← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

31

​ရှောင်အန်းလဲ့ သူမ၏ထျန်းရှင်းသံလိုက်အိမ်မြှောင် တစ်ခုခုချွတ်ယွင်းနေပြီဟု မိမိကိုယ်ကိုအလေးအနက် သံသယဝင်နေခဲ့သည်။ အနီးနားရှိအိုးထဲစိုက်ထားသော အပင်တစ်ပင်နားသို့ လျှောက်သွားပြီး မြေကြီးပေါ်ပစ်ခွဲလိုက်၏။

​“သခင်မလေးရှောင် ဒါက ဘာလုပ်တာလဲ”

​ရှောင်အန်းလဲ့ မိုယွီကိုတစ်ချက်ကြည့်လိုက်ပြီး အိုးကွဲထဲမှ ထွက်ကျလာသော လူလုပ်ထားသည့် အရုပ်ကိုညွှန်ပြကာ ပြောလိုက်သည်။

“အဲအရုပ်ကို မြင်လား”

​ရှိနေသူအားလုံး ထိုအရုပ်ကိုမြင်လိုက်ရသောအခါ မျက်နှာပျက်သွားကြ၏။

“ဒါ ဒါဘယ်လိုဖြစ်တာလဲ၊ မင်းသားရဲ့ အိပ်ဆောင်ထဲက ပန်းအိုးထဲမှာ ဘာလို့ ဒီလိုအရာမျိုးရှိနေရတာလဲ”

​ရှောင်အန်းလဲ့ စိတ်ရှုပ်စွာခေါင်းခါလိုက်သည်။

“ရှင်တို့က ကျွန်မကို လာမေးနေသေးတယ်၊ ကျွန်မက ဘယ်သူ့ကို ရှင်တို့အတွက် သွားမေးပေးရမလဲ၊ ရှင်တို့မင်းသားရဲ့ ပန်းအိုးထဲမှာ ဘာလို့ဒီပစ္စည်းမျိုးရှိနေရတာလဲဆိုတာ ကိုယ့်ကိုယ်ကိုပြန်မေးသင့်တယ် မဟုတ်ဘူးလား၊ ကျွန်မက အခုအိမ်တော်မှာဖြစ်နေတဲ့ ပြဿနာကိုပဲရှာဖို့ တာဝန်ယူထားတာပါ၊ ဒါပေမဲ့ ဒီကိစ္စရဲ့နောက်ကွယ်က လက်သည်က တော်ဝင်မိသားစုဝင် ဖြစ်နိုင်ခြေများတယ်၊ ဘာလို့လဲဆိုတော့ နောက်ကွယ်ကလူကို ကျွန်မ, မမြင်ရလို့ပဲ၊ ကျွန်မ မမြင်ရတဲ့ အကြောင်းရင်းက နှစ်ချက်ပဲ ရှိနိုင်တယ်၊ ပထမအချက်က တော်ဝင်မိသားစုဝင် ဖြစ်နေလို့၊ တော်ဝင်မိသားစုဝင်တွေမှာ နဂါးစွမ်းအင် အကာအကွယ် ရှိနေတဲ့အတွက် ပြင်ပလူတွေက လွယ်လွယ်ကူကူ ထိုးဖောက်ပြီး အနာဂတ်နဲ့ ကံကြမ္မာကို ကြည့်လို့ မရဘူး”

​မိုယွီ အမြန်ထပ်မေးလိုက်၏။

“နောက်တစ်ချက်ကရော“

​ရှောင်အန်းလဲ့ : “နောက်တစ်ချက်က သူ့ရဲ့ကျင့်ကြံမှုအဆင့်က ကျွန်မထက် မြင့်နေလို့၊ ဒါမှမဟုတ် ကျွန်မဖြစ်နေလို့ပဲ”

​သူမပြောပြီးသည်နှင့် ထျန်းရှင်း သံလိုက်အိမ်မြှောင် လည်ပတ်လာပြန်သည်။

“ကြည့်ပါအုံး နောက်ထပ်ရှိသေးတယ်ထင်တယ်၊ ရှင်တို့အိမ်တော်က တကယ်ကို လျှို့ဝှက်ထားတာတွေများသားပဲ”

ယခုတစ်ခေါက်တော့ သူမအိပ်ဆောင်ထဲမှထွက်လာပြီး အပြင်ဘက်ရှိ ကျောက်ဆောင်အတုကြားတွင် ဓားမြှောင်တစ်ချောင်းကို ရှာတွေ့လိုက်သည်။ ဓားသွားမှာ အေးစက်စက် အရောင်လက်နေပြီး မင်းသား၏ခြံဝင်းတည့်တည့်သို့ ချိန်ရွယ်ထား၏။

“ဒီနေရာမှာ တစ်ယောက်ယောက်က ထျန်းရှားအစီအရင် စီရင်ထားတာပဲ၊ မထူးဆန်းပါဘူး”

​’တကယ် မထူးဆန်းတော့ဘူး၊ အဲ့တာကြောင့် ညဘက်တွေကျရင် သူ့ခန္ဓာကိုယ်ပတ်လည်မှာ မိစ္ဆာအငွေ့အသက်တွေဝန်းရံနေပြီး နေ့ခင်းဘက်နဲ့လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေရတာကိုး၊ အဲ့ဒါက ထျန်းရှားအစီအရင်ရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်ပေမယ့် သေချာ စဉ်းစားကြည့်ရင်လည်း မဟုတ်သေးပြန်ဘူး၊ ထျန်းရှားအစီအရင်ရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်တာဆိုရင် သူကသာမန်လူမှမဟုတ်ပဲ ဒီလောက် ရွှေရောင်ကုသိုလ်အလင်းတန်းတွေ ပေါနေတာကို တခြားမိစ္ဆာအငွေ့အသက်တွေကို ဖယ်ရှားပေးနိုင်စွမ်းရှိသင့်တယ်လေ’

​ရှောင်အန်းလဲ့တွေးနေစဉ်မှာပင် ထျန်းရှင်းသံလိုက်အိမ်မြှောင်မှ မရပ်မနား တုန်ခါလာပြန်သည်။

“နောက်ထပ်ရှိသေးတယ်လား၊ ဘယ်လိုတောင်နေရာတိုင်း မသန့်စင်တဲ့ပစ္စည်းတွေ ပြည့်နေတာလဲ”

​မိုယွီ၊ မိုခန်းနှင့်တခြားကိုယ်ရံတော်များ သူမစကားကြောင့် ရင်ထဲထိတ်လန့်သွားကြ၏။

‘ဘုရားရေ၊ သူတို့မင်းသားနေတဲ့ နေရာက ဝံပုလွေနဲ့ မြေခွေးတွင်းကြီးဖြစ်နေတာကို သူတို့တစ်ယောက်မှ သတိမထားမိခဲ့ကြဘူးပဲ၊ ဒါပေမဲ့လည်းသူတို့ကို အပြစ်တင်လို့ မရပါဘူး၊ သူတို့က ဒီလိုကိစ္စတွေကို နားမှမလည်တာ’

​“သခင်မလေးရှောင် ကျေးဇူးပြုပြီး ကျွန်တော်တို့မင်းသားကို ဒုက္ခပေးနေတဲ့ အိမ်တော်ထဲက အစီအရင်တွေ အကုန်လုံးကို ဖျက်ဆီးပေးပါ”

​ရှောင်အန်းလဲ့ ခေါင်းငြိမ့်လိုက်သည်။

“စိတ်မပူပါနဲ့ ကျွန်မက ပိုက်ဆံယူပြီးမှတော့ သေချာပေါက် အကောင်းဆုံး လုပ်ပေးမှာပါ”

ရှောင်းအန်လဲ့ အဆောင်ရောင်းချခြင်းနှင့် ဗေဒင်ဟောခြင်းမှလွဲ၍ အလုပ်တစ်ခုအတွက် ပ်ိုက်ဆံပမာဏသည် တစ်ဖက်လူ၏စေတနာအပေါ် မူတည်သောကြောင့် ပုံသေစျေးမရှိပေ။ ​နောက်ဖေးခြံဝင်းသို့ရောက်သောအခါ ရှောင်အန်းလဲ့ ရေကန်ဘက်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။

“ဒီနေရာမှာ တစ်ယောက်ယောက်က ကျင့်ဟွင်အစီအရင် စီရင်ထားသေးတယ်၊ ကျွန်မ စဉ်းစားနေတာ ရှင်တို့အိမ်တော်က မကောင်းတဲ့အစီအရင်ကျများပြီး ဘာလို့သရဲတစ်ကောင်တောင် မရှိဘဲ သန့်ရှင်းနေရတာလဲလို့လေ ဒါကြောင့်ကိုး၊ ကျွန်မ ပွင့်ပွင့်လင်းလင်းပဲပြောတော့မယ်၊ ဒီအစီအရင်က လုံးဝကို အန္တရာယ်များတာ၊ ရှင်တို့လူရှာပြီး ဒီကန်ထဲကရေကို ဖောက်ထုတ်ပစ်လိုက်တာ ကောင်းမယ်၊ ပြီးတော့ ဒီရေကန်အောက်မှာ အရိုးစုတွေဆယ်ခုမကရှိနေလောက်တယ်၊ ကျွန်မသာအကြောင်းမသိထားရင် ရှင်တို့က ဒီနေရာမှာ သင်္ချိုင်းကုန်းဆောက်ဖို့ စီစဉ်ထားတယ်လို့ထင်မှာ”

​ထိုစကားကြောင့် ရှဲ့စစ်မင်၏ပါးစပ် တွန့်သွားရသည်။ ထို့အပြင် ဤမျှကြီးမားသော အိမ်တော်ကြီးထဲရှိ နေရာတိုင်းကို သူအသေးစိတ် လိုက်ဂရုစိုက်နိုင်ရန်မဖြစ်နိုင်ပေ။ သူသည် အပြင်ထွက်ချိန်တွင် သတိအပြည့်ရှိသူဖြစ်သော်လည်း သူ့အိမ်တော်မှာ ယခုကဲ့သို့ အစီအရင်မျိုးများဖြင့် ပြည့်နေလိမ့်မယ်ဟု မထင်ထားခဲ့ပေ။ ​မိုယွီပြောချင်စိတ်မရှိသော်လည်း မနေနိုင်ဘဲမေးလိုက်သည်။

“ဒါပေမဲ့ ဒီကန်ကရေသေမဟုတ်ပဲစီးဆင်းနေတဲ့ရေဆိုတော့ ဖောက်ထုတ်ဖို့က....”

ရှဲ့စစ်မင် ချက်ချင်းဆုံးဖြတ်လိုက်၏။

“အပေါ်ကလာတဲ့ ရေစီးကြောင်းကို ဖြတ်ပြီး တခြားဘက်လွှဲလိုက်၊ ပြီးရင် ရေကို ဖောက်ထုတ်ပြီး ကန်ကြမ်းပြင်ကို သေချာ သန့်ရှင်းရေးလုပ်”

​ရှောင်အန်းလဲ့ သူ့အကြံပြုချက်ကို သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ထျန်းရှင်းသံလိုက်အိမ်မြှောင်ကို ပြန်ကြည့်လိုက်ရာ ငြိမ်သက်သွားပြီဖြစ်သည်။ သူမတစ်ခုစဉ်းစားနေသည်မှာ ယခင်ကမူလခန္ဓာကိုယ်ပိုင်ရှင်၏ဝိညာဉ်ကိုရှာစဉ် ‌ဤမင်းသားအိမ်တော်အား ညွှန်ပြခဲ့သည်မှာ သေချာသည်။

‘ဒါပေမဲ့ အခုအထဲရောက်မှ သူလိုချင်တာမတွေ့ပဲ ဘာလို့ ဒီလိုအစီအရင်တွေပဲ တွေ့နေရတာလဲ’

​ရှောင်အန်းလဲ့ စိတ်မကျေနပ်သဖြင့် လက်ညှိုးကိုကိုက်ဖောက်ပြီး သွေးတစ်စက်အား ထျန်းရှင်းသံလိုက်အိမ်မြှောင်ပေါ်သို့ ချလိုက်၏။

‘ဒါမှမဟုတ် ဒီထျန်းရှင်းသံလိုက်အိမ်မြှောင်က သူမနဲ့ဒီဘက်ခေတ်ကို ကူးပြောင်းလာရင်း စွမ်းရည်တွေ ပျက်စီးသွားတာလား’

​သူမသွေးဖြင့် ဓာတ်စာကျွေးလိုက်သောအခါ ထျန်းရှင်းသံလိုက်အိမ်မြှောင်သည် မရပ်မနားလည်ပတ်လာပြီး နေရာတစ်ခုကိုညွှန်ပြကာ ရပ်တန့်သွားသည်။ ရှောင်အန်းလဲ့ မျက်လုံးများ အရောင်တောက်သွားပြီး ညွှန်ပြရာဘက်သို့ ချက်ချင်းဦးတည်သွားသော်လည်း စိတ်ထဲတွင်တော့ ထျန်းရှင်းသံလိုက်အိမ်မြှောင်ကို ကျိန်ဆဲနေမိ၏။

‘တကယ်ပဲ ဒီကောင် သွေးတောင်းတဲ့အဆင့်တောင် ရောက်နေပြီလား’

​ရှဲ့စစ်မင် ရှောင်အန်းလဲ့နောက်မှ လိုက်ပါလာပြီး ထိုနေရာသို့ရောက်သောအခါ သတိပေးလိုက်သည်။

“အဲဒါက အစေခံတွေနေတဲ့နေရာ”

​ရှောင်အန်းလဲ့ ခေါင်းငြိမ့်လိုက်ပြီး ရေတွင်းတစ်တွင်းနားသို့ ဆက်သွားလိုက်၏။

“ဒီရေတွင်းထဲမှာ တစ်ခုခုရှိတယ်”

​တစ်ယောက်ယောက် ချက်ချင်းရှေ့တိုးပြီး ရေတွင်းကို ဖွင့်ကြည့်လိုက်သော်လည်း မည်သည်ကိုမှ မတွေ့ရပေ။

“ဘာမှ မမြင်ရပါဘူး”

“မြန်မြန်တူးလိုက်၊ ဒီရေကန်ကို လူပျိုစစ်တဲ့ယောကျ်ားလေးတစ်ယောက် ဆင်းတူးတာ အကောင်းဆုံးပဲ”

​မိုယွီ ချက်ချင်းရှေ့တိုးလာသည်။

“အဟမ်း ကျွန်တော်ရော ကျွန်တော်တို့ မင်းသားရောက.....”

သူ့စကားမဆုံးခင်မှာပင် ရှဲ့စစ်မင်၏ အကြည့်စူးစူးကို ခံလိုက်ရ၏။ အရိပ်အခြေသိသောမိုခန်းမှ မိုယွီ၏ဒူးခေါင်းကို ကန်လိုက်သည်။

‘မင်း စကားတတ်တိုင်းလျှောက်ပြောမနေနဲ့ ၊ မင်းသား မင်းကိုအသေမသတ်တာ ကံကောင်းတယ်’ ဟူသော သဘောဖြင့် အမြန်သတိပေးလိုက်၏။ ​ရှောင်အန်းလဲ့ မိုယွီ သူမထံမှငြိမ်းချမ်းရေးအဆောင်ဝယ်ထားသည်ကို သတိရသွားပြီး ချက်ချင်းပြောလိုက်သည်။

“ရှင်က ကျွန်မဆီကငြိမ်းချမ်းရေးအဆောင်ဝယ်ထားတာ ရှိသားပဲ၊ ရှင် ဆင်းလိုက်၊ စိတ်မပူပါနဲ့ အထဲမှာ ရှင်တို့ ထင်ထားသလို ကြောက်စရာကောင်းတာ ဘာမှမရှိပါဘူး၊ မွေးသက္ကရာဇ် ရေးထားတဲ့လူရုပ်တစ်ခုလောက်ပဲ ရှိမှာပါ၊ ဘာမှ မလွဲဘူးဆိုရင် အဲ့မွေးသက္ကရာဇ်က မင်းသားရဲ့ မွေးသက္ကရာဇ် ဖြစ်လိမ့်မယ်၊ တကယ်လို့ အခြေအနေမကောင်းတာ တစ်ခုခုရှိနေရင်တော့ အဲ့တာ ကျွန်မရဲ့ မွေးသက္ကရာဇ်ဖြစ်နိုင်တယ်”

​ရှဲ့စစ်မင် သူမထံနက်နဲပြီး စူးစမ်းသော မျက်လုံးများဖြင့် ကြည့်လိုက်၏။

“ဘာလို့ မိန်းကလေးရဲ့မွေးသက္ကရာဇ် ဖြစ်ရမှာလဲ”

​ရှောင်အန်းလဲ့ ခေါင်းခါလိုက်သည်။

“မသိဘူးလေ၊ အမှန်တော့ မြို့တော်ကို ပြန်လာတဲ့လမ်းမှာ မိစ္ဆာလမ်းစဉ်ဆရာတစ်ယောက်နဲ့ တွေ့ခဲ့တယ်၊ အဲ့တုန်းက ကျွန်မတိုက်ခိုက်ရင်းနဲ့ မှတ်ဉာဏ်တချို့ ပျောက်သွားလို့ ကျွန်မလည်းသေချာမသိဘူး၊ အခုကတော့ ကျွန်မရဲ့ အာရုံခံစားမှုသက်သက်နဲ့ပဲ ပြောနေတာပါ”

​မိုယွီ ကြိုးချည်ပြီး အောက်သို့ဆင်းသွားခဲ့သည်။ သူ့ထံတွင် ငြိမ်းချမ်းရေးအဆောင်မရှိပေမယ့်လည်း သူသည်လူပျိုစစ်စစ်ဖြစ်၏။ တခဏအကြာ လက်ထဲတွင် သံသေတ္တာတစ်လုံးကိုင်လျက် ပြန်တက်လာခဲ့၏။

“ဒီသံသေတ္တာပုံစံက ဘာလို့အခေါင်းနဲ့ တူနေရတာလဲ”

ပြောပြီးသည်နှင့် ကိုယ့်ပါးကိုယ်ပြန်ရိုက်ချင်စိတ် ပေါက်သွားသည်။

‘သူ ဘာ ပေါက်ကရတွေပြောမိပြန်တာလဲ’

​

ရှောင်အန်းလဲ့ သံသေတ္တာကိုဖွင့်ရန် ရှေ့တိုးလိုက််သောအခါ ရွှပ်ခနဲအသံနှင့်အတူ သံသေတ္တာထဲမှ လျှို့ဝှက်လက်နက်တစ်ခုလွင့်ထွက်လာပြီး ဖွင့်မည့်သူကို တည့်တည့်ချိန်ရွယ်ထား၏။

“သတိထား”

​ရှဲ့စစ်မင် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ လက်ကိုဆန့်ထုတ်ပြီး ရှောင်အန်းလဲ့ရှေ့မှ ကာကွယ်လိုက်ရာ မည်းနက်နေသောအဆိပ်အပ်မှာ သူ့လက်မောင်းထဲ စိုက်ဝင်သွားသည်။

​“သခင်လေး”

မိုယွီနှင့် မိုခန်းနှစ်ယောက်လုံး စိုးရိမ်တကြီး ရှေ့တိုးလာပြီး စစ်ဆေးကြသည်။ ရှောင်အန်းလဲ့ ရုတ်တရက် မှင်တက်သွားခဲ့၏။ ထိုလူ သူမကို သူ့ခန္တာကိုယ်နှင့်ကာကွယ်ပေးလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ခဏအကြာမှသာ သတိပြန်ဝင်လာပြီး အမြန်ပြောလိုက်သည်။

“ရှင် အတွင်းအားကိုသုံးပြီး အဆိပ်အပ်ကို မြန်မြန်ထုတ်လိုက်”

​ရှဲ့စစ်မင် ညာဘက်လက်မောင်းဖြင့် သူမကို ကာကွယ်ပေးခဲ့ခြင်းဖြစ်သည်။ထို့ကြောင့်သူ့ဘယ်ဘက်လက်ဖြင့် အတွင်းအားကိုစုစည်း၍ ညာဘက်လက်မောင်းကိုရိုက်လိုက်ရာ ငွေရောင်အပ်ပြန်ကန်ထွက်သွားခဲ့၏။ သို့သော် ချက်ချင်းပင် ရှဲ့စစ်မင်ယိုင်နဲ့သွားပြီး မေ့လဲသွားတော့သည်။ ရှောင်အန်းလဲ့လက်များမှာ ဦးနှောက်ထက် ပိုမြန်သည်။ သူမ သူ့ကိုမိန်းမပျိုလေးကဲ့သို့ လျင်မြန်စွာ ပွေ့ချီလိုက်ပြီး မိုယွီကို ကြည့်လိုက်သည်။

“ကျွန်မ ဘယ်မှာထားရမလဲ၊ ဒါနဲ့ရှင်တို့နှစ်ယောက် နန်းတွင်းသမားတော်ကို မြန်မြန် သွားခေါ်လိုက်၊ ပြီးရင် နေရာတစ်ခု ရှာပေး၊ ကျွန်မ အဆိပ်ဖြေပေးလို့ရမလား ကြည့်လိုက်မယ်”

​မိုယွီ သူမစကားကိုကြားသောအခါမှ သတိပြန်ဝင်လာပြီး အမြန်ပြောလိုက်သည်။

“သခင်လေးကို အခန်းထဲအရင်ပြန်ပို့လိုက်ပါ၊ ကျွန်တော် နန်းတွင်းသမားတော်ကို ချက်ချင်းသွားခေါ်ခိုင်းလိုက်ပါ့မယ်”

​ရှောင်အန်းလဲ့ ထွက်ခွာသွားစဉ် သံသေတ္တာကိုယူသွားရန် မမေ့ခဲ့ပေ။ သေတ္တာပေါ်တွင် ရေများစိုရွှဲနေဆဲဖြစ်ပြီး ရေတွင်းထဲတွင် နှစ်မြှုပ်ထားကြောင်း သိသာထင်ရှား၏။

‘ဒါပေမဲ့ ဘယ်လိုသေတ္တာမျိုးမလို့ ဒီလောက်နှစ်တွေအကြာကြီး ရေထဲထည့်ထားတာတောင်ခိုင်ခံ့နေသေးတာလဲ’

​ရှောင်းအန်းလဲ့ ရှဲ့စစ်မင်ကို သူ့အခန်းသို့ ပြန်သယ်သွားပြီး ကုတင်ပေါ်တင်ပေးလိုက်သည်။ ထို့နောက် သူမ သံသေတ္တာကို ထပ်ဖွင့်ရန်ပြင်လိုက်စဉ် ရှဲ့စစ်မင် သူမလက်ကိုဖိထားလိုက်သည်။

“သတိထား”

“အမ် ရှင်မြန်မြန်သတိရလာပြီပဲ၊ ကောင်းလိုက်တာ ခုနက အဆိပ်က ချက်ချင်းသေစေနိုင်တာမျိုးမဟုတ်လို့ တော်သေးတာပေါ့၊ ဒီသေတ္တာထဲမှာ ဘာရှိလဲ ကျွန်မကြည့်ပါရစေအုံး၊ အထဲက ပစ္စည်းက အရမ်းအရေးကြီးမယ်လို့ ကျွန်မ ခံစားနေရတယ်”

​ရှဲ့စစ်မင် သူမလက်ကိုလွှတ်ပေးလိုက်ပြီး သေတ္တာကိုစူးစိုက်ကြည့်နေ၏။

‘အထဲမှာ တကယ်ပဲဘာရှိနေတာလဲ’

မည်သူက သူ့အိမ်တော်နောက်ဖေးခြံဝင်းမှ ရေတွင်းထဲသို့ ဤသို့သောအရာကို လာထည့်ထားသည်အား သူလည်း သိချင်နေသည်။

32

“မိုခန်း ဖွင့်လိုက်၊ သတိထားနော်”

​သူထိုသို့ပြောသည်ကို ကြားသောအခါ မိုခန်းမှာ သူ့သခင် သူ့အပေါ်တကယ်ကောင်းသည်ဟု တွေးလိုက်မိ၏။

‘အို မဟုတ်သေးပါဘူး ၊ သခင်မလေးရှောင်ရှိလို့ ကောင်းနေတာပါ’

​ထို့နောက် သူဓားရှည်တစ်ချောင်းကို ကိုင်ပြီး သံသေတ္တာနားသို့လျှောက်သွားကာ ချက်ချင်းပင် ဓားဖြင့်ကလော်ဖွင့်လိုက်သည်။ အန္တရာယ် တစ်စုံတစ်ရာမရှိသော်လည်း အထဲတွင် ရွှေရောင်သစ်မွှေးသားဖြင့် ပြုလုပ်ထားသော ရုပ်သေးရုပ်နှစ်ရုပ်ရှိနေသည်။ ရှောင်အန်းလဲ့ ရှေ့တိုးကြည့်လိုက်ရာ ရုပ်သေးရုပ်များပေါ်တွင် တကယ်ပင် မွေးသက္ကရာဇ်များရေးထားသည်ကို တွေ့လိုက်ရ၏။

‘ဘုရားရေ’

​“ဒါ ဘယ်သူ့ဟာလဲ”

သူမ မွေးသက္ကရာဇ်အားကောက်ယူပြီး ရှဲ့စစ်မင်ကို မေးလိုက်သည်။

​ရှဲ့စစ်မင် : “ကိုယ့်ဟာ”

​ရှောင်အန်းလဲ့ အူတူတူဖြင့် နောက်ထပ်တစ်ခုကိုလက်ညှိုးထိုးပြပြီး ပြောလိုက်၏။

“ဒါက ကျွန်မဟာ”

​အခန်းတွင်းရှိလေထုမှာ ရုတ်တရက် ထူးဆန်းသွားသည်။ ရှောင်အန်းလဲ့ လက်ကိုမြှောက်ပြီး သူမနာမည်ရေးထားသော ရုပ်သေးရုပ်ပေါ်မှ မွေးသက္ကရာဇ်စာရွက်ကို ဆွဲခွာလိုက်သည်။

“ဘယ်သူကများ ဒီလောက် သတ္တိကောင်းပြီး ကျွန်မတို့ကိုဝိညာဉ်လက်ထပ်ပွဲစီစဉ်ပေးရဲတာလဲ၊ ကျွန်မကဖြင့် မသေသေးပါဘူးနော်”

​ရှဲ့စစ်မင်လည်း သိချင်နေမိသည်။

“ဒီကိစ္စကို ကိုယ်လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်မယ်၊ အိမ်တော်ထဲမှာ တခြားမြုပ်ထားတဲ့အစီအရင်တွေ ရှိသေးလား”

​“မရှိတော့ပါဘူး”

သူမအသံမှာ အနည်းငယ် အားလျော့နေပြီး စိတ်ဓာတ်ကျနေပုံပေါက်နေ၏။

‘တကယ်ပဲဒီခန္ဓာကိုယ်ရဲ့ အရင်က ပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်က ဘာများလဲ၊ သူမ ရုတ်တရက် ခံစားလိုက်မိသည်မှာ မဟုတ်မှလွဲရော ဒီကိစ္စကို ဒီခန္ဓာကိုယ်ပိုင်ရှင်လုပ်ခဲ့တာလား၊ ယေဘုယျအားဖြင့် ကိုယ်ပွားတစ်ခုက ဒီလောကမှာ ကိုယ်ပိုင်အသိစိတ်နဲ့ ဖွံ့ဖြိုးလာရင်တောင် ဝိညာဉ်သုံးပါးနဲ့ စိတ်ဝိညာဉ်ခုနစ်ပါးရှိနေရမှာ၊ ဒါပေမယ့် ဒီခန္ဓာကိုယ်ထဲကို သူမရောက်လာတော့ အလွတ်ကြီးလေ၊ အဲဒါတွေ တစ်ခုမှမရှိတော့ဘူး၊ ဘယ်ရောက်သွားတာလဲ စိတ်ရှုပ်စရာကြီး’

​“အခုအလုပ်ပြီးပြီဆိုတော့ ငွေရှင်းပေးပါတော့၊ ဘာလို့ ကျွန်မမွေးသက္ကရာဇ် ဖြစ်နေရတာလဲဆိုတာကိုတော့ ကျွန်မဘက်ကလည်း စုံစမ်းလိုက်ပါ့မယ်”

‘ဒင်း အခုတော့ပြေးထားလိုက်အုံး၊ ဘယ်သူလုပ်တာလဲဆိုတာ သိရင်တော့ ဒင်းကို ကြက်သားမျှင်လုပ်ပြီးမွှကြော်ပစ်လိုက်အုံးမယ် ဟမ့်’

​မိုခန်း ဘေးနားမှပွစိပွစိလုပ်လိုက်သည်။

“ဒါပေမဲ့ ကျွန်တော်တို့သခင်လေးက သခင်မလေးရှောင်အတွက် ဒဏ်ရာတောင်ရသွားတာ”

​“မိုခန်း”

မိုခန်း သူ့နှုတ်ခမ်းကိုအမြန်စေ့လိုက်ပြီး ပါးစပ်ပိတ်လိုက်၏။

‘သူ့ပါးစပ်က သူ့ဘာသာလှုပ်ရှားနေတာလေ၊ သူထိန်းလို့မှမရတာ ဟမ့် အဲ့ဒါ သူ့အမှားမဟုတ်ဘူး’

​ရှောင်အန်းလဲ့ ထိုခန့်ညားချောမောပြီး ဂုဏ်သရေရှိသော ကိုးယောက်မြောက် တော်ဝင်ဦးရီးတော် ယဲ့မင်းသားကို ကြည့်လိုက်သည်။

ထားလိုက်ပါတော့၊ စောစောက သူ တော်တော်လေး လူကြီးလူကောင်းဆန်ခဲ့သည်ကိုတော့ သူမဝန်ခံရမည်။ သူ့လက်မောင်းမှ အပ်ရာကိုကြည့်လိုက်ရာ အဆိပ်မိပြီး မည်းသွားခြင်းမျိုးမရှိပေ။

“ရှင် အဲဒီလိုပြောမှတော့ ကျွန်မလည်း အများကြီးမတောင်းတော့ပါဘူး၊ ရှင် ပေးချင်သလောက်ပဲပေးပါ”

‘သူတို့ ဘာမှမပေးရင်လည်း နေပါစေတော့ ဒီခရီးစဉ်မှာ သူမ အရှုံးမရှိပါဘူး၊ ဒီအစီအရင်အရုပ်ကို တွေ့ခဲ့ရတာပဲလေ၊ အရင်က ထျန်ရှင်းသံလိုက်အိမ်မြှောင် သတိပေးချင်နေတာ ဒါပဲဖြစ်ရမယ်’

​ရှဲ့စစ်မင် သူမထံခံစားချက်ပေါင်းစုံ ရောပြွမ်းနေသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီးနောက် မိုခန်းအားကြည့်လိုက်၏။

“‌တေးတစ်သောင်းပြင်ဆင်ပြီး သခင်မလေးရှောင်ကိုပေးလိုက်၊ ဒီငွေကို ကိုယ့်ရဲ့ကျေးဇူးတုံ့ပြန်မှုလို့ပဲ သဘောထားလိုက်ပါ”

​ရှောင်အန်းလဲ့ ထိုသူ၏ရက်ရောလှသော ငွေပမာဏကြောင့် အံ့သြသွားရသည်။

“မလိုပါဘူး မလိုပါဘူး၊ တေးတစ်သောင်းက များလွန်းပါတယ်”

“ကိုယ့်အသက်က တေးတစ်သောင်း မတန်လို့လား”

သူထိုသို့ ပြောလာရာ သူမလည်း ငြင်း၍ မရတော့ပေ။

‘သူမ ငြင်းလိုက်ရင် သူ့အသက်က တန်ဖိုးမရှိဘူးလို့ ပြောရာကျနေမှာပေါ့၊ အမယ်လေး မဖြစ်ဘူးလေ၊ တန်ဖိုးရှိရမှာပေါ့၊ မင်းမျိုးမင်းနွယ်ကို မစော်ကားရဲပါဘူး၊ ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ သူမအကြောင်းသိခဲ့ရတာတွေလည်း ရှိသေးတာပဲလေ’

​ထို့နောက် သူမတေးတစ်သောင်းနှင့် သူမပုံစံတူ ရွှေရောင်သစ်မွှေးသား ရုပ်သေးရုပ်ကိုယူပြီး ထွက်လာခဲ့သည်။ လမ်းတစ်လျှောက်လုံး သူမစိတ်ထဲတွင် စဉ်းစားလာခဲ့၏။

‘ဒီခန္ဓာကိုယ်က တော်တော်ထူးထူးဆန်းဆန်း သေဆုံးခဲ့တာပဲ၊ ပြီးတော့ အခုကျဝိညာဉ်လက်ထပ်ပွဲတဲ့၊ ကြည့်ရတာ တစ်ယောက်ယောက်က သူမခန္ဓာကိုယ်ကိုသုံးပြီး မကောင်းတာတွေလုပ်နေတာ ပိုသေချာလာပြီ’

​“ညီမလေး ညီမလေး ဒီမှာ”

ရှောင်အန်းလဲ့ အသံကြားရာသို့ မော့ကြည့်လိုက်သော် စားသောက်ဆိုင်တစ်ဆိုင်မှ သခင်လေးကျိုးလက်လှမ်းပြနေသည်ကို တွေ့လိုက်ရသည်။

“ညီမလေး မြန်မြန်လာ၊ ဒီနေရာက ရှုခင်း အကောင်းဆုံးပဲ”

​သူရှိနေသောနေရာကို ကြည့်လိုက်ရာ စားသောက်ဆိုင် ဒုတိယထပ်ရှိ သီးသန့်အခန်းတစ်ခန်းဖြစ်ပြီး နေရာမှာ အမှန်ပင် ကောင်းမွန်လှ၏။ ရှောင်အန်းလဲ့ သာမန်လမ်းကြောင်းအတိုင်းမသွားဘဲ ပြတင်းပေါက်ထံသို့ ကိုယ်ဖော့သွားပြီးသီးသန့်အခန်းထဲ ဝင်ရောက်သွားသည်။ ဤလုပ်ရပ်မှာ အခန်းထဲရှိလူများကို အလွန်အံ့အားသင့်သွားစေသည်။ ​အပေါ်ရောက်မှ အခန်းထဲတွင် တခြားသူများရှိနေသေးကြောင်း ရှောင်အန်းလဲ့ သတိထားမိလိုက်သည်။ သူမဝေ့ကြည့်လိုက်ရာ ထိုသခင်လေးများသည် အသားအရေဖြူဝင်းပြီး ချောမောခန့်ညားကြကာ မာန်မာနနှင့် ပြည့်စုံနေကြသည်။ သူမကိုကြည့်သော သူတို့၏အကြည့်များတွင် စူးစမ်းလိုစိတ်များပါဝင်နေ၏။ ​သခင်လေးကျိုးမှာမူ သူမထိုကဲ့သို့ ရောက်လာသည်ကိုမြင်သောအခါ အာမေဋိတ်သံများဖြင့်ပြည့်နှက်သွားသည်။

“ညီမလေး မင်းကတကယ့်ကို အမျိုးသမီးသူရဲကောင်းပါလား၊ ဒီနေရာရဲ့မြင်ကွင်းက အရမ်းကောင်းတယ်၊ ခဏနေရင် စုန့်မိသားစုရဲ့ အကျဉ်းသားပါတဲ့လှည်းကို မြင်ရတော့မှာ”

​သူပြောသည်ကိုကြားသော် ရှောင်အန်းလဲ့ လက်မထောင်ပြလိုက်၏။

“ရှင် တော်တော်မြန်တာပဲ”

​သီးသန့်အခန်းထဲရှိ သခင်လေးတစ်ဦးမှ စကားစမြည်ပြောလာသည်။

“သခင်လေးကျိုး ဒါဘယ်အိမ်က ညီမလေးလဲ၊ ငါမကြားဖူးပါလား”

​သခင်လေးကျိုး လက်ကာပြလိုက်ပြီး မေးကိုပင့်ကာ ဂုဏ်ယူစွာဖြင့်ပြောလိုက်၏။

“ဒါကဒုဝန်ကြီးရှောင်ရဲ့သမီး၊ ရှောင်အာ့ရဲ့ ညီမလေးလေ၊ ပြီးတော့ ငါ့ရဲ့ညီမရင်းလည်း ဟုတ်တယ်၊ မင်းတို့ရဲ့ မိသားစုတွေမှာ ဖြေရှင်းမရတဲ့ပြဿနာတွေရှိရင် ငါ့ညီမလေးဆီသွားလို့ရတယ်ဆိုတာ မှတ်ထားကြ၊ ဗေဒင်ဟောတာ၊ ဖုန်းရွှေကြည့်တာ၊ သရဲဖမ်းတာ၊ သူ အကုန်လုပ်တတ်တယ်”

​ထူးဆန်းသောအခြေအနေကြောင့် သခင်လေးများ ပြောစရာစကား ပျောက်ရှသွားကြသည်။

‘ဒါတွေက ဘာတွေလဲ’

ဤသို့ဂုဏ်သရေရှိ မိသားစုကြီးများမှာ အပေါ်ယံတွင် ထိုအရာများကိုမယုံကြသော်လည်း တကယ်တမ်းအလွန်တရာကြောက်ရွံ့ကြ၏။

​“သခင်လေးကျိုး မင်းအလိမ်ခံလိုက်ရတာတော့ မဟုတ်ပါဘူးနော်”

“ဟုတ်တယ်နော် သခင်လေးကျိုး၊ ကွန်ဖြူးရှပ်ဆရာကြီးက ထူးဆန်းအံ့သြဖွယ်ရာတွေ၊ ဖရိုဖရဲ ဝိညာဉ်တွေ၊ နတ်ဘုရားတွေအကြောင်းမဟောပြောဖူးဘူး၊ ဒီသရဲကိစ္စတွေက ဒဏ္ဍာရီတွေပါ၊ မင်းတကယ်ကြီး ယုံနေတာလား”

“ငါသိပြီ၊ ဒုဝန်ကြီးရှောင်ရဲ့ တရားဝင် သမီးအရင်းက လွန်ခဲ့တဲ့ ၁၀နှစ်က ပျောက်သွားပြီး အခုမှပြန်တွေ့တယ်လို့ ကြားတယ်၊ မနက်ဖြန်တောင် မိတ်ဆက်ပွဲလုပ်မယ်တဲ့၊ အဲဒါ ဒီသခင်မလေးတော့ မဟုတ်ပါဘူးနော်”

​ရှောင်အန်းလဲ့ပြုံးလျက် ခေါင်းငြိမ့်လိုက်သည်။

“ဟုတ်ပါတယ် ကျွန်မပါ၊ သခင်လေးတို့အားလုံးနဲ့ တွေ့ရတာဝမ်းသာပါတယ်၊ တကယ်တော့ အဲဒီတုန်းက အထင်လွဲမှုလေး ဖြစ်ခဲ့တာပါ၊ ကျွန်မဆရာဘိုးဘိုးကြီးက ကျွန်မရဲ့ရုပ်သွင်လက္ခဏာက ထူးခြားပြီးပါရမီကောင်းလို့ တာအိုကျင့်ကြံဖို့အတွက် သဘာဝကပေးတဲ့ လက်ဆောင်ရထားသူဆိုပြီး ခေါ်သွားတာပါ၊ အဲ့ဒါကြောင့် တာအိုကျောင်းမှာ ၁၀ နှစ်လုံးလုံးကြိုးစားကျင့်ကြံခဲ့ပြီး အခုအောင်မြင်မှုရလို့ တောင်အောက်ဆင်းပြီး အိမ်ပြန်လာတာ၊ နောက်ကျရင် ရှင်တို့မိသားစုတွေမှာ ဖြေရှင်းမရတဲ့ ပြဿနာတွေရှိရင် ဘဝသစ်ဆိုင်မှာ ကျွန်မကို လာရှာလို့ရပါတယ်၊ လုပ်အားခက အရမ်းလည်းစျေးမကြီးပါဘူး”

​သခင်လေးကျိုး၏ မိတ်ဆွေဖြစ်နေသဖြင့် တခြားသူများစိတ်ထဲတွင် ပြောစရာစကားမဲ့နေသော်လည်း ယဉ်ကျေးစွာ ခေါင်းငြိမ့်ပြကြသည်။ သို့သော် သူတို့၏မျက်နှာထားများမှာမူ စိတ်ပျက်အားလျော့မှုနှင့် အရေးမလုပ်လိုမှုများကို အထင်းသားပြသနေ၏။ ​သခင်လေးကျိုးလည်း သူတို့၏မျက်နှာထားများကိုမြင်ပြီး ထိုသခင်လေးများ၏ အတွေးကို တန်းသိလိုက်သည်။

‘ထားပါတော့၊ သူလည်းကိုယ်တိုင် မကြုံဖူးရင် သူတို့လိုပဲဖြစ်နေမှာ’

ထို့ကြောင့် သူခေါင်းခါလိုက်ပြီး သူတို့ကို လျစ်လျူရှုကာ အောက်ဘက်သို့ ညွှန်ပြပြီး ပြောလိုက်သည်။

“ညီမလေး ကြည့်၊ စုန့်မိသားစုရဲ့ အကျဉ်းသားလှည်း ရောက်လာပြီ”

​သူညွှန်ပြရာသို့ကြည့်လိုက်ရာ အောက်ဘက်တွင် စုန့်မိသားစုမှ သားအဖသုံးဦးကို တင်ဆောင်လာသော အကျဉ်းသားလှည်းကြီးတစ်စီး ဖြတ်သန်းသွားပြီး ဟင်းသီးဟင်းရွက်ဈေးတန်းသို့ ဦးတည်သွားနေသည်ကို တွေ့လိုက်ရ၏။ ထိုမိသားစုကိုကွပ်မျက်ရန် ဆောင်းဦးရာသီထိ စောင့်စရာမလိုပေ။ သူတို့မှာ ထိုမျှမထိုက်တန်ဟု အမိန့်ချထားသောကြောင့်ပင်။ ထို့ကြောင့် ဟင်းသီးဟင်းရွက်ဈေးတန်းသို့ ဆွဲခေါ်သွားပြီး အချိန်မရွေးခေါင်းဖြတ်သတ်နိုင်၏။

​ရှောင်အန်းလဲ့ လီလန်ဟွာနှင့်သူမသားတို့၏ဝိညာဉ်များပါဝင်သော စက္ကူရုပ်လေးများကိုထုတ်လိုက်ပြီး စုန့်မိသားစုမှ သားအဖသုံးဦး ဟင်းသီးဟင်းရွက်ဈေးတန်းတွင် ခေါင်းဖြတ်သတ်ခံရသည်အား သူတို့ကိုကြည့်ခိုင်းလိုက်သည်။

“ရှင်တို့ရဲ့နာကျည်းချက်တွေ ပျောက်သွားရင်ပြန်လာခဲ့ကြ၊ ဒီညရှင်တို့ကို လူဝင်စားဖို့ပို့ပေးမယ်၊ နောက်ဘဝကျရင်လည်း ရှင်တို့နေရာကောင်းမှာ သားအမိပြန်ဖြစ်နိုင်အောင်ကူညီပေးပါမယ်”

​အခန်းထဲရှိသခင်လေးများ သူမ၏တတွတ်တွတ် ရေရွတ်သံများကို နားထောင်ရင်း မည်သူ့ကိုပြောနေမှန်းမသိဖြစ်နေကြသည်။ ထို့ကြောင့် အားလုံး ပြောစရာစကားမဲ့နေကြပြီး အချို့ဆိုလျှင် မနှစ်မြို့ဟန်ဖြင့် သူမနှင့်ဝေးရာသို့ တိတ်တဆိတ်ရွှေ့သွားကြ၏။ ​သခင်လေးကျိုးမှာမူ သူ့ညီမအပေါ် အထင်သေးမခံနိုင်သည့်အတွက် ဝင်ပြောတော့သည်။

“ငါ့ညီမလေးပြောတာ မှန်တယ်၊ အချိန်တန်ရင် ငါလည်း မင်းတို့အတွက် စက္ကူပိုက်ဆံများများရှို့ပေးမယ်၊ ဒါမှ နောက်ဘဝကျရင် ချမ်းသာတဲ့မိသားစုမှာ လူဝင်စားပြီး ဒီဘဝကလိုဒုက္ခမရောက်တော့မှာ”

​ရှောင်အန်းလဲ့ သခင်လေးကျိုးထံအံ့အားသင့်ဟန်ဖြင့် လှည့်ကြည့်လိုက်၏။

“ရှင် သူတို့ကိုမြင်ရတယ်လား”

​သခင်လေးကျိုး ပုံမှန်လိုပင်ပြန်ဖြေသည်။

“မြင်ရတာပေါ့”

ယခုတစ်ခါတော့ ရှောင်အန်းလဲ့ မျက်မှောင်ကြုတ်သွား၏။

‘သာမန်လူတစ်ယောက်က ဘယ်လိုလုပ်ပြီး သရဲတွေကို လွယ်လွယ်ကူကူမြင်နိုင်မှာလဲ’

သူမလက်လှမ်းပြီး သခင်လေးကျိုး၏လက်ကို ဆွဲယူကာ ယန်စွမ်းအားဖြင့်စစ်ဆေးကြည့်လိုက်သည်။

“တစ်ယောက်ယောက်က ရှင့်ရဲ့နတ်မျက်စိကို ဖွင့်ပေးထားတာပဲ၊ အဲ့တာကြောင့် ရှင်အဲဒါတွေကိုမြင်နေရတာ မထူးဆန်းတော့ပါဘူး”

​သခင်လေးကျိုးအံ့သြသွားပြီးနောက် ဝမ်းသာအားရ ဖြစ်သွား၏။

“တကယ်လား ကောင်းလိုက်တာ၊ အဲဒါဆို ငါကအရမ်းစွမ်းနေပြီပေါ့”

​ရှောင်အန်းလဲ့ သူ့ကိုအရူးတစ်ယောက်ကဲ့သို့ ကြည့်လိုက်သည်။

“ရှင်က နတ်မျက်စိပွင့်ရုံပဲရှိသေးတာ၊ ဒါကြောင့် အဲဒါတွေကိုမြင်ရုံပဲ မြင်ရမှာ၊ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး၊ ဘာဖြစ်မယ်ထင်နေတာလဲ ဟမ့်”

​ထိုစကားကြောင့် သခင်လေးကျိုးမှင်တက်သွားရသည်။

‘သူ တကယ်ပဲ သရဲတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ မသိဘူးလေ’

All Chapters