲခံရခြင်း

~

​"ရိုက်..ရိုက်.."

​"မရဘူး.. ငါတို့ မနိုင်ဘူး..ပြေး..ပြေး.."

​"နင့်မှာ ဖလက်ရှ် (Flash) ရှိသားပဲ..ကြောက်မနေနဲ့လေ.."

​"ဟမ်..ဘာလို့ ဖလက်ရှ်ကို အလကားသုံးပစ်လိုက်တာလဲ.."

​"ငါက နင့်မှာ ဖလက်ရှ်ရှိသေးတယ်လို့ သတိပေးတာလေ.. ရန်သူ့ပေါ်ကို တန်းခုန်ချခိုင်းတာ မဟုတ်ဘူး . . ."

​"ထားလိုက်ပါတော့.. စောစောသုံးတော့ စောစောပြန်တက်တာပေါ့.. နင်က သူ့ကို လန့်သွားအောင် လုပ်လိုက်တာဆိုတော့ ဒီတစ်ခေါက်တော့ သိပ်မရှုံးပါဘူး.."

​"သူတို့ ဟိုက်ပါ လာပြီ..ဖလက်ရှ် သုံးလိုက်ဦး.. အဲ . . . နင့်မှာ ဖလက်ရှ် မရှိတော့တာ ငါ မေ့သွားတယ် . . ."

​" . . ."

​လင်းဖန်နှင့် ကျိုးယန်တို့၏ အဆက်မပြတ် လမ်းညွှန်မှုများအပြင် လုံယွဲ့၏ ထူးကဲလှသော ကျွမ်းကျင်မှုများ ပေါင်းစပ်လိုက်သောအခါ ပွဲစစချင်းမှာပင် ၀-၈ ဆိုသည့် ဂုဏ်ယူဖွယ်ရာ ရလဒ်ကို ပိုင်ဆိုင်သွားတော့သည်။

​ထိုသို့သော ရလဒ်ဆိုးကို ရရှိထားသော်လည်း သူမ၏ သူရဲကောင်းစိတ်ဓာတ်နှင့် မလျှော့သော ဇွဲလုံ့လကိုတော့ အနည်းငယ်မျှ တုန်လှုပ်အောင် မလုပ်နိုင်ပါချေ။ ပြန်ထွက်လာတိုင်း သူမသည် ရန်သူများနှင့် ထိပ်တိုက်ရင်ဆိုင်ရန် အားတက်သရော ရှေ့သို့သာ ပြေးထွက်နေစမြဲပင် ဖြစ်သည်။

​မြင့်မြတ်လှသော အင်မော်တယ် နယ်မြေ၏ ဧကရီတစ်ပါးအနေဖြင့် အကြိမ်အနည်းငယ် သေဆုံးရုံမျှနှင့် မည်သို့ ကြောက်ရွံ့သွားပါမည်နည်း။

​ထိုအချိန်တွင် အလယ်လမ်းမှ ကစားဖော် ဖြစ်သူမှာ ဆက်၍ သည်းမခံနိုင်တော့ဘဲ စာရိုက်လိုက်တော့သည်။

​"နွားနတ်ဆိုး.. မင်း သောက်ချီးလို လျှောက်လုပ်နေတာလား .."

​"ဟမ်.. သူ ငါ့ကို ဆဲနေတာလား.."

​လုံယွဲ့သည် စကားပြောခန်းထဲက စာသားကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ လင်းဖန်ဘက်သို့ ဇဝေဇဝါဖြင့် လှည့်ကြည့်လိုက်သည်။ လင်းဖန်က ခေါင်းကို ခါယမ်းရင်း သူမကို နှစ်သိမ့်ပေးလိုက်၏။

​"သူ နွားနတ်ဆိုးကို ဆဲနေတာပါ.. နင်နဲ့ ဘာမှမဆိုင်ဘူး.. သူ့ကို ဂရုမစိုက်နဲ့.."

​"အော် . . . ဟုတ်လား.."

​လုံယွဲ့က ပြန်ဖြေပြီး ဂိမ်းထဲတွင် ဆက်လက် အာရုံစိုက်နေသော်လည်း မကြာမီမှာပင် ဖုန်းမျက်နှာပြင်ပေါ်ရှိ နွားနတ်ဆိုး ဟီးရိုးကို ကြည့်ရင်း တစ်ခုခု မှားနေသည်ကို သတိပြုမိသွားသည်။

​သူမသည် လက်ရှိတွင် နွားနတ်ဆိုးအဖြစ် ဆော့ကစားနေခြင်း ဖြစ်ရာ ထိုလူ ဆဲနေသည့် နွားနတ်ဆိုးဆိုသည်မှာ သူမကို ပြောနေခြင်းပင် မဟုတ်ပါလော။

​"ဦးနှောက်မရှိတဲ့ နွားနတ်ဆိုး..သောက်နု.."

​အလယ်လမ်းက ကစားဖော်သည် အများသုံး စကားပြောခန်းထဲတွင် မနားတမ်း ဆဲဆိုနေပြီး ယခုတစ်ကြိမ်တွင်တော့ လုံယွဲ့ ချက်ချင်း တုံ့ပြန်လိုက်တော့သည်။

​"သူက ဒီဧကရီကို တကယ်ပဲ စော်ကားရဲတယ်ပေါ့လေ.."

​လုံယွဲ့၏ ဒေါသများထဲတွင် မယုံကြည်နိုင်မှုများလည်း ရောပြွမ်းနေသည်။ သူမသည် ဂျီရှန်းထျန်းကုန်း၏ မြင့်မြတ်လှသော ဧကရီတစ်ပါး ဖြစ်ရာ ရောက်လေရာအရပ်တွင် လူပေါင်း သောင်းခြောက်ထောင်၏ အရိုအသေပေးမှုကို ခံရသူ ဖြစ်သည်။ မိစ္ဆာဆိုးများနှင့် ရင်ဆိုင်ရချိန်တွင်ပင် ဤကဲ့သို့ ရိုင်းစိုင်းသော စကားမျိုးကို သူမ တစ်ခါမှ မကြားဖူးခဲ့ပေ။

​အကယ်၍သာ ရှန်းမို တိုက်ကြီးပေါ်မှာ ဆိုလျှင် သူမ ကိုယ်တိုင် အရေးယူစရာပင် မလိုဘဲ ဧကရီကို စော်ကားသည့် အပြစ်ဖြင့် ထိုသူ၏ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်ကို ကွပ်မျက်နိုင်ပေသည် ။

​"ဒီကောင် လွန်နေပြီ.. သူ့ကို ဒီအတိုင်း လွှတ်မထားနိုင်ဘူး.. ပြန်ဆဲလိုက်စမ်းပါ.."

​"ဟုတ်တယ် မရီး.. သူ့ကို သေအောင် ကျိန်ဆဲပစ်လိုက်.."

​လင်းဖန်နှင့် ကျိုးယန်တို့လည်း ဆက်၍ သည်းမခံနိုင်တော့ပေ။ သူတို့ဘက်က အနည်းငယ် ညံ့ဖျင်းပြီး အသေများနေသည်မှာ အမှန်ပင် ဖြစ်သော်လည်း ဝေဖန်ရုံမျှမကဘဲ တစ်ဖက်လူက ရိုင်းရိုင်းစိုင်းစိုင်း လုပ်နေသဖြင့် သူတို့ ဘယ်လိုမှ သည်းမခံနိုင်တော့ခြင်း ဖြစ်သည်။

​"ဟွန့် . . . တန် . . . (h-u-n-d-a-n)"

​လုံယွဲ့သည် တန်ပြန်တိုက်ခိုက်ရန်အတွက် စကားပြောခန်းထဲတွင် အင်္ဂလိပ် အက္ခရာများကို တစ်လုံးချင်းစီ နှေးကွေးစွာ ရိုက်နှိပ်နေသည်။ ဘေးမှ ကြည့်နေသော လင်းဖန်နှင့် ကျိုးယန်တို့မှာ သူမ၏ အနှေးနှုန်းကြောင့် အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။ သူမ စာတစ်ကြောင်း မပြီးခင်မှာပင် တစ်ဖက်လူက ဆဲစကား ဆယ်ခွန်းမက ပို့ပြီးနေပေလိမ့်မည်။

​ဤကဲ့သို့ စာရိုက်နှုန်းမျိုးနှင့်ဆိုလျှင် သူမ၏ ဆွေမျိုးသားချင်းများကို မည်သို့ ကာကွယ်နိုင်ပါမည်နည်း။ စာရိုက်နှေးသည်မှာ ထားပါတော့၊ သူမသည် အင်္ဂလိပ်စာလုံးပေါင်းကို အခုမှ စတင်သင်ယူနေရသူ ဖြစ်သဖြင့် နှေးကွေးနေသည်မှာ သဘာဝကျပါသည်။ သို့သော် သူမ ရိုက်လိုက်သည့် စာသားများကို မြင်လိုက်ရသောအခါ သူတို့နှစ်ယောက်မှာ အံ့အားသင့်သွားရတော့သည်။

​"လူယုတ်မာ.. လူရိုင်းကောင်.. နင် ဘယ်လိုတောင် ဒီဧကရီကို မလေးမစား ပြောရဲတာလဲ.."

​လင်းဖန် .. " . . ."

​ကျိုးယန် .. " . . ."

​လင်းဖန်နှင့် ကျိုးယန်တို့သည် လုံယွဲ့ကို ဆွံ့အကာ စိုက်ကြည့်နေမိသည်။ သူတို့က ပြင်းပြင်းထန်ထန် ပြန်ဆဲခိုင်းသော်လည်း သူမကမူ ဤမျှ အန္တရာယ်ကင်းသည့် စကားလုံးများကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဤသည်ကို ဆဲသည်ဟု ခေါ်မည့်အစား ချွဲနွဲ့နေသည်ဟု ပြောလျှင်ပင် ပို၍ ဆီလျော်ပေလိမ့်မည်။

​"လင်းဖန် . . . မရီးရဲ့ ဆဲပုံဆဲနည်းက အရမ်း နူးညံ့လွန်းနေတယ်ကွာ . . ."

​"မင်းမရီးက ဒီလိုပဲ..သူ လူတွေကို ဘယ်လိုဆဲရမလဲဆိုတာ မသိဘူးလေ . . ."

​လင်းဖန်မှာ ရယ်ရမလို ငိုရမလို ဖြစ်နေသော်လည်း စိတ်ထဲတွင်တော့ စိတ်အေးသွားရသည်။ လောလောဆယ်အထိ လုံယွဲ့ထံမှ သူ ကြားဖူးသမျှ အပြင်းထန်ဆုံး ဆဲသည့်စကားမှာ ပြီးခဲ့သည့်အကြိမ်က ပြောခဲ့သော "နှာဗူး၊ အရှက်မရှိတဲ့လူ၊ အောက်တန်းစား" ဆိုသည့် စကားများသာ ဖြစ်သည်။ အင်မော်တယ် နယ်မြေ၏ ဧကရီတစ်ပါးအနေဖြင့် သူမ၏ စိတ်ဓာတ်နှင့် အမူအရာအရ ယုတ်ညံ့သော စကားလုံးများကို သူမ ဘယ်လိုမှ ပြောဆိုနိုင်မည် မဟုတ်ပေ။

​ဂိမ်းထဲတွင် အလယ်လမ်းက ကစားဖော်သည် လုံယွဲ့ ပို့လိုက်သည့် စာသားကို မြင်သောအခါ လှောင်ပြောင်သည့် စကားများကို ထပ်မံ ပို့လိုက်ပြန်သည်။

​"သောက်တောသား . . . မင်းက ငါ့ကို ဆဲနေတာလား..ငါ့ကို ချွဲနေတာလို့ တောင် ထင်နေမိတယ် ဟားဟားဟား.."

​"ဒီလောက် စာရိုက်နှေးပြီး ဆဲလည်း မဆဲတတ်ဘဲနဲ့ ငါနဲ့ လာပြီး စကားနိုင်လုချင်သေးတာလား.. မင်းရဲ့ အမေကိုကော မငဲ့တော့ဘူးလား.."

​"စာရိုက်တာ ကျွမ်းကျင်အောင် အရင် လေ့ကျင့်ပြီးမှ ငါ့ကို လာပြောစမ်းပါ တောသားလေးရဲ့.."

​လုံယွဲ့ ..." . . . "

​စကားပြောခန်းထဲတွင် လှောင်ပြောင်သရော်သည့် စကားများ တဖွဲဖွဲ တက်လာနေသော်လည်း သူမကမူ စာတစ်ကြောင်းပင် မပြီးသေးသဖြင့် လုံယွဲ့မှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ခါနေတော့သည်။ သူမ၏ လက်ချောင်းလေးများမှာ ဖုန်းမျက်နှာပြင်ကို အားဖြင့် ဖိထားမိသဖြင့် ဖုန်းကြီး ကြေမွသွားတော့မည့်အလားပင်။

​သူမသည် ဤမျှအထိ စော်ကားခံရပြီး စိတ်မကောင်းဖြစ်ရသည့် အခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးခဲ့ပေ။ ဤကမ္ဘာ၏ စာရိုက်နည်းကို သူမ ကောင်းကောင်း မတတ်မြောက်သေးသဖြင့် တုံ့ပြန်ရန် ကြိုးစားသမျှ အရာမထင်ဘဲ အားကိုးရာမဲ့သကဲ့သို့ ခံစားနေရသည်။

​လုံယွဲ့သည် ခေါင်းကို လှည့်လိုက်ရာ သူမ၏ မျက်လုံးများတွင် မျက်ရည်စများ ဝဲနေပြီး နှုတ်ခမ်းနီနီလေးကို ဒေါသတကြီး ကိုက်ထားကာ လင်းဖန်ကို သနားစဖွယ် အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။

​"နင် အရမ်း ဒေါသထွက်နေတာလား.. သူ့ကို ပြန်ဆဲချင်လို့လား.."

လင်းဖန်က မေးလိုက်သည်။

​"အင်း.."

​လုံယွဲ့က လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသည်။

​"ကောင်းပြီလေ.. ဒါဆို ငါ့ကို ပေးလိုက်တော့.."

​လင်းဖန်က အားမလိုအားမရ ပြုံးလိုက်ပြီး သူမ၏ ဖုန်းကို ယူလိုက်သည်။ ထို့နောက် သူ၏ လက်ချောင်းများမှာ စန္ဒယားတီးနေသကဲ့သို့ စကားပြောခန်းပေါ်တွင် အလွန်လျင်မြန်စွာ လှုပ်ရှားသွားတော့သည်။

​"***** (ဆဲဆိုသောစကား) . . . ငါက မင်းကို ဂရုမစိုက်ဘဲ နေမလို့ပဲ ဒါပေမဲ့ မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးနေတာပဲ.."

​"ဒါက သာမန် အပျော်ဆော့တဲ့ ပွဲပဲလေ..ဘာလို့ ဒီလောက် လောင်နေတာလဲ.. ဟီးရိုး အသစ်တွေ လေ့ကျင့်တာကို ခွင့်မပြုဘူးလား.. .."

​"** (ဆဲစကား) . . . မင်း တစ်ယောက်တည်းပဲ စာရိုက်တတ်တယ် မှတ်နေလား..ဟမ်.. ဘာတွေ ဟောင်နေတာလဲ..သားလေး.."

​" . . ."

​မျက်စိတစ်မှိတ်အတွင်းမှာပင် ဂိမ်းထဲက စကားစစ်ထိုးပွဲမှာ တစ်ဆစ်ချိုး ပြောင်းလဲသွားတော့သည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် လင်းဖန်သည် စာသားပေါင်း ဆယ်ဂဏန်းမက ရိုက်ပို့လိုက်ရာ တစ်ဖက်လူ၏ ဆဲစကားများမှာ မြုပ်သွားတော့သည်။

​ကျိုးယန်ကတော့ ဘေးတွင် လက်ပိုက်ကြည့်ရင်း အားရကျေနပ်စွာ ခေါင်းညိတ်နေလေ၏။

​'ဒီလိုမှပေါ့.. ဒါမှ တကယ့် ဘလိမ်းမားပဲ..ခုနက မရီးလုပ်တာက ချွဲတာနဲ့ တူနေတယ်..'

​လုံယွဲ့သည် လင်းဖန်အနားသို့ တိုးကပ်ကာ ဂိမ်းထဲက စကားပြောခန်းကို ကြည့်နေပြီး သူမ၏ မျက်လုံးများထဲတွင်တော့ လင်းဖန်အပေါ် အထင်ကြီးလေးစားသည့် အရိပ်အယောင်များ ပေါ်လာတော့သည်။

'​နတ်ဆိုးအရှင်က စာရိုက်တာ အရမ်းမြန်တာပဲ.. တကယ်ကို အံ့သြဖို့ ကောင်းတယ် .. ပြီးတော့ သူက အခု ငါ့ကိုယ်စား ဒေါသဖြေပေးနေတာပဲ . . .'

​မကြာမီမှာပင် လင်းဖန်နှင့် တစ်ဖက်လူတို့၏ အပြန်အလှန် စကားစစ်ထိုးပွဲမှာ စာရိုက်ရာမှ အသံဖြင့် ဆဲဆိုသည့် အဆင့်သို့ ရောက်ရှိသွားသည်။ လင်းဖန် ဆဲရတာ မောသွားသည့်အခါ ကျိုးယန်က အနောက်မှနေ၍ အစားထိုးကာ အားတက်သရော ဆက်လက် ဆဲဆိုပေးလိုက်သည်။ မိသားစု ဂုဏ်သိက္ခာကို ကာကွယ်သည့် ထိုစစ်ပွဲမှာ တစ်ဖက်လူ၏ အသံများ တိမ်ဝင်သွားပြီး အိမ်ကြီး ပေါက်ကွဲကာနီး အချိန်မှသာ ပြီးဆုံးသွားတော့သည်။

​"ဟားဟားဟား.. အားရစရာ ကောင်းလိုက်တာ.. ဂိမ်းထဲမှာ လူတစ်ယောက်နဲ့ ပြိုင်မဆဲရတာကြာပြီ.. ငါ့ရဲ့ စွမ်းရည်တွေကတော့ အရင်လိုပဲ.."

​ကျိုးယန်က စိတ်ကျေနပ်သွားပုံရပြီး ဖုန်းကို လုံယွဲ့လက်ထဲသို့ ပြန်ပေးလိုက်သည်။ လုံယွဲ့သည် ဖုန်းကို ယူလိုက်စဉ်မှာပင် သူမ၏ နှုတ်ခမ်းလေးများမှာ အလိုအလျောက် ပြုံးယောင်သန်းသွားတော့သည်။

​ယခင်က ရှန်းမို တိုက်ကြီးပေါ်မှာ ဆိုလျှင် တစ်စုံတစ်ယောက်က သူမကို စော်ကားလျှင် သူမ ကိုယ်တိုင်သာ ဖြေရှင်းလေ့ရှိသည်။ ယခုကဲ့သို့ တခြားတစ်ယောက်က သူမကိုယ်စား ဒေါသဖြေပေးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သဖြင့် သူမ စိတ်ထဲတွင် ထူးထူးခြားခြား ပျော်ရွှင်နေမိသည်။

​ထို့နောက် လုံယွဲ့သည် လေ့ကျင့်ရန်အတွက် ဂိမ်းအချို့ကို ဆက်လက် ဆော့ကစားခဲ့သည်။ သူမသည် အဆင့်မြင့် ကစားသမားတစ်ယောက် ဖြစ်ရန် အလှမ်းဝေးနေသေးသော်လည်း ပွဲစဉ်တိုင်းတွင် သူမ၏ ထိန်းချုပ်ပုံနှင့် နားလည်မှုမှာ ပိုမို တိုးတက်လာခဲ့သည်။ ၀-၈ နှင့် ပွဲသိမ်းရာမှ နောက်ပိုင်းတွင် ရန်သူကို တစ်ယောက်ချင်း သတ်နိုင်သည့် အဆင့်သို့ ရောက်ရှိလာခဲ့ရာ သူမ၏ တိုးတက်မှုမှာ သိသာလှသည်။

​ပွဲအနည်းငယ်အတွင်းမှာပင် သူမသည် အတွေ့အကြုံမရှိသူအဆင့်မှ အလယ်အလတ်အဆင့် ကစားသမားတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။ သူမ၏ လျင်မြန်သော တိုးတက်မှုကို ကြည့်ပြီး ကျိုးယန်မှာ အံ့အားသင့်သွားရသည်။

​"လင်းဖန် . . . မရီးက အရင်က တကယ်ပဲ မဆော့တတ်တာ သေချာရဲ့လား.. ဒီလို သင်ယူမှု အရှိန်မျိုးက အရမ်းမြန်လွန်းတယ်.. မရီးက ဂိမ်းဆော့တဲ့နေရာမှာ တကယ့်ကို ပါရမီပါတာလား.."

​"ဖြစ်နိုင်တာပဲ.."

​လင်းဖန်က ပြုံးရုံသာ ပြုံးလိုက်ပြီး အများကြီး ရှင်းမပြတော့ပေ။ လုံယွဲ့၏ တိုးတက်မှုကိုလည်း သူ အထူးတလည် မအံ့သြပါချေ။

​မည်သို့ပင်ဆိုစေကာမူ သူမသည် ယခင်က အင်မော်တယ် နယ်မြေ၏ ဧကရီတစ်ပါး ဖြစ်ခဲ့ဖူးသူ ဖြစ်ရာ သူမ၏ တုံ့ပြန်မှုနှုန်းနှင့် လက်အရှိန်မှာ အလွန်ပင် လျင်မြန်လှသည်။ သူမတွင် လိုအပ်နေသည်မှာ ဂိမ်းနှင့် ဟီးရိုးများအကြောင်း နားလည်မှုသာ ဖြစ်သည်။ ဂိမ်း၏ စည်းကမ်းများနှင့် ဟီးရိုးများ၏ စွမ်းရည်များကို ပိုမို ရင်းနှီးသွားသည်နှင့်အမျှ သူမသည် ဤဂိမ်းကို ကျွမ်းကျင်စွာ ဆော့ကစားနိုင်လိမ့်မည်ဟု သူ ယုံကြည်ပေသည်။

All Chapters