← Chapters

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

45

​သူမထိုသို့ပြောလိုက်သည်ကိုကြားသောအခါ ရှဲ့စစ်မင်အသာခေါင်းငြိမ့်ပြလိုက်သည်။

“ဒါဆိုရင် ကောင်းတာပေါ့၊ သခင်မလေးရှောင်က ထီးသုံးရတာကြိုက်မှန်း ကျွန်တော် သတိထားမိတယ်၊ ကျွန်တော့်ဆီမှာ ထူးခြားတဲ့ထီးတစ်လက်ရှိတယ်၊ သခင်မလေးရှောင် စိတ်ဝင်စားမလားမသိဘူး”

​ရှောင်အန်းလဲ့ လုံးဝစိတ်မဝင်စားပေမဲ့လည်း အလိုက်အထိုက်ပြန်ပြောလိုက်သည်။

“ကြည့်ချင်တာပေါ့”

‘​ဘာပဲဖြစ်ဖြစ် ဒီလူက ဧကရာဇ်မင်းမြတ်ရဲ့ ညီတော်လေ၊ သူက ထူးခြားတယ်လို့ပြောမှတော့ သေချာပေါက် ကြည့်ရမှာပေါ့’

ထို့နောက် သူမမတ်တတ်ရပ်လိုက်ပြီး သူခေါ်ဆောင်ရာ ကျူးပေါင်ရွှမ်းသို့ လိုက်ပါသွားသည်။ ရှောင်အန်းလဲ့ မူလက သူ့အိမ်တော်ကိုသွားမည်ဟု ထင်နေသော်လည်း မြို့ထဲရှိလေလံဆိုင်သို့ ရောက်လာခဲ့သည်။

ဤသို့သောနေရာမျိုး ရောက်လာသည် ဖြစ်၍ ယနေ့သေချာပေါက် ပိုက်ဆံကုန်တော့မည်ကို သိလိုက်ရသဖြင့် ရှောင်အန်းလဲ့ ရင်ထဲတွင် ဆို့နင့်သွား၏။

‘သူမ လိုက်လာမိတာ မှားသွားပြီလား’

​“ရှင်ပြောတဲ့ ထူးခြားတဲ့ထီးက ဒီမှာလား”

​ရှဲ့စစ်မင် ခေါင်းငြိမ့်ကာ လက်ကာပြပြီး ဖိတ်ခေါ်လိုက်သည်။

“သခင်မလေးရှောင် စိတ်ပျက်ရမှာ မဟုတ်ပါဘူး”

ကျူးပေါင်ရွှမ်းပိုင်ရှင် သူတို့ရောက်လာသည်ကိုမြင်သည်နှင့် ရှဲ့စစ်မင်မျက်နှာကိုကြည့်ပြီး အံ့သြသွားသော်လည်း ချက်ချင်းပင် စိတ်အားထက်သန်စွာဖြင့် ကြိုဆိုလိုက်သည်။

“မင်းသား ရောက်လာပါပြီလား”

​ရှဲ့စစ်မင် သူ့ကိုဆက်မပြောရန် လက်ကာပြလိုက်ပြီး လိုရင်းကိုပြောလိုက်၏။

“ဒီသခင်မလေးကြည့်ဖို့ အနီရောင် ကျောက်စိမ်းထီးကို ယူခဲ့လိုက်”

​ဆိုင်ပိုင်ရှင် ရှောင်အန်းလဲ့ကို တစ်ချက်ကြည့်လိုက်ပြီး ဘေးနားရှိအစေခံနှစ်ဦးကို ချက်ချင်းအမိန့်ပေးလိုက်သည်။

“အနီရောင်ကျောက်စိမ်းထီးကို မြန်မြန် သွားယူခဲ့”

‘​သွားယူခဲ့တဲ့လား၊ စကားအသုံးအနှုန်း ကြည့်ရတာကတော့ တော်တော်ပိုင်မဲ့ပုံပဲ’

ရှဲ့စစ်မင် ရှောင်အန်းလဲ့၏စိတ်ဝင်စားမှုကို အောင်မြင်စွာဆွဲဆောင်နိုင်လိုက်သည်။ မကြာမီမှာပင် လူငယ်အကူနှစ်ဦး အနီရောင်အမိုးနှင့် အဖြူရောင်ထီးရိုးပါရှိသော ထီးတစ်လက်ကို သယ်ဆောင်လာကြသည်။

ထိုထီးကိုမြင်လိုက်ရသည့် ခဏမှာပင် သူမ ယနေ့သေချာပေါက်ပိုက်ဆံကုန်တော့မည်ဟု ရှောင်အန်းလဲ့ သဘောပေါက်လိုက်၏။

သူမ၏ယခင်ဘဝမှ နောက်ထပ်ရွှမ်ထျန်းဝိညာဉ်ရတနာတစ်ခုကို တွေ့လိုက်ရသည်။ သူမ စုစုပေါင်း ၇ ခု သွန်းလုပ်ခဲ့ပြီး ယခု ၂ ခုကို ပြန်တွေ့ပြီပင်။

‘ကောင်းတယ် ကောင်းတယ်’

​သူမ လက်လှမ်းယူရန် ပြင်လိုက်စဉ် တစ်စုံတစ်ယောက်မှ တားလိုက်သည်။

“ရပ်လိုက်၊ ဒီထီးကို ငါလိုချင်တယ်”

​မိန်းကလေးတစ်ဦး၏ စူးရှရှအသံထွက်ပေါ်လာပြီး ပန်းရောင်လိပ်ပြာလေးတစ်ကောင်ကဲ့သို့ အပြေးရောက်လာ၏။

“နဝမ‌မြောက် ဦးရီးတော်၊ ဦးရီးတော်လည်း ဒီမှာရှိနေတာလား၊ ဦးရီးတော် ဒီသခင်မလေးက ဘယ်သူလဲ၊ တစ်ခါမှ မမြင်ဖူးသလိုပဲ”

​“ဪ သူမက သခင်မလေးရှောင်ပါ”

​ရှောင်အန်းလဲ့ ထိုသခင်မလေး၏နောက်မှ မိန်းမပျိုကိုကြည့်လိုက်ရာ မင်းသမီးချောင်ဟွာဖြစ်နေသည်ကို တွေ့လိုက်ရသည်။

မင်းသမီးလေး ရှောင်အန်းလဲ့ကိုမြင်လိုက်သည်နှင့် ထိုနေ့မှကဗျာကို သတိရသွားသည်။ သူမ ကဗျာကို ပြန်ယူသွားပြီး မိဘများနှင့် အစ်ကိုများကိုပြလိုက်ရာ တစ်ယောက်မကျန် ကဗျာကောင်းကြောင်းချီးကျူးကြသဖြင့်သူမကို အလွန်ပျော်ရွှင်စေခဲ့၏။

ထို့ကြောင့် ရှောင်အန်းလဲ့ကိုတွေ့လိုက်ရချိန်တွင်သေချာပေါက် ဝမ်းသာသွားသည်။

“မင်းသမီးချောင်ဟွာ တိုက်ဆိုင်လိုက်တာ”

​မင်းသမီးချောင်ဟွာ၏မျက်လုံးများ အရောင်တောက်သွားပြီး ရှေ့တိုးရန် ပြင်လိုက်သော်လည်း ရှဲ့စစ်မင်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်း လိမ္မာသောကောင်မလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားကာ အနေအထိုင် တည်ငြိမ်သွားသည်။

“ယဲ့မင်းသားလည်း ဒီမှာရှိနေတာလား”

​ထိုစဉ် ယဲ့မင်းသားမျက်နှာမကောင်းသည်ကို သူမတွေ့လိုက်ရ၏။ ယဲ့မင်းသား ဒေါသထွက်ပါက မည်မျှ ကြောက်စရာကောင်းသည်ကို တွေ့မြင်ဖူးသဖြင့် ချည်းကပ်ရန် အနည်းငယ် ဝန်လေးနေခဲ့သည်။

​ရှောင်အန်းလဲ့ ဘေးနားသို့ရောက်နေပြီဖြစ်သော စုန့်ကျားရှင်းသည် ရှောင်အန်းလဲ့ကို ခေါင်းအစ ခြေအဆုံး အကဲခတ်ကြည့်လိုက်၏။

“ယဲ့မင်းသား ဘာလို့ ဒီသခင်မလေးနဲ့ အတူရှိနေတာလဲ”

မနာလိုဝန်တိုနေသည့်လေထုကိုခံစားမိသော ရှောင်အန်းလဲ့မှာ မျက်ခုံးပင့်လိုက်သည်။ ဤသခင်မလေး၏ မျက်လုံးထဲတွင် ရန်လိုမှုများ ရှိနေပြီး သူမ၏ဝိညာဉ်မှာလည်း မသန့်ရှင်းပေ။

‘အိုး ဘာလို့ မျိုးရိုးမြင့်သခင်မလေးတွေက သူတို့အစေခံတွေကို ရိုက်နှက်ရတာ ကြိုက်ကြတာလဲ၊ သူမကိုယ်ပေါ်ရှိ ယင်စွမ်းအင်ကို ကြည့်ရတာ အနည်းဆုံး လူ ၃ ယောက်လောက်ကို ဒုက္ခပေးခဲ့တဲ့ပုံပဲ’

​“အင်း”

ရှဲ့စစ်မင် သူမကိုတိုတိုတုတ်တုတ်သာ ပြန်ဖြေပြီး ရှောင်အန်းလဲ့ထံကြည့်ကာ ပြောလိုက်သည်။

“သခင်မလေးရှောင် ဒီဘက်ကိုသွားရအောင်”

​ရှောင်အန်းလဲ့ လက်လှမ်းလိုက်စဉ် စုန့်ကျားရှင်း သူမလက်ကိုပုတ်ထုတ်လိုက်သည်။

“ငါဒီထီးကို လိုချင်တယ်လို့ပြောပြီးပြီလေ၊ ဘာလို့ ဦးရီးတော်က သူမကိုပေးချင်နေသေးတာလဲ”

​ရှဲ့စစ်မင်မျက်လုံးများ အေးစက်ကာ နက်ရှိုင်းသွားသည်။

“မင်း ပြဿနာမရှာရင် အကောင်းဆုံးပဲ”

စုန့်ကျားရှင်း ရှဲ့စစ်မင်ကို အနည်းငယ် ကြောက်ရွံ့သော်လည်း ရှဲ့စစ်မင်၏မျက်နှာကိုကြည့်ပြီး မကြွေဘဲမနေနိုင်ပေ။ အခြားမင်းသားများနှင့်ယှဉ်လျှင် သူမသည် မိမိရှေ့ရှိ နဝမမြောက်ဦးရီးတော်ကိုသာ လက်ထပ်ချင်သည်။

‘ဘာပဲဖြစ်ဖြစ် နဝမမြောက်ဦးရီးတော် က သူမထက် နှစ်နည်းနည်းပဲကြီးတာလေ’

​“ကျွန်မက ဘယ်မှာပြဿနာရှာနေလို့လဲ၊ ဒီထီးလေးကလှလို့ လိုချင်တာပါ ယဲ့မင်းသား ဒီသခင်မလေးက ဘယ်သူလဲဆိုတာ မပြောရသေးဘူးနော်”

​မင်းသမီးချောင်ဟွာ အမြန်ရှေ့တိုးပြီး ပြောလိုက်သည်။

“ကျားရှင်း ဒါက သခင်မလေးရှောင်လေ၊ ငါ့အတွက် ကဗျာရေးပေးတဲ့သူ၊ နင်လည်း အဲ့တုန်းက ငါ့ကဗျာကိုလှတယ်လို့ ချီးကျူးခဲ့တယ်မဟုတ်လား၊ အဲ့ဒါ သခင်မလေးရှောင် ရေးပေးတာ”

​ရှောင်အန်းလဲ့ပြုံးပြီး ချောင်ဟွာကို ပြောလိုက်သည်။

“အဲဒီကဗျာက ရှေးဟောင်းစာပေတွေထဲက ကဗျာပါ၊ ကဗျာစာဆိုကြီးလီပိုင်ရဲ့လက်ရာ၊ ကျွန်မက မင်းသမီးလေးကို လက်ဆောင်ပေးလိုက်ရုံပါပဲ၊ ကြိုက်နှစ်သက်တယ်ဆိုတော့ ဝမ်းသာပါတယ်”

​စုန့်ကျားရှင်းမေးကိုပင့်ကာ ရှောင်အန်းလဲ့ကို ကြည့်လိုက်ပြီး မျက်လုံးများမဲမှောင်သွားသည်။

“ဪ သူများကဗျာကို ခိုးချထားတာကိုး မထူးဆန်းတော့ပါဘူး”

​ရှောင်အန်းလဲ့ ရှင်းပြရန်ပြင်လိုက်၏။

“ရှေးကဗျာတွေရဲ့ ပြောင်မြောက်မှုကို ကျွန်မ, မမှီနိုင်ပါဘူး၊ မင်းသမီးချောင်ဟွာနဲ့ လိုက်ဖက်မယ်ထင်လို့ရေးပြီး လက်ဆောင်ပေးလိုက်တာပါ၊ ဒီသခင်မလေးက အမြင်မတူဘူးထင်တယ်”

​မင်းသမီးချောင်ဟွာ ချက်ချင်းပြောလိုက်သည်။

“သခင်မလေးရှောင် အစ်မစုန့်အတွက်လည်း တစ်ပုဒ်လောက်ရေးပေးလို့ရမလား၊ အစ်မစုန့်က ချန်အန်းမြို့စားအိမ်တော်ရဲ့တရားဝင်ဇနီးကမွေးတဲ့သူလေ၊ ဪ ဟုတ်သား၊ ချန်အန်းမြို့စားအိမ်တော်က နောက် ၃ ရက်နေရင် ဧည့်ခံပွဲ ကျင်းပမှာ၊ နင်က အရမ်းတော်တာပဲ၊ ငါတို့နဲ့လာပြီး ပျော်ပျော်ပါးပါးကစားမလား”

​ရှောင်အန်းလဲ့ တံခါးအပြင်ဘက် ကောင်းကင်ကို မော့ကြည့်လိုက်၏။

‘ကံတရားက သူမကို ချန်အန်းအိမ်တော် မရောက်မချင်း အတင်းကိုတွန်းပို့နေတော့တာပဲ’

“ကောင်းပြီလေ”

​ပြောပြီးနောက် သူမအနီရောင်ကျောက်စိမ်းထီးကိုကြည့်ပြီး ပြောလိုက်သည်။

“ဒီထီးကို သခင်မလေးစုန့်မနိုင်လောက်ဘူး ထင်တယ်၊ ဒီထီးက ရေစက်ပါတဲ့သူနဲ့ပဲ သင့်တော်တာ”

​စုန့်ကျားရှင်း ထိုပေါက်တတ်ကရစကားကြောင့် နှာခေါင်းရှုံ့လိုက်သည်။ သူမစကားကို လုံးဝမယုံဘဲ ထီးကိုလှမ်းဆွဲလိုက်၏။ သူမဆွဲလိုက်သော်လည်း ထီးက မရွေ့ပေ။ အနီရောင်ကျောက်စိမ်းထီးသည် ခွေးအိုကြီးတစ်ကောင်ကဲ့သို့ ငြိမ်သက်နေပြီး သခင်မလေးစုန့်မှာ အားကုန်သုံးပြီးဆွဲသော်လည်း မလှုပ်မယှက် ရှိနေသည်။ ​မင်းသမီးချောင်ဟွာပင်လျှင် စူးစမ်းလိုစိတ်ဖြင့်ကြည့်နေမိသည်။

“အစ်မစုန့် ဒီထီးကတကယ်ပဲအဲဒီလောက်လေးလို့လား၊ ညီမ စမ်းကြည့်မယ်”

​သူမပြောရင်း ရှေ့တိုးပြီး စမ်းကြည့်လိုက်သည်။ ဤတစ်ခါတော့ အနီရောင်ကျောက်စိမ်းထီး ရွေ့သွားသော်လည်း အနည်းငယ်သာဖြစ်သည်။ ၎င်းမှာ ချောင်ဟွာ၏ စိတ်ထားဖြူစင်မှုကြောင့် ဖြစ်မှန်း ရှောင်အန်းလဲ့သိသည်။ ထို့နောက် မိန်းကလေးနှစ်ယောက် မည်မျှပင် ကြိုးစားကြိုးစား ထီးကမရွေ့တော့ပေ။ သို့သော် ရှောင်အန်းလဲ့လက်နှစ်ချောင်းတည်းဖြင့် ကောက်ယူလိုက်သော်ငြား ထီးမှာချက်ချင်းရွေ့၍ သူမလက်ထဲပါလာခဲ့သည်။

“နင် နင် ဘယ်လိုလုပ်လိုက်တာလဲ”

​ရှောင်အန်းလဲ့ ပြုံးလိုက်၏။

“ကြည့်ရတာ ဒီထီးကကျွန်မကို သဘောကျတာဖြစ်မယ်၊ ဒါကို ရေစက်လို့ခေါ်တာပေါ့”

​မင်းသမီးချောင်ဟွာ လေးစားအားကျသောမျက်နှာထားဖြင့် သူမကိုပတ်ကြည့်နေသည်။

“သခင်မလေးရှောင် နင်ကအရမ်းတော်တာပဲ၊ ဒီထီးက လေးတယ်လို့ မထင်ဘူးလား”

​ရှောင်အန်းလဲ့ ခေါင်းခါလိုက်သည်။

“ရေစက်ပါရင် မလေးပါဘူး”

​ထိုအချိန်တွင် စုန့်ကျားရှင်းမျက်နှာ ပျက်နေပြီ ဖြစ်သည်။

“ဘာရေစက်လဲ၊ လျှို့ဝှက်ဆန်းကြယ်ချင်ယောင်ဆောင်နေတာ”

​ရှောင်အန်းလဲ့ သူမပခုံးကိုလှမ်းပုတ်လိုက်ပြီး ပခုံးပေါ်ရှိ ယန်မီးတောက်တစ်ခုကို ငြှိမ်းသတ်လိုက်သည်။

“အား နင့်ရဲ့ညစ်ပတ်တဲ့ လက်တွေနဲ့ ဘာလို့ ငါ့ကိုလာထိနေတာလဲ”

“အစ်မစုန့် ဘာလို့ ဒီလောက်ရန်လိုနေတာလဲ”

​စုန့်ကျားရှင်း အခြားသူကိုကူပြောနေသော မင်းသမီးချောင်ဟွာအားမကျေမနပ်ကြည့်လိုက်သည်။

“ငါရန်လိုတော့ ဘာဖြစ်လဲ၊ သူကနင့်ကို ကဗျာတစ်ပုဒ် ရေးပေးလိုက်ရုံပဲ မဟုတ်လား၊ ကြည့်အုံး ဘယ်လောက်တောင် သဲသဲကဲကဲဖြစ်နေလဲဆိုတာ”

​သူမပြောရင်း ရှဲ့စစ်မင်ကိုကြည့်လိုက်၏။

“ယဲ့မင်းသား ကျွန်မနေမကောင်းလို့ အိမ်တော်ကို ပြန်လိုက်ပို့ပေးလို့ရမလား”

​ရှဲ့စစ်မင်၏အေးစက်စက်မျက်လုံးများတွင် မည်သည့်ခံစားချက်မျှမရှိပေ။ သူမကို နောက်ထပ်စကားတစ်ခွန်းပင်မပြောချင်တော့ပေ။

“မရဘူး”

“ယဲ့မင်းသား ဖေဖေကလည်း ယဲ့မင်းသားနဲ့ စကားပြောချင်နေတာ၊ ယဲ့မင်းသား အခုတစ်ခါတည်း ကျွန်မနဲ့အတူပြန်လိုက်ခဲ့ပါလား”

​ရှဲ့စစ်မင် - “မလိုက်ဘူး၊ ငါ့မှာလုပ်စရာ ရှိသေးတယ်”

​စုန့်ကျားရှင်း အံကြိတ်ပြီး ခြေဆောင့်လိုက်ကာ မျက်လုံးများတွင် နာကျည်းချက်များပြည့်နှက်နေပြီး ရှဲ့စစ်မင်ကို ကြည့်လိုက်သည်။

“ယဲ့မင်းသား”

​ရှဲ့စစ်မင် - “မိုယွီ၊ စုန့်သခင်မလေးကို ပြန်လိုက်ပို့လိုက်”

​မိုယွီ ပြန်ဖြေလိုက်ပြီး စိတ်မပါလက်မပါဖြင့် သူမကိုလိုက်ပို့ရန် ရှေ့တိုးလာသည်။

စုန့်ကျားရှင်း ခဏရပ်နေပြီး ရှဲ့စစ်မင် သူမကို လုံးဝလျစ်လျူရှုထားသည်ကို မြင်သောအခါ ခြေဆောင့်ပြီးလှည့်ထွက်သွားရုံသာ တတ်နိုင်တော့သည်။ မထွက်ခွာမီ မင်းသမီးချောင်ဟွာကို လှမ်းခေါ်ရန်လည်း မမေ့ပေ။

“နင်က အဲ့မှာဘာလုပ်နေတာလဲ၊ ငါနဲ့ လိုက်ခဲ့”

​ချောင်ဟွာ နှုတ်ခမ်းဆူလိုက်ပြီး ရှောင်အန်းလဲ့နှင့် အကြည့်ချင်းဖလှယ်ကာ လက်ပြနှုတ်ဆက်ပြီး ထွက်ခွာသွားသည်။

မင်းသမီးချောင်ဟွာ အဘယ်ကြောင့် စုန့်ကျားရှင်းနောက်ကို အစေခံလေးတစ်ယောက်ကဲ့သို့လိုက်နေရသည်ကို ရှောင်အန်းလဲ့ နားမလည်နိုင်ပေ။

‘ချန်အန်းမြို့စားအိမ်တော်က မယ်တော်ကြီးနဲ့ မိဖုရားခေါင်ကြီးတို့ရဲ့မျိုးရိုးဖြစ်ရင်တောင် ဒီလောက်အထိတော့မဖြစ်သင့်ဘူးလေ၊ ဒါမှမဟုတ် မဖြစ်နိုင်ပါဘူး၊ သူတို့က ဒီတစ်ယောက်ကိုလည်း မိဖုရားခေါင်ကြီးဖြစ်အောင် လုပ်မလို့ ကြံနေတာလား၊ ကျွတ် ကျွတ် ခက်တာက ဒီသခင်မလေးစုန့်ဆီမှာ မိဖုရားဖြစ်ဖို့ကံပါမလာဘူးလေ’

46

ရှောင်အန်းလဲ့ ပြန်ထွက်သွားကြသော သူများကို ကြည့်ပြီး ရှဲ့စစ်မင်ဘက်သို့ လှည့်လိုက်သည်။

“ဒီသခင်မလေးတွေ ဒီကိုရောက်လာမယ်ဆိုတာ မင်းသားကြိုသိနေတာလား”

​ရှဲ့စစ်မင်၏ ဓားသွားကဲ့သို့မျက်ခုံးတန်းများ အနည်းငယ် တွန့်သွား၏။

“ကိုယ်မသိဘူးလို့ပြောရင် မင်းယုံမှာလား”

​ရှောင်အန်းလဲ့ ခပ်ဖွဖွပြုံးပြလိုက်၏။

“ယုံတာပေါ့၊ မင်းသားက ကျွန်မတို့ မဟာလျန်နိုင်ငံရဲ့ နာမည်ကျော်ကြားလွန်းတဲ့ စစ်နတ်ဘုရားပဲကို၊ ဘယ်လိုလုပ် မယုံဘဲနေမလဲ၊ ဒါနဲ့ ဒီထီးက ဘယ်လောက်လဲ၊ ကျွန်မဝယ်မယ်”

​ရှဲ့စစ်မင်နှုတ်ခမ်းများ ပြုံးယောင်သန်းသွားပြီး သူမလက်ထဲမှ အနီရောင်ကျောက်စိမ်းထီးကို စိုက်ကြည့်လိုက်သည်။

ဤထီးမှာ သိသိသာသာ ထူးခြားနေသော်လည်း သူ့မျက်လုံးထဲတွင်တော့ သာမန်ဆီစိမ်စက္ကူထီး အနီလေးတစ်လက်ထက်မပိုပေ။

အမှန်စင်စစ် မွေးရာပါသူ့စွမ်းအားကြောင့် သူ့မျက်လုံးများမှာ သာမန်လူများ မမြင်န်ိုင်သည့် အရာမှန်သမျှ ဖောက်ထွက်မြင်န်ိုင်သော်လည်း ထီးကိုတော့ သူ မည်မျှပင်ကြိုးစားပါ‌စေ မည်သို့မှ ဖောက်ထွင်းမမြင်နိုင်ချေ။ ထို့ပြင် ထီးပိုင်ရှင် သခင်မလေးရှောင်ကိုလည်း တကယ်မခန့်မှန်းန်ိုင်ပေ။

​“သခင်မလေးနဲ့ ဒီထီးက ရေစက်ပါမှတော့ ကျွန်တော် လက်ဆောင်ပေးပါ့မယ်”

​“မလိုပါဘူးရှင်၊ ဘယ်လောက်ကျကျ ကျွန်မ ပေးနိုင်ပါသေးတယ်၊ မင်းသားက ကျွန်မကို အကြွေးတင်စေချင်လို့လား”

​ရှောင်အန်းလဲ့ လူတစ်ယောက်အပေါ် အလကား အမြတ်မထုတ်နိုင်ပေ။

‘စျေးကြီးတယ်ဆိုလည်း သူမတတ်နိုင်လောက်မှာပါ၊ မတတ်နိုင်ဘူးလေ ဒီကိစ္စပြီးရင် ပိုက်ဆံပြန်ရှာရုံပေါ့’

“ဘာလဲ၊ သခင်မလေးလေးက ကိုယ့်ဆီမှာ အကြွေးတင်မှာကြောက်လို့လား”

​ရှောင်အန်းလဲ့ ပြုံးလိုက်၏။

‘ဒီလူက သူမကို တမင်တကာ စိန်ခေါ်နေတာပဲ၊ ရယ်ချင်လိုက်တာ သူမကဘာကို ကြောက်ရမှာလဲ’

“မင်းသားကို အကြွေးတင်ဖို့ တကယ်မဝံ့ရဲပါဘူး”

​သူမ ထိုသို့ပြောသည်ကို ကြားသောအခါ ရှဲ့စစ်မင် အတင်းမတိုက်တွန်းတော့ဘဲ ဆိုင်ပိုင်ရှင်ထံတစ်ချက်ကြည့်လိုက်သည်။ အချက်ပြမှုကို နားလည်သည့် ဆိုင်ပိုင်ရှင်မှ ချက်ချင်း ဝင်ပြောလိုက်သည်။

“သခင်မလေးက ဒီထီးနဲ့ ရေစက်ပါတယ်၊ တေးသုံးထောင်ပဲပေးပါ”

​ရှောင်အန်းလဲ့ ပါးစပ်တွန့်သွားပြီး စိတ်ထဲတွင် ကျိန်ဆဲလိုက်၏။

‘တေးထောင်တဲ့လား၊ ငါသာမယူရင် နင်တို့ရဲ့ဆိုင်မှာ ဒီထီးအိုကြီးက လုံးဝကို ရောင်းထွက်မှာ မဟုတ်ဘူးနော်၊ ဘယ်သူကများ ကတ်တီတစ်ထောင်ကျော်လေးတဲ့ မိုးကာထီးကို ပေါ့ပေါ့ပါးပါး ကိုင်သွားနိုင်မှာလဲ’

​ရှောင်အန်းလဲ့ စိတ်ထဲတွင် ဗြောင်းဆန်နေသောလည်း တည်ငြိမ်သောမျက်နှာထားဖြင့် သူမပိုက်ဆံအိတ်ထဲမှ တစ်ရာတန် ငွေစက္ကူ အရွက်၃၀ကို ထုတ်လိုက်သည်။

‘ထားပါတော့ အရှုံးလည်းမရှိပါဘူးလေ၊ ဒီထီးရှိတော့ နောက်တစ်ခါ သရဲမိစ္ဆာတွေ နှိမ်နင်းတဲ့အခါ ပိုလွယ်ကူလာလိမ့်မယ်’

​“ဒီတစ်ခါ ကျွန်မအတွက် သင့်တော်တဲ့ ထီးတစ်လက်ကို ရှာတွေ့နိုင်ခဲ့တဲ့လို့ မင်းသားကို ကျေးဇူးတင်ရမှာပေါ့၊ နေ့လယ်စာ စားချိန်နီးပြီဆိုတော့ မင်းသားကို ထမင်းတစ်နပ်လောက် ကျွေးခွင့်ပြုပါ”

​ရှဲ့စစ်မင် : “သခင်မလေးဘက်က အရင် ကမ်းလှမ်းတာဆိုတော့ ဂုဏ်ယူမိပါတယ်”

‘​ဒီနေ့က တကယ်ပဲ ပိုက်ဆံကုန်မယ့်နေ့ပါလားဟ၊ အလကားတော့မရဘူး၊ နင့်ဆီက ကုသိုလ်တွေများများ စုမှရမယ်၊ ဒီလူနဲ့ အချိန်ပိုဖြုန်းပြီး ပြန်ကာမိအောင် လုပ်ရတော့မှာပေါ့’

နှစ်ယောက်သား အပြင်ထွက်လာစဉ် တစ်စုံတစ်ယောက်မှ သူတို့ကို တိတ်တဆိတ် စောင့်ကြည့်နေသည်ကို ရှောင်အန်းလဲ့ သတိထားမိလိုက်သည်။ ထို့ကြောင့် သူမ အနီရောင်ကျောက်စိမ်းထီးကို သိုလှောင်နယ်မြေထဲ ထည့်လိုက်ပြီး အရိုးဖြူထီးကို ဖွင့်လိုက်၏။ ​ရှဲ့စစ်မင် အရိုးဖြူများဖြင့်ပြုလုပ်ထားသောထီးကို ဖွင့်နေသည့် သူမကိုကြည့်ပြီး ပြောစရာစကား ပျောက်ဖြစ်သွားရသည်။

‘ဒီသခင်မလေးက ဘာလို့ ဒီထီးကို ဒီလောက် ကြိုက်နေရတာလဲ’

‘သူက အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်ပေမယ့် သရဲကိုတော့ မမြင်ရဘူးလေ၊ အဲ့ဒါကြောင့် ရှောင်အန်းလဲ့ ဘာလို့ ဒီထီးကို အရမ်းကြိုက်နေမှန်း သူမသိဘူးပေါ့’

​ရှောင်အန်းလဲ့ အရိုးဖြူထီးကိုဖွင့်လိုက်သည်နှင့် ချင်းရှုရန် ထီးထဲမှပျံထွက်လာသည်။

“ဒီလူက ဘာလို့ရှိနေသေးတာလဲ၊ ဆရာသခင် ဘာလုပ်နေတာလဲ၊ သူ့ရဲ့ကြင်ယာတော်ဖြစ်ချင်နေတာတော့ မဟုတ်ပါဘူးနော်”

​ရှောင်အန်းလဲ့ အချက်ပြ၍လှည့်ကြည့်လိုက်ရာ ချင်းရှုရန် သဘောပေါက်သွားပြီး ‘ဝှစ်’ ခနဲ ပျံထွက်သွား၏။ နှစ်ယောက်သား ဖူလောင်စားသောက်ဆိုင်သို့ ရောက်သွားကြပြီး ဒုတိယထပ်သို့ တက်ကာ သီးသန့်အခန်းတစ်ခန်းယူလိုက်၍ ရှောင်အန်းလဲ့ ရက်ရက်ရောရော မှာလိုက်သည်။

“စားပွဲထိုး ဆိုင်ရဲ့ နာမည်ကြီးဟင်းပွဲတွေ အကုန်တစ်ပွဲစီ ချပေး၊ ၉ ပွဲပြည့်အောင် လုပ်ပေးနော်”

​“၉ ပွဲလား”

​ရှဲ့စစ်မင်ပြုံးလိုက်သည်။ စားပွဲထိုး ထွက်သွားသည်ကို မြင်သောအခါ သူ မျက်နှာထားတည်လိုက်ပြီး ရှောင်အန်းလဲ့ကို မေးလိုက်၏။

“သခင်မလေးရှောင်၊ ဟိုရုပ်သေးရုပ်အကြောင်း သတင်းရပြီလား”

ထိုအကြောင်းကို ပြန်တွေးမိသောအခါ ရှောင်အန်းလဲ့ စိတ်ထဲတွင်ဆူဆောင့်နေတော့သည်။

“မရသေးပါဘူး”

​’ဘယ်လောက်စုံစမ်းစုံစမ်း သတင်းမရလို့ ပိုစိတ်ပျက်ဖို့ကောင်းနေတာ’

ထိုစဉ် ရုတ်တရက် သူမတစ်ခုခုကို စဉ်းစားမိသွား၏။

‘သူမရှေ့ကလူက မင်းသားလေ၊ သာမန်ပြည်သူလေးမှ မဟုတ်တာ၊ သူ့မှာလုပ်ပိုင်ခွင့်အာဏာတွေ အများကြီးရှိမှာဆိုတော့ လူစုံစမ်းတာက သူ့အတွက် ပိုလွယ်ကူမှာ သေချာတယ်’

​“လုံးဝမရတာတော့ မဟုတ်ပါဘူး၊ သဲလွန်စတစ်ခုရထားတယ်၊ မင်းသား သိတဲ့အတိုင်း ကျွန်မကတောင်ပေါ် တာအိုကျောင်းကနေ ပြန်လာတာလေ၊ ဒါပေမယ့် ကျွန်မရဲ့မှတ်ညဏ်တွေထဲက တစ်စိတ်တစ်ပိုင်းက ပျောက်ဆုံးနေသလို ဖြစ်နေတာ၊ ပြီးတော့ ကျွန်မဘေးက ဒီထီး....”

သူမ ချင်းရှုရန်အကြောင်းကို သူ့အားအတိုချုံး ပြောပြလိုက်သည်။

​“အဲ့ဒါကြောင့် အရေးအကြီးဆုံးက ဖုန်းဆိုတဲ့လူနဲ့ ဟိုတာအိုဆရာအိုကြီးကို အရင်ရှာဖို့ လိုမယ်လို့ ထင်တယ်၊ ကျွန်မဆီမှာ သူတို့ရဲ့ ပုံတူတွေရှိတယ်”

​ရှောင်အန်းလဲ့ပြောရင်း စာရွက်နှစ်ရွက်ကို ထုတ်ပြလိုက်သည်။

“ဒီပုံတူတွေက တော်တော်ပီပြင်တာပဲ၊ သခင်မလေး စိတ်ချပါ၊ တခြားဟာတော့ အာမမခံရဲပေမယ့် လူရှာတဲ့ကိစ္စကတော့ ကိုယ့်အတွက် လွယ်ပါတယ်”

​သူမရှေ့ရှိ စစ်နတ်ဘုရား၏ အဆက်အသွယ်များမှာ သာမန်မဟုတ်သကဲ့သို့ သူမထက် ပို၍အာဏာရှိသည်အား ရှောင်အန်းလဲ့ သိပေ၏။

‘သူမမှာက အဆက်အသွယ်ဆိုလို့ သရဲတွေပဲရှိတာ၊ အဲဒါတွေကလည်း အရမ်းဝေးဝေးပျံလို့မရတဲ့ သရဲတွေလေ၊ ဆိုးရွားလွန်းတယ်’

​“ဒါဆိုရင် ကောင်းတာပေါ့၊ မင်းသားကိုပဲ ဒုက္ခပေးရတော့မယ်၊ ပြီးတော့ ဒီ ရွှေရောင်ပိုးမျှင်သစ်မွှေးသားရုပ်သေးရုပ်ကိုလည်း သစ်သားအမျိုးအစားကနေ တစ်ဆင့်စုံစမ်းကြည့်ပေးပါဦး”

​ရှဲ့စစ်မင် ခေါင်းငြိမ့်လိုက်ပြီး အထင်ကြီးစွာ ပြောလိုက်သည်။

“သခင်မလေးက သရဲမြင်ရတာ တကယ်အံ့ဩဖို့ကောင်းတယ်”

​ရှောင်အန်းလဲ့ ပြုံးလိုက်၏။

“လွယ်လွယ်လေးပါ၊ မင်းသားမြင်ချင်ရင် ကျွန်မယင်ယန်မျက်လုံး ဖွင့်ပေးလို့ ရပါတယ်”

​ရှဲ့စစ်မင်မှာ မွေးကတည်းမှ ဓမ္မမျက်လုံးပါလာသူဖြစ်သည်။ ယင်ယန်မျက်လုံးပါထပ်ဖွင့်လျှင် ထိခိုက်မှုရှိမရှိမသိသဖြင့် ခေါင်းခါလိုက်သည်။

“ကျွန်တော်က သရဲလည်းမဖမ်းဘူး၊ သူတို့ကို လူဝင်စားအောင်လည်း မကူညီပေးနိုင်ဘူးဆိုတော့ မမြင်တာပဲကောင်းပါတယ်”

‘​ဒီလူသာ သူတို့ကို လူဝင်စားအောင် ကူညီပေးချင်ရင် သူ့အဆင့်အတန်းနဲ့ဆို လွယ်လွယ်လေး လုပ်ပေးလို့ရမှာ’

ထိုအချိန်ဟင်းပွဲများ တစ်ပွဲပြီးတစ်ပွဲ ရောက်လာသော်လည်း ရှဲ့စစ်မင်တွင် မေးခွန်းတစ်ခု ရှိနေသေးသည်။

“သခင်မလေးက တောင်ပေါ်တာအိုကျောင်းနဲ့ပတ်သက်တဲ့ မှတ်ဉာဏ်လုံးဝ မရှိတော့တာလား၊ ဒါဆို သခင်မလေး အဲဒီ တာအိုကျောင်း ဘယ်နားမှာရှိလဲဆိုတာ မှတ်မိလား”

​ရှောင်အန်းလဲ့ တူကိုကိုင်ပြီး ဟင်းယူရန် ပြင်လိုက်စဉ် ပြောလိုက်၏။

“မမှတ်မိဘူး၊ မှတ်မိရင် ကိုယ်တိုင် ပြန်သွားပြီး သူတို့ကိုသတ်ပစ်လိုက်ပြီ၊ စားကြစို့”

​’ရွှေရောင်ကုသိုလ် အလင်းတန်းတွေနဲ့ အရသာရှိတဲ့ အစားအစာတွေကို ခံစားရင်း စားနေရတာ တကယ်ကို ပြီးပြည့်စုံတဲ့ဘဝလေးပဲ’

စားသောက်ပြီးနောက် နှစ်ယောက်သား လမ်းခွဲကာ ရှောင်အန်းလဲ့ ဘဝသစ်ဆိုင်သို့ သွားခဲ့သည်။ ဆိုင်သည် အရောင်းအဝယ် မရှိသေးသော်လည်း ဆိုင်ရှင်နှင့် အကူမှာတော့ ပေါ့ဆခြင်းမရှိပေ။ ကြာလာသည်နှင့်အမျှ ဆိုင်တွင် တကယ်ပင် သရဲများရှိသည်ကို ထိုအကူနှစ်ယောက် သတိထားမိခဲ့ပြီး ထိုသရဲများကို သူတို့မမြင်ရပေသိ ရံဖန်ရံခါ စိမ့်ခနဲခံစားရတတ်သည်။ ​ရှောင်အန်းလဲ့ ရောက်လာသည်ကိုမြင်သောအခါ ဆိုင်ရှင်အမြန်ထွက်ကြို၏။

“သခင်မလေး ရောက်လာပြီလား၊ ဒီမှာ အရောင်းအဝယ်က.....”

​ရှောင်အန်းလဲ့ ခေါင်းငြိမ့်လိုက်သည်။

“ရပါတယ်၊ နောက်ကျအသားကျသွားမှာပါ၊ ကျွန်မတို့ဘဝသစ်ဆိုင်ရဲ့ အရောင်းအဝယ်က ဒီလိုပါပဲ၊ ဒီနေ့ စောစောပြန်လို့ရပါပြီ၊ ဒီမှာ သရဲတချို့ကို လူဝင်စားအောင် ကူညီပေးဖို့ အစီအစဉ် ရှိလို့ပါ”

​သူမ ထိုသို့ပြောသည်ကိုကြားသောအခါ ဆိုင်ရှင်နှင့် အကူတို့ဆက်မနေရဲတော့ပေ။

“သခင်မလေး၊ ဆိုင်တံခါး ပိတ်လိုက်ရမလား”

​ရှောင်အန်းလဲ့ တွက်ချက်ကြည့်လိုက်ရာ ယနေ့ ဧည့်သည်တစ်ယောက်လာဖို့ ရှိသေးကြောင်း သိလိုက်၏။

“မလိုပါဘူး”

သူမ နောက်ဖေးခြံဝင်းရှိ ဖီးနစ်ပင်ဆီသို့ သွားပြီး သစ်ပင်ကိုပုတ်ကာ သစ်ပင်အောက်တွင် သရဲတံခါးသို့သွားရာ လမ်းကြောင်း အစီအရင်တစ်ခုပြုလုပ်လိုက်သည်။ အစီအရင်ပြုလုပ်ပြီးသည်နှင့် တစ်စုံတစ်ယောက်မှာ တွန့်ဆုတ်စွာဖြင့် ဆိုင်ထဲသို့ဝင်လာ၏။

​ရှောင်အန်းလဲ့ကြည့်လိုက်ရာ ဝင်လာသူမှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး အောက်နားတွင် အစိမ်းရောင်အနားကွပ်ထားသော အနီရောင်ဝတ်စုံအား ဝတ်ထားကာ ဖိနပ်ပေါ်တွင် ဝါးပင်ပုံစံပန်းထိုးထားပြီး နားတွင် မြစိမ်းရောင်ကျောက်စိမ်းနားကပ် ဝတ်ဆင်ထားသည်။

သူမကို သေချာကြည့်လိုက်ရာ မျက်ခုံးနှစ်ခုကြားတွင် မဲမှောင်နေပြီး ငွေကြေးဆုံးရှုံးမှုနှင့် အသက်အန္တရာယ်ကျရောက်နိုင်သော နိမိတ်လက္ခဏာတွေ့လိုက်ရသည်။

​“ဗေဒင်မေးချင်လို့လား”

​အမျိုးသမီး အနည်းငယ်တွန့်ဆုတ်နေ၏။

“တေးတစ်ရာကို နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား”

​ရှောင်အန်းလဲ့ ခေါင်းခါလိုက်ပြီး ဝင်ခဲ့ရန် လက်ပြလိုက်သည်။

“ဒီတေးတစ်ရာက ရှင့်အသက်ကိုကယ်ပေးနိုင်ရုံမကဘူး၊ ရှင့်မိသားစုပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်၊ ရှင် မရှုံးပါဘူး”

​ထိုစကားကို ကြားသောအခါ အမျိုးသမီးရင်ထဲ ဒိတ်ခနဲဖြစ်သွားသည်။ ထို့နောက်သူမ တစ်ရာတန် ငွေစက္ကူကိုထုတ်ပေးလိုက်၏။

“သခင်မလေး တကယ်စွမ်းတယ်ဆိုရင် နောက်ကျရင် ကျွန်မသေချာကျေးဇူးဆပ်ပါ့မယ်”

​“မွေးသက္ကရာဇ် ပေးပါ”

​အမျိုးသမီး သူမ၏မွေးသက္ကရာဇ်ကို ပြောပြလိုက်ရာ ရှောင်အန်းလဲ့ ခဏ စဉ်းစားပြီး ပြောလိုက်သည်။

“တစ်သက်လုံး ပင်ပန်းဆင်းရဲမှုတွေနဲ့ ရှာဖွေစားသောက်ရမယ်၊ ရှင်က ဝမ်းနည်းပူဆွေးရမယ့် ကံတရားနဲ့မွေးဖွားလာတဲ့အပြင် ဘဝအတက်အကျတွေလည်း အကုန်ကျော်ဖြတ်ပြီးတာ တွေ့ရတယ်၊ ဒါပေမယ့် အိုး ကံကောင်းလာပါလိမ့်မယ်၊ ရှင်က စိတ်ထားကောင်းပြီး ဉာဏ်ကောင်းသူပါ၊ ရှင့်မိဘဘက်က ညီအစ်မနှစ်ယောက်လုံး အားကိုးစရာမရှိကြဘူး၊ မောင်နှမတွေကလည်း ဘာမှမကူညီနိုင်ဘူး၊ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ အပြောင်းအလဲက ရှင့်ခင်ပွန်းကြောင့်ဖြစ်မယ်ထင်တယ်၊ အွန်း သူရာထူးတိုးတာက ကောင်းတဲ့ကိစ္စဖြစ်ပေမယ့် သူက အပြင်မှာ မယားငယ်ထားပြီး သားတစ်ယောက် မွေးထားတယ်”

​တစ်ဖက်လူပြောသမျှ အကုန်မှန်နေသည်ကိုကြားသောအခါ မျက်ရည်မကျဘဲမနေနိုင်တော့ပေ။

“သခင်မလေးပြောတာ အကုန်မှန်ပါတယ်၊ အမှန်အတိုင်းပြောရရင် ကျွန်မ လာတုန်းက အဲဒီမယားငယ်ကို တွေ့ခဲ့တယ်၊ သူက ကျွန်မထက်ငယ်တယ်၊ ပိုလှတယ်၊ ပြီးတော့ သားတစ်ယောက် မွေးထားတယ်၊ ကျွန်မကတော့ သမီးနှစ်ယောက်မွေးပြီးကတည်းက ကိုယ်ဝန်ထပ်မရတော့ဘူး၊ နောက်ထပ် ကလေးမရနိုင်တော့မှာ စိုးရိမ်တယ်”

​ရှောင်အန်းလဲ့ သူမ၏ညည်းတွားသံများကို နားမထောင်ချင်သဖြင့် ဖြတ်ပြောလိုက်၏။

“ရှင်သမီးတွေမွေးတုန်းက ခန္ဓာကိုယ် ထိခိုက်သွားလို့ နောက်ထပ်ကလေးမရနိုင်တော့တာပါ၊ ရှင့်ခင်ပွန်းလည်းသိပြီးသား ပြီးတော့ သူ့မယားငယ်က သူ့အထက်အရာရှိရဲ့ တရားမဝင်သမီးဖြစ်နေတယ်၊ အကယ်၍ သူ့အထက်လူကြီးကို မျက်နှာလိုမျက်နှာရလုပ်ဖို့ ခြေဦးလှည့်လာမယ်ဆိုရင် ရှင့်ရဲ့တရားဝင်ဇနီးနေရာက မမြဲနိုင်တော့ဘူး၊ အခု ရှင့်မှာ ရွေးချယ်စရာနှစ်ခုရှိတယ်၊ ပထမတစ်ခုက ကိုယ့်သဘောဆန္ဒနဲ့ ကွာရှင်းလိုက်၊ ဒုတိယတစ်ခုက ရှင့်ခင်ပွန်းရဲ့အထက်အရာရှိက လာဘ်စားပြီး ပုဂ္ဂလိကဆား ရောင်းဝယ်နေတာကို တိုင်ကြားလိုက်၊ အဲဒီအချိန်ကျရင် ရှင့်ခင်ပွန်းရဲ့ မယားငယ်က ရာဇဝတ်မှုကျူးလွန်တဲ့ အရာရှိရဲ့သမီးဖြစ်သွားပြီး အိမ်တော်ထဲကို ကိုယ်လုပ်တော်အဖြစ်နဲ့ပဲ ဝင်လို့ရတော့မယ်၊ ပြီးတော့ သူ့သားကိုလည်း ရှင်ကပဲပြုစုပျိုးထောင်ရလိမ့်မယ်၊ ရှင် ကြိုက်တာရွေးပါ”

​ရှောင်အန်းလဲ့ပြောသည်ကို ကြားသောအခါ အမျိုးသမီး၏မျက်လုံးများ ပြူးကျယ်သွားပြီး ထိတ်လန့်တကြား ကြည့်နေသည်။ သူမမျက်နှာပေါ်တွင် မေးခွန်းတစ်ခု ထင်ဟပ်နေ၏။

“ဘယ်လိုလုပ်သိတာလဲ”

​“သံသယဖြစ်စရာမလိုပါဘူး၊ ရှင့်ရဲ့ မွေးသက္ကရာဇ်နဲ့ မျက်နှာသွင်ပြင်ကနေ မြင်ရတာပါ၊ ကွာရှင်းတာကလည်း ရှင့်အတွက်ကောင်းပါတယ်၊ မကွာရှင်းရင် တစ်ဖက်လူက ရှင့်ကိုရောဂါနဲ့သေအောင်လုပ်လိမ့်မယ်၊ အလားတူပဲ ပုဂ္ဂလိကဆားကိစ္စ ပေါ်သွားရင် ရှင့်ခင်ပွန်းလည်းပါသွားလိမ့်မယ်၊ ဘယ်လိုရွေးချယ်မလဲ၊ ဘာအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာကတော့ ရှင့်သဘောပါပဲ”

All Chapters