← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

53

ခွန်းမင်းသားမှာ အိမ်တော်ရှိလူယုံများကို အမာရွတ်ပျောက်ဆေးများ အပြင်းအထန် ရှာဖွေခိုင်းနေရသည်။ သူ့မျက်နှာပေါ်ရှိ ဒဏ်ရာသည် ရှည်ပြီး နက်ရှိုင်းလှသည်ဖြစ်ရာ အကယ်၍သာ အကောင်းအတိုင်း ပြန်မဖြစ်လာပါက သူ၏ကြိုးစားမှုအားလုံးမှာ အချည်းနှီး ဖြစ်သွားရတော့မည်။

ထိုအချိန်၌ပင် ရှောင်အိမ်တော်မှ သတင်းစကားပါးရန် လူရောက်လာကြောင်းကြားလိုက်ရ၏။ ရှောင်အိမ်တော်၌ လူသေကိုပင် ပြန်လည်အသက်သွင်းနိုင်သည့်အပြင် အသားနုတက်စေပြီး အမာရွတ်ဟူသမျှကို ချက်ချင်း ခြေရာဖျောက်ပေးနိုင်သည့် ထူးဆန်းသော ပန်းတစ်မျိုးရှိကြောင်း ပြောလာသည်။ အစေခံ၏ သတင်းပို့ချက်ကို ကြားသည်နှင့် ခွန်းမင်းသား၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားကာ ချက်ချင်းပင် ထရပ်လိုက်ပြီး ရှောင်အိမ်တော်သို့ ဦးတည်လိုက်၏။

သို့သော် ရှောင်အိမ်တော်သို့ မသွားမီ သူ၏ညာဘက်ပါးပေါ်ရှိ သုံးလက်မခန့် ရှည်လျားသော ဒဏ်ရာကြီးအား ဖုံးကွယ်ရန်အတွက် မျက်နှာဖုံးစွပ်ဖို့လည်း မမေ့ခဲ့ပေ။ သူ ဤကဲ့သို့ ပြုမူခဲ့သူကိုသာ သိရပါက သူ၏နာကျည်းချက်ကို ဖြေဖျောက်ရန်အတွက် ထိုသူ၏မျက်နှာကို သေချာပေါက် ပြန်လည် ဖျက်ဆီးပစ်မည်ဟု ကျိန်ဆဲနေမိသည်။ အိမ်တော်တံခါးဝသို့ ထွက်လာသည့်အခါ ခွန်းမင်းသား တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး မေးလိုက်၏။

“သခင်လေးစုန့်ရော ဘယ်မှာလဲ၊ သူ ဘာတွေ ဖြစ်နေပြီလဲ”

သူ့ဘေးမှ ပြန်လည်ဖြေကြားသည့် သူ၏မျက်နှာအမူအရာမှာ အတော်ပင် ထူးဆန်းနေသည်။

"မင်းသားကို လျှောက်တင်ပါတယ်၊ သခင်လေးစုန့်က အဆက်မပြတ်ကို စားသောက်နေတယ်လို့ သိရပါတယ်၊ အိပ်ချိန်ကလွဲရင် ကျန်တဲ့အချိန်တွေမှာ စားဖို့ပဲအာရုံစိုက်နေတာပါ၊ သူကလူတွေကို အမြဲတမ်း အရသာရှိတာတွေ လုပ်ပေးဖို့ ခိုင်းနေပါတယ်၊ မြို့စားချန်အန်းကတော့ တာအိုဆရာတစ်ယောက်ကိုတောင် ပင့်ဖိတ်ထားပါတယ်၊ အဲဒါက ဝိညာဉ်ပူးကပ်တာလို့ပြောကြပြီး အဲဒီဝိညာဉ်က တော်တော်လေး အစွမ်းထက်သလို ကိုင်တွယ်ရခက်တယ်လို့ ဆိုပါတယ်၊ ဒါပေမဲ့ သခင်လေးစုန့်ကတော့ အခုထိအငမ်းမရစားနေတုန်းပဲ"

ခွန်းမင်းသား သူ့နားထင်ကိုပွတ်လိုက်ရင်း ပြော၏။

"ဝိညာဉ်ပူးတာ ဟုတ်လား၊ ကောင်းကောင်းမွန်မွန် ရှိနေတဲ့သူက ဘာလို့ ဝိညာဉ်ပူးရမှာလဲ၊ မဟုတ်ဘူး ဒါ တစ်ယောက်ယောက်က တမင်တကာ လုပ်ထားတာပဲ ဖြစ်ရမယ်၊ သွားစုံစမ်းကြ၊ အဲဒါ ဘယ်သူလဲဆိုတာ သေချာပေါက် သိအောင် လုပ်ရမယ်၊ ပြီးတော့ ရှောင်အိမ်တော်က သတင်းလာပေးတဲ့လူက သူတို့အိမ်တော်မှာရှိတဲ့ ရတနာက ဘာလဲဆိုတာ ပြောသွားသေးလား၊ ငါ မင်းသားကိုယ်တိုင် လာရမယ်ဆိုတော့ ရှောင်အိမ်တော်က အတော်လေး မာနကြီးလှချည်လား"

သူ ပြောပြောဆိုဆိုနှင့် အင်္ကျီလက်ကို ခါယမ်းလျက် ရထားလုံးပေါ်သို့ တက်လိုက်သည်။ ရှောင်အိမ်တော်ဘက်တွင်မူ အဖေရှောင် ကြံစည်ထားသည့် နည်းလမ်းမှာ လူတိုင်း၏စိတ်ကူးထက် ကျော်လွန်နေခဲ့သည်။ သူသည် ဘဝနှစ်ခုစာ ဖြတ်သန်းဖူးသူဖြစ်၏။ ယခင်ဘဝက သူ သေဆုံးသည်ထိ အေးအေးဆေးဆေး နေထိုင်ခဲ့သည့် ချမ်းသာသောတစ်ကိုယ်တည်းသမားကြီးတစ်ဦးသာဖြစ်ခဲ့သော်လည်း ရှားပါးရတနာများစွာကို မြင်ဖူးခဲ့သူ ဖြစ်ရာ ယခုအခါတွင်လည်း နည်းလမ်းကောင်းတစ်ခုအား အမှန်တကယ် စဉ်းစားမိသွားခြင်းပင်။

ရေထဲသို့ ယမ်းစိမ်းများဖြူးလိုက်သည်နှင့် ရေသည်ရေခဲအဖြစ် ပြောင်းလဲသွားခြင်းကိုကြည့်ပြီး လူတိုင်း အံ့အားသင့်ကုန်ကြ၏။ အကြီးဆုံးသားဖြစ်သူ ရှောင်ချန်းဖုန်းမှာတော့ သတိကပ်နေဆဲဖြစ်ပြီး မေးလိုက်သည်။

"အဖေ၊ အဖေက နွေရာသီမှာ တကယ်ပဲ ရေခဲလုပ်နိုင်တယ်၊ ဒီနည်းလမ်းက တကယ့်ကို အံ့ဩစရာကြီးပဲ၊ ဒါပေမဲ့ ဒါက ခွန်းမင်းသားရဲ့ မျက်နှာဒဏ်ရာနဲ့ ဘာဆိုင်လို့လဲ"

အဖေရှောင်သည် ကျေနပ်အားရနေပြီး ဆို၏။

"ငါက ဒီရေခဲနဲ့ရေခဲပန်းတစ်ပွင့်ပါးပါးလေး လုပ်မလို့လေ၊ ပြီးတော့ အဲဒါကို ပန်းအိုးထဲထည့်ထားမယ်၊ အပြင်ထုတ်လိုက်တာနဲ့ အဲဒါကချက်ချင်းအရည်ပျော်ပြီး ပျောက်သွားမှာပေါ့၊ ဒါဆိုရင် သူတို့ကို လှည့်စားလို့ရမှာပဲမဟုတ်လား၊ ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ ရည်ရွယ်ချက်က ခွန်းမင်းသားဒီကိုရောက်လာဖို့နဲ့ အဲဒီချွန်းရှင်းဆိုတဲ့သရဲမလေးကို နှင်ထုတ်ဖို့ပဲလေ"

အဖေရှောင်၏စကားကို ကြားသောအခါ ရှောင်အန်းလဲ့မှာ တစ်စုံတစ်ရာ ထူးခြားပြောင်မြောက်သည့် အကြံအစည်ကြီးဟု မျှော်လင့်ထားမိသဖြင့် နှုတ်ခမ်းကိုသာစေ့ထားမိသည်။ ယင်းမှာ သူမစိတ်ကူးထားတာနှင့် လုံးဝကို ကွဲပြားနေသည်။

"အဖေ အဖေ့နည်းလမ်းက အလုပ်ဖြစ်မှာ မဟုတ်ဘူး၊ ခွန်းမင်းသားက သူ့မျက်နှာကိုကုပေးနိုင်မယ့် အစွမ်းထက်ဆေးကို လိုချင်လို့ ဒီကိုလာတာ၊ တကယ်လို့ သမီးတို့ထုတ်ပြတဲ့ ဆေးက ချက်ချင်းကြီး ပျောက်သွားမယ်ဆိုရင် သူ့ကို မျှော်လင့်ချက်ပေးပြီးမှ ချက်ချင်း ပြန်ရိုက်ချလိုက်သလိုဖြစ်သွားမှာပေါ့၊ ခွန်းမင်းသားက သေချာပေါက် ဒေါသထွက်မှာပဲ၊ အဲဒီအခါကျ အဖေ့ကိုပါထိခိုက်လာနိုင်တယ်နော်"

အဖေရှောင်မှာတော့ ထိုအချက်ကိုလုံးဝ ဂရုမစိုက်ဘဲ ပြောလိုက်၏။

“ငါကတော့ ဂရုမစိုက်ဘူး၊ ခဏနေရင် ဒီရေခဲလုပ်တဲ့နည်းကို ဘုရင်မင်းမြတ်ဆီ ဆက်သလိုက်မယ်၊ အဲဒီအခါကျရင် ဘုရင်မင်းမြတ်က ငါ့ကိုဆုလာဘ်တွေတောင် ချီးမြှင့်ဦးမှာ၊ ခွန်းမင်းသားက ငါ့ကိုဘယ်လိုပဲ ခက်ခဲအောင်လုပ်ဖို့ ကြိုးစားပါစေ သူဘာတတ်နိုင်မှာလဲ”

“အဖေ့စကားကလည်း ဟုတ်တာပါပဲ”

သို့သော် သူတို့အားလုံးမေ့နေသည်မှာ ထိုအခန်းထဲတွင် ချွန်းရှင်း၏ဝိညာဉ်အပြင် ခွန်းမင်းသားကို လက်ထပ်ရန် စိတ်ဆုံးဖြတ်ထားသည့် စူးကျင်းရုံလည်းရှိနေသည်ဆိုသည့် အချက်ပင်။ စူးကျင်းရုံ ချက်ချင်းဝင်ပြောတော့သည်။

“ရှင်တို့က ခွန်းမင်းသားကိုလိမ်ညာနေတာပဲ၊ မင်းသားရဲ့ဒေါသကို တကယ်ပဲ မကြောက်ကြဘူးလား၊ ဦးလေး ခွန်းမင်းသားရဲ့မျက်နှာက ဒဏ်ရာကိုကုသပေးဖို့ တခြားနည်းလမ်းမစဉ်းစားပေးနိုင်ဘူးလား”

အဖေရှောင် သက်ပြင်းချရင်းပြော၏။

“ငါက နန်းတွင်းသမားတော်လည်း မဟုတ်ဘဲ ဘယ်လိုလုပ်ကုပေးနိုင်မှာလဲ၊ ပြီးတော့ ခွန်းမင်းသား ဘယ်လောက်ထိ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားလဲဆိုတာလည်း ငါမသိဘူး၊ လောလောဆယ်တော့ ဒီဝိညာဉ်ကိစ္စကို အရင်ရှင်းဖို့ ခွန်းမင်းသား ဒီကိုရောက်လာအောင် လုပ်ရမယ်၊ အဲဒါပြီးမှပဲ သူ့မျက်နှာဒဏ်ရာကိစ္စကို ဆက်စဉ်းစားကြတာပေါ့၊ အဆိုးဆုံးဖြစ်လာရင်လည်း မင်းသားအတွက် နာမည်ကြီးသမားတော်တစ်ယောက်ကို ငါကူရှာပေးမှာပေါ့”

သူ့အတွေးမှာ ယုတ္တိဆန်နေသည်။ ခွန်းမင်းသားဘက်မှ ပူးပေါင်းမလား၊ မပူးပေါင်းဘူးလားဆိုသည်မှာတော့ အချိန်တန်မှသာ ရင်ဆိုင်ဖြေရှင်းရမည့် ကိစ္စပင်။ ရှောင်ကျားဟော် နှုတ်ခမ်းလေးစူလျက် ရှိနေသည်။

“စူးကျင်းရုံ ငါတို့တွေက ခွန်းမင်းသားကို ဒီအရောက်ခေါ်ဖို့ ဒီလောက်ထိ အားထုတ်နေရတာတွေက နင့်အတွက်ပဲလေ၊ ငါတို့အိမ်မှာ နတ်သမားတော်မှမရှိတာ၊ မင်းသားကိုယ်တိုင် ဒီကိုကြွလာဖို့ဆိုတာ တခြားနည်းလမ်းတွေပဲသုံးနိုင်တော့တာပေါ့၊ နင် အရမ်းတွေလျှောက်မတွေးနဲ့၊ ဒါမှမဟုတ် နင်ကချွန်းရှင်းရဲ့ ဝိညာဉ် နင့်နောက်တကောက်ကောက် လိုက်နေတာကိုပဲ သဘောကျနေတာလား”

စူးကျင်းရုံ ထိုသို့အဖြစ်မခံနိုင်သည်မှာ သေချာသဖြင့် လက်ခံလိုက်ရုံသာရှိတော့သည်။ နောက်ဆုံးတွင် အစီအစဉ်အရ အဖေရှောင်မှ သူ၏အစွမ်းပြပညာဖြင့် ရေခဲပန်းတစ်ပွင့်ကိုဖန်တီးလိုက်၏။ ရှောင်အန်းလဲ့မှာမူ ချိုးကျူ၏ ဝိညာဉ်ကိုအသုံးချကာ ခွန်းမင်းသားလက်ထဲသို့ ထိုရေခဲပန်း ရောက်သွားသည်နှင့် ချက်ချင်းပင် ရေအိုင်အဖြစ် အရည်ပျော်သွားစေရန် စီစဉ်ထားလိုက်သည်။

မည်သို့ဖြစ်စေ သူတို့ဘက်မှပစ္စည်းပေးပြီးပြီဖြစ်သည်။ ထိုပစ္စည်းကို ဆေးအဖြစ်သုံးမရဘဲ ပျက်စီးသွားခြင်းမှာ သူတို့နှင့် မသက်ဆိုင်တော့ပေ။ အရာအားလုံးက ကလေးဆန်လှသည်ဟု ထင်ရသော်လည်း ခွန်းမင်းသားမှာ တကယ်ပင် ရောက်ရှိလာခဲ့၏။

ရှောင်အိမ်တော်ရှိလူအားလုံး ခွန်းမင်းသားကို ခရီးဦးကြိုပြုကြစဉ် မင်းသားမျက်နှာပေါ်မှ ကြေးမျက်နှာဖုံးကို မြင်လိုက်ရသဖြင့် အားလုံးတအံ့တဩ ဖြစ်သွားကြရ၏။ ခွန်းမင်းသား၏မျက်နှာမှာ လုပ်ကြံသတ်ဖြတ်သူ၏ လက်ချက်ဖြင့် ဒဏ်ရာရရှိခဲ့သည်ဟု သတင်းထွက်နေခဲ့ရာ ယခုကဲ့သို့ မျက်နှာဖုံးဖြင့်ဖုံးကွယ်ထားရသည်ကိုကြည့်လျှင် ဒဏ်ရာမှာအတော်လေး ပြင်းထန်ပုံရသည်။ ရှောင်အိမ်တော်သို့ ရောက်ရှိလာသည်နှင့် ခွန်းမင်းသား လိုရင်းကိုသာ တန်းမေးလိုက်သည်။

“ဒုတိယဝန်ကြီးရှောင်၊ မင်းရဲ့အိမ်တော်မှာ လူသေကို အသက်ပြန်သွင်းနိုင်ပြီး အသားနုတွေကို ပြန်တက်စေနိုင်တဲ့ အစွမ်းထက်ဆေးတစ်မျိုးရှိတယ်လို့ ငါ ကြားထားတယ်၊ အဲဒါတကယ်ပဲလား”

အဖေရှောင်သည် မျက်တောင်တစ်ချက်မခတ်ဘဲ တည်တည်ငြိမ်ငြိမ်ပင် လိမ်လိုက်၏။

“အဲဒီလိုအစွမ်းထက်တဲ့ဆေးရှိတာကတော့ အမှန်ပါပဲ၊ ဒါပေမဲ့ မင်းသား အသိပေးရမယ့် နောက်ထပ်ကိစ္စတစ်ခုလည်း ရှိပါသေးတယ်၊ ဒါကတော့ နည်းနည်းယုံရခက်တဲ့ကိစ္စမျိုးပါ”

ခွန်းမင်းသားမှာမူ သူ့မျက်နှာပေါ်မှ ဒဏ်ရာကိုကုသရန်အတွက် ဆေးကိုသာ အလောတကြီးလိုချင်နေသဖြင့် စိတ်မရှည်စွာဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး မေးလေသည်။

“ဘာကိစ္စ ကျန်သေးလို့လဲ”

ရှောင်အန်းလဲ့ ဝင်ပြောလိုက်၏။

“ဒီမှာ မင်းသားကို တွေ့ချင်နေတဲ့ ဝိညာဉ်တစ်ကောင် ရှိနေလို့ပါ”

ခွန်းမင်းသားမှာ ဆွံ့အသွားရသည်။

“.....”

စူးကျင်းရုံလည်း လက်ကိုင်ပဝါကို အတင်းဆုပ်နယ်ရင်း အလောတကြီး ရှင်းပြ၏။

“မင်းသား ကျွန်မကိုရှင်းပြခွင့်ပြုပါဦး၊ အဲဒီညကလူဆိုတာ တကယ်တော့ ကျွန်မရဲ့ အစေခံမလေးချွန်းရှင်းပါ၊ သူကလေ......”

ခွန်းမင်းသားမှာတော့ အမှန်တကယ်ပင် ထိုညကအမျိုးသမီးမှာ မည်သူဖြစ်သည်ကို ဂရုမစိုက်ခဲ့ပေ။

"ချွန်းရှင်းဆိုတာ ဘယ်သူလဲ၊ ဘယ်သူ ဟုတ်ဟုတ်မဟုတ်ဟုတ်ဆိုတာကို ခဏ ဘေးဖယ်ထားစမ်းပါ"

သူ ရှောင်အန်းလဲ့ဘက်သို့လှည့်ကြည့်လိုက်ပြီးပြော၏။

"သခင်မလေးရှောင်၊ ခုနကပြောတဲ့ စကားရဲ့အဓိပ္ပာယ်က ဘာလဲ"

ရှောင်အန်းလဲ့ သူ့ထံအေးစက်စက်ပင် ကြည့်လိုက်သည်။ ထိုည၌ သူမမြင်ခဲ့ရသည့် စက်ဆုပ်ရွံရှာဖွယ်မြင်ကွင်းများကို ပြန်လည်အမှတ်ရမိသည်။

"အဓိပ္ပာယ်ကတော့ မင်းသားပထမဆုံး ပတ်သက်ခဲ့တဲ့သူက ကျွန်မရဲ့အစ်မဝမ်းကွဲမဟုတ်ဘဲ ချွန်းရှင်းဖြစ်နေတာကို ပြောတာပါ၊ အဲဒီနောက်ပိုင်းမှ မင်းသားက ကျွန်မအစ်မနဲ့ပတ်သက်ခဲ့တာ၊ ချွန်းရှင်းကတော့ ကျွန်မအစ်မရဲ့ မနာလိုစိတ်ကြောင့် အသတ်ခံလိုက်ရတယ်၊ သူရဲ့နောက်ဆုံးဆန္ဒကတော့ ရှင် ဒါကိုသိသွားဖို့ပဲ ပြီးတော့ သူကဒီမှာရှိနေတယ်၊ ရှင် သူ့ကိုတွေ့ချင်လား"

ခွန်းမင်းသား သူမစကားကြောင့် အနည်းငယ် ကျောချမ်းသွားရသည်။ သူ ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး တံတွေးတစ်ချက် မျိုချလိုက်မိ၏။ မည်သူက အကြောင်းမဲ့သက်သက် ဝိညာဉ်ကို တွေ့ချင်ပါမည်နည်း။

"ဝိညာဉ်ကို မြင်ရတာက ကံဇာတာကို ထိခိုက်စေနိုင်တယ်လို့ ငါကြားဖူးတယ်၊ ဒါကြောင့် မတွေ့ဘဲပဲနေလိုက်ရအောင်၊ စူးသခင်မလေးအနေနဲ့ မနာလိုစိတ်နဲ့ လူတစ်ယောက်ကို အန္တရာယ်ပြုခဲ့တာက မှားတယ်ဆိုပေမဲ့ ဒါကလည်း နားလည်ပေးလို့ရတဲ့ကိစ္စပါပဲ၊ နောက်နောင် ဒါမျိုး ထပ်မလုပ်ဖို့ပဲလိုပါတယ်၊ ဒါတွေက အရေးကြီးတဲ့ကိစ္စတွေ မဟုတ်ပါဘူး၊ ငါသိချင်တာက မင်းတို့အိမ်တော်က အဲဒီအစွမ်းထက်တဲ့ ပန်းဒီမှာရှိနေပြီလား၊ ဒဏ်ရာတွေအတွက် တကယ်ပဲ အစွမ်းထက်ရဲ့လားဆိုတာပါပဲ"

ခွန်းမင်းသား ချွန်းရှင်းကိုရော အခြား မည်သည့်အရာကိုမှ ဂရုမစိုက်သည်အားမြင်လိုက်ရ၍ စူးကျင်းရုံ သူမ၏ပြုံးချင်နေသော နှုတ်ခမ်းကို မနည်းထိန်းထားရတော့၏။ အဖေရှောင် ရှောင်အန်းလဲ့ထံကြည့်လိုက်သည်။ သူတို့ ခွန်းမင်းသားအား ဤနေရာသို့ ခေါ်လာခြင်းမှာ သရဲမလေးကို နှင်ထုတ်ရန်အတွက် အသုံးချစရာတစ်ခုအနေနှင့်သာဖြစ်၏။ ယခုတော့ ခွန်းမင်းသား၏စကားများကို ကြားပြီးသည့်နောက် ထိုသရဲမမည်သို့တွေးနေမည်အား သူတို့သိချင်မိကြသည်။ ရှောင်အန်းလဲ့ ချွန်းရှင်းကိုကြည့်လိုက်ပြီး ပြော၏။

“ချွန်းရှင်း၊ နင့်မှာတခြားစွဲလမ်း ငြိတွယ်မှုတွေ ကျန်သေးလား၊ နင်အသည်းအသန် စွဲလမ်းနေတဲ့ ခွန်းမင်းသားကတော့ နင့်ကိုမှတ်တောင်မမှတ်မိသလို၊ သူဘယ်သူနဲ့ အတူအိပ်ခဲ့သလဲဆိုတာကိုလည်း ဂရုမစိုက်ဘူးတဲ့၊ နင် ဆက်ပြီးစွဲလမ်းနေဦးမှာလား”

ချွန်းရှင်း နာကျင်စွာဖြင့်ပင် သူမကိုယ်သူမအလုံးလေးဖြစ်အောင် ပိုက်ထားရင်း ကျုံ့ဝင်သွားကာ ရှောင်အန်းလဲ့ကို ကြည့်လိုက်သည်။

“ကျွန်မ ကျွန်မ မင်းသားကိုတွေ့ချင်ပါသေးတယ်၊ သခင်မလေး ကျွန်မကို ကူညီပေးပါဦး၊ တကယ်လို့ ကျွန်မ မင်းသားကိုတွေ့လိုက်လို့ သူကျွန်မအပေါ် ဘာအမှတ်တရမှမရှိတော့ဘူးဆိုရင်တော့ ကျွန်မလုံးဝလက်လျှော့လိုက်ပါတော့မယ်”

ခွန်းမင်းသားရောက်တောင် ရောက်နေပြီဖြစ်၍ ရှောင်အန်းလဲ့ သူဆန္ဒရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဂရုမစိုက်တော့ဘဲ အဆောင်တစ်ခုကိုထုတ်ယူလိုက်သည်။ သူမ လက်တစ်ချက်ခါလိုက်သည်နှင့် ထိုအဆောင်မှာ ချက်ချင်းပင် မီးလောင်ကျွမ်းပြီးပြာအဖြစ် ပြောင်းလဲသွားကာ ခွန်းမင်းသား ချွန်းရှင်းကိုမြင်လိုက်ရ၏။

54

ချွန်းရှင်း ခွန်းမင်းသားအနားသို့တိုးကပ်သွားရန် ခြေလှမ်းနှစ်လှမ်းခန့် ရှေ့သို့ တက်လိုက်သော်လည်း လန့်သွားသည့် ခွန်းမင်းသားမှာ ရုတ်တရက် ဓားကို ဆွဲထုတ်ကာ သူမဝိညာဉ်ပုံရိပ်ကို တစ်ချက်တည်းနှင့် ပိုင်းချလိုက်၏။

“ဘယ်သရဲက ငါ့အနားကိုချဉ်းကပ်ရဲတာလဲ”

ချွန်းရှင်း၏ဝိညာဉ်ပုံရိပ်မှာ လွင့်စင်သွားပြီး ပြန်စုစည်းလာခဲ့သည်။

“မင်းသား ကျွန်မကချွန်းရှင်းပါ၊ အဲဒီညက သခင်မလေးရဲ့ကိုယ်စား မင်းသားနဲ့အတူရှိနေခဲ့တာ ကျွန်မပါ၊ မင်းသား တကယ်ပဲ ကျွန်မကိုမမှတ်မိတော့တာလား ဒါမှမဟုတ် ကျွန်မမျက်နှာကို သေချာမမြင်လိုက်ရလို့လားဟင်”

ခွန်းမင်းသားမှာ ယခုအခါ ဝိညာဉ်ကို မျက်ဝါးထင်ထင်မြင်နေရပြီဖြစ်ရာ တစ်ကိုယ်လုံး မအီမသာဖြစ်နေရ၏။

“မင်းက ဘယ်သူလဲ၊ ငါ မင်းကိုမမှတ်မိဘူး၊ သိလည်း မသိဘူး ဝေးဝေးသွားစမ်း ဝေးဝေးသွား”

ခွန်းမင်းသားပြောပြောဆိုဆိုနှင့် ချွန်းရှင်းဝိညာဉ်ကို လွင့်စင်သွားစေရန် ဓားကိုယမ်းနေသည်။ ချွန်းရှင်းမှာတော့ နောက်ဆုံးသော ရုန်းကန်မှုကိုဆက်လုပ်နေဆဲပင်။

“မင်းသား ကျေးဇူးပြုပြီး ကျွန်မကို ကြည့်ပေးပါဦး၊ ကျွန်မက ချွန်းရှင်းပါ၊ သခင်မလေးရဲ့ဘေးမှာ အလုပ်အကျွေးပြုခဲ့တဲ့ ချွန်းရှင်းပါ၊ အရင်က မင်းသား ဒီကိုလာတိုင်း ကျွန်မကို အမြဲငေးကြည့်တတ်တယ်မဟုတ်လား”

ခွန်းမင်းသား သူမကိုအနားမကပ်ရန် ဓားဖြင့်ချိန်ရွယ်ကာ မောင်းထုတ်လိုက်၏။

“ငါကြည့်‌တဲ့သူတွေ အများကြီးရှိတယ်၊ ကြည့်ပျော်ရှု‌ပျော်ရှိရင် ငါကကြည့်မိတတ်တာပဲ၊ နောက်ပြီး မင်းလိုအစေခံမတစ်ယောက်က ငါ့အိပ်ရာကိုနွေးထွေးအောင်လုပ်ခွင့်ရတာကတင် မင်းအတွက် ဘုန်းကံကြီးလှပြီ၊ တခြားဟာတွေကိုထပ်ပြီး လောဘတက်နေမယ်ဆိုရင်တော့ ဒါကစိတ်ကူးယဉ်အိပ်မက်ပဲ၊ အခုချက်ချင်း ထွက်သွားစမ်း”

ထိုစကားကိုကြားလိုက်ရပြီးနောက် ခွန်းမင်းသားမှ သူမဝိညာဉ်ကို ဓားဖြင့်ပိုင်းချကာ ဖယ်ရှားရန်ကြိုးစားနေသည်ကို မြင်သောအခါ ချွန်းရှင်းခန္ဓာကိုယ်မှ နာကျည်းချက်များ ချက်ချင်းပင် အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာသည်။

“ကျွန်မရဲ့အပျိုစင်ဘဝကို မင်းသားဆီပေးအပ်ခဲ့တာပါ၊ မင်းသားက ကျွန်မအပေါ် ဘယ်လိုလုပ် ဒီလိုမျိုးဆက်ဆံနိုင်ရတာလဲ”

ခွန်းမင်းသား သူမစကားကိုကြားသော်လည်း ဓားကိုမရပ်မနားဝှေ့ယမ်းနေရင်း ဘေးရှိအဖေရှောင်ကို လှမ်းကြည့်ကာ ဆို၏။

“ဒုတိယဝန်ကြီးရှောင် ဒီသရဲမကို ဘာလို့ အမြန်မနှင်ထုတ်သေးတာလဲ၊ ငါ့မှာ အတူအိပ်ခဲ့တဲ့ မိန်းမတွေအများကြီးရှိတယ်၊ အဲဒီလူတိုင်းကို ငါကဘွဲ့ထူးအဆင့်အတန်းတွေ ပေးနေရမှာလား၊ မင်းကိုယ်မင်း ဘာကောင်မလဲဆိုတာကိုလည်း ပြန်ကြည့်ဦး၊ မင်းလို အောက်တန်းစားအစေခံမက မင်းဘာသာမင်း အိပ်ရာထဲတက်လာခဲ့တာပဲ၊ အခုကျမှ ငါကပြန်လှည့်ကြည့်မှာကို ထပ်လိုချင်နေသေးတာလား၊ မင်းကို ကြည့်ရတာတင် ဒီမင်းသားကရွံလှပြီ၊ အခုချက်ချင်း ထွက်သွားစမ်း”

ချွန်းရှင်း၏နာကျည်းချက်များမှာ ဒီရေအလားတိုးလာပြီး ခွန်းမင်းသားထံသို့ အတင်းတိုးဝင် တိုက်ခိုက်တော့သည်။ ရှောင်အန်းလဲ့မှာမူ အလျင်စလိုဝင်မကူသေးဘဲ သူမအရင်ဆုံး နာကျင်မှုကို ခံစားရအောင်စောင့်ကြည့်နေ၏။ သူမ မျှော်လင့်ထားသည့်အတိုင်းပင် ချွန်းရှင်းမှာ ခွန်းမင်းသား၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော နဂါးစွမ်းအားကြောင့် ထိခိုက်ဒဏ်ရာရကာ နောက်သို့လွင့်စင်ထွက်သွားသည်။

ရှောင်အန်းလဲ့ ကြေးပြားတစ်ပြားကို ပစ်ထုတ်လိုက်ပြီး ချွန်းရှင်းကိုထိုကြေးပြားထဲသို့ သိမ်းဆည်းလိုက်သည်။ ချွန်းရှင်းမှာမူ ကြေးပြားထဲတွင် တအီအီငိုကြွေးနေတော့၏။

“ခွန်းမင်းသားက ကျွန်မကို တကယ်ပဲ ဘာမှမမှတ်မိတော့တာပဲ၊ ဝူးဝူး ကျွန်မ တကယ့်ကိုရင်ကွဲရပါပြီ”

ရှောင်အန်းလဲ့ သူမကိုမသနားပေ။

“ဘာတွေ ဝမ်းနည်းနေတာလဲ၊ နောက်ဆို ပြဿနာတွေထပ်မတက်အောင် ဒီညပဲ နင်တို့အားလုံးကို ဘဝကူးပေးလိုက်မယ်၊ ပြီးရင် နင်တို့အတွက် စက္ကူငွေတွေ အများကြီးမီးရှို့ပေးလိုက်မှာမို့ နောက်ဘဝကျရင် ချမ်းသာတဲ့မိသားစုတွေမှာ လူပြန်ဖြစ်ပါစေ၊ ယောက်ျားတစ်ယောက်ကို တစ်ခါမှမမြင်ဖူးသလို ဖြစ်မနေကြနဲ့”

ခွန်းမင်းသားရှိနေသဖြင့် သူမထုတ်မပြောလိုက်သည့် စကားတစ်ခွန်းလည်း ရှိသေးသည်။

'မိန်းမတွေ အများကြီးအသုံးချထားတဲ့ ဒီလိုမျိုးစပ်မြင်းတစ်ကောင်ကို ဘာတွေ စွဲလမ်းနေရတာလဲ' ဆိုသည့် စကားပင်။ ရှောင်အန်းလဲ့ ထိုသရဲမအားဖမ်းဆီးလိုက်သည်ကိုမြင်မှပင် ခွန်းမင်းသား နောက်ဆုံး သက်ပြင်းချနိုင်တော့၏။

ထို့နောက် သူ သခင်လေးစုန့်ကို သတိရသွားကာ ရှောင်အန်းလဲ့အား အကဲခတ်သည့် အကြည့်ဖြင့်ကြည့်လိုက်သည်။

“မင်းက တကယ်ပဲ သရဲတွေကိုဖမ်းနိုင်တာလား၊ ဒါဆိုရင် ပြိတ္တာကိုရောဖမ်းပေးနိုင်မလား”

ရှောင်အန်းလဲ့ မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး ချက်ချင်းပင်စိတ်ဝင်စားသွားဟန်ဖြင့်ပြော၏။

“သေချာတာပေါ့၊ ဒါပေမဲ့ အဲဒီသရဲရဲ့ အဆင့်ပေါ်လည်း မူတည်သေးတယ်၊ အခုမှ သေခါစဝိညာဉ်ဆိုရင်တော့ ကိုင်တွယ်ရတာ လွယ်ပါတယ်၊ တကယ်လို့ သေတာကြာပြီဖြစ်တဲ့ သရဲမျိုးဆိုရင်တော့ ကိုင်တွယ်ရတာမလွယ်ကူဘူး”

ခွန်းမင်းသား သူမစကားကိုကြားသော်လည်း သခင်လေးစုန့်ကို ပူးကပ်နေသည့် ပြိတ္တာသေဆုံးသည်မှာ မည်မျှကြာနေပြီကိုမသိသဖြင့် ထိုသို့သာပြောလိုက်သည်။

“ငါလည်း သေသေချာချာတော့မသိဘူး၊ ချန်အန်းမြို့စားအိမ်တော်က သခင်လေးစုန့်က မကြာသေးခင်ကမှ ပြိတ္တာပူးကပ်ခံလိုက်ရပုံပဲ၊ တစ်နေ့လုံး စားဖို့ပဲသိတော့တယ်၊ ခဏနေရင် မင်း သွားကြည့်ပြီး အဲဒါကိုဖြေရှင်းပေးနိုင်မလား ကြည့်ပေးပါဦး၊ တကယ်လို့ အဲဒီသရဲကို ဖမ်းပေးနိုင်မယ်ဆိုရင်တော့ ချန်အန်းမြို့စားအိမ်တော်က မင်းကို သေချာပေါက် ဆုလာဘ်တွေအများကြီး ပေးလိမ့်မယ်”

ရှောင်အန်းလဲ့ စိတ်ထဲတွင်တွေးနေမိ၏။

'ငါတော့ ချမ်းသာဖို့ နည်းလမ်းတွေ့ပြီထင်တယ်၊ မိုက်တာပဲ ပွပြီ ငွေအနံ့လေးကတော့ တကယ့်ကိုမွှေးနေတာပဲ'

“ကောင်းပါပြီ၊ ခွန်းမင်းသားကိုယ်တိုင် ပြောနေမှတော့ ခဏနေရင် ကျွန်မချန်အန်းမြို့စားအိမ်တော်ကို တစ်ခေါက်သွားကြည့်ပါ့မယ်”

ခွန်းမင်းသား ခေါင်းညိတ်ပြလိုက်သည်။ သူ အလေးအနက်ဆုံးဂရုစိုက်နေသည်မှာ ယခုလာရင်းကိစ္စသာ ဖြစ်သည်။

“အခု ဒီသရဲမကိစ္စလည်း ရှင်းသွားပြီဆိုတော့ လူသေကို အသက်ပြန်သွင်းနိုင်ပြီး အသားနုတက်စေတဲ့ အဲဒီထူးဆန်းတဲ့ပန်းကို ငါကြည့်ခွင့်ရမလား”

ရှောင်အန်းလဲ့နှင့် အဖေရှောင်တို့တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ အဖေရှောင် ချက်ချင်းပင် ပြောလိုက်၏။

“ရပါတယ် မင်းသား ကျေးဇူးပြုပြီး ဒီဘက်ကိုကြွပါ”

အဖေရှောင် ခွန်းမင်းသားကို နွေရာသီ၌ ရေခဲတုံးများ သိမ်းဆည်းထားသည့် ရေခဲတိုက်ထံ ခေါ်သွားလိုက်သည်။

“မင်းသား၊ အဲဒီပန်းက ဒီထဲမှာရှိတာပါ၊ ဒီပန်းက တကယ့်ကို ထူးဆန်းအံ့ဩဖို့ကောင်းပြီး အပြင်ထုတ်လို့မရပါဘူး၊ နေရောင်နဲ့ ထိတွေ့မိရင် အရည်ပျော်သွားမှာမို့လို့ပါ၊ ဒါကြောင့်လည်း ဒီလူအိုကြီးက ဒါကိုဆေးဖော်စပ်ဖို့ ဘယ်လိုသုံးရမလဲဆိုတာ အမြဲတမ်းဝေခွဲမရဖြစ်နေတာပါ၊ ဒါပေမဲ့ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ စကားအရတော့ ဒီပန်းက တကယ့်ကိုနက်နဲတဲ့အစွမ်းတွေ ရှိတယ်လို့ ပြောပါတယ်၊ အရင်က အရှင်ဒဏ်ရာရတယ်လို့ ကြားသိရတုန်းက ဒီပန်းကိုသတိရပေမဲ့ အပြင်ထုတ်ဖို့ မဝံ့ရဲခဲ့လို့ပါ”

ခွန်းမင်းသား အိုးထဲ၌ပေါက်နေသော ရေခဲပန်းကိုမြင်လိုက်သည့်အခါ တကယ့်ကို အစွမ်းထက်သည်ဟုထင်မှတ်သွားပြီး အံ့ဩမဆုံးဖြစ်နေတော့သည်။ သူ ဆက်တွေးနေမိ၏။

'တကယ်လို့ ဒီပန်းကိုသာအပြင်ထုတ်လိုက်ရင် ချက်ချင်းကြီးအရည်ပျော်သွားမှာပေါ့၊ ဒါဆို ဘယ်လိုလုပ်ရပါ့မလဲ'

“ဒီပန်းကို ငါဘယ်လိုယူသွားရမှာလဲ”

အဖေရှောင် ရှောင်အန်းလဲ့ထံမသိမသာ တစ်ချက်ကြည့်လိုက်ပြီး ဆိုသည်။

“အဲဒါကတော့ ကျွန်တော်စဉ်းစားထားတာ ရေခဲတုံးကြီးထဲမှာမြှုပ်ပြီး ယူသွားဖို့ပါပဲ၊ ဒါပေမဲ့ ဒီမှာရှိတဲ့ရေခဲက ဒီလောက်ပဲရှိတာဆိုတော့ အလုပ်ဖြစ်မလားတော့ မသိဘူးပေါ့”

ခွန်းမင်းသား ထိုရတနာလေးပျက်စီးသွားမည်ကိုစိုးရိမ်ပြီး တွေဝေဟန်ဖြင့်ပြောလိုက်၏။

“ဒါကို ငါတန်းစားလိုက်ရင်ကော မရဘူးလား”

ရှောင်အန်းလဲ့ ထိုစကားကိုကြားသောအခါ နှုတ်ခမ်းကိုသာမသိမသာ တွန့်လိုက်သည်။ ထိုအရာကိုစားလိုက်ခြင်းမှာ ရေခဲမုန့်တစ်ခွက်စားလိုက်သကဲ့သို့သာဖြစ်ပြီး မည်သည့်အစွမ်းမှ ရှိလိမ့်မည်မဟုတ်ပေ။ အဖေရှောင်လည်း အလောတကြီးဝင်ပြောတော့သည်။

“အဲဒီလိုလုပ်လို့မရပါဘူး၊ ဒါက ဆေးအဖြစ်ပဲသုံးရမှာပါ၊ တကယ်လို့ စားလိုက်လို့ အရှင့်ကိုခဲသွားစေရင် ဘယ်လိုလုပ်မလဲ”

ခွန်းမင်းသားသည် ထိုစကားမှာယုတ္တိရှိသည်ဟုထင်သဖြင့် စိုးရိမ်ပူပန်သွားပြီးနောက် ပြော၏။

“ငါက လူတွေကို အခုချက်ချင်းပဲရေခဲတုံးကြီးထဲမှာ အပေါက်ဖောက်ခိုင်းလိုက်မယ်၊ ပြီးရင် အဲဒီထဲမှာထည့်ပြီး နန်းတွင်းဆေးနန်းဆောင်ဆီသယ်သွားမယ်၊ ဒါမှ နန်းတွင်းသမားတော်တွေက သေသေချာချာ လေ့လာနိုင်မှာ”

“ကောင်းလှပါတယ်၊ ခွန်းမင်းသားက တကယ်ကို ထက်မြက်လှပါတယ်”

ခွန်းမင်းသား ယခုအခါ အဖေရှောင်ကို လှည့်ကြည့်လိုက်ပြီး ဤဦးလေးတော်စပ်သူအား ယခင်ကထက်စာလျှင် အမြင် အနည်းငယ် ပိုကြည်လင်လာသလို ခံစားလိုက်ရသည်။

အင်း ယောက္ခမတော့မဟုတ်ပေ။ ဇနီးလောင်း၏ ဦးလေးသာဖြစ်သည်။ ဘုရင်မင်းမြတ်မှ သူ့သမီးကို လက်ဆက်ရန် မိန့်ကြားခဲ့သော်လည်း ထိုသမီးမှာ ကံတရားမရှိခဲ့ပေ။ ထိုသို့တွေးရင်း ရှောင်အန်းလဲ့ကို သူလှည့်ကြည့်လိုက်သည်။ ယခင်က သူမ၏ရဲတင်းသော အမူအရာများကို ပြန်သတိရမိသောအခါ သူခေါင်းခါလိုက်မိ၏။ စူးကျင်းရုံကသာ ပို၍နာခံမှုရှိပြီး ကိုင်တွယ်ရပိုလွယ်ကူသည်။ အထူးသဖြင့် ရှောင်အန်းလဲ့သည် လူများကို သရဲမြင်အောင်လုပ်နိုင်စွမ်းရှိသည်အား သိပြီးနောက်တွင်တော့ တစ်နေ့လုံး ဝိညာဉ်များနှင့် ပေါင်းသင်းနေသော ထိုကဲ့သို့အမျိုးသမီးမျိုးကို သူ ပို၍ပင်လက်မထပ်ချင်တော့ပေ။ မကြာမီမှာပင် သူ့နောက်လိုက်များ ရေခဲတုံးကြီးတစ်ခုနှင့် ရောက်ရှိလာကြသည်။

သူတို့ ရေခဲတုံး၏အလယ်တွင် အပေါက်တစ်ခုဖောက်ကာ ရေခဲပန်းအိုးကို ထည့်လိုက်ကြ၏။ အံ့ဩစရာကောင်းသည်မှာ ထိုအရာကအမှန်တကယ်ပင် ခေတ္တခဏကြာအောင် မပျက်မစီးဘဲ ရှိနေနိုင်ခြင်းပင်။ ထိုပစ္စည်းကို နန်းတွင်းသမားတော်ဆောင်သို့ ခမ်းနားကြီးကျယ်စွာသယ်ဆောင်သွားကြရာ စိတ်လှုပ်ရှားစွာစောင့်နေကြသည့် နန်းတွင်းသမားတော်ကြီးများမှာ ရေခဲပန်းတစ်ပွင့်ကို တွေ့လိုက်ရတော့၏။ နန်းတွင်းသမားတော်ကြီးများမှာလည်း ထိုအရာကိုမြင်သည်နှင့် တအံ့တဩဖြစ်သွားကြပြီး ဝိုင်းဆွေးနွေးကြတော့၏။ သို့သော် ခဏအကြာတွင် သမားတော်တစ်ဦးက အလန့်တကြား အော်ဟစ်လိုက်သည်။

“အရည် အရည်ပျော်နေပြီ”

“ဘာ ဘာလုပ်ကြမလဲ၊ အမြန်ဆုံး ပန်းကန်လုံးတစ်လုံး သွားယူခဲ့ ရသလောက်စုရမယ်”

သမားတော်တစ်ဦးမှ ပန်းကန်လုံးယူရန် အပြေးအလွှားသွားခဲ့သော်လည်း ပြန်လာသည့်အခါတွင်တော့ အရာအားလုံး ပျောက်ကွယ်သွားလေပြီ။ ရေခဲပန်းသည် ဦးဆုံးကျသည့်နှင်းပွင့်များ အရည်ပျော်သကဲ့သို့ပင် ချက်ချင်းဆိုသလို ရေအဖြစ်ပြောင်းလဲသွားပြီး မြေကြီးထဲသို့ စိမ့်ဝင်ပျောက်ကွယ်သွားတော့၏။ မကြာမီမှာပင် ရောက်ရှိလာသည့် ခွန်းမင်းသားမှာ ကြောင်လျက် ကျန်ရစ်ခဲ့ရသည်။

“ငါ့ရဲ့ရေခဲပန်းကော၊ ဘယ်မှာလဲ ငါ့ရဲ့ ရေခဲပန်း၊ မင်းတို့လို အသုံးမကျတဲ့ကောင်တွေ၊ ငါ့ရဲ့ ရေခဲပန်းကို အခုချက်ချင်း ပြန်ပေးကြစမ်း၊ အဲဒါကိုပြန်မရရင် မင်းတို့အားလုံး သေရမယ်၊ ငါ မင်းတို့အားလုံးကို သတ်ပစ်မယ်”

နန်းတွင်းသမားတော်ကြီးများမှာ အသက်ပင်ဝဝမရှူရဲကြဘဲ မြေကြီးပေါ်တွင် ဒူးထောက်ကာ အသနားခံနေကြရသည်။ သို့သော် သူတို့ကိုသတ်ရန်အထိမူ ဤသူသည် မင်းသားတစ်ပါးသာဖြစ်သည့်အတွက် ထိုမျှအထိလုပ်ပိုင်ခွင့် အာဏာမရှိပေ။

ထိုနေရာတွင် ရုတ်ရုတ်သဲသဲဖြစ်နေချိန်၌ပင် ရှောင်အန်းလဲ့ အစေခံမလေးနှစ်ဦး၏ဝိညာဉ်များကို ခေါ်ဆောင်ကာ 'ဘဝသစ်ဆိုင်' သို့ ထွက်လာခဲ့သည်။ အစေခံမလေးနှစ်ဦး၏ဝိညာဉ်ကို ရှောင်အန်းလဲ့ ကူညီ၍ ဘဝကူးပေးလိုက်ကြောင်းသိသွားသည့်အခါ စူးကျင်းရုံ၏ဖျားနာမှုမှာလည်း သက်သာလာပြီး စိတ်အခြေအနေလည်း အတော်ပင်ပြေလျော့သွား၏။

တစ်ခုတည်းသော ပြဿနာမှာ သူမ ရှောင်အန်းလဲ့ကိုမြင်တိုင်း အနည်းငယ် ကြောက်လန့်နေမိခြင်းပင်။ ထိုအခြင်းအရာက ရှောင်အန်းလဲ့ကို မိန်းမဆိုးတစ်ယောက်ကဲ့သို့ဖြစ်စေသော်လည်း အမှန်တကယ်တွင်မူ ရှောင်အန်းလဲ့ သူမကိုစကားတစ်ခွန်းသာ ပြောခဲ့ခြင်းဖြစ်သည်။

“လူတွေလုပ်သမျှကို ကောင်းကင်က စောင့်ကြည့်နေတာပါ၊ ငါကဝိညာဉ်တွေကိုပဲ ဖမ်းတတ်တာမဟုတ်ဘူး၊ လူတွေရဲ့ကံကြမ္မာကိုလည်း ဟောပေးနိုင်သေးတယ်၊ မွေးဖွားချိန်ကနေ အိုမင်းတဲ့ထိ နင့်ဘဝအကြောင်းတွေကို ငါ တွက်ချက်နိုင်တယ်၊ နင်လုပ်ခဲ့သမျှ အရာအားလုံးနဲ့ ငါဘယ်လိုမျိုးလမ်းပျောက်ခဲ့ရတယ်ဆိုတာအပါအဝင်ပေါ့”

All Chapters