အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
Chapter 69+70
~
အခန်း ၆၉+၇၀ : ဧကရီနှင့် သင့်တော်မည့် အလုပ်
~
နောက်ဆုံးတွင်တော့ လုံယွဲ့သည် အလုပ်ရှင်များ စိတ်ကျေနပ်စေရန် အသံကို ပြုပြင်ပြီး ချွဲနွဲ့ပြောဆိုခြင်းကိုလည်း လက်မခံနိုင်၊ ရင့်ကျက်သော အမျိုးသမီးများ၏ ပြောဆိုပုံကိုလည်း မတုပနိုင်သဖြင့် ဂိမ်းအတူဆော့ပေးသူ ဖြစ်လာမည့် အစီအစဉ်မှာ မအောင်မြင်ဘဲ အလုပ်ရှာဖွေရေးမှာ အစမှ ပြန်စလိုက်ရတော့သည်။
ပင်ပန်းနွမ်းနယ်ခဲ့ရသော နံနက်ခင်းအပြီးတွင် လင်းဖန်၊ ကျိုးယန်နှင့် လုံယွဲ့တို့သည် အပြင်စာများ မှာယူကာ ဧည့်ခန်းထဲတွင် အတူထိုင်စားရင်း အနားယူနေကြသည်။ အလုပ်ရှာဖွေရေး အစီအစဉ်မှာ လောလောဆယ်တွင် လမ်းစပျောက်နေဆဲပင်။
"လင်းဖန် . . . မရီးက မင်းလိုမျိုးပဲ တစ်ကိုယ်တော် လုပ်ကိုင်ရတဲ့ အလွတ်တန်း အလုပ်မျိုးကိုပဲ ရွေးချယ်ရတော့မယ် ထင်တယ်.."
ကျိုးယန်က ထမင်းတစ်လုပ် စားရင်း ပြောလိုက်သည်။ ဤသည်က သူ သေသေချာချာ စဉ်းစားပြီးမှ ရရှိလာသည့် ကောက်ချက်ပင် ဖြစ်သည်။
အလွတ်တန်း အလုပ်ဆိုသည်မှာ အလုပ်ရှင် မရှိ၊ ပုံသေ အလုပ်ချိန် မရှိ၊ ပညာအရည်အချင်း ကန့်သတ်ချက်လည်း မရှိသည့်အပြင် လူပုဂ္ဂိုလ်အရ ချုပ်ချယ်မှုများမှလည်း ကင်းဝေးသဖြင့် အတော်လေး လွတ်လပ်သည်။ အလွတ်တန်း အလုပ်အများစုမှာ လုပ်ငန်းခွင်သို့ ဝင်ရောက်ရန် အခက်အခဲ မရှိလှဘဲ အခြေအနေအမျိုးမျိုးမှာ လုံယွဲ့၏ လိုအပ်ချက်များနှင့် ကိုက်ညီနေလေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် လင်းဖန်လည်း ထိုသို့ပင် တွေးနေမိသည်။ အကယ်၍ ဧကရီသာ အလွတ်တန်း အလုပ်သမားတစ်ယောက် ဖြစ်လာပါက အခြားသူများနှင့် ဆက်ဆံရမှု လျော့နည်းသွားမည် ဖြစ်သဖြင့် သူမ၏ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်ပေါက်သွားခြင်းမှလည်း ကာကွယ်နိုင်မည် ဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့် အင်တာဗျူးတုန်းကကဲ့သို့ သူမ အပြင်မှာ အနှိပ်စက်ခံရမည်ကိုလည်း သူ စိုးရိမ်နေစရာ မလိုတော့ပေ။
သို့သော် အလွတ်တန်း အလုပ်များထဲတွင်လည်း လမ်းဘေးဈေးသည်၊ အွန်လိုင်း ဝတ္ထုရေးဆရာ သို့မဟုတ် ဗီဒီယို ဖန်တီးသူ စသည်ဖြင့် အမျိုးမျိုး ရှိနေသည်။ ထိုအထဲမှ မည်သည့်အရာက သူမနှင့် သင့်တော်မည်နည်း။
ပထမဦးစွာ လမ်းဘေးဈေးသည် အလုပ်ကို ကြည့်လျှင် ဧကရီ ဘာလုပ်နိုင်မည် သို့မဟုတ် ဘာရောင်းနိုင်မည် ဆိုသည်ကို ဘေးဖယ်ထားဦးတော့၊ လမ်းဘေးဈေးရောင်းရသည့် အလုပ်မှာ ပုံမှန် အလုပ်တစ်ခုထက် ပို၍ ခက်ခဲလှပေသည်။
အကယ်၍ သူမက မုန့် သို့မဟုတ် အစားအသောက် ရောင်းမည်ဆိုပါက ကုန်ကြမ်းများကို စောစောစီးစီး ဝယ်ယူရမည်၊ နာရီပေါင်းများစွာ ကြိုတင်ပြင်ဆင်ရမည်ဖြစ်ပြီး နောက်ဆုံးတွင် တွန်းလှည်းကို ကိုယ်တိုင်တွန်းကာ ဈေးသို့သွား၍ ဆိုင်ခင်းရမည် ဖြစ်သည်။
ကံကောင်းလျှင် အကုန်ရောင်းရမည် ဖြစ်သော်လည်း ကံမကောင်းပါက တစ်နေကုန် ဈေးဦးပင် မပေါက်ဘဲ လုပ်ထားသမျှ အရာအားလုံး အလဟဿ ဖြစ်သွားနိုင်သည်။ ဧကရီ၏ စရိုက်အရဆိုလျှင် ဆိုင်တွန်းလှည်းကို တွန်းရင်း လူကြားထဲတွင် အရုပ်တစ်ရုပ်လို ငြိမ်ငြိမ်လေးသာ ထိုင်နေပေလိမ့်မည်။ ဖောက်သည်များ လာစေရန် အော်ဟစ်ခေါ်ယူနိုင်မည်လည်း မဟုတ်ပေ။
စဉ်းစားကြည့်လျှင် လမ်းဘေးဈေးသည် အလုပ်မှာ သူမနှင့် မသင့်တော်ပါချေ။
အွန်လိုင်း ဝတ္ထုရေးဆရာ အလုပ်ကိုဆိုလျှင် ပို၍ပင် မစဉ်းစားသင့်တော့ပေ။
ဝတ္ထုရေးဆရာ တစ်ယောက်ဖြစ်ရန် ကွန်ပြူတာ သို့မဟုတ် ဖုန်းတစ်လုံးရှိရုံဖြင့် အတားအဆီး မရှိသော်လည်း ဤအလုပ်မှ ရရှိသည့် ဝင်ငွေမှာ မတည်ငြိမ်လှ။ ယခုတစ်နပ် စားရသော်လည်း နောက်တစ်နပ်အတွက် မသေချာသည့် အခြေအနေမျိုး ဖြစ်သည်။
စာရေးဆရာ လောကတွင် "ဝတ္ထုရေးခြင်းဟာ လမ်းဆုံးပဲ" ဆိုသည့် စကားပုံတစ်ခုပင် ရှိနေသည် မဟုတ်ပါလော။ဤသည်က ပြန်လမ်းမရှိသည့် လမ်းတစ်ခုပင် ဖြစ်သည်။
ထို့ပြင် ဧကရီ၏ တရုတ် အက္ခရာ ရိုက်နှိပ်နိုင်သည့် အရှိန်မှာလည်း ချီးကျူးစရာ အနေအထားတွင် မရှိသေးပေ။ သူမ စာတစ်ခန်း ရေးပြီးသည့်အချိန်တွင် တစ်လမှ တစ်ခန်းတင်သည့် စာရေးဆရာ ဖြစ်သွားပေလိမ့်မည်။ ထိုအချိန်တွင် ကွန်ပြူတာရှေ့မှာပင် သူမ ငတ်သေသွားနိုင်သည်။
အကယ်၍ သူတို့နှစ်ယောက်စလုံးသာ အိမ်မှာထိုင်ပြီး ဝတ္ထုတွေ အတူတူ ရေးနေကြမည်ဆိုပါက တစ်လလုံးနေမှ စာမူခ ယွမ်တစ်ရာပင် စုမိကြမည် မဟုတ်သည်မှာ စိုးရိမ်စရာပင်။
ကျန်ရှိနေသော ဗီဒီယို ဖန်တီးသူ အလုပ်မှာလည်း ဧကရီအတွက် မည်သို့မျှ မလွယ်ကူလှပေ။
ယခုခေတ်တွင် အင်တာနက် ထွန်းကားလာသည်နှင့်အမျှ အွန်လိုင်း လူမှုကွန်ရက်များပေါ်တွင် ဗီဒီယို ဖန်တီးသူများမှာ နေရာအနှံ့ ရှိနေကြပြီး ဈေးကွက်မှာလည်း ပြည့်နှက်နေသည့် အခြေအနေသို့ ရောက်ရှိနေလေပြီ။
ဗီဒီယို ဖန်တီးပြီး ပိုက်ဆံရရန်အတွက် အရည်အသွေးမြင့်ပြီး ဆွဲဆောင်မှုရှိသော ဗီဒီယိုများ လိုအပ်သည်။ ဧကရီမှာ ကွန်ပြူတာပင် ကောင်းကောင်း မသုံးတတ်သေးရာ ဗီဒီယို တည်းဖြတ်သည့် ဆော့ဖ်ဝဲလ်များကို သုံးပြီး ဗီဒီယို တည်းဖြတ်ခြင်း၊ တင်ခြင်းများကို မည်သို့ လုပ်ဆောင်နိုင်ပါမည်နည်း။
အခြားသော အလွတ်တန်း အလုပ်များ၏ အခက်အခဲများနှင့် အခြေအနေများမှာလည်း အတူတူပင် ဖြစ်ရာ သူမနှင့် သင့်တော်မည့် အလုပ်မှာ တစ်ခုမျှ မရှိသကဲ့သို့ ခံစားနေရသည်။
'ဒီကမ္ဘာပေါ်တွင် သူနှင့် သင့်တော်မည့် အလွတ်တန်း အလုပ် တကယ်ပဲ မရှိတော့ဘူးလား..'
လင်းဖန်သည် မျက်မှောင်ကြုတ်ကာ စဉ်းစားခန်း ဝင်နေပြီး သူ၏ မျက်နှာတွင်လည်း စိတ်ပျက်သည့် အမူအရာများ ပေါ်လာသည်။
ထိုအချိန်တွင် ကျိုးယန်သည် ထမင်းစားရင်း ဖုန်းထဲမှ တိုက်ရိုက်ထုတ်လွှင့်မှု (Live Stream) တစ်ခုကို ကြည့်နေရာ ထိုအသံမှာ လင်းဖန်၏ အာရုံကို ဖမ်းစားသွားတော့သည်။
လင်းဖန်၏ စိတ်ထဲတွင် အတွေးသစ်တစ်ခု ရုတ်တရက် ပေါ်လာပြီး လုံယွဲ့ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ရပြီ.. နင့်နဲ့ သင့်တော်မည့် အလုပ်ကို ငါ သိပြီ.."
"ဘာအလုပ်လဲ.."
လုံယွဲ့က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
လင်းဖန်နှင့် ကျိုးယန်တို့သည် တစ်မနက်လုံး သူမအတွက် အလုပ်မျိုးစုံကို စဉ်းစားပေးခဲ့ကြသော်လည်း သူမနှင့် သင့်တော်မည့် အလုပ်တစ်ခုမျှ မရှိခဲ့ပေ။ သူမ လက်မခံနိုင်သည့် အလုပ်များသာ ဖြစ်နေသဖြင့် သူမသည် မိမိကိုယ်ကိုယ် အသုံးမကျသူ တစ်ယောက်လားဟုပင် သံသယဝင်ကာ စိတ်ပျက်အားငယ်နေခဲ့ရသည်။
ယခုအခါ သူမနှင့် သင့်တော်မည့် အလုပ်ရှိသည်ဟု ကြားလိုက်ရသဖြင့် သူမ မည်မျှ စိတ်လှုပ်ရှားသွားမည်ကို တွေးကြည့်နိုင်ပါသည်။
ကျိုးယန်လည်း စူးစမ်းလိုစိတ်ဖြင့် ဖုန်းကို ချလိုက်ပြီး လင်းဖန်ကို မော့ကြည့်လိုက်သည်။ မရီး၏ ထူးခြားသော အခြေအနေအရ သူမနှင့် သင့်တော်မည့် အလုပ် တကယ်ရှိပါသလားဟု သူလည်း သိချင်နေမိသည်။
လုံယွဲ့နှင့် ကျိုးယန်တို့၏ အကြည့်အောက်တွင် လင်းဖန်က အနည်းငယ် ပြုံးလိုက်ပြီး ကြေညာလိုက်သည်။
"တိုက်ရိုက် ထုတ်လွှင့်သူ (Live Streaming) ပေါ့.."
လောလောဆယ်တွင် အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့်မှု လုပ်ငန်းမှာ အလွန် ထွန်းကားနေပြီး ရုပ်မြင်သံကြားကိုပင် အစားထိုးနိုင်သည့် အဆင့်သို့ ရောက်နေသည်ဟု ဆိုလျှင် မမှားပေ။ လူအများစုမှာ ယခုအခါ တီဗီကြည့်ခြင်းထက် တိုက်ရိုက်ထုတ်လွှင့်မှုများကို ကြည့်ခြင်းကို ပို၍ နှစ်သက်ကြသည်။
တိုက်ရိုက်ထုတ်လွှင့်မှု လောကတွင် ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အောင်မြင်ရန် ခက်ခဲလှသော်လည်း ဧကရီ၏ သဘာဝအတိုင်း ပိုင်ဆိုင်ထားသော အားသာချက်များနှင့်ဆိုလျှင် ထောင်ပေါင်းများစွာသော ထုတ်လွှင့်သူများကြားတွင် သူမ သေချာပေါက် ထင်ပေါ်လာလိမ့်မည်ဟု သူ ယုံကြည်သည်။
လူတိုင်း သိကြသည့် ထိပ်တန်း ထုတ်လွှင့်သူကြီး ဖြစ်မလာလျှင်တောင် အလယ်အလတ်အဆင့် ထုတ်လွှင့်သူတစ်ယောက် ဖြစ်လာပါက သူမအတွက် ဝင်ငွေ အတော်လေး ကောင်းမွန်နေပေလိမ့်မည်။ သူတို့ လုပ်ပေးရမည်မှာ သူမအတွက် လိုအပ်သည့် ပစ္စည်းကိရိယာများကို ပြင်ဆင်ပေးရန်နှင့် နောက်ဆုံးတွင် သူမကို ကွန်ပြူတာရှေ့တွင် ထိုင်ခိုင်းထားရန်သာ ဖြစ်သည်။
"တိုက်ရိုက် ထုတ်လွှင့်တာလား.."
ကျိုးယန်မှာ အံ့သြသွားပြီး လုံယွဲ့ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ ချက်ချင်းပင် သဘောပေါက်သွားကာ လက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"ဟုတ်သားပဲ.. ဒါကို ငါ ဘာလို့ ခုနက မစဉ်းစားမိတာလဲ.."
"မရီးရဲ့ ရုပ်ရည်မျိုးနဲ့ဆိုရင် ဟို အလုပ်ရှင်တွေက ရူးမတတ် ဖြစ်သွားပြီး လက်ဆောင်တွေ အကြီးအကျယ် ပေးကြမှာ သေချာတယ်.."
"ဒါက ဂိမ်းအတူဆော့ပေးရတဲ့ အလုပ်ထက် အများကြီး ပိုပြီး လွယ်ကူတယ်.."
"အင်း . . . ဒါပေမဲ့ သူ့ရဲ့ မျက်နှာကိုတော့ မပြတာ ပိုကောင်းမယ် ထင်တယ်.."
လင်းဖန် ခေတ္တ စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။
အကယ်၍ လုံယွဲ့သာ သူမ၏ ထူးခြားလှပသည့် ရုပ်ရည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှု စတင်မည်ဆိုပါက သူမသည် အလွန်လျင်မြန်စွာ နာမည်ကြီးလာမည်မှာ သေချာသော်လည်း ၎င်းနှင့်အတူ မလိုအပ်သော ပြဿနာများစွာလည်း ရောက်ရှိလာနိုင်သည်။ အစွန်းရောက် ပရိသတ်အချို့က သူမ၏ နောက်ကြောင်းကို စုံစမ်းကာ ဤနေရာအထိ ရောက်လာမည် မဟုတ်ဟု မည်သူမျှ အာမမခံနိုင်ပေ။
ဒုတိယအချက်အနေနှင့် သူမသည် ရှန်းမို တိုက်ကြီးမှ လာသော ဧကရီတစ်ပါး ဖြစ်ရာ သူမ၏ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်ပေါက်မသွားစေရန် အခြားသူများ၏ အကြည့်မှ တတ်နိုင်သမျှ ရှောင်ရှားရန် လိုအပ်သည်။ သူမကို သူ၏ မျက်စိအောက်တွင်သာ ရှိနေစေခြင်းက ပို၍ စိတ်အေးရသည်။
ဒါကြောင့်လည်း သူမကို မင်းသမီး လုပ်ခိုင်းခြင်း၊ အခြားသော အပြင်အလုပ်များ သွားလုပ်ခိုင်းခြင်း သို့မဟုတ် အပြင်မှာ ဆိုင်ခင်းခိုင်းခြင်း စသည်တို့ကို သူ သဘောမတူခဲ့ခြင်း ဖြစ်သည်။
သူမသည် သူ၏ အနားတွင် မရှိပါက ဤကမ္ဘာအကြောင်းကို ကောင်းကောင်း နားမလည်သေးသဖြင့် သူ တကယ်ကို စိတ်မအေးနိုင်ပါချေ။
"မင်းက မရီးကို တိုက်ရိုက်ထုတ်လွှင့်တဲ့အခါ မျက်နှာ မပြခိုင်းဘူးပေါ့.."
ကျိုးယန် ဇဝေဇဝါ ဖြစ်သွားသော်လည်း တစ်ခုခုကို ချက်ချင်း တွေးမိသွားသည်။ သူ၏ မျက်နှာတွင် နောက်ပြောင်လိုသည့် အပြုံးမျိုး ပေါ်လာပြီး လင်းဖန်၏ အနားသို့ တိုးကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ခွားမသေးလေး..မင်း အူတိုနေပြန်ပြီလား . . .သူ့မျက်နှာကို တခြားသူတွေ ကြိုက်သွားမှာ မနာလို ဖြစ်တယ်ပေါ့.."
"မင်း လျှောက်မတွေးပါနဲ့.. ငါက သူ့ကို တခြားသူတွေ ရန်ပြုမှာ စိုးရိမ်လို့ပါ.."
လင်းဖန်က လူကြီးလူကောင်း ပုံစံဖြင့် ရှင်းပြလိုက်သည်။
ကျိုးယန်က အထင်သေးသော အကြည့်မျိုးဖြင့် ပြန်ကြည့်လိုက်၏။
နတ်ဆိုးအရှင် ဖြစ်ခဲ့ဖူးသော လင်းဖန်ပင်လျှင် ထိုအကြည့်အောက်တွင် မျက်နှာ အနည်းငယ် ပူသွားရသည်။ တစ်ခါတလေတွင် ကိုယ့်အကြောင်းကို အကုန်သိနေသည့် သူငယ်ချင်းမျိုး ရှိနေခြင်းမှာ သိပ်ပြီး မကောင်းလှပေ။
"နင်တို့နှစ်ယောက် ဘာတွေ ပြောနေကြတာလဲ..ငါ့ကို ထပ်ပြီး မသိစေချင်တဲ့ ကိစ္စလား.."
လုံယွဲ့သည် လင်းဖန်နှင့် ကျိုးယန်တို့ကို ကြည်လင်တောက်ပသည့် မျက်လုံးများဖြင့် စူးစမ်းလိုစိတ်၊ ဇဝေဇဝါ ဖြစ်မှုတို့ဖြင့် ကြည့်နေသည်။ စကားပြောနေရင်းနှင့် သူတို့နှစ်ယောက် ဘာကြောင့် တိုးတိုးတိုးတိုးနှင့် ထပ်လုပ်နေကြသည်ကို သူမ နားမလည်နိုင်ပါချေ။
"ဘာမှမဟုတ်ပါဘူး မရီး.. ငါတို့ မရီးရဲ့ အလုပ်အကြောင်းကို အတူတူ ဆွေးနွေးနေကြတာပါ.."
ကျိုးယန်က လက်ကာပြရင်း ရယ်မောကာ အကြောင်းအရာကို ပြောင်းလိုက်သည်။ ထို့နောက် သူက အမူအရာကို ပြုပြင်ကာ လင်းဖန်ဘက်သို့ လှည့်မေးလိုက်သည်။
"မင်းက မရီးကို တိုက်ရိုက်ထုတ်လွှင့်တဲ့အခါ မျက်နှာ မပြခိုင်းဘူးဆိုတော့ သူ ဘယ်လို ထုတ်လွှင့်မှာလဲ.."
"တိုက်ရိုက်ထုတ်လွှင့်တယ်ဆိုတာ မျက်နှာပြမှ လုပ်လို့ရတာ မဟုတ်ပါဘူး.. တခြား နည်းလမ်းတွေလည်း ရှိပါသေးတယ်.."
လင်းဖန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
ကျိုးယန်က မျက်မှောင်ကြုတ်ကာ စဉ်းစားနေပြီးနောက် တစ်ခုခုကို ချက်ချင်း သတိရသွားကာ လွှတ်ခနဲ ပြောလိုက်သည်။
"ပုံရိပ်ယောင်streamerလား.."