အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
57
ရှောင်အန်းလဲ့ ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွား၏။
"ဘာဖြစ်တာလဲ၊ သူများပေးတဲ့ ပစ္စည်းတွေကို လက်မခံဖို့ အစ်ကိုကြီးကို ပြောထားတယ် မဟုတ်ဘူးလား"
‘အစ်ကိုကြီး ဘာတွေများ လက်ခံလိုက်လို့လဲ’
သူမ၏ အရင်းနှီးဆုံး ဆွေမျိုးများ ဖြစ်ကြသဖြင့် သူမ ထိုသူတို့အကြောင်း အတိအကျကြီး တွက်မရနိုင်ဘဲ အကြမ်းဖျင်းသာ ခန့်မှန်းနိုင်သည်။
"ဟူး၊ သူများပေးတာတွေ လက်မခံဖို့ အစ်ကိုကြီးကို ငါ သတိပေးထားသားပဲ၊ ဒါပေမဲ့ ဒီတစ်ခါ သူတို့ယူလာတာက ပစ္စည်းမဟုတ်ဘူး"
ရှောင်အန်းလဲ့ မျက်ခုံးတစ်ဖက်ပင့်ကာ အိမ်ထဲသို့ အမြန် ဝင်လာခဲ့၏။
"ပစ္စည်းမဟုတ်ရင် ဘာကြီးတုန်း"
ရှောင်ချန်းလင်း : "အဲ့ဒါက မိန်းမတစ်ယောက်"
ရှောင်အန်းလဲ့မှာ ဆွံ့အသွားကာ ခဏတာ ငြိမ်ကျသွားရသည်။
"ပစ္စည်းတွေကို လက်မခံနိုင်ပေမဲ့ မိန်းမတွေကိုကျတော့ လက်ခံနိုင်တယ်ပေါ့လေ"
ရှောင်ချန်းလင်း သူမဘေးတွင် ခေါင်းကုတ်လိုက်သည်။
"ငါက ဘယ်လိုလုပ် သိမှာတုန်း၊ အဲ့ဒီလူက အစ်ကိုကြီးနဲ့ သိပ်ရင်းနှီးတာမဟုတ်ဘူး၊ ဒါပေမဲ့ သူ မြို့တော်ကို လာတုန်းက အလှလေး ဆယ်ယောက်ကျော်လောက် ခေါ်လာတာ"
သူတို့က အစ်ကိုကြီးထံသို့ လက်ဆောင်ပို့ပေးရုံ သာမက တခြားအိမ်တော်များရှိ သခင်လေးများထံပါ ပို့ခဲ့ကြခြင်း ဖြစ်၏။
ရှောင်အန်းလဲ့ ပြောစရာစကား ပျောက်သွားတော့၏။
‘ဒါက ဘယ်လို ဝါသနာကြီးတုန်း’
ထိုအခိုက်အတန့်တွင် သူမခေါင်းထဲသို့ သမီးဆယ်ယောက်ကျော်ရှိပြီး သူတို့အားလုံးကို ရာထူးကြီးအရာရှိများနှင့် သူကြွယ်များထံ ကိုယ်လုပ်တော်အဖြစ် ပေးစားခဲ့သည့် သူဌေးကြီးတစ်ဦးအကြောင်း ချက်ချင်း ပြေးသတိရသွားသည်။
သူ နောက်ဆုံးတွင် သူ၏သမီးများကို အားကိုးကာ ရာထူးကြီးကြီးတစ်ခုကို ရသွားခဲ့၏။
"ကိုယ်လုပ်တော်တစ်ယောက် ယူရုံသက်သက်ဆိုရင်တော့ ပြဿနာမရှိလောက်ပါဘူး၊ ညီမတစ်ယောက်အနေနဲ့ အစ်ကိုရဲ့ အတွင်းရေး ကိစ္စတွေကို ဝင်စွက်ဖက်ဖို့ မသင့်တော်ဘူးလေ၊ ဟုတ်တယ်မလား"
‘ဒါမှမဟုတ် အဲ့ဒီကိုယ်လုပ်တော်မှာ ပြဿနာတစ်ခုခုများ ရှိနေတာလား’
ရှောင်ချန်းလင်း သူမဘေးမှ လိုက်လာရင်း အိမ်သို့ အမြန်လျှောက်ကာ ပြောလိုက်သည်။
"ဟုတ်တယ်၊ ပြဿနာက အဲ့ဒီကိုယ်လုပ်တော်ပဲ၊ အစ်ကိုကြီးက မနေ့ကမှ သူမကို အိမ်ခေါ်လာတာ၊ ဒီနေ့ထိ အိပ်ရာက မထသေးဘူး"
ရှောင်အန်းလဲ့ :ဒါက ကိုယ်လုပ်တော်မှာ ပြဿနာရှိတယ်လို့ ဆိုလိုတာလား။
"မထချင်တာနေမှာပေါ့၊ အစ်ကိုကြီးက အရမ်းပျော်နေတော့ အိပ်ရာထဲကနေ မထွက်ချင်တာနေမှာ"
'ထိုအချိန်မှစ၍ ဧကရာဇ်မင်းက နံနက်ခင်းညီလာခံကို မကျင်းပတော့' ဟူသော စကားပင် ရှိ၏။
‘အစ်ကိုကြီးက ဘုရင်မဟုတ်လို့ တော်သေးတာပေါ့၊ မဟုတ်ရင် တိုင်းပြည်ပျက်နေလောက်ပြီ’
ရှောင်ချန်းလင်းမှာ နဖူးမှချွေးများကို သုတ်လိုက်ရ၏။ ညီမငယ်လေးမှာ ပွင့်လင်းလွန်းနေသည်။
"ညီမလေး၊ ငါကတော့ အဲ့ဒီမိန်းမက လူတွေရဲ့ အသက်ဓာတ်ကို စုပ်ယူတတ်တဲ့ သရဲတစ္ဆေ တစ်ကောင်ကောင်များ ဖြစ်နေမလားလို့၊ အဲ့ဒါကြောင့် အစ်ကိုကြီး အိမ်ထဲက မထွက်သေးတာနေမှာ"
"အစ်ကိုကြီး အန္တရာယ်များကြုံနေမလား စိုးရိမ်လို့ သူ့အခန်းထဲ ဝင်ကြည့်သေးတယ်၊ သူက ခုတင်ပေါ်မှာ ရှိနေသေးပေမဲ့ ငါ့ကို စကားတစ်ခွန်းမှ မပြောဘဲ မလှုပ်မယှက် လဲနေတာ"
"အဲ့ဒီမိန်းမကတော့ စောင်ကို ဆုပ်ပြီး ထောင့်မှာ ကွေးကွေးလေး ထိုင်နေတာ၊ ငါမေးတဲ့ မေးခွန်းတွေကိုလည်း ဘာတစ်ခုမှ ပြန်မဖြေဘူး"
ရှောင်အန်းလဲ့မှာ ဒုတိယအစ်ကိုဖြစ်သူ၏ မမောနိုင် မပန်းနိုင် ရှင်းပြနိုင်စွမ်းကို တကယ် သဘောကျသွား၏။ ထိုအရာကမှ အဓိကအချက်ပင်။
"ဆရာသခင်၊ ဘယ်သွားမလို့လဲ"
သခင်လေးကျိုး စားသောက်ဆိုင်မှ အလျင်စလို အိမ်ပြန်လာသော သူတို့နှစ်ဦးကို မြင်သွား၏။
သူ ကိုယ်ကိုကိုင်းကာ သူတို့ထံ လက်ပြလိုက်သည်။
ရှောင်အန်းလဲ့မှာတော့ လှည့်ပင် မကြည့်ဘဲ သူ့အား လက်ပြန်ပြလိုက်၏။
ထိုကောင်လေး စားသောက်ဆိုင်ပေါ်မှ ခုန်ဆင်းလာပြီး ရှောင်အိမ်တော်သို့ သွားရာ လမ်းတစ်လျှောက် သူတို့နောက်မှ လိုက်လာကာ အတင်းပြောချင်သည့် မျက်နှာထားဖြင့် မေးလိုက်သည်။
"ဆရာသခင်၊ ဘာလို့ ဒီလောက်တောင် အလျင်စလို ထွက်လာရတာလဲ၊ တစ်ခုခု ဖြစ်လို့လား"
"နင် ဘာလို့ ငါ့နောက် လိုက်လာတာတုန်း၊ နင်က ဝမ်းနည်းပူဆွေးခြင်း ကာလကနေ ထွက်လာခါစပဲ ရှိသေးတာ၊ စားသောက်ဆိုင်တွေမှာတောင် အားအားယားယား လမ်းသလားနေပြီလား၊ ငါပေးထားတဲ့ စာအုပ်တွေကိုရော အကုန်ဖတ်ပြီးပြီလား"
သူ ဤအကြောင်း ပြောသည့်အခါ အတော်လေး ဂုဏ်ဆာသွား၏။
"ဆရာသခင်၊ ကျွန်တော် ဆရာသခင်ဆီ လာမလို့ပဲ၊ ဆရာသခင် မသိသေးပါဘူး၊ ကျွန်တော်က ဒီလိုကိစ္စတွေကို အရမ်းစိတ်ဝင်စားတော့ စာအုပ်တွေကို မြန်မြန်ဖတ်ပြီးသွားမှာ"
"ကျွန်တော့်ကို မယုံဘူးလား၊ စမ်းကြည့်လေ"
ရှောင်အန်းလဲ့ သူ့အား ခေါင်းအစ ခြေအဆုံး အကဲခတ်လိုက်သည်။
"ဒါဆို ငါနဲ့အတူ အိမ်တော်ထဲ လိုက်ခဲ့မလား"
သခင်လေးကျိုးမှာ စိတ်လှုပ်ရှားစွာဖြင့် ရှောင်ချန်းလင်းကို ဘေးသို့ တွန်းကာ ရှောင်အန်းလဲ့အနီး တိုးကပ်သွား၏။
"ဆရာသခင်၊ ကျွန်တော်တို့ ဘယ်တော့ အလုပ်ထွက်လုပ်ကြမလဲ"
"နင် တော်တော်လေး စိတ်လောနေပုံပဲ၊ ဒါဆို အခုပဲ စလုပ်ကြတာပေါ့"
သခင်လေးကျိုး အာမေဍိတ်သံ ပြုလိုက်သည်။
"အခုလား"
"ဒါပေမဲ့ အခု ကျွန်တော်တို့က သူများအိမ်တော်ထဲ ရောက်နေတာ မဟုတ်ဘူးလေ၊ ဆရာသခင် ဒီမှာ ကြီးကြပ်နေမှတော့ ဘယ်နတ်ဆိုး၊ ဘယ်မိစ္ဆာက ဆရာသခင် ရှေ့မှာ လာပြီး ပြဿနာရှာရဲမှာလဲ၊ အဲ့ဒါ သေချင်လို့ သက်သက်လာရှာတာနဲ့ တူမနေဘူးလား"
ထိုစကားကြောင့် ရှောင်အန်းလဲ့ သဘောကျသွားရ၏။
"ဟုတ်တယ်၊ ငါ့အိမ်တော်မှာ ဘယ်လို မိစ္ဆာမျိုးကများ လာပြီး ပြဿနာရှာရဲလဲဆိုတာ သွားကြည့်ကြတာပေါ့"
သခင်လေးကျိုးမှာ သူ၏စွမ်းရည်ကို စမ်းသပ်ကြည့်ရန် စိတ်အားထက်သန်နေ၏။
"ဆရာသခင်၊ မျက်နှာဖတ်တဲ့အကြောင်း ဆရာသခင် ရေးထားတဲ့ စာအုပ်ကိုလည်း ဖတ်ထားတော့ အခုဆို နည်းနည်းပါးပါး နားလည်နေပြီလို့ ခံစားရတယ်"
"ဒါပေမဲ့ ဆရာသခင်ရဲ့ မျက်နှာသွင်ပြင်ကိုတော့ သေသေချာချာ မမြင်ရဘူး"
"ရှောင်အာ့ပုံစံကိုလည်း သိပ်ရှင်းရှင်းလင်းလင်း မမြင်ရပြန်ဘူး"
"နင် မျက်စိ မလိုချင်တော့ဘူးလား၊ ငါ့ကိုများ ကြည့်ရဲတယ်ပေါ့လေ"
"ငါက နင့်ဆရာသခင်၊ ပြီးတော့ ငါ့ဒုတိယအစ်ကိုကလည်း နင့်အတွက် မိသားစုဝင်လိုပဲဆိုတော့ သဘာဝကျကျ ငါတို့ဆီကနေ ဘာမှမြင်ရမှာ မဟုတ်ဘူး"
"တခြားသူတွေကို ကြည့်ပြီးမှပဲ သိနိုင်မှာ"
"သမားတော်က ကိုယ့်ရောဂါကို ကိုယ်မကုနိုင်ဘူးဆိုတာ ဒါမျိုးကို ပြောတာပေါ့၊ ပြီးတော့ နင် သင်နေတာ ရက်ပိုင်းပဲ ရှိသေးတယ်၊ အရည်အချင်းကလည်း မပြည့်သေးတော့ ရမ်းသမ်းပြီး လျှောက်မကြည့်နဲ့"
"နောက်ကျ နင်တစ်ခုခု မှားပြောမိမှ ငါ့ကို လာမကယ်ခိုင်းနဲ့"
ကျိုးမိသားစု၏ သားဖြစ်သူမှာ အကြံပေးစကားများကို နားထောင်တတ်သူအဖြစ် နာမည်ကြီးသည်။
"ဒါဆို ကျွန်တော် အရင်ဆုံး မျက်နှာကို မကြည့်တော့ဘူး၊ ဆရာသခင် အိမ်တော်မှာ လာပြဿနာရှာရဲတဲ့ အဲ့ဒီအကောင်က ဘာကြီးလဲဆိုတာ သွားကြည့်ကြတာပေါ့"
သူတို့သုံးဦးမှာ ရှောင်ချန်းဖုန်း၏ ခြံဝင်းဆီသို့ အလျင်စလို သွားကြသည်။ ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ရှောင်အန်းလဲ့ တစ်ခုခုမှားနေကြောင်း အာရုံခံမိလိုက်၏။
သခင်လေးကျိုးပင်လျှင် ၎င်းကို သတိထားမိလိုက်သည်။
"ဆရာသခင်၊ ဒီခြံဝင်းက နည်းနည်း ထူးဆန်းနေသလိုပဲနော်၊ တစ်ခုခု မှားနေသလို ခံစားရတယ်၊ ဒါပေမဲ့ ဘာမှန်းတော့ သေချာမသိဘူး"
ရှောင်အန်းလဲ့ သူ့ကို တစ်ချက်ကြည့်လိုက်ကာ ဤကောင်လေးမှာ ထိုမျှ မြန်မြန်ဆန်ဆန် သင်ယူတတ်မြောက်ပြီး တစ်ခုခု မှားနေသည်ကို အလျင်အမြန် အာရုံခံနိုင်ခြင်းအတွက် အံ့အားသင့်သွား၏။
တတိယမျက်လုံး ဖွင့်ထားသူဖြစ်၍၊ သူ၏ တတိယမျက်လုံးမှာ မြို့စားကြီး၏ ကွယ်လွန်သွားသော မယားငယ်၏ မျက်လုံးပင်။
သူ၏ တတိယမျက်လုံးကို ဖွင့်ပေးရသည့် ရည်ရွယ်ချက်မှာ ရယ်စရာကောင်းလွန်း၏။ ၎င်းမှာ သူ့ကို ခြောက်လှန့်ရန် သက်သက်သာ ဖြစ်သည်။
ရှောင်အန်းလဲ့သည် ဤစကားကို ကြားပြီးနောက် လုံးဝ နှုတ်ဆိတ်နေလိုက်၏။
သူမ ဆွံ့အသွားသည်။
‘တစ်ယောက်ယောက်ကို တတိယမျက်လုံးဖွင့်ပေးဖို့ ဒီလောက်တောင် အားထုတ်ထားရတာကို ဒီလိုမျိုး ခြောက်လှန့်ဖို့ သက်သက်ပဲလား’
သို့သော်လည်း အကြောင်းအကျိုး ဆက်စပ်မှုတိုင်းတွင် ရလဒ်ဟူသည် ရှိစမြဲပင်။ ဤအရာက သူမအတွက် တန်ဖိုးရှိ တပည့်တစ်ဦးကို ရရှိစေခဲ့သည်။
အထဲမှ အရာများ ထွက်မပြေးနိုင်စေရန် ရှောင်အန်းလဲ့ သူမ၏လက်ကို မြှောက်ကာ အစ်ကိုကြီး၏ ခြံဝင်းအား ဝန်းရံလျက် အကာအကွယ် အဆောင်လက်ဖွဲ့တစ်ခုကို ပစ်လွှတ်လိုက်၏။
"ဆရာသခင်၊ ဒါ ဘယ်လို အဆောင်လက်ဖွဲ့မျိုးလဲ၊ အရမ်း အစွမ်းထက်မယ့်ပုံပဲ"
"အတားအဆီး အဆောင်လက်ဖွဲ့တွေအကြောင်းကို နင့်ကို နောက်မှ သင်ပေးမယ်"
"အခုတော့ အထဲဝင်ပြီး အထဲကဟာကို ရှင်းကြတာပေါ့"
‘ဒုတိယအစ်ကိုလား’
ရှောင်ချန်းလင်းလည်း မည်သည့်အရာအား လုပ်ရမှန်းမသိ ဖြစ်နေ၏။
"ညီမလေး၊ ငါဒီမှာရှိနေတာကို မေ့သွားပြီလား၊ ငါ အရင်ထွက်သွားရမလား"
ရှောင်အန်းလဲ့ တကယ်ကို မေ့နေခဲ့ခြင်းပင်။
"ဒုတိယအစ်ကိုက ဒီမှာရှိနေသေးတာပဲ၊ ထွက်လို့မရရင်လည်း မထွက်နဲ့တော့"
"ဒါလေး ယူထား၊ ဒုတိယအစ်ကို၊ အစ်ကို့မှာ လောလောဆယ် ကာကွယ်ဖို့ ကျွန်မပေးထားတဲ့ သစ်သားအဆောင်ရှိတယ်ဆိုတော့ အဆင်ပြေမှာပါ"
"သရဲမ ထွက်လာရင် အစ်ကိုလည်း ဝင်လုပ်လို့ရတယ်၊ စိတ်မပူနဲ့"
"တကယ်ကြီး မိစ္ဆာလား"
"ဘာကောင်လဲဆိုတာတော့ မသိသေးဘူး၊ သေချာလည်း မပြောနိုင်ဘူး၊ ဒါပေမဲ့ လူတွေရဲ့ အသက်ဓာတ်ကို စုပ်ယူတာကတော့ အသေအချာပဲ"
ရှောင်အန်းလဲ့ စကားပြောပြီးနောက် တံခါးဝသို့ လှည့်ကာ အကျယ်ကြီး အော်လိုက်၏။
"ယုတ်မာရိုင်းစိုင်းတဲ့ မိစ္ဆာကောင်၊ အခုချက်ချင်း ကိုယ်ထင်ပြစမ်း"
သူမ စကားဆုံးသည်နှင့် သူမရှေ့ရှိ တံခါးမှာ လေမတိုက်ဘဲ အလိုအလျောက် ပွင့်သွားတော့သည်။
အမျိုးသမီးတစ်ဦး၏ အသံချိုချိုလေး ထွက်ပေါ်လာ၏။
"ဘယ်လောက်တောင် အံ့သြစရာကောင်းတဲ့ စွမ်းရည်လဲ၊ မြို့တော်မှာ ဒီလိုဆရာမျိုး ရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ မြို့တော်မှာ ဒီလို အစွမ်းထက်တဲ့သူ ရှိမှန်းသိရင် ငါလာခဲ့မှာတောင် မဟုတ်ဘူး၊ ဟီးဟီးဟီး"
“တော်တော် ရဲတင်းလှချည်လား"
အမျိုးသမီးကို မြင်လိုက်ရချိန်တွင် ရှောင်အန်းလဲ့ ဆွံ့အသွားရသည်။
ဒုတိယအစ်ကိုဖြစ်သူတွင် တတိယမျက်လုံး မရှိသဖြင့် အစိမ်းရင့်ရောင် ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးကိုသာ မြင်လိုက်ရ၏။
‘အခုခေတ်ကြီးမှာ ငါပဲ နောက်ကောက်ကျနေတာလား၊ ဖားပြုတ်တွေတောင် ကျင့်ကြံပြီး မိစ္ဆာဖြစ်လာနိုင်တာလား’
"နင်က တောနက်ထဲမှာ သွားမကျင့်ကြံဘဲ ဒီမှာ ဘာလာလုပ်နေတာတုန်း"
"ငါက သဘာဝကျကျပဲ ကျင့်ကြံဖို့ ဒီကိုလာတာလေ"
"ငါ့ကျေးဇူးရှင်က ငါ့ကို ကယ်ခဲ့တာဆိုတော့ သူ့ကို ကျေးဇူးဆပ်ချင်လို့ သူနဲ့အတူ မြို့တော်ကို လိုက်လာခဲ့တာ"
မိစ္ဆာများ၏ တွေးခေါ်ပုံကို ရှောင်အန်းလဲ့ နားမလည်နိုင်အောင် ဖြစ်ရ၏။
"ကျေးဇူးဆပ်တယ်ဆိုတာ ငါ့အစ်ကိုကြီးကို ဒုက္ခပေးတာက နင့်ရဲ့ ကျေးဇူးဆပ်တဲ့ နည်းလမ်းလား"
"နင့်ရဲ့ အကြောင်းပြချက်တွေက ငါ့ဆီမှာ လာမသုံးနဲ့"
အမျိုးသမီးမှာ ရှောင်အန်းလဲ့ကို သတိထားကာ ကြည့်လိုက်သည်။
"အင်း၊ ယောက်ျားတွေရဲ့ သုတ်ရည်က ငါ့အတွက် အကျိုးရှိတယ်ဆိုတာ တွေ့သွားတော့ ငါလည်း စိတ်ယုတ်စိတ်ညံ့တွေ ဝင်ပြီး ပိုပြီး စုဆောင်းချင်သွားတာကိုတော့ ဝန်ခံပါတယ်"
"သူက ငါ့အပေါ် တကယ် ကျေးဇူးပြုခဲ့တာဆိုတော့ သူနဲ့အတူ မြို့တော်ကို လိုက်လာပြီး စစ်ရေးအရာရှိ ဧကရာဇ်စာမေးပွဲကို အောင်အောင် ကူညီပေးခဲ့တာလေ"
"အို၊ မြို့တော်မှာ ကောင်ချောလေးတွေ ဒီလောက်ပေါမှန်း ငါ အခုမှပဲ သိတော့တယ်"
ရှောင်အန်းလဲ့ စကားပြောနေစဉ်မှာပင် သူမ၏ အင်္ကျီလက်ထဲမှ ဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်ပြီး ဖြစ်၏။
"ငါမမှားဘူးဆိုရင် အဲ့ဒီသခင်လေးက နင့်တစ်ယောက်တည်းကိုပဲ မြို့တော်ကို ခေါ်လာတာလေ"
"သူ့ဘေးက တခြားလူတွေဆိုတာ နင်ဖန်တီးထားတဲ့ စိတ်လှည့်စားမှုတွေ မဟုတ်ဘူးလား"
အမျိုးသမီး ချိုသာစွာ တခစ်ခစ်ရယ်လိုက်သည်။
"ငါ အမုန်းဆုံးအရာက ဘာလဲဆိုတာ နင်သိလား"
"ငါ အမုန်းဆုံးက ကိုယ့်ကိုယ်ကိုယ် အမြဲဖြောင့်မတ်တယ် ထင်နေတဲ့ နင်တို့လို တာအိုဆရာ အပုတ်အသိုးတွေကိုပဲ"
"နင်တို့တွေက လူတွေလုပ်သမျှကို အကုန် ဖောက်မြင်နေနိုင်တော့ တော်တော့်ကို စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတာ"
ရှောင်အန်းလဲ့ သူမဘေးရှိ သခင်လေးကျိုးအား ပြောလိုက်၏။
"တိုက်ပွဲစပြီဆိုတာနဲ့ အစ်ကိုကြီးကို သွားကြည့်ဖို့ အခွင့်အရေးယူလိုက်"
ထို့နောက် သူမ ဖားပြုတ်မိစ္ဆာကို ကြည့်လိုက်သည်။
"ငါ့အစ်ကိုကြီးသာ သေသွားရင် နင်လည်း သေရမယ်မှတ်၊ ငါ့အစ်ကိုကြီး ဘာမှမဖြစ်ဘူးဆိုရင်တော့ ငါသနားပြီး နင့်ကို လွှတ်ပေးချင် လွှတ်ပေးမယ်"
"ဟွန့်၊ ဒီ အနံ့အသက်ဆိုးတဲ့ တာအိုဆရာရဲ့ ပါးစပ်က သရဲတွေကို လိမ်ဖို့လောက်ပဲ ကောင်းတာနေမယ်”
58
ဖားပြုတ်မိစ္ဆာမှာ ၎င်း၏လျှာကို ထုတ်ပြလိုက်၏။
"ငါ့ကို လာလှည့်စားနေတာလား၊ ငါတော့ မယုံဘူး၊ နင်က ကလေးမလေးသာသာပဲ ရှိသေးတာကို၊ နင့်မှာ ဘယ်လောက်တောင် ကျင့်ကြံခြင်းအဆင့် ရှိနေမှာမို့လို့လဲ၊ ငါ့ကို နိုင်မယ် ထင်နေတာလား"
ထိုအရာမှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။
"နင့်ဘေးက ကောင်လေးက တော်တော်လေး ကြည့်ကောင်းတာပဲ၊ သူက လူပျိုစစ်စစ်လေးပဲ ရှိသေးတယ်၊ ငါနဲ့ ပျော်ပါးခွင့် ပေးလိုက်ပါလား၊ ဟီးဟီးဟီး"
ရှောင်အန်းလဲ့ သူမ၏စကားကို ကြားသည်နှင့် တစ်ပြိုင်နက် သဘောပေါက်သွားတော့၏။
"ငါ့အစ်ကိုကြီးကို နင်ဘာမှလုပ်လို့ မရသေးတဲ့ပုံပဲနော်၊ ငါ့ရဲ့ သစ်သားအဆောင်တွေက ဒီလောက်တော့ မညံ့ဘူးဆိုတာ ငါသိသားပဲ"
ဖားပြုတ်မိစ္ဆာသည် အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
"နင်သာ ပြန်မလာဘူးဆိုရင် ငါအောင်မြင်နေတာ ကြာလှပေါ့"
ရှောင်အန်းလဲ့ သူမနှင့် စကားဆက်မပြောနေတော့ဘဲ ဓားဖြင့် ပြေးခုတ်လိုက်တော့သည်။
အမျိုးသမီးလည်း ရှောင်အန်းလဲ့ဘက်သို့ ပါးစပ်ဟကာ လျှာကို ဆန့်ထုတ်ပြီး ရိုက်ချလိုက်၏။
"ရွံစရာကောင်းလိုက်တာ၊ သွားရည်တွေချည်းပဲ"
ရှောင်အန်းလဲ့မှာ ဤနေရာတွင် ဖားပြုတ်မိစ္ဆာ ရှိနေမည်ဟု လုံးဝ မထင်ထားခဲ့ဘဲ မြွေဖြူမလှလှလေး ဖြစ်မည်ဟု ထင်ထားခဲ့ခြင်းပင်။
အချက်အနည်းငယ်မျှ အပြန်အလှန် တိုက်ခိုက်ပြီးနောက် သခင်လေးကျိုးမှ ရှောင်ချန်းဖုန်းအား လှုပ်နှိုးလိုက်ပြီး သူ မိစ္ဆာဖမ်းစားခြင်း ခံထားရကြောင်းကို ပြောပြလိုက်သည်။
ရှောင်ချန်းဖုန်းမှာတော့ သူ့ကို မယုံနိုင်ခဲ့ဘဲ မနေ့ညက သူ၏ ရင်ခွင်ထဲရှိ အလှလေးကို တွေးကာ ခြံဝင်းထဲမှ အလျင်စလို ပြေးထွက်သွားလိုက်၏။
‘တကယ်ကြီး ညီမလေးက လျှာအရှည်ကြီးရှိတဲ့ မိန်းမတစ်ယောက်နဲ့ တိုက်ခိုက်နေတာပါလား’
ရှောင်ချန်းဖုန်းမှာ မနေ့ညက ဤအမျိုးသမီး၏ နှုတ်ခမ်းအား နမ်းခဲ့မိသည်ကို ပြန်တွေးမိသွားသည်။
"ဝေါ့"
သူ၏ ဗိုက်ထဲတွင် အူများ ပြောင်းပြန်လှန်သွားကာ အန်ချင်စိတ်များ တဖွားဖွားပေါ်လာတော့၏။
သူ ကိုယ့်ကိုကိုယ် မြန်မြန်စစ်ကြည့်လိုက်သည်။
‘တော်သေးတာပေါ့၊ မနေ့ညက ဝတ်ထားတဲ့ အဝတ်အစားတွေပဲ ဝတ်ထားရသေးလို့’
သူ၏ ခါးပတ်မှာလည်း ပတ်ထားဆဲပင်။ မနေ့ညက ထိုအမျိုးသမီးနှင့် ခုတင်ပေါ်တွင် လူးလှိမ့်နေစဉ် သူ၏ ကိုယ်ပေါ်ရှိ သစ်သားအဆောင်မှာ ရုတ်တရက် လက်သွားပြီး သူ့ကို သတိလစ်သွားစေခဲ့ကြောင်းကို သူ ပြန်မှတ်မိသွား၏။
ထို့ကြောင့် သူ ခါးမှ သစ်သားအဆောင်ကို ယူကြည့်လိုက်ရာ အက်ရာလေးတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ကံကောင်းသည်ဟု ဆိုရမည်။ ယခုအချိန်မှစပြီး သူ ညီမလေးထံမှ တေးနှစ်ရာတန် အကောင်းစားတစ်ခုအား ဝယ်ရန် ငွေစုရတော့မည်။
"ညီမလေး၊ သတိထား"
"အသည်းနှလုံးမရှိတဲ့ ယောက်ျားပါလား၊ မနေ့ညကတော့ ငါ့ကို အချစ်လေး၊ အသည်းလေးလို့ ခေါ်နေပြီး အခုကျတော့လည်း အရမ်း ရက်စက်သွားပြန်ရော"
"ဝေါ့"
"နင်၊ နင်က ငါ့ကို ဖမ်းစားဖို့ မှော်ပညာ တစ်ခုခုကို သုံးခဲ့တာပဲ ဖြစ်ရမယ်၊ ညီမလေး၊ သူမကို မြန်မြန်ဖမ်းလိုက်"
ပြောပြောဆိုဆိုနှင့်ပင် သူ ဓားရှည်ကို ကိုယ်တိုင်ဆွဲထုတ်ကာ ကူညီရန် ဝင်ရောက်လာ၏။
ဤသူ၏ စွမ်းရည်များမှာ သေချာပေါက် ရှောင်ချန်းလင်းထက် များစွာ သာလွန်နေသည်။
သို့သော် သူ မည်မျှပင် အစွမ်းထက်နေစေကာမူ ဤမိစ္ဆာ၏ လက်ချက်ဖြင့် ဆယ်ကွက်ပင် မခံလိုက်ရဘဲ နောက်သို့ လွင့်သွားတော့၏။
ထိုအရာအား မြင်သောအခါ သခင်လေးကျိုးမှာ နောက်သို့ ဆုတ်သွားမိ၏။ သူ ပြေးကူချင်သော်လည်း ကူညီနိုင်စွမ်း ကင်းမဲ့နေလေသည်။
သူ သူ၏ အတိုင်းအတာကို ကောင်းကောင်းကြီး သိနေ၏။
ရှောင်ချန်းလင်း အစ်ကိုကြီးဖြစ်သူ၏ ဘေးသို့ ပြေးသွားကာ သူတို့နှစ်ဦးနှင့်အတူ နေလိုက်သည်။
"သာမန်လူသုံးယောက် ပေါင်းရင် ကျူးကော့လျန်ကိုတောင် ယှဉ်နိုင်တယ်တဲ့၊ ငါတို့ ညီမလေးကို ကူပြီး အဲ့ဒီမိစ္ဆာကို နှိမ်နင်းဖို့ ဘာလုပ်နိုင်မလဲဆိုတာ စဉ်းစားကြရအောင်"
( T/N : ကျူးကော့လျန်က တရုတ်နိုင်ငံရဲ့ သုံးပြည်ထောင်ခေတ်မှာ အကျော်ကြားဆုံး စစ်ဗျူဟာရှင်နဲ့ နိုင်ငံရေးပညာရှင်ပါနော် )
သခင်လေးကျိုးမှာတော့ ရှောင်အာ့တစ်ယောက် မိမိကိုယ်ကိုယ် အထင်ကြီးလွန်းနေသည်ဟု ခံစားလိုက်ရ၏။
"ငါ့ဆရာသခင်က အရမ်းအစွမ်းထက်တာ၊ မင်းတို့ အကူအညီကို တစ်စေ့လေးတောင် မလိုဘူး၊ ဟိုမှာကြည့်လိုက်၊ အဲ့ဒီမိစ္ဆာက ငါ့ဆရာသခင် လက်ချက်နဲ့ ရှုံးနေပြီ"
"အာ၊ ဖားပြုတ်မိစ္ဆာကြီး ဖြစ်နေတာကိုး"
"ဘုရားရေ၊ တကယ်ကို မျက်စိပွင့်သွားစေတာပဲ၊ ဖားပြုတ်တွေတောင် မိစ္ဆာဖြစ်လာနိုင်တာ၊ တကယ်ရှိတာပဲနော်၊ မယုံနိုင်စရာဘဲ၊ မယုံနိုင်စရာ"
သခင်လေးကျိုး၏ ပါးစပ်မှ အနားမရအောင် ပွစိပွစိပြောနေပြီး သူ့ဘေးရှိ ရှောင်ချန်းဖုန်း၏ လက်မောင်းကို ပုတ်လိုက်သည်။
"အစ်ကိုရှောင်၊ မနေ့ညက ဒီဖားပြုတ်မိစ္ဆာနဲ့ အတူတူတော့ မအိပ်ခဲ့ဘူးမလား"
"အာယား၊ သူမက ဖားပြုတ်မိစ္ဆာဆိုတာ သိသင့်တာပေါ့၊ ရင်ခွင်ထဲထည့်အိပ်ဖို့ နေနေသာသာ ဘယ်လိုလုပ်ပြီး နမ်းတောင် နမ်းရဲရတာလဲ"
"ဘုရား၊ ဘုရား၊ ငါတွေးတောင် မတွေးရဲတော့ဘူး၊ တွေးကြည့်လိုက်တာနဲ့တင် ရွံလွန်းလို့ ကြည့်တောင် မကြည့်ချင်တော့ဘူး"
ရှောင်ချန်းဖုန်းမှာ မနေ့ညက ဖားပြုတ်ကြီးတစ်ကောင်ကို ဖက်ထားပြီး အကြိမ်အနည်းငယ်ခန့် နမ်းနေခဲ့သည့် သူ၏ပုံရိပ်ကို ပြန်သတိရသွားပြန်သည်။ သူ ပျို့တက်လာသဖြင့် ဘေးသို့သွားကာ အန်ချလိုက်တော့၏။
ရှောင်အန်းလဲ့ ဖားပြုတ်မိစ္ဆာကို ဖန်ပုလင်းထဲသို့ ထည့်လိုက်သည်။
သူမ၏ သစ်သားအဆောင်ကြောင့် ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ ဖားပြုတ်မိစ္ဆာမှာ အစ်ကိုကြီးအား ဖမ်းစားရန် မအောင်မြင်ခဲ့ပေ။
ဤသို့သော မိစ္ဆာများအတွက် ကျင့်ကြံရန် မလွယ်ကူသဖြင့် ရှောင်အန်းလဲ့ သူမကို ဆက်ပြီး အခက်မတွေ့စေချင်တော့ပေ။
သို့သော်လည်း ခြောက်သင့်သည့် အချိန်တွင်တော့ အနည်းငယ် ခြောက်ရမည် ဖြစ်၏။
"အခုကစပြီး ငါ့နောက်ကို လိုက်ခဲ့၊ နင် လိမ္မာရင် ငါ လွှတ်ပေးမယ်၊ မလိမ္မာရင်တော့ ဟွန့်၊ ငါ့အတွက် အဆီထုတ်ပေးဖို့သာ ပြင်ထားပေတော့"
ပုလင်းထဲရှိ ဖားပြုတ်မိစ္ဆာမှာ သူမ၏စကားကို ကြားသည်နှင့် ချက်ချင်း ခေါင်းခါပြတော့သည်။
"ဟင့်အင်း၊ ဟင့်အင်း၊ မလုပ်ချင်ဘူး"
"ငါ့ကိုယ်မှာ အဆီလည်း သိပ်မရှိပါဘူး၊ ငါ့ကိုကြည့်၊ ဘယ်လောက် ပိန်နေလဲဆိုတာ အသိသာကြီး"
ရှောင်အန်းလဲ့ သူမနှင့် စကားဆက်ပြောနေရန် ပျင်းသွားသဖြင့် အစ်ကိုကြီးထံသို့ သွားကြည့်လိုက်၏။
"အစ်ကိုကြီး ဘယ်လိုနေသေးလဲ၊ အဆင်ပြေရဲ့လား"
ရှောင်ချန်းဖုန်း အမြန်လက်ကာပြလိုက်သည်။
"ရတယ်၊ ရတယ်၊ ငါ အဆင်ပြေပါတယ်၊ အဲ့ဒါကို ပြန်တွေးမိရင် နည်းနည်း ပျို့ချင်နေတာပဲ ရှိတာ"
"သူ ငါ့ကို တစ်ခုခု လုပ်သွားသေးလားဆိုတာ မေးကြည့်ပေးပါဦး"
ပုလင်းထဲမှ ဖားပြုတ်မိစ္ဆာသည် ၎င်း၏ မျက်လုံးကြီးများကို အပေါ်သို့ လှန်ပြလိုက်၏။
"နင့်ရဲ့ သစ်သားအဆောင်က ငါတို့နှစ်ယောက်လုံးကို သတိလစ်သွားစေတာလေ၊ ငါ နင့်ကို တစ်ခုခု လုပ်ချင်ခဲ့ပေမဲ့ ငါသတိတောင် မရသေးခင်မှာ နင့်ညီမက ရောက်ချလာတာပဲ"
"လင်မယားအဖြစ် တစ်ရက်တာ ပေါင်းသင်းရတာကတောင် ရက်တစ်ရာစာ မေတ္တာတရားနဲ့ ညီမျှတယ်တဲ့၊ သခင်လေးရှောင်၊ ရှင့်ညီမကို ပြောပြီး ကျွန်မကို လွှတ်ပေးဖို့ တောင်းဆိုပေးလို့ ရမလားဟင်"
"နူးညံ့သိမ်မွေ့တဲ့ အလှလေးတစ်ယောက်က ချွဲနေတာဆိုရင်တော့ တစ်မျိုးပေါ့၊ အခုက ဖားပြုတ်ကြီးက ချွဲနေတာလား၊ နင်က သရဲမထက်တောင် ပိုကြောက်စရာ ကောင်းတယ်ဆိုတာ သိရဲ့လား"
ရှောင်ချန်းဖုန်း မျက်လုံးလှန်ပြလိုက်ပြီး ထပ်မံ၍ ပျို့တက်လာပြန်၏။
ယင်းကိုမြင်သောအခါ အစ်ကိုကြီး စိတ်အနှောင့်အယှက် မဖြစ်စေရန် ရှောင်အန်းလဲ့ ဖားပြုတ်မိစ္ဆာကို သိမ်းဆည်းလိုက်တော့သည်။
"ထားပါတော့၊ အခု ဘာပြဿနာမှ မရှိတော့ပါဘူး၊ နောက်နောင် မိန်းမတွေကို ကြည့်ရင် သတိထား၊ အထူးသဖြင့် မိန်းမချောလေးတွေက ကြောက်စရာ အကောင်းဆုံးပဲ"
ရှောင်ချန်းဖုန်းသည် ညီမဖြစ်သူ၏ စကားများကို မှတ်သားထားလိုက်ပြီး ဇနီးရွေးချယ်ရန် အချိန်ရောက်လာသောအခါ ရုပ်ချောချောလေးများကို တမင်သက်သက် ရှောင်ဖယ်နေခဲ့၏။
ထိုအရာက သခင်မရှောင်အား သူမသားဖြစ်သူ၏ ဦးနှောက်မှာ တစ်ခုခုများ လွတ်သွားပြီလားဟု တွေးသွားစေတော့သည်။
အပြင်ဘက်မှ အခြေအနေကို သတိပြုမိသွားသဖြင့် ရှောင်အန်းလဲ့ အတားအဆီးကို အမြန် ရုပ်သိမ်းလိုက်ရာ သခင်မရှောင်၏ ဘေးတွင် ရပ်နေသော ကျန်းမားမား ပေါ်လာ၏။
ယခုအခါ ကျန်းမားမားမှာ ရှောင်အန်းလဲ့ကို မြင်တိုင်း အကြောက်လွန်နေတော့သည်။
"သခင်လေးကျိုး အိမ်တော်ကို ရောက်လာတယ်လို့ သခင်မကြီး ကြားတော့ ဒီမှာ နေ့လည်စာ စားသွားမလားလို့ ဒီအစေခံအိုကြီးကို လာမေးခိုင်းတာပါ"
အကြောင်းမှာ သခင်လေးကျိုးကြောင့် ဖြစ်နေခြင်းပင်။
ရှောင်အန်းလဲ့ သခင်လေးကျိုးထံသို့ လှည့်ကြည့်လိုက်သည်။
"ဒီမှာ နေ့လည်စာ စားသွားမှာလား"
သခင်လေးကျိုး၏ မျက်လုံးများ အရောင်လက်သွား၏။
"ရလို့လား"
"ရမယ်ဆိုရင်တော့ အရမ်းကောင်းတာပေါ့"
ထိုအရာကို မြင်၍ ကျန်းမားမား လေသံတိုးတိုးဖြင့် အလျင်အမြန် သတိပေးလိုက်သည်။
"ယောက်ျားလေးနဲ့ မိန်းကလေးဆိုတာ ထိတွေ့ဆက်ဆံလို့ မရပါဘူး၊ သခင်မလေးက ဂုဏ်သရေရှိ မိသားစုက သခင်မလေးတစ်ယောက်၊ သခင်လေးကျိုးကတော့ အပြင်လူ၊ သခင်မလေးအနေနဲ့ အမူအကျင့်ပိုင်းမှာ မလျော်ကန်တာမျိုး မဖြစ်သင့်ပါဘူး"
ရှောင်အန်းလဲ့ သူမအား အေးစက်စက် ကြည့်လိုက်၏။
"ကျွန်မအတွက် တွေးပေးလို့ ကျေးဇူးတင်ပါတယ် ကျန်းမားမား၊ ဒါပေမဲ့ အရင်ကလည်း ကျွန်မကို ဂရုမစိုက်ခဲ့သလို အခုလည်း ဂရုစိုက်နေစရာ မလိုဘူးလို့ အမေ့ကို ပြန်ပြောလိုက်ပါ၊ ကျွန်မကိုယ်ကျွန်မ ဂရုစိုက်နိုင်တယ်"
‘ဒီသခင်မလေးက တော်တော့်ကို ကျေးဇူးကန်းလွန်းတာပဲ၊ ဘာပဲဖြစ်ဖြစ် သခင်မကြီးရဲ့ စကားကို ငါ ပြောပြီးပြီ၊ သခင်မလေးက နားမထောင်ရင်လည်း ငါ့လို အစေခံတစ်ယောက်က ဘာများတတ်နိုင်မှာတဲ့လဲ’
ကျန်းမားမား ထွက်သွားပြီးနောက် ရှောင်ချန်းလင်း ညီမဖြစ်သူ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
"အမေက စေတနာနဲ့ ပြောတာ ဖြစ်မှာပါ၊ ဒါပေမဲ့ ဒီအိုကြီးအိုမတွေက တစ်ယောက်တစ်ပေါက်နဲ့ သတင်းအမှားတွေ ဖြန့်နေကြတာလေ"
သခင်လေးကျိုး သူတို့ကို သိချင်စိတ်ဖြင့် ကြည့်နေ၏။
"ကျွန်တော် ဒီလာဖို့ အဆင်မပြေရင် ဆရာသခင်တို့ပဲ ကျွန်တော့်အိမ်ကို လာခဲ့ကြလေ"
"ဪ ဒါနဲ့၊ အမေက ကျွန်တော့်အတွက် တရားဝင် တပည့်ခံပွဲ ကျင်းပပေးမယ်တဲ့၊ အဲ့ဒီပွဲမှာ ကျွန်တော် ဆရာသခင်ကို သေသေချာချာ လက်ဖက်ရည် ဆက်သရမှာ၊ မြို့တော်က ဂုဏ်သရေရှိ မိသားစုတွေ အကုန်လုံးလည်း မြင်ကြရလိမ့်မယ်"
"အဲ့ဒီအချိန်ကစပြီးတော့ ဆရာသခင်ကို မြို့တော်မှာ ဘယ်သူမှ အနိုင်ကျင့်ရဲမှာ မဟုတ်တော့ဘူး၊ ဘယ်သူမှလည်း ဆရာသခင်ကို မေးခွန်းထုတ်တာ၊ လျစ်လျူရှုတာတွေ လုပ်ရဲတော့မှာ မဟုတ်ဘူး"
"ဒီလောက်အထိ လုပ်ပေးနိုင်တာ တကယ်ကို ချီးကျူးစရာပဲ၊ နင့်ရဲ့ စေတနာတွေကို ငါ အသိအမှတ်ပြုပါတယ်"
မင်းသမီးကြီးမှ သူမအား သိသိသာသာ မျက်နှာသာပေးနေခြင်း ဖြစ်ရာ သူမအနေဖြင့်လည်း ကျေးဇူးမကန်းနိုင်တော့ခြင်းပင်။
"ကောင်းပြီလေ၊ ကျွန်တော်ပြန်သွားပြီး အမေ့ကို ပြောလိုက်မယ်၊ နောက်သုံးရက်နေရင် အမေက ဖိတ်စာတွေ စပြင်လိမ့်မယ်"
သုံးရက်အကြာ ပွဲတော်ကျင်းပချိန်တွင် လူတိုင်း ဇဝေဇဝါ ဖြစ်နေကြဆဲပင်။
‘သခင်လေးကျိုးက တကယ်ကြီး တပည့်ခံချင်နေတာလား’
ဒုတိယဝန်ကြီး မိသားစုမှ သခင်မလေးတစ်ယောက်ထံတွင် တပည့်ခံသည်မှာ ယခင်က လုံးဝ မကြားဖူးခဲ့သော ကိစ္စတစ်ခုပင် ဖြစ်သည်။