အခန်း (၅၁-၅၂)
Vol. 6 Ch. 51-52
51
(T/N - ဒီအပိုင်းကစပြီး ရှောင်ကျားဟော်ကို ရှောင်ကျားဟယ်လို့ ပြောင်းသုံးပါ့မယ်)
"သူတို့ကို အမေ့ရှေ့မှာ ပေါ်မလာအောင် သမီး လုပ်ပေးလို့ရတယ်၊ ဒါပေမဲ့ သူတို့ သေသွားတာနဲ့ ပတ်သက်လို့ ရှင်းပြချက်တစ်ခုတော့ လိုအပ်တယ် မဟုတ်လား"
သခင်မရှောင်၏မျက်ဝန်းများ တဖျတ်ဖျတ်ခတ်ကာ အကြည့်လွှဲလိုက်ပြီး ငြင်းလေသည်။
"ဘာ ရှင်းပြချက်လဲ၊ နင် ဘာတွေပြောနေမှန်း ငါမသိဘူး"
သူမနောက်မှလိုက်လာသည့် အဖေရှောင် ရုတ်တရက် ကြားဖြတ်၍မေးလိုက်၏။
"လဲ့အာ၊ သမီးပြောတဲ့ 'သူတို့' ဆိုတာ ဘယ်သူတွေကို ပြောတာလဲ"
ရှောင်အန်းလဲ့ သူမလက်ညှိုးနှင့် လက်ခလယ်ကြားတွင် မန္တန်အင်းပြားတစ်ခုကိုညှပ်ကာ ကိုင်မြှောက်ပြီး ခါလိုက်သည်။ အဝါရောင်အင်းပြားလေး ပြာအဖြစ်သို့ လောင်ကျွမ်းသွားပြီးနောက် အိမ်ထဲတွင် မတ်တတ်ရပ်နေသည့် အစေခံသရဲမနှစ်ယောက်ကို အားလုံး မြင်လိုက်ရ၏။
"အိုး ဒါက စူးကျင်းရုံနောက်ကို အမြဲလိုက်နေကျ အစေခံတွေမဟုတ်လား၊ ဟုတ်သားပဲ သူတို့နှစ်ယောက်လုံး သေသွားကြပြီလေ၊ ဒါဆို အခုသူတို့က သရဲတွေပေါ့"
ရှောင်ကျားဟယ် ထိုစကားကိုပြောလိုက်စဉ် သတ္တိရှိလှသည်ဟုထင်ရသော်လည်း 'သရဲ' ဟူသော စကားလုံးကိုဆိုပြီးသည်နှင့် သူမမျက်လုံးများပြာဝေကာ မူးလဲသွားတော့သည်။
ကံကောင်းထောက်မစွာပင် နံဘေးရှိ အစ်ကိုဖြစ်သူမှ အချိန်မီဖမ်းထိန်းလိုက်နိုင်၏။ ရှောင်ချန်းဖုန်း ရှောင်အန်းလဲ့ကို အားကိုးရာမဲ့စွာကြည့်လိုက်ပြီး သရဲနှစ်ယောက်ထံ အကြည့်ရောက်သွားချိန်တွင် ရင်ထဲ၌တုန်လှုပ်မှုကို မနည်းထိန်းထားရသည်။
အဖေရှောင်မှာ ပို၍တည်ငြိမ်ကာ ပြောလိုက်၏။
"မင်းတို့နှစ်ယောက်မှာ ဘာမကျေနပ်ချက်တွေ ရှိလို့လဲ၊ ဘယ်သူက မင်းတို့ကို သတ်ခဲ့တာလဲ၊ ငါကိုယ်တိုင် မင်းတို့အတွက် တရားမျှတမှုရှာပေးမယ်"
ရေများစိုရွှဲနေပြီး ရေနစ်သေဆုံးခဲ့သည့် အစေခံမလေးမှာ မြေပြင်ပေါ်သို့ ဒူးထောက်ချကာ ငို၍ပြောလိုက်သည်။
"သခင်ကြီး စူးကျင်းရုံက ကျွန်မကို ရေကန်ထဲတွန်းချပြီး သတ်ခဲ့တာပါ၊ သခင်ကြီးအနေနဲ့ ကျွန်မအတွက်တရားမျှတမှု ရှာပေးရပါမယ်၊ ကျွန်မတကယ်ကို မတရားသေဆုံးခဲ့ရတာပါ"
အခန်းထဲရှိ လူတိုင်းထိုစကားကို ယုံကြည်သွားကြသော်လည်း သခင်မရှောင် ရုတ်တရက်ဝင်ပြောလာ၏။
"လျှောက်မပြောနဲ့၊ ကျင်းရုံက ဘာလို့ အစေခံတစ်ယောက်ကို သတ်ရမှာလဲ၊ သူကသူ့လက်ကို အညစ်အကြေးအပေမခံဘူး"
ထိုအခါ သရဲမလေးမှ သူမစူးကျင်းရုံအဖြစ်ဟန်ဆောင်ကာ ခွန်းမင်းသားနှင့် အတူရှိခဲ့ပုံကို ပြန်ပြောပြလိုက်သည်။
"အဲဒီနေ့က စူးကျင်းရုံကပဲ ကျွန်မကို သွားခိုင်းခဲ့တာပါ၊ ဒါပေမဲ့ နောက်ပိုင်း သူမက မနာလိုစိတ်နဲ့ ကျွန်မကိုရေကန်ထဲ တွန်းချခဲ့တယ်၊ ကျွန်မ မတရား သေဆုံးခဲ့ရတာမလို့ စိတ်မအေးနိုင်ဘဲ ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံး စူးကျင်းရုံနောက်ကိုပဲ လိုက်နေခဲ့တာ၊ သခင်ကြီး ကျေးဇူးပြုပြီး တရားမျှတမှုရှာပေးပါ"
ချွန်းရှင်း စကားပြောပြီးနောက် ချိုးကျူလည်း အလားတူ ဒူးထောက်ကာ သူမ ကြုံတွေ့ခဲ့ရသည်များကို ရင်ဖွင့်လိုက်၏။
"ကျွန်မလည်း သခင်ကြီးဆီက တရားမျှတမှုကို တောင်းခံချင်ပါတယ်၊ ကျွန်မက နိမ့်ကျလို့ ကျွန်မအသက်က တန်ဖိုးမရှိပေမဲ့ ကျန်းမားကျီက ကျွန်မကို ရိုက်သတ်ခဲ့တာကို နာကျည်းမိပါတယ်၊ ကျွန်မအပေါ် ဒီလို ရက်ရက်စက်စက် ဆက်ဆံခဲ့တဲ့ စူးကျင်းရုံကိုလည်း ပိုလို့တောင်မုန်းတီးမိပါတယ်၊ သခင်ကြီး ကျေးဇူးပြုပြီး ဒီအစေခံအတွက်လည်း တရားမျှတမှုရှာပေးပါ"
အဖေရှောင် သရဲမနှစ်ယောက်ကို ချက်ချင်း ကတိမပေးဘဲ သခင်မရှောင်ဘက်သို့လှည့်ကြည့်ကာ မေးလိုက်၏။
"စူးကျင်းရုံဆိုတဲ့ ကလေးမက တကယ်ကို ရက်စက်လွန်းတာပဲ၊ ဒီနှစ်ယောက်အတွက် ဘယ်လိုတရားမျှတမှုမျိုးပေးသင့်တယ်လို့ မင်း ထင်သလဲ"
ရှောင်အန်းလဲ့လည်း ဘေးနားမှ အေးစက်စက်လေသံဖြင့် ဖြည့်ပြောလိုက်သည်။
"သူတို့ရဲ့အငြိုးတွေ မပြေပျောက်သရွေ့တော့ လူ့လောကထဲမှာပဲ ဆက်ရှိနေမှာ၊ ပြီးတော့ သူတို့က စူးကျင်းရုံရဲ့ဘေးနားမှာပဲ ကပ်တွယ်နေလိမ့်မယ်၊ အဲ့ဒီလိုဆို အချိန်ကြာလာတာနဲ့အမျှ စူးကျင်းရုံရဲ့ ကံကြမ္မာနဲ့ သက်တမ်းကို သေချာပေါက် ထိခိုက်စေမှာပဲ"
သခင်မရှောင် အပြစ်ရှိသကဲ့သို့ ခံစားရကာ အကြည့်လွှဲလိုက်ပြီး ကုတင်ပေါ်တွင် ကွေးကွေးလေးခွေနေမိသည်။
"ငါက ဘာကိုတွေးရမှာလဲ၊ သူတို့က အစေခံတွေပဲလေ၊ သူတို့ရဲ့ကျွန်စာချုပ်တွေက အိမ်တော်မှာရှိတာပဲ၊ အရိုက်ခံရလို့ သေသွားရင်လည်း မြို့တော်ဝန်ဆီ အကြောင်းကြားပြီး ဒဏ်ငွေဆောင်လိုက်ရင်ပြီးပြီ၊ သူတို့အဆင့်နဲ့ ဘာတရားမျှတမှုတွေ ထပ်လိုချင်နေတာလဲ၊ အစေခံတွေအတွက်နဲ့ ကျင်းရုံရဲ့ အသက်ကို ပြန်ပေးဆပ်ခိုင်းရမှာလား၊ ကျင်းရုံက လာမယ့်လမှာ လပ်ထပ်ရတော့မှာ၊ သူ့အဆင့်က မြင့်မြတ်လွန်းတယ်၊ အဲဒီ အစေခံတွေနဲ့ ဘယ်လိုလုပ် ယှဉ်လို့ ရမှာလဲ"
သူမစကားဆုံးသည်နှင့် သရဲမနှစ်ယောက် တစ်ပြိုင်နက်တည်း သူမထံလှည့်ကြည့်လိုက်ရာ သခင်မရှောင်မှာ ကြောက်လန့်တကြား စောင်အောက်သို့ တိုးဝင်သွား၏။
"ငါ ငါပြောတာ မမှားဘူး၊ သခင်ကြီးကရော သူတို့ကို ဘယ်လိုတရားမျှတမှုမျိုး ပေးချင်လို့လဲ"
အဖေရှောင် မျက်နှာပျက်သွားရသည်။ သူ့ဇနီးသည်မှာ တကယ်ပင်အလိုလိုက်ထားလွန်း၍ ပျက်စီးနေပြီဖြစ်သည်။
"သူတို့ရဲ့အဆင့်အတန်းက ဘယ်လောက်ပဲ နိမ့်ပါစေ၊ ဒါက လူ့အသက်နှစ်ချောင်းပဲ"
သူပြောပြီး သရဲမနှစ်ယောက်ဘက်သို့ လှည့်ကြည့်လိုက်၏
"မင်းတို့ရဲ့ နာကျည်းချက်တွေကို ငါသိပါတယ်၊ စူးကျင်းရုံကို ငါတို့ ကောင်းကောင်း မဆုံးမခဲ့မိတာ ငါတို့အပြစ်ပဲ၊ မင်းတို့အငြိုးတွေ ပြေပျောက်ပြီး နောက်ဘဝ ကူးပြောင်းနိုင်ဖို့အတွက် သူ့ကိုဘယ်လိုပြန်ပေးဆပ်စေချင်လဲ"
ချိုးကျူပြောလိုက်သည်။
"ကျွန်မ ကျန်းမားကျီကိုသေစေချင်တယ်၊ စူးကျင်းရုံက သခင်ဖြစ်နေလို့ ကျွန်မဘာမှမလုပ်နိုင်ပေမဲ့ ကျန်းမားကျီကတော့ မြင်းဇောင်းထိန်းအစေခံတစ်ယောက်ပဲ၊ ကျွန်မကိုသတ်ခဲ့ပြီး သူကဘာလို့ ဘေးကင်းကင်းနဲ့နေနေရတာလဲ၊ သူ့ရဲ့အသက်နဲ့ ပြန်ပေးဆပ်စေချင်တယ်၊ သူ သေသွားရင် ကျွန်မ နောက်ဘဝ ကူးပါ့မယ်၊ စူးကျင်းရုံကိုလည်း ဘယ်တော့မှထပ်မနှောင့်ယှက်တော့ပါဘူး"
ချွန်းရှင်းလည်း ပြောလိုက်၏။
"ကျွန်မကတော့ အဲဒီညကခွန်းမင်းသားနဲ့ အတူရှိခဲ့သူဟာ ကျွန်မဆိုတာ စူးကျင်းရုံကိုယ်တိုင် မင်းသားကိုဖွင့်ပြောစေချင်တယ်၊ ပြီးတော့ စူးကျင်းရုံက ကျွန်မကို စိတ်ရင်းမှန်နဲ့ နောင်တရပြီး တောင်းပန်တာကိုလိုချင်တယ်"
သူမတို့ကဲ့သို့ အစေခံများမှာ သခင်အား အသက်နှင့် ပြန်ပေးဆပ်ခိုင်းရန်မဖြစ်နိုင်ကြောင်းသိသော်လည်း သူမ မကျေနပ်နိုင်ပေ။ သူမသခင်မလေး၏ အေးစက်သော နှလုံးသားကို မုန်းတီးမိသကဲ့သို့ ထိုည၌အတူရှိခဲ့သူမှာ သူမဖြစ်ကြောင်းကို ခွန်းမင်းသားတစ်သက်လုံး သိမသွားတော့မည်ကိုလည်း သူမ အလွန်စိတ်နာမိသည်။
သေဆုံးသူများ၏ စွဲလမ်းမှုမှာ များစွာ ရှိတတ်သော်လည်း ထိုစွဲလမ်းမှုများ ပျောက်ကွယ်သွားပါက သူတို့ နောက်ဘဝ ကူးပြောင်းသွားကြမည်ပင်။ ကုတင်ပေါ်တွင် ကွေးနေသော သခင်မရှောင် ရုတ်တရက် ထပြောလိုက်၏။
"မရဘူး၊ အဲဒီညက ကျင်းရုံမဟုတ်ဘူး ဆိုတာကို ခွန်းမင်းသားသိသွားရင် ကျင်းရုံကို ဘယ်လိုမြင်မလဲ၊ နင်တို့အတွက် ငွေစက္ကူတွေ အများကြီးမီးရှို့ပေးရင်ရောမရဘူးလား၊ ငွေစက္ကူတွေ အများကြီးရှိရင် နင်တို့ ငရဲပြည်က အရာရှိတွေကို လာဘ်ထိုးပြီး နောက်ဘဝချမ်းသာတဲ့ မိသားစုမှာ လူပြန်ဖြစ်လို့ ရတာပေါ့၊ နင်တို့ မိဘတွေက သားကိုပဲ အလိုလိုက်ပြီး သမီးတွေကိုဂရုမစိုက်တော့ ငွေစက္ကူအများကြီး ရှို့ပေးမှာ မဟုတ်ဘူး၊ ငါတို့က အများကြီးရှို့ပေးမယ်လေ ဘယ်လိုလဲ"
ထိုစကားကိုကြားလိုက်ရသောအခါ ချွန်းရှင်းကိုယ်မှ အငြိုးတေး အငွေ့အသက်များ ပိုပြင်းထန်လာကာ ရှောင်အန်းလဲ့ရှေ့တွင် ဒူးထောက်လိုက်သည်။
"မလိုချင်ဘူး၊ ကျွန်မမှာ ဒီဆန္ဒတစ်ခုပဲ ရှိတာပါ၊ အကြီးဆုံးသခင်မလေးက ဖြည့်ဆည်းပေးဖို့ တောင်းပန်ပါတယ်"
ရှောင်အန်းလဲ့ ခေါင်းငြိမ့်ပြကာဆို၏။
"ဒါက လွယ်ပါတယ်"
သူမ သဘောတူလိုက်သည်ကိုမြင်သောအခါ သခင်မရှောင် ချက်ချင်းပင် ပြစ်တင်ပြောဆိုတော့သည်။
"နင် နင် ဘယ်လိုဖြစ်နေတာလဲ၊ အဲဒါ နင့်ရဲ့အစ်မဝမ်းကွဲလေ၊ ခွန်းမင်းသားက ကျင်းရုံအပေါ် စိတ်ကွက်သွားရင် ဘယ်လိုလုပ်မလဲ၊ နင် ဂရုမစိုက်ဘူးလို့ ပြောနေပေမဲ့ နင့်ရဲ့စေ့စပ်ကြောင်းလမ်းမှုကို ကျင်းရုံရသွားတာနဲ့ ပတ်သက်ပြီး အခုထိစိတ်ထဲထားနေတုန်းပဲမလား"
ထိုစကားကိုကြားသောအခါ အဖေရှောင် ပို၍ပင်မျက်နှာပျက်သွားတော့၏။
"မင်း ဘာတွေ ပြောနေတာလဲ၊ စူးကျင်းရုံကို ဒီအိမ်တော်မှာကျွေးမွေး စောင့်ရှောက်လာတာ ဒီလောက်ကြာပြီ၊ ငါ သူမအပေါ်မကောင်းတာ ဘာလုပ်ခဲ့လို့လဲ၊ တော်ဝင်မိသားစုနဲ့ စေ့စပ်ထားတာကိုတောင် သူမကိုပေးခဲ့ပြီးပြီလေ၊ သူမက ဘာတွေထပ်လိုချင်သေးတာလဲ၊ တကယ်ကို အလိုလိုက်လွန်းတဲ့ အမေကြောင့် သားသမီးပျက်စီးရတာပဲ၊ သူ ဘယ်လိုလူမျိုးဖြစ်လာလဲဆိုတာ ကြည့်လိုက်အုံး၊ လူ့အသက်ကိုတောင် စိတ်ထင်သလို ရန်ရှာရဲနေပြီ၊ ဒီကိစ္စကို ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်မယ်၊ မင်း ဆက်ပြီးသရဲခြောက်တာကို ခံချင်တယ် ဆိုရင်တော့ ဒါကိုငြင်းကြည့်လေ"
သခင်မရှောင် ထပ်မံအနှောင့်အယှက် ခံရမည်ကိုကြောက်သဖြင့် ချက်ချင်း ခေါင်းခါပြလိုက်သည်။
"မရဘူး၊ သူ ငါ့ကိုလာမနှောင့်ယှက်ကြနဲ့၊ အဲဒါဆို အဲဒါဆို ကျင်းရုံရဲ့ သဘောထားကို အရင်မေးကြည့်ကြတာပေါ့"
စူးကျင်းရုံအားခေါ်လိုက်ရာ သူမမျက်နှာမှာ ဖြူလျော်နေသည်။ အခန်းထဲသို့ဝင်လာပြီး ရှောင်မိသားစုဝင် အားလုံးကို မြင်လိုက်ရသောအခါ သူမ ကြောင်အသွားပြီး တွေးမိလိုက်သည်။
'အဒေါ် သေတော့မှာလား'
ထို့နောက် အစေခံသရဲမနှစ်ကောင်ကို မြင်လိုက်ရသောအခါ သူမမျက်လုံးများ ပြူးကျယ်သွား၏။ ထိုအရာကို မြင်သောအခါ ရှောင်အန်းလဲ့နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ဒါနင့်ဘေးမှာရှိခဲ့တဲ့ ချွန်းရှင်းနဲ့ ချိုးကျူတို့လေ၊ သူတို့မှာ မကျွတ်လွတ်သေးတဲ့ စွဲလမ်းမှုတွေရှိနေလို့ လူ့လောကမှာပဲ ရှိနေကြတာ၊ ပြောရရင်တော့ သူတို့က နင့်နောက်ကိုပဲ နေ့ညမပြတ်လိုက်ပြီး နှောင့်ယှက်နေကြလိမ့်မယ်၊ အဲဒီလိုအခြေအနေမှာ နင့်ရဲ့ ကံကြမ္မာကလည်း ပိုပိုပြီးဆိုးရွားလာလိမ့်မယ်"
ထိုစကားကိုကြားလိုက်ရ၍ စူးကျင်းရုံမျက်လုံးများ အံ့သြတုန်လှုပ်မှုဖြင့်ပြူးသွားသည်။ ထိုသရဲမနှစ်ကောင်၏ နှောင့်ယှက်မှုကို သူမ လုံးဝမခံနိုင်တော့ပေ။ ထို့နောက် သူမ ရှောင်မိသားစုဝင်များကိုကြည့်လိုက်ရာ အားလုံးက ထိုသရဲမများအား မြင်နေကြရသည်ကိုသိလိုက်ရ၏။
"ရှင် ရှင်တို့အားလုံး သူတို့ကိုမြင်နေရတာလား"
ရှောင်မိသားစုဝင်များ ခေါင်းငြိမ့်ပြကြပြီး သူမအားကြည့်သည့် အကြည့်များမှာ ရှုပ်ထွေးနေကြသည်။ ရှောင်ချန်းဖုန်း ဦးစွာ စကားစလိုက်၏။
"ငါတို့ အားလုံးမြင်ရတယ်၊ မင်းကိုဒီနေ့ ခေါ်လိုက်တာက ဒီကိစ္စကိုဖြေရှင်းဖို့ပဲ"
စူးကျင်းရုံ လက်ကိုင်ပုဝါကိုတင်းတင်းဆုပ်ကာ တောင့်တောင့်ကြီးရပ်နေမိသည်။ ထိုအခိုက်အတန့်တွင် သူမစိတ်ထဲ၌ သရဲနှစ်ယောက်အား နှိမ်နင်းရန်အတွက် တာအိုဆရာတစ်ယောက်ကို ပင့်ဖိတ်ဖို့ပင်ကြံစည်နေမိသည်။
52
စူးကျင်းရုံ လူအားလုံးကိုလိုက်ကြည့်ရင်း အားတင်းကာ ပြုံးလိုက်သည်။ ထို့နောက် သူမအကြည့်များ ရှောင်အန်းလဲ့ထံသို့ ကျရောက်သွား၏။
“ဖြေရှင်းမယ်၊ ဘယ်လိုဖြေရှင်းမှာလဲ၊ ဝမ်းကွဲညီမက တာအိုကျောင်းက ပြန်လာတာဆိုတော့ တစ္ဆေသရဲနှင်တာမျိုးတွေကို တတ်ထားလို့လား”
ရှောင်အန်းလဲ့ ခေါင်းညိတ်ပြလျက် ဆိုသည်။
“ဟုတ်တယ်၊ ငါက နင်တို့ သူတို့ကိုမြင်အောင်လုပ်ပေးနိုင်သလိုမျိုး၊ သူတို့ကို ထွက်သွားအောင်လည်း လုပ်ပေးနိုင်တယ်”
ထိုစကားကို ကြားလိုက်ရသည်နှင့် စူးကျင်းရုံ အလောတကြီး ပြောလိုက်၏။
“ဒါဆိုရင်လည်း ဝမ်းကွဲညီမ အဲဒီအစေခံမနှစ်ယောက်ကို မြန်မြန်လေး ရှင်းထုတ်ပေးပါတော့၊ သူတို့ကို အစ်မရှေ့မှာ နောက်ဘယ်တော့မှပေါ်မလာအောင်လုပ်ပေးပါ”
ရှောင်အန်းလဲ့ပြုံးကာ ခေါင်းညိတ်ပြသည်။
“ကောင်းပါပြီ၊ ဒါပေမဲ့ ဝမ်းကွဲအစ်မဘက်ကလည်း နည်းနည်းတော့ ပူးပေါင်းပေးဖို့ လိုမယ်၊ ချွန်းရှင်းနဲ့ ချိုးကျူကို တောင်းပန်လိုက်ပါ၊ ပြီးတော့ နောက်နောင် ဘယ်သူ့ကိုမှထပ်ပြီး အန္တရာယ်မပြုတော့ပါဘူးလို့ ကတိပေးရမယ်၊ နောက်တစ်ခု အဲဒီညကခွန်းမင်းသားနဲ့အတူရှိနေခဲ့သူက ချွန်းရှင်း ဆိုတာကိုလည်း မင်းသားဆီမှာ ရှင်းရှင်းလင်းလင်း ပြောပြပေးရမယ်”
“မဖြစ်ဘူး ခွန်းမင်းသားကိုတော့ လုံးဝ ပြောပြလို့မရဘူး”
တကယ်ပင် ရှောင်သခင်မပြုစုပျိုးထောင်ထားသည့် ကလေးပီသပေသည်။ သူမအတွေးအမြင်များမှာ ရှောင်သခင်မနှင့် တစ်ထေရာတည်းပင်။ သူတို့နှစ်ယောက်သည် စိတ်ချင်းဆက်နေသော သားအမိများဖြစ်နေမလားဟုပင် သူမသံသယဝင်မိ၏။
“ဒါဆိုရင် ဒီကိစ္စကို ခဏဘေးဖယ်ထားလိုက်ကြရအောင်၊ အရင်ဆုံး ကျန်းမားကျီကို သူကျူးလွန်ခဲ့တဲ့ပြစ်မှုအတွက် ပေးဆပ်ခိုင်းလိုက်မယ်၊ ဒါတော့ လက်ခံနိုင်တယ်မဟုတ်လား၊ တစ်ယောက်ချင်းစီပဲ ရှင်းထုတ်ပေးသွားတာပေါ့”
ခွန်းမင်းသားမှာ လက်ရှိတွင် သူ့မျက်နှာကို ကုသရန်အတွက် အလုပ်ရှုပ်နေသဖြင့် စူးကျင်းရုံကို လာရောက်နှောင့်ယှက်ရန် အချိန်မရှိသေးပေ။ ရှောင်အန်းလဲ့၏ အကြံပြုချက်ကို ကြားသောအခါ စူးကျင်းရုံ မလိုလားသော်လည်း သဘောတူလိုက်ရသည်။
အဖေရှောင် ချက်ချင်းပင် ကျန်းမားကျီကို ဖမ်းခိုင်းလိုက်၏။ ရှောင်အန်းလဲ့ ကျန်းမားကျီကို ချိုးကျူ၏ဝိညာဉ်အား မြင်အောင်ပြုလုပ်ပေးပြီးနောက် စစ်ဆေးမေးမြန်းရန်အတွက် မြို့တော်ဝန်ရုံးသို့ ပို့ဆောင်လိုက်၏။
ချိုးကျူမှာမူ ထိုရလဒ်ကိုရရှိလိုက်သည်နှင့် ရှောင်အန်းလဲ့ထံဒူးထောက်ဦးတိုက်ကာ ကျေးဇူးတင်၏။ ထိုခဏ၌ပင် သူမ၏စွဲလမ်းငြိတွယ်မှုများမှာလည်း ပျောက်ကွယ်သွားတော့သည်။
သူမမှာ ရှောင်အန်းလဲ့ကိုယုံကြည်လေသည်။ အငြိုးများကင်းစင်သွားပြီးနောက် ရှောင်အန်းလဲ့ သူမကိုကြေးပြားတစ်ခုအတွင်းသို့ သိမ်းဆည်းလိုက်ပြီး ယနေ့ညတွင် ဘဝကူးပြောင်းနိုင်ရန်အတွက် ဘဝသစ်ဆိုင်သို့ခေါ်ဆောင်သွားရန် စီစဉ်လိုက်၏။
ကျန်ရှိနေသည့် ချွန်းရှင်းမှာမူ ထိုညက ခွန်းမင်းသားနှင့် အတူရှိနေခဲ့သူမှာ သူမဖြစ်ကြောင်းကို မင်းသားသိရှိသွားရန် အခိုင်အမာ တောင်းဆိုနေဆဲပင်။ စူးကျင်းရုံ မည်မျှပင် ကန့်ကွက်နေပါစေ အဖေရှောင်မှ ခွန်းမင်းသားကိုခေါ်ရန် လူလွှတ်လိုက်သည်။
ခွန်းမင်းသားမှာ တကယ်ပင်ရောက်မလာခဲ့ပေ။ မနေ့ညက လုပ်ကြံသတ်ဖြတ်သူတစ်ဦး၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သဖြင့် ယခုအခါ အိပ်ရာထဲတွင် လှဲနေရကြောင်း သူ့မျက်နှာတွင်ပင် ဒဏ်ရာရရှိထားကြောင်း အကြောင်းပြန်လာ၏။ ချွန်းရှင်း ခွန်းမင်းသားအတွက် အလွန် စိုးရိမ်ပူပန်သွားကာ ချက်ချင်းပင်ပြောလေသည်။
“သခင်မလေး၊ ကျွန်မခွန်းမင်းသားရဲ့ ဒဏ်ရာတွေ ဘယ်လိုနေလဲဆိုတာ သွားကြည့်ချင်ပါတယ်၊ ကျွန်မ ကျွန်မ တကယ်ပဲ ခွန်းမင်းသားအတွက်စိုးရိမ်နေလို့ပါ”
ရှောင်အန်းလဲ့ ပြောစရာစကားပျောက်သွားရသည်။
“နင် ဘာလို့ ဒီလောက်ထိကံဆိုးနေရလဲဆိုတာ သိရဲ့လား၊ ဘာဖြစ်လို့လဲဆိုတော့ နင်ကယောကျာ်းတွေကို သနားတတ်လို့ပဲ၊ အထူးသဖြင့် နင့်ကိုနည်းနည်းလေးမှ ဂရုမစိုက်တဲ့ယောကျာ်းမျိုးကိုပေါ့”
“မဟုတ်ပါဘူး၊ ခွန်းမင်းသားက ကျွန်မဆီလာတိုင်း ကျွန်မကိုအမြဲတမ်း ငေးကြည့်တတ်တယ်၊ ကျွန်မရဲ့ အဆင့်အတန်းက နိမ့်လွန်းနေလို့ပါ၊ တကယ်လို့သာ ကျွန်မမှာသခင်မလေးလိုမျိုး အဆင့်အတန်းရှိခဲ့မယ်ဆိုရင် ခွန်းမင်းသားက ကျွန်မအပေါ်မှာ နောက်ပုံစံတစ်မျိုးနဲ့ သေချာပေါက်ဆက်ဆံမှာပါ”
ကြည့်ရသည်မှာ ထိုမိန်းကလေးသည် လုံးဝကို ကယ်တင်၍မရတော့ပေ။ တစ်ဖက်သတ် အချစ်နွံထဲ၌နစ်မွန်းနေသည့် လူမိုက်မလေးတစ်ဦးသာဖြစ်၏။
ထိုအချိန်၌ ချွန်းရှင်းကို သရဲအဖြစ် ကြောက်လန့်နေသော စူးကျင်းရုံပင်လျှင် ရှေ့သို့တက်ကာပါးရိုက်ပစ်ချင်စိတ်ပေါက်သွားသည်။ နိမ့်ကျသည့် အစေခံမတစ်ယောက်မှ ထိုကဲ့သို့မဖြစ်နိုင်သည့် အိပ်မက်မျိုးကိုမက်မနေသင့်ကြောင်း ပြောဆိုချင်နေပုံရသည်။ အဖေရှောင် ချက်ချင်းပင် ပြောလိုက်၏။
“ငါတို့အိမ်တော်မှာ အစွမ်းထက်တဲ့ ဆေးစွမ်းကောင်းရှိတယ်လို့ ခွန်းမင်းသားဆီကိုလူလွှတ်ပြီး အကြောင်းကြားလိုက် ”
သူ ခွန်းမင်းသားကို အိမ်တော်သို့ ကြွလာရန် ပြောချင်သော်လည်း တစ်ဖက်လူမှာ မင်းသားတစ်ပါးဖြစ်နေသည့်အပြင် ဒဏ်ရာလည်းရထားသည်ဖြစ်ရာ ကိုယ်တိုင်လာခိုင်းရန်မှာမသင့်တော်ဟု တွေးမိသွား၏။ ထို့နောက် သူ ရှောင်အန်းလဲ့ဘက်သို့လှည့်ကာ ပြောလိုက်သည်။
“သူမကို ခွန်းမင်းသားရဲ့အိမ်တော်ဆီ ခေါ်သွားလို့ရမလား”
ရှောင်အန်းလဲ့ ခေါင်းကိုခါယမ်းပြ၏။
“ခွန်းမင်းသားက နဂါးမျိုးနွယ်ဖြစ်တဲ့အပြင် သူ့မှာနဂါးစွမ်းအားတွေရှိနေတာကြောင့် အနားကပ်ဖို့ခက်ခဲလိမ့်မယ်၊ အိမ်တော်ကိုယ်တိုင်ကလည်း နဂါးစွမ်းအားတွေနဲ့ လွှမ်းခြုံထားတာဆိုတော့ ခွန်းမင်းသားကိုယ်တိုင် ဒီကိုလာမှဖြစ်မှာ၊ ဒါပေမဲ့ လောလောဆယ်တော့ လောစရာမလိုပါဘူး၊ စူးကျင်းရုံ ကိုယ်တိုင်ကတောင် အလျင်မလိုနေမှတော့ သမီးကပိုလို့တောင် အေးအေးဆေးဆေးဖြစ်သေးတယ်၊ သူနောက်ကို အငြိုးတွေပြည့်နေတဲ့ မျက်နှာနဲ့ နေ့တိုင်းလိုက်နှောင့်ယှက်ခိုင်းထားလိုက်ပေါ့၊ ဒါပေမဲ့ သတိထားရမှာ တစ်ခုတော့ ရှိတယ်၊ သူမရဲ့အငြိုးတွေ အရမ်းပြင်းထန်လာတဲ့အခါ အဲဒါတွေက လက်တွေ့ဘဝမှာ ရုပ်လုံးပေါ်လာတတ်တယ်၊ ဆိုလိုတာက စူးကျင်းရုံအနေနဲ့ နောက်နောင်မြစ်ချောင်းတွေ ဒါမှမဟုတ် အဲဒီလိုရေရှိတဲ့နေရာမျိုးတွေ အနားကို လုံးဝမသွားမိဖို့ပဲ၊ မဟုတ်ရင်တော့ သူမကရေရဲ့စွမ်းအားကိုသုံးပြီး စူးကျင်းရုံကို ရေထဲတွန်းချလိုက်နိုင်တယ်၊ အဲဒီအခါကျရင်တော့ စူးကျင်းရုံတစ်ယောက် ရေပေါ် ပြန်တက်လာနိုင်ပါတော့မလားပဲ”
စူးကျင်းရုံမှာ ထိုစကားကိုကြားသည်နှင့် တုန်လှုပ်သွားရသည်။
“ဒါပေမဲ့ အခု ခွန်းမင်းသားကဒဏ်ရာရနေတာလေ၊ သူ ဒီကိုလာအောင် ဘယ်လိုလုပ်ရမှာလဲ”
အဖေရှောင်မှာ ဘဝနှစ်ခုစာဖြတ်သန်းခဲ့ဖူးသူဖြစ်သည်။ မိမိသမီးဖြစ်သူ ဝိညာဉ်နှင်ပေးခြင်းမှာ သူမအတွက် သေချာပေါက် အကျိုးရှိလိမ့်မည်ဟု သူ တွေးမိ၏။ အရင်ဘဝတုန်းက ယုံကြည်မှု စွမ်းအားအကြောင်းကို သူ ကြားဖူးခဲ့သည်ဖြစ်ရာ ထိုနတ်ဘုရားဆရာကြီးများမှာ ဤကဲ့သို့သော အမှုကိစ္စများကို ဆောင်ရွက်ပေးရသည်ကို နှစ်သက်ပုံရ၏။ သူ ချက်ချင်းပင် ဆုံးဖြတ်လိုက်သည်။
“ငါ့မှာ နည်းလမ်းရှိတယ်”
အဖေရှောင် အိမ်တော်ထဲ၌ ထူးဆန်းသော ဆေးဖက်ဝင်အပင်တစ်ပင် စိုက်ပျိုးထားကြောင်း၊ ထိုအပင်သည် ဓားဒဏ်ရာများကို အချိန်တိုအတွင်း ပျောက်ကင်းသက်သာစေနိုင်သော်လည်း တခြားတစ်နေရာသို့ ရွှေ့ပြောင်း၍မရနိုင်ကြောင်း လူလွှတ်၍ အကြောင်းကြားလိုက်သည်။ ခွန်းမင်းသားကိုယ်တိုင် အိမ်တော်သို့ ရောက်လာစေရန်အတွက် ပထမဦးစွာ လှည့်ကွက်ဖြင့် ဆွဲဆောင်လိုက်ခြင်းပင် ဖြစ်သည်။
ရှောင်အန်းလဲ့ ထိုအရာကိုကြည့်ရင်း ပြောစရာစကား ပျောက်သွားရသည်။ သူမဖခင်ဖြစ်သူမှာ မင်းသားတစ်ပါးကိုပင် ထိုကဲ့သို့ လိမ်လည်လှည့်ဖြားရန်ဝံ့ရဲနေ၏။ ရှောင်ချန်းဖုန်းမှာလည်း အဖေရှောင်ကိုကြည့်ရင်း အံ့အားသင့်နေမိသည်။ ဆယ်စုနှစ်တစ်ခုကြာသိနားလည်ခဲ့ရသော ဖခင်ဖြစ်သူ၏ပုံရိပ်မှာ ယခုအခါ လုံးဝပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ထိုစဉ် ရှောင်ချန်းလင်း အဖေရှောင်၏အနားသို့ လျှောက်သွားကာ မျက်နှာကို အနီးကပ်ကြည့်ရင်းပြော၏။
“အဖေ အဖေ့မျက်နှာမှာ လူအရေခွံမျက်နှာဖုံးကြီး စွပ်ထားတာတော့ မဟုတ်ပါဘူးနော် ပြောစမ်းပါဦး၊ အဖေက တကယ်ပဲ ကျွန်တော်တို့အဖေ ဟုတ်ရဲ့လား”
မိမိမျက်နှာအိုကြီးကို ဆွဲလားရမ်းလား လုပ်ရဲသည့် ဒုတိယသားဖြစ်သူအား မြင်သောအခါ အဖေရှောင် ရှောင်ချန်းလင်း၏ခေါင်းကို ဂျိုင်းကြားထဲ၌ ညှပ်ထားလိုက်ကာ ဖင်ကိုအားရပါးရ ရိုက်၍ဆုံးမလိုက်သည်။ ထိုမြင်ကွင်းကို ကြည့်ပြီး တတိယသားမှရေရွတ်နေမိ၏။
“မကြည့်သင့်တာ မကြည့်ရဘူး၊ မပြောသင့်တာ မပြောရဘူး၊ မကြားသင့်တာကိုလည်း နားမထောင်ရဘူး ဟူး”
ရှောင်ကျားဟော်မှာ ယခုမှပင်စိတ်အေးလက်အေးရှိသွားပုံရ၏။ ကြောက်လန့်တကြားဖြစ်နေခဲ့ရသည့် သူမစိတ်ကိုတည်ငြိမ်စေရန်အတွက် စားပွဲပေါ်ရှိ ကိတ်မုန့်တစ်ခုအားယူ၍ စားလိုက်မိသည်။ အကြီးဆုံးသခင်မလေးပြန်ရောက်လာသည့်နေ့မှစ၍ နေ့ရက်တိုင်းမှာ သူမအတွက် အသစ်အဆန်းများသာဖြစ်နေခဲ့ရ၏။
နေ့စဉ်နှင့်အမျှ ထူးဆန်းသော ဗဟုသုတများနှင့် အမြင်သစ်များကိုသာ လက်ခံရရှိနေသည်။ ရှောင်ချန်းလင်းမှာ လူအများရှေ့တွင် မိမိ၏သိက္ခာရှိလှသော တင်ပါးကိုရိုက်ခံလိုက်ရသဖြင့် ဂုဏ်သိက္ခာများ ထိခိုက်သွားရကာ အော်ဟစ်ငိုယိုနေသည်။ ထိုခဏ၌ အခန်းအတွင်းရှိ လေထုမှာ အတော်လေးပင်သက်ဝင်လှုပ်ရှားသွားရ၏။ ရှောင်သခင်မပင်လျှင် အစေခံမလေး၏ဝိညာဉ်ကို ထိုမျှလောက် ကြောက်စရာမကောင်းတော့ဟု ခံစားလိုက်ရသည်။ သို့သော်ပြုံးနေသည့် ရှောင်အန်းလဲ့ထံ အကြည့် ရောက်သွားသည့်အခါတွင်မူ သူမအကြည့်များမှာ ရပ်တန့်သွားရပြန်၏။
သူမ ထိုသမီးဖြစ်သူကို မချစ်သည်တော့မဟုတ်ပေ။ ငယ်စဉ်အခါက ရှောင်အန်းလဲ့ကို သူမအလွန်အမင်းချစ်မြတ်နိုးခဲ့ဖူးသည်။ သို့သော် သမီးဖြစ်သူပျောက်ဆုံးသွားပြီးနောက် ပြန်လည်ရောက်ရှိလာချိန်တွင်မူ သူတို့ကြား၌ စိမ်းသက်မှုများ ရှိနေခဲ့၏။ ထို့ပြင် ကျင်းရုံပြောခဲ့သည်မှာလည်း မှန်ကန်နေသည်။ ရှောင်အန်းလဲ့မှာ တောအရပ်တွင်ကြီးပြင်းလာသည့် တောသူမလေးသာဖြစ်ပြီး ယဉ်ကျေးမှုကိုလည်း နားမလည်ပေ။ သူမကိုယ်တိုင် ဂရုတစိုက် ပျိုးထောင်ထားသည့် ကျင်းရုံနှင့် မည်သို့ ယှဉ်နိုင်ပါမည်နည်း။
သို့သော် သူမ ရုတ်တရက်ပြန်လည်တွေးတောမိသည်မှာ 'ဘာလို့ နှိုင်းယှဉ်နေရမှာလဲ' ဟူ၍ဖြစ်သည်။ သူမကိုယ်တိုင်လည်း အဖြေကိုမသိတော့ပေ။ ရှောင်အန်းလဲ့ သူမ၏မေးခွန်းထုတ်လိုသည့်အကြည့်ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စက်ပင် မျက်နှာလွှဲလိုက်၏။ ထိုကဲ့သို့ အေးစက်သည့်အကြည့်ကို ရှောင်သခင်မ ချက်ချင်းပင်သတိထားမိလိုက်သည်။
သူမစိတ်ထဲတွင် ပထမဆုံးပေါ်လာသည့်အတွေးမှာ စိမ်းကားမှုပင် ဖြစ်သည်။ ဤသမီးဖြစ်သူမှာ နှစ်ပေါင်းများစွာဝေးကွာနေခဲ့ပြီး ပြန်ရောက်လာသည့်တိုင် သူမနှင့်နီးစပ်မှုမရှိသေးပေ။ ထို့နောက်တွင်မူ သူမအားအသုံးချ၍ အဖွားအိုကိုနှင်ထုတ်ခဲ့သည့်ကိစ္စကို ပြန်လည်တွေးမိပြီး အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။ သူမဘေးနားတွင် ကြီးပြင်းလာပြီး ခွန်းမင်းသား၏ချစ်မြတ်နိုးခြင်းကိုခံထားရသည့် ကျင်းရုံကိုကြည့်ရင်း နောင်တစ်ချိန်တွင် ကျင်းရုံ မင်းသားကြင်ယာတော်ဖြစ်လာသောအခါ ရှောင်မိသားစုကို သေချာပေါက် ကူညီပေးနိုင်လိမ့်မည်ဟု သူမယုံကြည်နေ၏။
ရှောင်မိသားစုကို ကူညီနိုင်ရန်အတွက် ကျင်းရုံအပေါ်ကောင်းမွန်စွာ ဆက်ဆံနေခြင်းသာဖြစ်သည်။ ထိုလုပ်ရပ်မှာ မှားယွင်းသည်ဟု သူမ မမြင်မိပေ။ မိမိ၏ ထိုကဲ့သို့သောစေတနာနှင့် ကြိုးပမ်းအားထုတ်မှုများကို သူတို့နားမလည်ကြလေခြင်းဟုတွေးရင်း စားရန်သာသိသော ရှောင်ကျားဟော်ကိုကြည့်ကာ သက်ပြင်းချလိုက်မိသည်။
ထိုကဲ့သို့သော သမီးအငယ်ဆုံးလေးကို ကြည့်ပြီး နောင်အနာဂတ်အတွက် မည်သည့်အရာများအား မျှော်လင့်နိုင်ပါဦးမည်နည်း။ အကယ်၍သာ သူမကို ဂုဏ်သရေရှိအသိုင်းအဝိုင်းထဲသို့ ပေးစားလိုက်ပါက တစ်ဖက်လူမှ သူမကိုပြန်ရောင်းစားလိုက်လျှင်ပင် ရလာသည့် ငွေကို ထိုင်ရေတွက်ပေးနေမည့် အမျိုးအစားပင်ဖြစ်သည်။
ရှောင်သခင်မ ထိုအကြောင်းများကို တွေးရင်း မိမိသာ ထိုမိသားစုအတွက် သောကများ များနေရသည်ဟု ခံစားလိုက်ရ၏။ ရှောင်ချန်းလင်းမှာမူ အော်ဟစ်ငိုယိုနေခြင်းကို ရပ်တန့်လိုက်ပြီး ဖခင်ဖြစ်သူကို ဒေါသတကြီးကြည့်ကာ ပြောလိုက်သည်။
“အဖေ လူတွေ ဒီလောက်အများကြီးရှေ့မှာ ကျွန်တော့်ကို ဘယ်လိုများရိုက်နိုင်ရတာလဲ၊ အခုလည်း ခွန်းမင်းသား ကိုလှည့်ကွက်နဲ့ ခေါ်ထားပြီး ဘာမှ ထုတ်မပြနိုင်ရင်တော့ စိတ်ပုတ်တဲ့ခွန်းမင်းသားက အဖေ့ကိုသေချာပေါက် အငြိုးထားလိမ့်မယ်”
အဖေရှောင် ခါးကိုမတ်လိုက်ပြီး သားဖြစ်သူထံ နက်နဲသောအကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် အားလုံးကိုကြည့်ကာ နှာခေါင်းတစ်ချက်ရှုံ့လိုက်၏။
“ငါတကယ်ပဲ ခွန်းမင်းသား ကို လှည့်စားနေတယ်လို့ မင်းတို့ထင်နေကြတာလား”
‘အဲဒီမေးခွန်းကို မေးစရာလိုသေးလို့လား’
သားသမီးအားလုံး၏ မျက်နှာထက်တွင် ‘သေချာပေါက် လှည့်စားနေတာပေါ့’ ဟူသည့် အဓိပ္ပာယ်များ ပေါ်နေသည်ကို မြင်လိုက်ရသဖြင့် အဖေရှောင် သူတို့အား မျက်စောင်းတစ်ချက် ထိုးလိုက်သည်။
“ဒါကြောင့်လည်း ငါက မင်းတို့အဖေ ဖြစ်နေတာပေါ့၊ ဂျင်းဆိုတာ ရင့်လေ စပ်လေ မဟုတ်လား၊ မင်းတို့ကြည့်နေလိုက်ကြ၊ ငါ့မှာ ငါ့ကိုယ်ပိုင် အစီအစဉ်ကောင်းရှိပြီးသား”
ရှောင်ညီအစ်ကိုသုံးယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ မိမိတို့မသိသေးသည့် ထူးခြားဆန်းပြားသော အရာများ ရှောင်မိသားစုထဲ၌ ရှိနေသေးသည်လော။
သူတို့တင် မဟုတ်ပေ၊ ရှောင်သခင်မနှင့် စူးကျင်းရုံတို့ပင်လျှင် အဖေရှောင် သူ့မုသားစကားကို မည်သို့ဖုံးကွယ်မည်နည်းဟု စပ်စုချင်နေကြ၏။ ရှောင်အန်းလဲ့မျက်ဝန်းအစုံမှာ တောက်ပသွားရပြီး တစ်စုံတစ်ခုအား ရုတ်တရက်တွေးမိသွားဟန်ဖြင့် ခပ်ဖွဖွလေး ပြုံးလိုက်သည်။