အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
Chapter 67+68
~
အခန်း ၆၇+၆၈ : ချစ်စရာကောင်းသူနှင့် ရင့်ကျက်သူ
~
"မရီးရဲ့ ဂိမ်းဆော့တဲ့ အရည်အချင်းကတော့ လုံလောက်သွားပြီ.."
လုံယွဲ့ ဂိမ်းထဲတွင် အနိုင်ရရှိသွားသည်ကို စောင့်ကြည့်ပြီးနောက် ကျိုးယန်က ကျေနပ်အားရစွာ ပြောလိုက်သည်။
"တကယ်လား.."
လုံယွဲ့၏ လှပသော မျက်နှာလေးမှာ ဝမ်းသာအားရဖြစ်သွားပြီး စိတ်လှုပ်ရှားမှုကြောင့် ရင်ခုန်သံများ မြန်လာသည်။ သူမ အင်မော်တယ်ကျင့်စဥ်များကို ပထမဆုံး စတင်သင်ယူစဉ်က လူအများ၏ ချီးကျူးမှုကို ခံရသည့် အချိန်ကကဲ့သို့ပင် ပျော်ရွှင်နေမိ၏။ သူမသည် ဂျီရှန်းထျန်းကုန်း၏ ဧကရီတစ်ပါးအနေဖြင့် မိမိကိုယ်ကိုယ် နောက်ဆုံးတွင် သက်သေပြနိုင်ခဲ့ပြီ မဟုတ်ပါလော။
"ဂိမ်းဆော့တဲ့ အပိုင်းက စစ်ဆေးမှု အောင်မြင်သွားပြီဆိုတော့ နောက်တစ်ဆင့်အနေနဲ့ အလုပ်ရှင်တွေနဲ့ ဘယ်လို စနစ်တကျ စကားပြောရမလဲဆိုတာ သင်ယူရမယ်.."
ကျိုးယန်က ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လုံယွဲ့ ဇဝေဇဝါ ဖြစ်သွားသည်။
"ဂိမ်းအတူဆော့ပေးဖို့အတွက် စကားပြောတာကိုပါ လေ့ကျင့်ဖို့ လိုသေးတာလား .."
"ဒါပေါ့ မရီးရဲ့.. ဒါက အရမ်း အရေးကြီးတဲ့ ကျွမ်းကျင်မှုပဲ..တချို့ကိစ္စတွေမှာဆိုရင် ဂိမ်းဆော့တဲ့ အရည်အချင်းထက်တောင် ပိုပြီး အရေးကြီးသေးတယ်.. ဂိမ်းအတူဆော့ပေးတဲ့သူ အမျိုးအစား နှစ်မျိုးရှိတယ်..တစ်မျိုးကတော့ အဆင့်မြင့်ပြီး ကျွမ်းကျင်မှု နဲ့ အလုပ်ရှင်ကို အဆင့်တက်အောင် ဆွဲတင်ပေးတဲ့သူတွေပေါ့ .အဲဒါက များသောအားဖြင့် ယောကျာ်းလေးတွေ ပိုများတယ်.. နောက်တစ်မျိုးကတော့ ဂိမ်းအဆင့်နဲ့ ကျွမ်းကျင်မှု သိပ်မလိုဘဲ အလုပ်ရှင်ကို ဖျော်ဖြေပေးပြီး စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုပေးနိုင်တဲ့သူတွေပေါ့..အဲဒါကတော့ များသောအားဖြင့် မိန်းကလေးတွေ ပိုများတယ်.."
ကျိုးယန်သည် ဂိမ်းအတူဆော့ပေးသူများကို အမြဲ ငှားရမ်းလေ့ရှိသူ ဖြစ်သဖြင့် အလုပ်ရှင်တစ်ယောက်၏ အမြင်မှနေ၍ စိတ်ရှည်လက်ရှည် ရှင်းပြနေခြင်း ဖြစ်သည်။
လုံယွဲ့ နားထောင်နေသော်လည်း တစ်ဝက်တစ်ပျက်သာ နားလည်လေသည်။
"စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုပေးတယ်ဆိုတာ ဘာလဲ.."
"စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုပေးတယ်ဆိုတာက အလွယ်ပြောရရင် အလုပ်ရှင် ပျော်အောင် ဘာမဆို လုပ်ပေးတာကို ပြောတာပါ.."
လင်းဖန်က လုံယွဲ့၏ ရှေ့တွင် အေးအေးလူလူ ထိုင်ရင်း ရှင်းပြလိုက်သည်။
"ကဲ . . . အခုကစပြီး ငါ့ကို အလုပ်ရှင်လို့ သဘောထားလိုက်.. ငါ အခု ဂိမ်းထဲမှာ ရန်သူကို ပထမဆုံး သတ်လိုက်ပြီဆိုရင် နင် ဘာပြောမလဲ.."
လုံယွဲ့သည် လက်တွေ့စမ်းသပ်မှု စတင်ပြီဖြစ်ကြောင်း သိလိုက်သဖြင့် အမူအရာကို ပြုပြင်ကာ ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"အလုပ်ရှင် . . . ရှင် ဆော့တာတော်လိုက်တာ.."
"အင်း . . ."
လင်းဖန်နှင့် ကျိုးယန်တို့ နှစ်ယောက်စလုံးသည် မေးစေ့ကို တစ်ပြိုင်နက်တည်း ကိုင်ကာ စဉ်းစားခန်း ဝင်သွားကြသည်။
"ယန်ကျိ . . . မင်း ဘယ်လို ထင်လဲ.."
လင်းဖန်က ကျိုးယန်ဘက်သို့ လှည့်မေးလိုက်သည်။
ကျိုးယန်က တွန့်ဆုတ်မနေဘဲ ခေါင်းခါလိုက်ပြီး...
"အသံကတော့ ကောင်းတယ်.. ၁၀ မှတ်အပြည့်ပေးမယ်.. ဒါပေမဲ့ ခံစားချက် မပါဘူး.. တာဝန်အရ လုပ်ပြောနေသလိုပဲ..ခံစားချက်အပိုင်းမှာတော့ အားနည်းလွန်းလို့ ၅မှတ် ပဲ ပေးနိုင်မယ်..နောက်ပြီး အလုပ်ရှင်ကို အလုပ်ရှင်လို့ ခေါ်တာက . . . ၁၀ မှတ်လျှော့မယ်.. စုစုပေါင်း အကဲဖြတ်ချက် က အနှုတ် ၅မှတ် ပဲ.."
"အရည်အချင်းပြည့်မီတဲ့ မိန်းကလေး ဂိမ်းဖော်တစ်ယောက်ဆိုတာ အသံချိုသာရမယ်.. ခံစားချက် အပြည့်ရှိရမယ်..ပြီးတော့ အလုပ်ရှင်ကို ဘယ်လို စနစ်တကျ ခေါ်ရမလဲဆိုတာ သိရမယ်.."
ထိုစကားများကို ကြားသောအခါ လုံယွဲ့ ဆွံ့အသွားသည်။
"ဂိမ်းဆော့ဖော် လုပ်ရတာကိုပဲ ဒီလောက်အထိ လိုအပ်ချက်တွေ များနေတာလား . . ."
"ဒါပေါ့.. ဒီကမ္ဘာမှာ ဘယ်အလုပ်ကိုမှ အထင်မသေးနဲ့လေ.."
လင်းဖန်က တည်ကြည်သော အမူအရာဖြင့် ပြောလိုက်သည်။
"ဒါဆို . . . ငါ ဘယ်လို လုပ်ရမလဲ.."
လုံယွဲ့က သင်ယူလိုစိတ်ဖြင့် မေးလိုက်၏။
"ယန်ကျိက ဒီကိစ္စမှာ အတွေ့အကြုံ ရှိတယ်.. သူ့ကို အရင် လုပ်ပြခိုင်းလိုက်မယ်.. ယန်ကျိ . . ."
လင်းဖန် ခဏတာ တိတ်ဆိတ်သွားပြီးနောက် စကားစရန် ကြိုးစားသော်လည်း အသံထွက်မလာသဖြင့် ဘေးနားက ကျိုးယန်ဆီသို့သာ ပြဿနာကို လွှဲချလိုက်တော့သည်။
"ငါက ဘာလို့ လုပ်ပြရမှာလဲ . . ."
ကျိုးယန်က လင်းဖန်ကို မျက်စောင်းထိုးလိုက်သော်လည်း လုံယွဲ့၏ စူးစမ်းလိုသော အကြည့်များကြောင့် ချောင်းတစ်ချက်ဟမ့်လိုက်ပြီး ချွဲနွဲ့သော အသံဖြင့် လုပ်ပြလိုက်သည်။
"အ..ကို..ကြီး . . . အကိုကြီးက အရမ်း တော်တာပဲနော် .. အရမ်းအရမ်းကို အံ့သြစရာ ကောင်းလိုက်တာ . . ."
လင်းဖန် .. " . . ."
လုံယွဲ့ .." . . ."
ကျိုးယန်၏ ချွဲနွဲ့သော မိန်းကလေးအသံ ထွက်လာသည်နှင့်တစ်ပြိုင်နက် တစ်ခန်းလုံး တိတ်ဆိတ်သွားတော့သည်။
နွေရာသီ အလယ်ခေါင် ဖြစ်သော်လည်း လုံယွဲ့မှာ ရုတ်တရက် ချမ်းစိမ့်သွားသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ကြက်သီးများပင် ထလာ၏။
'ဟယ်..တကယ့်ကို ရွံစရာ ကောင်းလိုက်တာ.. ယောကျာ်းကြီး တန်မဲ့နဲ့ ဒီလို စကားမျိုး ဘယ်လို ပြောနိုင်ရတာလဲ.. တကယ်လို့သာ ရှန်းမို တိုက်ကြီးမှာ ဒီလို ယောကျာ်းမျိုးနဲ့ တွေ့ရင် ငါဓားနဲ့ ထခုတ်မိမှာ .."
"ဟေ့ . . . တစ်ခုခု ပြောကြဦးလေ.. မင်းတို့ ဒီလိုကြီး ငြိမ်နေတော့ ငါ နေရခက်လာပြီ . . ."
ကျိုးယန်၏ မျက်နှာကြီး နီမြန်းသွားပြီး ချက်ချင်းပင် နောင်တရသွားတော့သည်။ လင်းဖန်က သူကိုယ်တိုင် ပြောဖို့ ရှက်နေသဖြင့် သူ့ကို အရှက်ခွဲလိုက်ခြင်း ဖြစ်ရာ သူ အရှက်ကွဲသွားရလေပြီ ။
"အဟမ်း..အဟမ်း. ကဲ . . . နမူနာ ပြတာ ပြီးပြီ..အခု နင့်အလှည့် စမ်းကြည့်ဦး.."
လင်းဖန်သည် အနေရခက်သော အခြေအနေကို ပြုပြင်ရန် ချောင်းနှစ်ချက်ဟမ့်လိုက်ပြီး လုံယွဲ့ဘက်သို့ လှည့်ကြည့်လိုက်သည်။
လုံယွဲ့၏ မျက်နှာမှာ ဝမ်းချုပ်နေသည့် အမူအရာမျိုး ဖြစ်နေပြီး စိတ်ထဲက မအီမသာ ဖြစ်မှုကို အတင်းအကျပ် ထိန်းချုပ်ကာ အသံကို မြှင့်ပြီး လင်းဖန်ကို ခေါ်လိုက်သည်။
"အ . . . အကိုကြီး . . ."
"မရဘူး.. အသံက အရမ်း တောင့်တင်းနေပြီး သဘာဝမကျဘူး.. စိတ်မပါသလိုပဲ..အလုပ်ရှင်က ဘယ်လိုလုပ် သဘောကျမှာလဲ..နောက်တစ်ခါ ပြန်လုပ်.."
"အကိုကြီး . . ."
"အများကြီး ပိုပြီး သဘာဝကျလာပြီ..ဒါပေမဲ့ ခံစားချက် မလောက်သေးဘူး.. နည်းနည်းလောက် ပိုပြီး ချွဲတဲ့အသံလေးနဲ့ပြော.. ချစ်စရာကောင်းတာနဲ့ ချိုသာတာ ရောနေတဲ့ မိန်းကလေး အသံမျိုး ဖြစ်ရမယ်.."
"အ . . . အကိုကြီး . . ."
"ဟုတ်ပြီ..ဟုတ်ပြီ.. အများကြီး ပိုကောင်းလာပြီ ..တစ်ခါတည်း အပြည့်ပြောကြည့်.."
“အ..ကို..ကြီးးး..အကိုကြီးက အရမ်း တော်တာပဲနော် . . . အံ့သြစရာ ကောင်းလိုက်တာ..."
"အင်း.. တော်တော်လေး ကောင်းတယ်.. နောက်တစ်ခါ ထပ်လုပ်ဦး.."
လင်းဖန်က ကျေနပ်စွာ ခေါင်းညိတ်ပြနေသော်လည်း လုံယွဲ့ကတော့ မျက်နှာလေး နီမြန်းနေလေပြီ။ သူ သဘောကျနေသည်ကို မြင်သောအခါ သူမ အလှည့်စားခံလိုက်ရပြီဟု ချက်ချင်း ခံစားလိုက်ရ၏။ သူမဒေါသတကြီးဖြင့် သူ၏ ကော်လာကို ဆွဲလိုက်ပြီး အေးစက်သော လူသတ်လိုသည့် အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။
"နတ်ဆိုးအရှင်.. နင် ငါ့ကို ဒါမျိုး တမင် ခေါ်ခိုင်းနေတာ မလား.. အကိုကြီး . . . အ..ကို..ကြီး . . ."
သူမ နောက်ဆုံးတွင် ခေါ်လိုက်သည့် အကိုကြီးဆိုသည့် ခေါ် သံမှာ အံကြိတ်ကာ တစ်လုံးချင်းစီ ထွက်လာခြင်း ဖြစ်သည်။
"ဂျီရှန်းထျန်းကုန်းရဲ့ ဧကရီက ဘာတွေ ပြောနေတာလဲ.. ငါက အလုပ်ရှင် တစ်ယောက်ရဲ့ အနေအထားနဲ့ နင့်ကို လေ့ကျင့်ပေးနေတာလေ..ငါ့မှာ တခြား ဘာအကြံမှ မရှိပါဘူး.."
လင်းဖန်က လူကြီးလူကောင်း ပုံစံဖမ်းကာ လုံယွဲ့၏ အကြည့်ကို မရှောင်မလွှဲဘဲ ပြန်ကြည့်လိုက်သည်။
"ဟွန်း.."
လုံယွဲ့က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လင်းဖန်ကို လွှတ်ပေးလိုက်သည်။ သူမသည် မျက်နှာနီနီလေးနှင့် မူလနေရာတွင် ပြန်ထိုင်ကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ဒီလို အသံမျိုးနဲ့ ချွဲနွဲ့ပြီး ပြောဖို့ဆိုရင်တော့ ငါ မလုပ်နိုင်ဘူး.."
ဤကဲ့သို့ အတင်းအကျပ် အသံလုပ်ပြီး တခြားသူကို ချွဲနွဲ့ပြရခြင်းမှာ သူမ ကိုယ်တိုင်ပင် ရွံရှာမိသည်။ ထို့ပြင် ဧကရီတစ်ပါးအနေဖြင့် ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့် ကိစ္စပင်။ သူမသည် အင်မော်တယ် နယ်မြေ၏ ဧကရီဖြစ်ပြီး ချစ်စရာကောင်းသော မိန်းကလေးတစ်ယောက် မဟုတ်။ ဤကဲ့သို့ ပြောရမည့်အစား အသေခံလိုက်ရသည်က ပိုကောင်းပေလိမ့်မည်။
"ဒါဆိုရင် ချစ်စရာကောင်းတဲ့ ပုံစံက မသင့်တော်ဘူးဆိုတော့ တခြား ပုံစံတစ်ခုကို စမ်းကြည့်ရင်ကော . . . ဥပမာ ရင့်ကျက်တဲ့ အမျိုးသမီး ပုံစံမျိုးပေါ့.."
လင်းဖန်က စဉ်းစားပြီး အကြံပြုလိုက်သည်။
မြင့်မြတ်သော ဧကရီတစ်ပါးကို ချစ်စရာကောင်းသည့် ပုံစံ လုပ်ခိုင်းခြင်းမှာ တကယ်ပင် မလိုက်ဖက်လှပေ။ သို့သော် ရင့်ကျက်သော အမျိုးသမီး ပုံစံဆိုပါက သူမနှင့် ကွက်တိ ဖြစ်သွားပေလိမ့်မည်။ ဧကရီဆိုသည်မှာ ရင့်ကျက်ခြင်း၏ ပြယုဂ် မဟုတ်ပါလော။
“ရင့်ကျက်တဲ့ အမျိုးသမီး ပုံစံဆိုတာ ဘာလဲ”
လုံယွဲ့ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
လင်းဖန် ခေတ္တ တိတ်ဆိတ်သွားပြီး ကျိုးယန်ဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
“ယန်ကျိ . . .”
"မစဉ်းစားနဲ့.. ငါ လုံးဝ ထပ်ပြီး နမူနာ မပြတော့ဘူး.."
ကျိုးယန်က ပြတ်သားစွာ ပြောလိုက်သည်။
ခုနက ချစ်စရာကောင်းသည့် ပုံစံကို လုပ်ပြစဉ်ကပင် သူ အရှက်အကုန် ကွဲသွားပြီ ဖြစ်ရာ ယခု ရင့်ကျက်သည့် အမျိုးသမီး ပုံစံကိုပါ ထပ်လုပ်ရန်မှာ မဖြစ်နိုင်တော့ပေ။
"နောက်ဆုံး တစ်ခါတည်းပါကွာ..မင်းရဲ့ ပါရမီကမှ အဲဒီ အသံနဲ့ ခံစားချက်ကို အသက်ဝင်အောင် လုပ်ပြနိုင်မှာလေ.."
လင်းဖန်က အလေးအနက် တောင်းဆိုလိုက်သည်။
"ကောင်းပြီလေ.. နောက်ဆုံး တစ်ခါပဲနော်.. ဒါ အပြီးပဲ.."
လင်းဖန်၏ မြှောက်ပင့်မှုကြောင့် ကျိုးယန် တွန့်ဆုတ်နေပြီးမှ အာခေါင်ကို ပြန်ရှင်းလိုက်ကာ ရင့်ကျက်သော အမျိုးသမီးတစ်ယောက်၏ အမူအရာနှင့် အသံကို တုပပြီး ပြောလိုက်သည်။
“မောင် . . . မမကို သဘောကျလား . . . မမက မောင့်ကို ဖိနပ်နဲ့ နင်းပေးတာမျိုးကော ခံချင်လား . . . အင်း . . .."
လုံယွဲ့ ..". . ."
"ဒါ . . . ဒါက . . . ရင့်ကျက်တဲ့ ပုံစံလား . . ."
"ငါက အလုပ်ရှင်တွေကို ဒီလိုပုံစံနဲ့ စကားပြောရမှာလား . . ."
လုံယွဲ့၏ ပါးပြင်လေးများ တုန်ရီနေပြီး သူမ၏ မျက်နှာတွင် စက်စုပ်ရွံရှာမှုများ ပြည့်နှက်သွားတော့သည်။ ဤကဲ့သို့သော စကားပြောပုံမျိုးမှာ အင်မော်တယ် နယ်မြေရှိ ဟဲဟွမ် ဂိုဏ်းမှ မြှူဆွယ်တတ်သော အမျိုးသမီးများနှင့် တထေရာတည်း တူနေပေသည် ။
"မတတ်နိုင်ဘူးလေ.. အလုပ်ရှင်တွေက ဒီလို ပုံစံမျိုးကို သဘောကျကြတာကိုး.. ချစ်စရာကောင်းတဲ့ ပုံစံနဲ့ ရင့်ကျက်တဲ့ ပုံစံက အခုခေတ်မှာ လူကြိုက်အများဆုံးပဲ.."
လင်းဖန်နှင့် ကျိုးယန်တို့က လေးနက်စွာ ခေါင်းညိတ်ပြလိုက်ကြသည်။
ထိုအရာကို မြင်လိုက်ရသောအခါ လုံယွဲ့၏ မျက်နှာတွင် အားကိုးရာမဲ့မှုနှင့် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်သွားတော့သည်။ သူမ တကယ်ကို နားမလည်နိုင်တော့ပါချေ။ ဤခေတ်က လူသား ယောကျာ်းလေးများမှာ ဤကဲ့သို့သော အမျိုးသမီးမျိုးကိုသာ သဘောကျကြသည်လော။