အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
41
“အိုး၊ အမေ ပြောတာမှန်ပါတယ်၊ အမေလည်းပြောပြီးပြီဆိုတော့ သမီး အရင် ပြန်နှင့်ပါတော့မယ်”
ရှောင်ကျားဟော် နံဘေးတွင် ကြွက်ပေါက်လေးတစ်ကောင်ကဲ့သို့ မုန့်များကို ပျော်ရွှင်စွာ ကိုက်စားနေခဲ့၏။ သူမအမေနှင့် အစ်မကြီး၏ပုံစံကိုမြင်ပြီး ပျော်လွန်းသဖြင့် ယိမ်းထိုးအောင် ရယ်မောနေရာ ရှောင်သခင်မ၏ စူးစူးဝါးဝါးအကြည့်ကို ခံလိုက်ရသည်။
“နင့်အလှည့် မရောက်သေးလို့ နင်က ရယ်နိုင်သေးတယ်ပေါ့၊ ငါ နင့်အစ်မကြီးကို သေချာကြည့်ပါလို့ ပြောထားတာကို နင်က ကိုယ့်ဘာသာ ပျော်ပါးနေတယ်၊ နင် အသက်ဘယ်လောက်ရှိပြီလဲ ဘလာ ဘလာ ဘလာ”
သူမအလှည့်ရောက်လာသည်ကို တွေ့သောအခါ ရှောင်ကျားဟော် ဆက်မရယ်နိုင်တော့ပေ။ ပါးစပ်ထဲ မုန့်အတင်းထိုးထည့်ပြီး လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။
“အမေ အစ်မကြီးကို ဆူပြီးပြီပဲ၊ သမီးကို ထပ်မဆူပါနဲ့တော့၊ အမေက သမီးကိုမြင်ရင် စိတ်ရှုပ်နေမှာဆိုတော့ သမီးလည်း အရင်ပြန်နှင့်တော့မယ်နော်၊ အစ်မကြီး ဒီမှာ ဆက်အိပ်နေအုံးမှာလား”
ရှောင်အန်းလဲ့ မူလကနားငြီးလွန်း၍ အိပ်ချင်ယောင်ဆောင်နေခြင်း ဖြစ်သည်။ သခင်မရှောင်၏ဖန်တရာထပ်နေသော ဆုံးမစကားများကို ဆက်နားထောင်ပါက ရူးသွားပေလိမ့်မည်။ ထို့အပြင် ယနေ့ည ဝူယန်မြို့စားအိမ်တော်မှကိစ္စကို သွားရှင်းရန်ရှိသေးသည်။
“မအိပ်တော့ဘူး၊ ငါလည်းပြန်တော့မယ်”
သမီးနှစ်ယောက် ထွက်သွားသည်ကိုကြည့်ပြီး ရှောင်သခင်မ ဒေါသထွက်လွန်း၍ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့သည်။
ရှောင်သခင်မ၏ခြံဝင်းထဲမှ ထွက်လာပြီးနောက် ရှောင်အန်းလဲ့နားများ နောက်ဆုံးတော့ အေးချမ်းသွားသည်။ ရှောင်ကျားဟော် လေးစားအားကျသော မျက်နှာထားဖြင့် ရှောင်အန်းလဲ့ကို စိတ်လှုပ်ရှားစွာ ဆွဲလိုက်သည်။
“အစ်မ အစ်မက မင်းသမီးချောင်ဟွာအတွက်ကျ အရမ်းလှတဲ့ကဗျာတွေ စပ်ပေးတယ်၊ ညီမလေးကို ကြည့်ပါဦး၊ ညီမလေးအတွက်လည်း တစ်ပုဒ်လောက် စပ်ပေးပါလား”
ရှောင်အန်းလဲ့ ညီမဖြစ်သူမျက်နှာကို ဘယ်ပြန်ညာပြန်ကြည့်ပြီး ခေါင်းခါလိုက်သည်။
“နင့်မျက်နှာကိုကြည့်ပြီး ငါ ဘာမှမစပ်နိုင်တော့ဘူး ဟားဟားဟားဟားဟား”
ပြောပြီးသည်နှင့် သူမအမြန်ပြေးထွက်သွားရာ ရယ်သံများကျန်ရစ်ခဲ့သည်။ ရှောင်ကျားဟော် စိတ်ဆိုးပြီး ခြေဆောင့်လိုက်သည်။
“အစ်မကြီးက ဘာသဘောလဲ၊ ငါက ရုပ်ဆိုးတယ်လို့ ပြောချင်တာလား ဝူး ဝူး ဝူး ဝမ်းနည်းတယ် ဟွန့်”
ရှောင်အန်းလဲ့ သူမခြံဝင်းသို့ တန်းပြေးသွားသည်။ သူမအိပ်ရေးဝအောင် အိပ်ရန်လိုနေ၏။
‘ဒီည ဝူယန်မြို့စားအိမ်တော်ကို တာဝန်အရသွားရဦးမယ်လေ’
ဝူယန်မြို့စားအိမ်တော်မှ သခင်လေးကျိုးသည် သူမရောက်လာသည်ကို မြင်သောအခါ ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားသည်။
“ဆရာသခင် နောက်ဆုံးတော့ ရောက်လာပြီပဲ၊ ဒီနေ့တစ်နေ့လုံး ကျွန်တော် ဘာတွေကြုံခဲ့ရလဲ ဆရာသခင် မသိပါဘူး”
ထိုစကားကြောင့် ရှောင်အန်းလဲ့ပြုံးလိုက်သည်။ မင်းသမီးကြီးသည် သားဖြစ်သူမှ ရှောင်အန်းလဲ့အပေါ် မိခင်အရင်းထက် ပိုခင်တွယ်နေသည်ကိုမြင်ပြီး မျက်လုံးလှန်ကြည့်လိုက်သည်။ မင်းသမီးကြီးမှာ မည်သည်ကိုမှ မမြင်ရ မကြားရသည့်အတွက် ပုံမှန်ပင်။
ဝမ်းနည်းခြင်း အထိမ်းအမှတ်ခန်းမထဲတွင် ဝူယန်မြို့စားမင်းနှင့် သရဲမဝမ်နီယန်တို့ စကားများရန်ဖြစ်နေကြရုံသာမက လက်ပါသည်အထိဖြစ်နေကြသည်။ ကံဆိုးစွာပင် ဝူယန်မြို့စားမင်း၏ဝိညာဉ်သည် သူမကိုမယှဉ်နိုင်ပေ။ သူ အကြီးအကျယ်အနိုင်ကျင့်ခံရပြီးနောက် ပွစိပွစိရေရွတ်ကာ ညည်းတွားနေသဖြင့် သခင်လေးကျိုးမှာ စိတ်ညစ်လွန်း၍ အခေါင်းအဖုံးကို လှန်ပစ်ချင်စိတ်ပေါက်လာ၏။
သို့သော် လက်သည်မှာ သူ့ဖခင်အရင်း ဖြစ်နေသည့်အပြင် သူမြင်ရသည်ကိုလည်း အသိပေး၍မရသဖြင့် သည်းခံနေရသည်။ ထို့ကြောင့် သခင်လေးကျိုး တစ်ယောက်တည်း ဒုက္ခရောက်ရသော ကမ္ဘာတစ်ခုဖြစ်လာခဲ့သည်။
ရှောင်အန်းလဲ့လည်း သူမည်သည့်အရာများ ကြုံခဲ့ရသည်ကို မသိပေ။ သူမ ရောက်သွားသောအခါ ဝူယန်မြို့စားမင်းနှင့် သရဲမတစ်ကောင်မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ခန်းမထဲတွင် ရန်ဖြစ်နေကြသည်ကို တွေ့လိုက်ရသည်။ တစ်ယောက်မှာ သူ့ကို သေအောင်လုပ်သောကြောင့် နာကျည်းနေပြီး၊ နောက်တစ်ယောက်သည် မင်းသမီးကြီးကို သတ်ခိုင်းနေ၏။ ဤသို့ဖြင့် နှစ်ယောက်သား မရပ်မနားရန်ဖြစ်နေကြသည်။
သူမ ကြေးပြားနှစ်ပြားထုတ်ပြီး သရဲနှစ်ကောင်ထံပစ်ကာ ကြေးပြားထဲ ဖမ်းချုပ်လိုက်သည်။ ထို့နောက် ပြန်ခေါ်သွားပြီး ဖြည်းဖြည်းချင်းစစ်ဆေးမေးမြန်းရန် စီစဉ်လိုက်သည်။ ဝိညာဉ်များကို ဖမ်းချုပ်လိုက်သောကြောင့် သခင်လေးကျိုး၏နားများ နောက်ဆုံးတော့ အေးချမ်းသွားပြီး လန်းဆန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
“ဆရာသခင် ကျွန်တော့်အဖေနဲ့ အဲဒီမိန်းမကို ဘယ်လိုစီစဉ်မလို့လဲ”
လက်ထဲရှိ ကြေးပြားနှစ်ပြားကိုကြည့်လိုက်ရာ သရဲမ၏နာကျည်းချက်မှာ အပြင်းထန်ဆုံး ဖြစ်နေသည်။ ဝူယန်မြို့စားမင်း၏ နာကျည်းချက်သည် သရဲမလောက် မပြင်းထန်ပေ။ ဝူယန်မြို့စားမင်းမှာ ကြေးပြား၏လေးထောင့်ကွက်ထဲတွင်ရပ်လျက် သားအရင်းဖြစ်သူကို မော့ကြည့်နေသည်။ သားဖြစ်သူ၏စကားကို ကြားသောအခါ ချက်ချင်းပင်အံ့ဩသွားသလို စိတ်မကောင်းလည်းဖြစ်သွားရသည်။
“ဒီကောင်စုတ်လေး မင်းအဖေကိုမြင်ရတယ်ပေါ့”
သခင်လေးကျိုး အားပါးတရရယ်လိုက်၏။
“အဖေ့ကိုသေချာပေါက်မြင်ရတာပေါ့၊ မမြင်ချင်ယောင်ဆောင်တာက ကျွန်တော် အဖေ့ကိုဂရုမစိုက်ချင်လို့”
ကြေးပြားထဲမှ ဝူယန်မြို့စားမင်းခြေဆောင့်လိုက်သည်။
“ဒီကောင်စုတ်လေး သူ့ကို မြန်မြန်ပြောပြီး မင်းအဖေကို လွှတ်ပေးခိုင်းစမ်း၊ ငါသေတာ ရက်ပိုင်းပဲ ရှိသေးတယ်၊ အသက်ပြန်သွင်းလို့ ရနိုင်သေးတယ်”
ရှောင်အန်းလဲ့ ကြေးပြားထဲမှ အမျိုးသမီးကို တစ်ချက်ကြည့်လိုက်သည်။ ကြေးပြားထဲတွင် အဖမ်းခံရပြီးကတည်းက ဤသရဲမသည် တိတ်ဆိတ်ငြိမ်သက်နေပြီး ယခင်ကကဲ့သို့ ဆူညံမနေတော့ပေ။ သူမ ကြေးပြားကို ကောက်ယူပြီး လေထဲသို့ပစ်မြှောက်လိုက်၏။ ထိုအချိန် သရဲမထွက်လာပြီး ပြေးရန်ကြိုးစားသော်လည်း ရှောင်အန်းလဲ့မှာ ကြိုသိနေသည့်အလား အလွတ်မပေးခဲ့ပေ။
သူမကို မလှုပ်ရှားနိုင်အောင် ချုပ်ထားပြီးနောက် အမှန်တိုင်းပြောစေသော အဆောင်ကိုထုတ်ပြီး သူမဝိညာဉ်ခန္ဓာကိုယ်ပေါ် ကပ်လိုက်သည်။
“ပြော နင့်ရည်ရွယ်ချက်က ဘာလဲ၊ နင်နဲ့ မြို့စားမင်းက မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်ကြတာပါလို့တော့ ငါ့ကိုလာမပြောနဲ့၊ ငါ့ကို၃နှစ်သားကလေးလို့ ထင်နေလား”
သရဲမ, မပြောချင်သော်လည်း သူမပါးစပ်မှာ အလွန်ရိုးသားနေခဲ့သည်။
“ဝူယန်မြို့စားမင်းက အသုံးမကျတဲ့ အကောင်ပါ၊ အရင်က ကျွန်မအိမ်တော်ထဲမဝင်ခင် သူ့သွေးသားရင်းချာရအောင်လို့ သူ့ကိုမြှူဆွယ်ချင်ခဲ့တာ၊ ဒါပေမယ့် သူကမြုံနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
အခြားတစ်ဘက်ရှိ ကြေးပြားထဲမှ ဝူယန်မြို့စားမင်းသည် ဒေါသထွက်လွန်း၍ ခြေဆောင့်နေ၏။ ဝမ်းနည်းခြင်းအထိမ်းအမှတ် ခန်းမထဲတွင် သခင်လေးကျိုးမှ လူများကိုထွက်သွားခိုင်းလိုက်ပြီး မင်းသမီးကြီးသာ ကျန်ရစ်သည်။ မင်းသမီးကြီးကိုယ်တိုင်လည်း သရဲမြင်ရသည်မှာ ပထမဆုံးအကြိမ်မဟုတ်သဖြင့် တောင်ကြီးတစ်လုံးကဲ့သို့ တည်ငြိမ်နေသည်။ သရဲမ၏စကားကို ကြားသောအခါ သူမ မဲ့ပြုံးပြုံးလိုက်သည်။
“ငါ့သားရဲ့နေရာကို သူများတွေလာထိပါးမှာ ဘယ်လိုလုပ်ခွင့်ပြုမှာလဲ၊ အဲ့ဒါကြောင့် သားလေးကိုမွေးပြီးကတည်းက သူ့ကိုမြုံဆေးတိုက်ထားပြီးသား သူမသိလိုက်တာပဲရှိတယ်”
ဝူယန်မြို့စားမင်း ထပ်မံမှင်သက်သွားပြီးနောက် ခြေဆောင့်လိုက်သည်။
“မိန်းမယုတ်ပဲ ယုတ်မာလိုက်တဲ့မိန်းမ, မထူးဆန်းတော့ပါဘူး၊ အိမ်တော်ထဲမှာ ရွှမ်အာတစ်ယောက်တည်းရှိပြီး တခြားကလေးမမွေးတာ၊ မင်းလက်ချက်ကိုး၊ ရွှမ်အာတစ်ယောက်တည်း ဒီလောက်ကြီးမားတဲ့ မြို့စားအိမ်တော်ကြီးရဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရတာ၊ ကူညီမယ့်သူမရှိရင် ဘယ်လောက်တောင် ရက်စက်ရာကျမလဲ”
မင်းသမီးကြီးမှာ သူမလုပ်ရပ်သည်မှားသည်ဟု မခံစားရပေ။
“သူ့ကို ကူညီမဲ့သူဟုတ်လား၊ စကားကြီးစကားကျယ်တွေနဲ့ ဆက်ခံသူနေရာကိုပြိုင်ဆိုင်ဖို့ မွေးတာများမသိရင် ခက်မယ်၊ အစကတည်းက ရှင်းပစ်လိုက်တာ ပိုကောင်းတယ်”
အခြားကြေးပြားထဲမှ သရဲမမှာ သူတို့စကားဝိုင်းကို နားထောင်ပြီး အားရပါးရ ရယ်မောလိုက်၏။
“ဝူယန်မြို့စားမင်း အိုး ဝူယန်မြို့စားမင်း ဟားဟားဟားဟား၊ တကယ်တော့ ရှင်က မြုံနေတာကိုး ဟားဟားဟားဟားဟား၊ ဒီလိုမှန်းသိခဲ့ရင် ကျွန်မဘာလို့ ဒီလောက်ဒုက္ခခံနေဦးမှာလဲ၊ မင်းသမီးကြီးနားကပ်ဖို့ နည်းလမ်းရှာလိုက်ရင်ပြီးနေပြီကို၊ ကျွန်မဘဝရဲ့နှစ်ပေါင်းများစွာ အလဟဿဖြစ်ကုန်ပြီ”
ထိုစကားများမှာ ခန်းမထဲရှိလူတိုင်းကို ဇဝေဇဝါဖြစ်သွားစေသော်လည်း ဦးတည်ချက်မှာတော့ ရှင်းနေခဲ့သည်။ ထိုသရဲမသည် မင်းသမီးကြီးကို ပစ်မှတ်ထားနေခြင်းပင်။ ဝူယန်မြို့စားမင်း ရင်ကွဲပက်လက်ဖြစ်သွားရ၏။
“အဲ့ဒါ ဘာကိုဆိုလိုတာလဲ”
သရဲမမှာ ချန်အန်းမင်းသမီးကြီးထံသို့ ခုန်အုပ်လိုက်ပြီး ချန်အန်းမင်းသမီးကြီး၏နဂါးစွမ်းအင်မှာ အားနည်းနေသော်လည်း သာမန်သရဲမတစ်ယောက် ထိပါး၍ရသည့် အရာမဟုတ်ပေ။
“ဟားဟားဟားဟား ဘာလို့လဲ ဟုတ်လား ဟုတ်ပါတယ်လေ၊ ရှင်က မြင့်မြတ်တဲ့ မင်းသမီးကြီး ကျွန်မလို မျိုးရိုးနိမ့်တစ်ယောက်ကို ဘယ်မှတ်မိမှာလဲ မဟုတ်သေးဘူး ပြောရရင် စစ်သူကြီးမန့်ကိုတောင် ရှင်မှတ်မိသေးရဲ့လား”
စစ်သူကြီးမန့် နာမည်ကြားလိုက်သည်နှင့် မင်းသမီးကြီး၏မျက်နှာထားမှာ ရုတ်တရက်ပြောင်းလဲသွားသည်။ သရဲမ၏ အသံမှာလည်း စူးရှသွား၏။
“ကျွန်မက သူနဲ့ငယ်ချစ်ဦးလို အတူတူ ကြီးပြင်းလာခဲ့တာ၊ ဒါပေမယ့် သူ့နှလုံးသားက အမြဲတမ်းရှင့်ဆီမှာပဲ ရှိနေတယ်၊ ရှင့်ဆီမှာပဲ ဘာလို့လဲ၊ ရှင်က ဘာတွေများ ကောင်းနေလို့လဲ၊ ကျွန်မထက် နောက်ခံကောင်းတာရယ်၊ ကျွန်မထက် ပိုလှတာရယ်ကလွဲပြီး ရှင့်မှာဘာရှိလို့လဲ၊ သူ့ရဲ့နှလုံးသားတစ်ခုလုံး ရှင့်ကိုပုံပေးထားတာတောင် ရှင်ကကျောခိုင်းပြီး ဒီအသုံးမကျတဲ့အောက်ပိုင်းလောက်ပဲတွေးတတ်တဲ့ လူရှုပ်လူပွေနဲ့ လက်ထပ်လိုက်တယ်၊ ဟမ့် ရှင်သိရဲ့လား ကျွန်မ စကားနည်းနည်းလောက်နဲ့ မြှူဆွယ်လိုက်တာ၊ သူက ကျွန်မကို စွဲလမ်းသွားပြီး အပြင်မှာဝှက်ထားတော့တာပဲ၊ တစ်ခါတုန်းက ကျွန်မကို ကိုယ်လုပ်တော်အဖြစ် အိမ်တော်ထဲတောင် ခေါ်သွင်းချင်ခဲ့သေးတယ်၊ အစကတော့ ကျွန်မအိမ်တော်မဝင်ခင် သူနဲ့ ကိုယ်ဝန်ရအောင်လုပ်ပြီး ရှင့်သားနဲ့ ဆက်ခံသူနေရာကို ယှဉ်ပြိုင်ချင်ခဲ့တာ၊ ဒါပေမယ့် သူက တကယ်ပဲ အသုံးမကျဘူးလေ၊ နေ့ရောညပါ ကျွန်မကိုယ်ပေါ်မှာ အားထုတ်နေပေမယ့် အကုန်လုံးက အဖျင်းတွေချည်းပဲ၊ တစ်ခုမှ အဖတ်မတင်ဘူး၊ အိမ်တော်ထဲဝင်ဖို့ ကျွန်မ, မစောင့်နိုင်တော့တဲ့အချိန်မှာ ထုံးစံအတိုင်း တခြားတစ်ယောက်ကို ထပ်စိတ်ဝင်စားသွားပြန်တယ်လေ၊ အဲ့ဒါကြောင့် သူစိတ်မပြောင်းအောင်လို့ ကျွန်မ တမင်တကာ ကျွန်မကိုပဲ တမ်းတမ်းစွဲနေအောင် ကျိန်စာတိုက်လိုက်တာ၊ ရှင်ရွေးချယ်လိုက်တဲ့ ယောကျ်ားကို ကျွန်မလက်ခုပ်ထဲထည့်ပြီး ကစားပြချင်လို့၊ ရှင် ရွေးချယ်လိုက်တဲ့ ယောကျ်ား ဘယ်လောက်ပုပ်သိုးနေလဲဆိုတာ ရှင့်ကို ပြချင်လို့၊ ပြီးတော့ ရှင်စွန့်ပစ်ခဲ့တဲ့ မန်ရန်ကျစ်က ရှင့်ကြောင့် ဒီနေ့ထိ အိမ်ထောင်မပြုဘဲ ဘေးနားမှာ မိန်းမတစ်ယောက်တောင်မရှိဘဲ နေနေတယ်တဲ့လေ၊ ရယ်စရာ မကောင်းဘူးလား”
“တော်တော့”
မင်းသမီးကြီးဆက်နားမထောင်နိုင်တော့ဘဲ စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။
“မြို့စားမင်းနဲ့ ငါက ခမည်းတော်ဧကရာဇ် ကိုယ်တိုင် လက်ထပ်ပေးခဲ့တာ၊ မင်း ဒီမှာလာဝေဖန်စရာမလိုဘူး၊ ပြီးတော့ မန်ရန်ကျစ် အိမ်ထောင်ပြုတာ မပြုတာ ငါနဲ့ ဘာဆိုင်လို့လဲ၊ မင်းရဲ့အကြောင်းပြချက်တွေက တကယ့်ကို ရယ်စရာကောင်းလွန်းတယ်၊ သခင်မလေးရှောင် ဒီသရဲမကို သခင်မလေး သဘောအတိုင်း စီစဉ်လိုက်ပါ”
ရှောင်အန်းလဲ့ ရုတ်တရက် ခေါင်းကိုက်လာသလိုပင်။
“ဒီလောက် အစွဲအလမ်းကြီးတဲ့ သူကို အရင်ဆုံး ကျွတ်လွတ်အောင် လုပ်ပေးလို့ရမလား ကြည့်ရမယ်၊ မရရင်တော့ အတင်းအဓမ္မ ကျွတ်လွတ်ခိုင်းရတော့မှာပေါ့”
42
သခင်လေးကျိုးလည်း အံ့သြလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
‘တကယ် အတင်းအဓမ္မ ကျွတ်လွတ်ခိုင်းလို့ ရတာလား’
ဝူယန်မြို့စားမင်းမှာ ခြေဆောင့်နေဆဲပင်။
“အဲဒီမန်ဆိုတဲ့ကောင်က မကောင်းကြံနေတာ ငါသိသားပဲ၊ သူက ငါပိုင်တာကို အမြဲတမ်း လိုချင်နေတာလေ”
ရှောင်အန်းလဲ့ မနေနိုင်တော့ဘဲပြောလိုက်သည်။
“တခြားသူတွေက မြို့စားမင်းရဲ့ ပိုင်ဆိုင်မှုတွေကို လိုချင်နေမှန်း သိသိရက်နဲ့ ဘာလို့ သေချာတန်ဖိုးမထားရတာလဲ၊ အခုလို ဖြစ်သွားရတာ ကိုယ်တိုင်ဖန်တီးယူတာပဲ မဟုတ်ဘူးလား၊ မြို့စားမင်း ကြည့်ရတာ အစွဲအလမ်းရှိပုံမပေါ်တော့ လူဝင်စားဖို့ မြေအောက်လောကကို ပို့ပေးပါမယ်”
ဝူယန်မြို့စားမင်း ကလေးတစ်ယောက်ကဲ့သို့ နှာခေါင်းရှုံ့လိုက်ပြီး မင်းသမီးကြီးထဲ စိုက်ကြည့်လိုက်သည်။
“ငါ မသွားဘူး၊ ငါမရှိတော့ရင် တချို့လူတွေက မနေနိုင်မထိုင်နိုင်နဲ့ တခြားလူကို သွားရှာရင် ဘယ်လိုလုပ်မလဲ”
သူ့စကားများကို မင်းသမီးကြီးကြားနိုင်ခဲ့လျှင်ပင် သူမ သူ့အားလျစ်လျူရှုကာ လှည့်ထွက်သွားမှာ သေချာသည်။ သခင်လေးကျိုး ခေါင်းကုတ်လိုက်ပြီး နောက်ဆုံးတော့ စကားတစ်ခွန်းပြောထွက်သွားသည်။
“အဖေ အဖေကျတော့ မယားကြီး ၃ ယောက် မယားငယ် ၄ ယောက်ယူလို့ရတယ်၊ အမေက မင်းသမီးကြီးဖြစ်တဲ့အပြင် အခုမုဆိုးမဖြစ်သွားပြီလေ၊ ဘာလို့ နောက်အိမ်ထောင်ပြုလို့မရ,ရမှာလဲ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အမေ့ဘက်ကပဲ”
ဝူယန်မြို့စားမင်း ဒေါသထွက်လွန်း၍ ခုန်ပေါက်နေတော့သည်။
“မိမဆုံးမ ဖမဆုံးမသား မင်းသာငါ့ရဲ့ တစ်ဦးတည်းသောသား မဟုတ်ရင် ငါ၊ တောက် ငါ အတိုချုပ်ပြောရရင် မင်းကတကယ် မိမဆုံးမ ဖမဆုံးမသားပဲ”
မြို့စားမင်း၏အပြုအမူကြောင့် ရှောင်အန်းလဲ့ မျက်မှောင်ကြုတ်လိုက်သည်။
‘ဒီသရဲကို စိတ်ဓာတ်ရေးရာနှစ်သိမ့်ဆွေးနွေးမှုပါ လုပ်ပေးရဦးမှာလား’
“မချစ်ရင် နာကျင်အောင်မလုပ်နဲ့၊ ချစ်ရင်လည်း တန်ဖိုးထားရမယ်ဆိုတဲ့ စကားပုံရှိတယ်၊ မြို့စားမင်းအတွက်ကတော့ ဒီဘဝမှာ အခွင့်အရေးထပ်မရှိတော့ဘူး၊ ကိုယ်တိုင်ပဲ တွေးကြည့်လိုက်ပါ၊ ဒီဘဝမှာ လုပ်ခဲ့တာတွေက မင်းသမီးကြီး နဲ့ ထိုက်တန်ရဲ့လားဆိုတာ”
ဝူယန်မြို့စားမင်း လေလျော့သွားရသည်။
“ငါ သူ့ကို စိတ်ပျက်အောင်လုပ်ခဲ့မိမှန်း သိပါတယ်၊ ဒါပေမယ့် သူ့စိတ်ထဲမှာ အဲဒီမန်ဆိုတဲ့ကောင် အမြဲရှိနေသေးသလို ခံစားနေရတာကိုး၊ သူမနာလိုဖြစ်မလား သိချင်လို့ တခြားမိန်းမတွေကို ငါ ရှာခဲ့တာ၊ အစတုန်းကတော့ သူ မနာလိုဖြစ်တယ်ထင်ပြီး ငါ တိတ်တိတ်လေး ဝမ်းသာနေခဲ့တာ၊ ဒါပေမယ့် ကြာလာတော့ ငါက သူ့ရင်ထဲမှာမရှိတော့သလို ခံစားလာရတယ်၊ အဲ့ဒါကြောင့် သူ မနာလိုဖြစ်တာကို ထပ်မြင်ချင်လို့ တခြားမိန်းမတွေကို ထပ်ရှာခဲ့မိတယ်၊ ဒီသံသရာက ထပ်ခါထပ်ခါ လည်ပတ်နေတော့တာပဲ၊ သူက ပိုပြီးတည်ငြိမ်အေးဆေးလေ၊ ငါက ပိုဒေါသထွက်လေ၊ အဲ့ဒါကြောင့် မိန်းမတွေပိုရှာမိလေပဲ၊ အဲဒီမိန်းမတွေက သူ့ထက်ပိုနူးညံ့တယ်၊ ပိုပြီးစာနာတတ်တယ်၊ ငါ့ကို ပိုပြီး အလိုလိုက်ကြတယ်၊ ငါမရှိရင် မနေနိုင်ဘူး၊ သူတို့နှလုံးသားက ငါ့ဆီမှာပဲရှိတယ်၊ ငါ ငါ တဖြည်းဖြည်းနဲ့ အဲဒီခံစားချက်ထဲမှာ ပျော်ဝင်သွားခဲ့တာ၊ တကယ်တော့ ငါ့ရင်ထဲမှာ အချစ်ဆုံးက မင်းသမီးကြီးပါပဲ၊ ဒါပေမယ့် သူ့ရင်ထဲမှာ ချစ်ရတဲ့သူက ငါမဟုတ်ဘူးဆိုတာ သေချာတယ်”
ဖခင်ဖြစ်သူ၏ရှင်းပြချက်ကြောင့် သခင်လေးကျိုး ပြောစရာစကားမဲ့သွားရ၏။
‘ဒါက ဘယ်လိုယုတ္တိမဆန်တာကြီးလဲ’
“ဒီနှစ်တွေတစ်လျှောက်လုံး အမေကအဖေ့ရဲ့ လှုပ်ရှားမှုတိုင်းကို အရမ်း ဂရုစိုက်ခဲ့ပါတယ်၊ အဖေ မိန်းမတွေ အများကြီးရှာလွန်းတာက အမေ့နှလုံးသားကို ခွဲခဲ့တာလေ၊ ဘယ်လိုလုပ် အမေ့ကို အပြစ်တင်လို့ရမှာလဲ”
သခင်လေးကျိုး ဒေါသတကြီးဖြင့် စက်ဝိုင်းပုံပတ်လျှောက်နေပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။
“ဆရာသခင် ကျေးဇူးပြုပြီး အဖေ့ကို လူဝင်စားဖို့ ပို့ပေးပါတော့”
‘သူ ဒီအဖေငတုံးကြီးကို ဆက်မကြည့်ချင်တော့ဘူး၊ သားသမီးက မိဘကိုရုပ်ဆိုးလို့ ဆင်းရဲလို့ မစွန့်ပစ်ရဘူးဆိုပေမယ့် သူ့အဖေရဲ့ လုပ်ရပ်တွေကိုတော့ သူ တကယ် စက်ဆုပ်မိတယ်’
“အဖေ စိတ်မပူပါနဲ့၊ ဘယ်သူ့အကူအညီမှမပါဘဲ ကျွန်တော် မြို့စားအိမ်တော်ကို ဦးစီးနိုင်ပါတယ်၊ ကျွန်တော့်အမေက မင်းသမီးကြီးလေ၊ ပြီးတော့ အဘိုးကလည်း ကျွန်တော့်ကိုကူညီပေးမှာပါ၊ အဖေ မြေအောက်လောက ရောက်သွားရင်သုံးဖို့ ပိုက်ဆံရှိအောင် အမွှေးတိုင်၊ ဖယောင်းတိုင်နဲ့ စက္ကူပိုက်ဆံတွေ အများကြီး မီးရှို့ပေးလ်ိုက်ပါ့မယ်၊ ဆရာသခင် အဖေ လူဝင်စားရင် ကောင်းမွန်တဲ့ မိသားစုမှာရောက်အောင် ကူညီပေးပါအုံး”
လက်ရှိဝူယန်မြို့စားမင်းမှာ မြေအောက်လောကသို့ မသွားချင်သေးကြောင်း သိသာနေသည်။
“ဒါပေမယ့် မင်းအမေ နောက်အိမ်ထောင်မပြုပါဘူးလို့ မင်း အာမ,မခံနိုင်သေးဘူးလေ”
ရှောင်အန်းလဲ့ စိတ်ပျက်လွန်း၍ရယ်လိုက်မိသည်။
“ဝူယန်မြို့စားမင်း သေပြီးလို့တောင် သရဲဖြစ်နေပြီပဲ ရောင့်ရဲတတ်ပါတော့၊ မင်းသမီးကြီး နောက်အိမ်ထောင်ပြုမပြုဆိုတာ သူမရဲ့ရွေးချယ်မှုပါ၊ သူမက ၁၆ နှစ်မှာ ဝူယန်မြို့စားအိမ်တော်ထဲ ရောက်လာတယ်၊ ၁၈ နှစ်မှာ မြို့စားအတွက် သားတစ်ယောက်မွေးပေးထားတယ်၊ အခု ၁၈ နှစ်ကြာပြီးသွားတော့ သူက ၃၆နှစ်ပဲ ရှိသေးတဲ့ အမျိုးသမီးပါ၊ မင်းသမီးကြီးရဲ့ ဇာတာကို ကြည့်ရတာ အသက်ရှည်မယ့်ပုံပဲ၊ ၇၈နှစ်ထိနေရလိမ့်မယ်၊ ကျန်တဲ့ နှစ် ၄၀လုံးလုံး သူ့ကိုအထီးကျန်ပြီး နေစေချင်တာလား၊ ဒါမှမဟုတ် ဒီခြံဝင်းထဲမှာ တစ်ယောက်တည်းထိုင်ပြီး မြို့စားမင်းရဲ့ ဝိညာဉ်အိုးကို နှစ် ၄၀ကျော် စောင့်ရှောက်စေချင်တာလား၊ သူ့သဘောအတိုင်းလုပ်ပါစေ၊ သူ လိုလားရင် သူ့ရွေးချယ်မှု သူ မလိုလားရင်လည်း သူ့ရွေးချယ်မှုပါပဲ၊ အရင်ဘဝက မင်းသမီးကြီး မြို့စားမင်းအပေါ် ဘာအကြွေးမှ မတင်ခဲ့ပါဘူး၊ အဲ့ဒါကြောင့် နှစ် ၄၀ ကျော်စောင့်နေစရာ ဘာအကြောင်းမရှိဘူးလေ၊ ပြီးတော့ မြို့စားမင်းက မြေအောက်လောကရောက်သွားရင် လူဝင်စားပြီး ဘဝသစ်စတော့မှာ၊ မြို့စားမင်းက အခုလိုလုပ်တော့ မင်းသမီးအတွက် တရားမျှတတယ်ထင်လို့လား”
စကားပြောရသည်မှာ များလွန်းသဖြင့် ရှောင်အန်းလဲ့ အာပေါက်မတတ်ဖြစ်သွားသည်။ ဝူယန်မြို့စားမင်းလည်း တိတ်ဆိတ်သွားခဲ့သည်။ ကြည့်ရတာ မတရားဘူးဟု ထင်နေပုံပင်။
မြို့စားမင်းသည် သရဲဖြစ်သော်လည်း စိတ်ဓာတ်ကျနေပုံပေါက်နေသည့်အတွက် ရှောင်အန်းလဲ့နှင့် သခင်လေးကျိုးတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် သခင်လေးကျိုး ပြောလိုက်၏။
“အဖေ မြန်မြန် လူဝင်စားလိုက်ပါတော့၊ တစ်နေ့ကျ ကျွန်တော်မိန်းမရပြီးရင် အဖေက ကျွန်တော့်မိန်းမရဲ့ဗိုက်ထဲမှာ ပြန်ဝင်စားလို့ရတာပဲ၊ ဒါဆို ကျွန်တော်တို့ သားအဖပြန်ဖြစ်လို့ရပြီလေ”
ထိုစကားမှာ ဝူယန်မြို့စားမင်းကို ဒေါသထွက်သွားစေသည်။
“ထွီ ဒီကောင်စုတ်လေး၊ ငါ့ကို အခွင့်ကောင်းယူဖို့မစဉ်းစားနဲ့၊ ငါ အခုချက်ချင်းပဲ လူဝင်စားတော့မယ်၊ မင်းဘယ်တော့မှ မိန်းမရမလဲဆိုတာဘယ်သူသိမှာလဲ”
ထိုစကားနှင့်အတူ သူ့ရင်ထဲမှနာကျည်းချက်များ အားလုံးပျောက်ကွယ်သွားပြီး စွဲလမ်းမှုများလည်း လျော့ပါးသွားသဖြင့် ရှောင်အန်းလဲ့ သူ့ကိုလူဝင်စားရန် ပို့ပေး၍ရသွားသည်။
ရှုပ်ထွေးမှုများထပ်မဖြစ်စေရန် ရှောင်အန်းလဲ့ ချက်ချင်း မန္တန်ရွတ်ပြီး မြေအောက်တံခါးကိုဖွင့်ကာ သူ့ကိုခေါ်သွားလိုက်သည်။
“ဒီနေရာကို ဇာတိမြေမျှော်စင်လို့ခေါ်တယ်၊ မြို့စားမင်း ကိုယ့်ဘဝကို အေးဆေးပြန်သုံးသပ်ပြီးရင် လူဝင်စားဖို့ တန်းစီလိုက်ပါတော့”
ဝူယန်မြို့စားမင်း လှည့်ထွက်တော့မည့် ရှောင်အန်းလဲ့ကို လှမ်းခေါ်လိုက်၏။
“သခင်မလေးရှောင် သခင်မလေးက စွမ်းရည်ရှိမှန်း သိပါတယ်၊ ကျေးဇူးပြုပြီး မင်းသမီးကြီးကို စကားတစ်ခွန်းလောက် ပြောပေးပါ၊ တောင်းပန်ပါတယ်လို့၊ မြေအောက်လောကမှာ သူ့ကို စောင့်နေပါ့မယ်၊ အကယ်၍ သူမဒီအတောအတွင်း နောက်အိမ်ထောင်ပြုရင်တော့ လူဝင်စားလိုက်မယ်၊ သူမ အိမ်ထောင်မပြုရင် သူမသေတဲ့ထိ စောင့်ပြီး အတူတူလူဝင်စားကြမယ်လို့ ပြောပေးပါ၊ နောက်ဘဝကျရင် ဒီဘဝကလို လုံးဝမဖြစ်စေရပါဘူးလို့”
ရှောင်အန်းလဲ့မျက်နှာထားမှာ တည်ငြိမ်နေသည်။
“စိတ်ချပါ၊ မင်းသမီးကြီးကို ပြောပြပေးပါ့မယ်၊ မြို့စားမင်း စိတ်ဖြောင့်ဖြောင့်နဲ့ သွားပါတော့"
"အော် နောက်တစ်ခုရှိသေးတယ်၊ တကယ်လို့ ဦးလေးလူဝင်စားဖြစ်ရင် အဲဒီ မိမဆုံးမ ဖမဆုံးမသားရဲ့ မိန်းမဗိုက်ထဲမှာတော့ ဝင်စားခွင့်မပေးပါနဲ့၊ နောက်ဘဝကျရင် သူ့သား လုံးဝမဖြစ်ချင်ဘူး”
“စိတ်မပူပါနဲ့၊ မဟာလောကဓာတ် ၃ ထောင် နဲ့ လောကဓာတ် ၆ ထောင်ဆိုပြီးရှိပါတယ်၊ မြို့စားမင်းက သခင်လေးရဲ့ အနာဂတ်ဇနီးသည် ဗိုက်ထဲမှာ ဝင်စားဖို့ဆိုတာမဖြစ်နိုင်ပါဘူး၊ ဒီနေ့အထိ အဲဒီလောက် ဆိုးရွားတဲ့ဖြစ်စဉ်မျိုး မရှိဖူးသေးပါဘူး”
သူမ ထိုသို့ပြောမှ ဝူယန်မြို့စားမင်း စိတ်သက်သာရာရပြီး ‘ဇာတိမြေမျှော်စင်’ ထဲသို့ ဝင်သွားတော့သည်။
ဝူယန်မြို့စားမင်းကိုပို့ပြီးနောက် ရှောင်အန်းလဲ့ မြို့စားမင်း၏စကားများကို မင်းသမီးကြီးထံ ပြန်ပြောပြလိုက်သည်။ သခင်လေးကျိုး နားထောင်ရင်း တံခါးဘောင်ကို မှီထား၏။
ဖခင်သေဆုံးသွားသည့်အတွက် ဝမ်းနည်းရမည်ဖြစ်သော်လည်း သူ လုံးဝ ဝမ်းမနည်းနိုင်ပေ။
‘ဟူး၊ သူ ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် အေးတိအေးစက်နိုင်ရတာလဲ’
“အမေ အဖေက စောစောစီးစီး လူဝင်စားလို့ရအောင် အဖေ့ရဲ့ဝမ်းနည်းခြင်းကာလပြီးတာနဲ့ အမေ နောက်အိမ်ထောင် ပြုလိုက်ပါလား”
ရှောင်အန်းလဲ့ : “…”
’တကယ့် သားလိမ္မာလေးပါလား၊ နင့်အဖေက မင်းသမီးကြီးကို စောင့်ဖို့ အရိပ်အမြွက်ပြပြီး မြေအောက်လောကမှာ နေရစ်ခဲ့တာလေ၊ သူ့သား ဒီလိုပြောတာကြားရင်တော့ ပြန်တက်လာပြီး ရိုက်လောက်တယ်’
မင်းသမီးကြီးလည်း သားဖြစ်သူကို ခံစားချက်ပေါင်းစုံဖြင့် ကြည့်လိုက်သည်။ သားဖြစ်သူ ယခုကဲ့သို့ဖြစ်သွားခြင်းမှာ သူမနှင့် မြို့စားမင်းတို့ နှစ်ယောက်လုံးတွင် တာဝန်ရှိသည်။
“အမေသိပြီ၊ မင်းတို့နှစ်ယောက်လုံး ထွက်သွားကြတော့”
ရှောင်အန်းလဲ့ ထွက်လာသောအခါ မင်းသမီးကြီးဘေးနားမှ အထိန်းတော်ကြီးတစ်ဦး ထွက်လာပြီး ပိုက်ဆံအိတ်တစ်လုံး ကမ်းပေးလိုက်သည်။
“သခင်မလေးရှောင် ဒါက မင်းသမီးကြီးရဲ့ ကျေးဇူးတုံ့ပြန်မှုပါ”
ပိုက်ဆံအိတ်ကို လက်ခံရယူလိုက်ပြီးနောက် ကုသိုလ်စုဆောင်းရန် ဆန်ပြုတ်ဝေမည့်တည်နေရာကို ရှောင်အန်းလဲ့ ဆုံးဖြတ်ပြီးသား ဖြစ်သွားသည်။ သခင်လေးကျိုးမှာမူ သူမကိုလိုက်ပို့စဉ် စကားပြောရန် တွန့်ဆုတ်နေခဲ့သည်။
“ဆရာသခင် ကျွန်တော် ဘာမှမတတ်သေးဘူး၊ ကျွန်တော့်ကို တစ်ခုခုသင်မပေးတော့ဘူးလား”
‘အမှန်တော့ ရှောင်အန်းလဲ့လည်း သခင်လေးကျိုးရဲ့အဆင့်အတန်းနှင့် စရိုက်ကို သဘောကျပါတယ်၊ ဒါပေမဲ့ ထားလိုက်ပါတော့’
“နင့်ရဲ့ မွေးသက္ကရာဇ်နဲ့ အချိန်ကိုပေး”
သခင်လေးကျိုး သူ့မွေးသက္ကရာဇ်နှင့် အချိန်ကိုပြောပြလိုက်ရာ ရှောင်အန်းလဲ့ လက်ချောင်းများဖြင့် တွက်ချက်လိုက်၏။
“ဘုန်းကျက်သရေရှိတဲ့ဘဝပဲ၊ အရာရာ အောင်မြင်မယ်၊ အချည်းနှီး ပင်ပန်းရတာမျိုးမရှိဘဲ အမြဲတမ်း အေးချမ်းမယ်၊ ဆွေမျိုးသားချင်းတွေ ပျော်ရွှင်မယ်၊ မိသားစုစီးပွားရေး တိုးတက်မယ်၊ အရာရာ ကျေနပ်စရာကောင်းတဲ့ ဘဝကြီးမှာ နေရလိမ့်မယ်၊ ချမ်းသာကြွယ်ဝမှုထက် တရားမျှတမှုကို တန်ဖိုးထားတယ်၊ စည်းစိမ်ဥစ္စာက စုဆောင်းရလွယ်သလို ကုန်ခမ်းရလည်းလွယ်တယ်၊ အသက် ၂၀ ကျော်မှာ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လိမ့်မယ်၊ ကပ်ဘေးကြီးတစ်ခု ကြုံတွေ့ရပြီးရင် အရာရာ အဆင်ပြေချောမွေ့သွားမယ်၊ သက်တမ်းက ၈၃ နှစ်၊ ရှေ့လလယ်လောက်မှာ သေဆုံးမယ်”
သခင်လေးကျိုး သူမပြောသည်ကို နားထောင်ပြီး ယေဘုယျအားဖြင့် နားလည်သော်လည်း မေးလိုက်သေးသည်။
“‘အသက် ၂၀ ကျော်မှာ အပြောင်းအလဲတစ်ခုဖြစ်ပေါ်မယ်၊ ကပ်ဘေးကြီးတစ်ခု ကြုံတွေ့ရပြီးရင် အရာရာ အဆင်ပြေချောမွေ့သွားမယ်’ ဆိုတာက ဘာအဓိပ္ပာယ်လဲ၊ အဲဒါကို မကျော်ဖြတ်နိုင်ရင် သေမယ်လို့ ပြောတာလား”
ရှောင်အန်းလဲ့ ခေါင်းငြိမ့်လိုက်ပြီး ထိုကပ်ဘေးမှာ တကယ်တော့ သူမနှင့်ပတ်သက်နေသည်ကို အကြားမြင်ရလိုက်သည့်အတွက် တိတ်တဆိတ်တွေးနေမိသည်။
‘သူမနဲ့တွေ့လို့ အခုလို အပြောင်းအလဲ ဖြစ်လာတာများလား၊ ထားလိုက်ပါတော့လေ’