← Chapters

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

43

​“မြို့စားရဲ့ ဝမ်းနည်းခြင်းကာလပြီးသွားရင် ငါ့ရဲ့ ‘ဘဝသစ်ဆိုင်’ ကို လာခဲ့ပါ၊ ငါ နင့်ကို အခြေခံဗဟုသုတတွေ သင်ပေးမယ်၊ အော် ပြီးတော့ မြို့တော်တံခါးအပြင်ဘက်မှာ ဆန်ပြုတ်ဝေတဲ့ နေရာတစ်ခုလုပ်ဖို့ စီစဉ်ထားတယ်၊ ငါတို့ အလုပ်က ‘ငါးပါးသော ကံဆိုးခြင်း၊ သုံးပါးသော ချို့တဲ့ခြင်း’နဲ့ပတ်သက်နေတယ်၊ အချိန်တန်ရင် နင်နားလည်လာပါလိမ့်မယ်၊ အတိုချုပ်ပြောရရင် နင် ကုသိုလ်များများ စုဆောင်းရမယ်၊ ဆန်ပြုတ်ဝေတာ၊ ဆင်းရဲဒုက္ခရောက်နေသူတွေကို ကူညီတာ၊ ကောင်းမှုကုသိုလ်တွေ လုပ်တာမျိုးပေါ့၊ ပြီးတော့ နင့်ရဲ့ ပညာရပ်တွေကို အသုံးချပြီး မကောင်းမှု လုံးဝမလုပ်ရဘူး၊ လုပ်ရင် ငါက နင့်ကို ပထမဆုံးအပြစ်ပေးမယ့်သူ ဖြစ်လိမ့်မယ်”

သခင်လေးကျိုး ချက်ချင်းခေါင်းငြိမ့်ပြီး ကတိပေးလိုက်သည်။ သူသည် မကြာခင်တွင် သာမန်လူများနှင့် ခြားနားနေတော့မည်ဟု ခံစားလိုက်ရ၏။

“ဒါဆိုရင် ‌ဆရာသခင် ကျွန်တော်တို့ ဂိုဏ်းနာမည်က ဘာလဲ”

​“ရွှမ်ချင်းဘုရားကျောင်းလေ၊ ငါက ဂိုဏ်းချုပ်၊ နင်က ဂိုဏ်းချုပ်ရဲ့ပထမဆုံးတပည့်ရင်းပဲ”

ပထမဆုံးတပည့်ဟူသော စကားကြောင့် သခင်လေးကျိုး စိတ်လှုပ်ရှားသွားသည်။

“‌ဆရာသခင် ကျွန်တော်တို့ရွှမ်ချင်းဘုရားကျောင်းမှာ တပည့် စုစုပေါင်း ဘယ်နှယောက်တောင်ရှိတာလဲ”

​ရှောင်အန်းလဲ့ ခဏစဉ်းစားပြီး လက်သုံးချောင်း ထောင်ပြလိုက်သည်။သခင်လေးကျိုး အံ့အားသင့်သွားသည်။

“တပည့်သုံးထောင်တောင် ရှိတာလား”

​ရှောင်အန်းလဲ့ လက်မြှောက်ပြီး သူ့နဖူးကို ခေါက်လိုက်သည်။

‘ဒီကောင်လေးရဲ့ ဦးနှောက်က ဘယ်တော့မှ ပုံမှန်ဖြစ်လာမလဲ မသိဘူး’

“၃ ယောက်တည်း၊ ပြီးတော့ တာအိုဆရာကြီးဝူလည်း ရှိသေးတယ်၊ သူက ငါ့ကိုဆရာသခင်လို့ ခေါ်တယ်၊ အဲ့ဒါကြောင့် သူ့ကိုပါရွှမ်ချင်းဘုရားကျောင်းရဲ့ အဖွဲ့ဝင်အဖြစ် အောင့်အီးပြီးထည့်ပေးထားတာ”

​သုံးယောက်တည်းဟု ကြားသောအခါ သခင်လေးကျိုး ပြောစရာစကားမဲ့သွားပြီး‌နောက် မျက်လုံးများ ပြန်လည် အရောင်တောက်လာသည်။

“ဒါဆို ‌ဆရာသခင် ကျွန်တော်တို့ အင်အားကြီးအောင် လူသစ်တွေထပ်စုဆောင်းကြမလား”

​သူမ၏စိတ်ကူးယဉ်နေသော တပည့်ကို ကြည့်ပြီး ရှောင်အန်းလဲ့ခေါင်းခါလိုက်သည်။

“မလိုပါဘူး၊ လူတိုင်းရဲ့ စိတ်နေသဘောထားကို ငါတို့အာမမခံနိုင်ဘူး၊ သူတို့မကောင်းတာတွေ လုပ်ရင် ငါ့ကိုပါထိခိုက်လိမ့်မယ်၊ နင်တို့နှစ်ယောက်ကိုတောင် ငါနိုင်အောင်ထိန်းနိုင်ပါ့မလား မသိဘူး၊ ထားလိုက်ပါတော့ နင် ပြန်သွားပြီး နင့်အဖေအတွက် ဝမ်းနည်းခြင်းကာလကို စောင့်ထိန်းနေလိုက်တော့”

​သခင်လေးကျိုး သူမ၏တွန့်ဆုတ်မှုကို သတိထားမိလိုက်သည်။

“ဆရာသခင် ဘာပြောချင်လို့လဲ၊ ဆရာသခင် ဘာလုပ်ချင်ချင် ဒီတပည့်က ဆရာသခင်ရဲ့ ဆန္ဒပြည့်ဝအောင် အစွမ်းကုန် ကူညီပေးပါ့မယ်”

‌

​ရှောင်အန်းလဲ့ - “လိမ္မာလိုက်တာ အခုတော့သွားပြီး နင့်အဖေအတွက် ဝမ်းနည်းခြင်းကာလကို စောင့်ထိန်းလိုက်ပါတော့”

​ဘဝသစ်ဆိုင်သို့ပြန်ရောက်၍ ရှောင်အန်းလဲ့ အရိုးဖြူထီးကို ထုတ်လိုက်ရာ ချင်းရှုရန် ထီးထဲမှပြေးထွက်လာသည်။

“အိုး ကျွန်မရဲ့အရိုးဖြူထီးကိုသုံးနေပါလား၊ ဘာလိုချင်လို့လဲ”

​ရှောင်အန်းလဲ့ ကြေးပြားကိုထုတ်ပြီး လေထဲသို့ ပစ်မြှောက်လိုက်သည်။ ထို့နောက် အဖြူရောင်ဝတ်ထားသော သရဲမတစ်ကောင် ထွက်လာ၏။ ဆံပင်များမှာ ခါးလောက်အထိ ရှည်လျားပြီး ဖြူဖပ်ဖြူရော် မျက်နှာပေါ်တွင် သွေးများ ထူးဆန်းစွာ စီးကျနေကာ ရှောင်အန်းလဲ့ကို နာကျည်းသောမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

*ဖြောင်း*

"ဘယ်လိုကြည့်နေတာလဲ၊ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်စမ်း၊ တာအိုဆရာတစ်ယောက်ကို ဒီလိုကြည့်ရဲတယ်ပေါ့၊ ငါ နင့်ကို မဆုံးမရဲဘူးများ ထင်နေလား”

​ချင်းရှုရန်ကိုမြင်လိုက်သောအခါ သရဲမ ချက်ချင်း တုန်လှုပ်သွားသည်။ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများပြည့်နှက်သွားပြီး နာကျည်းသောအကြည့်များ ပျောက်ကွယ်ကာ ဝမ်းနည်းပက်လက်နှင့် စိတ်ဓာတ်ကျနေသော အကြည့်များအဖြစ် ပြောင်းလဲသွားသည်။

“ကျွန်မမှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး၊ မကျေနပ်လို့ပါ၊ ဘာလို့ သူက လောကကြီးရဲ့ အကောင်းဆုံးအရာတွေကို မွေးကတည်းက ပိုင်ဆိုင်ထားပြီး ကျွန်မကတော့ ဘာလို့ကျွန်မချစ်တဲ့သူကိုတောင် မပိုင်ဆိုင်နိုင်ရတာလဲ”

​ချင်းရှုရန် ရှောင်အန်းလဲ့ ရှေ့သို့ပျံသန်းလာသည်။

“နောက်ထပ် အချစ်ရူးတစ်ယောက် ရောက်လာပြန်ပြီ”

​ထိုစကားကြောင့် ရှောင်အန်းလဲ့ပြုံးလိုက်သည်။

“နင်တို့နှစ်ယောက် တူတာတွေရှိမယ်လို့ ငါ ထင်တယ်၊ နင်တို့နှစ်ယောက် စကားပြောနေလိုက်ဦး၊ ငါ ဆန်ပြုတ်ဝေမယ့်ကိစ္စ သွားစီစဉ်လိုက်ဦးမယ်၊ ဒီလိုသရဲမျိုးက ကျွတ်လွတ်အောင်လုပ်ပေးဖို့ ခက်တယ်၊ မြေအောက်‌လောက, ကလည်း လက်ခံမှာ မဟုတ်ဘူး၊ နောက်ဆုံးကျရင် သူကအငြှိုးကြီးတစ္ဆေအဖြစ် ပြောင်းလဲပြီး လူတွေကို ဒုက္ခပေးရင်း ဝိညာဉ်ကွဲလွင့်သွားမယ်၊ ဒါမှမဟုတ် အရာအားလုံးကို မေ့သွားတဲ့ထိ လူ့လောကမှာလွင့်မျောနေရင် ဝိညာဉ်ကိုယ် အားနည်းလာပြီး ပျောက်ကွယ်သွားလိမ့်မယ်”

​ချင်းရှုရန် နှုတ်ခမ်းဆူလိုက်သည်။

“ဒါဆို ဆရာသခင်က ဘာလို့ သူ့ကိုပြန်ခေါ်လာတာလဲ၊ သူ့ကို ကျွတ်လွတ်အောင်လုပ်ပေးမလို့လား”

“ငါ ကြိုးစားကြည့်မလို့၊ ပြီးတော့ သူ့ဆီက သဲလွန်စတချို့ရချင်လို့၊ သာမန်လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ‘အမွှာကျိန်စာ’ နဲ့ ‘အချစ်ကျိန်စာ’ တွေကို တတ်နေရတာလဲ”

“ပြောစမ်း၊ နင့်ကို ဘယ်သူသင်ပေးတာလဲ”

​ချင်းရှုရန်လည်း သရဲမထံစူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။

“အိုး ငါ ဘာလို့ မစဉ်းစားမိတာပါလိမ့်၊ အဲဒီတုန်းက ငါ့ကိုသတ်ခဲ့တဲ့ တာအိုဆရာကြီးများလား”

​တစ်ဖက်မှ သရဲမခေါင်းခါပြီး စကားမပြောဘဲနေ‌, နေသည်။ ထိုအခါ ရှောင်အန်းလဲ့ သူမကိုအမှန်တိုင်းပြောစေသည့် အဆောင်ဖြင့် ပစ်ပေါက်လိုက်၏။ ထို့ကြောင့် သူမပါးစပ်မှာ မထိန်းချုပ်နိုင်ဘဲ ပွင့်လာသည်။

“ကျွန်မအမေသင်ပေးတာ၊ ကျွန်မအမေက အဖေ့ကို သူ့အနားမှာ ဒီနည်းလမ်းနဲ့ပဲ ထိန်းထားခဲ့တာ”

​ရှောင်အန်းလဲ့ နားမလည်နိုင်ဖြစ်သွားရသည်။

“နင် ဒါကိုသိရက်နဲ့ ဘာလို့ နင်ကြိုက်တဲ့ စစ်သူကြီးမန်ကို မသုံးခဲ့တာလဲ၊ မြို့စားမင်းကို သုံးတယ်ဆိုတာက မင်းသမီးကြီးကို လက်စားချေချင်လို့ပဲ၊ နင့်ရဲ့ တွေးခေါ်ပုံကို ငါတကယ်လေးစားတယ်”

​သရဲမ ဒေါသတကြီးပြန်ပြောသည်။

“ရှင် နားမလည်ပါဘူး၊ သူကမြို့စောင့်စစ်သူကြီးလေ၊ သူ့ခန္ဓာကိုယ်မှာ သတ်ဖြတ်လိုစိတ်တွေနဲ့ ရွှေရောင် ကုသိုလ်အလင်းတန်းတွေ ပြည့်နှက်နေတာ၊ သူ့ကိုသုံးဖို့ မပြောနဲ့၊ ကျွန်မကို သူ့နားကပ်ခွင့်တောင်ပေးမှာ မဟုတ်ဘူး”

​“ဒါဆို နင့်အမေကရော၊ နင့်အမေက ဒါတွေကို ဘယ်လိုတတ်လာတာလဲ”

​သရဲမ တခဏမျှစဉ်းစားပြီးဖြေလိုက်သည်။

“အမေ အသက်ရှင်တုန်းက အဘိုးအိုတစ်ယောက်ကို ကူညီခဲ့ဖူးတယ်၊ အဲဒီအဘိုးအိုက တန်ခိုးကြီးတဲ့နတ်ဆရာကြီးပဲ”

​“ဒါဆို သူ့နာမည် ဘယ်သူလဲ၊ ပုံစံက ဘယ်လိုလဲ”

​သရဲမ ခေါင်းခါလိုက်သည်။

“မသိဘူး၊ အမေက မသေခင်လေးကမှ ကျွန်မကို ဒါတွေသင်ပေးခဲ့တာ”

​သူမကို အမှန်တိုင်း ပြောသည့် အဆောင်သုံးထားခြင်းဖြစ်၍ လိမ်ပြောမည်မဟုတ်ပေ။ သို့သော် သူမပြောသမျှမှာ မသေချာသည်များသာဖြစ်နေ၏။

“နင့်အမေက ဘယ်ကလဲ၊ ဘယ်သူနဲ့ လက်ထပ်ခဲ့တာလဲ”

ယခုတော့ သူမအမေအကြောင်း စုံစမ်းပြီး သဲလွန်စ လိုက်ရှာရုံသာရှိတော့သည်။

​“ကျွန်မအမေက ချန်အန်းမြို့စားအိမ်တော်က ကိုယ်လုပ်တော်စု၊ လွန်ခဲ့တဲ့ ၅ နှစ်က ဆုံးသွားပါပြီ”

​“ချန်အန်းမြို့စားအိမ်တော်လား၊ စိတ်ပျက်စရာ ကောင်းလိုက်တာ”

​ချင်းရှုရန် ခေါင်းစောင်းပြီး သူမကို ကြည့်လိုက်သည်။

“ဘာဖြစ်လို့လဲ”

​“ဘာမှ မဖြစ်ပါဘူး၊ ကုသိုလ်လုပ်ဖို့ နေရာကောင်း သွားရှာကြစို့”

ချင်းရှုရန် ရှောင်အန်းလဲ့ တစ်ခုခု ဖုံးကွယ်ထားသည်ဟု ခံစားမိနေသည်။ မြို့ပြင်တွင် ဆန်ပြုတ်ဝေမည့် တဲထိုးရန် လူများကို မှာကြားပြီးနောက် သူမ၏ထျန်းရှင်း သံလိုက်အိမ်မြှောင်ကိုကိုင်ပြီး ပျက်စီးယိုယွင်းနေသော ဘုရားကျောင်းဟောင်းတစ်ခုသို့ လျှောက်သွားလိုက်သည်။

‘မြို့ပြင်နားဆိုမှတော့ လျို့ဝှက်ဆန်းကြယ်မှုတွေ ပြည့်နေတဲ့ ပျက်စီးယိုယွင်းတဲ့ ဘုရားကျောင်းက တကယ် ရှိနေတာပဲ၊ ပြီးတော့ ကျောင်းထဲကလူတွေကလည်း စုတ်ပြတ်နေတဲ့ အဝတ်အစားတွေနဲ့ သူတောင်းစားတွေအတိုင်းပဲ’

ကျောင်းထဲတွင် ကိုးကွယ်ထားသော သန့်ရှင်းစင်ကြယ်သော နတ်ဘုရားသုံးပါး ကျောက်ဆင်းတုတော်များမှာမူ အကောင်းအတိုင်း ရှိနေသေးသည်။

​ရှောင်အန်းလဲ့ တစ်ချက်ကြည့်ပြီး ထွက်လာကာ နောက်မှသာ လူလွှတ်ပြီး သန့်ရှင်းရေးလုပ် ပြုပြင်မွမ်းမံပြီး ထိုနေရာကို ဆန်ပြုတ်ဝေမည့်နေရာလုပ်ရန် ဆုံးဖြတ်လိုက်သည်။

သူမ ချင်းရှုရန်၏အရိုးဖြူထီးနှင့်အတူ ထွက်လာပြီးနောက် လူများကိုပြင်ဆင်စရာရှိသည်များ မှာကြားကာ အိမ်တော်သို့ ပြန်ရန်ပြင်လိုက်သည်။ ​ချင်းရှုရန် သူမဘေးမှ စူးစမ်းလိုစိတ်ဖြင့် လိုက်ပါလာ၏။

“ဆရာသခင်က ကောင်းမှုကုသိုလ်လုပ်ဖို့သက်သက် ထွက်လာတာလား၊ ဒါဆို ကျွန်မကို ဘာလို့ခေါ်လာတာလဲ”

​“နင့်ကိုလည်း ကုသိုလ်ဝေစုရစေချင်လို့လေ”

​ရိုးရှင်းသော စကားတစ်ခွန်းသာဖြစ်သော်လည်း ကြားလိုက်ရသောအခါ ချင်းရှုရန် တိတ်ဆိတ်သွားပြီး ရင်ထဲတွင် ကြည်နူးသွားသည်။

“ဆရာသခင်က ကျွန်မအပေါ်အရမ်းကောင်းတာပဲ၊ နောက်ကျရင် ကျွန်မ ဆရာသခင်ကို ခွဲသွားနိုင်ပါ့မလားမသိတော့ဘူး”

​ရှောင်အန်းလဲ့ သူမကို လျစ်လျူရှုသော အကြည့်ဖြင့် ကြည့်လိုက်သည်။

‘ဒီလိုပေါက်ကရစကားတွေကို ယုံတဲ့သူက အရူးပဲ’

​“သခင်မလေးရှောင် ကျွန်တော်တို့ပြန်တွေ့ပြန်ပြီ”

အရင်တစ်ခေါက်ကိစ္စ ပြီးသွားကတည်းက အရာရှိလု ရှောင်အန်းလဲ့အပေါ် အမြင်တစ်မျိုးပြောင်းလဲသွားခဲ့သည်။ အထူးသဖြင့် စုန့်မိသားစုခေါင်းဖြတ်သတ်ခံရသည့်ကိစ္စမှာ မြန်ဆန်လွန်းသည်ကိုကြည့်ပြီး ရှောင်အန်းလဲ့နှင့် ပတ်သက်နေမည်အား သူရိပ်မိလိုက်သည်။

ထို့အပြင် အခုချိန်တွင် အမှုအခက်အခဲတစ်ခုကြုံနေရသဖြင့် ရှောင်အန်းလဲ့နှင့် တွေ့ရသည်မှာ ကယ်တင်ရှင်နှင့်တွေ့လိုက်ရသကဲ့သို့ပင်ခံစားလိုက်ရသည်။

​ရှောင်အန်းလဲ့ ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး နားစွင့်လိုက်ရာ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်ကိုကြားပြီး ပြဿနာကို အကြမ်းဖျင်း နားလည်သွားခဲ့၏။

“အရာရှိလု ကျွန်မတို့က တကယ် ရေစက်ပါတာပဲ၊ ကိစ္စရှိရင် ပြောလို့ရပါတယ်၊ အဟမ်း ကျွန်မအကူအညီ လိုတာပဲဖြစ်ဖြစ် အဆောင်ဝယ်ချင်တာပဲဖြစ်ဖြစ် အကုန်အဆင်ပြေတယ်နော်”

​အရာရှိလု ရှောင်အန်းလဲ့၏အမှန်တိုင်းပြောအဆောင်ကို တွေးမိပြီး ခေတ္တရပ်ကာ မေးလိုက်သည်။

“သခင်မလေးရဲ့ အမှန်တိုင်းပြောစေတဲ့ အဆောင်က တစ်ခုကို ဘယ်လောက်လဲ”

​ရှောင်အန်းလဲ့ - “တေးတစ်ထောင်”

​အရာရှိလု - “သခင်မလေး ရုံးတော်မှာ ကျွန်တော့်တစ်လစာက ဘယ်လောက်ပဲရလဲ သိလား”

​ရှောင်အန်းလဲ့ - “မသိဘူးလေ”

​အရာရှိလု - “တေးသုံးရာပဲ ရတာပါ၊သခင်မလေးရဲ့ အမှန်တိုင်းပြော အဆောင်တစ်ခုက ကျွန်တော့်ရဲ့ လစဉ်ဝင်ငွေ သုံးလစာထပ်တောင် ပိုများနေတယ်”

​ရှောင်အန်းလဲ့ - “ရှင့်ငွေဝင်ပေါက်က အဲ့လစာ တစ်ခုတည်းရှိတာမှမဟုတ်တာ”

​“အဟွတ် အဟွတ် သခင်မလေးရှောင် ကျွန်တော်မှားပါတယ်၊ လိုရင်းပဲသွားတာပေါ့၊ ဒီလိုပါ ဒီမှာလူသတ်မှုတစ်ခု ဖြစ်ထားတယ်၊ သေဆုံးသူက အိမ်မှာ အိပ်နေရင်း ဓားဒဏ်ရာတွေအများကြီးနဲ့ သေဆုံးသွားတာ၊ အနီးအနားမှာ မင်္သကာစရာကောင်းတဲ့သူ တစ်ယောက်မှ မတွေ့ရဘူး၊ အိမ်ထဲကို စစ်ဆေးကြည့်တော့လည်း သူတစ်ယောက်တည်း ရှိနေတာ၊ တခြားလူ ဝင်ထွက်သွားတဲ့ ခြေရာလက်ရာလည်း ဘာမှ မတွေ့ရဘူး၊ တချို့က သရဲလုပ်တာလို့တောင် ပြောနေကြတယ်၊ သခင်မလေးက ယင်နဲ့ယန်ကို ဆက်သွယ်နိုင်တယ်ဆိုတော့၊ လူလုပ်တာလား ဒါမှမဟုတ် တခြားအရာကပဲ လုပ်တာလားဆိုတာ တစ်ချက်လောက် ဝင်ကြည့်ပေးလို့ရမလား”

44

​ရှောင်အန်းလဲ့ ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်ရာ ချင်းရှုရန် လူအုပ်ကြားထဲ ချက်ချင်းပျံသန်းသွားပြီး သေဆုံးသူ၏ဝိညာဉ်ကို ဆွဲခေါ်လာသည်။

“ပြောစမ်း နင့်ကိုဘယ်သူသတ်တာလဲ”

​မင်းသားလေးကဲ့သို့ နုနယ်ပျော့ပျောင်းပြီး ဖျော့တော့သောလူငယ်လေး၏ ဝိညာဉ်မှာ ကြောင်တောင်တောင်ဖြစ်နေဆဲပင်။ ချင်းရှုရန်၏မေးခွန်းကို ကြားသောအခါ ခေတ္တရပ်တန့်သွားပြီး မျက်လုံးများ အံ့သြသင့်ဟန်ဖြင့်ပြူးကျယ်သွားသည်။

“ဘေးအိမ်က ကျန်းအာ့ကောပါ၊ သူ ကျွန်တော်အိပ်နေတုန်း ရုတ်တရက် ရောက်လာပြီး ကျွန်တော့်ကိုဓားနဲ့ အချက်ပေါင်းများစွာ ထိုးသတ်သွားတာ၊ ကျွန်တော်လည်း ဘာလို့လဲဆိုတာ မသိဘူး၊ သူ ဘာလို့ ကျွန်တော့်ကိုသတ်ရတာလဲ၊ ကျွန်တော်နဲ့ သူနဲ့ ဘာရန်ငြိုးရန်စမှမရှိဖူးပါဘူး၊ စကားများ ရန်ဖြစ်ဖူးတာတောင် မရှိပါဘူး”

​ရှောင်အန်းလဲ့ လူအုပ်ထဲကြည့်လိုက်စဉ် လူငယ်လေး၏ဝိညာဉ်သည် လူတစ်ယောက်ရှေ့သို့ ပျံသန်းသွားပြီး လက်ညှိုးထိုးကာ ပြောလိုက်၏။

“သူပဲ သူကကျွန်တော့်ကို သတ်လိုက်တာ၊ အခုကျ သူကဘာမှမဖြစ်သလို ဟန်ဆောင်နေသေးတယ်၊ အရာရှိတို့ သူ့ကို မြန်မြန်ဖမ်းပေးကြပါ”

​ချက်ချင်းပင် ရှောင်အန်းလဲ့လက်ထဲမှ အရိုးဖြူထီးကို ထိုလူထံပစ်လိုက်ရာ မရှောင်နိုင်ပဲ လဲကျသွားတော့သည်။ ရှောင်အန်းလဲ့ တစ်စုံတစ်ခုကိုရိပ်မိ၍ လှုပ်ရှားလိုက်သည်ကို နားလည်သဖြင့် အရာရှိလု၏မျက်လုံးများ အရောင်တောက်လာသည်။

“သခင်မလေးရှောင် သူကလူသတ်သမားလား”

​ရှောင်အန်းလဲ့ ခေါင်းငြိမ့်ပြလိုက်သည်နှင့် အရာရှိလု ချက်ချင်းပင် ထိုလူကို ဖမ်းရန် အမိန့်ပေးလိုက်၏။

“ကျေးဇူးတင်ပါတယ် သခင်မလေးရှောင်၊ ကျွန်တော် သူ့ကို ရုံးတော်ခေါ်သွားပြီး စစ်ဆေးမေးမြန်းလိုက်ပါ့မယ်”

​“ခဏလေး”

​ရှောင်အန်းလဲ့ အမှန်တိုင်းပြောအဆောင်ကိုထုတ်ပြီး ထိုလူ၏ကိုယ်ပေါ် ကပ်လိုက်သည်။ သူမ ထိုကောင်လေး၏ ဝိညာဉ်ကို ချက်ချင်း ကျွတ်လွတ်အောင် လုပ်ပေးချင်သည်။

အစပိုင်းတွင်ရုန်းကန်ပြီး အရာရှိလုအား လူမှားဖမ်းနေကြောင်း အော်ဟစ်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ရှောင်အန်းလဲ့၏ အမှန်တိုင်းပြောအဆောင်ကို ကပ်လိုက်သည်နှင့် ချက်ချင်းအော်ပြောတော့သည်။

“ငါသတ်တာမှန်း မင်းတို့ ဒီလောက်မြန်မြန် မသိနိုင်ပါဘူး”

​ထိုအမျိုးသားပြောပြီးသည်နှင့် ပါးစပ်ပိတ်လိုက်သော်လည်း သူ့ပါးစပ်က အတင်းပြန်ပွင့်လာသည်။

“သူ့ရဲ့ဖျော့တော့နေတဲ့ရုပ်ကို ငါကြည့်မရလို့ကွာ ဘာဖြစ်လဲ၊ ဒီလောက်ကောင်းတဲ့မိန်းမက သူ့လိုကောင်နဲ့ယူရမှာ နှမြောစရာကြီး၊ သူသေသွားရင် သူ့မိန်းမကို ငါယူမယ်၊ လင်းညန်နဲ့ ငါနဲ့က ကြိတ်ပုန်းခုတ်နေကြတာကြာပြီ၊ အတူတူတောင် အိပ်ဖူးသေးတယ်၊ အဲ့ကောင်သာသေသွားရင် ငါတို့နှစ်ယောက် ပေါ်ပေါ်ထင်ထင်နေလို့ရပြီ၊ အကုန်လုံးက သူအသက်ရှင်နေလို့ဖြစ်တာ၊ လင်းညန်ကိုရော ငါ့ကိုရော အဲ့ခွေးသားက ဆွဲချနေတာ”

​ကြမ်းကြမ်းတမ်းတမ်းစကားများကို လူအများရှေ့ အော်ပြောလိုက်သောအခါ ဘေးပတ်ဝန်းကျင်မှ လူများ ဆူညံပွက်လောရိုက်သွား၏။ စာပေပညာရှင် လူငယ်လေး၏ဝိညာဉ်မှာလည်း ရုတ်တရက် မှင်တက်သွားပြီး ထိုအဖြစ်မှန်ကို ချက်ချင်းလက်မခံနိုင်သေးသည့်ပုံပင်။ ​ရှောင်အန်းလဲ့ အရာရှိလုကို ပြောလိုက်သည်။

“ဘိုးဘေးတွေပြောသလို အသက်ကို အသက်နဲ့ ရင်းရမယ်၊ သူ ဝန်ခံပြီးရင် ကွပ်မျက်ခံရမှာလား”

​အရာရှိလု၏မျက်နှာထားမှာလည်း ထူးဆန်းနေလျက် စိတ်ထဲတွင်တွေးမိနေသည်။

‘တော်သေးတာပေါ့ သခင်မလေးရှောင်က ရုံးတော်ကမဟုတ်လို့၊ မဟုတ်ရင် သူတို့မဖြေရှင်းနိုင်တဲ့ အမှုတောင်ရှိပါ့မလား’

“သေချာတာပေါ့ အသက်ကို အသက်နဲ့ရင်းရတာ တရားမျှတဆုံးပဲ”

​အဖမ်းခံထားရသော သက်လတ်ပိုင်းအရွယ်အမျိုးသားမှာ ချက်ချင်း အော်ဟစ်၍ ခြိမ်းခြောက်တော့၏။

“မင်းတို့ ငါ့ကိုမသတ်နိုင်ပါဘူး၊ ငါ့အမေက ချန်အန်းမြို့စားကတော်ရဲ့ အထိန်းတော်ကြီးကွ၊ ငါ့အမေကိုတွေ့ချင်တယ်၊ ငါကလည်း ချန်အန်းမြို့စားအိမ်တော်က အစေခံ၊ ခွေးကို ရိုက်ရင်တောင် သခင်မျက်နှာကြည့်ရသေးတယ်ဆိုတာ မင်းတို့မကြားဖူးဘူးလား”

​ချန်အန်းမြို့စားအိမ်တော်ဟု ကြားသောအခါ ရှောင်အန်းလဲ့သက်ပြင်းချလိုက်သည်။

‘သူမ တကယ်ပဲ အဲဒီ ချန်အန်းမျိုးနွယ်ကို ရှောင်လွှဲလို့မရတော့ဘူးပေါ့လေ၊ ကြည့်ရတာ ချန်အန်းမြို့စားအိမ်တော်ကို တစ်ခေါက်သွားဖြစ်အောင်ကိုသွားရမယ့်ပုံပဲ’

​ဖျော့တော့သောလူငယ်လေး၏ဝိညာဉ်သည် နံဘေးမှ ရှောင်အန်းလဲ့ကို မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေသည်။ ရှောင်အန်းလဲ့ ထိုမောက်မာနေသောလူကို အေးစက်စွာပြောလိုက်၏။

“ချန်အန်းမြို့စားအိမ်တော်က အစေခံဆိုတ်ိုင်း လူသတ်ပြီးပြန်ပေးဆပ်စရာမလိုတော့ဘူးလား၊ ကြည့်ရတာ ချန်အန်းမြို့စားမင်းကို သွားမေးရတော့မှာပဲ”

​“မင်းတို့ချန်အန်းမြို့စားမင်းကို သွားမေးစရာမလိုဘူး၊ ငါပြောတာက အတည်ပဲ၊ မိုယွီ”

​မိုယွီပျံသန်းရောက်ရှိလာပြီး အော်ဟစ်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသား၏ခေါင်းကို ဓားတစ်ချက်တည်းဖြင့် ဖြတ်ချလိုက်သည်။ ရှောင်အန်းလဲ့၏ခြေရင်းသို့ ခေါင်းပြတ်ကြီးလိမ့်လာရာ ဘေးမှ ကြည့်နေသူများ လန့်ဖျပ်ပြီးအော်ဟစ်ကုန်ကြသည်။

‘ဘုရားရေ ငါတို့ကပွဲကြည့်ရုံသက်သက်ပါ၊ အခုတော့ အလန့်တကြားဖြစ်ကုန်ရပြီ’

​ရှောင်အန်းလဲ့ စကားမပြောဘဲ မျက်မှောင်ကြုံ့၍ နောက်သို့ခြေတစ်လှမ်းဆုတ်ကာ ခြေရင်းမှခေါင်းပြတ်နှင့် ဝေးရာသို့ရွှေ့လိုက်သည်။ အရာရှိလုလည်း ရုတ်တရက်ဖြစ်ရပ်ကြောင့် လန့်သွားသော်ငြား ချက်ချင်းသတိပြန်ဝင်လာပြီး ရှဲ့စစ်မင်ကို ဦးညွှတ်လိုက်သည်။

“ယဲ့မင်းသားကို ဂါရဝပြုပါတယ်”

မူလက ကလေးငိုသံများဆူညံနေသော်လည်း ယခုအခါတိတ်ဆိတ်သွားသည်။ လူကြီးများသည် ကလေးများ၏ပါးစပ်ကို အတင်းပိတ်ထားလိုက်ကြ၏။ အကြောင်းအရင်းမှာ တစ်ချိန်က မြို့တစ်မြို့လုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် အမိန့်ပေးခဲ့ဖူးသော ယဲ့မင်းသားကို စိတ်အနှောင့်အယှက်ဖြစ်စေမည်စိုး၍ပင်။

​+၁+၁+၁+၁+၁+၁…

ယဲ့မင်းသား အနားရောက်လာသောအခါ ပုံမှန်အတိုင်းသက်တမ်းတိုးလာသော်လည်း ရှောင်အန်းလဲ့ အသိစိတ်ရှိရှိဖြင့် ထိုပျော်ရွှင်မှုမျိုးတွင် နစ်မျောမနေခဲ့ပေ။

​သူမ ထိုသူထံပြောစရာစကားမဲ့စွာ ကြည့်လိုက်ပြီးနောက် မိုယွီကိုထပ်ကြည့်လိုက်သည်။ ထိုအချိန် မိုယွီ မေးကို အနည်းငယ် မော့ထားပြီး သခင့်ထံမှ ချီးကျူးခံရရန် စောင့်နေ၏။

​ရှောင်အန်းလဲ့ - “ ခုနက လုပ်ရပ်ကမ ကောင်းဘူး၊ နောက်တစ်ခါ ထပ်မလုပ်နဲ့၊ အနည်းဆုံးတော့ လူကို သွေးထွက်သံယို မဖြစ်စေနဲ့၊ နှလုံးတည့်တည့်ထိုးတာက ခေါင်းဖြတ်တာထက် ပိုကောင်းတယ်”

တာအိုဆရာအဖြစ် လုပ်ကိုင်နေသော်လည်း ရှောင်အန်းလဲ့သည် ခေါင်းပြတ်သရဲများကို အမုန်းဆုံးပင်။

ကွပ်မျက်ကွင်း၌ သရဲထိန်းများ အထူး စောင့်ကြပ်နေပြီး ခေါင်းပြတ်သရဲများမှာ တော်တော်ဒုက္ခပေးတတ်သဖြင့် နေရာတွင်ပင် ချက်ချင်းခေါ်သွားလေ့ရှိသည်။ ​မိုယွီ ရှောင်အန်းလဲ့စကားကို ကန့်ကွက်ချင်နေခဲ့သည်။

“သခင်မလေးရှောင် တချို့လူတွေရဲ့နှလုံးနေရာကလွဲနေတတ်တော့ ဆုံးဖြတ်ရခက်ပါတယ်၊ လည်ပင်းလှီးလိုက်တာက ရန်သူကို အခွင့်အရေးမပေးဘဲ လုံးဝ အသက်မရှင်နိုင်အောင်လုပ်တဲ့ အမြန်ဆုံးနည်းပါ”

ရှောင်အန်းလဲ့ : “….”

“ငါ့ကို ဆရာလုပ်ချင်သေးတယ်ပေါ့လေ”

“ဒါဆို အဲဒါကို လည်ပင်းလှီးတယ်လို့မခေါ်ဘူးလား”

​မိုယွီ တွေးလိုက်သည်။

‘တရားခံရဲ့လည်ပင်းကို လှီးတာက ရန်သူကိုအသက်မရှင်နိုင်အောင် လုပ်န်ိုင်ပြီး ပိုပြီးဖြေရှင်းလွယ်တယ်မဟုတ်ဘူးလား၊ ဘာလို့ သခင်မလေးရှောင်က သဘောမကျသလိုဖြစ်နေတာလဲ’

​“မိုယွီ ပြန်လာခဲ့”

​ရှဲ့စစ်မင် မိုယွီကိုအေးစက်စက်တစ်ချက်ကြည့်လိုက်ပြီး ရှောင်အန်းလဲ့ကို ပြောလိုက်သည်။

“ကျွန်တော့်ကိုယ်ရံတော်က အသုံးမကျလို့ သခင်မလေးရှောင်ကို လန့်သွားစေခဲ့ရင် တောင်းပန်ပါတယ်၊ သခင်မလေးရှောင်နဲ့ နှစ်ယောက်တည်း စကားပြောလို့ရမလား”

​ရှောင်အန်းလဲ့ သူမည်သည့်ကိစ္စကို ပြောချင်သည်အား မသိသော်လည်း ခေါင်းငြိမ့်လိုက်ပြီး လက်ဖက်ရည်ဆိုင်ရှိ သီးသန့်အခန်းသို့ လိုက်ပါသွားသည်။

​“သခင်မလေးရဲ့ထီးက တော်တော် ထူးခြားတာပဲ”

​ချင်းရှုရန် ရှောင်အန်းလဲ့နောက်တွင် ကုပ်နေသည်။

“သွားပြီ သွားပြီ၊ သူကျွန်မကို မြင်နေရသလို ခံစားရတယ်၊ သူ့ဆီက ရွှေရောင်ကုသိုလ်အလင်းတန်းနဲ့ သတ်ဖြတ်လိုစိတ် အငွေ့အသက်တွေက တစ်ခုနဲ့တစ်ခု ပါရမီဖြည့်ပေးနေသလိုပဲ၊ ကျွန်မ, မခံနိုင်တော့ဘူး၊ ထီးထဲပြန်ဝင်မှရမယ်၊ အပြင်မှာ ကြာကြာနေရင် ကျွန်မဝိညာဉ်ပြိုကွဲသွားမှာ ကြောက်ရတယ်”

သူသည် ​သူမပြောသလောက် မဆိုးပါပေ။ သို့သော် ထိုလူမှာ သရဲများအတွက် သေစေနိုင်လောက်သော အန္တရာယ်ရှိမှန်း ရှောင်အန်းလဲ့သိထားပြီးသား ဖြစ်သည်။

သူမ အရိုးဖြူထီးကို သိမ်းလိုက်ပြီး ဘေးတွင် ချထားလိုက်၏။ ထို့နောက်သူမ ဟန်ဆောင်ပြီးပြန်ဖြေလိုက်သည်။

“ဒါက ရိုးရိုးစက္ကူထီးပါပဲ၊ အဲ့ထက်မပိုပါဘူး”

​’ရိုးရိုးစက္ကူထီးတစ်ချောင်းက ဘယ်လိုလုပ် အရိုးဖြူနဲ့လုပ်ထားမှာလဲ’

သူမဆက်မရှင်းပြချင်မှန်းသိသဖြင့် ရှဲ့စစ်မင်လည်း အတင်းမမေးတော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။ သခင်မလေးရှောင်မှာ ပို၍ပင်လျှို့ဝှက်ဆန်းကြယ်ကာ နားလည်ရခက်လာသည်ဟု ခံစားလာရ၏။

​“သခင်မလေး ချန်အန်းမြို့စားအိမ်တော်ကလူတွေကို အလွယ်တကူသွားမထိပါနဲ့”

‘ဪ ဒီကိစ္စလား၊ သူမလည်း မထိချင်ပါဘူး၊ ချန်အန်းမြို့စားအိမ်တော်က မယ်တော်ကြီးနဲ့ မိဖုရားခေါင်ကြီးတို့ မျိုးဆက်နှစ်ခုကထွက်လာတဲ့ အိမ်တော်လေ၊ သူမလိုစစ်တပ်က ဒုတိယဝန်ကြီးအဆင့်ပဲရှိတဲ့ အိမ်တော်က သခင်မလေးတစ်ယောက်အနေနဲ့ သွားထိရဲပါ့မလား၊ ဒါပေမယ့် ကံတရားက သူမကို လွှတ်မပေးဘူးလေ၊ ပျင်းလို့ လမ်းထွက်လျှောက်တာတောင် ချန်အန်းမြို့စားအိမ်တော်က မောက်မာတဲ့ အစေခံတွေနဲ့ လာတွေ့နေသေးတယ်၊ ကံကြမ္မာအရ သူမကိုတမင်တကာ ရန်တိုက်ပေးပြီး ဝင်ပါခိုင်းနေတာ မဟုတ်ဘူးလား၊ ဒါပေမယ့် သူမရှေ့ကလူက ယဲ့မင်းသားလေ’

​ရှောင်အန်းလဲ့ ရုတ်တရက် ရှေ့သို့ကိုင်းလိုက်ပြီး သူ့အကြည့်ကိုရင်ဆိုင်ကာ အလွန်တရာချောမောသော သူ့မျက်နှာကို အကဲခတ်လိုက်သည်။

“နဝမမြောက်ဦးရီးတော် ယဲ့မင်းသားမှာလည်း ကြောက်ရတဲ့သူရှိနေမယ်လို့ မထင်ထားဘူး”

​ရှဲ့စစ်မင် မျက်တောင်မခတ်ဘဲ သူမထံပြန်ကြည့်ကာ ရှေ့သို့ အသာကိုင်းလိုက်သည်။ လူနှစ်ယောက်၏မျက်နှာများ အလွန်နီးကပ်သွား၏။

သူလက်လှမ်းလိုက်ပြီး သူမမျက်နှာအား ထိချင်စိတ်ကိုထိန်းချုပ်ကာ ဘေးနားရှိ လက်ဖက်ရည်ခွက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ရင်း သူမမျက်လုံးများထံ စိုက်ကြည့်ပြီးမေးလိုက်၏။

“ကိုယ့်ကို ဝင်ပါစေချင်တာလား”

​ရှောင်အန်းလဲ့ခေါင်းငြိမ့်လိုက်ပြီး ရန်စသော စကားတစ်ခွန်းထပ်ပြောလိုက်သည်။

“မင်းသားက ကြောက်နေတာလား”

​ရှဲ့စစ်မင်၏မျက်လုံးများတွင် အပြုံးရိပ်သန်းလာပြီး ရယ်သံထွက်လာခဲ့သည်။ သူ့ရယ်သံမှာ ခပ်နိမ့်နိမ့်ဖြင့် အလွန်ဆွဲဆောင်မှုရှိပြီး နားထောင်သူကို ရင်ခုန်သွားစေနိုင်သော အသံမျိုးဖြစ်သည်။

သို့သော် ရှောင်အန်းလဲ့၏သမာဓိမှာ အလွန်ကောင်းမွန်သည့်အတွက် သူမ တံတွေးမြိုချလိုက်ပြီး မတုန်မလှုပ်ဘဲ နောက်သို့ ပြန်ဆုတ်လိုက်သည်။

“ဟုတ်တာပေါ့၊ အဲဒါက မင်းသားရဲ့ မယ်တော်ဘက်က ဆွေမျိုးတွေလေ၊ မင်းသားက သေချာပေါက် ဒီအတိုင်း ထိုင်ကြည့်နိုင်မှာ မဟုတ်လောက်ဘူး၊ ဒီကိစ္စမှာမင်းသား ဝင်မပါချင်မှတော့ ကျွန်မဝင်ပါတာကို မတားပါနဲ့”

​ရှဲ့စစ်မင် ခေါင်းခါလိုက်သည်။

“ချန်အန်းမြို့စားအိမ်တော်က နန်းတွင်းကုန်သည် ချင်းမိသားစုလို ဖြေရှင်းရလွယ်တယ်ထင်နေတာလား”

​ရှောင်အန်းလဲ့ - “မထင်ပါဘူး၊ ချန်အန်းမြို့စားအိမ်တော်က မင်းသားရဲ့ မယ်တော်ဘက်က ဆွေမျိုးလေ၊ ဘယ်လိုလုပ် တူမှာလဲ၊ ကျွန်မလည်း ဝင်မပါချင်ပါဘူး၊ ဘာပဲဖြစ်ဖြစ် အဲဒီအစေခံက သေသွားပြီ၊ သူသတ်လိုက်တဲ့လူနဲ့ ရန်ငြိုးလည်းကျေသွားပြီ”

အစောက​ရှောင်အန်းလဲ့ ထွက်ခွာလာချိန်၌ ဖျော့တော့သောလူငယ်လေး၏ ဝိညာဉ်မှာ ဇနီးသည်အပေါ် အမုန်းတရား သို့မဟုတ် စွဲလမ်းမှု တစ်ခုခုထားရှိလိမ့်မည်ဟုထင်ခဲ့၏။ သ်ို့သော် မထင်မှတ်ထားဘဲ မရှိခဲ့ပေ။ ထိုလူငယ်လေး ပြောသွားသည်မှာ မောက်မာသော အစေခံပြောသကဲ့သို့ပင် “ငါ လင်းညန်ကို ဆွဲချခဲ့မိတယ်” ဟု အပြစ်ရှိစိတ်ဖြင့် ပြောပြီးနောက် သူ ထွက်သွားခဲ့သည်။

‘ပြီးတော့ ကျေးဇူးတင်သွားတာက သူ့ကိုယ်ရံတော်ကို အမိန့်ပေးခဲ့တဲ့ ယဲ့မင်းသားကို ပြောသွားတာတဲ့၊ ဒီကိစ္စက အစကနအဆုံး သူမနဲ့ဘာမှမဆိုင်သလိုပဲ၊ ပြီးတော့ ရွှေရောင်ကုသိုလ် အလင်းတန်းတွေကလည်း သူ့ဆီပဲပျံသွားတယ်၊ သူ့မှာ အများကြီး ရှိနေပြီလေ၊ ထပ်မလိုတော့ပါဘူးလို့ သူမပြောချင်လိုက်တာ၊ အဲ့အစား သူမကို ပေးလိုက်လို့ရတာပဲကို၊ တကယ်ကို သူမရပိုင်ခွင့်တွေဖြတ်ခုတ်သွားသလိုပဲ’

All Chapters