← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

49

ရှောင်အန်းလဲ့ စိတ်ထဲတွင် “ဒုက္ခပဲ”ဟု တွေးလိုက်ပြီး သူမကိုယ်သူမ ကိုယ်ပျောက်မန္တန်ကပ်ကာ အနောက်မှလိုက်သွားလေသည်။

​ထင်ထားသည့်အတိုင်းပင် အထဲရောက်သည်နှင့် ချင်းရှုရန် ချန်အန်းမြို့စားအိမ်တော်၏ဆက်ခံသူနှင့် ခွန်းမင်းသားတို့ကို နံရံထံသို့ဆောင့်တွန်းထားပြီး သူတို့နှစ်ယောက် အောက်သို့လျှောကျနေသည်ကို တွေ့လိုက်ရ၏။

​“ချင်းရှုရန် နင်လူသတ်လို့မရဘူး၊ လူ့အသက်ကို သတ်လို့မရဘူး၊ နင် လူမဝင်စားချင်တော့ဘူးလား”

​ချင်းရှုရန်၏ခန္ဓာကိုယ်ပတ်လည်ရှိ သတ်ဖြတ်လိုစိတ် အငွေ့အသက်များမှာ တုန်ယင်နေသည်။ သူမကြုံတွေ့ခဲ့ရသည်များကိုတွေးမိရင်း ချန်အန်းမြို့စားအိမ်တော်၏ဆက်ခံသူနှင့် ဆဋ္ဌမမင်းသားတို့မှာ ဆက်ခံသူကြင်ယာတော်ကို အတူတူစော်ကားနေကြသည်ကို မြင်လိုက်ရသော် ထိုညမှအဖြစ်အပျက်ကို ချက်ချင်းသတိရသွားစေသည်။

ထိုအတွေးများက သူမကိုရူးသွပ်သွားစေပြီး အသိစိတ်လွတ်ကာ မိန်းမများကို အနိုင်ကျင့်သည့် ယောကျ်ားမှန်သမျှအား သတ်ပစ်ချင်စိတ်များပေါက်လာစေ၏။

"ဖယ် ကျွန်မ အကုန်လုံးကိုသတ်ပစ်မယ်"

​ချင်းရှုရန် လေထဲတွင် ခေတ္တရပ်သွားပြီး ခဏမျှသာ ရုန်းကန်လိုက်ပြီးနောက် ချန်အန်းမြို့စားအိမ်တော်၏ ဆက်ခံသူထံသို့ ဦးတည်သွားလိုက်သည်။ ထို့ကြောင့် ရှောင်အန်းလဲ့ အမြန်ရှေ့တိုးပြီး တားလိုက်ရသည်။

​“နင် သတိထားစမ်း”

ရှောင်အန်းလဲ့ သူမကိုအရိုးဖြူထီးထဲသို့ ဆွဲသွင်းလိုက်ရုံသာ တတ်နိုင်တော့သည်။ ထို့နောက် ယနေ့ည လူဝင်စားရန်ပို့ပေးမည့် ပြိတ္တာကို သတိရသွား၏။

‘သူမက ဒီအောက်တန်းစားကိုသတ်လို့ မရပေမယ့် ပြိတ္တာကတော့ ဒီနေ့သူ့ဆီမှာ ကံပါလာတာပဲလေ’

​“ရော့ အဲ့ထဲဝင်ပြီးရင်စား၊ နင် စားချင်သလောက် စားလို့ရတယ်”

​သူမပြောပြီးသည်နှင့် ပြိတ္တာမှာ ချန်အန်းမြို့စားအိမ်တော်၏ ဆက်ခံသူကိုယ်ထဲသို့ ပြေးဝင်သွားသော်လည်း ချက်ချင်းပြန်ကန်ထွက်လာသည်။

‘အကာအကွယ်အဆောင်လား’

​ရှောင်အန်းလဲ့လက်လှမ်းပြီး ဆက်ခံသူကိုယ်ပေါ်မှ အကာအကွယ်အဆောင်ကို ဖြုတ်ယူလိုက်သည်။ ထို့နောက် လက်မြှောက်ကာ သူ့ပခုံးနှစ်ဖက်ကိုပုတ်ပြီး ပခုံးပေါ်ရှိမီးတောက်များကို ငြှိမ်းသတ်လိုက်၏။

ရှောင်အန်းလဲ့၏ကျေးဇူးဖြင့် ပြိတ္တာလည်းဝင်ပူး၍ ရသွားခဲ့သည်။

​ခွန်းမင်းသားကိုတော့ ရှောင်အန်းလဲ့ အနားလျှောက်သွားပြီး မျက်နှာအား ဓားဖြင့်တစ်ချက် မွှန်းလိုက်၏။

‘ရှင်နဲ့ကျွန်မ ရေစက်ပါလာမှတော့ ဓားတစ်ချက် လက်ဆောင်ပေးလိုက်မယ်၊ နောက်ကျရင် ရှင်လည်းဒီအစုတ်ပလုတ် မျက်နှာကိုကုဖို့ ဆေးရှာနေရတာနဲ့တင် အလုပ်များနေမှာဆိုတော့ မကောင်းတာလုပ်ဖို့အချိန်မရှိတော့ဘူးပေါ့’

‘ရှင့်လိုချို့ယွင်းချက်ရှိတဲ့သူက ဘုရင်ဖြစ်အုံးမလား ကြည့်လိုက်အုံးမယ်၊ တော်ဝင်သွေးသားတွေ အကုန် မျိုးဆက်ပြတ်သွားရင်တော့ တစ်မျိုးပေါ့’

​ခွန်းမင်းသားသည် နာကျင်မှုကြောင့် လန့်နိုးလာပြီး လက်ဖြင့်စမ်းကြည့်လိုက်ရာ မျက်နှာတစ်ခုလုံး သွေးများပေကျံနေသည်ကို တွေ့လိုက်ရ၏။ စူးရှသည့် နာကျင်မှုကြောင့် အသိစိတ်ချက်ချင်း ပြန်ဝင်လာသည်။ ထို့နောက် သူမှန်ကြည့်ရန် အမြန်ပြေးသွားလိုက်သည်။

​“ငါ့မျက်နှာ ငါ့မျက်နှာ ဘယ်သူ ဘယ်သူ လုပ်တာလဲ”

​ချန်အန်းမြို့စားအိမ်တော်၏ဆက်ခံသူသည် မျက်လုံးများကို မှုန်ဝါးဝါးဖွင့်ကြည့်လိုက်ပြီး ဆူညံနေသောလူအား စိတ်အနှောင့်အယှက်ဖြစ်စွာကြည့်လိုက်သည်။ ထို့နောက် သူစားပွဲနားလျှောက်သွားပြီး စတင်စားသောက်တော့၏။

ထိုနေရာတွင် ဒီမနက်စောစော၌ ခွန်းမင်းသားကို ဧည့်ခံဖို့ပြင်ဆင်ထားသော အရက်နှင့်ဟင်းပွဲများ ရှိနေသည်။

ချန်အန်းမြို့စားအိမ်တော်သည် အာဏာကြီးမားလှသဖြင့် အစားအသောက်နှင့် အရက်များမှာ နန်းတော်နီးပါးအဆင့်ရှိပေသည်။ ပြိတ္တာမှာ ပါးစပ်မှဆီများယိုကျလာသည်ထိ အငမ်းမရစားသောက်နေ၏။

​ခွန်းမင်းသားမှာတော့ ထူပူကောဘေးမှနေ အော်ဟစ်နေ၏။

“အပြင်ကလူတွေ အပြင်က လူတွေ လာကြစမ်း၊ ဒီပန်းဝမ်အတွက် နန်းတွင်းသမားတော်ကို မြန်မြန်သွားပင့်ခဲ့ကြ”

​ကိုယ်ပျောက်နေသော ရှောင်အန်းလဲ့ကုတင်ဘေးသို့ တိတ်တဆိတ်သွားပြီး ဓားမြှောင်ဖြင့် ဆက်ခံသူကြင်ယာတော်ကို တုပ်နှောင်ထားသောကြိုးများကို ဖြတ်ပေးလိုက်သည်။

ထို့နောက် သူမကိုစောင်ခြုံပေးပြီး ကုတင်ဘေးတွင်ထိုင်ကာ ခွန်းမင်းသား အရူးသဖွယ်ဖြစ်နေသည်ကို ကြည့်နေလိုက်၏။

​ခြံဝင်းထဲတွင် အစေခံများရှိသော်လည်း အယုတ်တမာဆက်ခံသူက အကြံအစည်ဖြင့် အစေခံများကို ဖယ်ထုတ်ထားခဲ့သောကြောင့် အချိန်တခဏကြာသွားခဲ့သည်။ မကြာခင်မှာပင် အထိန်းတော်တစ်ယောက် ဝင်လာပြီး ခွန်းမင်းသားကို ချက်ချင်းခေါ်ထုတ်သွားသည်။

သူတို့ထွက်သွားပြီးနောက် အပြင်ဘက်မှ ငှက်အော်သံတစ်ခုကြားလိုက်ရသဖြင့် ရှဲ့စစ်မင် သူမကိုခေါ်နေမှန်း ရှောင်အန်းလဲ့ သိလိုက်သည်။ သူမထွက်သွားရန် ထရပ်လိုက်ချိန်တွင် ဆက်ခံသူကြင်ယာတော်မှာ ရုတ်တရက်ချိုင့်ဝင်သွားသော ကုတင်ဘေးနေရာလေးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်ကိုမြင်လိုက်ရ၏။ ထိုအခါ ဆက်ခံသူကြင်ယာတော် ရုတ်တရက်စကားပြောလိုက်၏။

“နင်းဝူကျောင်းတော်မှာ အစွမ်းထက်တဲ့ ဆရာတစ်ယောက်ရှိတယ်၊ သူက ဒီအိမ်ရဲ့ ပင်မထောက်တိုင်ပဲ”

​“ကျေးဇူးပဲ”

​ရှောင်အန်းလဲ့ အပြင်ထွက်လာပြီး ရှဲ့စစ်မင်ကို ရှာတွေ့သွားသည်။

“ရှင် နင်းဝူကျောင်းတော် ဘယ်မှာလဲသိလား”

​“သိတယ်”

ရှဲ့စစ်မင် သူမရှိရာဘက်ကိုကြည့်ပြီး ပြောလိုက်ကာ နင်းဝူကျောင်းတော်ဆီသို့ ဦးဆောင်ခေါ်သွားခဲ့၏။ ပြိုင်ဘက်၏ အစွမ်းအစကို မသိရသေးခင် ကိုယ်ပျောက်နေသည်က ပိုကောင်းမည်ဟု ရှောင်အန်းလဲ့ခံစားရသည်။ ထို့ကြောင့် ချက်ချင်းပင် အသက်သွင်းလိုက်၏။ နင်းဝူကျောင်းတော်သို့ ရောက်သောအခါ ခြံဝင်းအပြင်ဘက်တွင် အစီအရင်တစ်ခုတကယ်ရှိနေသည်။

“အစီအရင်တစ်ခု ရှိနေသေးတယ်၊ ကျွန်မနောက်က လိုက်ခဲ့”

ရှောင်အန်းလဲ့သတိထားပြီး သူ့လက်ကို လှမ်းကိုင်ကာ ရှေ့မှလျှောက်သွားလိုက်သည်။ သူမမှာ ကိုယ်ပျောက်မန္တန်ရှိနေပြီး တစ်ဖက်လူက သူမကိုမမြင်နိုင်သော်လည်း ယခု သူ့လက်ကိုကိုင်ပြီး တမင်တကာ အခွင့်အရေးယူနေသည်အား လုံးဝဝန်ခံမည်မ‌ဟုတ်‌ပေ။

‘​တကယ်တော့ ကိုယ်ပျောက်မန္တန်က ရှဲ့စစ်မင်ရဲ့မျက်လုံးထဲမှာ ဘာမှမဟုတ်သလို ဒီအစီအရင်ကလည်း သူ့အတွက် မပြောပလောက်ပေ’

‘ဒါက သူ့ရဲ့လျှို့ဝှက်ချက်၊ ဘယ်သူ့ကိုမှ ပြောပြလို့ မရတဲ့ လျှို့ဝှက်ချက်’

​သူ့လက်ကို ရှောင်အန်းလဲ့ကိုင်ထားသည့်အတွက် လှုပ်ရှားမှုသေးသေးလေးပင် သူမလုပ်ရဲပေ။ သို့သော် အနက်ရောင်မျက်နှာဖုံးအောက်တွင်တော့ ရှဲ့စစ်မင်နှုတ်ခမ်းထောင့်လေးမှာ အပေါ်သို့ ကွေးတက်နေခဲ့၏။

​ရှောင်အန်းလဲ့၏ ဦးဆောင်မှုနောက်လိုက်ကာ လျှောက်နေစဉ် ရုတ်တရက် ရှောင်အန်းလဲ့လှည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

“ဒီမှာ စောင့်နေ၊ ကျွန်မအထဲဝင်ပြီး သွားကြည့်လိုက်ဦးမယ်”

​ရှဲ့စစ်မင် တခြားတစ်နေရာကိုကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။

သူ နားထောင်သည်ကိုမြင်၍ ရှောင်အန်းလဲ့ နံရံပေါ်အရင်ပျံတက်သွားခဲ့သည်။ ခြံဝင်းထဲတွင် မည်သူမှမရှိသည်ကိုမြင်သည်နှင့် သူမခုန်ကျော်ပြီးဝင်သွားလိုက်၏။

သို့သော် ခြံဝင်းထဲတွင် အမည်မသိအနံ့ဆိုးများနှင့် ပြည့်နေခဲ့သည်။ သူမဝင်သွားလိုက်သည်နှင့် အိမ်ထဲ၌ တရားထိုင်နေသောလူ၏မျက်လုံးများပွင့်လာခဲ့သည်။

​“ရာရာစစစ ခြံဝင်းထဲကို ဘယ်သူ ကျူးကျော်ဝင်လာရဲတာလဲ”

​ရှောင်အန်းလဲ့ ခါးထက်ရှိအိတ်ကိုပုတ်ပြီး ချင်းရှုရန်ကို လွှတ်ပေးလိုက်သည်။ တာအိုဆရာအိုကြီး ထွက်လာသည်ကိုမြင်ချိန် ချင်းရှုရန် ချက်ချင်းတိုက်ခိုက်လိုက်၏။

​သူမခန္ဓာကိုယ်တစ်ခုလုံး မင်ရည်ကဲ့သို့ မည်းနက်နေပြီး သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ဖုံးလွှမ်းနေခဲ့သည်။ ထိုအငွေ့အသက်များက အနက်ရောင် ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားကာ တာအိုဆရာအိုကြီးထံသို့ထိုးချလိုက်သည်။

​“ရဲတင်းလှချည်လား၊ ဘယ်က အသိဉာဏ်မရှိတဲ့သရဲမကများ ဒီလူကြီးရှေ့မှာ လာပြီးမောက်မာနေရတာလဲ သေလိုက်စမ်း”

​တာအိုဆရာအိုကြီးနှင့် ချင်းရှုရန်တို့ တိုက်ခိုက်ကြရာ အင်အားချင်းမျှနေသည့်အတွက် အနိုင်အရှုံးကိုပြောရန် ခက်ခဲနေသည်။ ခဏတာ အပြန်အလှန် တိုက်ခိုက်ပြီးနောက် တာအိုဆရာအိုကြီးကို ချင်းရှုရန်မှနောက်ဆုတ်သွားအောင် တိုက်ထုတ်နိုင်ခဲ့၏။

​“တော်တော်အစွမ်းထက်တဲ့ သတ်ဖြတ်လိုစိတ်အငွေ့အသက်တွေပဲ၊ ငါ့ရဲ့ခြံဝင်းထဲကို ကျူးကျော်ဝင်လာရဲတာ မထူးဆန်းပါဘူး၊ ကောင်းကင်နဲ့ မြေကြီးက အဆုံးမရှိဘူး၊ မီးနတ်ဘုရားဆီက မီးကိုငှားမယ်၊ လောင်ကျွမ်းစေ”

​တစ်ဖက်လူမှ တာအိုပညာထုတ်သုံးနေသည်ကို တွေ့လိုက်ရသောကြောင့် ရှောင်အန်းလဲ့ ချင်းရှုရန်ကိုကယ်ရန် ရှေ့ထွက်တိုက်တော့သည်။ ထို့ကြောင့် ရှောင်အန်းလဲ့လည်း လက်ဟန်ပြောင်းပြီး မန္တန်ရွတ်လိုက်သည်။

“ကောင်းကင်နဲ့ မြေကြီးက အဆုံးမရှိဘူး၊ အကောင်းဆုံးသောအရာက ရေနဲ့တူတယ်၊ ရေနတ်ဘုရားဆီက ရေကို ငှားမယ်”

​သူမ မန္တန်ရွတ်လိုက်ရာ ရေနဂါးတစ်ကောင်ထွက်ပေါ်လာပြီး ပြိုင်ဘက်ထံသို့ ပစ်လွှတ်လိုက်သည်။ ပြိုင်ဘက်မှာ မိမိနည်းတူတာအိုပညာရပ်များကို သိနေသဖြင့် တာအိုဆရာအိုကြီးသည် သူ့ကိုတစ်ယောက်ယောက် အသေသတ်ချင်နေသည်အား ချက်ချင်းသိလိုက်၏။

​“မင်းက ဘယ်သူလဲ၊ အမှောင်ထဲပုန်းနေပြီး ကိုယ်ထင်မပြရဲဘူး၊ ခြုံခိုတိုက်ခိုက်တာက သူရဲဘောင်ကြောင်တာပဲ”

ထိုအခါမှ ချင်းရှုရန် အသိစိတ်ပြန်ဝင်လာပြီး ရှောင်အန်းလဲ့ ရှေ့သို့ချက်ချင်း ပျံသန်းလာသည်။

​“သူလား”

​ချင်းရှုရန် ခေါင်းခါလိုက်၏။

“မဟုတ်ဘူး၊ ဒါပေမယ့် နည်းနည်းတော့ တူတယ်”

‘​ဒါက ဘယ်လိုမရေမရာအဖြေမျိုးလဲ’

“ဟုတ်တယ်ဆိုဟုတ်တယ်၊ မဟုတ်ဘူးဆို မဟုတ်ဘူးပေါ့၊ ‘နည်းနည်းတူတယ်’ ဆိုတာဘာအဓိပ္ပာယ်လဲ”

​ချင်းရှုရန် ချက်ချင်းခေါင်းခါလိုက်သည်။

“မဟုတ်ဘူး”

​သူမ ထိုသို့ပြောသည်ကိုကြား၍ ရှောင်အန်းလဲ့ လှည့်ပြန်ရန် စီစဉ်ကာ ချက်ချင်း ပြောလိုက်၏။

“ဒါဆို သွားကြစို့”

​“ဘယ်သွားမလို့လဲ၊ ရောက်လာမှတော့ နေခဲ့ကြပေါ့”

​တာအိုဆရာဝူချန်၏အသံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရှောင်အန်းလဲ့၏အသံထွက်လာရာ နေရာထံသို့ ပျံသန်းသွားပြီး သားမြီးယပ်ဖြင့်ရိုက်ချလိုက်သည်။

ထို့ကြောင့် ရှောင်အန်းလဲ့ မူလနေရာမှ အမြန်ပျံသန်း ရှောင်တိမ်းလိုက်ရသည်။ ထိုအချိန်တွင် အပြင်ဘက်ရှိ ရှဲ့စစ်မင်လည်း တစ်ခုခုမှားယွင်းနေမှန်း သတိထားမိပြီးကူညီရန် အပေါ်တက်သွားဖို့ ပြင်လိုက်သည်။

ထိုအချိန် ရှောင်အန်းလဲ့ သူမဝယ်ယူထားသည့် အနီရောင်ကျောက်စိမ်းထီးအား ထုတ်လိုက်သည်ကိုမြင်လိုက်ရ၏။ ​ထိုအနီရောင်ထီးမှာ သာမန် ဆီစိမ်စက္ကူထီးနှင့်တူသော်လည်း သူ ရှဲ့စစ်မင်ကိုယ်တိုင်ပင် မ,မနိုင်လောက်အောင် လေးလွန်းသည်။ ယခုတော့ ထိုထီးက စက္ကူကဲ့သို့ ပေါ့ပါးစွာလေထဲတွင် ပျံဝဲပြီး တာအိုဆရာအိုကြီးထံသို့ ဦးတည်သွားနေသည်။

ဒုန်းခနဲမြည်သံနှင့်အတူ တာအိုဆရာအိုကြီး၏ရင်ဘတ်ကို အားပြင်းပြင်းဖြင့် ဝင်ဆောင့်လိုက်ရာ တာအိုဆရာမှာ သွေးစိမ်းရှင်ရှင် တစ်လုတ်အန်ထုတ်လိုက်ရပြီး နောက်သို့လွင့်စင်သွား၏။

​ရှောင်အန်းလဲ့ အခွင့်ကောင်းယူကာ အနီးကပ်လိုက်သွားပြီး ထိုတာအိုဆရာရှေ့တွင် အမှန်တိုင်းပြောစေသည့်အဆောင်တစ်ခုကို ချက်ချင်းကပ်လိုက်သည်။

“ရှင် ဒီမှာ ဘာလုပ်နေတာလဲ၊ ဘယ်ဂိုဏ်းကလဲ”

​“ငါက မြို့စားကြီးအတွက် သက်ရှည်ဆေးပြားဖော်စပ်ပေးဖို့ ဒီကိုရောက်နေတာ၊ ငါက နဂါးတိမ်တောင်ဂိုဏ်းက တပည့်ပဲ”

​’နဂါးတိမ်တောင်၊ ရှောင်အန်းလဲ့ တကယ်ပဲ တစ်ခါမှ မကြားဖူးဘူး’

“ရှင့်ရဲ့ မွေးသက္ကရာဇ်နဲ့ အချိန်ကိုပြော”

​တာအိုဆရာအိုကြီး သူမကိုမမြင်ရသည့်အပြင် သူ့ရင်ဘတ်ပေါ် ဖိထားသည့် အနီရောင် ကျောက်စိမ်းထီးကလည်း အလွန်အစွမ်းထက်နေခဲ့၏။ ထို့အပြင် အမှန်တိုင်းပြောစေ‌သော အဆောင်ကြောင့် တာအိုဆရာအိုကြီး သူ့ပါးစပ်ကို မထိန်းချုပ်နိုင်ဘဲ သူ၏မွေးသက္ကရာဇ်နှင့် အချိန်ကို လိမ္မာစွာ ပြောပြလိုက်ရ၏။ ​ချက်ချင်းပင် ရှောင်အန်းလဲ့ လက်မြှောက်ပြီး တွက်ချက်တော့သည်။

ထို့နောက် ရှောင်အန်းလဲ့ အေးစက်သည့် မျက်နှာထားဖြင့် အနီရောင်ကျောက်စိမ်းထီးကို လက်ထဲကိုင်ပြီး တာအိုဆရာအိုကြီး၏လက်ကောက်ဝတ်ကို ရိုက်ချိုးလိုက်ရာ သူ့လက်နှစ်ဖက်စလုံး ကျိုးသွားခဲ့သည်။

​တာအိုဆရာအိုကြီး ငိုယိုအော်ဟစ်လိုက်ပြီး သူ့လက်မောင်းများကို ရှေ့မှကာထားကာ အံကြိတ်၍ အနီရောင်ကျောက်စိမ်းထီးကို ကြည့်ရင်း ပြောလိုက်၏။

“မင်းမှာ အစွမ်းအစရှိရင် ငါ့ကိုသတ်လိုက် မဟုတ်ရင် ဒီနေ့ရန်ငြိုးကို သေချာပေါက် လက်စားချေမယ်”

​အမှန်တော့ ရှောင်အန်းလဲ့ ရုတ်တရက် အကြံတစ်ခုကို သတိရသွားခြင်း ဖြစ်သည်။

‘သူမ လူသတ်လို့မရပေမယ့် မကောင်းတာတွေ ဆက်မလုပ်နိုင်အောင် လူဆိုးတွေကိုဒုက္ခိတဖြစ်အောင်တော့ လုပ်လို့ ရတယ်မလား’

ထို့ကြောင့် ချက်ချင်းပင် အနီရောင်ကျောက်စိမ်းထီးကိုသုံးပြီး တာအိုဆရာ၏လည်ချောင်းကို ထောက်လိုက်သောကြောင့်စကားဆက်မပြောနိုင်တော့ပေ။ ထို့နောက် သူ၏ကျိုးနေသည့် လက်ကိုကြည့်ကာ အချိန်တော်ကြာ စာမရေးနိုင်တော့သည်ကိုမြင်၍ အလွန် ကျေနပ်သွားခဲ့၏။

​“ရှင့်လက်နှစ်ဖက်စလုံးကို ချိုးပစ်လိုက်တာက ရှင့်ကိုသတိပေးတာပဲ၊ နောက်ကျရင် လူတွေရဲ့ကံကြမ္မာကိုဖြစ်သလို မပြောင်းလဲနဲ့၊ လူတွေကို ဒုက္ခပေးဖို့ အစီအရင်တွေမလုပ်နဲ့၊ ယဲ့မင်းသားအိမ်တော်က အစီအရင်ကို ရှင်လုပ်ခဲ့တာမဟုတ်လား၊ ပြောစမ်း ရှင့်ကို ဘယ်သူကခိုင်းတာလဲ”

50

“ဟုတ်တယ်”

​ထိုအချိန် အလွန်လျင်မြန်သော မြားတစ်စင်း အဝေးမှ လေထုကို ခွဲကာ ပျံသန်းလာပြီး တာအိုဆရာအိုကြီး၏ နှလုံးတည့်တည့်ကို စိုက်ဝင်သွားကာ သူ့အသက်ကို ချက်ချင်း နှုတ်ယူသွားသည်။

​ရှောင်အန်းလဲ့ မဲ့ပြုံးပြုံးလိုက်၏။

‘ဒီလူသေတာနဲ့ပဲ သူမမှာဖြေရှင်းစရာ နည်းလမ်းမရှိဘူးလို့ သူတို့ တကယ် ထင်နေတာလား’

သူမလက်မြှောက်ပြီး တာအိုဆရာအိုကြီး၏ခန္ဓာကိုယ်ဆီသို့ ပြေးသွားကာ သူ့ဝိညာဉ်ကို ဖမ်းဆုပ်ရန် ပြင်လိုက်သော်လည်း အံ့သြစရာကောင်းစွာပင် မည်သည်ကိုမှ ဖမ်းဆုပ်၍ မမိလိုက်ပေ။

​ရှောင်အန်းလဲ့ မယုံနိုင်စွာဖြင့် ထပ်မံ လက်လှမ်းလိုက်သော်လည်း မည်သည်ကိုမှ မတွေ့ရပြန်ပေ။ ပုံမှန်အားဖြင့် လူတစ်ယောက် သေဆုံးပြီးနောက် ဝိညာဉ်မှာ ခန္ဓာကိုယ်မှ ထွက်ခွာလာတတ်သည်။ မည်သည့်အရာမှ မရှိဘူးဆိုလျှင် ထိုလူ၏ ဝိညာဉ် ကြွေလွင့်သွားပြီဟု အဓိပ္ပာယ်ရလေသည်။

‘အဲဒီမြားပဲ ဖြစ်ရမယ်’

ရှောင်အန်းလဲ့ တာအိုဆရာအိုကြီး၏ နှလုံးတွင် စိုက်ဝင်နေသော မြားကို ဆွဲနှုတ်လိုက်ရာ မြားခေါင်းပေါ်တွင် လူတစ်ယောက်၏ ဝိညာဉ်ကို ကွဲလွင့်စေနိုင်သော မန္တန်များ ရေးဆွဲထားသည်ကို တွေ့ရှိလိုက်ရ၏။

​“တော်တော် အစွမ်းထက်တဲ့ မန္တန်တွေပဲ”

‘တစ်ဖက်လူက တကယ့်ကို ဉာဏ်ကောင်းတာပဲ၊ လူတစ်ယောက်ရဲ့ ဝိညာဉ်ကို ကွဲလွင့်အောင်တောင် ဒီလိုနည်းလမ်း သုံးတတ်တယ်၊ သူ့ကို ဒုက္ခပေးဖို့ ဒီနည်းလမ်းကို သုံးတယ်ဆိုတော့ ယဲ့မင်းသား ရဲ့ အိမ်တော်မှာ အစီအရင်လုပ်ဖို့ ဘယ်သူ လွှတ်လိုက်တာလဲဆိုတာ တာအိုဆရာအိုကြီး ဝူချန်ကို ဖွင့်မပြောစေချင်လို့ ဖြစ်မယ်’

​မြားပစ်လိုက်သောနေရာသို့ ကြည့်လိုက်ရာ ရှဲ့စစ်မင် အနက်ရောင်ဝတ်လူတစ်ယောက်နှင့် တိုက်ခိုက်နေပြီဖြစ်သည်။ ရှောင်အန်းလဲ့ တာအိုဆရာအိုကြီး၏ ခါးမှပိုက်ဆံအိတ်ကို ဆွဲယူလိုက်ပြီး သူ့၏ သားမြီးယပ်ကိုပါယူကာ ခန္ဓာကိုယ်ပေါ်တွင် အခြားပစ္စည်းများရှိမရှိ စစ်ဆေးကြည့်လိုက်သည်။

ထို့နောက်မှ ရှဲ့စစ်မင်ကိုကူညီရန် လှည့်လာခဲ့သည်။ သူမ၏အနီရောင်ထီးက တောက်ပလာပြီး ပြိုင်ဘက်ကို တိုက်ခိုက်ရန် ပြင်လိုက်ချိန်မှာပင် ပြိုင်ဘက်က မီးခိုးငွေ့များလွှတ်ထုတ်ကာ ချန်အန်းမြို့စားအိမ်တော်မှ ထွက်ပြေးသွား၏။ ​ရှောင်အန်းလဲ့၏ကိုယ်ပျောက်မန္တန် အာနိသင်လည်းကုန်သွားပြီး သူမပုံရိပ်ပေါ်လာလေသည်။

​“သူ့နောက် လိုက်ကြမယ်”

“အဲဒီ ဆရာဝူချန်သေသွားပြီ၊ သူ့ဝိညာဉ်လည်း ကွဲလွင့်သွားပြီ”

​ရှဲ့စစ်မင်လည်းကိစ္စများမှာ မရိုးရှင်းဘူးဟု ခံစားမိသည်။ သူနှင့်ရှောင်အန်းလဲ့တို့ ထိုလူနောက်သို့လိုက်သွားကြသော်လည်း ချန်အန်းမြို့စားအိမ်တော်မှထွက်လိုက်သည်နှင့် အနက်ရောင်ဝတ်လူသည် အဆိပ်သောက်ပြီး တည့်တည့်ကြီး လဲကျသေဆုံးသွားလေသည်။

​ရှောင်အန်းလဲ့ လက်လှမ်းပြီး သူ့ခန္ဓာကိုယ်ဆီဖမ်းဆုပ်ကာ စစ်ဆေးလိုက်သည်။ ထုံးစံအတိုင်း မည်သည့်အရာမှ မရှိပေ။

‘ဒီလူကလည်း စောစောကတာအိုဆရာအိုကြီးလိုပဲ ဝိညာဉ်‌ကြွေလွင့်သွားပြီး သူမအတွက် ဘာသဲလွန်စမှမချန်ထားခဲ့ဘူး’

​“ဒါ အသေခံလုပ်ကြံသတ်ဖြတ်သူတွေလား”

​ရှောင်အန်းလဲ့ ထိုသို့ပြောသည်ကိုကြားသောအခါ ရှဲ့စစ်မင် မျက်နှာထားတည်တင်းသွားပြီး ခေါင်းငြိမ့်လိုက်၏။

“ဟုတ်တယ်၊ ဒီလုပ်ကြံသတ်ဖြတ်သူတွေက အရမ်းကြောက်စရာကောင်းတယ်၊ သူတို့ကို ငယ်ငယ်ကတည်းက လေ့ကျင့်ပေးထားရတယ်၊ ကိုယ့်အသက်သေမှာကို လုံးဝဂရုမစိုက်ကြဘူး၊ သခင်မလေး ပြောသလိုပဲ၊ သူတို့က မတွေးခေါ်တတ်တော့ ဝိညာဉ်ကြွေလွင့်သွားမှာကိုလည်း ဂရုမစိုက်ကြဘူး”

“ဘယ်သူကများ ဒီလို လုပ်ကြံသတ်ဖြတ်သူတွေကို မွေးထားတာလဲ”

​ရှဲ့စစ်မင် သူမကိုထူးဆန်းသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။

​“တော်ဝင်မိသားစုလေ”

​ထိုစကားကြောင့် ရှောင်အန်းလဲ့ တိတ်ဆိတ်သွား၏။

​“ဒီည ကျွန်မတို့ပြဿနာရှာမိပြီထင်တယ်၊ တစ်ဖက်လူက အမှောင်ထဲကနေ ကျွန်မကိုမမြင်ရဘူးမလားဟင်”

​သူမ အခြေအနေအားရှောင်ဖယ်ချင်နေသည်ကိုမြင်သောအခါ ရှဲ့စစ်မင် ပြောစရာ စကားမဲ့သွားလေသည်။

“သူတို့ မမြင်လောက်ပါဘူး”

​ရှောင်အန်းလဲ့ ရင်ဘတ်ကိုဖိလိုက်သည်။

“ဒါဆို တော်သေးတာပေါ့၊ အချိန်လည်း မစောတော့ဘူးဆိုတော့ ကျွန်မပြန်တော့မယ်၊ တစ်ခုခု လိုအပ်ရင် ဘဝသစ်ဆိုင် မှာ လာရှာလို့ရပါတယ်”

​သူမ အမြန်ထွက်သွားချင်နေသည်ကို မြင်သောအခါ ရှဲ့စစ်မင် မည်သို့လုပ်ရမှန်းမသိဖြစ်ကာ ရယ်ချင်သွား၏။ ​ရှောင်အန်းလဲ ချန်အန်းမြို့စားအိမ်တော်ရှိအစီအရင်များနှင့် သူမကို သတ်၍မူလကိုယ်၏ဝိညာဉ်အား ယူသွားသူသည် တစ်ယောက်တည်းဖြစ်လိမ့်မည်ဟု ခံစားလိုက်ရသည်။

‘ကံကောင်းတာက တာအိုဆရာကြီးသေသွားပြီဆိုတော့ ဆက်ခံသူစုန့်ကိုယ်ပေါ်က ပြိတ္တာကို လောလောဆယ်ဘယ်သူမှ ဖယ်ရှားပေးနိုင်မှာ မဟုတ်တော့ဘူး၊ ဒီရက်ပိုင်းတော့ပြိတ္တာကို သခင်လေးစုန့်ဆီမှာထားပြီး အားရပါးရ စားသောက်ခိုင်းထားလိုက်ဦးမယ်’

​

နောက်တစ်နေ့မနက်တွင် ရှောင်အန်းလဲ့ မနက်စာစားရန် ဧည့်ခန်းမဆောင်သို့ သွားရာ ရှောင်သခင်မနှင့်စူးကျင်ရုံတို့မရှိသည်ကို တွေ့လိုက်ရသည်။

ရှောင်ချန်းလင်း သူမရောက်လာသည်ကိုမြင်သည်နှင့် ချက်ချင်းမျက်စိတစ်ဖက် မှိတ်ပြလိုက်၏။ ရှောင်အန်းလဲ့အကြည့်မှာ သူမအစ်ကိုကြီးထံသို့ရောက်သွားပြီး မျက်မှောင်ကြုတ်သွား၏။ သူမ ဒုတိယအစ်ကိုရှောင်ချန်းလင်းကို တစ်ချက်ကြည့်လိုက်ရာ သူကမည်သို့မှ မတတ်နိုင်ဘူးဆိုသည့် ပုံစံမျိုးလုပ်ပြလေသည်။

​“ဒီရက်ပိုင်း အစ်ကိုကြီးနောက်ကို ငါ လိုက်နေတာ၊ မနေ့က အစ်ကိုကြီး ဓားရှည်ကြီးတစ်လက် လက်ဆောင်ရလာတယ်၊ နောက်ကျရင် အဲဒီဓားမှာ တစ်ခုခုမှားနေတာ ရှိမရှိသွားစစ်ကြည့်ဦး”

​ရှောင်အန်းလဲ့ ရှောင်ချန်းဖုန်း၏ မျက်နှာထားကိုကြည့်ပြီး ခေါင်းငြိမ့်လိုက်၏။

“မနက်စာစားပြီးရင် အစ်ကိုကြီးရဲ့ခြံဝင်းထဲ သွားကြည့်လိုက်ပါ့မယ်”

​ရှောင်အန်းလဲ့ဝင်လာကတည်းမှ အစ်ကိုကြီးကိုယ်ပေါ်တွင် ယင်စွမ်းအင်တစ်ခု ရှိနေသည်ကိုအာရုံခံမိနေပြီဖြစ်ရာ ထိုဓားမှာ တစ်ခုခုမှားယွင်းနေသည်မှန်းသေချာနေလေပြီ။ ​ရှောင်သခင်ကြီးမျက်နှာတွင် ဂုဏ်ယူမှုများအပြည့်ရှိနေသည်။ ယခင်ဘဝမှာဖြစ်ဖြစ် ယခုဘဝမှာဖြစ်ဖြစ် သူ့သမီးမှာ တကယ့်ကို အံ့သြစရာကောင်းလွန်းလှသည်။

သူရှောင်အန်းလဲ့ကို ကျေနပ်စွာကြည့်ပြီး ခေါင်းငြိမ့်လိုက်ကာ အားရပါးရစားသောက်နေသော သမီးအငယ်ဆုံးလေးကိုလည်း အချစ်ပိုသောမျက်နှာထားဖြင့် လှည့်ကြည့်လိုက်၏။

‘ဘာပဲဖြစ်ဖြစ် သူ့သမီးလေး ကောင်းကောင်းစားနိုင်တာကိုက ကောင်းချီးတစ်ခုပဲလေ’

​ယခင်ဘဝမှ ရှောင်သခင်ကြီးတွင် ရှောင်အန်းလဲ့တစ်ယောက်တည်းသာ သမီးအဖြစ်ရှိခဲ့သည်။ သူမကို ရွှမ်မန်ဂိုဏ်းသို့ပို့ပြီးနောက် သူ တစ်ယောက်တည်း အထီးကျန်စွာ ဖြတ်သန်းခဲ့ရ၏။ ယခုဘဝတွင်တော့ သားသမီးများ များစွာသူ့ဘေးနားတွင် ရှိနေသောကြောင့် တကယ့်ကိုရှားရှားပါးပါး ပျော်ရွှင်မှုကိုခံစားရသည်။ ​ထို့နောက် ဇနီးဖြစ်သူကို သတိရသွားပြီး ရှောင်အန်းလဲ့ထံပြောလိုက်၏။

“မနေ့ကတည်းက မင်းအမေသရဲတွေ မြင်ရတယ်လို့ ပြောနေတယ်၊ ဘာဖြစ်နေတာလဲဆိုတာ သွားကြည့်ပေးလို့ရမလား”

​ရှောင်အန်းလဲ့ လုံးဝမတွန့်ဆုတ်ဘဲ ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။

“ရတာပေါ့၊ မနက်စာစားပြီးရင် အမေ့ကို သွားကြည့်ပေးပါ့မယ်၊ သမီးရှိနေမှတော့ ဘယ်မကောင်းတဲ့အရာကမှ သမီးတို့အိမ်ထဲကို ဝင်ရဲမှာမဟုတ်ပါဘူး၊ ဖေဖေ အရင်စားပါ၊ ဖေဖေစားပြီးရင် သမီးသွားကြည့်လိုက်မယ်”

​ရှောင်ချန်းလင်း လှည့်ကြည့်လိုက်ရာ ညီမဖြစ်သူရှောင်ကျားဟော်မှ ပါးစပ်အပြည့်အစာများ ငုံထားပြီး စားနေသည်ကို တွေ့လိုက်ရသည်။

“နင် ဘာလို့ အဲဒီလောက်အများကြီး စားနေတာလဲ၊ အမေသာရှိရင် နင့်ကိုဆူတော့မှာပဲ၊ အထက်တန်းစားမိသားစုက သခင်မလေးတစ်ယောက်က နင့်လိုမျိုး ဘယ်သူအများကြီး စားလို့လဲ”

​“ညီမလေးတို့က မျိုးရိုးမြင့် အထက်တန်းစား မိသားစုတွေမှမဟုတ်တာ၊ ညီမလေးတို့ကို ချည်နှောင်ထားတဲ့ စည်းကမ်းတွေလည်း အများကြီးမရှိပါဘူး၊ အဲ့တာကြောင့် ညီမလေးထမင်း နည်းနည်းလောက် ပိုစားလို့မရဘူးလား၊ ပြီးတော့ နောက်ကျယောကျ်ားရှာတဲ့အခါ အဲ့လိုမျိုးရိုးမြင့်အိမ်က လူတွေနဲ့မယူဖို့ညီမလေးဆုံးဖြတ်ထားတယ်၊ ဒီအတိုင်းသာမန်မိသားစုထဲကပဲ ရှာလိုက်မယ်၊ အဲ့အတိုင်းဆို စည်းတွေဘောင်တွေမလိုပဲ ညီမလေးစားချင်တာစားလို့ရပြီ”

​“ပေါက်ကရတွေ”

ရှောင်သခင်ကြီး ရှားရှားပါးပါးဒေါသထွက်သွား၏။

​“မင်းဘာတွေပြောနေတာလဲဆိုတာ ကိုယ့်ဟာကိုယ် ပြန်ကြည့်ဦး၊ သခင်မလေးတစ်ယောက်က ယောကျ်ားရှာတဲ့အကြောင်းကို ဘယ်လိုလုပ် ပေါ့ပေါ့ဆဆ ပြောနေတာလဲ၊ ပြီးတော့ မင်းက ရှောင်အိမ်တော်မှာအလိုလိုက်ခံထားရတဲ့ သခင်မလေးလေ၊ ဘယ်လိုလုပ် သာမန်လူတစ်ယောက်နဲ့ လက်ထပ်လို့ရမှာလဲ၊ မျိူးရိုးမြင့်မိသားစုတွေရဲ့ ရှုပ်ထွေးတဲ့ စည်းကမ်းတွေကိုမကြိုက်ဘူးဆိုရင်တောင် အနည်းဆုံးတော့ ပထမအဆင့်ပညာရှင်တော့ဖြစ်ရမယ်”

​ရှောင်သခင်ကြီး မျက်လုံးလှန်ကြည့်လိုက်ပြီး သူ့ဝါးတူကိုဘေးချကာပြောလိုက်သည်။

​“မင်းအဖေ့ကို ဒေါသထွက်အောင် လုပ်လိုက်တာပဲ၊ နောက်ကျရင် အဲဒီလိုထပ်မပြောနဲ့တော့၊ နောက်လကျရင် သမီးရဲ့ဝမ်းကွဲအစ်မ တော်ဝင်မိသားစုထဲကို လက်ထပ်ဝင်တော့မယ်၊ နောက်ရက် အနည်းငယ်နေရင် သမီးအဒေါ် နဲ့ သူ့မိသားစုလာကြလိမ့်မယ်၊ သမီးရဲ့ ဝမ်းကွဲအစ်မက သူတို့ရဲ့သမီးအရင်းလေ၊ အဖေ သူတို့အတွက်အပြင်မှာ အိမ်တစ်လုံးရှာပြီး တစ်နှစ်စာငှားပေးထားတယ်၊ သူတို့လာတဲ့အခါ မင်းတို့အားလုံး ယဉ်ယဉ်ကျေးကျေးနေကြရမယ်၊ စည်းကမ်းတကျ နေကြရမယ်၊ ရှောင်မိသားစုက အရိုင်းအစိုင်းတွေလို့ ဘယ်သူ့ကိုမှ မထင်စေနဲ့”

​ရှောင်ကျားဟော် ကြွက်ပေါက်လေး တစ်ကောင်ကဲ့သို့ ပါးစပ်အပြည့် အစာများ ငုံထားလျက် ခေါင်းငြိမ့်လိုက်၏။

“ဖေဖေ စိတ်မပူပါနဲ့၊ သမီးက ဖေဖေနဲ့ ရှောင်မိသားစုကို လုံးဝအရှက်မကွဲစေရပါဘူး၊ အပြင်လူတွေရှေ့မှာဆို သမီးက တော်တော် တည်ငြိမ်ပါတယ်”

​ကောင်မလေးပြောရင်း ရှောင်အန်းလဲ့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

​“အစ်မကြီး၊ အမေက အခုနေမကောင်းဖြစ်နေတာ၊ အစ်မကြီး ဘာမှနားမလည်ရင် သမီးကိုပဲမေးလိုက်”

​ရှောင်ချန်းလင်း အစိုးရိမ်ဆုံးမှာ စိုးရိမ်ကြောင့်ကြမှုကင်းသည့် သူ့ညီမငယ်လေးကိုပင်။ သူမသည် သခင်မလေးတစ်ယောက်အနေဖြင့် စည်းကမ်းနှင့် ယဉ်ကျေးမှု အနည်းငယ်လိုအပ်သည် ဆိုသော်လည်း သူမခပ်တည်တည် ရပ်နေသရွေ့ သူမ၏မထီမဲ့မြင် အကြည့်တစ်ချက်မှ အရှိန်အဝါဖြင့်ပင် တစ်ပွဲလုံးကို လွှမ်းမိုးထားနိုင်၏။

အမေမှကလေးကို အလိုလိုက်၍ ပျက်စီးသည်ဟု လူများပြောကြသော်ငြား သူတို့မိသားစုမှာတော့ ပြောင်းပြန် ဖြစ်နေသည်။ အမေဖြစ်သူမှာတင်းကျပ်ပြီး အဖေမှာတော့ ချစ်ခင်ကြင်နာတတ်၏။ ထင်ထားသည့်အတိုင်းပင် ရှောင်သခင်ကြီး သူမထိုသို့ပြောသည်ကိုကြားသည်နှင့် ချက်ချင်း ပြုံးပြီး ခေါင်းငြိမ့်လိုက်သည်။

“ကောင်းတယ် ကောင်းတယ်၊ တကယ့်ကို ရှောင်မျိုးရိုးရဲ့သမီးလေးပဲ”

မနက်စာစားပြီးနောက် ရှောင်အန်းလဲ့ ရှောင်သခင်မခြံဝင်းသို့ သွားခဲ့သည်။ ရှောင်သခင်မမျက်လုံးအောက်တွင် ညိုမည်းနေပြီး မနေ့ညက သေချာပေါက် အိပ်မပျော်ခဲ့သဖြင့် စိတ်အားငယ်နေပုံရသည်။ သူမရောက်လာသည်ကိုမြင်သောအခါ အိပ်ရာပေါ်မှ ချက်ချင်းထထိုင်လျက် ဒေါသတကြီး ပြောလိုက်၏။

​“နင် ဒီကိုဘာလာလုပ်တာလဲ၊ ဒါတွေ အကုန်လုံး နင်လုပ်ထားတာမလား”

'မဟုတ်ရင် ဘာလို့ ကျင်းရုံရော သူမရောက မကောင်းတဲ့အရာတွေကိုမြင်နေရတာလဲ'

“သူတို့ကိုမြန်မြန် ထွက်သွားခိုင်းလိုက်စမ်း”

​ရှောင်အန်းလဲ့ အမေရှောင်၏ကုတင်ဘေးတွင် တိတ်တဆိတ်ရပ်နေပြီး အမေရှောင်၏နောင်တမရသောမျက်နှာကိုကြည့်ရင်း သူမလုပ်လိုက်သည့်အရာအတွက် ရုတ်တရက်လွန်သည်ဟုမခံစားရတော့ပေ။

All Chapters