အခန်း (၁၆၆၃-၁၆၆၄)
Vol. 167 Ch. 1663-1664
အခန်း (၁၆၆၃) - မော်ထျန်းဌာန
"စီနီယာအစ်မ သုံး... ကျွန်တော့်ကို အခုလို ခေါ်လိုက်တာ ဘာကိစ္စရှိလို့လဲ။ ရှဲ့ကျစ်ဌာနက တာဝန်မှာ ပြဿနာတစ်ခုခု တက်လို့လား၊ ဒါမှမဟုတ် သတင်းအသစ် ထပ်ရလို့လား"
"ဘာတွေ အလောတကြီး ဖြစ်နေတာလဲ၊ အထဲရောက်မှ ပြောကြတာပေါ့"
ဧည့်ခန်းမဆောင်။
ဖန့်ချန် ထိုင်လိုက်သည်နှင့် ချန်အင်းရွှယ်က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။
"ရှဲ့ကျစ်ဌာနဘက်မှာတော့ ဘာမှမရှိပါဘူး၊ ဒါကြောင့်လည်း ငါ ခဏပြန်လာနိုင်တာပေါ့။ မင်း ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားဦး၊ ငါနဲ့အတူ ယင်လောကကို လိုက်ခဲ့ရမယ်၊ အစိုးရကိစ္စ တစ်ခု သွားရအောင်"
"ယင်လောကကိုလား... အစိုးရကိစ္စ"
ဖန့်ချန် အနည်းငယ် အံ့အားသင့်သွားပြီး
"ယင်လောကမှာ စီနီယာအစ်မ သုံး ကိုယ်တိုင် သွားရလောက်အောင် ဘာကိစ္စ ရှိလို့လဲ" ဟု မေးလိုက်သည်။
"ဒီကိစ္စက တကယ်ပဲ ငါကိုယ်တိုင် သွားမှ ဖြစ်မှာ။ အခွင့်အရေးကလည်း ကြုံတောင့်ကြုံခဲပဲ၊ ဒီတစ်ခေါက် ငါမသွားရင် နောက်တစ်ခေါက် ဘယ်တော့မှန်း မသိနိုင်တော့ဘူး"
ချန်အင်းရွှယ်က ခပ်ဖွဖွ ပြုံးလိုက်ပြီး
"မင်းလည်း မစိုးရိမ်ပါနဲ့၊ ဘာဘေးအန္တရာယ်မှ မရှိပါဘူး။ ငါ မင်းကို လူတစ်ယောက်နဲ့ တွေ့ပေးချင်လို့ပါ။ သူက မင်းကို ဟွမ်တန်တောက်နဲ့ ပတ်သက်တဲ့ ကိစ္စအချို့ မေးလိမ့်မယ်"
"လူတစ်ယောက်နဲ့ တွေ့ရမယ်"
ဤတစ်ကြိမ်တွင်မူ ဖန့်ချန် တကယ်ပင် အံ့အားသင့်သွားရသည်။ ချန်အင်းရွှယ်အနေဖြင့် တစ်ခုခုကို အကြောင်းပြချက် ပေးလိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။
"ဟုတ်တယ်... လူတစ်ယောက်နဲ့ တွေ့ရမှာ"
ချန်အင်းရွှယ်က လေးနက်စွာ ခေါင်းညိတ်သည်။
"အဲဒါ ဘယ်သူလဲ" ဖန့်ချန် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ငါ မင်းကို ပြောပြလို့ မရဘူး။ မင်း သဘောတူတယ်ဆိုရင် အခုပဲ ယင်လောကကို သွားကြမယ်။ တကယ်လို့ သဘောမတူဘူး ဆိုရင်တော့ ဒီကိစ္စအတွက် ငါ မင်းကို မရှာခဲ့ဖူးဘူးလို့ပဲ သတ်မှတ်လိုက်တော့"
ချန်အင်းရွှယ်က ပြုံး၍ ပြောနေသော်လည်း ဘာမှ အရေးမစိုက်သလို ပုံစံမျိုး ပေါက်နေသည်။ သို့သော် သူမ၏ အပြုံးမှာ ယခင်နှင့်မတူဘဲ အနည်းငယ် တောင့်တင်းနေသည်။ ၎င်းက သူမ၏ စိတ်ထဲတွင် ဤကိစ္စကို အမှန်တကယ် အလေးထားနေကြောင်း ပြသနေသည်။ သို့သော်လည်း သူမက...
"စီနီယာအစ်မ သုံး... တကယ်ပဲ ပြောပြလို့ မရဘူးလား။ ဒါဆိုရင် စီနီယာအစ်မကြီး ကိုပါ ခေါ်ပြီး သွားကြရင်ရော "
ဖန့်ချန်က စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။
"သူ့ကို ခေါ်လည်း မထူးဘူး။ မင်းနဲ့ ငါကလွဲရင် ဘယ်သူမှ အဲဒီနေရာကို သွားလို့မရဘူး။ အနည်းဆုံးတော့ ကျွယ်မင်နန်းတော်မှာတော့ ဒီလိုပဲ"
ချန်အင်းရွှယ်က အေးဆေးစွာ ခေါင်းခါပြပြီး
"မင်း မလိုက်ချင်လည်း ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ဒီကိစ္စကို စီနီယာအစ်မကြီးကို မပြောပါနဲ့။ ငါ အခု ပြောနေတာ အတည်ပါ။ တကယ်လို့ မင်းသာ ပြောလိုက်မယ်ဆိုရင် နောက်ပိုင်း ငါတို့တွေ့ရင် တစ်ယောက်နဲ့တစ်ယောက် မသိသလိုပဲ နေကြတော့မယ်"
"စီနီယာအစ်မ သုံး... ဒီကိစ္စက အစ်မအတွက် အဲဒီလောက်တောင် အရေးကြီးလို့လား"
ဖန့်ချန် တစ်ခုခုကို စဉ်းစားမိသွားသည်။
"မရေးကြီးပါဘူး၊ လုံးဝ မရေးကြီးပါဘူး။ ငါက အပျော်သဘောနဲ့ လာမေးကြည့်တာပါ"
ချန်အင်းရွှယ်က ချက်ချင်း ငြင်းဆိုလိုက်ပြီး ခပ်ဟဟ ရယ်မောလိုက်သည်။
"ကဲ... မင်း ပြန်တော့လေ၊ ငါ အခုန ပြောတဲ့ စကားကိုတော့ မှတ်ထားဦး"
"ဒါဆိုရင် ကျွန်တော် စီနီယာအစ်မ သုံးနဲ့ တစ်ခေါက် လိုက်ခဲ့ပါ့မယ်"
ဖန့်ချန်က ထိုင်ရာမှ မထဘဲ ယင်လောကသို့ ကူးပြောင်းရာတွင် လိုအပ်သော ဝိညာဉ်ခေါ်မီးအိမ်ကို ထုတ်လိုက်သည်။
ချန်အင်းရွှယ် ခေတ္တမျှ မှင်တက်သွားရသည်။ သူမ၏ နှစ်ပေါင်းသောင်းချီ၍ အရည်မပျော်နိုင်သော နှင်းစိုင်ကဲ့သို့ အေးစက်သော မျက်ဝန်းအိမ်ထဲတွင် ခပ်ဖွဖွ အရည်ပျော်မှုအချို့ ယိမ်းနွဲ့သွားကြသည်။
ဖူထူလောက
သူတို့နှစ်ဦးသည် အတားအဆီးမရှိ ခရီးနှင်လာခဲ့ကြသည်။ ဦးစွာ ကျွယ်မင်ယင်လောကမှ ထွက်ခွာခဲ့ပြီးနောက် မြောက်ဘက်သို့ ဦးတည်ကာ လေဟာနယ်ကို ဖြတ်သန်းလာခဲ့ကြသည်။ ချန်အင်းရွှယ်က ဖန့်ချန်၏ အရှိန်မှာ နှေးလွန်းသည်ဟု ယူဆသဖြင့် သူ့ကို တိုက်ရိုက် ဆွဲခေါ်ကာ ပျံသန်းလေသည်။
"စီနီယာအစ်မ သုံး... ရောက်ဖို့ ဘယ်လောက်လောက် ကြာဦးမလဲ"
ဖန့်ချန် မေးလိုက်သည်။
"ငါတို့ သွားမယ့်နေရာက နည်းနည်းဝေးတယ်။ ငါ့ရဲ့ အခုအရှိန်နဲ့ဆိုရင် သုံးနှစ်အတွင်းတော့ ရောက်နိုင်ပါတယ်"
ဟု ချန်အင်းရွှယ်က ဆိုသည်။
"သုံးနှစ် ဟုတ်လား"
ဖန့်ချန် အချိန်ကို တွက်ချက်ကြည့်လိုက်သည်။ သွားလိုက် ပြန်လိုက်ဆိုလျှင် နတ်မိမယ်ယွီ မှာ အသက် ခြောက်နှစ်၊ ခုနစ်နှစ်ခန့် ရှိပေလိမ့်မည်။ အချိန်ကတော့ အတော်ပင်။
တစ်လမ်းလုံးတွင် သူတို့သည် ယင်လောက မြို့တော်ပေါင်းများစွာကို ဖြတ်ကျော်ခဲ့ကြပြီး ချန်အင်းရွှယ်ကလည်း စိတ်မပျက်ဘဲ ထိုမြို့များ၏ နောက်ခံသမိုင်းကြောင်းများကို ဖန့်ချန်အား ရှင်းပြနေခဲ့သည်။ ထိုမြို့အများစုမှာ စိတ်ဝိညာဥ်နယ်မြေ အတွင်းရှိ ထိပ်တန်းအင်အားစုများက ထိန်းချုပ်ထားခြင်း ဖြစ်သည်။
"အထက်ပိုင်း သုံးနယ်မြေ ထဲမှာ ယင်လောကကို ကူးလို့ရတဲ့ နေရာက ငါတို့ ကျွယ်မင်ကြယ် အပါအဝင် အနည်းငယ်ပဲ ရှိတာလေ"
"ဒါကြောင့် သူတို့က အောက်ပိုင်း ခြောက်နယ်မြေ ကနေတစ်ဆင့် ယင်လောကကို လာကြရတယ်။ ပြဿနာတွေ မဖြစ်အောင်လို့ သူတို့က အောက်ပိုင်း ခြောက်နယ်မြေထဲက အချို့နေရာတွေကို နယ်မြေအဖြစ် သတ်မှတ်ပြီး လူသားလောကနဲ့ ယင်လောကအကြား ကူးလူးသွားလာဖို့အတွက် အခြေစိုက်စခန်းတွေ လုပ်ထားကြတာပေါ့"
"ဒါပေမဲ့ သူတို့လည်း စည်းကမ်းရှိပါတယ်။ အောက်ပိုင်း ခြောက်နယ်မြေရဲ့ ကိစ္စတွေကို ဝင်မစွက်ဖက်ဘဲ ဝေးလံတဲ့ ဒေသတွေမှာပဲ အခြေစိုက်ကြတယ်။ အောက်ပိုင်း ခြောက်နယ်မြေက ကျင့်ကြံသူတွေကတော့ ဒီအကြောင်းကို အခြေခံအားဖြင့် မသိကြဘူး"
ချန်အင်းရွှယ်က ပြုံး၍ ရှင်းပြသည်။
ဖန့်ချန် ခေါင်းညိတ်လိုက်သည်။ အထက်ပိုင်း သုံးနယ်မြေမှ အင်အားစုအချို့သည် ယင်လောကသို့ ကူးရန်အတွက် အောက်ပိုင်း ခြောက်နယ်မြေတွင် ဌာနခွဲများ ဖွင့်ထားကြလိမ့်မည်ဟု သူ ယခင်က အမှန်တကယ် မသိခဲ့ပေ။
"စီနီယာအစ်မ သုံး... အစ်မပြောပုံအရဆိုရင် အောက်ပိုင်း ခြောက်နယ်မြေထဲမှာ စိတ်ဝိညာဥ်နယ်မြေက ကျင့်ကြံသူတွေအပြင် နတ်ဘုရားဘုရင်နယ်မြေ နဲ့ ထိုက်ချန်းနယ်မြေ က ကျင့်ကြံသူတွေလည်း ရှိနေနိုင်တာပေါ့ "
ဖန့်ချန်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"ဒါကတော့ ဟုတ်တာပေါ့"
ချန်အင်းရွှယ်က ရယ်မောလိုက်ပြီး
"ဒီလိုမျိုး နေထိုင်ရင်းနဲ့ အောက်ပိုင်း ခြောက်နယ်မြေရဲ့ သတင်းတွေကိုလည်း တစ်ခါတည်း စုဆောင်းလို့ ရတာပေါ့။ ပြောရရင်လည်း ရယ်စရာပဲ၊ အရင်တုန်းက လူတွေက ဒီကို ဘယ်လာချင်ကြပါ့မလဲ၊ သွားတာက နတ်ဘုရားလောက ကိုပဲ သွားကြတာ။
အခုတော့ နတ်ဘုရားလောကရဲ့ မသေမျိုးစွမ်းအင် တွေ ပျောက်ကွယ်သွားပြီဆိုတော့ ငါတို့ကလည်း ယင်လောကမှာ ယင်သက်တမ်းနဲ့ ဒီဆုံးရှုံးမှုတွေကို ပြန်ဖြည့်နေရတာပေါ့။
တစ်နည်းအားဖြင့် ပြောရရင် ယင်လောကကသာ အပြောင်းအလဲ သိပ်မရှိတာ၊ အခုခေတ် လူသားလောကနဲ့ နယ်မြေကိုးခုလုံးက ဟိုးအရင်ခေတ်တွေနဲ့ လုံးဝကို မတူတော့ဘူး"
"အရင်က လူသားနယ်မြေကိုးခုနဲ့ အခုခေတ်က ဘာတွေကွာခြားလို့လဲ"
ဖန့်ချန် စိတ်ဝင်တစား မေးလိုက်သည်။
"ကွာခြားတာပေါ့။ အဲဒီခေတ်တုန်းက မသေမျိုးဖြစ်မှ ထာဝရအသက် ရတာမျိုး မဟုတ်ဘူး။ နတ်ဘုရားလောကမှာလည်း ထာဝရအသက် ရနိုင်သလို၊ ယင်လောကမှာလည်း ရနိုင်တယ်၊ လူသားလောကမှာလည်း အလားတူ ထာဝရအသက်ကို ရနိုင်ခဲ့တာပဲ။ မင်း အဲဒီ ယန်နတ်ဘုရား တွေကို တွေ့ဖူးတယ် မဟုတ်လား။ ဟိုးအရင်တုန်းကတော့ အဲဒီ ယန်နတ်ဘုရားတွေက အခုလို ပုံစံမျိုး မဟုတ်ဘူး"
ချန်အင်းရွှယ်၏ လေသံတွင် အတိတ်ကို လွမ်းဆွတ်တမ်းတမှုများ ပါဝင်နေသည်။
ဖန့်ချန် သဘောပေါက်သွားသည်။ အကယ်၍ ယန်နတ်ဘုရားများသာ တားမြစ်အတတ် များ၏ နောက်ဆက်တွဲဒဏ်ကို ခံစားရန် မလိုခဲ့ပါက သူတို့၏ နည်းလမ်းများဖြင့် လူသားနယ်မြေကိုးခုတွင် အခြေစိုက်နေထိုင်နိုင်ကြပြီး နတ်ဘုရားလောက သို့မဟုတ် ယင်လောကရှိ ပုဂ္ဂိုလ်များထက် အားနည်းမည် မဟုတ်ပေ။
ထိုသို့ တွေးတောရင်း သူသည် ချန်အင်းရွှယ်ကို အကဲခတ်ကြည့်လိုက်ရာ စိတ်ထဲတွင် သက်ပြင်းချမိပြန်သည်။
ဒီ စီနီယာအစ်မ သုံး ရဲ့ စိတ်ထဲမှာ ဘာတွေ ကြံစည်ထားသလဲဆိုတာ သူ မသိနိုင်သေးချေ။
မျက်တောင်တစ်ခတ်အတွင်း သုံးနှစ် ကုန်လွန်သွားခဲ့သည်။
သူတို့နှစ်ဦးသည် မြေပြန့်လွင်ပြင်တစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။ ဤနေရာမှာ အဆုံးမရှိ ကျယ်ပြောလှပြီး နိမ့်ပါးသော တောင်တန်းတစ်ခုကိုမျှ မတွေ့ရချေ။ မြေပြန့်လွင်ပြင်၏ အလယ်တွင်မူ အလွန်ကျယ်ဝန်းပြီး တိမ်တိုက်များထဲအထိ မြင့်မားလှသော မြို့ရိုးကြီးများရှိသည့် မြို့တော်ကြီးတစ်ခု မားမားမတ်မတ် တည်ရှိနေသည်။
"နံပါတ်ကိုး... ဒီယင်မြို့တော်ရဲ့ နာမည်က တိကျန်း တဲ့ "
"ဒီနေ့ မင်းတွေ့ရမယ့်သူက ဒီယင်မြို့တော်ရဲ့ အရှင်သခင်ပဲ။ အဆင့် ၈ မဟာယင်မိစ္ဆာ တစ်ပါးဖြစ်ပြီး သူ့ကိုယ်သူ တိကျန်းအရှင် လို့ ဘွဲ့ခံထားတယ်"
ချန်အင်းရွှယ်သည် ထိုမြို့တော်ကို ကြည့်ရင်း သူမ၏ မျက်ဝန်းများမှာ လွင့်မျောနေပုံရသည်။
"မင်း သူ့ကို တွေ့တဲ့အခါ ဘာကိုမှ ပူစရာမလိုဘူး။ ငါ မင်းကို ခေါ်လာနိုင်သလို ဘေးကင်းကင်းနဲ့လည်း ပြန်ပို့ပေးနိုင်တယ်"
"စီနီယာအစ်မ သုံး... တကယ်ပဲ ကြိုပြီး သတင်းတစ်ချက်လောက် မပေးနိုင်ဘူးလား။ ဒီအဆင့် ၈ မဟာယင်မိစ္ဆာကြီးက ကျွန်တော့်ကို ဘာလို့ တွေ့ချင်ရတာလဲ"
ဖန့်ချန် မေးလိုက်သည်။
"ပြောလည်း မင်း နားလည်မှာ မဟုတ်ဘူး၊ ငါ့နောက်ကိုသာ လိုက်ခဲ့ပါ"
ချန်အင်းရွှယ်က မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက် ဖန့်ချန်၏ ပခုံးကို ဆွဲကာ ထို တိကျန်းမြို့တော် ဆီသို့ ပျံသန်းသွားတော့သည်။
မြို့တံခါးဝသို့ ရောက်သည်နှင့် ယင်မိစ္ဆာ အချို့ ထွက်လာကြသည်။ သူတို့၏ ကျင့်ကြံခြင်းမှာ အလွန်မမြင့်မားသော်လည်း သူတို့၏ အကြည့်နှင့် အမူအရာများမှာမူ အလွန်ပင် ပြတ်သားထက်မြက်လှသည်။
"တိကျန်းမြို့တော်က ပြင်ပလူတွေကို လက်မခံဘူး၊ ခင်ဗျားတို့နှစ်ယောက် ပြန်သွားကြပါ"
ထိုအထဲမှ မဟာယင်မိစ္ဆာ တစ်ဦးက သူတို့နှစ်ဦးကို ဝေ့ကြည့်ကာ အေးစက်စွာ ဆိုလိုက်သည်။
ချန်အင်းရွှယ်က ဘာမှ ထပ်မပြောဘဲ တံဆိပ်ပြား (တစ်ခုကို တိုက်ရိုက် ထုတ်ပြလိုက်သည်။
"မော်ထျန်းဌာန ရဲ့ စစ်ဘုရင် ချန်အင်းရွှယ်... ဒီနေ့ တိကျန်းအရှင်ကို လာရောက်တွေ့ဆုံတာ ဖြစ်တယ်"
“မော်ထျန်းဌာန မော်ထျန်းတိကျန်းလား”
ဖန့်ချန်သည် ချန်အင်းရွှယ်ကို တစ်ချက် လှမ်းကြည့်လိုက်သော်လည်း သူမက မော်ထျန်းဌာန ဆိုသည်မှာ အဘယ်နည်းကို ရှင်းပြရန် ရည်ရွယ်ချက်မရှိဘဲ ထိုယင်မိစ္ဆာများကိုသာ စိုက်ကြည့်နေလေသည်။
ဤနေရာသို့ ရောက်သောအခါ ချန်အင်းရွှယ်သည် ယာယီအားဖြင့် မိစ္ဆာမျိုးနွယ်များနှင့် မပတ်သက်ကြောင်း ဖန့်ချန် အတည်ပြုနိုင်ခဲ့သည်။ သူမ၏ နောက်ကွယ်တွင် ယင်လောက၏ အတုမဲ့ ဘုရင်ကြီး မော်ထျန်းတိကျန်း နှင့် ဆက်နွယ်နေခြင်းသာ ဖြစ်သည်။
ယခင်က ရှဲ့ကျစ်ဌာနတွင် သူ၏ ဝိညာဉ်ကို ထွက်ခွာစေခဲ့သည်မှာလည်း ချန်အင်းရွှယ်က မိစ္ဆာမျိုးနွယ်များ ရှိကြောင်းကို အကြိမ်ကြိမ် ငြင်းဆိုနေခဲ့သောကြောင့် ဖြစ်သည်။ ထိုလုပ်ရပ်က သူမသည် သူ့ကို လမ်းမှားသို့ ပို့ဆောင်နေသလားဟု ခံစားစေခဲ့သည်။
နတ်ဘုရားလောကနှင့် ပတ်သက်သည့် အဖြစ်အပျက်များစွာကို ကြုံတွေ့ခဲ့ပြီးနောက်၊ ရှဲ့အာမန် ကိုယ်တိုင်ပင် ရှောက်ကွမ်းယင် ၏ မိစ္ဆာဓာတ်ကို သိမ်းဆည်းထားခဲ့သည်ကို မြင်ခဲ့ရပြီးဖြစ်ရာ ချန်အင်းရွှယ်၏ ဉာဏ်ပညာမျိုးနှင့် မိစ္ဆာရှိနေသည်ကို အတည်မပြုနိုင်လျှင်တောင် လုံးဝငြင်းဆိုနေစရာ အကြောင်းမရှိပေ။
ထို့ကြောင့် ဖန့်ချန် သူမအပေါ် သံသယ ဝင်ခဲ့ခြင်း ဖြစ်သည်။ ယခုမူ မိစ္ဆာမျိုးနွယ်နှင့် မသက်ဆိုင်သော အခြား လျှို့ဝှက်ချက်တစ်ခုကို သူ ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။
“ဒါပေမဲ့... အစ်မသုံးက မိစ္ဆာမျိုးနွယ်တွေ ရှိနေတာကို သိပုံရသလို အတော်လေးလည်း နားလည်ထားပုံပဲ။ ဟွမ်တန်တောက်ဟာ မိစ္ဆာမျိုးနွယ်ဖြစ်ကြောင်းကိုလည်း သူမ အသေအချာ ပြောနိုင်တယ်”
“မဟုတ်ရင်... ဟွမ်တန်တောက် သေသွားတဲ့ကိစ္စကို ဒီ တိကျန်းမြို့တော် အရှင်သခင်ကို ဘာလို့ ချက်ချင်း အစီရင်ခံမှာလဲ ”
ဖန့်ချန်သည် တည်ငြိမ်သော မျက်နှာထားဖြင့် ရှိနေသော်လည်း စိတ်ထဲတွင်မူ ထိုသဲလွန်စအချို့မှတစ်ဆင့် ယာယီ ကောက်ချက်တစ်ခုကို ရရှိသွားခဲ့သည်။
အကြောင်းမှာ ထို မော်ထျန်းတိကျန်း ဆိုသော ပုဂ္ဂိုလ်ကြီးသည် မိစ္ဆာမျိုးနွယ်များ ရှိကြောင်းကို အသေအချာ သိရှိထားရမည် ဖြစ်သောကြောင့်ပင်။ သူသည် ထိုခေတ်တွင် မွေးဖွားခဲ့ပြီး ထိုခေတ်ကြီးကို ကိုယ်တိုင် ကြုံတွေ့ခဲ့သူ မဟုတ်ပါလား။
အကယ်၍ ချန်အင်းရွှယ်သာ ထိုပုဂ္ဂိုလ်ကြီးနှင့် ပတ်သက်မှု ရှိနေခဲ့မည်ဆိုပါက သူ့ထံမှတစ်ဆင့် မိစ္ဆာမျိုးနွယ်များအကြောင်း သိရှိထားသည်မှာလည်း အံ့သြစရာ မရှိတော့ပေ။
အခန်း (၁၆၆၄) - တိကျန်းအရှင်
မြို့တံခါးဝရှိ မဟာယင်မိစ္ဆာအချို့သည် မော်ထျန်းဌာန ဟူသော စကားလုံးကို ကြားလိုက်ရပြီးနောက် သူတို့၏ တင်းမာသော အမူအရာများမှာ အနည်းငယ် လျော့ပါးသွားကြသည်။
ထိုအထဲမှ တစ်ဦးက ချန်အင်းရွှယ်၏လက်ထဲရှိ တံဆိပ်ပြားကို စစ်ဆေးအတည်ပြုပြီးနောက် ခပ်ဖွဖွ ပြုံးလိုက်ကာ
"ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ" ဟု ဆိုသည်။
သူသည် ထိုနှစ်ဦးကို တိကျန်းမြို့တော်အတွင်းသို့ ခေါ်ဆောင်သွားလေသည်။
လမ်းခရီးတွင် ထိုသူက အနည်းငယ် စပ်စုလိုသော ဆန္ဒဖြင့် မေးမြန်းလာသည်။
"မကြာသေးခင်က ထိုက်ချန်းနယ်မြေ ဘက်မှာ အခြေအနေ ဘယ်လိုရှိလဲ။ တိုက်ပွဲတွေက ပြင်းထန်နေတုန်းပဲလား။ ခင်ဗျားက စစ်ဘုရင် တစ်ယောက်ဖြစ်ပြီး တိကျန်းအရှင်ကို ဒီအထိ ကိုယ်တိုင်ကိုယ်ကျ လာတွေ့တယ်ဆိုတော့ ကျွန်တော်တို့ မော်ထျန်းဌာနက အရှုံးနဲ့ ရင်ဆိုင်နေရလို့လား"
ချန်အင်းရွှယ်က သိသိသာသာပင် ဖန့်ချန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ထိုမဟာယင်မိစ္ဆာကို မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။
"မင်း စကားတွေ များလွန်းနေပြီ။ ငါ ဒီကို ဘာကိစ္စနဲ့ လာတယ်ဆိုတာ မင်းနဲ့ ဘာဆိုင်လို့လဲ။ ငါက စစ်ဘုရင် ၊ မင်းက ဘာအဆင့်မို့လို့လဲ"
"အဲ... ကျွန်တော်က စစ်ဗိုလ်ချုပ် ပါ..."
ထိုမဟာယင်မိစ္ဆာက တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ထပ်မပြောရဲတော့ပေ။ ဤစစ်ဘုရင်မကြီးမှာ ဆက်ဆံရခက်သူဖြစ်ကြောင်း သူ သတိပြုမိသွားပုံရသည်။
“ထိုက်ချန်းနယ်မြေ၊ မော်ထျန်းဌာန... ကြည့်ရတာ မော်ထျန်းတိကျန်းက လူသားနယ်မြေကိုးခုရဲ့ ကိစ္စတွေထဲမှာ တကယ်ပဲ လက်ဝါးကြီးအုပ် ဝင်စွက်ဖက်နေပြီပဲ။ အစ်မသုံးလိုမျိုး သန်မာတဲ့သူတွေကိုလည်း အတော်များများ စုဆောင်းထားပုံရတယ်”
“ငါ့ရဲ့ သတင်းအချက်အလက်တွေက အခုထိ မလုံလောက်သေးဘူး။ တကယ်လို့သာ ငါက ဖူထူလောကနဲ့ ယင်လောကငယ် နှစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီး အဲဒီနှစ်ခုကို တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်နိုင်ခဲ့မယ်ဆိုရင်...”
ဖန့်ချန် စိတ်ထဲတွင် သက်ပြင်းချမိသည်။
အကယ်၍ ထိုအချက်ကိုသာ လုပ်ဆောင်နိုင်ပါက လူသားနယ်မြေကိုးခု၏ မည်သည့်ကိစ္စမဆို သူ့ကို ဖုံးကွယ်ထားနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ဤအရာမှာ မည်မျှ ခက်ခဲပါသနည်း။
သူသည် အဆင့် ၉ အထိ တက်လှမ်းနိုင်ခဲ့ပြီး တုနှိုင်းမဲ့သော အဆင့် ၉ ဓားမသေမျိုး ဖြစ်လာခဲ့လျှင်တောင် ယင်လောကကြီးနှင့် ယင်လောကငယ်ကို ပြန်လည် ချုပ်လုပ်နိုင်မည့် နည်းလမ်းမျိုး ရှိချင်မှ ရှိပေလိမ့်မည်။ ထိုသို့ မလုပ်ဆောင်နိုင်သရွေ့ သူ၏ ငရဲမင်းအာဏာ မှာ ယင်လောကငယ်အတွင်း၌သာ ကန့်သတ်ခံထားရဦးမည် ဖြစ်သည်။
“ဒါနဲ့ အစ်မသုံးက မော်ထျန်းဌာနထဲကို အရင်ဝင်တာလား၊ ဒါမှမဟုတ် ကျွယ်မင်နန်းတော်ထဲကို အရင်ဝင်တာလား။ တကယ်လို့ နောက်မှ ဝင်တာဆိုရင် မော်ထျန်းဌာနက ဘယ်လို အပေးအယူမျိုး လုပ်ခဲ့လို့ ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်တစ်ယောက်က သူတို့အတွက် အလုပ်အကျွေး ပြုနေရတာလဲ”
"နံပါတ်ကိုး... မင်း ဘာတွေ စဉ်းစားနေတာလဲ၊ ငါတို့ ရောက်ပြီ"
ချန်အင်းရွှယ်၏ အသံက ဖန့်ချန်၏ နားထဲတွင် ပေါ်လာသည်။ သတိမထားမိခင်မှာပင် သူတို့ သုံးဦးသည် တိကျန်းမြို့တော်၏ အမြင့်ဆုံးဖြစ်သော အနက်ရောင် အဆောက်အဦးကြီးတစ်ခု၏ ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"မော်ထျန်းဌာနဆိုတာ ဘယ်လိုနေရာမျိုးလဲလို့ ကျွန်တော် စဉ်းစားနေတာပါ"
ဖန့်ချန်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
လမ်းပြလာသော မဟာယင်မိစ္ဆာမှာ မှင်တက်သွားပြီး ချန်အင်းရွှယ်ကို ချက်ချင်းပင် အော်ဟစ်တော့သည်။
"သူက မော်ထျန်းဌာနကို မသိဘူးလား။ ဒါဆို သူက ငါတို့လူ မဟုတ်ဘူးပေါ့၊ ခင်ဗျားက ဘာလို့ သူ့ကို ဒီအထိ ခေါ်လာရတာလဲ "
ချန်အင်းရွှယ်က လက်ကို မြှောက်ကာ ဖြတ်ရိုက်လိုက်ရာ ထိုမဟာယင်မိစ္ဆာမှာ ပေပေါင်းများစွာ ဝေးသောနေရာသို့ လွင့်ထွက်သွားတော့သည်။ ၎င်းက အနီးအနားရှိ ယင်မိစ္ဆာများစွာ၏ အာရုံစိုက်မှုကို ရရှိသွားစေသည်။
ထိုမဟာယင်မိစ္ဆာသည် မြေပြင်မှ လူးလဲထလာပြီး ချန်အင်းရွှယ်ကို အလွန်အမင်း ဒေါသထွက်စွာ စိုက်ကြည့်ကာ
"ခင်ဗျား"
"မင်းက ဘာလဲ။ သူက တိကျန်းအရှင် ကိုယ်တိုင် တွေ့ချင်နေတဲ့သူပဲ၊ ငါ ခေါ်လာတာ ဘာမှားလို့လဲ။ ဒါမှမဟုတ် မင်းက တိကျန်းအရှင်ကိုယ်စား ဆုံးဖြတ်ချက် ချပေးနိုင်လို့လား။ မင်း ခိုင်းရင် ငါ သူ့ကို အခုပဲ ခေါ်ပြီး ပြန်ထွက်သွားပေးရမလား"
ချန်အင်းရွှယ်က အေးစက်စက် ဆိုလိုက်သည်။
ရှူးးး
ထိုမဟာယင်မိစ္ဆာမှာ အေးစက်သော အငွေ့အသက်ကို ရှူသွင်းလိုက်မိပြီး ချက်ချင်းပင် ပါးစပ်ပိတ်ကာ နောက်ထပ် မပြောရဲတော့ပေ။
ထိုအချိန်မှာပင် အနက်ရောင် အဆောက်အဦးကြီးထဲမှ နောက်ထပ် မဟာယင်မိစ္ဆာတစ်ဦး ထွက်လာသည်။ သူသည် အစိမ်းရောင် သံချပ်ကာကို ဝတ်ဆင်ထားပြီး သူ၏ ကိုယ်ပေါ်မှ အငွေ့အသက်မှာ အဆင့် ၆ မဟာယင်မိစ္ဆာ တစ်ဦး၏ အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။
အမှန်စင်စစ် ဖန့်ချန် ဤနေရာသို့ စတင်ရောက်ရှိကတည်းက ဤမြို့ရှိ အချို့သော ယင်မိစ္ဆာများ၏ အရှိန်အဝါမှာ သာမန်ယင်မိစ္ဆာများနှင့် မတူကြောင်း သတိပြုမိခဲ့သည်။ သူတို့၏ ကိုယ်ပေါ်တွင် ယင်မသေမျိုး နှင့် ဆင်တူသော အရှိန်အဝါမျိုး ထွက်ပေါ်နေခြင်း ဖြစ်သည်။
အမှားအယွင်းမရှိလျှင် သူတို့သည် ယင်လောက၏ နတ်ဘုရား များနှင့် တစ်ချိန်က ရင်ပေါင်တန်းနိုင်ခဲ့သော၊ မော်ထျန်းတိကျန်း ကိုယ်တိုင် ဖန်တီးခဲ့သည့် ယင်မသေမျိုး လမ်းစဉ် ကို လျှောက်လှမ်းနေသူများ ဖြစ်ကြလိမ့်မည်။
ထိုကိုယ်ပေါ်မှ အစိမ်းရောင် အရှိန်အဝါများ ထွက်နေသော အဆင့် ၆ မဟာယင်မိစ္ဆာမှာလည်း အဆင့် ၆ ယင်မသေမျိုးဟု ခေါ်ဆိုထိုက်ပြီး ယင်လောကနှင့် လူသားလောကကို ကူးလူးနိုင်သည့် စွမ်းရည်ရှိသူ ဖြစ်ပေလိမ့်မည်။
"စစ်ဘုရင် ချန်အင်းရွှယ်လား"
တစ်ဖက်လူ၏ မျက်ဝန်းများမှာ သေနေသော ရေကန်တစ်ခုကဲ့သို့ အေးစက်ညှိုးငယ်လှသည်။
"ဟုတ်တယ်၊ ရှင်ကလည်း စစ်ဘုရင်တစ်ယောက်ပဲ၊ ဘယ်လို ခေါ်ရမလဲ"
ချန်အင်းရွှယ်က အေးဆေးစွာ မေးလိုက်သည်။
"ကွေ့လုံ "
ကွေ့လုံက ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပြီး ပါးကို အုပ်ထားသော မဟာယင်မိစ္ဆာကို ကြည့်ကာ
"စစ်ဗိုလ်ချုပ် အဆင့်မျှနဲ့ စစ်ဘုရင်ကို ဘယ်လိုများ ရဲရဲတင်းတင်း ဝေဖန်ရဲရတာလဲ"
"အရှင်... ကျွန်တော် မှားသွားပါပြီ"
ထိုစစ်ဗိုလ်ချုပ်မှာ ချက်ချင်းပင် အရှုံးပေးကာ ဒူးတစ်ဖက်ထောက် အလေးပြုလိုက်သည်။
ကွေ့လုံက ရယ်မောလိုက်ပြီး သူ၏ ရှေ့သို့ လျှောက်သွားကာ လက်ဖဝါးကို ဖြည်းဖြည်းချင်း ဖြန့်လိုက်သည်။ ထိုစစ်ဗိုလ်ချုပ်မှာ ခေတ္တ မှင်တက်သွားပြီးနောက် သူ၏ မျက်နှာတွင် မကျေနပ်မှုနှင့် ထိတ်လန့်မှုများ ပေါ်လာကာ တိုးတိုးလေး မေးလိုက်သည်။
"ယင်သက်တမ်း... ဘယ်နှနှစ်လောက် ပေးရမလဲ မသိဘူး..."
"မင်းဘာသာ မင်း စဉ်းစားပြီး ပေးပေါ့"
ကွေ့လုံက ပြုံးလျက် ဆိုသည်။
စစ်ဗိုလ်ချုပ်က သွားကို တင်းတင်းကြိတ်ကာ သူ၏ ကိုယ်ပေါ်မှ စုစည်းထားသော ယင်သက်တမ်းအစုအဝေးတစ်ခုကို ထုတ်၍ ကွေ့လုံ၏ လက်ထဲသို့ ထည့်လိုက်သည်။ ဖန့်ချန်၏ ခန့်မှန်းချက်အရ ထိုယင်သက်တမ်းမှာ အနည်းဆုံး နှစ်ပေါင်းတစ်ထောင်ခန့် တန်ဖိုးရှိသည်။
အနီးအနားရှိ ယင်မိစ္ဆာများမှာ ထိုမြင်ကွင်းကို မြင်သောအခါ လည်ပင်းကို ကျုံ့လိုက်ကြသည်။
နှစ်ပေါင်းတစ်ထောင် ယင်သက်တမ်းမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားရသဖြင့် သူတို့မှာ နောင်တွင် စကားပြောဆင်ခြင်ရန်နှင့် ယခုတစ်ဦးကဲ့သို့ အမှားမျိုး မလုပ်ရန် ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်ကြသည်။
မည်သည့် မဟာယင်မိစ္ဆာအတွက်မဆို နှစ်တစ်ထောင် ယင်သက်တမ်းမှာ နည်းသောပမာဏ မဟုတ်ပေ။
"စစ်ဘုရင် ချန်အင်းရွှယ်... ဒါက နှစ်တစ်ထောင် ယင်သက်တမ်းပါ၊ သူက ခင်ဗျားကို တောင်းပန်တဲ့အနေနဲ့ ပေးတာပါ"
ကွေ့လုံက ထိုယင်သက်တမ်းကို ချန်အင်းရွှယ်ထံ ကမ်းပေးရင်း ပြုံး၍ ဆိုသည်။
ချန်အင်းရွှယ်က တည်ငြိမ်သော မျက်နှာထားဖြင့် ထိုယင်သက်တမ်းကို လက်ခံကာ သိမ်းဆည်းလိုက်သည်။
"သူ သိတတ်တာပဲ။ ကျွန်မကို တိကျန်းအရှင်ဆီ ခေါ်သွားပေးပါ။ သူ တွေ့ချင်နေတဲ့သူကို ကျွန်မ ခေါ်လာခဲ့ပြီ"
"ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"
ကွေ့လုံက ဖန့်ချန်ကို တစ်ချက် ဝေ့ကြည့်ကာ ခေါင်းညိတ်ပြပြီး သူတို့နှစ်ဦးကို အနက်ရောင် အဆောက်အဦးကြီးအတွင်းသို့ ခေါ်သွားလေသည်။
ဤတစ်ကြိမ်တွင် ဖန့်ချန်သည် တိကျန်းအရှင်ကို တွေ့လိုက်ရသောအခါ တစ်ဖက်လူ၏ မျက်နှာတွင် ကြေးညိုမျက်နှာဖုံး မရှိတော့ပေ။
"မင်းတို့ ရောက်လာတာ မနှေးဘူးပဲ"
တိကျန်းအရှင်က ချန်အင်းရွှယ်ကို ပြုံးပြလိုက်သည်။ ထို့နောက် သူသည် ကွေ့လုံအား တံခါးဝတွင် စောင့်နေရန် အမိန့်ပေးလိုက်သည်။
"သူ့ကို ဒီနေရာအကြောင်း ရှင်းပြပြီးပြီလား"
တိကျန်းအရှင်က မေးလိုက်သည်။
"အရှင်ကိုယ်တိုင်ပဲ ရှင်းပြလိုက်ပါ"
ချန်အင်းရွှယ်က ပြုံးလျက် ဆိုသည်
"မော်ထျန်းဌာနက အပြင်လောကမှာ သူတို့ရဲ့ တည်ရှိမှုကို ပေါက်ကြားလို့ မရဘူးဆိုတဲ့ စည်းကမ်း ရှိတယ်လေ။ ဒါက စည်းကမ်းပဲ၊ ကျွန်မက ဘယ်လိုလုပ် ချိုးဖောက်လို့ ရမှာလဲ"
"မှန်တယ်... ငါ မင်းကို အမြဲတမ်း အထင်ကြီးခဲ့တာ။ ကျွယ်မင်နန်းတော်နဲ့ ရှဲ့ကျစ်ဌာနက မင်းကို မပေးနိုင်တဲ့ မသေမျိုးစာရင်းဝင်ခွင့် ကို မော်ထျန်းဌာနက ပေးလိမ့်မယ်။ မင်း ငါတို့အတွက် ဆက်ပြီး ကောင်းကောင်း အလုပ်လုပ်ပေးနေသရွေ့ပေါ့"
တိကျန်းအရှင်က ရယ်မောလိုက်ပြီး သူ၏ အကြည့်က ဖန့်ချန်ဆီသို့ ကျရောက်လာသည်။
"မင်းရဲ့ စိတ်ထဲမှာ သံသယတွေ အများကြီး ရှိနေလိမ့်မယ်။ ဒါပေမဲ့ ဒီကို ရောက်လာပြီဆိုတော့ စိတ်အေးအေးထားပါ။ ငါ မေးတာတွေကို သေသေချာချာ ဖြေပါ။ ချန်အင်းရွှယ်ရဲ့ မျက်နှာကို ထောက်ထားပြီး မင်း ဒီနေရာကနေ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်ပါလိမ့်မယ်"
ဖန့်ချန်က တိကျန်းအရှင်ကို ကြည့်လိုက်ပြီးနောက် ချန်အင်းရွှယ်ကို တစ်ချက်ကြည့်ကာ စဉ်းစားဟန်ဖြင့် ဆိုလိုက်သည်။
"ကျွန်တော် ခန့်မှန်းတာ မမှားဘူးဆိုရင် မော်ထျန်းဌာနအကြောင်းကို သိသွားတဲ့ ကျွန်တော်ဟာ ဒီနေရာကနေ အသက်ရှင်လျက် ပြန်ထွက်သွားဖို့ အကြောင်းပြချက် မရှိတော့ဘူး မဟုတ်လား"
"ဘယ်သူပြောလဲ"
တိကျန်းအရှင်က ခပ်ဟဟ ရယ်မောလိုက်သည်
"မင်းက ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်တစ်ယောက်ပဲ၊ ပါရမီလည်း မဆိုးဘူး။ မော်ထျန်းဌာနက မင်းလို အရည်အချင်းရှိသူတွေကို စည်းရုံးရတာ အကြိုက်ဆုံးပဲ။ ဒါကြောင့် ငါ မေးခွန်းတွေ မေးပြီးရင် မင်းကို အခွင့်အရေးတစ်ခု ပေးမယ်"
"မော်ထျန်းဌာနထဲကို ဝင်လိုက်မယ်ဆိုရင် မင်း ချန်အင်းရွှယ်နဲ့အတူ ပြန်သွားလို့ ရမယ်။ နောင်တစ်ချိန်မှာလည်း မင်းရဲ့ ဘဝက ပိုပြီး ကောင်းမွန်လာလိမ့်မယ်။ ဒါက မင်းကိုယ်မင်း ဆုတ်လမ်းတစ်ခု ချန်ထားပေးတာပဲ။ ကျွယ်မင်နန်းတော်က... မင်းကို တစ်ဘဝလုံး မကာကွယ်ပေးနိုင်ဘူး"
စကားဆုံးသည်နှင့် တိကျန်းအရှင်က လေသံကို ချက်ချင်း ပြောင်းလိုက်သည်။
"ငါ့ကို ဖြေစမ်း... ဟွမ်တန်တောက် ဘယ်လိုသေတာလဲ"
"မမြင်လိုက်ဘူး။ ကျွန်တော် ရောက်သွားတဲ့အချိန်မှာ ခြောက်ကပ်နေတဲ့ အလောင်းနှစ်လောင်းပဲ ရှိတော့တယ်"
ဖန့်ချန်က ခပ်အေးအေးပင် ခေါင်းခါပြလိုက်သည်။
"မမြင်လိုက်တာလား... ဒါမှမဟုတ် မပြောချင်တာလား"
တိကျန်းအရှင်က ရုတ်တရက် အေးစက်စွာ ရယ်မောလိုက်သည်။
နောက်တစ်ခဏတွင် ဖန့်ချန်ကို မမြင်ရသော လက်တစ်စုံက မြဲမြံစွာ ဖမ်းဆွဲလိုက်သလို ခံစားရပြီး သူ့ကို လေပေါ်သို့ မြှောက်တင်လိုက်သည်။ ချန်အင်းရွှယ်ကတော့ တည်ငြိမ်သော မျက်နှာထားဖြင့်သာ ရှိနေပြီး ဤမြင်ကွင်းကို မြင်နေရသော်လည်း ဝင်ရောက်ပြောဆိုရန် ရည်ရွယ်ချက် မရှိပေ။
"အရှင်က ကျွန်တော့်ကို ဘာပြောစေချင်တာလဲ"
ဖန့်ချန် မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်
"ကျွန်တော့်ရဲ့ ဒီတစ်ခေါက် တာဝန်က စောင့်ကြည့်ဖို့ပဲ။ ကျွန်တော်က အဆင့် ၃ မသေမျိုးတစ်ယောက်ပဲ၊ ဟွမ်တန်တောက် သေတဲ့ကိစ္စနဲ့ ဘာပတ်သက်မှု ရှိမှာလဲ။ ဒါမှမဟုတ် သူက အရှင်ရဲ့ ဆွေမျိုးတော်စပ်လို့လား"
"ငါက မင်းကို မေးနေတာလား၊ မင်းက ငါ့ကို ပြန်မေးနေတာလား"
တိကျန်းအရှင်၏ မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွားသည်။
ဖန့်ချန်သည် သူ၏ ဝိညာဉ်မှာ ပြင်းထန်စွာ ဖိနှိပ်ခံနေရပြီး အသက်ရှူရ ကြပ်လာသလို ချက်ချင်း ခံစားလိုက်ရသည်။
"ပြောစမ်း... ဟွမ်တန်တောက် သေပြီးနောက်မှာ ဘာတွေ ဖြစ်ခဲ့သေးလဲ။ မင်း အဲဒီအချိန်မှာ ယင်လောကကို ကူးခဲ့သေးလား"
တိကျန်းအရှင်က အေးစက်စွာ မေးလိုက်သည်။
ယင်လောကကို ကူးခဲ့သေးလား
ရုတ်တရက် ဖန့်ချန် တစ်ခုခုကို ဖမ်းဆုပ်မိသွားသလို ခံစားလိုက်ရသည်။ သူ အသေအချာ မစဉ်းစားရသေးခင်မှာပင် ချန်အင်းရွှယ်၏ အရှိန်အဝါမှာ ရုတ်တရက် ပြင်းထန်စွာ မြင့်တက်လာတော့သည်။
အဆင့် ၇
အဆင့် ၈
သူမသည် အဆင့် ၈ ရှေးဟောင်းမသေမျိုး တစ်ဦးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမျိုးကို ထုတ်ဖော်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း တိကျန်းအရှင်၏ ရှေ့သို့ ပြေးဝင်သွားကာ သူ၏ ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။