အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
59
ရှောင်အန်းလဲ့၊ ရှောင်ကျားဟယ်နှင့် စူးကျင်းရုံတို့ သခင်မရှောင်နှင့်အတူ ဝူယန်မြို့စားအိမ်တော်သို့ ရောက်လာကြသည်။
တကယ်တော့ ဤသည်မှာ သခင်မရှောင် ဝူယန်မြို့စားအိမ်တော်၏ ပွဲတော်သို့ တတိယအကြိမ်မြောက် တက်ရောက်ခြင်း ဖြစ်၏။
ဝူယန်မြို့စား အိမ်တော်၏ သခင်မမှာ မင်းသမီးကြီး ဖြစ်ပြီး သူမ ပွဲလမ်းသဘင်များ သိပ်ကျင်းပလေ့ မရှိပေ။
သားအမိသုံးယောက်နှင့် စူးကျင်းရုံတို့ မင်းသမီးကြီးအား ဂါရဝပြုရန် အတူတကွ ရောက်လာကြခြင်း ဖြစ်သည်။
မင်းသမီးကြီး အနည်းငယ် ပြုံးပြလိုက်ပြီး စကားပြောမည် ပြင်လိုက်ချိန်တွင် တစ်စုံတစ်ယောက်၏ ပြောသံကို ကြားလိုက်ရတော့၏။
"ဒီနေ့က မြို့စားရဲ့ တပည့်ခံပွဲလို့ ကြားတယ်၊ မြို့စားက ဘယ်သူ့ဆီမှာ တပည့်ခံမှာလဲ မသိဘူးနော်"
"အလိမ်မခံကြနဲ့ဦ၊ ချန်အန်းမြို့စား အိမ်တော်က ဆရာသခင် ဝူချန်က အရမ်းအစွမ်းထက်တယ်လို့ ငါ ကြားဖူးတယ်"
‘တကယ်လို့ မြို့စားမင်းက မှော်ပညာတွေကို စိတ်ဝင်စားတယ်ဆိုရင် ချန်အန်းမြို့စား အိမ်တော်ကိုသွားပြီး တာအိုဆရာ ဝူချန်ဆီမှာ တပည့်ခံလို့ရတယ်လေ’
ထိုသခင်မလေး စကားပြော၍ ပြီးသည်နှင့် အခြားသခင်မများကပါ ထောက်ခံ ပြောဆိုလာကြ၏။
"ဟုတ်တယ်၊ ငါလည်း အဲ့လိုပဲ ကြားဖူးတယ်၊ ဆရာသခင် ဝူချန်က အရမ်း အစွမ်းထက်တာတဲ့"
"ဒါပေါ့၊ အရင်က သူ့ဆီကနေ ဘေးကင်းလုံခြုံ အဆောင်တစ်ခု ရခဲ့တာ၊ လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက ဘာအန္တရာယ်မှ မဖြစ်ဘဲ ဘေးကင်းနေတာပဲ"
ရှောင်အန်းလဲ့မှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရတော့သည်။
ဘေးကင်းလုံခြုံရေး အဆောင်တစ်ခုက ခြောက်လလောက်အထိ အစွမ်းပြနိုင်သည်မှာ တကယ့်ကို အဓိပ္ပာယ်မရှိချေ။
ရှောင်ကျားဟယ်သည် ရှောင်အန်းလဲ့၌ စွမ်းရည်အချို့ရှိကြောင်း သိထားသည့်အတွက် ထိုလူများ၏ စကားကို ကြားပြီးနောက် အစ်မဖြစ်သူကို လှည့်မကြည့်ဘဲ မနေနိုင်တော့ပေ။
သူမ၏ အစ်မဖြစ်သူမှ ထိုသူများ ပြောနေသည့် တာအိုဆရာ ဝူချန်ဆိုသူထက် အဆပေါင်းများစွာ ပိုပြီး အစွမ်းထက်၏။
ရှောင်အန်းလဲ့သည် သူမကို စိတ်အေးအေးထားရန် အကြည့်ဖြင့် အချက်ပြလိုက်၏။
မင်းသမီးကြီးမှာမူ တည်တည်ငြိမ်ငြိမ်ပင် ရှိနေကာ ထိုသခင်မများ၏ စကားကို စိတ်ထဲ အနည်းငယ်လေးပင် မထားပေ။
သူမသည် ရှောင်အန်းလဲ့၏ စွမ်းရည်များကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ထားပြီး ဖြစ်၏။
သူမ ထိပ်ဆုံးခုံတွင် တိတ်တဆိတ် ထိုင်နေရင်း အောက်ဘက်မှ လူများအား ထိုကိစ္စကို ဆက်ဆွေးနွေးစေလိုက်သည်။
သူမထံမှ မည်သည့် တုံ့ပြန်မှုမှ မရသည်ကို မြင်သောအခါ ထိုအမျိုးသမီးများ စကားအနည်းငယ် ထပ်ပြောပြီးနောက် အသံကို နှိမ့်လိုက်ကြတော့၏။
သခင်လေးကျိုး အရှေ့ဘက် ခြံဝင်းထဲတွင် ဧည့်သည် အမျိုးသားများကို နှုတ်ဆက်နေပြီး ထိုနေရာ၌ လူအတော်များများ ရှိနေသည်။
ဝူယန်မြို့စား ကွယ်လွန်သွားခါစ ဖြစ်၍ သူ၏ဆက်ခံသူမှ ရာထူးကို သဘာဝကျကျပင် ဆက်ခံလိုက်ခြင်း ဖြစ်၏။
ဝူယန်မြို့စား ကွယ်လွန်စဉ်က လူများ လာရောက်ဂါရဝ ပြုကြသော်လည်း မည်သည့်စကားမှ မဆိုနိုင်ခဲ့ကြပေ။ ယခုတွင်မူ ဤအခွင့်အရေးကို အသုံးချကာ သူ့ကို လာရောက်ဂုဏ်ပြုနေကြခြင်းပင်။
"အခုကစပြီး ကျွန်တော့်ကို 'သခင်လေး' လို့ မခေါ်နဲ့တော့နော်၊ 'မြို့စားမင်း' လို့ ခေါ်ရမယ်"
"ဟုတ်တာပေါ့၊ မြို့စားရာထူးကို ဆက်ခံပြီးပြီပဲ၊ အခု မြို့စားမင်းလည်း အရွယ်ရောက်နေပြီဆိုတော့ အိမ်ထောင်ပြုသင့်ပြီ မဟုတ်လား"
"ဟုတ်တယ်၊ ဟုတ်တယ်၊ အခုဆို မြို့စားအိမ်တော်မှာ မင်းက တစ်ဦးတည်းသော ယောက်ျားလေး ဆက်ခံသူဆိုတော့ အိမ်တော်ကို ဆက်ခံနိုင်ဖို့အတွက် အိမ်ထောင်ဘက် စီစဉ်ပေးရမဲ့ အချိန်ရောက်ပြီလေ"
ရာထူးအသစ်ရထားသော မြို့စားကျိုးချွမ်းမှာ တဖြည်းဖြည်း အပြုံးများ ပျောက်ကွယ်သွားတော့သည်။
‘ဒီလူတွေ ဘာဖြစ်နေကြတာလဲ၊ သူက သူ့ဖခင်နဲ့ အမျိုးစပ်တာပဲဖြစ်ဖြစ်၊ မစပ်တာပဲဖြစ်ဖြစ် သူတို့က ဘာလို့ ဂရုစိုက်နေကြရတာလဲ’
"အားလုံး မမေ့ကြနဲ့ဦး၊ ဒီနေ့ ကျွန်တော့်ရဲ့ မြို့စားအိမ်တော်ကနေ ခင်ဗျားတို့ကို ဖိတ်ကြားရတဲ့ အကြောင်းရင်းက ကျွန်တော့်ရဲ့ တပည့်ခံပွဲကို တက်ရောက်ဖို့ပါ"
ထိုစကားကို ကြားသောအခါ လူတိုင်း ခေါင်းခါလိုက်ကြ၏။
အသက်ကြီးသူ အချို့က သူတို့၏ အသက်အရွယ်ကို အသုံးချကာ အခွင့်အရေးယူရန်ပင် ကြိုးစားကြတော့သည်။
"အဟွန်း၊ ငါက ဒီလိုပြောချင်နေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ အခု မင်းက မင်းအိမ်တော်ရဲ့ တစ်ဦးတည်းသော မြို့စားဆိုတော့ မျိုးဆက်ပြန့်ပွားအောင် မြန်မြန် အိမ်ထောင်ပြုပြီး ကလေးယူသင့်တယ်လေ"
သခင်လေးကျိုး၏ မျက်နှာမှာ တဖြည်းဖြည်း မှောင်မိုက်သွား၏။
"မြို့စားတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ကို ဘာလုပ်ရမယ်ဆိုပြီး ဆရာလုပ်ဖို့ ခင်ဗျားလို နယ်စားတစ်ယောက်မှာ ဘာအခွင့်အရေးရှိလို့လဲ"
"ကျွန်တော် လက်ထပ်ချင်တဲ့အချိန် လက်ထပ်လို့ရတယ်"
"အချိန်တန်ပြီလို့ ထင်တယ်၊ အားလုံးပဲ ကြွကြပါ"
ထိုသို့ပြောပြီးနောက် သူ အင်္ကျီလက်ကိုခါကာ ဦးစွာ ထွက်သွားရင်း ပြောလိုက်သည်။
"ဒီအဘိုးကြီးတွေ တော်တော် နားညီးတာပဲ"
အသက်ငါးဆယ်အရွယ် အဘိုးအိုမှာ အရှက်ကွဲသွား၍ မျက်နှာပူကာ ပြန်လည် မချေပနိုင်တော့ဘဲ အနေရခက်စွာဖြင့် ခေါင်းကိုသာ ခါလိုက်၏။
"လူငယ်ဆိုတာ ဒါမျိုးကိုး"
ဘုရင်ဘွဲ့ ချီးမြှင့်ခံထားရသော အခြားမင်းသားအချို့လည်း သူတို့နှင့်အတူ ရောက်လာကြ၏။
ချီမင်းသားနှင့် ယဲ့မင်းသားတို့ အတူတကွ ရောက်လာကြပြီး သခင်လေးကျိုးမှ သူတို့ကို ပျော်ရွှင်စွာ ဆီးကြို၍ နှုတ်ဆက်လိုက်သည်။
"ယဲ့မင်းသား၊ ချီမင်းသား၊ ခင်ဗျားတို့လည်း လာကြတာပဲ၊ ဝမ်းသာပါတယ်ဗျာ၊ ခင်ဗျားတို့ လာကြပါ့မလားလို့ တွေးပူနေတာ"
"တပည့်ခံပွဲ အခမ်းအနား စတော့မယ်၊ ခင်ဗျားတို့ကို ပြောပြရဦးမယ်၊ ကျွန်တော့်ဆရာသခင်က အရမ်းကို အစွမ်းထက်တာနော်"
ယဲ့မင်းသားမှာ ပြုံးနေသော်လည်း မည်သည့် စကားမှမဆိုဘဲ တိတ်ဆိတ်နေ၏။
‘ဒီနေ့သာ သူမက အဓိကဇာတ်ကောင် မဟုတ်ဘူးဆိုရင် သူ လုံးဝ လာခဲ့မှာ မဟုတ်ဘူး’
ချီမင်းသားသည် သိချင်စိတ်ဖြင့် လှမ်းကြည့်လိုက်၏။
"မင်းက ဘယ်လိုဆရာမျိုးဆီမှာ တပည့်ခံမှာလဲ ကောင်လေး"
"ဟီးဟီး၊ ခင်ဗျားတို့ ဒါကို မသိသေးဘူး၊ ကျွန်တော့်ဆရာသခင်က အရမ်း အစွမ်းထက်တာ"
"ကျွန်တော့်ဆရာသခင်က ပြောတယ်၊ ကျွန်တော့်မှာ ပါရမီတွေ အများကြီးရှိတယ်တဲ့၊ အခု ကျွန်တော် တာအိုဆရာတစ်ယောက်ဖြစ်ဖို့ သင်ယူနေတာ"
"အာ၊ အဲ့ဒါနဲ့ ပတ်သက်ပြီး ကျွန်တော့်ဆရာသခင်ကို နောက်မှ မေးကြည့်ရမယ်"
ချီမင်းသားမှာ ဆွံ့အသွားတော့သည်။
ချီမင်းသားသည် သူ၏ ငယ်ရွယ်စဉ်ကာလ၌ စစ်ပွဲတစ်ခုအတွင်း လက်ချောင်းတစ်ချောင်း ဆုံးရှုံးခဲ့ရပြီး ထိုဆုံးရှုံးသွားသော လက်ချောင်းကြောင့်ပင် ထီးနန်းဆက်ခံခွင့်နှင့် လွဲချော်ခဲ့ရခြင်း ဖြစ်၏။
ခန္ဓာကိုယ် ချို့ယွင်းချက်ရှိသော တော်ဝင်မိသားစုဝင်များမှာ ထီးနန်းဆက်ခံခွင့် မရှိသည့်အတွက် အခြားမင်းသားများစွာက ချီမင်းသားအပေါ် ခင်မင်ရင်းနှီးစွာ ဆက်ဆံကြသည်။
သူက အလွတ်လပ်ဆုံး သူများထဲမှ တစ်ဦးလည်းဖြစ်ကာ နယ်လှည့်ခရီးသွားရသည်ကို အများအားဖြင့် နှစ်သက် သဘောကျလေ့ရှိ၏။
ဤကောင်လေးမှ တာအိုဆရာတစ်ယောက် တကယ် ဖြစ်ချင်နေသည်ကို ကြားလိုက်ရသောအခါ သူ ခဏတာ ကြက်သေသေသွားတော့သည်။
"မင်းက ဝူယန်မြို့စား အိမ်တော်မှာ ကျန်ရစ်တဲ့ တစ်ဦးတည်းသော သားလေ၊ မင်းက တာအိုဆရာ လုပ်ချင်တယ်လား၊ မင်းအမေဆီက ခွင့်ပြုချက် တောင်းပြီးပြီလား"
"ကျွန်တော့်အမေက သဘောတူလို့ပေါ့၊ မဟုတ်ရင် ကျွန်တော့်အတွက် ဒီတပည့်ခံပွဲကို ဘာလို့ ကျင်းပပေးမှာလဲ"
"ကျွန်တော့်အမေက ပြောတယ်၊ ကျွန်တော်က သင်ယူချင်နေမှတော့ တရားဝင် တပည့်ခံပြီး ကြိုးကြိုးစားစား သင်ယူသင့်တယ်တဲ့၊ တကယ်လို့ ကျွန်တော်သာ သေချာသင်ယူရင် တရားရေးဝန်ကြီးဌာန ဒါမှမဟုတ် တရားစီရင်ရေးကောင်စီမှာ အေးအေးဆေးဆေး အလုပ်တစ်ခုလောက် ရနိုင်တယ်လေ"
"ကျွန်တော် ဒါကို ဆက်မလုပ်ချင်တော့တဲ့အခါ ဆိုရင်လည်း ချီမင်းသားလိုမျိုး နေရာအနှံ့ ခရီးတွေ ထွက်ချင်တယ်၊ အဲ့ဒါဆို အရမ်းမိုက်မှာပဲ"
ချီမင်းသားမှာ မည်သည်ကို ပြောရမှန်းပင် မသိတော့ချေ။
ရှဲ့စစ်မင် သူ့ကို အမှန်ပြင်ပေးရန် လိုနေသည်ဟု ခံစားလိုက်ရ၏။
"မင်းကို တာအိုဆရာလို့ မခေါ်သင့်ဘူး၊ ဘာပဲဖြစ်ဖြစ် မင်းနဲ့ တာအိုဆရာကြားမှာ ကွာခြားချက်တွေ ရှိတယ်၊ မင်းက အိမ်ထောင်ပြုပြီး ကလေးယူလို့ ရတယ်လေ"
ထိုစကားကို ကြားသည်နှင့် မြို့စားကျိုးချွမ်း ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ ကျွန်တော့်ဆရာသခင်က အိမ်ထောင်ပြုပြီး ကလေးယူလို့ရတယ်လို့ ပြောတယ်၊ နောင်ကျရင် ကလေးမယူဘူး၊ အိမ်ထောင်မပြုဘူးလို့ ကျွန်တော်မှ မပြောခဲ့တာ"
"အဲ့ဒီအဘိုးကြီးတွေဆီကနေ အိမ်ထောင်ပြုဖို့ ဖိအားပေးတာတွေ ခံလိုက်ရလို့၊ တော်တော်လေး စိတ်အိုက်စရာ ကောင်းတာပဲ"
သူ စကားပြောနေစဉ် တစ်စုံတစ်ယောက်မှ ရှောင်အန်းလဲ့အား ဤဘက်သို့ ခေါ်လာသည်ကို မြင်လိုက်ရသဖြင့် သူ၏ မျက်လုံးများ အရောင်လက်သွားကာ ရှေ့သို့ လှမ်းသွားပြီး အော်ခေါ်လိုက်တော့သည်။
"ဆရာသခင်"
သူ၏ အော်သံကြောင့် ထိုနေရာရှိ လူတိုင်း အေးခဲကာ တိတ်ဆိတ်သွားကြ၏။
လူတိုင်း ရှောင်အန်းလဲ့အား အံ့ဩတကြီး ကြည့်လိုက်ကြသည်။
ချီမင်းသားလည်း ချက်ချင်းပင် အံ့အားသင့်သွားတော့၏။
"မင်းက ဒီအမျိုးသမီးဆီမှာ တပည့်ခံချင်တယ်လို့ ပြောချင်တာတော့ မဟုတ်ပါဘူးနော်"
ကျိုးချွမ်း ဤအရာမှာ လောကတွင် သဘာဝအကျဆုံး ကိစ္စတစ်ခုကဲ့သို့ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်၊ ကျွန်တော် သူမဆီမှာ တပည့်ခံချင်တာ၊ ခင်ဗျားတို့ကို ပြောပြမယ်၊ ကျွန်တော့်ဆရာသခင်က အရမ်း အစွမ်းထက်တာနော်"
ချီမင်းသားမှာ ဆွံ့အစွာဖြင့် ခေါင်းခါလိုက်ပြီး ထိုသို့ ထင်မထားကြောင်း သိသာနေ၏။
သူ ရှောင်အန်းလဲ့ကို သေချာမသိသည့်အတွက် ရှောင်အန်းလဲ့၏ စွမ်းရည်များကို သူ မသိခြင်းမှာ နားလည်ပေး၍ ရနိုင်သည်။
"အဒေါ်ကရော ဒီကောင်မလေးဆီမှာ မင်း တပည့်ခံတာကို သဘောတူရဲ့လား"
ကျိုးချွမ်း ပုံမှန်ကိစ္စတစ်ခုကဲ့သို့ပင် ခေါင်းညိတ်ပြလိုက်၏။
"အင်း၊ ကျွန်တော့်အမေက သဘောတူလို့ပေါ့၊ မဟုတ်ရင် တပည့်ခံပွဲတောင် ကျင်းပလို့ရမှာ မဟုတ်ဘူး"
"အာ၊ ခင်ဗျားတို့ ကျွန်တော့်ကို မယုံဘူးဆိုရင် ကျွန်တော့်ဆရာသခင်ရဲ့ စွမ်းရည်တွေကို ပြပေးမယ်"
သူ အလွန် ယုံကြည်မှုရှိရှိ ပြောနေသော်လည်း အရွယ်ရောက်နေပြီဖြစ်သော ကောင်မလေးတစ်ယောက်၌ ကြီးမားသည့် စွမ်းရည်များ ရှိနေနိုင်မည်ကို ချီမင်းသား အမှန်တကယ်ပင် မယုံကြည်ခဲ့ပေ။
"မင်း အဲ့လိုပြောလာမှတော့ ငါတကယ် သိချင်သွားပြီ၊ မင်းရဲ့ အနာဂတ်ဆရာသခင်ကို ဗေဒင်ဟောခိုင်းပြီး ငါ့ကိုယ်လုပ်တော် ဗိုက်ထဲက ကလေးက ယောက်ျားလေးလား၊ မိန်းကလေးလားဆိုတာ ပြောပြခိုင်းလိုက်ပါလား"
ချီမင်းသားပြောလိုက်သည့် စကားကို ကြားသောအခါ ရှောင်အန်းလဲ့ ယခုမှ ရောက်လာခြင်းပင်။ သူမ မျက်ခုံးတစ်ဖက်ကို ပင့်ကာ ချီမင်းသား၏ မျက်နှာကို အကဲခတ်လိုက်ပြီးနောက် ပြောလိုက်သည်။
"ချီမင်းသားမှာ သားနှစ်ယောက်နဲ့ သမီးတစ်ယောက် ရှိနေလောက်ပြီ၊ အခု ကိုယ်လုပ်တော် ဗိုက်ထဲက ကလေးက မင်းသားရဲ့ ကလေးမှ မဟုတ်တာ၊ မင်းသား သိပ်ပြီး စိတ်မကောင်းဖြစ်စရာ မလိုပါဘူး၊ ဟုတ်တယ်မလား"
ကျိုးချွမ်းမှာ ချီမင်းသား၏ ဦးခေါင်းထိပ်ကို အံ့အားသင့်စွာ စိုက်ကြည့်နေတော့သည်။
ချီမင်းသား၏ မျက်နှာမှာ ချက်ချင်းပင် မှောင်မိုက်သွား၏။
သူ ရှောင်အန်းလဲ့ကို မလိုလားအပ်သော အမူအရာဖြင့် ကြည့်လိုက်သည်။
"မင်း ဘာပြောနေလဲဆိုတာ မင်းသိရဲ့လား"
ရှောင်အန်းလဲ့မှာမူ ဂရုမစိုက်သည့်ဟန်ပင် ရှိနေ၏။
"ကျွန်မ ဘာပြောနေတယ်ဆိုတာ ကျွန်မသိတာပေါ့"
"ကျွန်မတို့ မျိုးရိုးမှာ မျက်နှာဖတ်တာ၊ ဖုန်းရွှေဟောတာနဲ့ သရဲဖမ်းတဲ့ အစဉ်အလာတွေ ရှိပါတယ်"
"ကျွန်မ အားလုံးကို ပြည့်ပြည့်စုံစုံ သင်ယူထားပြီးသား"
"မင်းသားက ကျွန်မကို ဟောခိုင်းလို့ ဟောပေးတာလေ၊ ကျွန်မ လုံးဝ လိမ်မပြောပါဘူး၊ ဗေဒင်မှာ ပေါ်လာတဲ့အတိုင်း အကုန်ပြောပြမှာ"
ချီမင်းသားမှာ ဒေါသထွက်လွန်း၍ အံများကို ကြိတ်ထားလိုက်တော့သည်။ ဘေးတွင် ရပ်နေသော ရှဲ့စစ်မင်၏ မျက်လုံးများထဲ၌ အပြုံးရိပ်တစ်ခု ရှိနေသော်လည်း ထိုအပြုံးများကို ဖုံးကွယ်ရန်အတွက် သူ၏ မျက်လွှာကို ချထားလိုက်သည်။
ချီမင်းသား၏ မျက်နှာသည် ဒေါသတကြီး ဖြစ်နေ၏။
"ကောင်းပြီ၊ ကောင်းပြီ၊ မင်းက ခေါင်းထဲပေါ်လာသမျှ လျှောက်ပြောနေတာပဲ၊ ကဲ၊ ဒါဆို ငါ့ကိုယ်လုပ်တော် ဗိုက်ထဲက ကလေးက ငါ့ကလေး မဟုတ်ဘူးဆိုရင် ဘယ်သူ့ကလေးလဲဆိုတာ ပြောစမ်း"
ရှောင်အန်းလဲ့၏ အကြည့်မှာ ထိုနေရာရှိ လူတိုင်း၏ မျက်နှာများထက်သို့ ဝေ့ဝဲသွားတော့၏။
လူတိုင်း သူမအား အထူးတဆန်း ပြန်ကြည့်လိုက်ကြသည်။
‘သူမက ဘာလို့ သူတို့ကို ကြည့်နေရတာလဲ၊ အဲ့ဒီကလေးက သူတို့ကလေးမှ မဟုတ်တာ’
60
ရှောင်အန်းလဲ့ တခဏမျှ မျက်လုံးများ မှိတ်ထားလိုက်ပြီးနောက် ပြန်ဖွင့်လိုက်၏။
"မင်းသားတို့အိမ်တော်က အိမ်တော်ထိန်းရဲ့သား၊ နာမည်က စစ်ထူကျယ်တဲ့"
"မယုံရင် ပြန်သွားပြီး အဲ့ဒီလူကို စစ်မေးကြည့်လိုက်၊ အဲဒါဆို အမှန်တရားကို သိရလိမ့်မယ်"
ချီမင်းသား မျက်လုံးများကို မှေးစင်းလိုက်၏။ သူ၏ အိမ်တော်တွင် စစ်ထူဟု ခေါ်သည့် အိမ်တော်ထိန်းတစ်ဦး တကယ်ပင် ရှိနေခြင်း ဖြစ်သည်။
ရှောင်အန်းလဲ့မှာ သူ့အိမ်တော်ရှိ လူများအကြောင်းကို ကြိုတင်စုံစမ်းထားခြင်း မဟုတ်ပါက သူမ၌ တကယ်ပင် စွမ်းရည်အချို့ ရှိနေရမည် ဖြစ်၏။
ထိုသို့တွေးမိသွားချိန်တွင် သူ အနည်းငယ် ပိုပြီး ယုံကြည်လာတော့သည်။
သခင်လေးကျိုး ချီမင်းသား၏ ပခုံးကို ပုတ်လိုက်သည်။
"အစ်ကိုတော်ချီ၊ ဝမ်းနည်းနေစရာ မလိုပါဘူး၊ အနည်းဆုံးတော့ ခင်ဗျားဆီမှာ တခြား သွေးသားအရင်း သားသုံးယောက် ရှိသေးတယ်မလား"
သခင်လေးကျိုး ထိုနောက်ဆုံးမေးခွန်းကို ရှောင်အန်းလဲ့ ရှိရာဘက်သို့ ကြည့်ကာ မေးလိုက်ခြင်း ဖြစ်၏။
ရှောင်အန်းလဲ့မှာမူ တိတ်ဆိတ်လျက်သားပင်။
"ဟုတ်တယ်၊ သူတို့က သွေးသားအရင်း သားတွေ၊ ဒါပေမဲ့ ချီမင်းသမီးရဲ့ သွေးသားအရင်း ဟုတ်ချင်မှ ဟုတ်မှာ"
သူမ၏ စကားများကြောင့် လူတိုင်း ကြက်သေသေသွားကြပြီး သူတို့၏ ဦးနှောက်များမှာ အခြေအနေကို နားလည်သဘောပေါက်ရန် အနည်းငယ် နှေးကွေးသွားတော့၏။
‘ကလေးတိုင်းက မိခင်ရဲ့ ဝမ်းကနေ မွေးဖွားလာတာ မဟုတ်ဘူးလား၊ ကလေးက ချီမင်းသားရဲ့ သွေးသားအရင်းပေမဲ့ ချီမင်းသမီးရဲ့ သွေးသားအရင်း မဟုတ်ဘူးဆိုတာက ဘာ သဘောလဲ’
"ဒါဆို ချီမင်းသမီးရဲ့ သွေးသားအရင်း ကလေးတွေကကော"
တစ်စုံတစ်ယောက်မှ ထိုမေးခွန်းကို မေးလိုက်ချိန်တွင် အမျိုးသမီးတစ်ဦးက တယိမ်းတယိုင်ဖြင့် ထွက်လာသည်။
သူမ ရှောင်အန်းလဲ့ထံသို့ လျှောက်လာကာ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်၍ မေးလိုက်၏။
"နင် ဘာပြောလိုက်တယ်"
"ဘာအဓိပ္ပါယ်လဲ"
"ကလေးတွေက ချီမင်းသားရဲ့ သွေးသားအရင်းပေမဲ့ ငါ့ရဲ့ သွေးသားအရင်း မဟုတ်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ၊ ငါ့ရဲ့ ကိုယ်ပိုင်ကလေးတွေကကော ဘယ်ရောက်သွားလဲ"
ရှောင်အန်းလဲ့ ချီမင်းသမီး၏ မျက်နှာကို အရင်ကတည်းက မြင်ဖူးထားရာ ထိုမျက်နှာပေါ်တွင် ကလေးချင်း အပြောင်းခံရမည့် နိမိတ်လက္ခဏာမျိုး ရှိနေပြီး သားဖြစ်သူကို ဆုံးရှုံးရမည့် အန္တရာယ် ရှိနေကြောင်း ပြသနေ၏။
သေချာသည်မှာ သူမနှင့် ဆုံတွေ့ရခြင်းက အပြောင်းအလဲတစ်ခု ဖြစ်လာလေပြီ။
သူမ၏ မေးခွန်းကို ကြားသောအခါ ရှောင်အန်းလဲ့ ပြန်ဖြေလိုက်သည်။
"ရှင့်ရဲ့ သွေးသားအရင်း ကလေးက တကယ်တော့ အခု အိမ်တော်ထဲက တရားမဝင်သား၊ အခု ရှင့်ဆီမှာရှိနေတဲ့ တရားဝင်သားက ရှင်တို့ အိမ်တော်က အဲ့ဒီကိုယ်လုပ်တော် မွေးထားတဲ့ တရားမဝင်သား ဖြစ်နေတာပဲ"
"ဘာလို့ အလဲခံလိုက်ရတာလဲဆိုတာကိုတော့ ကျွန်မလည်း မသိဘူး၊ အဲ့ဒီကိုယ်လုပ်တော်ကိုပဲ သွားမေးကြည့်ရလိမ့်မယ်"
သို့သော် သူမ၏ မျက်နှာသွင်ပြင်ကို အကဲခတ်ကြည့်ရသလောက် သူမ၏ သွေးသားအရင်း သားလေးမှာ အန္တရာယ်တွင်းထဲ ကျရောက်နေပြီး သူမ အိမ်တွင်မရှိခိုက် တစ်စုံတစ်ယောက်မှ ထိုကလေးကို ရှင်းထုတ်ပစ်ရန် ကြိုးစားနေပုံရသည်။
အတိုချုပ်ပြောရလျှင် ယခု ချက်ချင်း ရေကန်ဆီသို့ ပြန်သွားပါက ထိုကလေးကို အချိန်မီ ကယ်တင်နိုင်ကောင်း ကယ်တင်နိုင်မည် ဖြစ်၏။
"ဘာ၊ အဲ့ဒီ စူးဆိုတဲ့ မိန်းမယုတ်၊ သူမသာ ငါ့ကလေးကို အန္တရာယ်ပြုဲရဲရင် ပြုကြည့်၊ သူမကလေးကိုလည်း ငါ လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး"
"ငါ အခုချက်ချင်း ပြန်သွားမယ်"
ချီမင်းသားမှာ ထိုစကားများကို ကြားပြီးနောက် ဆွံ့အသွားတော့သည်။
‘ဒါက ဘယ်လို အခြေအနေကြီးလဲ’
ချီမင်းသမီး အိမ်တော်သို့ ကမန်းကတန်း ပြန်သွားသည်ကို မြင်သောအခါ သူ နံဘေးရှိ သက်တော်စောင့်ကို အလျင်အမြန် ခေါ်ကာ ပြောလိုက်၏။
"မင်းသမီးနောက်ကို မြန်မြန် လိုက်သွား"
ထို့နောက် အိမ်တော်သို့ မြင်းဖြင့် အမြန်ဆုံး ပြန်သွားကာ ရေကန်ဘေးတွင် တစ်စုံတစ်ရာ ထူးခြားမှု ရှိမရှိ စစ်ဆေးရန် လူတစ်ယောက်ကို စီစဉ်စေခိုင်းလိုက်သည်။
ဤမြင်ကွင်းသည် လူတိုင်းကို လုံးဝ ဇဝေဇဝါ ဖြစ်သွားစေတော့၏။
ချီမင်းသားမှာလည်း ထိုနေရာတွင် ဆက်နေရန် ရည်ရွယ်ချက် မရှိတော့ပေ။ အကယ်၍ ဆက်နေပါက သူ ဒေါသထွက်လွန်းပြီး သေသွားမည်ကိုပင် စိုးရိမ်နေရသည်။
သူ အင်္ကျီလက်ကို ခါလိုက်ပြီး ကျိုးချွမ်းအား ကြည့်လိုက်၏။
"မင်းရဲ့ တန်ဖိုးမရှိတဲ့ ဆရာသခင် ပြောတဲ့စကားတွေသာ မမှန်ဘူးဆိုရင်တော့ ငါ အဆုံးထိ စုံစမ်းစစ်ဆေးသွားမယ်"
ကျိုးချွမ်းမှာတော့ ရှောင်အန်းလဲ့ထက်ပင် ပိုပြီး ယုံကြည်ချက် ရှိနေသည်။
"အစ်ကိုတော်ချီ၊ အမြန်ဆုံး ပြန်သွားပြီး စစ်ဆေးကြည့်လိုက်ပါ၊ ကျွန်တော့်ဆရာသခင်ကတော့ ဘယ်တော့မှ အမှားလုပ်မှာ မဟုတ်ဘူး"
ရှဲ့စစ်မင်လည်း ချီမင်းသားနှင့်အတူ လိုက်ပါရန် လူများကို စေလွှတ်ပေးလိုက်၏။
ဤသည်မှာ ခဏတာ ကြားဖြတ်ဝင်ရောက်လာသော ကိစ္စလေးတစ်ခုသာ ဖြစ်ပြီး တပည့်ခံပွဲ အခမ်းအနားက ဆက်လက် ကျင်းပဖြစ်သွားသည်။
ထိုအချိန်ရောက်မှသာ ရှောင်သခင်မသည် သခင်လေးကျိုး တပည့်ခံချင်နေသူမှာ သူမ၏ သမီးလေး ဖြစ်နေကြောင်း နားလည် သဘောပေါက်သွားတော့သည်။ သူမ အချိန်အတော်ကြာအောင် ကြက်သေသေနေခဲ့ပြီး ထိပ်ဆုံးခုံတွင် ဝင်ထိုင်ရန် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသော ရှောင်အန်းလဲ့အား အံ့ဩတကြီး ကြည့်နေမိ၏။
ဝူယန်မြို့စားမှ ဒူးနှစ်ဖက်စလုံး ထောက်ကာ သူမအား လက်ဖက်ရည် ဆက်သလိုက်သည်။
ဘေးတွင် ရပ်နေသော မင်းသမီးကြီးကပင် မည်သည့်ကန့်ကွက်မှုမှ မရှိဘဲ ကြင်နာစွာ ပြုံးနေ၏။
သူမ၏ သမီးဖြစ်သူမှ မြို့စားတစ်ဦးအား တပည့်အဖြစ် လက်ခံလိုက်သည်ကို ရှောင်သခင်မမှာ ယုံကြည်ရန် ခက်ခဲနေသည်။
ဘေးတွင် ရပ်နေသည့် စူးကျင်းရုံမှာတော့ သူမ၏ လက်ကိုင်ပုဝါကို အပိုင်းပိုင်းအစစ ဖြစ်သွားမတတ် ဆုပ်ချေထားမိတော့၏။
‘တောကြိုအုံကြားက လာတဲ့ ဒီကောင်မလေးက မြို့စားမင်းရဲ့ ဆရာသခင်ဖြစ်ဖို့ ဘယ်လိုများ အရည်အချင်း ပြည့်မီနေလို့လဲ’
သူမ၌ လူများကို လှည့်စားနိုင်သည့် စွမ်းရည်အချို့ တကယ်ပင် ရှိနေစေကာမူ သူကတော့ မဟာလျန်မင်းဆက်၏ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး မြို့စားတစ်ယောက် ဖြစ်နေဆဲပင်။
ရှောင်သခင်မ ရှေ့သို့ အလျင်အမြန် ထွက်လာသည်။
"ကျွန်မမှာ ရွေးချယ်စရာ မရှိပါဘူး၊ တကယ်ကို မဖြစ်နိုင်တာပါ၊ ကျွန်မရဲ့ သမီးက တာအိုကျောင်းဆောင်မှာ နှစ်အနည်းငယ်လောက်ပဲ နေခဲ့ရတာပါ၊ သူမက မြို့စားမင်းရဲ့ ဆရာသခင်ဖြစ်ဖို့ ဘယ်လိုလုပ် မျှော်လင့်လို့ ရမှာလဲ"
ဤသည်မှာ တကယ့်ကို အလွန်အကျွံ ဖြစ်လွန်းနေလေပြီ။
မြို့စားမင်းမှ တာအိုပညာ သို့မဟုတ် အခြား မည်သည့်အရာကိုမဆို သင်ယူလိုခြင်း ရှိပါက သူမကို အလွတ်သဘောသာ သင်ပေးခိုင်းနိုင်သည်။
တရားဝင် တပည့်ခံရန်အတွက် ဤမျှ ကြီးကျယ်ခမ်းနားသော အခမ်းအနားကြီးတစ်ခု ကျင်းပနေရန် မလိုအပ်ပေ။
လူတိုင်း သူမအား အံ့ဩတကြီး ကြည့်လိုက်ကြသည်။
ဤရှောင်သခင်မမှာ တကယ်ကို နားလည်ရခက်သော သူတစ်ဦး ဖြစ်နေတော့၏။
သူမတို့၏ သမီးဖြစ်သူမှ မြို့စားတစ်ဦးကို တပည့်အဖြစ် လက်ခံရသည်အထိ အလွန် ကံကောင်းနေသော်လည်း သူမက ထိုသို့သော စကားမျိုးကို ဆိုနေသေးသည်။
‘ဒါက ကံကောင်းမှုကြီးကို တွန်းထုတ်နေတာ မဟုတ်ဘူးလား’
ရှောင်အန်းလဲ့ ထိပ်ဆုံးခုံတွင် ထိုင်နေရင်း သူမကို အရေးမစိုက်သည့်ဟန်ဖြင့် လှမ်းကြည့်လိုက်၏။
‘အမေ သမီးကို မယုံတာက သမီး အိမ်ကနေ ထွက်သွားရတဲ့ နှစ်တွေအတွင်းမှာ အထက်တန်းလွှာ သခင်မလေး တစ်ယောက်ဆီကနေ သင့်တော်တဲ့ ကိုယ်ကျင့်တရားနဲ့ ကျင့်ဝတ်တွေကို သင်ယူခဲ့ရမှာ မဟုတ်ဘူးလို့ ထင်နေလို့ပဲ’
‘ဒါပေမဲ့ အမေထင်ထားသလိုပါပဲ၊ သမီး သင်ခဲ့တာက အမေ အရင်က တစ်ခါမှ မမြင်ဖူးတဲ့ ဗေဒင်ဟောတာနဲ့ သရဲဖမ်းတဲ့ စွမ်းရည်တွေပါ’
"အစတုန်းကတော့"
"ပါးစပ်ပိတ်ထား၊ နင် နောက်ထပ် စကားတစ်ခွန်းမှ ထပ်ပြောခွင့် မရှိဘူး"
‘ကျင်းရုံက မင်းသားတစ်ပါးရဲ့ ကြင်ယာတော် ဖြစ်လာဖို့ ကံပါလာတဲ့သူလေ၊ သူမကို အဲ့ဒီကိစ္စတွေ ထုတ်ပြောခွင့် ဘယ်လိုလုပ် ပေးနိုင်မှာလဲ’
ရှောင်သခင်မမှာ စကားပြောနေစဉ် သူမ၏ မျက်နှာပေါ်တွင် စိတ်ထိခိုက်နာကျင်မှုများ ပြည့်နှက်သွားတော့သည်။
"အဲ့ဒါတွေ အကုန်လုံးက ဒီနှစ်တွေအတွင်းမှာ နင့်ကို လမ်းညွှန်ပြသပေးဖို့ ငါ မရှိခဲ့လို့၊ နင့်မှာ ဒီလို မဆင်မခြင် လျှောက်ပြောတတ်တဲ့ အကျင့်ဆိုးကြီး ဖြစ်လာရတာပဲ"
"ကောင်းပြီ၊ ကောင်းပြီလေ၊ သမီးလည်း ထပ်ပြီး ဂရုမစိုက်တော့ပါဘူး"
ရှောင်အန်းလဲ့ ဝင်ရောက်စွက်ဖက်ခွင့် မရှိသည့်အလား သရော်သလို ရယ်လိုက်၏။
သူမသည် ကိစ္စရပ်များကို ဝင်ရောက်စီမံလိုလျှင်ပင် မိမိကိုယ်မိမိ အရည်အချင်း ပြည့်မီမှု ရှိမရှိကို အရင် စဉ်းစားသင့်သည်။
မင်းသမီးကြီး ရှောင်သခင်မကို အရေးမစိုက်သည့်ဟန်ဖြင့် လှမ်းကြည့်လိုက်သည်။ နန်းတော်ထဲတွင် ကြီးပြင်းလာခဲ့သူ ဖြစ်၍ သူမက မရေမတွက်နိုင်သော လူပေါင်းများစွာကို မြင်တွေ့ဖူးခဲ့ပြီး အကြံအစည်များနှင့် ပရိယာယ်များဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။
ရှောင်သခင်မ ဆိုလိုသည့်အဓိပ္ပာယ်ကို သူမ ကောင်းကောင်း သိနေသော်လည်း အာရုံမစိုက်ချင်၍ ငြိမ်နေလိုက်၏။
သူမ သားဖြစ်သူကို တပည့်ခံရန် စီစဉ်ပေးခဲ့ခြင်းမှာ ရှောင်အန်းလဲ့၏ စွမ်းရည်များကို တန်ဖိုးထားသောကြောင့်သာ ဖြစ်ပြီး သူမ၏ မိသားစုကိစ္စကြောင့် မဟုတ်ပေ။
တပည့်ခံပွဲ အခမ်းအနား ပြီးသွားသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ယောက်က သူ့ကို ဂုဏ်ပြုရန် အလျင်အမြန် ရှေ့ထွက်လာတော့သည်။
"နာမည်ကျော် ဆရာသခင်တစ်ယောက်ကို ရှာတွေ့သွားတဲ့ သခင်လေးကျိုးကို ဂုဏ်ပြုပါတယ်ဗျာ"
ကျိုးချွမ်း ဆွံ့အသွားတော့၏။ ငယ်ရွယ်စဉ်မှာပင် မြို့စားဘွဲ့ကို ရခဲ့သည့်အတွက် ဤအဘိုးကြီးများအားလုံးမှ သူ့ကို အထင်သေးနေကြကြောင်း သူ ကောင်းကောင်းကြီး သိထား၏။
ယခုမူ သူ့ကို သခင်လေးကျိုးဟု ပြန်ခေါ်ဝေါ်လာကြပြန်သည်။
‘ထားလိုက်ပါတော့’
ဤလူများနှင့် သူ အငြင်းပွားမနေချင်တော့ပေ။ မည်သို့ပင်ဖြစ်စေ သူက မြို့စားငယ်လေး တစ်ယောက်သာ ဖြစ်၏။
‘ဘာပဲဖြစ်ဖြစ် ငါက သူတို့ထက် အသက်ပိုငယ်တာမို့ အစောကြီးမဟုတ်ရင်တောင် တစ်ချိန်ချိန်ကျ သူတို့ထက် ပိုအသက်ရှည်မှာပဲလေ’
"အားနာစရာကြီးဗျာ၊ ကျွန်တော့်ဆရာသခင်က ဖုန်းရွှေနဲ့ ဗေဒင်ဟောတဲ့နေရာမှာ တကယ့်ကို ကျွမ်းကျင်တာ၊ ခင်ဗျားတို့ မျက်နှာဖတ်ချင်တာပဲဖြစ်ဖြစ်၊ ဖုန်းရွှေ မေးချင်တာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဆရာတပည့်ကို ဆက်သွယ်လို့ ရပါတယ်၊ အထူးဈေးနှုန်းတွေနဲ့ လုပ်ပေးမှာပေါ့"
လူတိုင်း သူပြောသည်ကို ကြားသောအခါ ရယ်လိုက်ကြပြီး သူတို့ ပြောလိုက်ကြသည်။
"သေချာပေါက်၊ သေချာပေါက်ပေါ့"
မူလက ရှောင်အန်းလဲ့ ပြသွားသည့် စွမ်းရည်ကြောင့်ပင် လူတိုင်း သံသယဝင်လာကြတော့၏။
‘ဒီအရာက သားဖြစ်သူက ကိုယ့်ရဲ့ သွေးသားအရင်း ဟုတ်မဟုတ်ကို တကယ်ကြီး ဖော်ထုတ်ပေးနိုင်မလား’
အချို့လူများမှာ တကယ်ပင် မယုံကြည်ကြဘဲ ရှေ့သို့ထွက်ကာ မေးမြန်းလိုက်ကြသည်။
"ခုဏက သခင်မလေးရှောင် ချီမင်းသားကို ဗေဒင်ဟောပေးခဲ့တာ အကုန်လုံး ကြားလိုက်ရတယ်"
"ကျေးဇူးပြုပြီး ကျွန်တော့်သားတွေထဲမှာ ကျွန်တော့်ရဲ့ သွေးသားအရင်း မဟုတ်တဲ့သူ ရှိမရှိဆိုတာလေး ဟောပေးလို့ ရမလားဗျာ"
လူတိုင်း ရှေ့ထွက်လာသော ထိုလူကို စိုက်ကြည့်ရင်း ဆွံ့အသွားကြ၏။
တစ်ချိန်တည်းမှာပင်၊ ထိုလူ၌ သား ၁၈ ယောက် ရှိနေသည့်အတွက် သူတို့ထဲမှ အချို့မှာ သူ၏ သွေးသားအရင်းများ မဟုတ်နိုင်ကြောင်း သူကိုယ်တိုင်လည်း တွေးတောနေမိခြင်းပင်။
ထို့နောက် ရှောင်အန်းလဲ့ ပြောလိုက်သည်။
"ရှင့်မှာ ပထမဇနီးက မွေးတဲ့ သားသုံးယောက် ရှိတယ်၊ ကျန်တဲ့ သား ၁၅ ယောက်ကတော့ ကိုယ်လုပ်တော်တွေဆီက မွေးတာ"
"ယန်စွမ်းအင်က ယင်စွမ်းအင်ထက် အပြတ်အသတ်ကို ကြီးစိုးနေတယ်၊ အဲ့ဒါကြောင့် ရှင့်မှာ သားတွေချည်းပဲ ရှိပြီး သမီးမိန်းကလေး လုံးဝ မရှိတာ"
"ဟားဟားဟား၊ သခင်မလေးရှောင်ရဲ့ တွက်ချက်မှုက တကယ်ကို တိကျတာပဲ၊ ကျွန်တော့်မှာ တကယ် သားတွေချည်းရှိပြီး သမီး မိန်းကလေး တစ်ယောက်မှ မရှိပါဘူး"
မြို့တော်ထဲရှိ လူတိုင်းက ဤလူ၏အကြောင်းကို သိကြသည်။
‘ဘယ်သူမဆို နည်းနည်းလောက် စုံစမ်းကြည့်လိုက်ရုံနဲ့ သူ့ရဲ့ မိသားစုအကြောင်းကို သိနိုင်တယ်လေ၊ ဒါက အတည်ယူလို့ မရဘူးမလား’
နောက်ထပ် လူတစ်ယောက်မှ မတ်တတ်ရပ်ကာ ပြောလိုက်၏။
"ဒါဆို ကျွန်တော့်အတွက်လည်း တွက်ပေးပါဦး"
ရှောင်အန်းလဲ့ ထိုလူ၏မျက်နှာကို ကြည့်ကာ ခေါင်းခါပြလိုက်သည်။
"ရှင့်အတွက် ဗေဒင်ဟောပေးစေချင်တာ သေချာရဲ့လား"
"သေချာတာပေါ့"
ရှောင်အန်းလဲ့ : "ဒါဆို ရှင့်မွေးသက္ကရာဇ်နဲ့ အချိန်ကို ပေးရဲလား"
ခေါက်ယပ်တောင်ကို ကိုင်ထားသည့် လူရွယ်တစ်ယောက်မှ ယပ်တောင်ကို 'ဖြတ်' ကနဲ ပိတ်လိုက်သည်။
သူ သူ၏ မွေးသက္ကရာဇ်နှင့် အချိန်ကို ပေးလိုက်၏။
"ရတာပေါ့လို့၊ ဘာများ ကြောက်စရာ ရှိလို့လဲ"
ရှောင်အန်းလဲ့ ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်သည်။
"ဒီကနေ စလိုက်ကြရအောင်”