အခန်း (၅၅-၅၆)
Vol. 6 Ch. 55-56
55
စူးကျင်းရုံ ထိုစဉ်ကအံ့အားသင့်သွားရသည်။ ရှောင်အန်းလဲ့ လမ်းပျောက်သွားစဉ် အသက်ငါးနှစ်အရွယ်သာရှိသေးရာ သူမ ထိုအကြောင်းကို မည်သို့မှတ်မိနေနိုင်သနည်း။ သို့သော် ထိုအချိန်မှစ၍ စူးကျင်းရုံမှာ ငြိမ်သွားတော့သည်။ ရှောင်အန်းလဲ့မှာ သူမအိမ်ရှိ ဝိညာဉ်အချို့အတွက် ကုသိုလ်ပြုခြင်းကိစ္စများကို အပြီးသတ်လိုက်ပြီးနောက် ချန်အန်းမြို့စားအိမ်တော်မှ ပြိတ္တာကို တခြားသူများအရင်ဦးမသွားနိုင်အောင် ပြင်ဆင်တော့သည်။ ယခင်က ခွန်းမင်းသားပြောခဲ့သည့် စကားများလည်း ရှိနေသဖြင့် သူမယခုတစ်ခေါက်တွင်တော့ အိမ်တော်တံခါးမကြီးမှ ရဲရဲဝံ့ဝံ့ လျှောက်ဝင်ခဲ့၏။
ချန်အန်းမြို့စားအိမ်တော်ရှိ လူများမှာ သူမသည် ခွန်းမင်းသား၏ညွှန်ပြချက်ဖြင့် လာရောက်သူဖြစ်ကြောင်း ကြားသိရသောအခါ အိမ်ထဲသို့ပေးဝင်လိုက်ကြသည်။ မူလကမူ အမျိုးသမီး အချင်းချင်းသာ ခရီးဦးကြိုပြုသင့်သော်လည်း မနေ့ည၌ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် ချန်အန်းမြို့စားကိုယ်တိုင်စိုးရိမ်ပူပန်နေမိသဖြင့် ရှောင်အန်းလဲ့ကို သူကိုယ်တိုင်လက်ခံတွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။
“သခင်မလေးရှောင်၊ မင်းကလွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ပျောက်ဆုံးသွားတဲ့ စစ်ဘက်ဆိုင်ရာ ဒုတိယဝန်ကြီး ရှောင်မိသားစုက သခင်မလေးလား”
“မှန်ပါတယ်၊ ဒါပေမဲ့ ကျွန်မကအဲဒီတုန်းက ပျောက်သွားတာမဟုတ်ပါဘူး၊ ကျွန်မရဲ့ဆရာက ကျွန်မရဲ့ထူးခြားတဲ့ ပါရမီကိုမြင်လို့ ပညာသင်ပေးဖို့ တောင်ပေါ်ကို ခေါ်သွားခဲ့တာပါ၊ အခုပညာစုံလို့ ပြန်လာတဲ့အချိန်မှာ မြို့စားအိမ်တော်က သခင်လေးရဲ့ထူးဆန်းတဲ့ အခြေအနေကို ကြားသိရတာနဲ့ ကျွန်မ တတ်စွမ်းသမျှ ကူညီပေးနိုင်မလားဆိုတာကြည့်ပေးဖို့ ရောက်လာတာပါ”
သူမစကားကို ကြားသောအခါ ချန်အန်းမြို့စား၏မျက်လုံးများ မှေးကျဉ်းသွားပြီး သူမထံတစ်ခေါက်ထပ်မံအကဲခတ်လိုက်၏။
“ဩော် ဒါဆို မင်းမှာတကယ်ပဲ အစွမ်းအစတွေ ရှိတာပေါ့”
ရှောင်အန်းလဲ့ ခေါင်းညိတ်ပြလိုက်ပြီး အလွန် ရိုးသားစွာဖြင့် ပြောလိုက်သည်။
“တကယ်လို့ မြို့စားကြီးက ကျွန်မကိုမယုံကြည်ဘူးဆိုရင် မြို့စားကြီးကိုယ်တိုင်သရဲကိုတွေ့ရအောင် ကျွန်မ လုပ်ပေးနိုင်ပါတယ်”
ချန်အန်းမြို့စားသည် နာမ်လောကနှင့် ဝိညာဉ်များကို ယုံကြည်သူဖြစ်သော်လည်း ရှောင်အန်းလဲ့ကဲ့သို့ မိန်းကလေးငယ်တစ်ဦးမှာ တကယ်တမ်း အစွမ်းထက်လိမ့်မည်ဟုတော့ မထင်မိပေ။
အကယ်၍ ဆရာကြီးဝူချန်သာ သေမသွားခဲ့လျှင်သော်လည်းကောင်း၊ နဂါးတိမ်တောင်သာ ထိုမျှအထိမဝေးလွန်းလျှင် သူတို့ထံ စာပို့ထားသော်လည်း ယခုထိ မည်သူမှ ရောက်မလာသေးသည့် အခြေအနေမျိုးသာ မဟုတ်ခဲ့လျှင် သူတို့အနေဖြင့် တခြားသူ၏အကူအညီကို လိုအပ်မည်မဟုတ်ပေ။
“အဲဒါတော့ မလိုပါဘူး၊ ငါလည်းမြင်ဖူးတွေ့ဖူးပြီးသားပါ၊ မင်း ငါ့နောက်ကသာ လိုက်ခဲ့ပါ”
ချန်အန်းမြို့စား သူမကိုဆက်ခံသူ သခင်လေးစုန့်၏ခြံဝင်းအတွင်းသို့ ခေါ်ဆောင်သွားသည်။ ရှောင်အန်းလဲ့ ခြံဝင်းထဲသို့ရောက်သွားသည့်အခါ သခင်လေးစုန့်၏ကြင်ယာတော်မှ သခင်လေးစုန့်ကို အစားအသောက်များပြုစုကျွေးမွေးနေသည်အား မြင်လိုက်ရပြီး မျက်မှောင်ကြုတ်ကာခေါင်းခါလိုက်မိ၏။
“မြို့စားကြီး ဆက်ခံသူကြင်ယာတော်ရဲ့မျက်နှာသွင်ပြင်နဲ့ သခင်လေးစုန့်ရဲ့ ကံဇာတာက နည်းနည်းလေး ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ တစ်ယောက်ယောက်က ပြောပြဖူးလား”
ချန်အန်းမြို့စား သူမထံသေချာကြည့်လိုက်ရာ သူ လုံးဝမယုံကြည်ကြောင်းမှာ ထင်ရှားလှသည်။ ရှောင်အန်းလဲ့မှာတော့ အချက်အလက်နှင့်အမှန်သာ တင်ပြလိုက်၏။
“မြို့စားကြီး ဆက်ခံသူကြင်ယာတော်နဲ့ သခင်လေးစုန့်တို့ရဲ့ မွေးသက္ကရာဇ် ဇာတာတွေရှိလား၊ သူတို့ရဲ့မျက်နှာသွင်ပြင်အရ တချို့အရာတွေကို ကျွန်မမြင်နေရပေမဲ့ ဒါကိုသေချာစေဖို့ သူတို့ရဲ့ ဇာတာတွေနဲ့ပါ တိုက်ဆိုင်စစ်ဆေးဖို့ လိုအပ်ပါတယ်”
ချန်အန်းမြို့စားအနားရှိ အစေခံကို သူတို့ဇာတာများအား သွားရောက်ယူခိုင်းပြီး ရှောင်အန်းလဲ့ထံသို့ ပေးအပ်လိုက်သည်။
“မင်းကသရဲဖမ်းဖို့ လာတာမဟုတ်လား၊ အခုတော့ ကံကြမ္မာတွေပါဟောနေတာလား”
ရှောင်အန်းလဲ့ တည်ငြိမ်စွာပင်ပြုံးလိုက်ရင်းပြော၏။
“စကားပုံတစ်ခုရှိတယ်လေ၊ ဆေးနဲ့ အဆိပ်ဆိုတာ ခွဲခြားလို့မရသလိုပဲ၊ ကျွန်မတို့ပညာမှာလည်း ဝိညာဉ်ဖမ်းတာ၊ ကံကြမ္မာဟောတာနဲ့ ဖုန်းရွှေကြည့်တာတွေက ခွဲခြားလို့မရတဲ့အရာတွေပါ၊ ကျွန်မတို့အလုပ်မှာ အမှားတစ်ခုလေးတောင် အဖြစ်မခံနိုင်ဘူးလေ၊ ဥပမာပြောရရင် မြို့စားကြီးကြည့်ကြည့်ပါဦး၊ ဆက်ခံသူသခင်လေးစုန့်နဲ့ ကြင်ယာတော်ရဲ့ ဇာတာတွေက အပေါ်ယံကြည့်ရင်တော့ အရမ်းကောင်းတယ်လို့ထင်ရပေမဲ့ တကယ်တမ်းတော့ မဟုတ်ပါဘူး၊ ကြင်ယာတော်ရဲ့ရုပ်သွင်ပြင်နဲ့ ဒီသခင်လေးစုန့်နေရာရဲ့ တည်ဆောက်ပုံပေါင်းလိုက်ရင် သခင်လေးစုန့်အတွက် အရမ်းကို အတိုက်အခံဖြစ်စေပါတယ်၊ ဒါက သခင်လေးစုန့်ရဲ့စရိုက်ကို ဖောက်ပြန်စေပြီး ထိန်းမနိုင်သိမ်းမရဖြစ်သွားစေတာပေါ့၊ အိုး ကျွန်မစကားတွေအများကြီး ပြောမိသွားပြီပဲ၊ ဒီထက်ပိုပြောရင်တော့ သူတစ်ပါးအိမ်ထောင်ရေးကို ဝင်စွက်ဖက်ရာရောက်တော့မယ်၊ ထားလိုက်ပါတော့ ထားလိုက်ပါတော့၊ ဝိညာဉ်ပဲ အရင်ဖမ်းကြတာပေါ့”
ရှောင်အန်းလဲ့ ဇာတာများကို ချန်အန်းမြို့စားထံသို့ အမြန်ပြန်ပေးလိုက်ပြီးနောက် သူမလက်ထဲတွင် အဝါရောင်အဆောင်စက္ကူတစ်ရွက် လေထဲမှပင် ရုတ်တရက် ပေါ်လာသည်။ သူမထိုအဆောင်ကို ခါလိုက်သောအခါ မီးတောက်သွားပြီး ပြာအဖြစ် ပြောင်းလဲကာ ထိုပြာစများမှာ သခင်လေးစုန့်ထံသို့ လွင့်စင်သွား၏။
အစားအသောက်များကို တမြုံ့မြုံ့စားနေသည့် ပြိတ္တာမှာ သူမကိုမြင်လိုက်ရသည့်အခါ မျက်လုံးများပြူးသွားပြီး သခင်လေးစုန့်ခန္ဓာကိုယ်ထဲမှ လှစ်ခနဲ ထွက်ခွာသွားသည်။ ရှောင်အန်းလဲ့မှာမူ ထိုပြိတ္တာကို လုံးဝဂရုမစိုက်ဘဲ သခင်လေးစုန့်ထံသို့ အတင်းပြေးသွားလိုက်သည်။ ပြိတ္တာမှာ ရှောင်အန်းလဲ့ထံသို့ ပြေးဝင်သွားသော်လည်း ရှောင်အန်းလဲ့မှာတော့ သခင်လေးစုန့်၏ကော်လာကို ဆွဲကိုင်ကာ သူ့ကိုယ်လုံးကြီးကို ပုခုံးပေါ်တင်ပြီး မြေပြင်ပေါ်ကိုကျွမ်းထိုးမှောက်ခုံပစ်ချလိုက်သည်အားမြင်ချိန်တွင် ကြောင်အသွား၏။
ပြိတ္တာ : “.....”
သူ ရှောင်အန်းလဲ့အားသတိပေးရန်အတွက် ရှေ့မှအသာဝဲပျံလိုက်ပြီးပြောလိုက်သည်။
“ဆရာသခင် ကျွန်မက ဒီမှာပါ၊ သူ့ကိုယ်ထဲက ထွက်လာခဲ့ပြီလေ”
ရှောင်အန်းလဲ့ သခင်လေးစုန့်မျက်နှာကို လက်သီးဖြင့်ထိုးလိုက်ပြီး ဗိုက်ကိုလည်း ကန်ပစ်လိုက်သည်။ မြို့စားချန်အန်း ဘေးနားမှအစေခံများ တားဆီးရန် ရှေ့တိုးလာသော်လည်း မြို့စား လက်မြှောက်ကာ တားလိုက်၏။
တစ်ချိန်လုံး မျက်နှာသေနှင့်ခံစားချက်မဲ့နေသည့် ဆက်ခံသူကြင်ယာတော်ပင် အံ့သြတုန်လှုပ်စွာဖြင့် မျက်လုံးပြူးသွားရသည်။ အနားတွင် ဝဲပျံနေသည့် ပြိတ္တာခမျာတော့ ကြောက်လန့်တုန်ရီနေပြီးတွေးမိ၏။
'ဆရာသခင်က တကယ့်ကိုကြောက်စရာကောင်းတာပဲ၊ ငါတော့လိမ်လိမ်မာမာနဲ့ပဲဘဝကူးလိုက်တာ အကောင်းဆုံးဖြစ်မှာပါ၊ ဆရာသခင်ကို ဘယ်တော့မှ မနှောင့်ယှက်တာ ပိုကောင်းလိမ့်မယ်'
ရှောင်အန်းလဲ့ သခင်လေးစုန့်ကို တစ်ဝကြီးဆွမ်းကြီးလောင်းပြီးမှ လက်ကိုမြှောက်ကာ အနားတွင်ဝဲနေသည့် ပြိတ္တာကိုဖမ်းလိုက်သည်။ သူမအဝတ်အစားများကို ပြန်လည်ပြင်ဆင်ပြီးနောက် မြို့စားချန်အန်းထံသို့ ယဉ်ကျေးစွာ လျှောက်လှမ်းသွားကာပြုံးပြလိုက်သည်။
“မြို့စားကြီးကို ရယ်စရာဖြစ်အောင် လုပ်မိသွားပြီ၊ ကျွန်မ တကယ်ပဲဒေါသထွက်သွားလို့ပါ၊ ဒီပြိတ္တာကတကယ်ကို ဒုက္ခပေးလွန်းလို့လေ၊ မြို့စားကြီး စိတ်ချပါ၊ အခု ကျွန်မအဲဒီဝိညာဉ်ကို ဖမ်းဆီးလိုက်ပါပြီ၊ ဒီနေ့ကစပြီး သခင်လေးစုန့် အရင်လိုအတင်းအလွန်အကျွံ စားသောက်နေတော့မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ သခင်လေးစုန့် ဒီရက်ပိုင်းမှာ အများကြီးစားထားမိတာကြောင့် ခန္ဓာကိုယ် နည်းနည်းထိခိုက်သွားနိုင်လို့ အနားယူဖို့ လိုအပ်ပါလိမ့်မယ်၊ အခကြေးငွေကတော့ တေးနှစ်ထောင်တည်းပါ”
မြို့စားချန်အန်း မယုံကြည်မည်အား စိုးရိမ်သဖြင့် ပြိတ္တာကို စက္ကူအရုပ်လေးထဲသို့ ထည့်ပြလိုက်သည်။
“ပြောစမ်း၊ နင့်လုပ်ရပ်က မှားလား မမှားဘူးလား”
စက္ကူရုပ်လေးမှာ အလွန်အမင်း ထိတ်လန့်သွားပြီး ချက်ချင်းပင်ဒူးထောက်ကာ ဦးတိုက်တော့၏။
“ကျွန်မ မှားပါတယ် မှားပါတယ်၊ ကိုယ့်အတ္တအတွက်နဲ့ လူ့ခန္ဓာကိုယ်ထဲကို ဘယ်တော့မှထပ်ပြီး ပူးကပ်တော့မှာ မဟုတ်ပါဘူး၊ ဆရာသခင် ကျွန်မကိုအမြန်ဆုံး အမျှအတန်းပေးပြီး ဘဝကူးပေးပါတော့”
ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ ချန်အန်းမြို့စားမှာ မျက်ခုံးတစ်ချက် ပင့်သွားတော့သည်။ ထိုအချိန်မှာပင် ချန်အန်းမြို့စားအိမ်တော်၏ သခင်လေးစုန့်မှာ မြေကြီးပေါ်မှအထူခံလိုက်ရသည်။
“အဖေ အဲဒီပြိတ္တာရဲ့ဝိညာဉ်ကို လွင့်စင်ပျောက်ကွယ်သွားအောင်လုပ်ခိုင်းလိုက်စမ်းပါ၊ သူ့ဝိညာဉ်ကို အမှုန့်ခြေပစ်ချင်တယ်၊ ငါ့ခန္ဓာကိုယ်ထဲကို ပူးကပ်ရဲတာ တကယ့်ကို ရိုင်းစိုင်းလွန်းတယ်”
သခင်လေးစုန့်မှာ ယခုအခါတစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီး ပြိတ္တာပူးကပ်ဝင်နေသည့် စက္ကူရုပ်လေးကိုမြင်သောအခါ အငြိုးအတေးဖြင့် အံကြိတ်နေမိတော့သည်။ သူမနည်းရုန်းကန် လျှောက်သွားကာ အနားရှိထိုင်ခုံတစ်ခုကို ကောက်ကိုင်ပြီး ပြိတ္တာစက္ကူရုပ်ကို တရစပ်စတင်ထုရိုက်တော့သည်။ ပြိတ္တာစက္ကူရုပ်လေးမှာ မြေကြီးပေါ်တွင် ပြားကပ်သွားလျက်ပင်။
“အိုး သေပါပြီ”
ရှောင်အန်းလဲ့မှာတော့ ပြိတ္တာကိုကြေးပြားထဲသို့ သိမ်းဆည်းလိုက်ပြီးနောက် သူမလက်ဖျားမှ ကြေးပြားလေးကိုပြန်သိမ်းလိုက်၏။ သခင်လေးစုန့် ထိုစက္ကူရုပ်ကိုထိုင်ခုံဖြင့် အကြိမ်ကြိမ်ထုရိုက်နေဆဲပင်။ ရှောင်အန်းလဲ့မျက်ဝန်းများ မှေးကျဥ်းသွားရသည်။ အကယ်၍ ပြိတ္တာမှ သခင်လေးစုန့်ခန္ဓာကိုယ်ထဲတွင် အစားအသောက်စားရုံသက်သက်ဆိုလျှင် ထိုသူ၏တုံ့ပြန်မှုမှာ အနည်းငယ် လွန်ကဲနေသည်။
ရှောင်အန်းလဲ့ ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး သခင်လေးစုန့်ပုခုံးပေါ်မှ ယန်မီးကိုငြှိမ်းသတ်လိုက်ကာ သူ့ကိုဝိညာဉ်များ မြင်နိုင်အောင်လုပ်ပေးလိုက်၏။ ထိုအခါ အနီရောင်ဝတ်စုံနှင့် ချင်းရှုရန် သူ့မျက်စိရှေ့တွင် ရုတ်တရက်ပေါ်လာသည်။ သခင်လေးစုန့်မှာ အလွန်တရာလန့်ဖြပ်သွားပြီး နောက်သို့ယိုင်လဲကာ မြေကြီးပေါ်သို့ ဘုတ်ခနဲထိုင်လျက်သား ကျသွားသည်။
“သရဲ သရဲရှိသေးတယ်၊ နောက်ထပ်သရဲတစ်ယောက် ရှိနေသေးတယ်၊ အမြန် အမြန်လုပ်ကြဦး၊ အနီရောင်ဝတ်စုံနဲ့သရဲမတစ်ယောက် ရှိနေသေးတယ်၊ သူ့ကိုအမြန်ဖမ်းပေးကြပါ၊ မဟုတ်ဘူး သူတို့အားလုံးရဲ့ ဝိညာဉ်တွေမရှိအောင် အမြန်ရိုက်သတ်ပေးကြပါ”
အနားရှိ ချန်အန်းမြို့စားမှာလည်း မျက်မှောင်ကြုတ်သွားပြီး ပြော၏။
“သခင်မလေးရှောင်၊ ဒီမှာ နောက်ထပ်တစ်ခုခု ရှိနေသေးတာလား”
ရှောင်အန်းလဲ့ အေးအေးဆေးဆေး ခေါင်းညိတ်ပြလိုက်ပြီး ပြောလေသည်။
“ကိစ္စသေးလေးပါ၊ အဲဒီသရဲရဲ့ဝိညာဉ်လွင့်စင်သွားအောင် ကျွန်မအခုချက်ချင်း ရိုက်နှက်ပေးနိုင်ပါတယ်”
သူမစကားအဆုံးတွင် လက်နှစ်ဖက်စလုံး၌အဆောင်တစ်ရွက်စီကို ကိုင်မြှောက်လိုက်ကာ ဝှေ့ယမ်းလိုက်သည်။
“ကောင်းကင်ဘုံက နတ်မင်းကြီးများ၊ မြေစောင့်နတ်မင်းကြီးများ၊ ဆရာကြီးလောင်၊ အမြန်ဆုံးကြွရောက်လာပြီး မကောင်းဆိုးဝါးကို နှိမ်နင်းပေးတော်မူပါ၊ သရဲမ အခုချက်ချင်း ကိုယ်ထင်ပြစမ်း”
ယခုတစ်ကြိမ်တွင်တော့ ချင်းရှုရန် သူမမျက်နှာကို ဖုံးကွယ်ထားရမည်ကိုသိနေ၏။ နေ့ခင်းကြောင်တောင် အလင်းရောင်အောက်တွင်ပင် သူမသည် အနီရောင်ဝတ်စုံကြီးတလူလူနှင့် ဝင်းအတွင်း၌ ဝဲပျံပြလိုက်ပြီးနောက် ဖျတ်ခနဲပျောက်ကွယ်သွားသည်။ ထိုအရာက ချန်အန်းမြို့စားနှင့် သူ့အိမ်တော်ထိန်းကြီးကို အတော်ပင် ထိတ်လန့်သွားစေခဲ့၏။
“သခင်မလေးရှောင် အမြန်လုပ်ပါ၊ အခုလေးတင် ငါလည်းအဲဒီဝိညာဉ်ကိုမြင်လိုက်ရတယ်၊ သူ့ကိုအမြန်ဖမ်းပေးပါ၊ ငါမင်းကိုဆုလာဘ်တွေ အများကြီး ထပ်ပေးပါ့မယ်”
'ဒီလို ရက်ရက်ရောရောရှိတဲ့ အရူးတစ်ယောက် အနားမှာရှိနေမှတော့ ဘယ်သူ့ကို သွားရှာရပါတော့မလဲ'
ရှောင်အန်းလဲ့ ယခင်ကဆရာကြီးဝူ လုပ်ပြခဲ့သလိုမျိုး ဘယ်သုံးလှမ်း၊ ညာသုံးလှမ်း၊ ရှေ့တိုးနောက်ဆုတ်နှင့် ခုန်ပေါက်ကာ ဟန်ရေးပြနေတော့သည်။
"ရဲတင်းလှတဲ့ အငြိုးကြီးတစ္ဆေ၊ လူ့လောကထဲမှာ ဘာလို့ဒုက္ခပေးရဲတာလဲ၊ နင့်မှာ နာကျည်းစရာရှိရင် အခုချက်ချင်းပြောစမ်း၊ မြို့စားမင်းက ဒီမှာ ရှိနေတယ်၊ သူကနင့်ရဲ့ မတရားမှုတွေကို သေချာပေါက်ဖြေရှင်းပေးလိမ့်မယ်"
ချန်အန်းမြို့စားမှာ ထိုစကားကို ကြားလိုက်ရသည့်အခါ မျက်နှာ အနည်းငယ်ပျက်သွားတော့သည်။ သူ ထိုသရဲ၏ကိစ္စအဝဝကို လုံးဝမဖြေရှင်းချင်ပေ။ ထိုသရဲမကိုသာ အမြန်ဆုံး နှင်ထုတ်ပေးစေချင်နေခြင်းဖြစ်၏။
“သူ့ရဲ့မတရားမှုတွေကို ကူညီဖြေရှင်းပေးလိုက်စမ်းပါ၊ ပြီးရင် သခင်လေးစုန့်ကို နောက်ထပ်မနှောင့်ယှက်အောင်ပါ လုပ်ပေးလိုက်ပါဦး”
ရှောင်အန်းလဲ့ မျက်မှောင်ကြုတ်လိုက်ရင်း ပြော၏။
“မြို့စားကြီး အဲ့မိန်းမပြောတာကတော့ သခင်လေးစုန့်က သူမကိုသတ်ခဲ့တာလို့ ပြောနေပါတယ်”
ချန်အန်းမြို့စား : “.....”
56
ချန်အန်းမြို့စားမှာ နေမထိထိုင်မသာ ဖြစ်နေပုံပေါ်သဖြင့် ဤမေးခွန်းကို သိချင်စိတ်ဖြင့် မေးလိုက်၏။
"မဖြစ်နိုင်တာ၊ ဒီသရဲက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ၊ ထားလိုက်တော့၊ မင်း ထပ်မေးနေစရာ မလိုတော့ဘူး၊ သူ့ကို အသေသာ ရိုက်သတ်ပစ်လိုက်"
ရှောင်အန်းလဲ့၏ မျက်ဝန်းများတွင် လှောင်ချင်ပြောင်ချင်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"ကောင်းပြီ၊ ဘာပဲဖြစ်ဖြစ် ကျွန်မက ကိုယ့်ခံယူချက်နဲ့ကိုယ် နေတဲ့သူဆိုတော့လည်း ငွေပေးတဲ့သူရဲ့ စကားကိုပဲ နားထောင်ရမှာပေါ့"
ထိုသို့ ပြောပြီးနောက် သူမ လက်ထဲရှိ အဆောင်လက်ဖွဲ့ နှစ်ခုကို သူတို့ပတ်ပတ်လည်သို့ ပစ်ပေါက်လိုက်သည်။
အဆောင်စက္ကူများ လေထဲတွင် ပြာအဖြစ် ပြောင်းလဲသွားပြီး ထိုပြာများမှာ လေထဲတွင် စက်ဝိုင်းပုံစံဖြင့် ဝဲပျံနေ၏။
အခြားသူများအမြင်တွင်မူ သရဲတစ်ကောင်မှာ ထိုစက်ဝိုင်းထဲတွင် ပိတ်မိနေသကဲ့သို့ ထင်ရပြီး သရဲမ၏ စူးရှရှ အော်ဟစ်သံများကိုလည်း ကြားနေရသည်။
လူတိုင်း၏ အာရုံသည် မီးခိုးရောင် စက်ဝိုင်းထံသို့ ရောက်နေသော်လည်း အမှန်တကယ်တွင်မူ ချင်းရှုရန်မှာ ထိုနေရာတွင် ပျင်းရိလေးတွဲ ထိုင်နေခြင်းသာ ဖြစ်၏။
"အား၊ အရမ်းနာတာပဲ"
"အား၊ ငါ့ကို လွှတ်ပေး"
"အား၊ သေရပါတော့မယ်၊ ငါ ဒီလိုသေရတာကို လုံးဝမကျေနပ်နိုင်ဘူး။ အား"
ရှောင်အန်းလဲ့ သူမ၏လက်ကို ရုတ်သိမ်းလိုက်သည်။
"ကဲ ပြီးပြီ"
"သခင်ကြီး၊ ကျွန်မ အဲ့ဒီသရဲနှစ်ကောင်ကို အစအနမကျန် ဖျက်ဆီးပစ်လိုက်ပါပြီ၊ အခကြေးငွေအနေနဲ့ တေးလေးထောင် ကျပါမယ်"
"သခင်မလေးရှောင်ကို တေးငါးထောင် ပေးလိုက်"
ချန်အန်းမြို့စား ရက်ရက်ရောရော လက်ကာပြရင်း သူ၏ဘေးရှိ လူများကို ယူခိုင်းလိုက်၏။
ထို့နောက် သူ ရှောင်အန်းလဲ့ထံသို့ ကြည့်၍ ပြောလေသည်။
"သခင်မလေးရှောင်၊ မင်းက ခုနလေးတင် ကံကြမ္မာ ဟောတတ်တယ်လို့ ပြောတယ်မလား၊ ဘာလို့ ငါ့သားနဲ့ ချွေးမရဲ့ ကံကြမ္မာက အံမဝင်ဂွင်မကျ ဖြစ်နေရတာလဲ"
‘ဒီကံဇာတာက တော်တော်လေး လိုက်ဖက်ညီတယ် မဟုတ်ဘူးလား’
‘ဒီခြံဝင်းထဲမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေတာလဲ’
‘ချန်အန်းမြို့စားက တကယ်ကို ပါးနပ်တဲ့လူပဲ၊ သူ ဒီလောက်တောင် ပါးနပ်နေမှတော့ ငါလည်း စကားနည်းနည်းလောက် ထပ်ပြောလိုက်ဦးမယ်’
"သခင်ကြီး ချွေးမရဲ့ မျက်နှာကို ကြည့်လိုက်ပါ၊ ပထမဆုံး ဘယ်လို ခံစားချက်မျိုး ခံစားရလဲ"
"သူမ ဆင်းရဲဒုက္ခရောက်နေပြီး ပျော်စရာဆိုတာ သူမကမ္ဘာမှာ ဘာမှမရှိတဲ့ပုံ မပေါ်နေဘူးလား"
"မှုန်ကုပ်နေတဲ့ ရုပ်သွင်ရှိတဲ့ လူတွေနားမှာ နေတာက သခင်ကြီးရဲ့ ကံကြမ္မာနဲ့ အရှိန်အဝါကို ထိခိုက်စေနိုင်တယ်"
"ပြီးတော့ ဒီခြံဝင်းကို ကြည့်လိုက်၊ ဒီမှာ သဖန်းပိုးစာပင် တစ်ပင်ရှိတယ်၊ သဖန်းပိုးစာပင်တွေကို ဒီမှာ မစိုက်သင့်ဘူး"
"ဒီခြံဝင်းရှေ့မှာ ဂန္ဓမာပန်းတွေ စိုက်ထားတယ်၊ 'ရှေ့မှာ ဂန္ဓမာ မစိုက်နဲ့၊ နောက်မှာ မိုးမခ မစိုက်နဲ့' ဆိုတဲ့ စကားလိုပေါ့"
"မိုးမခပင်တွေကိုပဲ ခြံဝင်းရှေ့မှာ စိုက်သင့်တာ၊ ဂန္ဓမာပန်းတွေက ဘိုးဘွားတွေကို ကန်တော့တဲ့အခါ သင်္ချိုင်းရှေ့မှာ ထားဖို့အတွက်ပဲ၊ ဒီမှာ စိုက်တာက နိမိတ်မကောင်းဘူး"
သူမ၏စကားများကို နားထောင်ပြီးနောက် ချန်အန်းမြို့စား သေသေချာချာ စဉ်းစားကြည့်ရာ အဓိပ္ပာယ်ရှိကြောင်း တွေ့ရှိသွား၏။
"ဒါဆို ငါ အခုချက်ချင်း ဒါတွေအကုန်လုံးကို အစားထိုးခိုင်းလိုက်ရမလား"
ရှောင်အန်းလဲ့ ခေါင်းခါပြလိုက်သည်။
"တကယ်တော့ ပြောင်းစရာမလိုပါဘူး၊ ဆက်ခံသူ ကြင်ယာတော်ကို ဒီမှာ နေခိုင်းလိုက်ပြီး သခင်လေးစုန့်ကို တခြားခြံဝင်းတစ်ခုဆီ ပြောင်းခိုင်းလိုက်ပါ"
အမျိုးသမီးများမှာ မွေးရာပါ ယင်ဓာတ် ရှိပြီး ယင်စွမ်းအင်များကို စုဆောင်းလေ့ရှိကာ အမျိုးသားများမှာမူ ယန်ဓာတ်ဖြစ်သည်။ ထို့ကြောင့် သခင်လေးစုန့်ကို နေရောင်ရသော ခြံဝင်းတစ်ခုသို့ ပြောင်းရွှေ့ပေးရမည် ဖြစ်သည်။
ဤသို့သော နည်းဖြင့် သခင်လေးစုန့်ထံကို ကံကောင်းခြင်းများ ရောက်လာလိမ့်မည်။
ကံဆိုးခြင်းများမှာတော့ ဆက်ခံသူ ကြင်ယာတော်ကို ရောက်သွားလိမ့်မည်ပင်။
‘ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် တစ်ဖက်က ဆုံးရှုံးမှုတွေနဲ့အတူ နောက်တစ်ဖက်က အကျိုးအမြတ်တွေ ရလာပြီး သခင်လေးစုန့်ရဲ့ ကံကြမ္မာက ပိုပိုပြီး ကောင်းလာလိမ့်မယ်’
‘ဒါပေမဲ့ ငါ့နည်းလမ်းရဲ့ တစ်ခုတည်းသော အားနည်းချက်က သခင်လေးစုန့်နဲ့ ဆက်ခံသူ ကြင်ယာတော်တို့ တွေ့ခွင့်ရမှာ မဟုတ်တော့တာပဲ၊ ဒါက တကယ်ကို ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို ထိခိုက်စေတဲ့ နည်းလမ်းပါလား’
"မြို့စားကြီးက ငွေများများ မပေးဘူးဆိုရင်တော့ ကျွန်မ ပြောပြမှာ မဟုတ်ဘူးနော်"
ရှောင်အန်းလဲ့၏ ပါးစပ်မှ မပြောချင်ဟု ပြောသော်လည်း သူမ၏လက်များမှာတော့ အလွန် ရိုးသားလွန်းနေသည်။ သူမ အိမ်တော်ထိန်း ကမ်းပေးလာသည့် ငွေအိတ်ကို ယူလိုက်ပြီး ဖွင့်ကြည့်ကာ ကျေနပ်စွာဖြင့် သူမ၏ လက်စွပ်ထဲသို့ ထည့်လိုက်၏။
ချန်အန်းမြို့စားမှာ သူမ၏ လုပ်ရပ်များကို စောင့်ကြည့်နေပြီး နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူမတွင် အားနည်းချက်တစ်ခု ရှိနေသမျှ ကိစ္စမရှိပေ။
"သခင်မလေးရှောင်ကို အလုပ်ရှုပ်သွားစေမိပြီ"
ရှောင်အန်းလဲ့ ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
"သခင်ကြီးက အရမ်း သဘောကောင်းလွန်းပါတယ်၊ နောက်နောင် သခင်ကြီး တစ်ခုခု လိုအပ်လာရင် ကျွန်မဆီ အချိန်မရွေး လာခဲ့လို့ ရတယ်၊ ကျွန်မက မျက်နှာဖတ်တဲ့နေရာမှာ တော်တော်လေး တိကျတယ်လေ"
‘မြို့စားကြီးရဲ့ ရုပ်သွင်ကို ကြည့်ရတာ ဝင်းပပြီး ကျန်းမာနေပုံထောက်ရင် သူ့အတွက် ကိစ္စကောင်းတစ်ခုခု ဖြစ်လာတော့မယ့်ပုံပဲ’
‘သူက အလှလေးတစ်ယောက်ရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ဖွယ်ရှိတယ်၊ ဒါပေမဲ့ အဲ့ဒီအလှလေးက ဆူးပါတဲ့ နှင်းဆီ၊ သခင်ကြီးအနေနဲ့ သွေးထွက်သံယို ဖြစ်မှာကိုတော့ သတိထားရလိမ့်မယ်’
ချန်အန်းမြို့စား ခေါင်းညိတ်ကာ အသာလေး ပြုံးလိုက်၏။ သူ မကြာသေးမီကမှ သူ၏ အိမ်တော်ထဲသို့ ကိုယ်လုပ်တော်တစ်ဦး ခေါ်ယူရန် စီစဉ်နေခဲ့ခြင်းပင်။
‘ဒီလိုကြည့်တော့လည်း သခင်မလေးရှောင်က တကယ်ကို စွမ်းဆောင်နိုင်ရည်ရှိတဲ့ပုံပဲ’
"ကောင်းပြီ၊ မင်းပြောတာကို ငါမှတ်ထားပါ့မယ်၊ သခင်မလေးရှောင် နောင်တစ်ချိန် ငါအခက်အခဲကြုံလာရင် မင်းကိုပဲ အကူအညီ တောင်းရတော့မယ်"
ရှောင်အန်းလဲ့ ဤခရီးစဉ်တွင် သူမ၏ ရည်မှန်းချက်ကို အောင်မြင်ခဲ့ပြီး ငွေလည်းရှာနိုင်ခဲ့ကာ ပြီးပြည့်စုံသော ဇာတ်သိမ်းတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ ထို့ကြောင့် သူမ အိမ်ပြန်ရန် ပြင်လိုက်၏။
ကျောက်မိသားစု၏ အစီအစဉ်များ မည်သို့ပင်ရှိစေကာမူ ဤသည်မှာ ရှောင်အန်းလဲ့ လုပ်ပေးနိုင်သည့် အရာအားလုံးပင်။
သူမ အစီအရင် လုပ်နေစဉ် တစ်လျှောက်လုံးတွင် ဆက်ခံသူ ကြင်ယာတော်နှင့် စကားတစ်ခွန်းမျှ မပြောခဲ့သကဲ့သို့ သူမ၏ စကားများမှာလည်း လုံးဝကို ရှုတ်ချသော စကားများသာ ဖြစ်၏။ ထိုစကားများထဲမှ ဆက်ခံသူ ကြင်ယာတော် တစ်ခုခု နားလည်သွားနိုင်မည်ဟု သူမ သံသယရှိမိသည်။
သူမ ချန်အန်းမြို့စား၏ အိမ်တော်မှ ထွက်လာချိန်တွင် မြို့စားကြီးမှ သူမကို တေးနှစ်ထောင် ထပ်ပေးခဲ့သည်။ ဤခရီးစဉ်တွင် သူမ တေးခုနစ်ထောင် ရရှိခဲ့၏။
‘မိုက်ချက်ပဲ’
ချင်းရှုရန်မှာမူ သူမ ဘေးတွင် ဝဲပျံနေရင်း မျက်နှာထားတင်းတင်းနှင့် သူမအား မေးလိုက်သည်။
"အဲ့ဒီ သခင်လေးစုန့်ကို ဘာလို့ ဒုက္ခရောက်အောင်လုပ်ခွင့် မပေးရတာလဲ"
‘ဒီနည်းနဲ့ ဆရာသခင်က ဆက်ခံသူ ကြင်ယာတော်ကို ကူညီဖို့ ကြိုးစားနေတယ်ဆိုတာ ကျွန်မ သိတယ်၊ ဒါပေမဲ့ ဒီသခင်လေးစုန့်မှာ အသက်ရှင်နေဖို့ အကြောင်းပြချက် မရှိဘူးလို့တော့ ကျွန်မ တကယ် ယုံတယ်’
ရှောင်အန်းလဲ့ အူမြူးနေပြီး ငွေများကို သိမ်းဆည်းကာ ပြောလိုက်၏။
"အဲ့ဒါကြောင့်လည်း လူကောင်းတွေက အသက်မရှည်ဘဲ လူဆိုးတွေက အနှစ်တစ်ထောင် အသက်ရှင်တယ်လို့ ပြောကြတာပေါ့"
"ဒါပေမဲ့ မကြာခင် ဖြစ်လာမှာပါ၊ ကျောက်မိသားစု ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့"
ကျောက်မိသားစုသည် သူတို့၏ သမီးအား ပြန်မခေါ်ချင်ခြင်း မဟုတ်ပေ။ ကျောက်သခင်ကြီးနှင့် သခင်မကြီးတို့မှ သဘောမတူခြင်းသာ ဖြစ်၏။
ထို့အပြင် ကျောက်မိသားစုမှာ ပိုင်ဆိုင်မှုများကို ခွဲဝေထားခြင်း မရှိသေးသကဲ့သို့ ကျောက်မိသားစု၏ ဒုတိယအိမ်တော်တွင်လည်း အိမ်ထောင်မကျသေးသော သမီးနှစ်ယောက် ရှိနေသေးသည်။ ပထမအိမ်တော်မှ သူတို့သမီးအား ပြန်ခေါ်လာမည်ကိုလည်း ဒုတိယအိမ်တော်က သဘောမတူပေ။
သူမက ဆက်ခံသူ သခင်လေး၏ ဇနီးဖြစ်ပြီး ချန်အန်းမြို့စား အိမ်တော်၏ ဆက်ခံသူ ကြင်ယာတော်လည်း ဖြစ်၏။
ကျောက်မိသားစု၏ ဒုတိယအိမ်တော်မှ သူမ မျက်နှာကို လက်ညှိုးထိုးကာ ထောက်ပြ ပြောဆိုကြသည်။ ကျောက်မိသားစု၏ ပထမအိမ်တော်၊ ပို၍ တိတိကျကျ ပြောရလျှင် သခင်မကြီးကျောက်နှင့် သခင်ကြီးကျောက်တို့က သူမ သမီးတစ်ယောက် မွေးဖွားလာမည်ကို စောင့်မျှော်နေကြခြင်းပင်။
တစ်နေ့တွင် သူမ၏ သမီးက ဧကရီ သို့မဟုတ် မိဖုရားခေါင်ကြီး ဖြစ်လာနိုင်ပြီး ကျောက်မိသားစုလည်း ကြီးပွားတိုးတက်လာလိမ့်မည်။
ထို့ကြောင့် အကြောင်းရင်းအားလုံးကို ထည့်သွင်းစဉ်းစားပြီးနောက် သခင်မကျောက်မှာ အလွန် စိုးရိမ်ပူပန်သွားကာ ဖျားနာပြီး အိပ်ရာထဲ လှဲနေရတော့၏။
သူမ၏သမီး ဒုက္ခရောက်နေသည်ကို သိသော်လည်း မကူနိုင်သဖြင့် နေ့စဉ်နေ့တိုင်း ငိုကြွေးနေရုံမှအပ အခြား မည်သည့်အရာမှ မတတ်နိုင်ခဲ့ပေ။
ရှောင်အန်းလဲ့ ကျောက်မိသားစုထံမှ မည်သည့် သတင်းအစအနမျှ မကြားရသည်မှာ ရက်အတော်ကြာပြီ ဖြစ်သဖြင့် ကိစ္စရပ်များကို သူမကိုယ်တိုင် ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။
‘ဒီနည်းလမ်းက ကောင်မလေးကို ခဏလောက်တော့ ငြိမ်းချမ်းမှုလေး ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်’
သူမ ဆန်ဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်သွားချိန်တွင် တေးသုံးထောင်တန်ဖိုးရှိ ဆန်နှင့် ဂျုံမှုန့်များကို ဝယ်ယူလိုက်၏။
သူမ မြို့ပြင်တွင် နေရာတစ်ခုကို ရွေးချယ်ထားပြီး ထိုနေရာ၌ သူမနှင့် သူမ၏ တပည့်ဖြစ်သူတို့မှာ ဆန်ပြုတ်ဝေရန်အတွက် တဲတစ်လုံး ဆောက်လုပ်ခဲ့ကြသည်။
တဲဟု ခေါ်သော်လည်း အမှန်တကယ်တွင်မူ အပြာရောင်အုတ်များ၊ အနီရောင်အုတ်ကြွပ်များဖြင့် ဆောက်လုပ်ထားသော အိမ်ဆယ်လုံးတန်းကြီးသာ ဖြစ်၏။
ထိုနေရာကို ဆန်နှင့် ကောက်ပဲသီးနှံများ သိုလှောင်ရန်အတွက် အထူးအသုံးပြုပြီး အလုပ်သမားများ အိပ်စက်ရန် နေရာလည်း ပါဝင်သည်။ ချက်ပြုတ်ရန်အတွက် မီးဖိုချောင် နှစ်ခုရှိပြီး သံဒယ်အိုးကြီး လေး၊ ငါးလုံးခန့် ရှိ၏။
ဤနေရာတွင် နေ့စဉ် ဆန်ပြုတ် အခမဲ့ တိုက်ကျွေးသော်လည်း မိမိကိုယ်ပိုင် ပန်းကန် ယူလာရန်တော့ လို၏။ အကယ်၍ ပန်းကန်မရှိပါက သစ်သားပန်းကန်ကို အသုံးပြုနိုင်သည်။
ရှောင်အန်းလဲ့ သစ်သားပန်းကန်များ ပြုလုပ်ရန် လက်သမားတစ်ဦးကို အထူး ငှားရမ်းခဲ့သည်။ ထိုကဲ့သို့သော ပန်းကန်များက အလွယ်တကူ မကွဲနိုင်သကဲ့သို့ ဆေးကြောထားသရွေ့ ပြန်အသုံးပြုနိုင်သည်။
ဤအကြောင်းကြောင့်လည်း ထိုနေရာတွင် ရေတွင်းနှစ်တွင်း တူးထား၏။
အဓိက ဆွဲဆောင်မှုမှာတော့ အခမဲ့ ဖြစ်နေခြင်းပင်။
"ဒီနေ့ ငါတို့ဆီမှာရှိတဲ့ ဆန် သုံးထောင်ဖိုးက ချန်အန်းမြို့စားအိမ်တော်ရဲ့ ဆက်ခံသူ ကြင်ယာတော် ကျောက်ဝမ်နျန်း လှူဒါန်းထားတာပါ"
"ဆန်ပြုတ်ဝေတဲ့အခါ လာသောက်တဲ့သူတွေကို ချန်အန်းမြို့စားအိမ်တော်ရဲ့ ဆက်ခံသူ ကြင်ယာတော် ကျောက်ဝမ်နျန်းက တေးသုံးထောင်နဲ့ ဆန်တွေ လှူထားတယ်ဆိုတာကို သတိတရ ပြောပြကြ"
"ဒီဆန်နဲ့ ကောက်ပဲသီးနှံတွေ မကုန်ခင် လူတိုင်း တစ်နေ့ကို ၅၅ ကြိမ်လောက် ထပ်ခါတလဲလဲ ပြောရမယ်"
"ဟုတ်ကဲ့ပါ သခင်မလေး၊ ကျွန်တော်တို့ ၅၅ ကြိမ် ပြောပါ့မယ်"
ရှောင်အန်းလဲ့ သူတို့၏ လှည့်စားမှုနှင့် လိမ်လည်မှုများကို မကြောက်ချေ။
‘သူမက ဒီလူတွေအကုန်လုံးကို ဝယ်ထားတာ၊ ပြီးတော့ သူတို့ရဲ့ စာချုပ်တွေ အကုန်လုံးကလည်း သူမဆီမှာပဲ ရှိတယ်၊ ဒါက တစ်ချက်’
‘ဒုတိယအချက်ကတော့ သူမက လေလွင့်နေတဲ့ သရဲတစ္ဆေတွေနဲ့ ဝိညာဉ်တွေကို ဒီလူတွေကို ကြီးကြပ်ခိုင်းထားမှာ’
‘သူတို့ အပျင်းထူချင်နေတယ်လို့ ခံစားရရင် အလုပ်မှာ မပျင်းရဲအောင် သရဲတစ်ကောင်လောက် ပြပြီး ခြောက်ခိုင်းထားလိုက်မယ်’
မြို့ထဲရှိ သူတောင်းစားများ မည်သည်ကိုမှ တောင်း၍ မရကြသည့်အခါ ဤနေရာတွင် ဗိုက်ကားနေအောင် ဆန်ပြုတ်လာသောက်ကြသည်။ ပြီးနောက် သူတို့ မြို့ထဲသို့ ပြန်ဝင်သွားကြပြီ ဆက်တောင်းကြ၏။
ဤအလုပ်များကို အပြီးသတ်ပြီးနောက် သူမ မြို့ထဲသို့ ပြန်ရန် ပြင်ဆင်လိုက်၏။ ထိုစဉ် မြင်းမြန်နှစ်ကောင်မှာ မြို့တော်သို့ ဒုန်းစိုင်းနှင်လာပြီး မြင်းပေါ်မှ မြင်းစီးလာသူများမှာ တာအိုဆရာ ဝူချန်နှင့် ခပ်ဆင်ဆင် တူနေသည်။
လုံယွင်တောင်မှ တစ်စုံတစ်ယောက် ရောက်လာပြီဟု ရှောင်အန်းလဲ့ ချက်ချင်း တွေးလိုက်မိသည်။ ထိုအမြန်နှုန်းမှာ တကယ်ကို အံ့မခန်းပင်။
"ညီမလေး ညီမလေး၊ နင် ဒီမှာရှိနေမယ်ဆိုတာ ငါသိသားပဲ၊ အိမ်မြန်မြန်ပြန်ရအောင်၊ နင့်အစ်ကိုကြီး ဒုက္ခရောက်နေပြီ”