← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

39

​“အခုသခင်မလေးရှောင်က ဒီသရဲကို လူဝင်စားဖို့ ပို့ပေးမလို့လား”

​“ဟုတ်တယ် နောက် ၅ရက်နေရင် လူဝင်စားဖို့ ပို့ပေးမလို့၊ မဟုတ်ရင် သူ လူ့လောကမှာ ဆက်ရှိနေရင် နောက်ထပ်သားကောင်က ဘယ်သူဖြစ်မလဲ မသိနိုင်ဘူးလေ၊ ပြီးတော့ သူ့ကို ကျွန်မအိမ်က အစေခံမလေးရဲ့ ခန္ဓာကိုယ်ထဲမှာပဲ အမြဲတမ်းထည့်ထားပြီး အစာကျွေးထားလို့လည်း မဖြစ်ဘူး၊ သူဒီအတိုင်း ဆက်စားနေရင် ကျွန်မမွဲသွားလိမ့်မယ်”

​သခင်မလေးရှဲ့ သူမစကားကို နားထောင်ပြီး ယဉ်ကျေးစွာဦးညွှတ်၍ ကျေးဇူးတင်စကား ဆိုလိုက်၏။

“ကျေးဇူးတင်ပါတယ် သခင်မလေးရှောင်၊ သခင်မလေးရှောင်သာ ဒီပြိတ္တာကို ကျွန်မဆီကမဖယ်ရှားပေးရင် ကျွန်မ နေ့ရောညပါဆက်စားနေမိမှာ သေချာတယ်၊ ကျွန်မရဲ့လက်ရှိကိုယ်ခန္ဓာကြောင့် မိဘဆွေမျိုးတွေက အိမ်ထောင်ပြုဖို့ခက်ခဲတယ်လို့ ပြောနေကြတယ်၊ ဒီအတိုင်းသာ ဆက်သွားရင် ကျွန်မဘာလုပ်ရမလဲ မသိတော့ဘူး၊ အဲဒီနေ့ပြီးကတည်းက ကျွန်မစားချင်စိတ်တွေ ပျောက်သွားတယ်၊ သေချာမေးကြည့်မှ အစေခံမလေးပြောတာ နားထောင်ပြီး သခင်မလေးရှောင်ကို သတိရမိလို့ ဒီနေ့လာကြည့်တော့ တကယ်ပဲဟုတ်နေတာကိုး၊ သခင်မလေးရှောင်က ကျွန်မကိုတိတ်တဆိတ် ကူညီပေးခဲ့တာ ကျွန်မကိုဒုတိယအကြိမ်အသက်ပေးတဲ့ မိဘတွေနဲ့ အတူတူပါပဲ၊ ဒီနေ့ကစပြီး သခင်မလေးရှောင်က ကျွန်မရှဲ့မင်ရဲ့မိတ်ဆွေပါပဲ၊ သခင်မလေးရှောင် ဘာပဲလိုအပ်လိုအပ် ပြောသာပြောပါ၊ ကျွန်မလုပ်ပေးနိုင်သမျှ ဘာမဆိုမငြင်းဘဲ လုပ်ပေးပါ့မယ်”

​သူမ ပွင့်ပွင့်လင်းလင်းပြောသည်ကို မြင်သောအခါ ရှောင်အန်းလဲ့ စိတ်ကြည်နူးသွားသည်။

“အဲဒီနေ့က ကူညီမှုလေးတစ်ခုကြောင့် သခင်မလေးရှဲ့နဲ့ သူငယ်ချင်းဖြစ်ခွင့်ရတာ ကျွန်မအတွက်ဂုဏ်ယူစရာပါပဲ”

​မိန်းကလေးချင်း သံယောဇဉ်တွယ်တာမှုမှာမြန်ဆန်လှသည်။ နှစ်ဦးသား ကြည့်ပြီးပြုံးလိုက်ကြကာ သူငယ်ချင်းကောင်းများဖြစ်သွားကြသည်။

“အော် ဒါနဲ့ နင်ကသရဲတွေကို ဘယ်လိုဖမ်းတာလဲ”

​သူမ၏စူးစမ်းလိုစိတ်ကို မြင်သောအခါ ရှောင်အန်းလဲ့ပြုံး၍ ဖြေလိုက်၏။

“လက်နဲ့ပဲဖမ်းတာပါ၊ ငါ့မှာရွှမ်စွမ်းအား ရှိတယ်၊ ပြီးတော့မွေးကတည်းက နတ်မျက်စိပါလာတော့ အဲဒီအရာတွေကို မြင်ရတယ်၊ တကယ်တော့ သူတို့ကလူတွေနဲ့ ဘာမှမကွာပါဘူး၊ အသက်ရှင်တုန်းကလူတွေပဲ မဟုတ်ဘူးလား၊ သေပြီးသွားတော့ စွဲလမ်းမှုတွေကျန်ခဲ့ပြီး လူ့လောကမှာဆက်နေရင်း လူမဝင်စားချင်ကြတာပဲရှိတာ၊ အော် ဟုတ်သား ငါ လူဆိုးတစ်ယောက်ကိုရှာနေတာ၊ ငါ့ဆီမှာ သူ့ကြောင့်ဒုက္ခရောက်ခဲ့ရပြီး စွဲလမ်းမှုကြီးလွန်းလို့ လူမဝင်စားနိုင်တဲ့ သရဲတစ်ကောင်ရှိတယ်၊ ခဏနေရင် သူ့ပုံတူကိုငါပေးမယ်၊ နင့်အဖေနဲ့ အစ်ကိုကိုကူရှာပေးခိုင်းလို့ ရမလား”

​ရှဲ့မင် ချက်ချင်းခေါင်းငြိမ့်ပြီး သဘောတူလိုက်သည်။

“စိတ်မပူပါနဲ့၊ လူရှာတဲ့ကိစ္စဆိုရင် ငါ့အဖေက စစ်သူကြီးလေ၊ သူ့လက်အောက်မှာ လူတွေအများကြီးရှိတယ်၊ ပြန်ရောက်ရင် ငါ့အဖေနဲ့အစ်ကိုကို ဒီပုံတူပြပြီး သူတို့ လက်အောက်ငယ်သားတွေကို ရှာခိုင်းလိုက်မယ်”

​တံခါးဝတွင် မင်္ဂလာဆောင်ဝတ်စုံအနီဝတ်ဆင်ထားသော ချင်းရှုရန်မှာ တံခါးဘောင်ကိုမှီလျက် ရှောင်အန်းလဲ့ထံ မျက်စိတစ်ဖက်မှိတ်ပြလိုက်ရင်း ဆွဲဆောင်မှုရှိစွာပြုံးလိုက်၏။

“ကျွန်မကိစ္စကို ဒီလောက်တောင် ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးပါပဲ၊ ကျွန်မလူဝင်စားသွားရင် ကျွန်မရဲ့မကုန်သေးတဲ့ပိုက်ဆံတွေ အကုန်လုံးကို ဆရာသခင်ဆီပေးခဲ့မယ်”

​ရှောင်အန်းလဲ့ သူမအား ‘နင့်ရဲ့ သရဲပိုက်ဆံတွေကို ငါက ဘာလုပ်ရမှာလဲ’ ဟူသော အဓိပ္ပာယ်ဖြင့် မျက်လုံးလှန်ပြလိုက်သည်။ ​ချင်းရှုရန် တခစ်ခစ်ရယ်လိုက်၏။

“သေချာပေါက် ဆရာသခင်နတ်ဆရာမကြီးသေသွားရင် သုံးဖို့စုထားပေးတာပေါ့၊ ဆရာသခင်က ဘယ်လောက်ပဲစွမ်းစွမ်း တစ်နေ့ကျရင် သေရမှာပဲလေ၊ အနှစ်တစ်ရာပဲ နေရနေရ နှစ်ရာပဲ နေရနေရ ကျွန်မရဲ့ကျေးဇူးတုံ့ပြန်မှုအနေနဲ့ ဆရာသခင်အတွက် စုထားပေးမယ်”

​ရှောင်အန်းလဲ့ ထိုအရူးနှင့်စကားပြိုင်မပြောချင်တော့သဖြင့် ကျေးဇူးတင်စကားသာပြောလိုက်သည်။ ​သူမရှေ့မှ ဖြတ်လျှောက်သွားပြီး သူတို့နှစ်ယောက် အတူတူလျှောက်လာသည်ကို မြင်သောအခါ ဘေးနားရှိသခင်မလေးများ တီးတိုးပြောဆိုကုန်ကြသည်။ ရှောင်ကျားဟော်မှာ သူမအစ်မကြီးလာနေသည်ကိုမြင်သောအခါ အမြန်ပြေးသွားပြီး မိတ်ဆက်ပေးလိုက်၏။

“သခင်မလေးတို့ကို မိတ်ဆက်ပေးရအုံးမယ်၊ ဒါ ကျွန်မရဲ့အစ်မကြီးလေ၊ ကျွန်မအစ်မကြီးက ပါရမီထူးလို့ တာအိုဆရာအိုကြီးတစ်ပါးက တောင်ပေါ်ခေါ်သွားပြီး ပညာသင်ပေးခဲ့တာ၊ အခုပညာစုံလို့ ပြန်ရောက်လာပြီ”

​ရှောင်ကျားဟော်မှာ ရှောင်အန်းလဲ့မှ သူမ၏သိုင်းပညာသည် အလွန်ကောင်းကြောင်းပြောဖူးသည်ကို သတိရသွားပြီး လှည့်မေးလိုက်သည်။

“အစ်မကြီး ထို့ဟူကစားနည်း ကျွမ်းကျင်လား၊ ညီမလေးတို့ ထို့ဟူ ကစားကြမလား”

​ရှောင်အန်းလဲ့ : “သူတို့နဲ့ထို့ဟူကစားနည်းကစားရမယ်လား၊ ဒါက, ကလေးတွေကို အနိုင်ကျင့်ရာမရောက်ဘူးလား”

​သူမတွေဝေနေသည်ကို မြင်သောအခါ ဘေးနားမှရှဲ့မင်က မေးကိုပင့်ပြီးပြောလိုက်၏။

“အဲ့ကစားနည်းက ငါအကျွမ်းကျင်ဆုံးပဲ၊ ငါနဲ့တစ်ဖွဲ့တည်းနေရင် နင်သေချာပေါက် နိုင်မှာ”

​သူမပြောပြီးသည်နှင့် မည်သည့်နေရာကမှန်းမသိသော သခင်မလေးတစ်ယောက် ပြောလိုက်သည်။

“သခင်မလေးရှဲ့ ကစားမယ်ဆိုရင်တော့ ကျွန်မတို့ ယှဉ်လို့မရပါဘူး”

“ဟုတ်ပါ့ သခင်မလေးရှဲ့က စစ်သူကြီးသမီးလေ၊ အရင်တုန်းက သူ့အရည်အချင်းတွေက အရမ်းကောင်းတယ်လို့ ပြောကြတယ်”

“အခုတော့ ဟီးဟီးဟီး အခုတော့ နည်းနည်းဝလာပေမယ့် သူ့အရည်အချင်းတွေက ရှိနေဦးမှာပါ၊ ကျွန်မတို့ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”

“ဟုတ်ပါ့”

​သခင်မလေးအချို့အသံထွက် ရယ်မောလိုက်ကြသည်။ သူတို့၏အထင်သေးပြီး လှောင်ပြောင်သောအကြည့်များမှာ ရှောင်အန်းလဲ့ကို ပြောစရာစကားမဲ့သွားစေသည်။

“နင်တို့အသိုင်းအဝိုင်းက တော်တော် ရှုပ်ထွေးတာပဲ၊ ဒါဆို သခင်မလေးရှဲ့ ကျွန်မနဲ့ နေစရာမလိုပါဘူး၊ ကျွန်မတစ်ယောက်တည်း သူတို့အားလုံးနဲ့ ကစားလို့ရတယ်၊ ဒါပေမယ့် ငါ့မှာ စည်းကမ်းတစ်ခုရှိတယ်၊ ရှုံးရင် မငိုကြေးနော်၊ ဘာပဲဖြစ်ဖြစ် နင်တို့ကငါ့အိမ်တော်ရဲ့ ဧည့်ခံပွဲကိုလာတာဆိုတော့ ငိုနေရင် အိမ်ရှင်ဖြစ်တဲ့ ငါပဲ မျက်နှာပျက်ရမှာပေါ့၊ အဲ့ဒါကကြည့်မကောင်းဘူးလေ”

​သူမထိုသို့ပြောသည်ကို ကြားသောအခါ သခင်မလေးတစ်ယောက်မှ အကြံပြုလိုက်၏။

“စိတ်မပူပါနဲ့ ငါတို့မငိုပါဘူး၊ ဒါပေမယ့် ငါ့အမြင်တော့ ဒါပဲကစားရင် ပျင်းစရာကောင်းတယ်၊ ကဗျာရွတ်တာနဲ့ စာဖွဲ့တာပါထည့်ရင်ရော၊ သခင်မလေးလီ က စစ်တုရင်ကျွမ်းကျင်တယ်၊ ပြီးတော့ စစ်တုရင်ကစားတာ ဝါသနာပါတယ်၊ သခင်မလေးရှောင်က အိမ်ရှင်ဆိုတော့ ငါတို့ပျော်ပျော်ပါးပါး ကစားတာကိုမတားလောက်ပါဘူးနော်”

​“ဟုတ်တယ် ဟုတ်တယ်၊ ဒါဆိုရင် ၃ ပွဲ ၂ ပွဲ အနိုင်ယူကြေးလုပ်ကြမယ်”

​ရှောင်အန်းလဲ့ မိန်းမငယ်လေးများ၏ စိတ်လှုပ်ရှားမှာများကိုတွေ့ပြီး သူမလည်းပို၍ စိတ်ဝင်စားသွားသည်။

“ကောင်းပြီလေ၊ ဒါဆို ထို့ဟူကစားနည်းက စကြမယ်”

​ရှဲ့မင် သူမထံစိုးရိမ်တကြီး ကြည့်ပြီး တိုးတိုးလေး မေးလိုက်၏။

“နင် တကယ်သေချာလို့လား”

​ရှောင်ကျားဟော် အစ်မဖြစ်သူအနိုင်ကျင့်ခံနေရသည့်အတွက် နှုတ်ခမ်းဆူလိုက်သည်။

‘သခင်မလေးလီနဲ့ တခြားသူတွေက တကယ်လွန်လွန်းတယ်၊ အမေ့က သူတို့ကို ဘာလို့ဖိတ်လဲမသိဘူး၊ သူတို့က ကြွားဝါရတာပဲ သဘောကျတာ’

“အစ်မကြီး တကယ်အဆင်ပြေရဲ့လား၊ ဘာပဲဖြစ်ဖြစ် ညီမလေးက စစ်တုရင် ညံ့တယ်၊ ဒါကြောင့် ၃ ပွဲလုံး ဘာမှမကူညီနိုင်ဘူးနော်”

‘​သူမ အသက်အရွယ်နဲ့ ကစားဖို့ ကောင်မလေးတစ်ယောက်ရဲ့ အကူအညီလိုနေမယ်ဆိုရင် ရယ်စရာကြီးဖြစ်နေမှာပေါ့’

ထို့ကြောင့် သူ့ညီမလေးအားကြည့်ကာ စိတ်ချစေရန် ခေါင်းငြိမ့်ပြလိုက်၏။ ထို့ဟူကိရိယာများ အဆင်သင့်ပြင်ဆင်ပြီးနောက် ကစားပွဲစလိုက်သည်။ ရှောင်အန်းလဲ့ ကစားပွဲကိုစတင်လိုက်ပြီး မြား ၃ ချောင်းယူ၍ပစ်လိုက်ရာ သုံးချောင်းလုံး တန်းဝင်သွားခဲ့၏။

“ဝါး အစ်မကြီး ၊ အရမ်းတော်တာပဲ ၃ ချောင်းလုံးဝင်သွားတယ်”

​ရှောင်ကျားဟော်မှာ တစ်ခန်းလုံးတွင် စိတ်အလှုပ်ရှားဆုံးဖြစ်နေသည်။ ရှောင်အန်းလဲ့ ထို့ဟူအိုးဝကိုကြည့်လိုက်ရာ နောက်ထပ် ၃ ချောင်းဆံ့သေးသည်ကို တွေ့လိုက်ရသဖြင့် ယခုတစ်ခေါက် ၅ ချောင်း ယူလိုက်သည်။

“ဟေး ဟေး အစ်မကြီး မရဘူးလေ၊ အိုးဝက အဲဒီလောက်မဆံ့ဘူး ပြန်ကျလာလိမ့်မယ်”

​ရှောင်အန်းလဲ့ မည်သည်ကိုမှပြန်မပြောဘဲပြုံးလိုက်ပြီး လက်ထဲရှိမြားများကို ပစ်လိုက်သည်။ ၃ ချောင်းအိုးဝထဲဝင်သွားပြီး၂ ချောင်းမှာ အိုးဝအပြင်ဘက် အိုးနားရွက်နှစ်ဖက်ပေါ် တင်သွားခဲ့၏။

“ဝါး မိုက်တယ် မိုက်တယ် အရမ်းမိုက်တာပဲ၊ အစ်မကြီး အစ်မကြီး အရမ်းတော်တာပဲ၊ အစ်မကြီး ဒီလောက်တော်နေမှတော့ သူတို့ဘယ်လို ကစားကြမလဲ ဟားဟားဟား”

​ရှောင်ကျားဟော် အရူးတစ်ယောက်လိုရယ်မောနေသည်ကို မြင်သောအခါ ရှောင်အန်းလဲ့ သတိပေးလိုက်သည်။

“အရမ်းကျယ်ကျယ် မရယ်နေနဲ့အုံး၊ သူတို့စိတ်ပျက်နေတာကို သွားနှောင့်ယှက်မိနေဦးမယ်”

​သတိပေးခံရသောအခါ ရှောင်ကျားဟော်မှာ ချက်ချင်းပါးစပ် ပိတ်လိုက်သော်လည်း မျက်လုံးများမှာတော့ လခြမ်းကွေးလေးများသဖွယ် ပြုံးနေဆဲပင်။ သူမအစ်မကြီးနောက်မှ ပရိသတ်တစ်ယောက်ကဲ့သို့ လိုက်ပါနေသည်။

“တာအိုကျောင်းမှာ အများကြီးသင်လာခဲ့ပုံရတယ်၊ ကဲ အခု စစ်တုရင်ပွဲ၊ သခင်မလေးရှောင် ဘယ်လိုတုံ့ပြန်မလဲ ကြည့်ရအောင်”

​ရှောင်အန်းလဲ့ပြုံးပြီး စစ်တုရင်ခုံနားသို့ လျှောက်သွားသည်။ ထိုသခင်မလေးသည် လူကြီးလူကောင်းပီသစွာ သူမကို အရင်စကစားခိုင်းသည်။ သို့ဖြင့် သူမလည်းမယဉ်ကျေးတော့ဘဲ အမည်းရောင်အကွက်ကိုကိုင်ပြီး ရွှေ့လိုက်၏။ ပြိုင်ဘက်မှ အဖြူရောင်အကွက်ကို ကိုင်ပြီး ရွှေ့သည်။ ရှောင်အန်းလဲ့လုံးဝ စဉ်းစားမနေဘဲ ကစားနေသကဲ့သို့ပင်။ အကွက်ကိုင်၊ ရွှေ့၊ စား၊ ဤလုပ်ရပ်ကိုသာ ထပ်ခါထပ်ခါလုပ်ဆောင်နေသည်။

တစ်ဖက်မှ သခင်မလေးမှာ တစ်ဆင့်ပြီးတစ်ဆင့် ဆုတ်ခွာနေရသည်။ နောက်ဆုံးတွင် စစ်တုရင်ခုံပေါ်၌ အမည်းရောင်အကွက်များသာပြည့်နှက်နေပြီး အဖြူရောင်အကွက်တစ်ကွက်မျှပင် မကျန်တော့ပေ။ တစ်ဖက်မှ သခင်မလေး ဒေါသထွက်လွန်း၍ မျက်ရည်များ ဝဲလာ၏။

သူမရှောင်အန်းလဲ့ထံ မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် ကြည့်လိုက်ရာ နှလုံးသားမရှိသော လူတစ်ယောက်ကို ကြည့်နေသကဲ့သို့ပင်။ ​ထိုအကြည့်ကြောင့် မိန်းမငယ်လေးတစ်ယောက်အား အနိုင်ကျင့်မိသလို ခံစားမိ၍ရှောင်အန်းလဲ့ အားနာဟန်အပြုံးဖြင့်သာ တုံ့ပြန်လိုက်ရသည်။

‘အရင်ဘဝတုန်းက သူမဘာမှလုပ်စရာမရှိရင် ဘယ်လက်နဲ့ ညာလက်ပြိုင်ကစားခဲ့တာလေ၊ ဒီသခင်မလေးကဖြင့် အခုမှစစ်တုရင်ကစားတတ်ရုံပဲ ရှိသေးတာ’

​“အလျော့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်မလေးလီ၊ မြို့တော်ကို ပထမဆုံးအကြိမ် ပြန်ရောက်တာဆိုတော့ မြို့တော်ကသခင်မလေးတွေ စစ်တုရင် ဒီလောက်တော်မှန်းမသိခဲ့ဘူး၊ ကျွန်မလည်း အနိုင်ယူဖို့ တော်တော်ကြိုးစားလိုက်ရတယ်”

​ရှောင်အန်းလဲ့ မြှောက်ပင့်ပြောဆိုနေမှန်းသိ၍ သခင်မလေးလီ အနိုင်နိုင်ပြုံးပြလိုက်ရသည်။

‘နောက်တစ်ဆင့်က ကဗျာစပ်တဲ့အလှည့်ပဲ’

ရှောင်ကျားဟော်မှာ သူမထက်ပို၍စိတ်လှုပ်ရှားနေခဲ့သည်။ အကြောင်းအရင်းမှာ သူမ၏တတိယအစ်ကို ပေးလိုက်သော ကဗျာများဖြင့် သူမအစ်မကြီး ဤပွဲကို သေချာပေါက်နိုင်လိမ့်မည်ဟုယုံကြည်နေ၍ပင်။

40

​သူမ၏ပျော်ရွှင်မြူးထူးနေသော ညီမလေးကိုကြည့်ပြီး ရှောင်အန်းလဲ့ရယ်ချင်စိတ် ဖြစ်လာ၏။ အဆုံးတွင် ရှောင်အန်းလဲ့ သူမ၏တတိယအစ်ကိုပေးထားသောကဗျာကို မသုံးခဲ့ပေ။ တစ်ချက်ကြည့်လိုက်ရုံနှင့် အလွတ်ရသော်လည်း သူမတွင်လည်းကိုယ်ပိုင်အကြိုက်ရှိနေသည်လေ။ ထို့ကြောင့် သူမ လီပိုင်၏ ချင်းဖင်တျောင်ကဗျာကို ရေးလိုက်သည်။

*တိမ်တိုက်တွေကိုမြင်ရင် သူမအဝတ်အစားတွေကို သတိရမိပြီး၊ ပန်းတွေကိုမြင်ရင်တော့ သူမမျက်နှာလေးကို သတိရမိတယ်။

နွေဦးလေညင်းက နှင်းစက်ဝေ့သီနေတဲ့လက်ရန်းကို ဖြတ်သန်းတိုက်ခတ်လာတော့ မိန်းမပျိုလေးကို ချွန်းယွီတောင်ထိပ်မှာ မတွေ့ရတော့ဘူး။ ကျောက်စိမ်းစင်မြင့်ပေါ်က လရောင်အောက်မှပဲ တွေ့ရပါတော့မယ်*

​“သခင်မလေးကို ပထမဆုံးမြင်လိုက်တော့ သခင်မလေးရဲ့အလှက ထူးခြားနေလွန်းတယ်၊ အဲ့တော့ဒီကဗျာလေး ခေါင်းထဲပေါ်လာတာပါ၊ ဒီကဗျာလေးကို သခင်မလေးအတွက်လက်ဆောင်ပေးပါရစေ၊ အလှပဂေးလေးအတွက် ကဗျာကောင်းတစ်ပုဒ်ပေါ့၊ ဒီကဗျာက သခင်မလေးနဲ့ တကယ်ကိုလိုက်ဖက်ပါတယ်”

​တစ်ဖက်မှ မင်းသမီးလေးမှာ မမျှော်လင့်ထားသော ဧည့်သည်ဖြစ်သည်။ ရှောင်မိသားစုကဲ့သို့ ရာထူးအဆင့်အတန်းမျိုးနှင့် ဧည့်ခံပွဲကျင်းပရာတွင် တတိယမင်းသမီးအိမ်တော်မှ မင်းသမီးတစ်ပါးကို ဖိတ်ကြားဖို့ဆိုသည်မှာ မည်သို့မှမဖြစ်နိုင်ပေ။

ထိုမင်းသမီးလေးမှာ ဆောက်လုပ်ရေးဝန်ကြီးအိမ်တော်မှ သခင်မလေးနှင့်အတူပါလာခြင်းဖြစ်သည်။ ထိုသခင်မလေးမှ သူမကိုရှောင်အန်းလဲ့နှင့် ကဗျာပြိုင်ရန် တိုက်တွန်းခြင်းမှာ စေတနာရှိ၍ မဟုတ်မှန်းသိသာနေသည်။

သို့သော် ရှောင်အန်းလဲ့ သူမကိုမြင်လိုက်ရချိန်တွင် သခင်လေးကျိုးကိုမြင်ရသကဲ့သို့ ခံစားလိုက်ရ၏။ သူတို့နှစ်ယောက်လုံးမှာ ဧကရာဇ်မင်းမြတ်၏ မြေးတော်များဖြစ်ကြပြီး နဂါးစွမ်းအင် အငွေ့အသက်ပါရှိနေကြ၏။ ထို့ကြောင့် မိမိအရှေ့မှ သခင်မလေး၏အဆင့်အတန်းမှာ ရိုးရှင်းမည် မဟုတ်ဟု ရှောင်အန်းလဲ့ချက်ချင်း အာရုံခံမိလိုက်ပြီး ဤကဗျာကို လက်ဆောင်ပေးလိုက်ခြင်းဖြစ်သည်။

​ထင်ထားသည့်အတိုင်းပင် တစ်ဖက်မှ သခင်မလေးသည် သူမရေးထားသော ကဗျာမှာ ရှောင်အန်းလဲ့လောက်မကောင်းသော်လည်း နှုတ်ခမ်းထောင့်များ ကွေးညွှတ်ပြီးပြုံးလိုက်မိ၏။

‘အကြောင်းအရင်းကတော့ ရှောင်အန်းလဲ့ကဗျာက တကယ်လှပလွန်းနေပြီး ဒီလောက်လှပတဲ့ကဗျာနဲ့ ကိုယ့်အလှကို တင်စားခံရတာ ဘယ်မိန်းကလေးကမပျော်ဘဲနေမလဲ’

​“နင်ဒီကဗျာကို ငါ့အတွက်တကယ်ရေးပေးတာလား”

သူမ မေးလိုက်ချိန်တွင် ကောင်မလေး၏မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသည်။ ​ရှောင်အန်းလဲ့ လူလည်မလေးတစ်ယောက်ကဲ့သို့ ကဗျာရေးထားသောစာရွက်ဖြူကို မင်းသမီးလေးထံကမ်းပေးလိုက်သည်။

“သေချာတာပေါ့ သခင်မလေးအတွက် ရေးပေးတာပါ၊ ကျွန်မက ကျင့်ကြံသူတစ်ယောက်မလို့ လိမ်ညာပြီးမပြောတတ်ပါဘူး”

​မင်းသမီးလေး ပျော်ရွှင်စွာဖြင့် စာရွက်ကို သေချာသိမ်းဆည်းခိုင်းလိုက်သည်။

‘ပြန်ရောက်မှ သူမမိသားစုကိုကြွားရဦးမယ်၊ ဟမ့် ဒါက သူမရဲ့အလှကို ဖွဲ့ဆိုထားတဲ့ကဗျာလေ’

“ကောင်းပြီ ငါနင့်သူငယ်ချင်းလုပ်ပေးမယ်”

​ဘေးနားတွင်ရပ်နေသော သခင်မလေးချန်မှာ မင်းသမီးလေး၏အင်္ကျီလက်စကို ဆွဲလိုက်၏။

“မင်းသမီးလေး သတိထားပါဦး၊ မင်းသမီးလေးက ကဗျာပြိုင်ပွဲမှာရှုံးသွားပြီလေ”

​သို့သော် မင်းသမီးချောင်ဟွာတောက်ပစွာ ပြုံးနေဆဲပင်။

“ဒါပေမယ့် ငါ့ရဲ့အလှက နိုင်သွားတယ်လေ၊ ပြီးတော့ ဒီကဗျာက ငါ့ကြောင့် ဖြစ်လာတာဆိုတော့ ငါ့ကိုချီးကျူးသလိုပဲပေါ့၊ အိုး ထားပါ ထားလိုက်ပါတော့ နင်က ဘာလို့ဒီလောက်အလေးအနက် ထားနေရတာလဲ”

​ဆောက်လုပ်ရေးဝန်ကြီးအိမ်တော်မှ သခင်မလေးချန်မှာ မျက်လုံးလှန်ရုံသာ တတ်နိုင်တော့သည်။

‘အခု မင်းသမီးလေးကို ပြန်ခေါ်သွားဖို့ နောက်ကျသွားပြီလား’

​ရှောင်အန်းလဲ့ မင်းသမီးလေးမှာ အတော်လေးချစ်စရာကောင်းသည်ဟု ထင်မိသည်။ အလွယ်တကူကျေနပ်တတ်ပြီး သူမအရှိန်အဝါမှာလည်း သန့်ရှင်းစင်ကြယ်၏။ မင်းသမီးမှာ ရှောင်အန်းလဲ့၏ညီမလေးနှင့် အကျင့်စရိုက်အလွန်တူလှသည်။ ​ရှောင်ကျားဟော်မှာမူ သူမအစ်မကြီးကို အရူးအမူး စွဲလမ်းနေပြီး အစ်မကြီးအတွက်ဆိုလျှင် ခေါင်းနှင့်နံရံအား တိုက်ရန်ပင် ဝန်မလေးတော့ပေ။ သူမအစ်မကြီး မည်မျှတော်ကြောင်း ယခုမှပင် သိလိုက်ရသည်။

‘အစ်ကိုကြီး ၃ယောက်နဲ့ အဖေကလွဲရင် မိသားစုထဲမှာ အတော်ဆုံးပဲ’

​ရှောင်သခင်မမှာမူ သူမ၏တတွတ်တွတ်ပြောနေသံကြောင့် ခေါင်းကိုက်နေပြီဖြစ်သည်။

“ကဲ ဧည့်ခံပွဲ စတော့မယ် တိတ်တိတ်နေတော့၊ နင့်အစ်မကြီး ဘယ်လောက်တော်လဲဆိုတာ ဘယ်သူမှမသိမှာစိုးလို့ ကြော်ငြာနေသလိုပဲ”

​ရှောင်သခင်မလည်း ထိုသမီးက ဤမျှ များစွာသိလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထို့နောက် နေမကောင်းဖြစ်နေရှာသော သူမတူမလေးကို သတိရသွားသည်။ ထိုအချိန်တွင် ရုတ်တရက် ရှောင်ကျားဟော် မတ်တတ်ရပ်လိုက်ပြီးပြောလိုက်၏။

“အော် ဟုတ်သား ဝမ်းကွဲအစ်မနေမကောင်းဖြစ်နေတုန်းပဲ၊ သမီးရဲ့မလိုင်ပျစ်ပျစ်ကို ဝမ်းကွဲအစ်မဆီသွားပို့လိုက်ဦးမယ်၊ သူက မလိုင်ပျစ်ပျစ်ကို အကြိုက်ဆုံးလေ”

​နေမကောင်းဖြစ်နေသော တူမလေးကို တွေးမိပြီး ရှောင်သခင်မထွက်သွားရန် ပြင်နေသော ရှောင်ကျားဟော်ကိုလှမ်းဆွဲလိုက်သည်။

“နင် သွားလို့မရဘူး”

သူမ၏​လွန်လွန်ကဲကဲတုံ့ပြန်မှုကို ရှောင်အန်းလဲ့မြင်လိုက်ပြီး မျက်ခုံးအသာပင့်လိုက်သည်။ သူမဘေးတွင်ထိုင်နေသော ချင်းရှုရန်မှာ နှစ်ချက်စုပ်သပ်လိုက်၏။

“သေချာပေါက် ဒီအချိန်သွားလို့မရဘူးပေါ့၊ အဲ့ကောင်မလေးသွားပြီး ခွန်းမင်းသားနဲ့ ဝမ်းကွဲသခင်မလေးရဲ့အချိန်ကောင်းကို သွားနှောင့်ယှက်မိရင် မကောင်းဘူးလေ”

​ရှောင်အန်းလဲ့ဘေးနားရှိ ချင်းရှုရန်ကို ပြောစရာစကားမဲ့သော အကြည့်ဖြင့် ကြည့်လိုက်သည်။

‘တကယ် အကုန်သိနေတာပဲ’

သူမ သခင်မကျောက်ရှိရာဘက်သို့ အသာခေါင်းငြိမ့်ပြလိုက်သည်။ သခင်မကျောက်မှာ သူမအတွက်လာခဲ့ခြင်း ဖြစ်ပြီး သူမကတော့ ဂနာမငြိမ်ဘဲ လျှောက်သွားနေဆဲပင်။ ထိုအချိန်တွင် သူမကိုယ်ပျောက်မန္တန်ရေးဆွဲပေးလိုက်သော စက္ကူရုပ်လေးပျံသန်းရောက်ရှိလာသည်။ သူမ စားပွဲပေါ်သို့ပြန်ရောက်ရောက်ချင်း သက်ပြင်းချလိုက်၏။

​ချင်းရှုရန်လည်း အထိန်းတော်သရဲကို မှတ်မိသည်။ သရဲနှစ်ကောင် စကားပြောရန်ပြင်လိုက်စဉ် ရှောင်အန်းလဲ့ ဖြတ်ပြောလိုက်သည်။ သူမဘေးနားရှိ အထိန်းတော်သရဲ စက္ကူရုပ်လေးကို ကောက်ယူပြီး အင်္ကျီလက်ကြားထဲ ထည့်လိုက်သည်။ ထို့နောက် မတ်တတ်ရပ်ပြီး သခင်မကျောက်ထံတစ်ချက်ကြည့်လိုက်သည်။

​သခင်မကျောက်လည်း မတ်တတ်ရပ်ပြီး သူမနောက်မှလိုက်ပါသွားသည်။ ချင်းရှုရန်မှာမူ ထိုင်ခုံတွင်ဆက်ထိုင်လျက် သူတို့ထွက်ခွာသွားသည်ကို စပ်စုလိုစိတ်ဖြင့် ကြည့်နေကျန်ရစ်သည်။ ​ထမင်းစားဆောင်မှ ထွက်လာပြီးနောက် သခင်မကျောက် ရှောင်အန်းလဲ့ကိုအမြန်မေးလိုက်၏။

“တစ်ခုခု တွေ့ခဲ့လား”

​ရှောင်အန်းလဲ့ စကားမပြောဘဲ အင်္ကျီလက်ကြားမှ စက္ကူရုပ်လေးကိုထုတ်ပြီး ကမ်းပေးလိုက်သည်။

“ကြည့်ပြီးရင် စက္ကူရုပ်လေးကိုလွှင့်ပစ်လိုက်ပါ”

​ပြောပြီးနောက် သူမလှည့်ထွက်လာတော့သည်။ သူမခန္ဓာကိုယ်ထဲမှ ရွှေရောင်ကုသိုလ် အလင်းတန်းများ တိုးပွားလာသည်ကို ခံစားလိုက်ရပြီး ရှောင်အန်းလဲ့ ရပ်တန့်ကာ ကျောက်ဆောင်အတုဘက်သို့ လှမ်းကြည့်လိုက်၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် ယဲ့မင်းသားရှဲ့စစ်မင်သည် ကျောက်ဆောင်အတုပေါ်ရှိ ဇရပ်ငယ်လေးတွင်ရပ်နေပြီး သူတို့နှစ်ဦးမျက်လုံးချင်း ဆုံသွားကြသည်။ ရွှေရောင်သစ်မွှေးသားဖြင့် ပြုလုပ်ထားသောရုပ်သေးရုပ်ကို သတိရသွားပြီး သူမ နှုတ်ခမ်းထောင့်များတွန့်သွားရသည်။

‘အဲ့ကိစ္စလည်း တရားခံကိုရှာတွေ့ပါစေအုံး’

​ရှဲ့စစ်မင် သူမကိုအပေါ်သို့တက်လာရန် ခေါင်းငြိမ့်ပြသည်ကို မြင်သော်လည်း ရှောင်အန်းလဲ့ဘေးနားရှိ သခင်မကျောက်ကိုတွေးမိပြီး ခေါင်းခါပြလိုက်၏။ ​နှစ်ဦးသားအကြည့်ချင်း ဖလှယ်နေစဉ် သခင်မကျောက်မှာ သူမသမီးကြုံတွေ့ခဲ့ရသည်များကို မြင်တွေ့လိုက်ရပြီးနောက် တစ်ကိုယ်လုံး တုန်ယင်လာပြီး ထိန်းမနိုင်သိမ်းမရ ရှိုက်ငိုတော့သည်။

“တိရစ္ဆာန် တိရစ္ဆာန်ကောင်၊ ချန်အန်းမြို့စားရဲ့ဆက်ခံသူက တိရစ္ဆာန်ကောင်၊ တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်၊ ငါ့သမီးကို အိမ်ပြန်ခေါ်သွားမယ်၊ အဲဒီမြို့စားအိမ်တော်က ရွံစရာကောင်းလွန်းတယ်၊ ဘုရားရေ ငါ့သမီးက ဘာလို့ဒီလို နှိပ်စက်မှုမျိုးကိုခံနေရတာလဲ၊ ငါအခုပဲ သွားတော့မယ်၊ ကျေးဇူးတင်ပါတယ် သခင်မလေးရှောင် ဒါပေမယ့် ငါ့သမီးကိစ္စကိုတော့”

​ရှောင်အန်းလဲ့ သူမမည်သည်ကို ဆိုလိုသည်အား နားလည်ပြီး ချက်ချင်း ပြောလိုက်သည်။

“စိတ်မပူပါနဲ့ ကျွန်မက ဒီလောကထဲမှာ ကျင်လည်နေသူမလို့ နှုတ်အလုံဆုံးပါပဲ၊ နောက်ထပ် စကားတစ်ခွန်းမှထွက်မှာ မဟုတ်ပါဘူး၊ ကျွန်မက သရဲတွေကိုပဲ ကူးတို့ပို့ပေးတာပါ၊ သက်ရှိလူသားတွေရဲ့ကိစ္စတွေကိုတော့ ကျွန်မဘာမှမလုပ်ပေးနိုင်ပါဘူး”

​’သူမအဖေက စစ်ဘက်ဆိုင်ရာဒုတိယဝန်ကြီးအဆင့်ပဲ ရှိသေးတာလေ၊ မြို့စားအိမ်တော်က သက်ရှိလူသားတွေရဲ့ကိစ္စတွေကို ဝင်ပါရဲပါ့မလား၊ နောက်ကျရင် သူတို့က သူမအဖေနဲ့ အစ်ကိုတွေကို ဒုက္ခပေးလာရင် ဘယ်လိုလုပ်မလဲ’

​သခင်မကျောက်လည်း နားလည်သဖြင့် ခေါင်းတငြိမ့်ငြိမ့်နှင့် ချက်ချင်းပြောလိုက်၏။

“သိပါတယ် သိပါတယ်၊ ဒီကိစ္စကို ကျွန်မတို့ မိသားစုဘာသာဖြေရှင်းပါ့မယ်”

​ရှောင်အန်းလဲ့ ခေါင်းငြိမ့်လိုက်ပြီး သခင်မကျောက် ထွက်ခွာသွားသည်ကိုကြည့်ရင်း ရင်ထဲတွင်နာကျင်မှုကိုခံစားလိုက်ရသည်။ သူမမော့ကြည့်လိုက်ရာ ယဲ့မင်းသားမပြန်သေးသည်ကို တွေ့လိုက်ရသည်။ ချန်အန်းမြို့စားအိမ်တော်မှာ သူ့မိခင်ဘက်မှဆွေမျိုးအိမ်တော်ဖြစ်ပြီး ထိုလူမှာ သူ့ဝမ်းကွဲဆိုသည်အား သူမရုတ်တရက် သတိရသွားပြီးနောက် သူမမျက်နှာထား ချက်ချင်းပျက်ယွင်းသွားကာ သူ့ထံစူးစူးဝါးဝါး တစ်ချက်ကြည့်လိုက်ပြီး လှည့်ထွက်သွား၏။

​သူမအပေါ်တက်လာမည်ကို စောင့်နေသော ယဲ့မင်းသားသည် သူမ ရုတ်တရက်မျက်နှာထားပြောင်းပြီး ထွက်ခွာသွားသည်ကို မြင်သောအခါ နေရာတွင်ပင် ကြောင်တောင်တောင် ကျန်ရစ်ခဲ့သည်။ မူလက သူမ၏ သဘောထားမှာ ထိုသို့မဟုတ်ပေ။ အဘယ်ကြောင့် ရုတ်တရက်ပြောင်းလဲသွားရသည်ကို သူနားမလည်နိုင်ဖြစ်သွားရသည်။

​ရှောင်အန်းလဲ့ထွက်ခွာပြီး ဧည့်ခံပွဲသို့ ပြန်ရောက်သည့်အချိန်တွင် အနည်းငယ်မျှသာ စားသောက်လိုက်သည်။ ဧည့်ခံပွဲပြီးဆုံးသွားချိန်တွင် မင်းသမီးချောင်ဟွာ သူမကိုလာရှာပြီး မိတ်ဆွေဖြစ်ချင်ကြောင်းပြောလာခဲ့၏။

ထို့အပြင်နောက်တစ်ကြိမ် သူမဧည့်ခံပွဲကျင်းပပါက ရှောင်အန်းလဲ့ကိုဖိတ်မည်ဖြစ်ကြောင်းနှင့် ရှောင်အန်းလဲ့ သေချာပေါက် လာရမည်ဖြစ်ကြောင်း ပြောသွားခဲ့သည်။ ထိုအခါမှသာလျှင် ထိုသခင်မလေးမှာ တတိယမင်းသမီးအိမ်တော်မှ မင်းသမီးလေး ဖြစ်ကြောင်း သိလိုက်ရသည်။

အဆင့် ၄အရာရှိမိသားစုမှ ကျင်းပသောကြိုဆိုပွဲတွင် ပုံမှန်အားဖြင့် အဆင့် ၃ သခင်မများကိုသာ ဖိတ်ကြားလေ့ရှိသည်။ ထိုထက်ရာထူးမြင့်မားသည့်သူများကို ဖိတ်ခွင့်မရှိပေ။ ထို့ကြောင့် ရှောင်သခင်မအနေဖြင့် မင်းသမီးလေးကိုမမြင်ဖူးသည်မှာ ပုံမှန်ပင် ဖြစ်သည်။

နန်းတွင်းဧည့်ခံပွဲများတွင်လည်း သူတို့ကဲ့သို့အဆင့် ၄ အရာရှိမိသားစုသည် သာမန်အဆင့်အတန်းသာဖြစ်သဖြင့် အမြဲချောင်ကျသောအနောက်ဘက်တွင်သာနေခဲ့ရ၏။ ​ထို့ပြင် ရှောင်သခင်မသည် အသက်အရွယ်ကြီးရင့်နေပြီဖြစ်ကာ အဝေးမှုန်နေသောကြောင့် အဝေးမှ အရာများအား သေချာမမြင်ရပေ။

​ရှောင်အန်းလဲ့ မင်းသမီးချောင်ဟွာ၏ ဖိတ်ကြားမှုကို ရိုးရိုးရှင်းရှင်းပင် လက်ခံလိုက်သည်။ မင်းသမီးချောင်ဟွာ ပြန်သွားပြီးနောက် ရှဲ့စစ်မင်လည်း သူမကို လာရောက်နှုတ်ဆက်ပြီးပြန်သွားသည်။ အားလုံးပြန်သွားကြပြီးနောက် ရှောင်သခင်မ မျက်မှောင်ကြုတ်ပြီး ရှောင်အန်းလဲ့ထံပြောလာသည်။

“မင်းသမီးချောင်ဟွာနဲ့ ဆက်ဆံရေး ကောင်းအောင် တည်ဆောက်ထားသင့်တယ်၊ ဟိုရှဲ့မိသားစုက သခင်မလေးကိုတော့ မေ့လိုက်တော့၊ ကြည့်စမ်း ဘယ်လောက်တောင် ဝလိုက်သလဲဆိုတာ၊ နောက်ကျရင် မိသားစုကောင်းနဲ့ လက်ထပ်ရမှာမဟုတ်ဘူး၊ နင်သူနဲ့ အရမ်း ရင်းရင်းနှီးနှီးမနေသင့်ဘူး၊ မနက်ဖြန် နင့်အတွက် နန်းတော် လည်ပတ်ခွင့်ကတ်ပြားတစ်ခု လုပ်ပေးမယ်၊ အဲ့အချိန်ကျရင် မင်းသမီးလေးဆီ ပစ္စည်းကောင်းတချို့ပို့ပေးလိုက် ၊ သူ နင့်ကို မေ့သွားလို့မဖြစ်ဘူး၊ သူဧည့်ခံပွဲကျင်းပပြီး နင့်ကိုဖိတ်ရင် သေချာ ကြည့်ခဲ့ဦး၊ တတိယမင်းသမီးအိမ်တော် ကဧည့်ခံပွဲကို တက်ရောက်နိုင်တဲ့ မိသားစုတွေက ဘယ်မိသားစုကများ ဂုဏ်သရေမရှိဘဲနေမလဲ၊ အရင်က နင် တောင်ပေါ်ကပြန်ဆင်းလာပြီး နောက်ပိုင်း အိမ်ထောင်ရေးအလားအလာက ခက်ခဲနေတာ၊ တကယ်လို့ ဘလာ ဘလာ ဘလာ”

​ရှောင်အန်းလဲ့ ရှောင်သခင်မ၏ကြက်တူရွေးကဲ့သို့ စကားများကြောင့် အိပ်ပျော်ရာမှလန့်နိုးသွားသကဲ့သို့ ခေါင်းထောင်လာ၏။

All Chapters