အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
33
သို့သော်လည်း မနေ့ညမှယခုအချိန်ထိ သူ သားအမိသရဲနှစ်ကောင်မှလွဲ၍ အခြားသရဲများကို မမြင်ဖူးခဲ့ပေ။ ထို့ကြောင့် မည်သည်တို့ဆက်ဖြစ်မည်အား မသေချာပေ။ ရှောင်အန်းလဲ့ ခေါင်းခါလိုက်၏။
“ထားလိုက်ပါတော့၊ ရှင့်ဆီမှာ ကျွန်မပေးထားတဲ့ ငြိမ်းချမ်းရေးအဆောင်ရှိနေမှတော့ ရှင်သူတို့ကိုမြင်ရရင်တောင် သူတို့က ရှင့်နားကပ်နိုင်မှာ မဟုတ်ပါဘူး၊ ပြီးတော့ သူတို့ပြောတဲ့သရဲစကားသံတွေကိုလည်း မယုံနဲ့၊ နောက်ကျရင် ရှင့်ရဲ့နတ်မျက်စိကို ပိတ်ဖို့ တစ်ခုခု ပြင်ဆင်ပေးမယ်၊ အဲ့ဒါဆိုရင် အဆင်ပြေသွားမှာ”
သခင်လေးကျိုး ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး ရှောင်အန်းလဲ့ခြေထောက်ကိုဖက်ကာ အော်ငိုတော့သည်။
“ဆရာသခင် ညီမလေး ဆရာသခင် ဆရာသခင်ညီမလေး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကိုတပည့်အဖြစ် လက်ခံပေးပါ၊ ဒီနေ့ကစပြီး ညီမလေးကကျွန်တော့်ရဲ့ ဆရာသခင်ပဲ၊ ကျွန်တော် သေချာပေါက် ရိုသေလေးစားပါ့မယ်”
ရှောင်အန်းလဲ့ : “….”
အခြားသခင်လေးများ : “….”
သခင်လေးကျိုးမှာ မည်သည်ကိုမှဂရုမစိုက်တော့ဘဲ သူမခြေထောက်ကိုဖက်ပြီး သကြားလုံးမရသည့် ကလေးကဲ့သို့ အော်ငိုနေတော့သည်။
“ဆရာသခင် ကျေးဇူးပြုပြီး လက်ခံပေးပါ၊ ကျွန်တော်တို့ အခုလိုကိစ္စတွေဖြစ်ပြီး ဆုံတွေ့တာက ကံကြမ္မာအလိုရပဲမလား၊ ဆရာသခင် လက်ခံပေးပါ၊ ဆရာသခင်အသက်ကြီးလာရင် ကျွန်တော် ပြုစုစောင့်ရှောက်ပါ့မယ်၊ ဆရာသခင် သေဆုံးသွားရင်လည်း ကောင်းရာမွန်ရာ ရောက်အောင် လုပ်ပေးပါ့မယ်”
ရှောင်အန်းလဲ့ ပြောစရာစကားမဲ့လျက် ကြည့်နေမိ၏။
‘ဘယ်သူက သူ့ကိုအိုမင်းမစွမ်းဖြစ်တဲ့ထိ ပြုစုခိုင်းချင်လို့လဲ၊ အမလေး သူမသေရင်ကောင်းရာမွန်ရာရောက်အောင် လုပ်ပေးမယ်ဆိုတာက ပါသေး၊ တကယ့်တပည့်ဆိုတာ မိမဆုံးမ ဖမဆုံးမသားသမီးတွေနဲ့ အတူတူပဲလို့ပြောတာအမှန်ပဲ၊ သူမမှာ ဘယ်လောက်တောင် နေဦး ဒီတစ်ယောက်က အာဏာရှိတယ်၊ ဩဇာရှိတယ်၊ သူ့ရဲ့အဆင့်အတန်းကလည်း မြို့စားမင်းရဲ့ဆက်ခံသူလေ’
“အဟမ်း တပည့်ခံချင်ရင်တောင် အရင်ဆုံးနတ်မျက်စိကို ပိတ်ရမယ်၊ မဟုတ်ရင် နေ့တိုင်းအဲဒီအရာတွေနဲ့တွေ့ပြီး စိတ်ဒဏ်ရာရသွားလိမ့်မယ်”
သခင်လေးကျိုး နောက်သို့ခြေတစ်လှမ်းဆုတ်ပြီး ကိုယ့်ကိုကိုယ်တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။
“မဖြစ်ဘူး ဆရာသခင် မဖြစ်ဘူး ကျွန်တော့်ရဲ့နတ်မျက်စိကို မပိတ်ပါနဲ့၊ ကျွန်တော် လုံးဝမကြောက်ပါဘူး တကယ်ပါ”
သခင်လေးကျိုး ယခုနှစ်တွင်အသက် ၁၈နှစ်ရှိပြီဖြစ်သော်လည်း မင်းသမီးကြီးကို အသိပေးလိုက်သည်မှာ အကောင်းဆုံးဟု သူမခံစားမိ၏။
“ထားလိုက်ပါတော့ နောက်မှပဲ ဆက်ပြောကြတာပေါ့”
သူမထိုသို့ပြောသည်ကို ကြားသောအခါ သခင်လေးကျိုး ဝမ်းသာအားရ ဖြစ်သွားပြီး အလွန်တရာဂုဏ်ယူသွားသည်။ ဘေးနားရှိ အထက်တန်းစား သခင်လေးများမှာ သူတို့ပြောစကားများကို နားလည်သော်လည်း ယုံရခက်နေကြသည်။ သူတို့တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အရင်ပြန်သွားကြရုံသာ တတ်နိုင်တော့၏။ ရှောင်အန်းလဲ့ အောက်ဘက်ရှိ အကျဉ်းသားလှည်းကို တစ်ချက်ကြည့်လိုက်ပြီး စက္ကူရုပ်လေးကို ပြတင်းပေါက်နားတွင်ထားလိုက်ကာ သခင်လေးကျိုးဘက်သို့ လှည့်ကြည့်လိုက်သည်။
“မြင်လား အခုဆို အဲဒီလူတွေက ရှင်နဲ့မပေါင်းချင်တော့ဘူး၊ ကျွန်မလိုထူးခြားဆန်းကြယ်နေရင် အရမ်းအထီးကျန်ရလိမ့်မယ်၊ သက်ရှိလူသားတွေနဲ့ အဆင်ပြေပြေ ပေါင်းသင်းလို့ရနေလျက်နဲ့ ရှင်ဘာလို့ သရဲတွေနဲ့ ပေါင်းသင်းချင်ရတာလဲ”
သခင်လေးကျိုး ရှောင်အန်းလဲ့ပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားရသော်လည်း သူသည် အလွယ်တကူ အရှုံးပေးမည့်သူမဟုတ်ပေ။
“ဟီးဟီး ဆရာသခင်က ကျွန်တော့်ကို ပြောနေတာ၊ ဆရာသခင်ကိုယ်တိုင်ရော သရဲတွေနဲ့ ပေါင်းသင်းနေတာမဟုတ်ဘူးလား၊ ကျွန်တော်က ဆရာသခင်အဖွားကြီးဖြစ်ပြီး အထီးကျန်မှာစိုးလို့ ဆရာသခင်ကို အဖော်ပြုပေးတာပါ ဟုတ်ပြီလား”
ရှောင်အန်းလဲ့ ပြောစရာစကားမဲ့စွာ ခေါင်းခါလိုက်၏။
“ရှင်က တကယ်တော့တော်တော်ကို လိမ္မာတာပဲ၊ ကျွန်မတို့လို အလုပ်လုပ်တဲ့သူတွေက ငါးပါးသောကံဆိုးခြင်းနဲ့ သုံးပါးသောချို့တဲ့ခြင်းဆိုတာ ရှိပြီးသားမလို့ ဒီအလုပ်လုပ်မယ်ဆို တစ်ခုခုတော့ ချို့တဲ့နေမှာပဲ ထားလိုက်ပါတော့၊ နောက်မှပြောပြမယ်”
ထိုအချိန်တွင် သားအမိသရဲနှစ်ကောင်မှာ ကွပ်မျက်ကွင်းသို့ရောက်ရှိနေပြီ ဖြစ်သည်။ စုန့်မိသားစုဝင်များ တစ်ယောက်ပြီးတစ်ယောက် ခေါင်းဖြတ်သတ်ခံရသည်ကိုကြည့်ပြီး သားအမိသရဲနှစ်ကောင်၏ နာကျည်းချက်များ အတော်အတန်ပြေပျောက်သွားခဲ့၏။ လီလန်ဟွာ ကလေးကို ပွေ့ချီလျက် ရှောင်အန်းလဲ့ရှေ့သို့ ရောက်လာပြီး ဒူးထောက်လိုက်သည်။
“ကျွန်မတို့ သားအမိအတွက် လက်စားချေပေးတဲ့ ဆရာသခင်ကို တကယ်ကို ကျေးဇူးတင်ပါတယ်”
ရှောင်အန်းလဲ့ သူတို့ကိုကြည့်လိုက်ရာ သူတို့ခန္ဓာကိုယ်မှ နာကျည်းချက် အငွေ့အသက်များ ပျောက်ကွယ်သွားပြီး စိတ်သက်သာရာရသော အပြုံးများ ပေါ်လာသည်ကိုတွေ့လိုက်ရ၏။
“နောက်ထပ်နှစ်ရက်လောက် အနားယူပြီးရင် ရှင်တို့ကိုလူပြန်ဝင်စားလို့ရအောင် မြေအောက်ကမ္ဘာကိုပို့ပေးမယ်၊ ဒီနှစ်ရက်အတွင်းတော့ ကျွန်မရဲ့ ဘဝသစ်ဆိုင်မှာပဲ နေလိုက်ကြပါ”
သူမပြောပြီးသည်နှင့် လုပ်စရာများ များစွာရှိနေသကဲ့သို့ခံစားလိုက်ရသည်။ မနက်ဖြန်အိမ်တွင် သူမအတွက်ကြိုဆိုပွဲလည်း ရှိနေသေးသည်။ ထို့အပြင် ယဲ့မင်းသားအိမ်တော်မှ ရုပ်သေးရုပ်နှစ်ရုပ် ကိစ္စကိုလည်း စုံစမ်းရဦးမည်။ သို့သော် ထိုကိစ္စမှာခြေရာခံရန် သဲလွန်စပင်မရှိသေးပေ။ သခင်လေးကျိုး မျက်လုံးများ အရောင်တောက်လာပြီး ဘဝသစ်ဆိုင်သို့ ရှောင်အန်းလဲ့နောက်မှလိုက်ပါသွားသည်။
“ဟေး ရှောင်အာ့ မင်းကဆိုင်ဖွင့်တာတောင် ငါ့ကိုမပြောဘူး၊ ငါလာပြီး အားပေးမှာပေါ့ကွ၊ အော် ဒါနဲ့ ငါမင်းကို မပြောရသေးဘူးပဲ၊ ဒီနေ့ကစပြီး ငါတို့ညီမလေးက ငါ့ရဲ့ဆရာသခင်ပဲ၊ ငါ သူ့တပည့်ဖြစ်သွားပြီ၊ ဟေး ရှောင်အာ့ အခုကစပြီးမင်း ငါ့ကိုဆရာသခင်ကျိုးလို့ ခေါ်လို့ရပြီ”
ချင်းရှုရန် ရုတ်တရက်ဆိုင်ထဲမှ ပျံထွက်လာပြီး သခင်လေးကျိုးရှေ့တည့်တည့် မျက်နှာချင်းဆိုင် ၀.၁မီလီမီတာအကွာလောက်တွင် ပေါ်လာတော့သည်။ တက်ကြွနေသော သခင်လေးကျိုးမှာ မျက်လုံးများပြူးကျယ်ကာ လန့်ဖျပ်သွားပြီး အသက်ရှူမှား၍ နောက်သို့နှစ်လှမ်း သုံးလှမ်းဆုတ်လိုက်၏။
“သရဲကြီး ဆရာသခင် ဆရာသခင် ဒီမှာ သရဲတစ်ကောင်ရှိတယ်၊ ပြီးတော့ အနီရောင်ဝတ်ထားတဲ့ သရဲမ ကြောက်စရာကြီး”
ရှောင်အန်းလဲ့ ပြောစရာစကားမဲ့စွာ ခေါင်းခါလိုက်သည်။
“ရှင့်ရဲ့နတ်မျက်စိကို ပိတ်လိုက်တာ ပိုကောင်းမယ်၊ မဟုတ်ရင် နောက်ကျဒီထက်ပိုဆိုးတာတွေတောင် တွေ့ရလိမ့်မယ်”
သခင်လေးကျိုး ရှောင်အန်းလဲ့ပေးထားသော ကျောက်စိမ်းအဆောင်ကို ချက်ချင်းထုတ်ယူပြီး စိတ်ငြိမ်အောင် သူ့ရှေ့တွင် ထားလိုက်၏။
“မဖြစ်ပါဘူး ဆရာသခင် ဘာမှမဖြစ်ဘူး၊ ကျွန်တော့်ရဲ့နတ်မျက်စိကို ပိတ်ဖို့ မကြိုးစားပါနဲ့၊ ဆရာသခင်က နတ်မျက်စိကို ပိတ်ချင်တယ်ဆိုတာ ကျွန်တော့်ကိုတပည့်အဖြစ် လက်မခံချင်လို့ဆိုတာ ကျွန်တော်သိတယ်”
ချင်းရှုရန် သခင်လေးကျိုးကိုကြည့်ကာ တခစ်ခစ်ရယ်လိုက်သည်။
“ဒီကောင်လေးက တကယ်နတ်မျက်စိပွင့်နေတာကိုး၊ ငါ့ကိုမြင်နေရတာ မထူးဆန်းတော့ပါဘူး၊ ဘယ်လိုလဲ တိတိ ရှောင်ကျဲကျဲက လှလား”
သခင်လေးကျိုး ရှောင်အန်းလဲ့၏နောက်ကျောမှ ချောင်းကြည့်ပြီး သူမကိုအကဲခတ်ကာ ခေါင်းငြိမ့်လိုက်သည်။
“လှတယ် အရမ်းလှတယ်၊ အလှလေးကျဲကျဲ နောက်ဆိုရင် ကျွန်တော်က ဆရာသခင်နောက်လိုက်ပြီး ဆိုင်မှာ ပညာသင်မှာ၊ ပြီးရင် အလှလေးအတွက် အမွှေးတိုင်၊ ဖယောင်းတိုင်နဲ့ စက္ကူပိုက်ဆံတွေ အများကြီးရှို့ပေးမယ်နော်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ထပ်မခြောက်ပါနဲ့တော့ အလှလေးရယ်”
အလှလေးဟူသော စကားတစ်ခွန်းချင်းစီမှာ ချင်းရှုရန်ကိုသဘောကျစေခဲ့ပြီး သူမဘဝင်ခိုက်ဟန်ဖြင့် ရှောင်အန်းလဲ့ရှေ့သို့ပျံသန်းလာ၏။
“ဆရာသခင် ဘယ်ကနေ ဒီလိုရတနာလေးကောက်ရလာတာလဲ၊ သူက သတ္တိရှိတယ်၊ နှုတ်ချိုတယ် ပြီးတော့ သူ့ရဲ့အရှိန်အဝါကလည်း သာမန်မဟုတ်ဘူး၊ ဆရာသခင် သူ့ကိုတပည့်အဖြစ်လက်ခံဖို့ စဉ်းစားနေတာမထူးဆန်းပါဘူး”
ရှောင်အန်းလဲ့ ပြောစရာစကားမဲ့စွာ ခေါင်းခါလိုက်သည်။
“ကြည့်ရသေးတာပေါ့၊ သူက သူ့ရဲ့နတ်မျက်စိကိုပိတ်ဖို့ အခုငြင်းနေပေမဲ့ နောက်ကျရင်မမြင်သင့်တာတွေ မြင်တဲ့အခါ သည်းမခံနိုင်တော့ဘဲ ကြောက်လွန်းလို့ ငါ့ကိုပိတ်ခိုင်းမှာသေချာတယ်၊ ပြီးတော့ သူနဲ့ငါကြားမှာ ဆရာတပည့် ရေစက်ပါမပါဆိုတာကတော့ မင်းသမီးကြီးရဲ့ဆန္ဒအပေါ် မူတည်သေးတယ်၊ ဒါပေမယ့် သူကတော်ဝင်မိသားစုဝင် တစ်ဝက်ဖြစ်နေတော့ ကိစ္စတချို့ ကိုင်တွယ်ရတာ ပိုလွယ်ကူလိမ့်မယ်၊ အရိုးဖြူထီးကိုဆိုင်မှာ ငါထားခဲ့မယ်၊ နင်ဘာမှလုပ်စရာမရှိရင် ဆိုင်ထဲမှာ လျှောက်သွားပြီး လမ်းပေါ်ကလူတွေကို လိုက်ကြည့်နေပေါ့၊ နင့်ကိုဒုက္ခပေးခဲ့တဲ့သူနဲ့ တွေ့ချင်တွေ့နိုင်မှာ”
ထိုအကြောင်းပြောလိုက်ရာ ရှောင်ချန်းလင်း ဝင်ပြောသည်။
“စောစောက ချင်းမိသားစုလည်းလာပြီး ဆိုင်ဖွင့်ပွဲအတွက် ဂုဏ်ပြုဆုတောင်းစကားလာပြောသွားတယ်”
ရှောင်အန်းလဲ့ သူမ၏ဒုတိယအစ်ကိုကို ကြည့်ပြီး တစ်ခုခုသတိရသွား၏။
“ဒုတိယအစ်ကို အစ်ကိုကဒီနေရာမှာ နေ့တိုင်းစောင့်နေစရာမလိုပါဘူး၊ ဒီဆိုင်မှာ ဆိုင်စောင့်တစ်ယောက်ရှိရင် ရပါပြီ၊ ညီမလေးက ရက်နည်းနည်းကြာမှ တစ်ခါလာပြီး အလုပ်လက်ခံစရာရှိမရှိ လာကြည့်လိုက်ပါ့မယ်၊ မရှိရင်အိမ်မှာပဲ နေမှာပါ”
တခြားသခင်မလေး တစ်ယောက်ယောက်သာ အိမ်၌လိမ်လိမ်မာမာနေမည်ဟုပြောလျှင် သူယုံပေလိမ့်မည်။ သို့သော် သူ့ညီမအရင်းလေးမှအိမ်မှာသာ လိမ်လိမ်မာမာနေမည်ဟု ပြောလျှင်တော့ သူမယုံကြည်နိုင်ပေ။
“ဘာပဲဖြစ်ဖြစ် အကို့မှာလုပ်စရာမရှိဘူးလေ၊ ဒီနှစ် အစ်ကိုကြီးကစစ်ဘက်ဆိုင်ရာ စာမေးပွဲဖြေမယ်၊ တတိယညီလေးက နန်းတွင်းစာမေးပွဲဖြေမယ်၊ အကိုက နောက်နှစ်မှဖြေရမှာဆိုတော့ တစ်နှစ်လုံး အိမ်မှာပဲအားနေမှာ”
သူ့စကားကြောင့် ရှောင်အန်းလဲ့ အစ်ကိုကြီးအတွက် ကြည့်ပေးခဲ့ဖူးသော လက္ခဏာကို ပြန်သတိရသွားသည်။
“ဒုတိယအစ်ကို ဒီရက်ပိုင်းပျင်းနေရင် အစ်ကိုကြီးအနားမှာပဲ နေပေးပါ၊ မကြာခင် စစ်ဘက်ဆိုင်ရာ စာမေးပွဲဖြေဖို့ မြို့တော်ကို လူတွေအများကြီး ရောက်လာလိမ့်မယ်၊ ညီမလေး တွက်ချက်ကြည့်သလောက် အစ်ကိုကြီးက အပြင်မိတ်ဆွေဖွဲ့တဲ့နေရာမှာ ပေါ့ဆမိနိုင်တယ်၊ အဲ့အချိန်ကျ ပေါ့ပေါ့တန်တန်ဆိုရင် သူ့ကံတရားကို ထိခိုက်နိုင်ပြီး ပြင်းထန်ရင် အသက်အန္တရာယ်တောင်ရှိနိုင်တယ်”
ရှောင်ချန်လင်း ယခင်ကသာ သူ့ညီမလေး ဤစကားမျိုးပြောခဲ့လျှင် လုံးဝ ယုံမည်မဟုတ်သော်လည်း ယခုတော့ သူ လုံးဝယုံကြည်သွားပြီပင်။
“ညီမလေး စိတ်မပူပါနဲ့၊ ဒီရက်ပိုင်း အစ်ကိုကြီးအနားမှာပဲနေပြီး တခြားသူတွေဆီက ပစ္စည်းတွေကို လက်မခံဖို့ သေချာဂရုစိုက်လိုက်ပါ့မယ်၊ တကယ်တော့ နှစ်တိုင်း ဒီအချိန်ဆိုရင် စစ်ဘက်ဆိုင်ရာ စာမေးပွဲပဲဖြစ်ဖြစ် နန်းတွင်းစာမေးပွဲပဲဖြစ်ဖြစ် ပညာရှင်တွေကြားမှာ ပြိုင်ဆိုင်မှုတွေဖြစ်နေတာ၊ သိပ်မလွန်ကျွံသရွေ့တော့ နောက်ကျရင် ခင်ခင်မင်မင်ပြန်တွေ့နိုင်ပါတယ်၊ တကယ်လို့ တစ်ယောက်ယောက်ကသာ အစ်ကိုကြီးကို ယုတ်မာတဲ့နည်းလမ်းတွေ သုံးရဲရင်တော့ ငါတို့ရှောင်မိသားစု ကလည်း ငြိမ်ခံနေမယ့်အထဲမှာမပါဘူး”
ရှောင်အန်းလဲ့ပြုံးလိုက်ပြီး စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲလိုက်၏။
‘သူမသာပြန်မရောက်လာရင် ဒီလူတွေ အကုန်ဒုက္ခရောက်တော့မှာ’
“အင်း ဒါဆိုအစ်ကိုကြီးကိစ္စကို ဒုတိယအစ်ကို့ဆီ လွှဲထားလိုက်မယ်၊ ဒုတိယအစ်ကို ဒီနေ့ဘာမှလုပ်စရာမရှိရင် ဒီမှာပဲ နေခဲ့လိုက်၊ ညီမလေးက မင်းသမီးကြီးအိမ်တော်ကို သွားမလို့”
သခင်လေးကျိုးသာ ထိုလမ်းကိုအမှန်တကယ် လျှောက်ချင်သည်ဆိုပါက မင်းသမီးကြီး၏သဘောတူညီချက် လိုအပ်ပေသည်။ ထို့ပြင် သူမမျက်စိအောက်တွင် မည်သူကများ သူ၏နတ်မျက်စိကို ဖွင့်ပေးလိုက်သည်ကိုလည်း သူမသိချင်နေသေးသည်။ ရှောင်အန်းလဲ့ မင်းသမီးကြီးဆီ သွားမေးမည်ဟု ကြားသောအခါ သခင်လေးကျိုးစိုးရိမ်ပူပန်သော မျက်နှာထားဖြင့် သူမနောက်မှလိုက်ပါသွား၏။
အိမ်တော်သို့ရောက်သောအခါ အစေခံများ ဝင်ထွက်သွားလာနေကြပြီး မြို့စားမင်း ရုတ်တရက် သွေးအန်ကာမေ့လဲသွားကြောင်း ပြောဆိုနေကြသည်ကိုကြားလိုက်ရသည်။ သခင်လေးကျိုး ကြားလိုက်သည်နှင့် ချက်ချင်း စိုးရိမ်တကြီး ဖြစ်သွားသည်။
“ငါ့အဖေ ဘယ်လိုလုပ်ပြီး သွေးအန်မေ့လဲသွားရတာလဲ၊ နန်းတွင်းသမားတော် ခေါ်ပြီးပြီလား”
သူဖမ်းမေးလိုက်သော အစေခံသည် သူ့ကိုကြည့်လိုက် ရှောင်အန်းလဲ့ကိုကြည့်လိုက်နှင့် မျက်လုံးများဂနာမငြိမ်ဖြစ်နေပြီး နဖူးတွင် ချွေးများစို့နေကာ အနိုင်နိုင်ပြန်ဖြေလိုက်၏။
“ခေါ်ပြီးပါပြီ နန်းတွင်းသမားတော်က အခုကုသပေးနေပါတယ်၊ သခင်မလေးရှောင် လာတာအတော်ပဲ၊ မင်းသမီးကြီးက အခုပဲလူလွှတ်ပြီး သခင်မလေးရှောင်ကိုခေါ်ခိုင်းလိုက်တာ”
34
မင်းသမီးကြီး သူမကိုလာခေါ်ခိုင်းသည်ဟုကြားသောအခါ ရှောင်အန်းလဲ့ကိစ္စမှာ ထိုမျှမရိုးရှင်းနိုင်ကြောင်းနားလည်လိုက်သည်။
“လမ်းပြပေး မင်းသမီးကြီးကို အခု သွားတွေ့လိုက်ပါ့မယ်”
အစေခံကောင်လေး သူမကိုမြို့စားမင်း၏အိပ်ဆောင်သို့ ခေါ်ဆောင်သွားသည်။ အထဲတွင်မင်းသမီးကြီးမှာ စားပွဲတွင် အေးဆေးထိုင်ပြီး လက်ဖက်ရည်သောက်နေကာ သူမဝင်လာသည်ကို မြင်သော် အသာခေါင်းငြိမ့်ပြလာသည်။
“သခင်မလေးရှောင် ရောက်လာပြီပေါ့၊ မြို့စားမင်း ဘာဖြစ်တာလဲဆိုတာ ကူကြည့်ပေးပါဦး”
သူမပြောရင်း ရှောင်အန်းလဲ့နောက်မှ လိုက်ပါလာသော သခင်လေးကျိုးကို ကြည့်လိုက်ပြီး ပြောလက်စစကားကို ရပ်လိုက်၏။ ရှောင်အန်းလဲ့ ရှေ့တိုးပြီး မြို့စားမင်း၏အခြေအနေကို စစ်ဆေးကြည့်ရာ လက်ကောက်ဝတ်အရေပြားပေါ်တွင် အနီရောင်အမှတ်အသားများ ရှိနေသည်ကို တွေ့လိုက်ရသည်။
“မြို့စားမင်းက အမွှာကျိန်စာမိထားတာပဲ၊ ဒီအနီရောင်ချည်မျှင်က ကျွန်မသိသလောက် အချစ်ကျိန်စာကိုကိုယ်စားပြုတာ”
ရှောင်အန်းလဲ့ မင်းသမီးကြီးကိုကြည့်လိုက်ပြီးနောက် သခင်လေးကျိုးကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ချက်ချင်းပင် မင်းသမီးကြီးမှာ သခင်လေးကျိုးကို အပြင်ထွက်ခိုင်းလိုက်၏။
“အပြင်ထွက်ပြီး နန်းတွင်းသမားတော် သုံးယောက်ဆေးညွှန်းရပြီလား သွားကြည့်ချေ”
သခင်လေးကျိုးခေါင်းငြိမ့်ပြီး အပြင်သို့ ပြေးထွက်သွားသည်။ ထိုအခါမှ ရှောင်အန်းလဲ့ စကားပြောလိုက်၏။
“အမွှာကျိန်စာဆိုတာက ကျိန်စာတိုက်တဲ့သူသေရင် မြို့စားမင်းလည်းလိုက်သေရမယ်ဆိုတဲ့ သဘောပါ၊ ကျိန်စာတိုက်တဲ့သူရှင်ရင် မြို့စားမင်းလည်း အသက်ရှင်မယ်၊ ဒါပေမယ့် မြို့စားမင်းရဲ့ခန္ဓာကိုယ်ထဲမှာ အချစ်ကျိန်စာပါနေတော့ မြို့စားမင်းက အဲ့တစ်ယောက်ကို အခုချိန်အရူးအမူး စွဲလမ်းနေလိမ့်မယ်၊ နေပါအုံး အဲ့တစ်ယောက်ကို မင်းသမီးကြီးကွပ်မျက်လိုက်တာတော့ မဟုတ်ပါဘူးနော်”
သူမစကားကိုကြားသောအခါ မင်းသမီးကြီး လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ဆောင့်ချလိုက်သည်။
“တကယ့်ကို နင်ပြောသလိုပဲ၊ အဲ့မိန်းမက မြေခွေးမပဲ၊ မြို့စားမင်းအပေါ် အောက်လမ်းနည်းသုံးပြီး မြူဆွယ်ရဲတယ်၊ အဲ့မိန်းမက မြို့စားမင်းရဲ့ အသက်ကိုသုံးပြီး ဒီမင်းသမီးကို ခြိမ်းခြောက်ချင်နေတာ၊ ယုတ်မာလိုက်တာ သခင်မလေးရှောင်၊ ဒီအမွှာကျိန်စာကို ဖြေပေးနိုင်မလား”
ရှောင်အန်းလဲ့ကျိန်စာ၏ ဖြေရှင်းနည်းကိုသိသော်လည်း ယခုအခေါက်မှာ ပထမဆုံးအကြိမ်ဖြစ်သဖြင့် အနည်းငယ် ခေါင်းစားနေရသည်။
“အဲ့ဒါ နည်းနည်းတော့ခက်ခဲတယ်”
သူမ စကားဆက်ပြောရန် စဉ်းစားနေစဉ် မင်းသမီးကြီးစိတ်မရှည်စွာဖြင့် ပြောလိုက်၏။
“ပြောသာပြောပါ မြို့စားမင်းအသက်ရှင်ဖို့က အရေးကြီးတယ်၊ တကယ်လို့ မကယ်နိုင်တော့ဘူးဆိုရင်လည်း ထားလိုက်တော့ သူ့ကံတရားပဲပေါ့”
“အမေ ဘာပဲဖြစ်ဖြစ် အဖေ့ကိုကယ်ရမယ်နော်”
သခင်လေးကျိုး တံခါးဖွင့်ပြီးပြေးဝင်လာသည်။ စောစောက သူထွက်သွားဟန်ဆောင်ပြီး ပြန်လှည့်လာကာ သူတို့စကားများကို နားထောင်နေခဲ့ခြင်း ဖြစ်သည်။ သူ့အဖေကို မည်သူမှအမွှာကျိန်စာတိုက်လိုက်မှန်း မသိသော်လည်း သူ့အမေ၏စကားများမှာ သူ့ကိုစိတ်မကောင်းဖြစ်စေသည်။
‘သူ့အဖေကို ဒီလိုပဲလက်လွှတ်လိုက်ရတော့မှာလား’
သခင်လေးကျိုး ရှောင်အန်းလဲ့ဘက်သို့ လှည့်ပြောလိုက်၏။
“ဆရာသခင် ကျွန်တော်တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်အဖေရဲ့ အသက်ကိုကယ်ပေးပါ”
“ဆရာသခင်လား”
မင်းသမီးကြီး ထိုစကားလုံးနှစ်လုံးကို ချက်ချင်းဖမ်းမိလိုက်သည်။ သခင်လေးကျိုး သူမဘက်သို့လှည့်ပြီးပြောလိုက်၏။
“အမေ ကျွန်တော် သခင်မလေးရှောင်ဆီမှာ တပည့်ခံချင်တယ်၊ တစ်ယောက်ယောက်က ကျွန်တော့်ရဲ့ နတ်မျက်စိကို ဖွင့်ပေးလိုက်လို့ ကျွန်တော် သရဲတွေကိုမြင်နေရပြီ၊ ကျွန်တော်....”
သူ့စကားကို မင်းသမီးကြီးဖြတ်ပြောလိုက်သည်။
“နင် ဘာပြောလိုက်တယ်၊ တစ်ယောက်ယောက်က နင့်ရဲ့နတ်မျက်စိကို ဖွင့်ပေးလိုက်တယ် ဟုတ်လား၊ ယုတ်မာလိုက်တာ အဲဒီ မြေခွေးမလက်ချက်ပဲ ဖြစ်ရမယ်”
သူမပြောရင်း ရှောင်အန်းလဲ့ကိုကြည့်လိုက်၏။
“သခင်မလေးရှောင် ငါ့သားရဲ့နတ်မျက်စိကို ပိတ်မယ့်နည်းလမ်းရှိလား”
သူမထိုသို့ပြောသည်ကို ကြားသောအခါ သခင်လေးကျိုး ချက်ချင်းအော်ပြောလိုက်သည်။
“အမေ မလုပ်ပါနဲ့၊ ကျွန်တော် အခုဒီပညာကို သဘောကျတယ်၊ စိတ်ဝင်စားစရာကောင်းတယ်လို့လည်း ထင်တယ်၊ ပြီးတော့ အဲဒီသရဲတွေကိုလည်း မကြောက်ပါဘူး၊ ကျွန်တော်သခင်မလေးရှောင်ဆီမှာ တာအိုပညာရပ်တွေသင်ချင်တယ်”
မင်းသမီးကြီး ပြတ်ပြတ်သားသားငြင်းဆိုလိုက်၏။
“အားကျိုး ပေါက်ကရတွေမပြောစမ်းနဲ့၊ နင်က မြို့စားအိမ်တော်ရဲ့ဆက်ခံသူလေ၊ တာအိုဆရာလုပ်မယ်ဆိုရင် မြို့စားမျိုးဆက် ပြတ်သွားစေချင်လို့လား”
ရှောင်အန်းလဲ့ : “အဟွတ် သူက ကျွန်မဆီမှာ တပည့်ခံရင်လည်း အိမ်ထောင်ပြုပြီး ကလေးယူလို့ရပါတယ်”
သခင်လေးကျိုး ထိုစကားကိုကြားသောအခါ ဝမ်းသာအားရဖြစ်သွားပြီး မင်းသမီးကြီးထံ ချက်ချင်းကြည့်လိုက်သည်။
“အမေ သခင်မလေးရှောင်က ကျွန်တော် အိမ်ထောင်ပြုလို့ရတယ်တဲ့၊ စိတ်မပူပါနဲ့၊ ကျွန်တော်တို့မြို့စားအိမ်တော်ရဲ့မျိုးဆက်ကို လုံးဝပြတ်မသွားစေရပါဘူး၊ ကျေးဇူးပြုပြီး သခင်မလေးရှောင်ဆီမှာ သင်ခွင့်ပြုပါနော်”
မင်းသမီးကြီး သူ့သား၏ဇွဲကိုမြင်သောအခါ ခေါင်းငြိမ့်ပြီးပြောလိုက်၏။
“ကောင်းပြီလေ ဒီနေ့ကစပြီး သခင်မလေးရှောင်နောက်လိုက်ပြီး သင်တော့၊ ဒါဆိုရင် နင့်အဖေသေတာ ရှင်တာက သိပ်အရေးမကြီးတော့ဘူး၊ သူသေသွားရင်တောင် နင်ကသူ့ကိုမြင်ရမှာပဲမလား”
ရှောင်အန်းလဲ့ : ယုတ္တိရှိချက်ပဲတော်
သခင်လေးကျိုးမှာ မိခင်ဖြစ်သူ၏စကားများကြောင့် ကြောင်အမ်းသွားပြီး နေရာတွင်ပင် အူတူတူဖြင့်ရပ်နေသည်။ သူ့ဦးနှောက်စက်လည်ပတ်မှုမှာလည်းရပ်လုနီးပါး ဖြစ်သွားသည်။
‘သူ့အမေပြောတာက မှန်သလိုလို၊ အဓိပ္ပာယ်ရှိသလိုလိုဆိုပေမဲ့ ဘာလို့ တစ်ခုခုလွဲနေသလို ခံစားနေရတာလဲ’
ထို့နောက် သူအမြန် ခေါင်းခါလိုက်ပြီး ပြောသည်။
“မဟုတ်ဘူးလေ အမေ၊ အဖေအသက်ရှင်နေတာက ပိုကောင်းတာပေါ့၊ အဖေ အသက်ရှင်ပြီး အမေ့အနားမှာရှိနေတာကို မလိုချင်ဘူးလား”
မင်းသမီးကြီး သူ့ထံဖျော့တော့သော အကြည့်ဖြင့် ကြည့်လိုက်၏။
“နင် စောစောကမကြားလိုက်ဘူးလား၊ ငါ မလိုချင်ပါဘူးဆို၊ သူအသက်ရှင်နေရင်တောင် ငါ့အနားမှာရှိနေမှာမဟုတ်ဘူး၊ အဲဒီမြေခွေးမနားမှာပဲ ရှိနေမှာ၊ နင်လည်း အရွယ်ရောက်နေပြီဆိုတော့ ငါ နင့်ကို ဖုံးကွယ်မထားတော့ဘူး၊ နင့်အဖေ ဒီလိုဖြစ်ရတာ အပြင်မှာထားတဲ့ ကိုယ်လုပ်တော်က အမွှာကျိန်စာတိုက်လိုက်လို့ပဲ၊ အိမ်တော်ထဲမှာ ကိုယ်လုပ်တော်တွေ မရှိတာလည်းမဟုတ်ဘဲနဲ့ သူကအပြင်မှာ ကိုယ်လုပ်တော် ထားချင်နေတာလေ၊ နင့်အဖေ ဘာလို့ဒီလိုလုပ်တယ်ထင်လဲ”
သူ့အမေ၏ချက်ကျလက်ကျ စကားများကြောင့် သခင်လေးကျိုးပါးစပ်ပိတ်သွားတော့သည်။ သူ့အဖေ တကယ်ပဲ မည်သည်ကိုတွေးနေခဲ့သည်အား သူ နားမလည်တော့ပေ။
‘သူ့အမေပြောသလို အိမ်တော်ထဲမှာ ကိုယ်လုပ်တော်တွေ အများကြီးရှိတာပဲ၊ ပြီးတော့ သူ့အမေက သူ့အဖေ ကိုယ်လုပ်တော်ယူတာကို တားမြစ်ထားတာလည်း မဟုတ်ဘူးလေ၊ အဲ့ဒါတောင် အပြင်မှာ ကိုယ်လုပ်တော်ထားချင်နေသေးတယ်၊ တကယ်စိတ်ပျက်စရာ ကောင်းတာပဲ’
“ဒါပေမယ့် ဒါပေမယ့် ကျွန်တော်တို့ အဖေသေသွားတာကို ဒီအတိုင်း လက်ပိုက်ကြည့်နေလို့ မရဘူးလေ၊ ဆရာသခင် အဖေ့အသက်ကိုကယ်လို့ရမယ့် နည်းလမ်းရှိသေးလား”
ရှောင်အန်းလဲ့ ခေါင်းငြိမ့်လိုက်သည်။
“ရှိပါတယ်၊ ရှင့်အဖေကို ကျိန်စာတိုက်တဲ့လူမသေသရွေ့ ရှင့်အဖေမသေပါဘူး၊ အမွှာကျိန်စာထဲမှာ အချစ်ကျိန်စာ ပါနေတော့ အဆုံးမရှိတဲ့သံသရာလိုဖြစ်နေမှာပဲ၊ တစ်ယောက်ယောက် မသေမချင်း ပြေပျောက်မှာမဟုတ်ဘူး”
နောက်ဆက်တွဲစကားများကြောင့် သခင်လေးကျိုးတောင့်ခဲသွားပြီး တစ်ကိုယ်လုံး ပျော့ခွေကျသွားကာ ပခုံးများ လျှောကျသွား၏။
“ဟာ ခက်လိုက်တာ၊ ဆရာသခင် နှစ်ဖက်လုံး အဆင်ပြေမယ့် နည်းလမ်းမရှိတော့ဘူးလား”
သူတို့စကားပြောနေစဉ်မှာပင် ကုတင်ပေါ်တွင် လဲလျောင်းနေသော ဝူယန်မြို့စားမင်းသည် သွေးတစ်လုပ်ထပ်အန်လိုက်ပြီး တစ်ကိုယ်လုံးတုန်ခါသွားကာ အသက်ထွက်တော့မည့်ပုံပေါက်နေသည်။ ရှောင်အန်းလဲ့ မျက်မှောင်ကြုတ်လိုက်ပြီး မင်းသမီးကြီးဘက်သို့ လှည့်ကြည့်လိုက်သော်လည်း မင်းသမီးကြီးမှခေါင်းလွှဲသွားခဲ့သည်။
“အဲဒီမိန်းမကို ငါသတ်ခိုင်းလိုက်ပြီ၊ သူ့ကို ကယ်နိုင်သလောက်ကြိုးစားကြည့်လိုက်ပါ၊ မကယ်နိုင်ရင်တော့ သူ့ကံတရားပေါ့”
သခင်လေးကျိုး၏မျက်လုံးများ ပြူးကျယ်သွားပြီး အံကြိတ်လိုက်၏။
“အဲဒီမိန်းမ အသတ်ခံလိုက်ရတာ ကောင်းတယ်၊ ဘယ်သူကသူ့ကို ငါ့အဖေဆီ မြှူဆွယ်ပြီး ကိုယ်လုပ်တော် လုပ်ခိုင်းလို့လဲ၊ ဒါပေမယ့် ဆရာသခင် ကျွန်တော့်အဖေက တကယ်ပဲကယ်မရတော့ဘူးလား”
ရှောင်အန်းလဲ့ မျက်မှောင်ကြုတ်လိုက်ပြီး အဆောင်တစ်ခုကိုထုတ်ကာ ဝူယန်မြို့စားမင်း၏နဖူးပေါ်သို့ ကပ်လိုက်သည်။
“ဝိညာဉ်ထိန်းအဆောင်က သူ့ဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှာ ခဏပဲ ထိန်းထားပေးနိုင်မှာ၊ ကျိန်စာတိုက်တဲ့သူ သေသွားပြီဆိုတော့ သူ့အသက်ကိုကယ်ဖို့ ခက်သွားပြီ၊ ငရဲမင်းကြီးတောင် ဆင်းကယ်နိုင်မှာမဟုတ်ဘူး၊ အခု သူ့ဝိညာဉ်ကို ထိန်းထားပေးတာက ကျိန်စာတိုက်တဲ့သူရဲ့ဝိညာဉ်က သူ့ဝိညာဉ်ကိုလာရှာလို့မရအောင် တားဆီးပေးနိုင်တယ်၊ ၇ရက်ပြည့်မှပဲ အဲဒီကိုယ်လုပ်တော်ရဲ့ဝိညာဉ်က မြို့စားမင်းကိုလွှတ်ပေးမလားဆိုတာ ကြည့်ရမယ်”
ထိုစကားကြောင့် သခင်လေးကျိုးအံ့သြသွားရ၏။
“ဆရာသခင် ဘာကိုဆိုလိုတာလဲ”
“ဆိုလိုတာက အဲဒီမြို့စားမင်း အပြင်မှာ ထားခဲ့တဲ့ ကိုယ်လုပ်တော်က ရှင့်အဖေကို တကယ်ချစ်ခဲ့တာ၊ သေသွားရင်တောင် သရဲစုံတွဲတွေအဖြစ် အတူနေချင်နေတာ၊ ငါတို့မြို့စားမင်းရဲ့ ဝိညာဉ်ကို ငြိမ်းငြိမ်းချမ်းချမ်းအနားယူပြီး လူပြန်ဝင်စားစေချင်ရင် အဲဒီမိန်းမကို မြို့စားကတော်အဆောင်အယောင်နဲ့ မြို့စားမင်းနဲ့အတူမြှုပ်နှံပေးမှရလိမ့်မယ်၊ ဒါမှ သူတို့နောက်ဘဝကျရင် လင်မယား ပြန်ဖြစ်နိုင်ကြမှာ”
ရှောင်အန်းလဲ့ အကြမ်းဖျင်းရှင်းပြလိုက်သော်လည်း မင်းသမီးကြီးလုံးဝ သဘောတူမည်မဟုတ်သည်ကို သူမသိသည်။ မင်းသမီးကြီးနှင့် ဝူယန်မြို့စားမင်းတို့ လက်ထပ်ပေါင်းသင်းလာသည်မှာ အနှစ် ၂၀ ရှိ၍ သားဖြစ်သူပင် ၁၈ နှစ် ရှိနေပြီဖြစ်၏။
‘ဘယ်လိုလုပ်ပြီး မြို့စားကတော်နေရာကို အဲဒီမိန်းမဆီပေးပြီး မြို့စားမင်းနဲ့အတူတူမြှုပ်နှံခွင့်ပြုမှာလဲ၊ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ’
မင်းသမီးကြီး မဲ့ပြုံးပြုံးလိုက်ပြီး သားဖြစ်သူထံကြည့်လိုက်သည်။
“နင် ကယ်ချင်သေးလား ဟမ်”
သခင်လေးကျိုးလည်း ပြောစရာစကား မဲ့သွားသည်။ သူ မြို့စားမင်း၏ကုတင်နားသို့ လျှောက်သွားပြီး ဝိညာဉ်ထိန်းအဆောင်ကို ဆွဲခွာလိုက်၏။
“ကျွန်တော်တစ်ခုပဲ ရွေးရမယ်ဆိုရင် ကျွန်တော့်အမေကိုပဲ ရွေးလိုက်မယ်”
ရှောင်အန်းလဲ့ ခေါင်းငြိမ့်လိုက်၏။ ဤသို့သောကိစ္စမျိုးအတွက် နှစ်ဖက်လုံး အဆင်ပြေအောင် ဖြေရှင်းနည်းမရှိပေ။
‘ပြီးတော့ သူမက ဘယ်သရဲကိုမဆို လိုက်ကယ်နေတာမှမဟုတ်တာ၊ ဝူယန်မြို့စားမင်းသေဆုံးသွားရင် အမွှာကျိန်စာလည်းပျက်သွားလိမ့်မယ်။ အဲ့အခါကြ အမွှာကျိန်စာထဲက အချစ်ကျိန်စာလည်း အလိုလိုပျက်စီးသွားလိမ့်မယ်၊ အဲ့လိုဆို ဝူယန်မြို့စားမင်းက သူ့ကိုယ်လုပ်တော်အပေါ် ဘယ်လောက် သံယောဇဉ်ရှိနေအုံးမှာလဲဆိုတာကိုတော့ အင်း ကြည့်ရမှာပဲ’
ဝိညာဉ်ထိန်းအဆောင်ကို ခွာလိုက်သည်နှင့် ဝူယန်မြို့စားမင်းအသက်ထွက်သွားတော့သည်။ သခင်လေးကျိုးဆိုသော သားလိမ္မာလေးမှာမူ စူးစမ်းလိုစိတ်ဖြင့် ရှောင်အန်းလဲ့ကိုမေးလိုက်သေးသည်။
“ဆရာသခင် ဘာလို့ ကျွန်တော်အဖေ့ရဲ့ဝိညာဉ်ကို မမြင်ရတာလဲ”
ရှောင်အန်းလဲ့ မေးထိုးပြလိုက်ပြီး ဆက်ကြည့်နေရန်ပြောလိုက်သည်။ မကြာမီမှာပင် ဝူယန်မြို့စားမင်း၏ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ ထထိုင်လာ၏။ ဝူယန်မြို့စားမင်းမှာ သူသေဆုံးသွားပြီဖြစ်ကြောင်း သတိမထားမိသေးပေ။ ထထိုင်လိုက်ပြီးနောက် ပထမဆုံးတုံ့ပြန်မှုအဖြစ် မင်းသမီးကြီးအားပြောလိုက်သည်။
“မင်းသမီးကြီး ဝမ်အာကိုလွှတ်ပေးဖို့ တောင်းဆိုပါတယ်၊ ဝမ်အာကအိမ်တော်ထဲ ဝင်ချင်တယ်လို့ ခဏခဏပြောပေမယ့် ကိုယ်သဘောမတူခဲ့ဘူး၊ သူအိမ်တော်ထဲရောက်လာရင် အနိုင်ကျင့်ခံရမှာစိုးလို့ အပြင်မှာပဲထားခဲ့တာပါ”