← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

37

“နင့်မျက်နှာထားကြည့်ရတာ ဒီအစ်မပြောတာကို မယုံဘူးမလား၊ ကောင်းပြီလေ ခဏနေရင် နင့်ကိုသရဲပြမယ်”

​ရှောင်အန်းလဲ့ ထိုသို့ပြောလိုက်သည်ကို ကြားသောအခါ ရှောင်ကျားဟော်၏မျက်နှာတွင် ‘အစ်မကြီး ငါ့ကို စနောက်နေတာပဲ’ ဟူသော အမူအရာ ထင်ဟပ်နေ၏။ ​သူတို့နှစ်ယောက် စူးကျင်းရုံ၏အခန်းသို့ရောက်သွားသော် စူကျင်းရုံနေမကောင်းဖြစ်နေသည်ကို တွေ့လိုက်ရ၏။ အစေခံမလေးတစ်ယောက်မှ သူတို့ကိုတစ်ချက်သာဝင်ကြည့်ခွင့်ပေးပြီး အပြင်သို့အမြန်ပြန်ထွက်ခိုင်းလိုက်သည်။

“ကျွန်မတို့သခင်မလေးက အဖျားကျခါစရှိပါသေးတယ်၊ သခင်မလေးရှောင်နဲ့ ဒုတိယသခင်မလေးတို့ ကိုယ့်ကိစ္စကိုယ်ပဲသွားလုပ်ကြပါတော့”

​ရှောင်ကျားဟော် အနားကပ်ပြီး စူးကျင်းရုံကိုထပ်ကြည့်လိုက်သည်။

“ဒါဆို ဝမ်းကွဲအစ်မ မြန်မြန်သက်သာပါစေနော်၊ ညီမလေးတို့သွားလိုက်ပါဦးမယ်”

​ရှောင်အန်းလဲ့ စူးကျင်းရုံ၏ကုတင်ဘေးတွင် အစေခံသရဲမနှစ်ကောင်ရပ်ကြည့်နေသည်ကိုမြင်လိုက်ရသောအခါသူမ နှုတ်ခမ်းထောင့်များ ကွေးတက်သွား၏။ ထိုအပြုံးကို စူးကျင်းရုံမြင်သွားပြီး ရှောင်အန်းလဲ့ထံမုန်းတီးနေဟန်ဖြင့် ကြည့်လိုက်သည်။ စူးကျင်းရုံ ရုတ်တရက် အကြံတစ်ခုရသွားပြီးပြောလိုက်သည်။

“ဝမ်းကွဲညီမလေးက တာအိုကျောင်းမှာ ကြီးပြင်းလာတာလို့ကြားတယ် ၊ တစ်ခုခုတော့ သိမှာပေါ့၊ ဝမ်းကွဲညီမလေး အစ်မရဲ့ရောဂါကိုကုပေးနိုင်မလား”

ရှောင်အန်းလဲ့ သူမအတွေးများကို သိနေသည့်အလား ပြန်ပြောလိုက်၏။

​“နင်နေမကောင်းဖြစ်လို့ ငါ့ကိုဆေးပေးခိုင်းပြီး အဆိပ်ခတ်တယ်စွပ်စွဲချင်တာလား၊ ငါကြီးပြင်းလာတာ တာအိုကျောင်းမှာ ဘုန်းကြီးကျောင်းမှာ မဟုတ်ဘူး၊ နင့်ကိုသနားကြင်နာမှုပေးမှာက ဘုရားအလုပ် ငါ့အလုပ်မဟုတ်ဘူး၊ ဒါပေမယ့် ငါ့တာအိုပညာအရနင့်ပုံစံကြည့်ရတာ အတိတ်ကလုပ်ခဲ့တဲ့ အပြစ်တွေများလွန်းလို့ အခုလိုဖြစ်နေသလိုပဲ၊ စကားပုံတစ်ခုတောင်ရှိသေးတယ်မလား၊ ဘာပါလိမ့် ဪ နေ့ခင်းကြောင်တောင်အမှားမလုပ်ရင် ညသန်းခေါင်သရဲတံခါးလာခေါက်တာ မကြောက်ဘူးတဲ့၊ အိုး နင့်ကုတင်ဘေးမှာ အစေခံသရဲမနှစ်ကောင်ရပ်နေတာ တွေ့တယ်၊ တစ်ယောက်က ရေတွေရွှဲနေပြီး နောက်တစ်ယောက်က ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ မဟုတ်မှလွဲရော နင်အဲ့နှစ်ယောက်လုံးကို သတ်လိုက်တာတော့မဟုတ်ပါဘူးနော်”

​ထိုစကားကိုကြားလိုက်သည်နှင့် စူးကျင်းရုံတုန်လှုပ်သွား၏။ ရှောင်အန်းလဲ့ ပြောသည်မှာ လွန်ခဲ့သည့်နှစ်ရက်အတွင်း သူမကုတင်ဘေးတွင် ရံဖန်ရံခါ ပေါ်လာတတ်သော သရဲမနှစ်ကောင် အတိအကျပင်ဖြစ်နေသည်။

“နင် နင် တမင်တကာ ငါ့ကိုဒုက္ခပေးနေတာမလား”

​ရှောင်အန်းလဲ့ မျက်လုံးလှန်ပြလိုက်၏။

“အမလေး အကျိုးအကြောင်းမဆီလျော်တာတွေ လာပြောနေပြန်ပြီ၊ ငါက နင့်ကိုဒုက္ခပေးတယ်လို့ပြောရအောင် ငါကဘယ်လို ဒုက္ခပေးလို့လဲ၊ အဲဒီအစေခံမလေးနှစ်ယောက်ကို ငါ သတ်တာမှမဟုတ်တာ၊ သူတို့က ငါ့ကိုမရှာဘဲ နင့်ဆီလာရှာနေတာ ဘာလို့လဲသိချင်လား၊ အကြောင်းတရားတိုင်းမှာ လက်သည်ရှိပြီး အကြွေးတိုင်းမှာဝဋ်ရှိတယ်လို့ခေါ်တယ်၊ ဝဋ်ဆိုတာ မလည်တာမဟုတ်ဘူးနော်၊ တကယ်လည်တတ်တယ်”

​ရှောင်အန်းလဲ့ပြောပြီးသည်နှင့် ခေါင်းမော့ရင်ကော့ကာ ထွက်သွားတော့သည်။ ရှောင်ကျားဟော်မှာမူ စပ်စုလိုစိတ်ဖြင့် သူမနောက်မှလိုက်ပါလာ၏။

“အစ်မကြီး စောစောကပြောတာ ဘာအဓိပ္ပာယ်လဲ၊ ဝမ်းကွဲအစ်မရဲ့မျက်နှာက ဘာလို့ အဲဒီလောက်ပျက်သွားရတာလဲ၊ ဒီလောကမှာ တကယ်ပဲသရဲတွေရှိလို့လား၊ ဘာပဲဖြစ်ဖြစ် ညီမတော့မယုံဘူး”

​သူမပုံစံကို ကြည့်ပြီး ရှောင်အန်းလဲ့ပြုံးလိုက်သည်။ ဤကောင်မလေး အမြဲတမ်း ယခုကဲ့သို့အပြစ်ကင်းစင်နေပါစေဟု ဆုတောင်းမိသည်။

“နင် မယုံရင်လည်း နေပါစေတော့၊ သွားကြစို့ ဧည့်သည်တွေ ရောက်နေလောက်ပြီ”

​သူမပြောပြီးသည်နှင့် အထိန်းတော်တစ်ဦး အပြေးရောက်လာသည်။

“သခင်မလေးတို့ ဧည့်သည်တွေရောက်နေပါပြီ၊ မြန်မြန်လာခဲ့ကြပါ”

​ညီအစ်မနှစ်ယောက် အမြန်ထွက်လာကြစဉ် ရှောင်ကျားဟော်မှာ ရှောင်အန်းလဲ့ကို မှာကြားရန်လည်းမမေ့ပေ။

“အစ်မကြီး ညီမပြောထားတာမှတ်မိတယ်နော် ပထမဆုံးပြုံးပြ ဒုတိယ ချီးကျူး တတိယ ထုတ်ပြရမယ်၊ ရော့ ဒီကဗျာတွေကိုယူပြီး မြန်မြန်ကျက်ထား၊ ခဏနေရင် သခင်မလေးတွေက ကဗျာစပ်ပြိုင်ပွဲလုပ်ဖို့ပြောကြလိမ့်မယ်၊ အဲဒီကျရင် တတိယအစ်ကိုရေးပေးထားတဲ့ ကဗျာတွေကိုသုံးပြီး အခြေအနေကို ထိန်းလိုက်၊ ပြီးရင် သူတို့ကို အရှက်ကွဲသွားအောင်လုပ်ပစ်လိုက်၊ ဒါမှအစ်မကြီးက အသုံးမကျတဲ့သူ မဟုတ်မှန်းသိသွားပြီး မနာလို ဖြစ်ကြလိမ့်မယ်၊ အဲဒါက နာမည်ပျက်တာထက်တော့ ပိုကောင်းသေးတယ်”

​ရှောင်အန်းလဲ့ သူမလက်ထဲထည့်ပေးလိုက်သော စာရွက်နှစ်ရွက်ကို ကြည့်ပြီး မပြုံးဘဲမနေနိုင်တော့ပေ။ သူမ နာခံစွာပင် စာရွက်များကိုအင်္ကျီလက်ကြားထဲ ထည့်လိုက်၏။ ​သခင်မများနှင့် သခင်မလေးများကို ဧည့်ခံမည့် နားနေဆောင်သို့ ရောက်သောအခါ စောစောရောက်နေသော သခင်မကြီးအချို့နှင့် သခင်မလေးများရှိနေကြပြီဖြစ်သည်။ သူတို့နှစ်ယောက်ရှေ့တိုးပြီး ဂါရဝပြုလိုက်ရာ သခင်မများ ချက်ချင်းခေါင်းငြိမ့်ပြီး ချီးကျူးစကားဆိုကာ သခင်မတစ်ယောက်မှ သူမလက်ကောက်ဝတ်မှ လက်ကောက်တစ်ကွင်းစီဖြုတ်ပြီး သူတို့ကိုဝတ်ပေးလိုက်သည်။

“ကောင်းတယ် ကောင်းတယ် သမီးလေးနှစ်ယောက်လုံး လိမ္မာကြတာပဲ၊ အန်တီ့မှာ အထူးတလည်လက်ဆောင် ဘာမှမပါလာတာမလို့ လက်ကောက်တစ်ကွင်းစီပဲ ပေးပါရစေ”

​ရှောင်အန်းလဲ့ သူများပစ္စည်းကို အလကား ယူတတ်သူမဟုတ်ပေ။ ရှောင်ကျားဟော်နှင့်အတူ ကျေးဇူးတင်စကားပြောပြီးနောက် သူမပြောလိုက်၏။

“ကျောက်စိမ်းလက်ကောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်မကြီး၊ သခင်မကြီးက ကျွန်မကို ကျောက်စိမ်းလက်ကောက်ပေးမှတော့ ကျွန်မက သခင်မကြီးကိုဝမ်ချန်းအဆောင် တစ်ခုပြန်ပေးပါမယ်၊ ဒီအဆောင်က သခင်မကြီးရဲ့သားရတနာကို ဒီတစ်ခေါက် နန်းတွင်းစာမေးပွဲသေချာပေါက် အောင်မြင်စေမှာပါ”

​ရှောင်သခင်မ အသက်ပြင်းပြင်းရှူလိုက်ပြီး သူမလက်ကိုတင်းတင်းဆုပ်ထားလိုက်သည်။ တစ်ဖက်မှ သခင်မမှာမူ အနည်းငယ်မှင်တက်သွား၏။ ရှောင်အန်းလဲ့ သူမကိုဝမ်ချန်းအဆောင်ပေးလိမ့်မည်ဟု ထင်မထားခဲ့ပေ။ စောစောက စိတ်ပူပန်နေသောမျက်နှာထားမှာ ချက်ချင်းအပြုံးပန်းဝေသွားတော့သည်။ ​သူမ စကားပြောရန် ပြင်လိုက်စဉ် တံခါးဝမှ တစ်စုံတစ်ယောက်က ဝင်ပြောလိုက်သည်။

“ဝမ်ချန်းအဆောင် ဟုတ်လား၊ သခင်မလေးရှောင် မျက်နှာလိုက်လို့မရဘူးနော်၊ ကျွန်မကိုလည်း တစ်ခုပေးရမယ်၊ ဒီတစ်ခေါက် သခင်မလေးရှောင်အတွက် ပစ္စည်းကောင်းတွေ ယူလာခဲ့တယ်”

​ရှောင်အန်းလဲ့ လှည့်ကြည့်လိုက်ရာ စကားပြောလိုက်သူမှာ အခွန်ဝန်ကြီးအိမ်တော်မှသခင်မကျောက် ဖြစ်နေသည်။

“သခင်မကျောက် ရောက်လာပြီလား၊ လာ လာ ထိုင်ပါဦး၊ သခင်မအိမ်တော်က သခင်မလေးတွေကတော့လေ တစ်နေ့ထက်တစ်နေ့ ပိုချောလာကြတယ်နော်”

​ရှောင်သခင်မမတ်တတ်ရပ်ပြီး နှုတ်ဆက်လိုက်ရာ သခင်မကျောက် ဟန်လုပ်ပြီးပြန်ပြောလိုက်၏။

“ဟုတ်တယ်၊ သူတို့ကဒီရက်ပိုင်း ပန်းထိုးသင်နေတာလေ၊ ပါရမီမပါပေမဲ့ မဆိုးဘူးလို့ပဲပြောရမှာ‌ပေါ့၊ ဪ ဒီတစ်ခေါက် သခင်မလေးရှောင်အတွက် ပတ္တမြားဆံထိုးတစ်စုံယူလာခဲ့တယ်၊ ပြီးခဲ့တဲ့တစ်ခေါက်က သခင်မလေးရှောင်အပေါ်အများကြီး အကြွေးတင်သွားလို့ပါ၊ ကျွန်မသားလည်း ဒီနှစ်နန်းတွင်းစာမေးပွဲ ဝင်ဖြေမှာဆိုတော့ သခင်မလေးရှောင်ဆီက ဝမ်ချန်းအဆောင် တစ်ခုလောက် တောင်းချင်လို့”

ယခင်က ဝမ်ချန်းအဆောင်ရလိုက်သော သခင်မကြီးသည် အစကများစွာ အထင်မကြီးသော်လည်း သခင်မကျောက်ပြောလိုက်သည်ကို ကြားသောအခါ စိတ်ဝင်စားသွားသည်။

‘သခင်မကျောက်က ရာထူးမြင့်တဲ့အခွန်ဝန်ကြီးရဲ့ဇနီးလေ ၊ သူတောင်မှ ဒီအဆောင်ကို လိုချင်နေတယ်ဆိုတော့ သာမန်အဆောင်မဟုတ်တာ သေချာတယ်’

ထို့ကြောင့် ထိုသခင်မမှာဟန်လုပ်ကာ စကားစလိုက်၏။

“အိုး သခင်မကျောက် ရှင်လည်း ဒါတွေကိုယုံတာလား”

​သခင်မကျောက် ပြုံး၍ပြန်ဖြေလိုက်သည်။

“မယုံတာထက် ယုံတာကပိုကောင်းပါတယ်၊ ပြီးခဲ့တဲ့တစ်ခေါက် ကျွန်မသား နေမကောင်းတုန်းက သမားတော်တွေ အများကြီး လက်လျှော့ခဲ့ကြပေမယ့် သခင်မလေးရှောင် ကုပေးလိုက်လို့ ပျောက်သွားတာလေ၊ သခင်မလေးရှောင်က တကယ့်ကိုစွမ်းရည်ရှိတဲ့သူပါ”

တစ်ဖက်မှ သခင်မကြီးမှာကြားလိုက်သည်နှင့် ချက်ချင်းပြောလိုက်၏။

“ဒါဆိုပြန်ရောက်ရင် ကျွန်မသားကိုဒီဝမ်ချန်းအဆောင် ဆောင်ထားခိုင်းလိုက်မယ်၊ ဒီတစ်ခေါက် ရှို့ချိုင်စာမေးပွဲကို သေချာပေါက် အောင်ရမယ်”

​ရှောင်အန်းလဲ့ အာမခံသည်အနေဖြင့် ထိုသခင်မကြီးကို ခေါင်းငြိမ့်ပြလိုက်သည်။

“သခင်မကြီး စိတ်ချပါ၊ သခင်မကြီးရဲ့ သားက ကံဆိုးခြင်းကနေ ကံကောင်းခြင်းကိုပြောင်းလဲနိုင်မှာပါ”

“ကောင်းတယ် ကောင်းတယ်၊ မင်္ဂလာရှိတဲ့စကားတွေ ပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်မလေးရှောင်”

​ထိုသခင်မကြီးပြောပြီးနောက် သခင်မကျောက် ရှောင်အန်းလဲ့အနားသို့ လျှောက်လာပြီး ယူလာသောပစ္စည်းများကို ရှောင်အန်းလဲ့ဘေးရှိ ထင်ရွှယ်အား ပေးလိုက်သည်။ ထို့နောက် ရှောင်အန်းလဲ့ကိုဆွဲကာ ရှောင်သခင်မအား ပြောလိုက်၏။

“ရှောင်သခင်မ ရှင်တို့သခင်မလေးကို ခဏလောက်ငှားပြီး စကားပြောခွင့်ပြုပါအုံး”

​ရှောင်သခင်မ အနိုင်နိုင်ပြုံးပြပြီး ခေါင်းငြိမ့်ကာ ဘေးနားရှိ အထိန်းတော်ဝမ်ကို ပြောလိုက်သည်။

“သခင်မလေးနဲ့ ကျောက်သခင်မကို နားနေဆောင်လေးဆီ လိုက်ပို့ပေးလိုက်ပါ”

​ရှောင်အန်းလဲ့ ရင်ထဲတွင်ပျော်ရွှင်မှုများ ဝေဆာသွား၏။

‘အလုပ်ထပ်ရလာပြီဆိုတော့ သေချာပေါက် ပျော်တာပေါ့’

စောစောက ပတ္တမြားဆံထိုးတစ်စုံကို သူမတွေ့လိုက်သည်။ အတော် အဖိုးတန်မည့်ပုံပင်။

‘ကြည့်ရတာ ဒီတစ်ခေါက်သခင်မကျောက်ရဲ့တောင်းဆိုမှုက ကိစ္စသေးသေးလေးဖြစ်မှာတော့ မဟုတ်လောက်ဘူး’

​ကျောက်သခင်မနောက်သို့လိုက်ပြီး နားနေဆောင်ငယ်လေးသို့ရောက်သောအခါ ကျောက်သခင်မလိုရင်းကို တန်းပြောလိုက်သည်။

“သခင်မလေးရှောင် ဒီတစ်ခါတော့ ကျွန်မစဉ်းစားမိတာ သခင်မလေးရှောင် တစ်ယောက်တည်းရှိတယ်”

​ရှောင်အန်းလဲ့ခေါင်းငြိမ့်ပြီး ဆက်ပြောရန် အချက်ပြလိုက်သည်။ ထို့နောက် သခင်မကျောက်ပြောသည်ကို ကြားလိုက်ရ၏။

“ဒီတစ်ခါ ကျွန်မသားကိစ္စမဟုတ်ဘူး၊ ကျွန်မသမီးကိစ္စပါ၊ မကြာသေးခင်က ကျွန်မတို့မိသားစုမှာ ဘာတွေဖြစ်နေလဲ မသိဘူး၊ ကျွန်မသမီးက ချန်အန်းမြို့စားအိမ်တော်ထဲကို လက်ထပ်သွားတာ၊ အဲဒါမယ်တော်ကြီးနဲ့ မိဖုရားခေါင်ကြီးတို့ရဲ့ဆွေမျိုးအိမ်တော်လေ၊ အရင်နှစ်အနည်းငယ်က သူကောင်းကောင်းမွန်မွန်နေခဲ့ပြီး အပြင်လည်း ခဏခဏထွက်တယ်၊ အခုကလေးမွေးပြီး ၆လပဲ ရှိသေးတယ်၊ အပြင်မထွက်ယုံတင်မကဘူး ကျွန်မသွားတွေ့ရင်တောင် ကျွန်မကိုရှောင်နေတယ်၊ ကျွန်မမှာ တခြားရွေးချယ်စရာမရှိတော့လို့ သခင်မလေးရှောင်ဆီလာရတာပါ၊ သူ့ဆီတစ်ခုခုဖြစ်သွားမှာ တကယ် စိုးရိမ်မိတယ်”

​ရှောင်အန်းလဲ့ ကျောက်သခင်မ၏စိုးရိမ်ပူပန်မှုကို နားလည်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။

“ကျွန်မကို သူ့ရဲ့မွေးသက္ကရာဇ်ပေးပါ”

​သခင်မကျောက် ကြိုတင်ပြင်ဆင်ထားသောမွေးသက္ကရာဇ်ကို ချက်ချင်း ပေးလိုက်သည်။ မွေးသက္ကရာဇ်ကို ကြည့်ပြီးနောက် ရှောင်အန်းလဲ့ တွက်ချက်မှုပြီးဆုံးသွားသည်။ ထို့နောက် သူမလက်ညှိုးနှင့် လက်ခလယ်ဖြင့် မျက်ခုံးနှစ်ခုကြားကို ထိကာ ဓားလက်ဟန်ပြုလုပ်လိုက်၏။ နတ်မျက်စိဖွင့်ခြင်းဆိုသည်မှာ သရဲမြင်ရုံသက်သက်မဟုတ်ပေ။ သရဲမြင်ရုံသက်သက်ဆိုလျှင် ယင်ယန်မျက်လုံးဟုခေါ်သည်။ နတ်မျက်စိတွင် နောက်ထပ်လုပ်ဆောင်ချက်တစ်ခုရှိသေးသည်။ ၎င်းမှာ အတိတ်နှင့် အနာဂတ်ကိုမြင်နိုင်ခြင်း ဖြစ်သည်။ မည်မျှမြင်နိုင်သည်မှာ လူတစ်ယောက်၏ကျင့်ကြံမှုအဆင့်အပေါ် မူတည်၏။

​ထိုအချိန် နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦး သားယောက်ျားလေးတစ်ယောက်မွေးဖွားသည်ကို သူမ မြင်လိုက်ရသည်။ ကလေးမွေးပြီး ၆လအကြာတွင် ကလေးကိုခေါ်ထုတ်သွားကြပြီး သူမသည် သခင်မကြီးထံသို့ ရံဖန်ရံခါမှသာ သွားရောက်တွေ့ဆုံခွင့်ရ၏။ အိပ်ဆောင်သို့ ပြန်ရောက်သောအခါ ချန်အန်းမြို့စားအိမ်တော်၏ဆက်ခံသူသည် သူမကိုကြိုးတုပ်ပြီး နေ့ခင်းကြောင်တောင် ကာမဂုဏ်လိုက်စားကာ သူ့သူငယ်ချင်းများကိုပါဖိတ်ခေါ်ပြီး ပျော်ပါးကြသည်။ ထိုမြင်ကွင်းမှာ ရှောင်အန်းလဲ့ကို ရွံရှာလွန်းသဖြင့် အန်ချင်စိတ် ပေါက်သွားစေ၏။

​မျက်လုံးဖွင့်လိုက်ပြီး အနီးနားရှိထွေးခံခွက်ကို အမြန်ရှာကာ ဝေါ့ကနဲအန်ချလိုက်ရသည်။ စာပေပညာရှင်မိသားစုမှ ကြီးပြင်းလာသော သခင်မလေးတစ်ယောက်အနေဖြင့် ထိုကဲ့သို့စော်ကားခံရပြီးနောက် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ မည်မျှပင်ထိခိုက်ဒဏ်ရာရနေမည်ကို သူမစိတ်ကူးတောင်မယဉ်ရဲပေ။

38

​ဘေးနားတွင်ရပ်နေသော ထင်ရွှယ်မှာ သူမသခင်မလေးကို လက်ကိုင်ပဝါနှင့် လက်ဖက်ရည်တစ်ခွက် အမြန်ကမ်းပေးလိုက်၏။ ရှောင်အန်းလဲ့ ပလုပ်ကျင်းပြီးနောက် တစ်ခါပြန်အန်လိုက်ရာ ထပ်ပြီးပလုပ်ကျင်းရပြန်သည်။

“သခင်မလေးရှောင် ဘာဖြစ်လို့လဲဟင်”

​ရှောင်အန်းလဲ့ လက်ကာပြလိုက်ပြီး စိတ်ငြိမ်အောင် ထားလိုက်သည်။

“ချန်အန်းမြို့စားအိမ်တော်မှာ ပြည်တည်နာတစ်ခု ရှိနေတယ်၊ အဲဒါကို ခွဲထုတ်ပစ်ရမယ်၊ သခင်မကျောက် ကျွန်မကိုယုံတယ်ဆိုရင် ခဏလောက် စောင့်ပေးပါ”

​ပြောပြီးနောက် သူမအိတ်ထဲမှ စက္ကူရုပ်လေးတစ်ခုကို ထုတ်လိုက်သည်။ ထိုစက္ကူရုပ်လေးမှာ အထိန်းတော်သရဲ ဖြစ်သည်။ သူမစုတ်တံဖြင့် စက္ကူရုပ်ပေါ်တွင် ကိုယ်ပျောက်အဆောင်တစ်ခု ရေးဆွဲလိုက်ပြီး ပြောလိုက်၏။

“အထိန်းတော်ကြီး ချန်အန်းမြို့စားအိမ်တော်က ဆက်ခံသူကြင်ယာတော်ရဲ့ အခန်းကိုသွားပြီး မြင်သမျှကို သခင်မကျောက်ဆီ ပြန်လာပြောပြပေးပါ”

​အထိန်းတော်သရဲစက္ကူရုပ်လေး နေရာမှ ချက်ချင်းပျောက်ကွယ်သွားသည်။ ထိုအချိန်တွင် အေးစက်စက်လေတစ်သုတ်တိုက်ခတ်လာပြီး ရှောင်အန်းလဲ့တစ်ယောက်တည်းသာ မြင်နိုင်သော ချင်းရှုရန်၏ပုံရိပ် အခန်းထဲတွင် ပေါ်လာ၏။ ရှောင်အန်းလဲ့ သူမကို လျစ်လျူရှုပြီး သခင်မကျောက်ကို ဦးစွာပြောလိုက်သည်။

“သခင်မကျောက် အပြင်ထွက်စောင့်ပေးပါဦး၊ ဒီစက္ကူရုပ်လေးထဲမှာ ကျွန်မသရဲတစ်ကောင် ထည့်ပေးလိုက်ပြီးတော့ ဟိုဘက်မှာဘာတွေဖြစ်နေလဲ သွားကြည့်ခိုင်းလိုက်တယ်၊ သူပြန်ရောက်လာရင် သခင်မကျောက် သူ့ကို ကိုင်ထားလိုက်၊ ဒါဆိုရင် သခင်မကျောက်လည်း ဖြစ်နေတာတွေကိုမြင်ရလိမ့်မယ်”

​သူမစကားကိုကြားသောအခါ သခင်မကျောက် အံ့သြသွားသော်လည်း အနည်းငယ် ထိတ်လန့်နေမိ၏။

“သခင်မလေးရှောင် ခုနကတစ်ခုခုမြင်လိုက်လို့လား၊ ကျွန်မကိုတိုက်ရိုက် ပြောပြလို့ မရဘူးလား”

​ရှောင်အန်းလဲ့ ခေါင်းခါလိုက်ပြီး သခင်မကျောက်မျက်လုံးများကို စိုက်ကြည့်ကာ ပြတ်ပြတ်သားသားစကားနှစ်လုံးပြောလိုက်သည်။

“မရဘူး သခင်မကျောက်၊ ကျေးဇူးပြုပြီး အပြင်ထွက်စောင့်ပေးပါ”

​သူတို့စကားပြောနေသည်ကို နားထောင်နေသော ချင်းရှုရန်မှာစပ်စုလိုစိတ်ဖြင့် အပြင်သို့ပျံထွက်ရန် ပြင်လိုက်သည်။ သူမ အထိန်းတော်သရဲနောက်လိုက်သွားချင်နေမှန်းသိသဖြင့် ရှောင်အန်းလဲ့ သူမကိုအမြန်လှမ်းဆွဲလိုက်၏။

“ရပ်လိုက် ဘယ်သွားမလို့လဲ”

​တံခါးဝသို့ထွက်ခါနီး သခင်မကျောက် ခြေလှမ်းတန့်သွားပြီး လှည့်ကြည့်လိုက်ရာ ရှောင်အန်းလဲ့ သူမကိုခေါင်းခါပြလိုက်သည်။

“သခင်မကြီးကိုပြောတာ မဟုတ်ပါဘူး၊ ဒီမှာစကားနားမထောင်တဲ့ ကောင်မလေးတစ်ယောက် ရှိနေလို့ပါ”

​သခင်မကျောက်စိတ်ထဲတွင် အတွေးများနေသော်လည်း သူမပြောသော “စကားနားမထောင်တဲ့ ကောင်မလေး” ကို အနည်းငယ်ကြောက်ရွံ့သွားသဖြင့် အမြန်ထွက်ခွာသွား၏။ ​ဆွဲထားခံရသော ချင်းရှုရန်မှာ ပို၍ပင်စပ်စုချင်လာသည်။

“ဘာလဲ ကျွန်မကြည့်လို့မရဘူးလား၊ စောစောက ဆရာသခင်တို့နှစ်ယောက် ဘာတွေပြောနေကြတာလဲ”

​ရှောင်အန်းလဲ့ ထင်ရွှယ်ကိုအပြင်ထွက်ခိုင်းလိုက်ပြီး သူမခဏနေလျှင်လိုက်လာမည်ဟု ပြောလိုက်သည်။ ထို့နောက် ချင်းရှုရန်ကိုပြောလိုက်၏။

“သခင်မကျောက်ရဲ့ သမီးကိစ္စလေ၊ တခြားသရဲကို လွှတ်လိုက်ပြီ၊ နင်ထပ်သွားရင် ငါကအဲဒီသရဲကို မလေးစားရာ မကျဘူးလား၊ ဝူယန်မြို့စားအိမ်တော် မှာရော အခြေအနေကောင်းရဲ့လား၊ ပြီးတော့ နင်ကဘာလို့ ပြန်လာတာလဲ၊ ငါနင့်ကို ဝူယန်မြို့စားကိုစောင့်ကြည့်ဖို့ ပြောထားတယ်လေ”

​ချင်းရှုရန် သူမပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။

“ဝူယန်မြို့စားအိမ်တော်လား ဆရာသခင် အဲ့ဒီမြို့စားမင်းအကြောင်းပြောတာလား၊ အဲဒီမြို့စားမင်းအကြောင်း ကျွန်မပြောရအုံးမယ်၊ ကျွန်မမှာ သူ့ကြောင့် သရဲမဂုဏ်သိက္ခာနဲ့မှမလိုက် ရယ်လိုက်ရတာဆိုတာ၊ သူအသက်ရှင်တုန်းက ဝမ်နီယန်ဆိုတဲ့ကိုယ်လုပ်တော်ကို တော်တော်ချစ်ခဲ့ပုံရတယ်၊ ဒါပေမယ့် အခုတော့ အဲ့မိန်းမကသေပြီးသွားလေ ဟားဟားဟား၊ ပိုပြီးရယ်ရတာ ပြောပြအုံးမယ်၊ အဲ့ဝမ်နီယန်က သူ့ကို သတ်လိုက်တဲ့သူဆိုတာလည်း သိရော သူ့အချစ်တွေက ပေါက်ကွဲသွားတာပဲ၊ ဟားဟားဟား ဘာလို့ သူ့ကိုမိစ္ဆာကျိန်စာတိုက်ရတာလဲဆိုတာချည်း မေးနေတော့တာ၊ ထပ်ပြောရရင် အဲ့ဝမ်နီယန်က တကယ်ပဲစွမ်းရည်တစ်ချို့ရှိပုံရတယ်၊ ကျွန်မသာမကူညီရင် သူမက မြို့စားမင်းကို သခင်လေးကျိုးဆီဝင်ပူးခိုင်းနေလောက်ပြီ၊ ဒါပေမယ့် ဆရာသခင်သိတဲ့အတိုင်းပဲ ဝင်ပူးလို့မှမရတာ၊ သခင်လေးကျိုးဆီမှာ ကပ်ထားတဲ့ အဆောင်တွေကြောင့် သူလွင့်ထွက်သွားပြီး အော်ဟစ်နေတာ၊ ကံကောင်းလို့ သခင်လေးကျိုးက သူ့ကိုမကြည့်ဘဲနေနိုင်ခဲ့တာ၊ အဲ့လိုဆိုတော့လည်း သခင်လေးကျိုးကတော်တော် လိမ္မာတယ်လို့ ကျွန်မထင်တယ်၊ ဒါပေမယ့် သူ့အဖေကတော့ ဒုက္ခတွေအများကြီး ကြုံရဦးမယ့်ပုံပဲ၊ ဟိုတာအိုဆရာသရဲကတော့ မင်းသမီးကြီးကိုဒုက္ခပေးဖို့ ကြိုးစားနေတာတွေ့တယ်၊ ဒါပေမယ့် သူမင်းသမီးကြီးနား မကပ်နိုင်ဘူး၊ ဆရာသခင် သူ့ကိုကျွတ်လွတ်အောင်မလုပ်ပေးဘူးလား”

​ရှောင်အန်းလဲ့ သက်ပြင်းချလိုက်၏။

“ဘယ်အချိန်ရှိသေးလို့လဲ ဖြည်းဖြည်းပေါ့၊ ဒီညဝူယန်မြို့စားအိမ်တော်က ကိစ္စတွေကို ငါဖြေရှင်းပေးမယ်”

​ချင်းရှုရန် အခြားကိစ္စများကိုစပ်စုနေပြန်သည်။

“သခင်မကျောက်က ဘာဖြစ်လို့လဲ၊ ကျွန်မပြန်လာတုန်းက သခင်လေးကျောက်ကို အရှေ့ဆောင်မှာတွေ့ခဲ့တယ်၊ မဆိုးပါဘူး အဲဒီကောင်လေးက ရုပ်ဖြောင့်သားပဲ”

​ရှောင်အန်းလဲ့ သခင်မလေးကျောက်၏ အခြေအနေကို သူမအားမသိစေချင်သဖြင့် ပြောလိုက်သည်။

“ဘာမှမဟုတ်ပါဘူး စိတ်မပူပါနဲ့၊ အဲဒီ သရဲမဝမ်နီယန်က နေ့ဘက်ထွက်လို့ရလား၊ နင်ပြန်သွားပြီး အဲ့မှာပဲစောင့်ကြည့်နေတာ ကောင်းမယ်ထင်တယ်”

​ချင်းရှုရန် ရှောင်အန်းလဲ့အနားသို့တိုးကပ်လာပြီး စပ်စုသောမျက်လုံးများဖြင့် ကြည့်လိုက်၏။

“မဟုတ်သေးဘူး၊ ဆရာသခင်က ကျွန်မကို မောင်းထုတ်ချင်နေသလို ခံစားရတယ်၊ မှန်းစမ်း ကျွန်မနဲ့ ပတ်သက်တဲ့ကိစ္စ တစ်ခုခုများဖြစ်နေတာလား၊ အော် မဟုတ်သေးပါဘူး၊ ဒီနေ့ ဆရာသခင်ရဲ့အိမ်တော်မှာ ဧည့်ခံပွဲ ရှိတာပဲ၊ ဒါဆို ကျွန်မအမေတို့လည်းလာမှာ ကျိန်းသေတယ်၊ ကျွန်မမိသားစုမှာခေါ်လာစရာသမီးမရှိပေမယ့် ကျွန်မအမေတော့ သေချာပေါက်လာမှာ”

​ထိုအခါမှ ရှောင်အန်းလဲ့နဖူးပေါ် လက်တင်လိုက်မိသည်။

‘ဒီအချက်ကို သူမဘယ်လိုလုပ် မေ့သွားရတာလဲ’

“ဒါဆို နင့်အမေနဲ့သွားနေလိုက်၊ အရမ်းမကပ်စေနဲ့နော်၊ မဟုတ်ရင် နင့်ဝိညာဉ်ခန္ဓာကိုယ်နဲ့ သူ့ကံတရားကို ထိခိုက်လိမ့်မယ်”

​“သိပါပြီ”

​ချင်းရှုရန် ပြေးထွက်သွားသည်ကိုကြည့်ပြီး ရှောင်အန်းလဲ့မျက်မှောင်ကြုတ်လိုက်သည်။ လောကကြီးမှာ လူတိုင်းပုံမှန်မဟုတ်နိုင်မှန်း သူမသိသည်။

‘တချို့လူတွေက ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိတယ်၊ တချို့က စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိတယ်၊ တချို့ကျတော့ ဦးနှောက်မရှိဘဲ ရောဂါရနေကြတာ ကျစ်’

အစော၌မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူမစိတ်ဆိုးဒေါသထွက်လာရပြန်၏။ ​ထို့ကြောင့် စိတ်ငြိမ်အောင် အသက်ပြင်းပြင်းရှူပြီး နားနေဆောင်ငယ်လေးထဲမှ ထွက်လာခဲ့သည်။ ထို့နောက် နှုတ်ခမ်းထောင့်များကွေးညွှတ်ပြီး အပြုံးတစ်ခု ဖန်တီးလိုက်သည်။ ထိုအချိန်တွင် သခင်မကြီးများနှင့် သခင်မလေးများစွာရောက်ရှိနေကြပြီဖြစ်သည်။ သခင်မလေးတစ်ဦးမှ သူမလမ်းကို ပိတ်ရပ်လိုက်၏။

“ငါတို့ တစ်နေရာရာမှာတွေ့ဖူးသလိုပဲ”

​ရှောင်အန်းလဲ့ ပြုံးကာဖုံးကွယ်ထားရန် စိတ်ကူးမရှိချေ။

“ဟုတ်ပါတယ် တွေ့ဖူးတယ်လေ၊ ဟိုနေ့ညက လမ်းမပေါ်မှာလေ”

​ထိုအခါမှ ဗိုလ်ချုပ်ကြီးရှဲ့အိမ်တော်မှ သခင်မလေး ရုတ်တရက် သဘောပေါက်သွားသည်။

“နင်နဲ့ ရင်းနှီးနေတယ်လို့ထင်နေတာ မထူးဆန်းပါဘူး၊ နင်ကပြန်တွေ့လာတဲ့ သခင်မလေးရှောင်ကိုး၊ နင်အရင်က တောင်ပေါ်ဘုရားကျောင်းမှာ နေခဲ့ဖူးတယ်လို့ကြားတယ် ၊ ဒီလောကမှာ သရဲတွေရှိတယ်လို့ ထင်လား”

​“နင် ယုံရင်ရှိတယ်၊ မယုံရင်မရှိဘူး”

​ရှောင်အန်းလဲ့၏ဝေ့လည်ကြောင်ပတ် အဖြေကြောင့် ထိုသခင်မလေးမှာ ကျေနပ်ပုံမရပေ။

“ခဏလေး ငါ သရဲမြင်ဖူးတယ်လို့ပြောရင် နင်ယုံမလား”

​သူမစကားကြောင့် ရှောင်အန်းလဲ့အံ့သြသွား၏။

“နင် မြင်ဖူးတယ်လား”

​“အင်း တစ်ခါတုန်းက မှန်ကြည့်နေတုန်း မှန်ထဲမှာ ငါ့ကိုယ်ပေါ်တခြားတစ်ယောက်ရဲ့အရိပ်ကို တွေ့လိုက်ရတယ်၊ အဲဒီနောက်ပိုင်း ငါမှန်မကြည့်ရဲတော့ဘူး၊ ပြီးတော့ ငါအမြဲတမ်း စားချင်စိတ်ကြီးနေတယ်၊ တစ်ခါတလေကျရင် ငါ့စိတ်ဆန္ဒမဟုတ်မှန်း သိနေပေမယ့် မနေနိုင်ဘဲ လှမ်းစားမိနေတုန်းပဲ၊ ဒါပေမယ့် ပြီးခဲ့တဲ့တစ်ခေါက် နင်နဲ့တွေ့ပြီးကတည်းက အဲဒီလိုမခံစားရတော့ဘူး၊ သခင်မလေးရှောင် ရှင်းပြပေးနိုင်မလား”

​ဗိုလ်ချုပ်ကြီးရှဲ့အိမ်တော်မှ သခင်မလေး ဤမျှအာရုံခံစားမှုကောင်းလိမ့်မည်ဟု ရှောင်အန်းလဲ့ထင်မထားခဲ့ပေ။

“နင့်မှာ သံသယရှိမှတော့ တခြားတာအိုဆရာတွေကို အကူအညီမတောင်းခဲ့ဘူးလား”

​သခင်မလေးရှဲ့ ခေါင်းခါလိုက်သည်။

“အရင်က တစ်ယောက်တော့ရှာဖူးတယ်၊ ဒါပေမယ့် အဲဒီတာအိုဆရာက အသုံးမကျတဲ့အပြင် ငါ့ကို အခွင့်ကောင်းယူဖို့ကြိုးစားလို့ ငါရိုက်လွှတ်လိုက်တယ်၊ အဲဒီနောက်ပိုင်း အဲဒီတာအိုဆရာတွေကို မယုံတော့ဘူး”

​“ဒါဆို ငါ့ကိုယုံလား”

​သခင်မလေးရှဲ့ ချက်ချင်းခေါင်းငြိမ့်လိုက်၏။

“နင်က တောင်ပေါ်မှာရှိတဲ့ တာအိုကျောင်းက ပြန်လာတာလို့ကြားတယ်၊ ငါ မမှားဘူးဆိုရင် နင့်မှာတကယ့် စွမ်းရည်ရှိရမယ် ဟုတ်တယ်မလား”

​ရှောင်အန်းလဲ့ပြုံးပြီး ခေါင်းငြိမ့်လိုက်သည်။

“နင်ပြောတာ မှန်တယ်၊ ငါ့မှာစွမ်းရည်တချို့ ရှိပါတယ်၊ လာ လူတစ်ယောက်နဲ့ သွားပေးတွေ့မယ်”

​ရှောင်အန်းလဲ့ သူမကိုနောက်ဖေးခြံဝင်းသို့ ခေါ်သွားပြီး သူမခြံဝင်းထဲရှိ မီးဖိုချောင်အသေးလေးတွင် တုန်းထောင်တစ်ယောက် ပန်းကန်ထဲမှ အစားအစာများကို အငမ်းမရစားနေသည်ကို သခင်မလေးရှဲ့တွေ့လိုက်ရသည်။ ရှောင်အန်းလဲ့ သိပ်စဉ်းစားမနေဘဲ ပြောလိုက်၏။

“သူ့ကိုပြိတ္တာလို့ခေါ်တယ်၊ မတော်လောဘကြီးပြီး ဗိုက်ဝအောင်စားပြီးမှ လူဝင်စားမယ့်သရဲပေါ့”

​သခင်မလေးရှဲ့ တုန်းထောင်ကိုကြည့်ပြီး အရင်က သူမဖြစ်ခဲ့သည့်ပုံစံအတိုင်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ရှောင်အန်းလဲ့ ဤသရဲကိုခေါ်ထုတ်လာပေး၍ တော်သေးသည်ဟု တွေးမိသည်။ မဟုတ်လျှင် သူမမည်မျှကြာအောင် ထိုသရဲ၏ပယောဂကြောင့် အစားအသောက်များကို နင်းကန်စားနေရဦးမည်မသိပေ။

​“သခင်မလေး သူ့ကိုယ်ပေါ်မှာရှိနေတာက အရင်တုန်းက ငါ့ကိုယ်ပေါ်မှာရှိနေတဲ့ပြိတ္တာပဲလား”

​ရှောင်အန်းလဲ့ ခေါင်းငြိမ့်လိုက်သော်လည်း ရုတ်တရက် သူမမေးလိုက်သော နောက်ထပ်မေးခွန်းကြောင့် ပြောစရာစကားမဲ့သွားသည်။

“ဒီတစ္ဆေက အထီးလား အမလား”

​“အဟက် သေချာပေါက်အမပေါ့၊ အထီးဆိုရင် ယေဘုယျအားဖြင့် မိန်းကလေးကိုဝင်ပူးလေ့မရှိဘူး၊ ဒါပေမယ့် ခြွင်းချက်အနေနဲ့ ရှားရှားပါးပါးတော့ရှိတတ်ပါတယ်”

​ရှောင်အန်းလဲ့ပြောသည်ကို ကြားသောအခါ သူမစိတ်သက်သာရာရသွားသည်။

All Chapters