← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

35

မင်းသမီးကြီးမှာ မြို့စားမင်းကိုမမြင်ရသဖြင့် မြို့စားမင်း မည်သည်အားပြောနေသည်ကို သေချာပေါက်မသိခဲ့ပေ။ ဖခင်ကိုမြင်နေရသော သခင်လေးကျိုးမှ စကားဝင်ပြောရန်ပြင်လိုက်စဉ် ရှောင်အန်းလဲ့ သူ့ကို ဖြတ်ပြောလိုက်၏။

​“မင်းသမီးကြီး ဝူယန်မြို့စားမင်း အခုလိုဖြစ်သွားရတာ အဲဒီကိုယ်လုပ်တော်က အမွှာကျိန်စာအပြင်အချစ်ကျိန်စာပါ တိုက်ခဲ့လို့ပါ၊ အခု ကိုယ်လုပ်တော် သေသွားပြီဆိုတော့ ဝူယန်မြို့စားမင်းလည်း မကြာခင်သူနဲ့အတူတူသေဆုံးပါလိမ့်မယ်၊ ပြီးတော့ ဒီလောကမှာ အဲ့လိုအရာတွေအတွက် ဖြေဆေးမရှိပါဘူး၊ အမွှာကျိန်စာနဲ့ အချစ်ကျိန်စာ နှစ်ခုလုံးက ကာကံယံရှင်တွေ သေဆုံးသွားတာနဲ့ ကျိန်စာနှစ်ခုလုံး ပျက်သွားပါလိမ့်မယ်၊ နောက်ပိုင်းကျရင် ဝူယန်မြို့စားမင်းကို ကျွတ်လွတ်အောင် ကျွန်မနည်းလမ်းရှာပေးပါ့မယ်၊ နောက်ဘဝမှာ ချမ်းသာတဲ့ မိသားစုမှာ မြို့စားမင်းလူပြန်ဝင်စားနိုင်ဖို့ မျှော်လင့်ပါတယ်”

​သခင်လေးကျိုး စကားပြောချင်သေးသော်လည်း ရှောင်အန်းလဲ့ သူ့လက်မောင်းကိုဆွဲကာ အကြည့်ဖြင့် တားလိုက်သည်။ သခင်လေးကျိုး သူ့ဖခင်အရင်း၏ဝိညာဉ်ကို မကြည့်မိအောင် အနိုင်နိုင်ထိန်းထားလိုက်ရ၏။ ​မင်းသမီးကြီး သက်ပြင်းချလိုက်ပြီး နဖူးပေါ်လက်တင်ကာ နားထင်ကို နှိပ်နယ်လိုက်သည်။

“မတတ်နိုင်ဘူးလေ၊ ဒီနည်းလမ်းပဲရှိတော့တာပေါ့၊ မင်းက ယင်နဲ့ယန်ကိုမြင်နိုင်စွမ်းရှိသူဆိုတော့ ဝူယန်မြို့စားမင်းရဲ့နာရေးကိစ္စကို မင်းလက်ထဲပဲအပ်လိုက်တော့မယ်”

​ရှောင်အန်းလဲ့ သဘောတူပြီးပြောလိုက်သည်။

“မင်းသမီးကြီး စိတ်ချပါ၊ ကျွန်မ အကောင်းဆုံး လုပ်ပေးပါ့မယ်၊ ဒါပေမယ့် မနက်ဖြန်ကျရင် ကျွန်မအဖေက ကျွန်မအတွက် ကြိုဆိုပွဲလုပ်ပေးမှာဆိုတော့ အချိန်ပေးနိုင်မှာ မဟုတ်ဘူးထင်ပါတယ်၊ အဲ့တာကြောင့် မင်းသမီးကြီးဘက်က ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လုပ်ထားလို့ရပါတယ်”

​သူမ ထိုသို့ပြောသည်ကိုကြားသောအခါ မင်းသမီးကြီးတွင် အခြားရွေးချယ်စရာ မရှိတော့ပေ။ ဘေးနားရှိ သခင်လေးကျိုးမှာမူ သူ့ဖခင်၏ဝိညာဉ်ကို မကြည့်မိအောင် အသည်းအသန်ကြိုးစားနေရ၏။ ​ထိုအခါမှသာ ဝူယန်မြို့စားမင်း သူတကယ်သေသွားပြီဖြစ်ကြောင်း သဘောပေါက်သွားကာ သူ့ဝိညာဉ်မှာတော့ အခန်းထဲတွင်ခြေဆောင့်နေတော့သည်။

“ဘာလဲ ငါသေသွားပြီလား၊ ငါက ဘယ်လိုလုပ်ပြီး သေနိုင်မှာလဲ၊ ဘာအမွှာကျိန်စာလဲ ဘာအချစ်ကျိန်စာလဲ၊ မြန်မြန် ငါ့ကိုကယ်ကြစမ်း၊ ဒီမြို့စား ဒီမြို့စား မသေချင်သေးဘူး၊ မင်းသမီးကြီး မိန်းကလေး ငါ့ကိုတစ်ယောက်ယောက်ဆီပို့ပြီး ကယ်ခိုင်းလိုက်ကြစမ်း၊ သား ငါ့သား မင်းအဖေကိုကယ်ပါဦး၊ နန်းတွင်းသမားတော်တွေကို ခေါ်လိုက်၊ မြန်မြန် နန်းတွင်းသမားတော်တွေကို ငါ့ကိုလာကယ်ခိုင်းလိုက်၊ ငါ့ကို ကယ်လို့ရသေးတယ်၊ ကြည့်စမ်း ငါပြန်လှဲလို့ ရနေပြီ၊ မြန်မြန် ငါ့ကိုအသက်ပြန်ရှင်အောင် လုပ်ပေးကြစမ်း”

​ဝူယန်မြို့စားမင်းပြောရင်းဆိုရင်း သူ့ခန္ဓာကိုယ်ပေါ် ပြန်လှဲချလိုက်သော်လည်း အကြာကြီးလှဲနေသည့်တိုင် သူ့ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲပြန်မဝင်နိုင်ပေ။ သူစိတ်ပူလွန်းသဖြင့် သူ့ခန္ဓာကိုယ်ပေါ် အကြိမ်ကြိမ်အခါခါ လှဲချနေမိသည်။

​“ဘာဖြစ်နေတာလဲ၊ ငါ တကယ်သေသွားတာလား၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ အော် ဟုတ်သား ဝမ်အာရှိသေးတယ်၊ စောစောက အမွှာကျိန်စာနဲ့ အချစ်ကျိန်စာဆိုတာ ဘာအဓိပ္ပာယ်လဲ၊ ဝမ်အာသေမှ ငါသေရမယ်ဆိုတဲ့ သဘောလား၊ ဒါဆို ဝမ်အာဘယ်မှာလဲ၊ ဝမ်အာ ဘယ်ရောက်နေလဲ”

​အခန်းထဲရှိ မည်သူကမှ သူ့ကိုမမြင်ရသောကြောင့် ဂရုမစိုက်ကြပေ။ မြို့စားမင်းမှာ တစ်ယောက်တည်းသာ သရဲဘဝဖြင့် ထိုနေရာတွင်ခြေဆောင့်နေရ၏။ ​မင်းသမီးကြီးမှာ ဝူယန်မြို့စားမင်း၏နာရေးအတွက် ပြင်ဆင်ရန် လူများကိုစီစဉ်လိုက်ရာ ရှောင်အန်းလဲ့လည်း အိမ်ပြန်ရန်ခွင့်တောင်းလိုက်သည်။ သခင်လေးကျိုး သူမနောက်မှ လိုက်ပါလာသည်။ အတော်ဝေးဝေး ရောက်ပြီး ဝူယန်မြို့စားမင်း၏ဝိညာဉ်ကိုမမြင်ရတော့မှ ရှောင်အန်းလဲ့ကို တိုးတိုးလေးမေးလိုက်၏။

“ဆရာသခင် ကျွန်တော်တို့အဖေ့ကို ဂရုမစိုက်တော့ဘူးလား”

​ရှောင်အန်းလဲ့လှည့်ကြည့်ပြီး ခပ်တိုးတိုး ပြန်ပြောလိုက်သည်။

“လောလောဆယ် သူ့ကိုစိတ်မပူနဲ့ဦး၊ သူကညဘက်မှ ထွက်လို့ရတာ၊ နေ့ခင်းဘက်ဆို အိမ်ထဲမှာပဲနေရလိမ့်မယ်၊ နေရောင်ခြည်နဲ့ ထိလို့မရဘူး၊ မဟုတ်ရင် သူ့ဝိညာဉ်ပြာကျသွားလိမ့်မယ်၊ သရဲတွေက အရာဝတ္တု ဒါမှမဟုတ်လူကိုပူးကပ်ဖို့ ရွေးချယ်ကြတာ၊ အဓိကက နေရောင်ကိုရှောင်ချင်လို့ပဲ၊ ဒီညရှင့်အဖေက အဲဒီကိုယ်လုပ်တော်ရဲ့ဝိညာဉ်ကို လိုက်ရှာဖို့ထွက်လာလိမ့်မယ်၊ ရှင်က မမြင်ချင်ယောင်ဆောင်ပြီး ပုံမှန်အတိုင်းအိပ်ရာဝင်လိုက်၊ မင်းသမီးကြီးက တော်ဝင်မိသားစုဝင်ဖြစ်ပြီး သူမဆီမှာ နဂါးစွမ်းအင်ရှိတယ်၊ ဝူယန်မြို့စားအိမ်တော်ထဲလက်ထပ်ပြီး ဝင်လာရလို့ နဂါးစွမ်းအင်အားနည်းသွားပေမယ့် အဲဒီသရဲတွေ သူ့ကိုဒုက္ခပေးလို့ရမယ့် အနေအထားတော့မဟုတ်သေးဘူး၊ တကယ်လို့ အဲဒီသရဲတွေသာ မင်းသမီးကြီးနားကပ်ရဲလို့ကတော့ ကံမကောင်းရင် နဂါးစွမ်းအင်ကြောင့် ဒဏ်ရာရလိမ့်မယ်၊ ပြီးတော့ ဝိညာဉ်ပါလွှင့်စင်နိုင်တယ်”

​ရှောင်အန်းလဲ့စကားကြောင့် သခင်လေးကျိုးအံ့သြလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

“ကျွန်တော့်အမေက အဲဒီလောက်စွမ်းတာလား၊ ဒါဆိုရင် ဘယ်မိစ္ဆာသရဲမှ တော်ဝင်မိသားစုကို ဒုက္ခမပေးနိုင်ဘူးဆိုတဲ့သဘောလား”

​ရှောင်အန်းလဲ့ သူ့ထံငတုံးဟူသော အကြည့်ဖြင့် အေးစက်စက်တစ်ချက်ကြည့်လိုက်၏။

“တော်ဝင်မိသားစုဝင်တွေကလည်း အန္တရာယ်ကင်းတာ မဟုတ်ပါဘူး၊ ကျွန်မပြောတာက သာမန်သရဲတွေကို ပြောတာ၊ စွမ်းအားကြီးတဲ့ သရဲတွေနဲ့ အချိန်ကာလအလိုက် ပြောင်းလဲနိုင်တဲ့ ဖုန်းရွှေအစီအရင်တွေတော့မပါဘူးပေါ့၊ ထားပါတော့ ရှင်ကဒီကိစ္စတွေကိုသိစရာမလိုပါဘူး၊ ဝူယန်မြို့စားမင်းမရှိတော့ဘူးဆိုတော့ သခင်လေးကျိုးက အခုကစပြီး ဝူယန်မြို့စားမင်းဖြစ်သွားပြီ၊ ရှင်က ဝူယန်မြို့စားအိမ်တော်ကို ဦးစီးရတော့မယ်၊ အရင်လိုတာဝန်မဲ့နေလို့ မရတော့ဘူး”

​ရှောင်အန်းလဲ့ပြောပြီးသည်နှင့် တံခါးဝသို့လျှောက်သွားကာ လိုက်ပို့စရာမလိုကြောင်းနှင့် ညဘက်တွင် ဝူယန်မြို့စားမင်းနှင့် ကိုယ်လုပ်တော်တို့၏ဝိညာဉ်များကို သတိထားရန်သာပြောပြလိုက်သည်။ သခင်လေးကျိုး အတွေးများစွာဖြင့် ရှောင်အန်းလဲ့ထွက်ခွာသွားသည်ကို ကြည့်နေမိ၏။ ​ရှောင်အန်းလဲ့ ရှောင်အိမ်တော်သို့ပြန်ရောက်ပြီး ခြံဝင်းထဲ ဝင်လိုက်သည်နှင့် ထင်ရွှယ်မှစိတ်အားထက်သန်စွာဖြင့် လာကြိုသည်ကိုတွေ့လိုက်ရသည်။

“သခင်မလေး လာကြည့်ပါဦး၊ တုန်းထောင် ဒီနေ့တစ်ချိန်လုံး စားနေတာမရပ်တော့ဘူး”

​ရှောင်အန်းလဲ့ မျက်ခုံးပင့်လိုက်သည်။

“ဟုတ်လား ဒါဆိုသွားကြည့်ရတာပေါ့”

​ထင်ရွှယ်နောက်လိုက်ပြီး မီးဖိုချောင်ကြီးဘက်သို့သွားရာ တုန်းထောင်သည် ပန်းကန်ပြားထဲမှ အစားအစာများကို အငမ်းမရ စားသောက်နေသည်ကိုတွေ့လိုက်ရသည်။ သူမတို့ကို မြင်သောအခါ တုန်းထောင်တစ်ချက်သာ လှမ်းကြည့်ပြီး ပါးစပ်ထဲသို့အစားအစာများ ဆက်သွတ်နေ၏။

“မဝသေးဘူးလား”

​ရှောင်အန်းလဲ့ စကားပြောလိုက်သည်နှင့် တုန်းထောင်ရပ်တန့်သွားပြီး သူမခန္ဓာကိုယ်ထဲမှတစ္ဆေမှာ ရှောင်အန်းလဲ့ထံ အံ့အားသင့်ဟန်ဖြင့်ကြည့်ပြီး မေးလိုက်သည်။

“နင် ငါ့ကို တကယ်မြင်ရတာလား”

​“ငါ နင့်ကိုခေါ်လာတာလေ၊ ဘယ်လိုလုပ် မမြင်ဘဲနေမလဲ၊ နင့်ကို ၅ရက် အချိန်ပေးမယ်၊ စားပြီးရင် လိမ်လိမ်မာမာနဲ့ ထွက်သွားတော့၊ နင်လောဘကြီးလွန်းရင်တော့ ထွက်သွားစရာမလိုတော့ဘူး၊ နင့်ဝိညာဉ်ကို ကွဲထွက်သွားအောင် လုပ်ပစ်လိုက်ရုံပဲ”

သို့သော် ထိုတစ္ဆေမှာ သူမနှင့်ဈေးဆစ်ချင်နေသေးသည်။

“၁၀ ရက်၊ ၁၀ ရက်လောက်ဆို အဆင်ပြေမလား”

​ရှောင်အန်းလဲ့ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူမထံမှ အရှိန်အဝါမှာ တစ္ဆေကိုဖိနှိပ်လိုက်ရာ တုန်သွားရှာသည်။

“ငါ့ကို ဈေးလာဆစ်တဲ့သရဲတွေကို ငါ အမုန်းဆုံးပဲ၊ နင် အဲဒီမိန်းကလေးဆီမှာ ကပ်စားနေတာ နှစ်ချီနေပြီ၊ သူနဲ့နင်နဲ့ ဘာရန်ငြိုးမှမရှိဘူး မဟုတ်လား၊ သူက မတော်တဆ နင်ဝင်ပူးတာခံလိုက်ရတဲ့အပြင် နင်ကမထွက်ချင်ဘဲ နေနေတာလေ၊ ဟမ့် ဒီလောက်အခွင့်အရေးပေးတာကို အကန်းတတ်နေတော့လည်း ငါကပဲ နင့်ဝိညာဉ်ကို တကယ်ဖြိုခွဲပစ်လိုက်တော့မယ် ယုံလား”

​တုန်းထောင် ခေါင်းကိုအတင်းခါလိုက်၏။

“မလုပ်ပါနဲ့ မလုပ်ပါနဲ့၊ ဝိညာဉ်ကွဲထွက်သွားတာကို မလိုချင်ပါဘူး၊ ၅ ရက် ၅ ရက်ဆိုရပါပြီ၊ ၅ရက်ပြီးရင် လိမ်လိမ်မာမာနဲ့ လူဝင်စားပါ့မယ်လို့ကတိပေးပါတယ်”

​“ဒါမှပေါ့”

ရှောင်အန်းလဲ့ ခေါင်းလှည့်ပြီး ထင်ရွှယ်ကိုမှာကြားလိုက်သည်။

“ဒီ ၅ ရက်အတွင်းမီးဖိုချောင်ကို သူ့အတွက် အစားအသောက်တွေပြင်ဆင်ခိုင်းလိုက်၊ သူစားနိုင်သလောက် ပြင်ဆင်ပေးဖို့မမေ့နဲ့”

​ထင်ရွှယ် ကြောင်တောင်တောင်ဖြင့် ခေါင်းငြိမ့်လိုက်ပြီး တံတွေးမြိုချကာ တုန်းထောင်ထံ နောက်တစ်ခေါက်ထပ်မကြည့်ရဲတော့ပေ။ ​ရှောင်အန်းလဲ့ခါးထက်ရှိ ပိုက်ဆံအိတ်လေးထဲမှ ချင်းရှုရန်ပျံထွက်လာ၏။

"ကျွတ် ကျွတ် ဆရာသခင် သတိထားဦးနော်၊ သူတို့ ဒီကောင်မလေးကို ဒုက္ခရောက်အောင် လုပ်မိနေဦးမယ်၊ သူ ဒုက္ခရောက်သွားရင် ကျွန်မဘယ်လိုလုပ် သူ့ကိုသုံးလို့ရတော့မှာလဲ”

​ရှောင်အန်းလဲ့ ထင်ရွှယ်ကိုထွက်သွားခိုင်းပြီး သူမအခန်းသို့ ပြန်လာခဲ့သည်။

“ငါပြောတာ နင်ကြားခဲ့လား၊ ဒီည အဲဒီတစ်ယောက်ရဲ့အခန်းကို သွားစစ်ဆေးကြည့်၊ မနက်ဖြန် ငါ့အတွက်ကြိုဆိုပွဲရှိတယ်၊ သူဒီည ဘာမှမလုပ်ဘဲနေမယ်လို့ ငါမယုံဘူး၊ ပြီးတော့ ယဲ့မင်းသားအိမ်တော်နား ကပ်လို့ရလားဆိုတာ ထားလိုက်ပါတော့ ငါ့ဘာသာပဲစုံစမ်းလိုက်မယ်၊ ယဲ့မင်းသားအိမ်တော်ကို စောင့်ကြည့်ဖို့ သရဲတွေများများရှာထား၊ သူစိမ်းတွေဝင်ထွက်တာ ရှိမရှိ ဒါမှမဟုတ် စွမ်းအားကြီးတဲ့သရဲတွေရှိမရှိ ကြည့်ခိုင်းထား”

​ချင်းရှုရန် ခေါင်းစောင်းပြီး သူမထံအံ့သြတကြီးအမူအရာဖြင့် ကြည့်လိုက်၏။

“ဆရာသခင် တကယ်ကြီး ယဲ့မင်းသား ကို ကြွေသွားတာတော့မဟုတ်ပါဘူးနော်၊ အိုး ကျေးဇူးပြုပြီး မကြွေပါနဲ့၊ သူကကြောက်စရာ ကောင်းလွန်းတယ်၊ ကျွန်မအမြင်တော့ သခင်လေးကျိုးကသာ ပိုကောင်းပါတယ်၊ သူကနတ်မျက်စိလည်း ပွင့်နေပြီဆိုတော့ ဆရာသခင် သူ့ကိုပဲယူလိုက်ပါလား၊ ဒါဆိုရင် နောက်ကျရင် ဆရာသခင်တို့နှစ်ယောက်အတူတူ သရဲတွေကို ကျွတ်လွတ်အောင် လုပ်ပေးလို့ရပြီလေ၊ မယားကတိုင်ပင် လင်ကကူညီဆိုတဲ့ စကားပုံအတိုင်း ကွက်တိပဲမဟုတ်လား”

​ရှောင်အန်းလဲ့ သူမထံမျက်လုံးလှန်ပြလိုက်သည်။

“အာရုံလာစားမနေနဲ့၊ ယောက်ျားတွေက နင့်ကိုကျွတ်လွတ်အောင် လုပ်ပေးနိုင်မယ့် ငါ့ရဲ့အရှိန်အဝါကို နှေးကွေးစေရုံပဲ ရှိမှာ၊ ထားလိုက်ပါတော့ အဲဒီဘက်ကို စောင့်ကြည့်ဖို့ သရဲတချို့ငါ့ဘာသာရှာလိုက်မယ်၊ နင်ကဝူယန်မြို့စားအိမ်တော်ကို သွားစောင့်ကြည့်၊ ဝူယန်မြို့စားမင်းရဲ့ကိုယ်လုပ်တော်က ရိုးရှင်းတဲ့သူ မဟုတ်ဘူး၊ ဝူယန်မြို့စားမင်းရဲ့ဝိညာဉ်ကိုသုံးပြီး မကောင်းမှုတွေ သူလုပ်မှာစိုးရိမ်ရတယ်”

​ချင်းရှုရန်ကြားလိုက်သည်နှင့် ချက်ချင်းသဘောတူပြီး ပြတင်းပေါက်မှ ပျံထွက်သွားလေသည်။ ရှောင်အန်းလဲ့ အထိန်းတော်သရဲအားထည့်ထားသည့် စက္ကူရုပ်လေးကိုထုတ်ပြီး ဝမ်းကွဲအစ်မအခန်းတွင် မည်သည့်အရာများ လုပ်နေသည်ကို သွားကြည့်ခိုင်းလိုက်ပြီး သန်းခေါင်ယံအချိန်တွင် အထိန်းတော်သရဲပြန်ရောက်လာ၏။

“သခင်မလေး အဲ့မိန်းကလေးက အစေခံသရဲမနှစ်ကောင်ကြောင့် လန့်ဖျား, ဖျားပြီး အခုထိကိုယ်အပူချိန် တက်နေပါတယ်”

​ရှောင်အန်းလဲ့ မျက်ခုံးပင့်လိုက်သည်။

“အဲဒီအစေခံသရဲမနှစ်ကောင်က ဒီလောက်ထိရောက်မယ်လို့ မထင်ထားဘူး၊ ၃ ရက်ပဲရှိသေးတယ်၊ သူက အဖျားတက်တဲ့ထိ လန့်နေပြီလား”

​အထိန်းတော်သရဲ သံဝေဂရဟန်ဖြင့်ညည်းတွားလိုက်၏။

“အရင်ကဆို အဲ့မိန်းကလေးက သူတို့ကို မမြင်ရဘူးလေ၊ အခုမြင်နေရပြီဆိုတော့ ကွာခြားသွားတာ သဘာဝကျပါတယ်”

“နင်ပြောပုံအရဆိုရင် အဲဒီအစေခံမလေးနှစ်ယောက် ဘယ်လိုအသတ်ခံလိုက်ရတာလဲဆိုတာ သိတယ်ပေါ့”

36

အမှန်စင်စစ် အထိန်းတော်သရဲ ရှောင်အိမ်တော်တွင် မကျွတ်မလွတ်ဖြင့် နေလာသည်မှာကြာ‌နေပြီဖြစ်၍ ပုံမှန်အတိုင်းပင် ထိုကိစ္စကိုသိနေခဲ့သည်။

“အဲဒီမိန်းကလေးနှစ်ယောက်က ချွန်းရှင်းနဲ့ ချိုးကျူတဲ့၊ တစ်ခေါက်တုန်းက ဝမ်းကွဲသခင်မလေး ဟွမ်ကျွယ်ဘုရားကျောင်းကိုသွားပြီး နောက်တစ်ရက်မှာပဲ ချွန်းရှင်းရေနစ်သေသွားတယ်၊ ချွန်းရှင်း သေပြီးနောက်ပိုင်း သူ့ဝိညာဉ်နဲ့တွေ့တော့ ဘယ်လိုဖြစ်တာလဲလို့မေးကြည့်တာ၊ အဲဒီည ဟွမ်ကျွယ်ဘုရားကျောင်းမှာ သူနဲ့ ခွန်းမင်းသားတို့ ဆက်ဆံရေးရှိခဲ့တယ်တဲ့၊ ကျွန်မတို့ဝမ်းကွဲသခင်မလေးက တကယ်ကိုအကွက်စေ့တယ်ပဲ ပြောရမလား၊ ကြားတာတော့ အဲဒီညမှာ ခွန်းမင်းသားက ဝမ်းကွဲသခင်မလေးနဲ့ အတူရှိနေတယ်လို့ ထင်နေတာတဲ့၊ နောက်ရက်တွေမှာ ခွန်းမင်းသားကအိမ်တော်ကို မကြာခဏလာလည်ပြီး ဝမ်းကွဲသခင်မလေးနဲ့ အရမ်း ရင်းရင်းနှီးနှီးနေတော့တာပဲ၊ နောက်ကျ ဒုတိယသခင်မလေးက သူတို့ကိုမိသွားရော၊ တကယ်တော့ အဲဒီတုန်းကသူတို့ တကယ် အတူနေခဲ့ကြတာမဟုတ်သေးပါဘူး၊ နေဖ်ို့ပြင်နေရုံလို့ပြောရမလား၊ ဒါပေမဲ့ ဒုတိယသခင်မလေးက‌ ပေါ့ပေါ့ပါးပါးနေတတ်ပြီး ရိုးသားတော့ သူတို့ဇာတ်လမ်းကို ချက်ချင်းဖွလိုက်ရော၊ အဲဒီနေ့က ချိုးကျူတံခါးစောင့်နေတာ၊ တံခါးသေချာမစောင့်လို့ဆိုပြီး ဝမ်းကွဲသခင်မလေးက ချိုးကျူကို မြင်းဇောင်းက ကျန်းမာကျီနဲ့လက်ထပ်ပေးလိုက်တယ်၊ အဲဒီကျန်းမာကျီက မူးလာရင် ရမ်းကားတတ်တော့ ချိုးကျူ နှစ်ခါလောက်ရိုက်ခံလိုက်တာနဲ့ သေရော၊ ချွန်းရှင်းရော ချိုးကျူရော ဒီအိမ်တော်ကအစေခံတွေ မဟုတ်ဘူး၊ ချွန်းရှင်းကို ဝမ်းကွဲသခင်မလေးကိုယ်တိုင် ရေကန်ထဲတွန်းချခဲ့တာ၊ အဲဒီညချွန်းရှင်း ရေပေါ်ပြန်ပေါ်မလာတော့မှ သူ ထွက်သွားတာ၊ အဲ့ဒါကြောင့် ချွန်းရှင်းရဲ့ ဝိညာဉ်က သူ့နောက်လိုက်နေတာ‌လေ၊ ချိုးကျူသေသွားပြီးနောက်ပိုင်း ကျန်းမာကျီကို လာဘ်ထိုးပြီး သူမ လွတ်အောင်လုပ်လိုက်တယ်၊ ချိုးကျူက သူ့ကိုကျန်းမာကျီနဲ့ ပေးစားလိုက်လို့ နာကျည်းပြီး သူ့နောက်လိုက်နေတာ၊ ဒါပေမယ့် အဲဒီမိန်းကလေးနှစ်ယောက်ရဲ့ ဝိညာဉ်ကနိမ့်ကျတော့ ဝမ်းကွဲသခင်မလေးကို ဘာလုပ်နိုင်မှာလဲ”

​ရှောင်အန်းလဲ့ ခေါင်းငြိမ့်လိုက်၏။

“ဒါဆို အထိန်းတော်ကြီးကရော ဘာလို့ လူမဝင်စားဘဲ ဒီမှာဆက်နေ, နေတာလဲ”

​“ဟူး ကျွန်တော်မျိုးမက အရင်နှစ်တွေကတည်းက ခင်ပွန်းဆုံးသွားပြီး သားတစ်ယောက်တည်းကိုပြုစုပျိုးထောင်လာခဲ့တာ၊ အခုသေသွားတော့လည်း သားကိုစိတ်မချနိုင်သေးဘူး၊ ဒါပေမယ့် သူကအကြီးဆုံးသခင်လေးရဲ့ခြံဝင်းမှာ အမှုထမ်းနေတော့ တော်တော်လေးတည်ငြိမ်နေတယ် ပြောရမယ်၊ နောက်ထပ်နှစ်နှစ်လောက် စောင့်ပြီး သူအိမ်ထောင်ပြု၊ ကလေးရတာကိုကြည့်ပြီးမှ လူဝင်စားဖို့သွားမလို့ပါ”

​ရှောင်အန်းလဲ့ မတတ်နိုင်ပဲခေါင်းခါလိုက်သည်။

“အထိန်းတော်ကြီး ရှင့်ရဲ့စွဲလမ်းမှုက အရမ်းနက်ရှိုင်းလွန်းတယ်၊ လူ့လောကမှာကြာကြာနေပြီး သက်ရှိတွေရဲ့အရေးကိစ္စတွေကို စိတ်ပူနေမယ်ဆိုရင် ရှင့်ရဲ့ ဝိညာဉ်ကို ထိခိုက်စေပြီး နောက်ဘဝကျရင် ဉာဏ်ရည်နိမ့်ပါးလိမ့်မယ်၊ အဲ့ဒါက နောက်ဘဝက ရှင့်မိဘတွေအတွက်လည်း တရားမျှတမှုမရှိဘူး၊ နောက် ၅ ရက်နေရင် ကျွန်မအဲ့ပြိတ္တာကို လူဝင်စားဖို့ပို့ပေးရမှာ အထိန်းတော်ကြီးလည်း သူတို့နဲ့လိုက်သွားလိုက်၊ အတော်ပဲ သားအမိဝိညာဉ်တွေလည်းရှိနေတော့ တစ်ယောက်တည်းမဟုတ်ပဲ အဖွဲ့နဲ့အတူတူသွားလို့ရတာပေါ့၊ အားလုံး အတူတူသွားရင် ကျွန်မနှစ်ခါပြန်လုပ်စရာမလိုတော့ဘူး”

​အထိန်းတော်သရဲ သက်ပြင်းချလိုက်၏။

“ကောင်းပါပြီ၊ ဒီအစေခံအိုကြီး သခင်မလေးစကားကို နားထောင်ပါ့မယ်၊ ဒါဆို နောက်ကျရင် ကျွန်မသားလေးကို စောင့်ရှောက်ပေးဖို့ သခင်မလေးကို ဒုက္ခပေးရတော့မယ်”

​ရှောင်အန်းလဲ့ ခေါင်းငြိမ့်သဘောတူလိုက်ပြီး သူမကိုစိတ်အေးချမ်းသာစွာ ထွက်ခွာခွင့်ပြုလိုက်သည်။ ​ကြိုဆိုပွဲနေ့တွင် စောစောစီးစီး လီမားမားနှင့် ထင်ရွှယ်တို့ သူမကိုနှိုးပြီး အဝတ်အစားလဲ၊ မိတ်ကပ်လိမ်းရန် ပြင်ဆင်ကြ၏။ ထင်ရွှယ်၏မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်နေသည်ကိုမြင်သောအခါ ထိုမိန်းကလေးကြောက်နေမှန်း သူမသိလိုက်၏။ ထို့ကြောင့် သူမအိတ်ထဲမှ တြိဂံပုံခေါက်ထားသော ငြိမ်းချမ်းရေးအဆောင်တစ်ခုကိုထုတ်ပြီး ပေးလိုက်သည်။

“ဒီငြိမ်းချမ်းရေးအဆောင်ကို ယူထား၊ မကောင်းဆိုးဝါးတွေရန်က ကာကွယ်ပေးပြီး ဘေးကင်းတယ်၊ နင့်ကြည့်ရတာ သတ္တိကောင်းမယ်ထင်နေတာ၊ ကြည့်ပါအုံး အခုတော့ ဘယ်လောက်တောင် ကြောက်နေလဲဆိုတာ၊ ငါ့နောက်လိုက်နေရင်‌ အဲဒီအကောင်တွေ နင့်နားမကပ်ရဲပါဘူး စိတ်ချ”

​ထင်ရွှယ်ငြိမ်းချမ်းရေးအဆောင်ကို ကိုင်ထားပြီး ရင်ထဲတွင် ခံစားချက်များဖြင့် ပြည့်နှက်သွားသည်။

“ကျေးဇူးတင်ပါတယ် သခင်မလေး၊ ကျွန်မ သခင်မလေးကိုအရှက်ရစေမိပါပြီ”

​ရှောင်အန်းလဲ့ပြုံးလိုက်စဉ် ဘေးနားရှိ လီမားမားမှာ လုပ်ထုံးလုပ်နည်းများကို ရှင်းပြတော့၏။

“ပုံမှန်အားဖြင့်ဆိုရင် အနောက်ဆောင်ကိုသွားပြီး သခင်မကြီးကို ဂါရဝပြုရမှာဆိုပေမယ့် ကျွန်မတို့သခင်မကြီးက နယ်ဝေးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတိယသခင်‌ရဲ့မိသားစုနဲ့အတူ လိုက်နေတာဆိုတော့ အိမ်တော်မှာမရှိဘူး၊ ဒီအိမ်တော်မှာက ကျွန်မတို့ရှောင်သခင်မဖြစ်တဲ့ သခင်မလေးရဲ့အမေက အကြီးဆုံးပါပဲ၊ ခဏနေရင် သခင်မလေးက ရှောင်သခင်မဆီ သွားဂါရဝပြုရမယ်၊ ပြီးရင် တခြားသခင်မကြီးတွေ ဖြည်းဖြည်းချင်းရောက်လာကြလိမ့်မယ်၊ ရှောင်သခင်မက ဧည့်ခန်းမဆောင်မှာ အိမ်ထောင်စုအသီးသီးက သခင်မကြီးတွေကိုဧည့်ခံပြီး၊ သခင်မလေးရယ် ဒုတိယသခင်မလေးနဲ့ ဝမ်းကွဲသခင်မလေးတို့က ဘေးကနားနေဆောင်မှာ ဂုဏ်သရေရှိသခင်မလေးတွေကို ဧည့်ခံရပါမယ်၊ စကားစမြည်ပြောတာ မုန့်စားတာ ဥယျာဉ်ထဲလမ်းလျှောက်တာ ဒါမှမဟုတ် ကဗျာရွတ်တာ ပန်းချီဆွဲတာတွေလုပ်ကြပေါ့၊ နေ့လယ်ကျရင် နေ့လယ်စာကို အစေခံတွေပြင်ဆင်ပေးပါလိမ့်မယ်၊ သခင်မလေးတို့ကဧည့်ခံရုံပါပဲ၊ စားပြီးရင် သခင်မကြီးတွေက သူတို့သခင်မလေးတွေကို ခေါ်ပြီးပြန်ကြလိမ့်မယ်”

​ရှောင်အန်းလဲ့နားထောင်ပြီး ရိုးရှင်းသည်ဟု တွေးလိုက်သည်။

“ကောင်းပြီ ငါနားလည်ပြီ”

​ပြင်ဆင်ပြီးနောက် သူမရှောင်သခင်မ ၏ခြံဝင်းသို့ သွားခဲ့သည်။ ရှောင်ကျားဟော်သည် သူမထက်ပို၍ပင်စောစောရောက်နေပြီး ပဲစိမ်းကိတ်မုန့်စားနေ၏။ ရှောင်အန်းလဲ့ရောက်လာသည်ကိုမြင်သောအခါ သူမမျက်လုံးများ အရောင်တောက်လာပြီး သူမဘေးတွင်ထိုင်ရန် လက်ပြလိုက်သည်။ သို့သော် သူမ၏စိတ်အားထက်သန်မှုသည် ရှောင်သခင်မ၏ပင်ပန်းနွမ်းနယ်နေသောမျက်နှာထားနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။

​“မနေ့က နင့်အဖေဖွင့်ပေးထားတဲ့ အဲ့တာအိုဆိုင်စဖွင့်ပြီလို့ ကြားတယ်၊ နင့်အတွက် ဖွင့်ပေးထားတာဆိုပေမယ့် အဲဒီကို ခဏခဏမသွားနဲ့၊ အခုနင်ကပြန်ရောက်လာပြီး အရာရှိသမီးဖြစ်နေပြီ၊ မြို့တော်ထဲကိုကြည့်လိုက် ဘယ်အရာရှိသမီးက နင့်လိုဖြစ်နေလို့လဲ၊ ခဏနေရင် နင်တို့နှစ်ယောက် ကျင်းရုံဆီအရင်သွားကြည့်လိုက်ကြ၊ အဲဒီကလေး မနေ့ညကအဖျားတက်နေတာ ဒီမနက်ထိမကျသေးဘူး”

​ရှောင်သခင်မ သူမထံအနည်းငယ် အပြစ်တင်လိုသောအကြည့်ဖြင့် ကြည့်ပြီးပြောလိုက်သည်။ ရှောင်ကျားဟော်မှာတော့ ဂရုမစိုက်ဟန်ဖြင့် လက်ဖက်ရည်တစ်ငုံသောက်ရင်း အာမေဋိတ်သံထွက်သွား၏။

“ဝမ်းကွဲအစ်မက ဘယ်လိုဖြစ်ပြီး နေမကောင်းဖြစ်သွားတာလဲ၊ ဒါဆို သူဒီနေ့ပွဲကိုလာနိုင်မှာ မဟုတ်ဘူးပေါ့၊ ဒါဆို ဝမ်းကွဲအစ်မကို ကောင်းကောင်း အနားယူခိုင်းလိုက်ပါ၊ သမီးက အဲဒီသခင်မလေးတွေနဲ့ ပျော်ပျော်ပါးပါးနေလိုက်မယ်”

​ရှောင်သခင်မ စားရန်သာသိသော ဒုတိယသမီးကိုကြည့်ပြီး စိတ်ပျက်သွား၏။

“နင်ကစားဖို့နဲ့ ကစားဖို့ပဲသိတယ်၊ နင့်ရဲ့ ပန်းထိုးလက်ရာကလည်း တိုးတက်လာတယ်ကို မရှိဘူး”

​သူမအမေ၏အပြစ်တင်စကားများ စလာပြန်သည့်အတွက် ရှောင်ကျားဟော် နှုတ်ခမ်းဆူလိုက်သည်။

“အစ်မကြီး ပြန်ရောက်နေပြီပဲ၊ အစ်မကြီးကို ပြောလေ၊ သမီးကိုမပြောပါနဲ့တော့၊ မဟုတ်ရင် လူတွေကြားသွားရင် အမေက သမီးနှစ်ယောက်လုံးကို မချစ်ဘူးလို့ထင်သွားကြလိမ့်မယ်”

“ဟူး တကယ်ပဲ၊ သူများကလေးတွေက ကိုယ့်ကလေးထက် ပိုကောင်းတယ်ဆိုတာအမှန်ပဲ”

​ရှောင်သခင်မ သူမထံစူးစိုက်ကြည့်လိုက်ပြီး စိတ်ဆိုးသွားသည်။

“ကဲ မြန်မြန်သွားပြီး နင့်ဝမ်းကွဲအစ်မကို သွားကြည့်ချေ၊ ဖိတ်ထားတဲ့သခင်မတွေနဲ့ သခင်မလေးတွေရောက်လာတော့မယ်၊ နင့်ဝမ်းကွဲအစ်မ, မလာနိုင်ရင် နင်တို့နှစ်ယောက် ဟူး ထားလိုက်ပါတော့ ငါ့ကို အရှက်မခွဲရင်ပဲ ကျေးဇူးတင်လှပါပြီ”

​ရုတ်တရက် ရှောင်ကျားဟော်ပခုံးပေါ်တွင် တာဝန်ကြီးတစ်ခုကျရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် ယဉ်ကျေးသိမ်မွေ့သော သခင်မလေးတစ်ယောက်ကဲ့သို့ ကျက်သရေရှိရှိမတ်တတ်ရပ်လိုက်၏။

“အမေ စိတ်ချပါ ၊ ဒီနေ့သမီးနဲ့ အစ်မကြီး အမေ့ကို လုံးဝအရှက်မခွဲစေရပါဘူး၊ ဝမ်းကွဲအစ်မ တစ်ယောက်တည်း တော်တာမဟုတ်ဘူးဆိုတာ အမေတွေ့ရလိမ့်မယ်၊ သခင်မလေးတွေကို ဧည့်ခံတာလောက်ကတော့ သမီးကအကျွမ်းကျင်ဆုံးပဲ”

​ပြောရင်းဆိုရင်း သူမမတ်တတ်ရပ်ပြီး ရှောင်အန်းလဲ့ထံ မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ ညီအစ်မနှစ်ယောက် ရှောင်သခင်မ၏ခြံဝင်းထဲမှ ထွက်လာစဉ် ရှောင်ကျားဟော်မှာ ရှောင်အန်းလဲ့နား ကပ်ပြီးပြောလိုက်သည်။

“အစ်မကြီး ညီမပြောပြမယ်၊ ခဏနေရင် ပြုံးပြ ချီးကျူး ပြီးတော့ ထုတ်ပြရမယ်”

​သူမပြောရင်း ရှောင်အန်းလဲ့အတွက် သရုပ်ပြလိုက်သေးသည်။

“ဒီလိုလေ လူတစ်ယောက်ကိုတွေ့ရင် ပြုံးပြီးခေါင်းငြိမ့်ပြ၊ ပြီးရင် ချီးကျူးလိုက် သခင်မလေးကျောက် သခင်မလေးဝမ် သူတို့ကိုဆို လှတယ် ချောတယ် သူတို့ဝတ်ထားတဲ့ အဝတ်အစားတွေ လက်ဝတ်ရတနာတွေ အကုန်လုံးကို လိုက်ချီးကျူးလိုက်၊ တတိယအချက်ထုတ်ပြဆိုတာကတော့ တချို့သခင်မလေးတွေက ကဗျာစပ်တာ စာဖွဲ့တာတွေ ဝါသနာပါကြတယ်၊ အစ်မကြီး ကောင်းကောင်းမလုပ်နိုင်ရင် သူတို့က လှောင်ကြလိမ့်မယ်၊ ပြီးတော့ကောင်းကောင်းလုပ်နိုင်ရင်လည်း သူတို့က မနာလိုဖြစ်ကြဦးမှာ၊ ဒါပေမယ့် အလှခေါင်းအုံး(ဦးနှောက်တဲ့ မရှိသူ)လို့ အခေါ်ခံရတာထက်တော့ ပိုကောင်းပါသေးတယ်၊ ဒါနဲ့ အစ်မကြီး ကဗျာရေးတတ်လား၊ ညီမဆီမှာ တတိယအစ်ကို ရေးပေးထားတဲ့ ကဗျာ ၄ ပုဒ် ရှိတယ် ဟိဟိ အစ်မကြီး ၂ ပုဒ် ယူလိုက်၊ ညီမက၂ ပုဒ်ပဲ ကျက်နိုင်တယ် ၊ ကျန်တဲ့ ၂ ပုဒ်ကို မကျက်နိုင်တော့ဘူး၊ တတိယအစ်ကိုက တကယ်ပဲ ၇ လုံးစပ် ၉ လုံးစပ်တွေရေးပေးနေတယ်လေ၊ ၄ လုံးစပ် ၅ လုံးစပ်လောက်ရေးပေးရင် ပိုကောင်းမှာကို”

​ရှောင်အန်းလဲ့ သူမညီမလေးမှာ အတော်ပင် ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရ၏။

“ဒါတွေမလိုပါဘူး၊ အစ်မလည်း ကျောင်းမှာတုန်းက ဒါတွေသင်ဖူးပါတယ်၊ ဒါတွေက မခက်ပါဘူး”

​ထိုအခါ ကောင်မလေး၏မျက်လုံးများ အံ့အားသင့်ဟန်ဖြင့် ပြူးကျယ်သွားသည်။

“တကယ်လား၊ အစ်မကြီးတို့ကျောင်းက ဒါတွေသင်ပေးတယ်လား၊ အမှန်တော့ ညီမထင်နေတာ အစ်မကြီးတို့ကျောင်းက နေ့တိုင်းကျမ်းစာကူးတာနဲ့ သစ်သားငါးခေါက်တာပဲ လုပ်တယ်ထင်နေတာ”

​“သစ်သားငါးခေါက်တာလား၊ အစ်မတို့တွေက ရွှမ်မန်ကျင့်ကြံသူတွေလေ၊ တာအိုဆရာမလို့ ပြောလို့ရပေမယ့် သစ်သားငါးခေါက်တဲ့ ဘုန်းကြီးတွေနဲ့တော့ဘာမှမဆိုင်ပါဘူး”

​ရှောင်အန်းလဲ့ ထိုသို့ပြောလိုက်သည်ကိုကြားသောအခါ ကောင်မလေး၏မျက်လုံးဝိုင်းကြီးများတွင် ပြင်းပြသောစူးစမ်းလိုစိတ်များဖြင့် တောက်ပလာ၏။

“ဒါဆို အစ်မကြီးတို့က ပုံမှန်ဆိုဘာလုပ်ကြလဲ”

​ရှောင်အန်းလဲ့ပြုံး၍ ဖြေပေးလိုက်သည်။

“ပုံမှန်ဆိုရင် ဗေဒင်ဟောတယ်၊ ယတြာချေတယ်၊ ပြီးတော့ သရဲတွေကို ကျွတ်လွတ်အောင် လုပ်ပေးတယ်”

​ပြောပြီးသည်နှင့် ရှောင်ကျားဟော်၏ ‘လာမလိမ်ပါနဲ့’ ဟူသော မျက်နှာထားကို မြင်လိုက်ရသဖြင့် ရှောင်အန်းလဲ့ရယ်ချင်သွားသည်။

All Chapters