← Chapters

အခန်း (၆၅၁-၆၅၂)

Vol. 66 Ch. 651-652

အခန်း (၆၅၁-၆၅၂)

Vol. 66 Ch. 651-652

အခန်း (၆၅၁) - ခေါင်းတလား မိစ္ဆာနှိမ်နင်းရေး အစီရင်၏ အသုံးဝင်ပုံ၊ သစ်သားစွမ်းအင်ကို သန့်စင်ခြင်း ၊ ခန္ဓာကိုယ်တွင်းရှိ ကမ္ဘာ

ဝေဟန်သည် တစ်ကိုယ်လုံး တုန်ခါသွားကာ မျက်လုံးများ ပြူးကျယ်သွားရ၏။

“ဒီခေါင်းတလားနဲ့ မိစ္ဆာနှိမ်နင်းရေး အစီရင်တွေက သူမကို ကာကွယ်ဖို့အတွက် သုံးထားတာလား ”

ရှင်းဟုန်ယဲ့က ခဏမျှ စဉ်းစားပြီးမှ ဖြည်းညင်းစွာ ပြောလိုက်သည်။

“မှန်တယ်၊ ဒီလိုပဲ ဖြစ်ရမယ်။ မဟုတ်ရင် အဲဒီ အစီရင်တွေက အဲဒီ သွေးသားမိစ္ဆာကြီးကို ဒီလောက်အထိ ပြင်းပြင်းထန်ထန် ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး ”

“ဒါဆိုရင် လီအစ်ကိုက မတော်တဆနဲ့ပဲ ဒီမိန်းကလေးကို ကယ်တင်လိုက်သလို ဖြစ်သွားတာပေါ့”

ဝေဟန်က ပြုံး၍ ပြောသည်။

လီယန်ချူးကမူ အနည်းငယ် ပြုံးလိုက်ရုံသာ ပြုလုပ်ပြီး ထိုဝတ်စုံဖြူဝတ် မိန်းကလေး၏ နောက်ကျောဘက်တွင် နတ်မိမယ်တစ်ပါး ရှိနေသည့်အကြောင်းကိုတော့ ထုတ်မပြောခဲ့ပေ။ ထိုကြီးမားလှသော ပုံရိပ်ကြီးက ဤမိန်းကလေးသည် စစ်မှန်သော နတ်ဘုရားတစ်ပါး ဖြစ်နိုင်သည်ဟု လီယန်ချူးကို ပြင်းပြင်းထန်ထန် သံသယဝင်စေခဲ့သည်။

“အယ်... ဒီရွှေဆံထိုးက ရှိနေသေးတာပဲ”

ဖုန်းရူးက အံ့ဩတကြီး အော်လိုက်မိသည်။ ထိုဆံထိုးအား ဝတ်စုံဖြူဝတ် မိန်းကလေးက သိမ်းထားလိုက်ပြီဟု သူမ ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။

လီယန်ချူးသည် ဖုန်းရူး၏ ခေါင်းပေါ်ရှိ ဆံထိုးကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

“ဖြစ်နိုင်တာကတော့ ဒီဆံထိုးက ခင်ဗျားနဲ့ ရေစက်ရှိလို့ နေမှာပါ ”

ဖုန်းရူးသည် ထိုစကားကို ကြားသောအခါ မျက်နှာလေး နီမြန်းသွားကာ ဘာတွေတွေးနေသည်တော့ မသိပေ။ လီယန်ချူးက သူမကို တစ်ချက်ကြည့်လိုက်ပြီး ရှင်းဟုန်ယဲ့၏ အဒေါ်မှာ အသက်အရွယ် အနည်းငယ် ရသော်လည်း အလွန်အမင်း ရှက်တတ်လွန်းသည်ဟု တွေးမိသည်။ သူမ ရှက်နေသည့် ပုံစံမှာ အမှန်တကယ်ပင် ချစ်စရာကောင်းပြီး နုပျိုလှပနေဆဲပင်။

“စောစောက မင်းရဲ့ အဲဒီမှော်လက်နက်က ငါတို့ကို ဘယ်နေရာတွေဆီအထိ ခေါ်သွားလိုက်တာလဲ မသိဘူး ”

လီယန်ချူးက ရှင်းဟုန်ယဲ့ကို ပြောလိုက်သည်။

“ကျွန်မလည်း ဒီလိုဖြစ်မယ်လို့ ထင်မထားခဲ့ဘူး။ နောက်တစ်ခါကျရင်တော့ အကြိမ်ကြိမ် စမ်းသပ်ကြည့်ရမယ်။”

ရှင်းဟုန်ယဲ့က အားနာစွာဖြင့် ပြောရှာသည်။

“ဖြစ်နိုင်တာက ငါတို့ သွားခဲ့တာက နောက်ထပ် အာကာသအက်ကြောင်း တစ်ခုဆီကို ဖြစ်လိမ့်မယ်။ အဲဒါက ဟေးရှန်း တောင်စောင့်နတ်ဘုရားနဲ့ သိပ်ပြီး ပတ်သက်မှု ရှိမယ်လို့ ငါမထင်ဘူး ”

လီယန်ချူးက စဉ်းစားပြီးနောက် ပြောလိုက်၏။

“နောက်ထပ် အက်ကြောင်းတစ်ခု ဟုတ်လား” ဝေဟန်က မေးသည်။

“မှန်တယ်။ ဟေးရှန်း တောင်စောင့်နတ်ဘုရား ပြောတာက အခု ယင်နဲ့ယန် စွမ်းအားတွေ အချင်းချင်း ထိပ်တိုက်တွေ့နေပြီး ယင်လောကက ကျူးကျော်နေပြီတဲ့။ မင်းကိုယ်တိုင်လည်း ပြောခဲ့တယ်မလား၊ လူ့လောကမှာ တောင်တန်းအသစ်တွေ၊ မြေမျက်နှာသွင်ပြင်အသစ်တွေ ပေါ်လာနေတယ်ဆိုတာ။

ဒီနေရာမှာလည်း အက်ကြောင်းတွေ ဖြစ်ပေါ်နေပြီး မတည်မငြိမ် ဖြစ်နေလို့ တခြားကမ္ဘာတစ်ခုနဲ့ ထိစပ်သွားတာပဲ။ ဒီလို အက်ကြောင်းတွေက တစ်ခုထက်မက ရှိနိုင်တယ်။”

လီယန်ချူးက တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းကတော့ တကယ့်ကို မင်းပါပဲ။ ဝမ်အရာရှိချုပ် နဲ့ မင်းနဲ့ဆိုရင် ပြောစရာ စကားတွေ အများကြီး ရှိလိမ့်မယ်လို့ ငါထင်တယ် ”

ဝေဟန်က ရယ်မောကာ ပြောသည်။

လီယန်ချူးကလည်း ပြုံးလိုက်ပြီး မှော်လွန်းပျံ ကို ထုတ်ကာ သူတို့ သုံးဦးကို ခေါ်ဆောင်၍ ခရိုင်မြို့တော် သို့ ပြန်လာခဲ့ကြသည်။ လူ့လောကသို့ ပြန်ရောက်လာသည့် ခံစားချက်မှာ အမှန်တကယ်ပင် ထူးခြားလှသည်။ ယခုတစ်ကြိမ်တွင် မည်သည့် တားမြစ်ချက်မျှ မရှိတော့သဖြင့် သူတို့ ခရိုင်မြို့တော်အတွင်းသို့ လျင်မြန်စွာပင် ရောက်ရှိလာကြသည်။

သူတို့သည် အစိုးရတည်းခိုဆောင်သို့ မသွားဘဲ မြို့ထဲရှိ သာမန် တည်းခိုခန်းတစ်ခုတွင်သာ တည်းခိုလိုက်ကြသည်။ ခရိုင်မြို့တော်တွင် လူဦးရေ သိန်းနှင့်ချီရှိသဖြင့် နယ်ပယ်အသီးသီးမှ ပညာရှင်များ စုဝေးရာနေရာဟု ဆိုနိုင်သည်။

အခြား ခရိုင်များနှင့် မတူသည်မှာ မြောက်ဘက်နယ်စပ်ခရိုင် သည် မြောက်ပိုင်းနယ်စားမင်း ၏ အာဏာစက်အောက်တွင် တစ်ဦးတည်း ကြီးစိုးရာနေရာ ဖြစ်သည်။

နယ်စားမင်း စံအိမ်တော် အတွင်း၌ အောင်းနေတဲ့ကျား ဝပ်နေတဲ့နဂါးသကဲ့သို့ အစွမ်းထက် ပညာရှင်များစွာ ရှိနေသည်။ ကောလာဟလများအရ နယ်စားမင်း စံအိမ်တွင် စောင့်ရှောက်နေသော ယန်ဝိညာဥ် အဆင့် ပညာရှင်ကြီးတစ်ဦးပင် ရှိသည်ဟု ဆိုကြသော်လည်း မည်သူမျှတော့ မြင်ဖူးခြင်း မရှိကြပေ။

တည်းခိုခန်းအတွင်း

လီယန်ချူးသည် အခန်းထဲတွင် တစ်ယောက်တည်း ထိုင်နေ၏။ ယခုတစ်ခေါက် ဟေးရှန်း သို့ သွားရခြင်းတွင် ရည်ရွယ်ချက် နှစ်ခုရှိသည်။ တစ်ခုမှာ ရှင်းဟုန်ယဲ့၏ အဒေါ်ကို ရှာရန်ဖြစ်ပြီး၊ နောက်တစ်ခုမှာ ဟေးရှန်း တောင်စောင့်နတ်ဘုရားနှင့် ရှိခဲ့ဖူးသော အငြိုးအတေးဟောင်းများကို အပြတ်ရှင်းရန် ဖြစ်သည်။

လီယန်ချူးသည် မူလက သူတို့ သုံးဦးကို ခေါ်ပြီး ဟေးရှန်းအတွင်း ဆက်လက် ရှာဖွေနိုင်သော်လည်း၊ လောလောလတ်လတ်တွင် ထိုလျှို့ဝှက်တောင်တန်းကြီး၏ အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရပြီး၊ သူတို့ သုံးဦးစလုံး ထိုထိတ်လန့်ဖွယ် သွေးသားမိစ္ဆာ၏ ဝါးမျိုထိန်းချုပ်ခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့သောကြောင့် သူတို့အား မြို့ထဲသို့ အရင်ပြန်ခေါ်လာခဲ့ခြင်းပင်။

သူသည် တည်းခိုခန်းတွင် ထိုင်နေသော်လည်း ဟေးရှန်းသို့ ပြန်သွားရန် မလောသေးပေ။ ဤလျှို့ဝှက်တောင်တန်းအတွင်း ကြုံတွေ့ခဲ့ရမှုများက ယခင်က သူ မသိရှိခဲ့ဖူးသော အရာများစွာကို မြင်တွေ့စေခဲ့သလို မေးခွန်းသစ်များစွာကိုလည်း ဖြစ်ပေါ်စေခဲ့သည်။

ထိုထိတ်လန့်ဖွယ် သွေးသားမိစ္ဆာက အမှန်တကယ် ဘယ်လိုဖြစ်တည်မှုမျိုးလဲ။

ထိုလျှို့ဝှက်တောင်တန်းကြီးကရော ဘယ်လိုနေရာမျိုးလဲ

ပြီးတော့ ထိုက်ရှန်းဖူကျွင်း တံဆိပ်က ဆုတောင်းခြင်းစွမ်းအားတွေနဲ့ ယင်မိစ္ဆာဓာတ်တွေကို ဝါးမျိုလိုက်ပြီးနောက် ပေါ်လာတဲ့ အဖိုးအိုကရော ဘယ်သူလဲ။

ထိုမိန်းကလေးကရော ဘယ်သူလဲ ဘာလို့ ဒီလောက်ကြီးမားတဲ့ တန်ခိုးစွမ်းအားတွေ ရှိနေရတာလဲ သူမနောက်က ဧရာမ နတ်မိမယ်ပုံရိပ်ကြီးကရော ဘာလဲ။

ဤကိစ္စရပ်များမှာ လီယန်ချူး၏ စိတ်ထဲတွင် အဖြေမထွက်ဘဲ ကျန်ရှိနေခဲ့သည်။ ဤကမ္ဘာကြီးမှာ သူထင်ထားသည်ထက် ပိုမိုကျယ်ပြောလှပြီး ကမ္ဘာကြီး၏ အမှန်တရား တစ်ခုလုံးမှာလည်း မြူနှင်းများအောက်တွင် ဖုံးကွယ်နေသကဲ့သို့ သူ ခံစားနေရသည်။

“ဒီကမ္ဘာက နတ်ဘုရားတွေ ဘာဖြစ်ကုန်ကြတာလဲ”

လီယန်ချူး စိတ်ထဲမှ သက်ပြင်းချမိသည်။

ဝတ်စုံဖြူဝတ် မိန်းကလေးမှာ နတ်ဘုရားတစ်ပါး ဖြစ်နိုင်ခြေ ရှိသည်သာမက၊ ထိုထိတ်လန့်ဖွယ် သွေးသားမိစ္ဆာနှင့် ရင်ဆိုင်ရစဉ်ကလည်း နတ်ဘုရားတစ်ပါးကို ရင်ဆိုင်နေရသကဲ့သို့ ဖိအားမျိုးကို သူ ခံစားခဲ့ရသည်။ သူသည် စိတ်အာရုံကို ပြန်လည်စုစည်းကာ အတွေးများကို ရပ်တန့်လိုက်၏။

သူသည် ဦးစွာ သစ်သားစွမ်းအင်ကို သန့်စင်ရန် ပြင်ဆင်လိုက်သည်။ သူ၏ သိုလှောင်အိတ် ထဲမှ နှစ်တစ်ထောင် မိုးမခပင်မိစ္ဆာထံမှ ရရှိခဲ့သော ကျောက်စိမ်းတုံးကို ထုတ်ယူလိုက်ရာ ပြင်းထန်လှသော အသက်စွမ်းအား များ ချက်ချင်းပင် လျှံထွက်လာတော့သည်။

လီယန်ချူးသည် နောက်ထပ် စွမ်းအားရှိသော အစီရင်တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအစီရင်မှာ လုံဟူတောင်မှ ကျောက်နတ်ဆရာကြီး က သူ့ကို လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ အာနိသင်မှာ ရိုးရှင်းလှ၏။ ထူးခြားသော အငွေ့အသက်များကို ဖုံးကွယ်ရန် ဖြစ်သည်။ အဆင့်သုံး အောက်ရှိ အငွေ့အသက် အားလုံးကို ဖုံးကွယ်ထားနိုင်သည်။

အမှန်ပင်၊ တည်းခိုခန်း တစ်ခုလုံးတွင် မည်သည့် အသက်စွမ်းအား အငွေ့အသက်မျှ ထွက်ပေါ်မလာသော်လည်း လီယန်ချူး၏ အခန်းအတွင်းမှာမူ ထိုအသက်စွမ်းအားများမှာ မြူနှင်းများအသွင်ပင် ဖြစ်ပေါ်နေတော့သည်။

ထို့ပြင် စစ်မှန်သော သစ်သားစွမ်းအင်များလည်း စီးဆင်းလာ၏။ တစ်ချက်မျှ ရှူရှိုက်လိုက်ရုံဖြင့် လူကို သန်စွမ်းလန်းဆန်းသွားစေပြီး စိတ်ဝိညာဉ်ကို နိုးကြားသွားစေသည်။

လီယန်ချူးသည် စောစောက ထိုလျှို့ဝှက်တောင်တန်းတွင် စွမ်းအင်များစွာ အသုံးပြုခဲ့ရသည်။

အထူးသဖြင့် ထိုထိတ်လန့်ဖွယ် သွေးသားများက သူ၏ ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ရန် ကြိုးစားခဲ့သဖြင့် သူ၏ သွေးသားစွမ်းအားများဖြင့် ပြန်လည် တွန်းလှန်ခဲ့ရခြင်း ဖြစ်သည်။

သူ၏ ယန်ဓာတ် တစ်ချက် ပေါက်ကွဲထွက်ရန်အတွက်လည်း သွေးသားစွမ်းအားများစွာ ကုန်ဆုံးခဲ့ရသည်။

ယခုအခါ ထိုအသက်စွမ်းအားများကို ရှူရှိုက်လိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပြန်လည် နာလန်ထူလာတော့သည်။

“တကယ်ကို ကောင်းတဲ့ပစ္စည်းပဲ”

လီယန်ချူးက ပြုံးလိုက်သည်။ ကောင်းကင်ယံ အက်ကြောင်းနောက်က ဧရာမသတ္တဝါကြီး ဒေါသတကြီး ဖြစ်သွားသည့် ပုံစံကို တွေးမိရင်း ဤအရာမှာ အမှန်တကယ်ပင် တန်ဖိုးရှိကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။

လီယန်ချူးသည် ကျောက်စိမ်းတုံးကို ရှေ့တွင်ထားကာ ကျင့်စဉ်ကို လည်ပတ်လိုက်သည်။

သစ်သားစွမ်းအင် တစ်ခုမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း စီးဝင်သွား၏။ သူ၏ ခန္ဓာကိုယ်တွင်းရှိ တန်ခိုးစွမ်းအားများမှာလည်း စွမ်းအင်ပင်လယ် မှ စတင်ကာ တစ်ကိုယ်လုံးသို့ စီးဆင်းသွားတော့သည်။

လီယန်ချူးသည် တရားထိုင်ကာ ကျင့်ကြံနေ၏။

ဤ သစ်သားဓာတ် စွမ်းအင်မှာ ရွှေဓာတ် ၊ မီးဓာတ် ၊ ရေဓာတ် နှင့် မြေဓာတ် ဟူသော စွမ်းအင်လေးမျိုးနှင့် မတူဘဲ၊ ပြင်းထန်သော သက်စောင့်စွမ်းအားများ ပါရှိနေသည်။

၎င်းက သူ၏ ကိုယ်တွင်းအင်္ဂါ အစိတ်စိတ်အမြွှာမြွှာကို ပြန်လည် ပြုပြင်ပေးကာ ခန္ဓာကိုယ်ကို ရှင်သန်တက်ကြွမှု အပြည့် ပေးစွမ်းနေသည်။

မူလက လီယန်ချူး၏ ခန္ဓာကိုယ်မှာ မာကျောမှုအပေါ်တွင်သာ အခြေခံထားပြီး သာမန် ခံစစ်မှော်လက်နက်များနှင့်ပင် တူလှသည်။ ဓားမတိုး၊ သေနတ်မဖောက်၊ ရေမစို၊ မီးမလောင်သော်လည်း တစ်ကြိမ်တစ်ခါ ဒဏ်ရာရရှိခဲ့လျှင် ပြန်လည်ကောင်းမွန်ရန် အချိန်များစွာ ယူရလေ့ရှိသည်။

ယခု ထိုဝိညာဉ်စွမ်းအင်က သူ၏ ခန္ဓာကိုယ် ပြန်လည်ကုသနိုင်စွမ်း အားနည်းချက်ကို ဖြည့်ဆည်းပေးလိုက်ခြင်းပင်။

လီယန်ချူးသည် ပါရမီ အလွန်မြင့်မားသူ ဖြစ်သည်။ အထူးသဖြင့် မှော်အတတ်များကို လေ့လာရာတွင် သူ၏ နားလည်မှုမှာ အလွန်ပင် နက်ရှိုင်းလှသဖြင့် ထိုကျင့်စဉ်ကို ဖန်တီးခဲ့သော ပညာရှင်ကြီးများနှင့်ပင် ရင်ဘောင်တန်းနိုင်သည်။

သစ်သားဓာတ်ကို လျင်မြန်စွာပင် သန့်စင်ပြီးစီးသွား၏။ သူ၏ ခန္ဓာကိုယ်တွင်း၌ ရွှေ၊ အပြာ၊ အနီ၊ အနက်၊ အဝါ ဟူသော အရောင်ငါးမျိုး အလင်းတန်းများ ပေါ်ထွက်လာသည်။

ထိုငါးရောင်ခြည် အလင်းတန်းများသည် အစပိုင်းတွင် သူ၏ ကိုယ်တွင်းအင်္ဂါများထဲ၌သာ ရှိနေသော်လည်း တဖြည်းဖြည်းနှင့် တစ်ကိုယ်လုံးသို့ လှည့်ပတ် စီးဆင်းသွားတော့သည်။

လီယန်ချူး၏ ကျင့်ကြံမှုအဆင့်မှာ နောက်ထပ် အဆင့်တစ်ခုသို့ မြင့်တက်သွားရ၏။ ၎င်းက သူ၏ ခန္ဓာကိုယ်ကို တိုးတက်စေရုံသာမက ထူးဆန်းသော မျှခြေတစ်ခုကိုလည်း ရရှိစေပြီး သူ၏ ဝိညာဉ် ကို ပြန်လည် အားဖြည့်ပေးလိုက်သည်။

လီယန်ချူး၏ ဝိညာဉ်အတွင်း၌ အလင်းတန်းများ တဖိတ်ဖိတ် တောက်နေပြီး ယန်ဓာတ်အစအနလေးမှာလည်း တဖြည်းဖြည်း ကြီးထွားလာတော့သည်။

ဒုတိယအဆင့် ကျင့်ကြံသူများသည် ယင်ဝိညာဥ်အဆင့်သာ ရှိသေးသော်လည်း၊ ယန်ဝိညာဥ် ကို စုစည်းနိုင်လျှင် ဝိညာဉ်တစ်ခုလုံး အောင်မြင်သွားပြီ ဖြစ်ကာ ယန်ဓာတ်များ ပြည့်ဝသွားပြီး ကောင်းကင်လေနှင့် မြေကြီးမီး တို့ကိုပင် မကြောက်တော့ပေ။

ယန်ဝိညာဥ် အဆင့် ပညာရှင်များသည် သက်တမ်း ၅၀၀ ခန့် ရှိကြသည်။ ထိုသက်တမ်းမှာ အစောပိုင်း၊ အလယ်ပိုင်း သို့မဟုတ် နောက်ဆုံးအဆင့်တွင် ဖြစ်စေ အတူတူပင် ဖြစ်သည်။

နှစ် ၅၀၀ ဆိုသည်မှာ အကန့်အသတ် ပင်။ သို့သော် အသက်ရှည်စေသော ရတနာများ ရှာတွေ့ခဲ့လျှင်တော့ ဆက်လက် ရှင်သန်နိုင်ပေသည်။

လီယန်ချူး၏ ခန္ဓာကိုယ်တွင်းရှိ ဓာတ်ငါးပါး စွမ်းအင်များမှာ မရပ်မနား လည်ပတ်နေ၏။ ထိုမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်အတွင်း၌ တောင်တန်းများ၊ မြစ်ချောင်းများ ရှိနေသကဲ့သို့ အလွန်တရာ ကျယ်ပြောလှသည်ကို မြင်တွေ့လိုက်ရသည်။

တာအိုကျင့်စဉ်မှာ ရုပ်နှင့်နာမ် ကို ကျင့်ကြံခြင်းဖြစ်ပြီး၊ လူသား၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို မရပ်မနား ဖော်ထုတ်ပေးနေခြင်းပင်။

လီယန်ချူးသည် ယခုအခါ အလွန်ပင် ဆန်းကြယ်နက်ရှိုင်းလှသော အဆင့်တစ်ခုသို့ စတင်ခြေချလိုက်ပြီ ဖြစ်တော့သည်။

အခန်း (၆၅၂) - အရှိန်အဟုန်ပြင်းစွာ ချီတက်ခြင်း ၊ထူထဲနက်ရှိုင်းသော အခြေခံအုတ်မြစ် ၊ ကျယ်ပြောလှသော ဝိညာဉ် ၊ တာအိုနိမိတ်

လီယန်ချူးသည် မူလဓာတ်ငါးပါး ကို သန့်စင်ရုံတင်မကဘဲ၊ ဤအခွင့်အရေးကို အသုံးချကာ ယန်ဝိညာဉ် အဆင့်သို့ တစ်ဟုန်ထိုး တက်လှမ်းရန် မျှော်လင့်ထားသည်။ အကယ်၍ နတ်ဆရာကြီး သာ ထိုနေရာတွင် ရှိနေခဲ့လျှင် စိတ်စောပြီး အတင်းအကျပ် မလုပ်ရန် သူ့ကို သေချာပေါက် တားမြစ်မိပေလိမ့်မည်။

'ဓာတ်ငါးပါး စုစည်းခြင်း ကျင့်စဉ်သည် ယန်ဝိညာဉ်အဆင့်သို့ တက်လှမ်းရာတွင် အောင်မြင်မှုနှုန်းကို မြှင့်တင်ပေးနိုင်သည်မှာ မှန်သော်လည်း သေချာပေါက် အောင်မြင်မည်ဟုတော့ အာမမခံနိုင်ပေ။ အကယ်၍ အဆင့်တက်လှမ်းရာတွင် မအောင်မြင်ခဲ့ပါက ကျင့်ကြံမှုအဆင့် ပြန်လည်ကျဆင်းသွားနိုင်သည့် အန္တရာယ်လည်း ရှိနေပါသည်။

လီယန်ချူးအနေဖြင့် ယခုအချိန်တွင် အကောင်းဆုံးလုပ်ဆောင်သင့်သည်မှာ ဦးစွာ သစ်သားစွမ်းအင်ကို အပြည့်အဝ သန့်စင်ပြီးနောက်၊ ဓာတ်ငါးပါ စုစည်းခြင်း လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုကာ အဆင့်ကို တဖြည်းဖြည်း တည်ငြိမ်အောင် လုပ်ဆောင်ပြီးမှသာ ယန်ဝိညာဉ်အဆင့်သို့ တက်လှမ်းရန် ဖြစ်သည်။

သို့သော် သူသည် ပထမဆုံးအကြိမ်အဖြစ် မူလဝိညာဉ်စွမ်းအင် ငါးမျိုးစလုံးကို တစ်ပြိုင်နက်တည်း သန့်စင်ခွင့်ရခြင်းနှင့် မိမိခန္ဓာကိုယ်တွင်းရှိ ကမ္ဘာငယ်လေးကို မြင်တွေ့လိုက်ရခြင်းတို့ကြောင့် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ဘဲ အရှိန်အဟုန်ပြင်းစွာဖြင့် အဆင့်တက်ရန် ကြိုးစားလိုက်တော့သည်။

လျှို့ဝှက်ကျင့်စဉ်မှာ အဆက်မပြတ် လည်ပတ်နေပြီး သူ၏ ဝိညာဉ် မှာလည်း မရပ်မနား ကြီးထွားလာနေသည်။ လီယန်ချူးသည် မသိစိတ်ဖြင့်ပင် ဝိညာဉ်ခန္ဓာပြင်ပထွက်ခြင်း အတတ်ကို အသုံးပြုလိုက်မိ၏။

သူ၏ ဝိညာဉ်သည် သူ၏ရှေ့မှောက်သို့ ထွက်ပေါ်လာပြီး၊ သူ့နည်းတူပင် တရားထိုင်ကာ ထိုင်နေလေသည်။ ဝိညာဉ်နှင့် ရုပ်ခန္ဓာ နှစ်ခုစလုံးသည် တရားထိုင်နေကြသော်လည်း ဝိညာဉ်မှာမူ ဟင်းလင်းပြင်ထဲ၌ လေဟာနယ်တွင် ထိုင်နေခြင်း ဖြစ်သည်။

မူလဓာတ်ငါးပါးမှာ မရပ်မနား လည်ပတ်နေပြီး၊ ယန်ဝိညာဉ်အဆင့်သို့ တက်လှမ်းရာတွင် အခက်ခဲဆုံးဟု ဆိုရမည့် အတားအဆီးကို လီယန်ချူးသည် အလွန်ပင် လွယ်ကူစွာ ဖြတ်ကျော်နိုင်ခဲ့သည်။ ပါရမီရှင်များစွာပင် ဤအဆင့်တွင် ပိတ်မိနေတတ်ကြသည်ကို သတိပြုရပါမည်။

လီယန်ချူးသည် ဓာတ်ငါးပါး စုစည်းခြင်း ကျင့်စဉ်ကို ကျင့်ကြံထားသူ ဖြစ်လင့်ကစား ဤမျှ လွယ်ကူနေခြင်းမှာ မဖြစ်သင့်သောအရာပင်။

အဓိကအချက်မှာ လီယန်ချူး၏ ကိုယ်ပိုင်အခြေခံအုတ်မြစ် မှာ အလွန်ပင် ထူထဲနက်ရှိုင်းလှခြင်းကြောင့် ဖြစ်သည်။

သူသည် ကျင့်ကြံမှု နိမ့်ပါးသည့် စတင်ခြင်းအဆင့်ကတည်းက မိုးကြိုးငါးပါးအဆောင်နှင့် လင်ကွမ်း ဖိတ်ခေါ်အဆောင်တို့ကို အမြဲတစေ စိတ်ကူးပုံဖော်ကာ မိမိကိုယ်ပေါ်၌ ဆောင်ထားခဲ့သူ ဖြစ်သည်။

ထို့ကြောင့် သူ၏ ဝိညာဉ်အတွင်း၌ ယန်ဓာတ် များမှာ ကာလကြာရှည်စွာ စိမ့်ဝင်နေခဲ့ပြီး ဖြစ်သည်။ နောက်ပိုင်းတွင် ထိုအဆောင်နှစ်ခုလုံး၏ စွမ်းအားမှာ ပိုမိုကြီးမားလာသည်နှင့်အမျှ သူ၏ကိုယ်ပေါ်၌ ယန်ဓာတ်များ ပိုမိုစိမ့်ဝင်လာကာ အလွန်တရာ အားကောင်းလှသော အခြေခံအုတ်မြစ်ကို တည်ဆောက်ထားနိုင်ခဲ့ခြင်းပင်။

“တစ်ချက်တည်းနဲ့ အောင်မြင်အောင် လုပ်နိုင်ဖို့ မျှော်လင့်ချက်ရှိတယ်”

လီယန်ချူး၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာသည်။

ထိုအချိန်မှာပင် ကောင်းကင်နှင့် မြေကြီးကြားရှိ မမြင်ရသော ကြီးမားလှသည့် သံခြေကျင်း တစ်ခုက သူ့ကို လွှမ်းခြုံလာသလို သူ ခံစားလိုက်ရသည်။ ဧရာမ လက်ကြီးတစ်ဖက်က သူ့ကိုယ်ပေါ်သို့ ဖိချထားသကဲ့သို့ပင်။ ၎င်းက သူ၏ ကျင့်ကြံမှုအဆင့်ကို ထပ်မံမြင့်တက်မလာစေရန် တားဆီးနေခြင်း ဖြစ်သည်။

“ဒါက လောကကြီးရဲ့ အကန့်အသတ် လား”

လီယန်ချူး စိတ်ထဲမှ ရေရွတ်လိုက်သည်။

သူ့အတွက်မူ ၎င်းမှာ မမြင်ရသော အတားအဆီးတစ်ခု ဖြစ်နေပြီး၊ သူ၏ ဝိညာဉ်မှာ အမြင့်တစ်ခု၌ ပိတ်မိနေသကဲ့သို့ပင်။ သူသည် စွမ်းအင်များကို မည်မျှပင် လည်ပတ်စေကာမူ ထပ်မံ မြင့်တက်မလာနိုင်တော့ပေ။ နှစ်ပေါင်းများစွာအတွင်း ဒုတိယအဆင့်၏ အထွက်အထိပ်သို့ ရောက်နေသော ကျင့်ကြံသူများကို ပိတ်လှောင်ထားသည့် ဤအကန့်အသတ်မှာ ထင်သလောက် လွယ်ကူစွာ ကျော်ဖြတ်နိုင်သောအရာ မဟုတ်ပေ။

သို့သော် လီယန်ချူး၏ ဝိညာဉ်အတွင်းမှ ခရမ်းရွှေရောင်ဓာတ် တစ်ခု ပေါက်ကွဲထွက်လာပြီး၊ ဆန်းကြယ်လှသော စာသားများမှာလည်း ဝိညာဉ်ကို ရစ်ပတ်ကာ စီးဆင်းလာတော့သည်။ ခရမ်းရွှေရောင်ဓာတ်မှာ ကျန်းထင်ရှန်း နတ်မြေမှ မာနတ်ဘုရား ၏ လက်ဆောင်ဖြစ်ပြီး၊ မီးနတ်ဘုရား ကျမ်းစာ မှာမူ ချင်းယွဲ့ထန် နတ်မြေမှ ရရှိခဲ့သော အမွေအနှစ် ဖြစ်သည်။

ဤနတ်ဘုရား အမွေအနှစ်များ၏ အကြီးမားဆုံး အာနိသင်မှာ ယခုကဲ့သို့ အချိန်မျိုးတွင် လောကကြီး၏ အကန့်အသတ် ကို ချိုးဖျက်နိုင်ရန် ကူညီပေးခြင်းပင် ဖြစ်သည်။

ခလွမ်း

သူ၏ နားထဲတွင် ကောင်းကင်ပြိုကျမတတ် ပြင်းထန်သော အသံကြီးတစ်သံ မြည်ဟီး သွားသည်။ မိုးကြိုးများ ပေါက်ကွဲထွက်ပြီး မိုးကြိုးရေကန်ကြီး ပြန်လည်နိုးထလာသကဲ့သို့ပင်။

ဝုန်း

ဂယက် ဂယက်

လီယန်ချူး၏ နားထဲတွင် အသံကြီးများ မရပ်မနား မြည်ဟည်းနေသော်လည်း၊ တည်းခိုခန်း တစ်ခုလုံးမှာမူ လေငြိမ်သက်နေပြီး မည်သည့် အသံမျှ ထွက်ပေါ်မလာပေ။ လီယန်ချူး၏ အခန်းအတွင်း၌ပင် မည်သည့် လှုပ်ရှားမှုမျှ မရှိဘဲ ထိုအသံကြီးများမှာ သူ၏ ဝိညာဉ်ကို တိုက်ရိုက် ထိတွေ့နေခြင်းသာ ဖြစ်သည်။

လီယန်ချူး၏ ဝိညာဉ်မှာ တရားထိုင်နေသည့် ပုံစံအတိုင်းပင် ရှိနေသော်လည်း တစ်ခဏအတွင်းမှာပင် အလွန်တရာ မြင့်မားကြီးမားလာကာ တည်းခိုခန်း တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ ကျောက်နတ်ဆရာကြီး ပေးထားသော အငွေ့အသက်ဖုံးကွယ်သည့် အစီရင်မှာပင် ယခုအခါ အသုံးမဝင်တော့ပေ။

ပြင်းထန်လှသော အရှိန်အဝါတစ်ခုသည် တည်းခိုခန်းအတွင်းမှ အပြင်သို့ လျှံထွက်သွားတော့သည်။

တစ်ခဏအတွင်းမှာပင် ခရိုင်မြို့တော် အတွင်းရှိ ကျွမ်းကျင်ပညာရှင် အားလုံးမှာ ထိုစွမ်းအားကို ခံစားလိုက်ရသည်။

“ဒါ ဘာဖြစ်တာလဲ”

မြို့တော်ရှိ ဗုဒ္ဓဘာသာ၏ ထိပ်တန်းပညာရှင် ထျန်းလုံ ရဟန္တာ သည် အံ့ဩတကြီးဖြင့် အဝေးသို့ လှမ်းကြည့်လိုက်သည်။ ဤမျှ ကျယ်ပြောလှသော အရှိန်အဝါမျိုး...

သူ၏ကိုယ်ပေါ်တွင် ဗုဒ္ဓအလင်းတန်းများ တဖိတ်ဖိတ် တောက်လာကာ မြို့ပြင်သို့ တစ်ဟုန်ထိုး ပြေးထွက်သွားတော့သည်။

ကောင်းကင်ယံ၌ ငါးရောင်ခြည် မြူတိမ်များ သည် မြို့ထဲရှိ နေရာတစ်ခု၏ အထက်တည့်တည့်၌ လွှမ်းခြုံနေလေသည်။

“ဒါက တစ်စုံတစ်ယောက်က အကန့်အသတ် ကို ချိုးဖျက်ပြီး ယန်ဝိညာဉ် ကို စုစည်းနေတာလား”

ထျန်းလုံရဟန္တာက အံ့ဩတကြီး ရေရွတ်လိုက်သည်။ သူသည် ကိုယ်ဟန်ကို ပြောင်းလိုက်ပြီး ငါးရောင်ခြည် မြူတိမ်များ ရှိရာသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။

တစ်ချိန်တည်းမှာပင် မြို့တော်အတွင်းရှိ ကျင့်ကြံသူ အားလုံးမှာလည်း ငါးရောင်ခြည် မြူတိမ်များရှိရာသို့ တပြိုင်နက်တည်း အပြေးအလွှား သွားကြကုန်သည်။

ထိုအထဲတွင် မြို့တော်ရှိ ကျိန်းယွမ် နတ်ကွန်းမှ ဝမ်နတ်ဆရာကြီး ရော၊ လောကအနှံ့ လှည့်လည်နေသော ကျင့်ကြံသူများပါ ပါဝင်ကြသည်။ အားလုံးသည် တည်းခိုခန်းရှိရာသို့ ဦးတည်နေကြ၏။

လီယန်ချူး၏ ဝိညာဉ်မှာ တဖြည်းဖြည်း ပိုမိုကြီးမားလာပြီး၊ သူ၏ ဦးခေါင်းထက်မှ ငါးရောင်ခြည် မြူတိမ်များမှာလည်း ပိုမို သိပ်သည်းလာသည်။

“ဓာတ်ငါးပါ စုစည်းခြင်း”

ဝမ်နတ်ဆရာကြီးက အံ့ဩတကြီး အော်ဟစ်လိုက်သည်။

“ဒါက သာမန် ယန်ဝိညာဉ်အဆင့် မဟုတ်ဘူး။ ငါတို့ တာအိုဂိုဏ်းက ပညာရှင်ကြီး တစ်ယောက်ပဲ ”

တတိယအဆင့် သို့ တက်လှမ်းသည့်အခါ လောကကြီး၏ ထူးခြားသော နိမိတ်များ သေချာပေါက် ပေါ်ထွက်လာလေ့ ရှိသည်။ သို့သော် လူတစ်ဦးချင်းစီ၏ နိမိတ်မှာ တူညီမှု မရှိကြပေ။ မှတ်တမ်းများအရ ဓာတ်ငါးပါး စုစည်းခြင်း နိမိတ်မှာ အဆင့်အမြင့်ဆုံးသော နိမိတ်များထဲမှ တစ်ခု ဖြစ်သည်။

ယခုခေတ်တွင် တာအိုလမ်းစဉ်များ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီး ယန်ဝိညာဉ်အဆင့် ပညာရှင်မှာ ရှားရှားပါးပါးသာ ရှိတော့သော်လည်း၊ ရှေးယခင် လောကကြီး၌ အကန့်အသတ်များ မရှိသေးစဉ်က ယန်ဝိညာဉ်အဆင့် ပညာရှင်များစွာ ရှိခဲ့ဖူးသည်။

ထို့ကြောင့် ရှေးဟောင်း အမွေအနှစ်များ ရှိသည့် ကျင့်ကြံရေး ဂိုဏ်းကြီးများတွင် ယန်ဝိညာဉ်အဆင့်နှင့် ပတ်သက်သည့် မှတ်တမ်းအချို့ ကျန်ရှိနေသေးခြင်း ဖြစ်သည်။

ဝမ်နတ်ဆရာကြီးသည် ယန်ဝိညာဉ်အဆင့် တက်လှမ်းခြင်း၏ ကွာခြားချက်များကို ကောင်းစွာ သိရှိထားသူ ဖြစ်သည်။ သူသည် ယန်ဝိညာဉ်အဆင့်သို့ တက်လှမ်းနေသည်ကို အနီးကပ် ကြည့်ရှုကာ တာအိုတရားများကို သိမြင်နိုင်ရန် အလျင်အမြန် သွားရောက်လိုက်သည်။

လီယန်ချူး၏ ဝိညာဉ်မှာ တစ်ခဏအတွင်းမှာပင် ပေရာချီ မြင့်မားသွားပြီး၊ ဦးခေါင်းထက်မှ ငါးရောင်ခြည် မြူတိမ်များနှင့် ဟန်ချက်ညီညီ ရှိနေကာ အလင်းတန်းများစွာ မြေပြင်ပေါ်သို့ ဖြာကျလာတော့သည်။

ထိုအလင်းတန်းများ လွှမ်းခြုံခြင်း ခံရသော သာမန်လူများမှာ ခန္ဓာကိုယ်မှာ ပေါ့ပါးသွားကာ ကျန်းမာသန်စွမ်းပြီး အားအင်များ ပြည့်ဝလာသလို ခံစားကြရသည်။ ငါးရောင်ခြည် မြူတိမ်များအတွင်းမှ ထူးကဲမွန်မြတ်လှသော အငွေ့အသက်များ မပြတ်တမ်း ကျဆင်းနေ၏။

ထျန်းလုံရဟန္တာ ရောက်ရှိလာသည့်အခါ အဝေးမှပင် ထိုလူငယ်တာအိုဆရာ ၏ ဝိညာဉ်ကို မြင်တွေ့လိုက်ရသည်။

“ဘယ်လောက်တောင် အားကောင်းတဲ့ ဝိညာဉ်လဲ ဒါက တတိယအဆင့်ရဲ့ စွမ်းအားလား”

ထျန်းလုံရဟန္တာသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိသည်။

တစ်ဖက်လူမှာ ဝိညာဉ်ကို တိုက်ခိုက်ရေးပုံစံ အဖြစ် ပြောင်းလဲထားခြင်း မဟုတ်ဘဲ၊ မိမိ၏ ဝိညာဉ်စစ်စစ်ကပင် ဤမျှအထိ အစွမ်းထက်နေခြင်း ဖြစ်သဖြင့် အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလှသည်။

“ဝမ်နတ်ဆရာကြီး၊ ခင်ဗျားလည်း ရောက်နေတာလား ”

ထျန်းလုံရဟန္တာသည် ဝမ်နတ်ဆရာကြီးကို မြင်သဖြင့် နှုတ်ဆက်လိုက်သည်။

“ထျန်းလုံ... ခင်ဗျားရော ဒီလူငယ် တာအိုဆရာလေးကို မြင်ဖူးသလား ”

ဝမ်နတ်ဆရာကြီးသည် လီယန်ချူး၏ ဝိညာဉ်ကို ကြည့်ရင်း အံ့ဩတကြီး မေးလိုက်သည်။

“တစ်ခါမှ မမြင်ဖူးဘူး။ ဒါက ငါတို့ တာအိုဂိုဏ်းက နုပျိုမှုကို ထိန်းသိမ်းထားနိုင်တဲ့ ပညာရှင်ကြီး တစ်ယောက်ယောက်ပဲ ဖြစ်ရမယ်။ ဒီခရိုင်မြို့တော်ထဲမှာပဲ အဆင့်တက်ဖို့ ရွေးချယ်လိုက်တာပဲ ”

ထျန်းလုံရဟန္တာက ခေါင်းခါရင်း ပြောသည်။

ထိုလူငယ် တာအိုဆရာလေးမှာ အလွန်ပင် ချောမောခန့်ညားပြီး အရှိန်အဝါမှာလည်း နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

သို့သော် သူတို့ သိထားသည်မှာ ဤမျှ စွမ်းအားကြီးသူသည် လူငယ်တစ်ဦး ဖြစ်ရန်မှာ လုံးဝ မဖြစ်နိုင်ဟုပင်။ သူတို့ သိကျွမ်းထားသူများထဲတွင် ဤကဲ့သို့သော ပုံစံရှိသူ မရှိသဖြင့် တစ်နေရာရာတွင် လူသူမသိ ကျင့်ကြံနေသည့် စီနီယာ ပညာရှင်ကြီးတစ်ဦးဟုသာ ထင်မှတ်နေကြသည်။

“ဝိညာဉ်ကို ဒီအဆင့်အထိ သိပ်သည်းအောင် လုပ်နိုင်တာ... တိုက်ခိုက်ရေးပုံစံအဖြစ် မပြောင်းလဲရင်တောင် အလွန်တရာ ကြီးမားတဲ့ စွမ်းအားတွေ ရှိနေမှာပဲ ”

ဝမ်နတ်ဆရာကြီးသည် လီယန်ချူး၏ ဝိညာဉ်ကို မနာလိုအားကျစိတ်ဖြင့် ကြည့်နေမိသည်။ လီယန်ချူး၏ ဝိညာဉ်ပတ်လည်တွင် ဆန်းကြယ်လှသော အငွေ့အသက်များကို သူတို့ ခံစားနေရသည်။

“ဒါက တာအိုနိမိတ် ပဲ ” ဝမ်နတ်ဆရာကြီးက အံ့ဩတကြီး အော်ဟစ်လိုက်သည်။

ယန်ဝိညာဉ် အဆင့်အချင်းချင်းကြားတွင်လည်း အားနည်းသူနှင့် အားကောင်းသူ ကွာခြားချက် ရှိပါသည်။

အဆင့်ကို အစောပိုင်း၊ အလယ်ပိုင်း၊ နောက်ဆုံးအဆင့် ဟူ၍ သုံးမျိုးခွဲခြားထားသော်လည်း ယန်ဝိညာဉ်အဆင့်သို့ စတင်ဝင်ရောက်စဉ်က အခြေခံအုတ်မြစ်နှင့် ပြသသည့် နိမိတ်များက ထိုသူသည် နောင်တစ်ချိန်တွင် မည်မျှအထိ ခရီးရောက်မည်ကို သက်သေပြနေခြင်း ဖြစ်သည်။

ပါရမီ သာမန်ရှိသူများသည် တစ်သက်လုံး ကြိုးစားမှ ယန်ဝိညာဉ်အဆင့်သို့ မနည်း တက်လှမ်းနိုင်ကြပြီး၊ ယန်ဝိညာဉ် အလယ်ပိုင်းအဆင့်သို့ပင် ထပ်မံ မတက်လှမ်းနိုင်ကြတော့ပေ။

သို့သော် အချို့သော ကျင့်ကြံသူများမှာ တတိယအဆင့်သို့ တက်လှမ်းသည့်အခါ အလွန်ပင် မွန်မြတ်လှသော လောကနိမိတ် များ ပေါ်ထွက်လာတတ်ကြသည်။

လီယန်ချူးကဲ့သို့ ဖြစ်ရပ်မျိုးမှာမူ အလွန်ပင် ရှားပါးလှပါသည်။ သူ၏ ကိုယ်ပတ်လည်တွင် ဆန်းကြယ်လှသော တာအိုနိမိတ် များ ဖြစ်ပေါ်နေသဖြင့် ဘေးမှ ကြည့်ရှုသူများပင် တာအိုတရားများကို သိမြင်နိုင်စွမ်း ရှိနေကြသည်။

ထို့ကြောင့် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။ သာမန် တည်းခိုခန်းလေးတစ်ခု၏ ပတ်ပတ်လည်တွင် ကျင့်ကြံသူ ရာနှင့်ချီ၍ စုဝေးရောက်ရှိလာကြသည်။

ချောမောခန့်ညားသော လူငယ် တာအိုဆရာလေး၏ ဝိညာဉ်သည် အလွန်တရာ ကြီးမားခန့်ညားလှပြီး၊ ဦးခေါင်းထက်တွင် ငါးရောင်ခြည် မြူတိမ်များ ရှိနေသည်။

ထိုကျင့်ကြံသူ အားလုံးမှာ ဤနေရာ၌ ငြိမ်သက်စွာ ထိုင်ကာ ထိုထူးခြားလှသော တာအိုနိမိတ် ကို ခံစားသိရှိရင်း အဆင့်တက်လှမ်းနိုင်ရန် အခွင့်အရေးကို အရယူနေကြတော့သည်။

၎င်းမှာ သူတို့ကဲ့သို့ ကျင့်ကြံသူများအတွက် အမှန်တကယ်ပင် ကြုံတောင့်ကြုံခဲလှသော ထူးမြတ်လှသည့် အခမ်းအနားကြီးတစ်ခုပင် ဖြစ်တော့သည်။

All Chapters