အခန်း (၉၃-၉၄)
Vol. 10 Ch. 93-94
အခန်း ၉၃:နယ်နိမိတ်ကို ဖြတ်ကျော်ရင် သေတဲ့အထိ တိုက်ပွဲဝင်ရလိမ့်မယ်...
"စူးချန်ကဲက... သူတော်စင်သားတော် ဖြစ်သွားတာလား..."
"သူက နတ်ဘုရားချဉ်းကပ်ခြင်းစေတီရဲ့ ထိပ်ဆုံးကို အသက်သုံးရှိုက်စာအတွင်း ရောက်သွားတာလား..."
အဖိုးအိုမှ သူမထံ ပေးပို့လိုက်သော သတင်းစကားကြောင့် လျှိုရူယန် လုံးဝကြောင်အမ်းသွားခဲ့လေသည်။ သူမသည် နတ်ဘုရားချဉ်းကပ်ခြင်းစေတီ၏ ပထမအထပ်နှင့် ဒုတိယအထပ်သို့ ရောက်ဖူးပြီး အခက်အခဲမှာ အဆပေါင်းများစွာ တိုးလာကြောင်း သိထားသည်။ ဤစမ်းသပ်မှုနေရာသည် သူမ၏အမြင်တွင် ထူးခြားမှု မရှိသော်လည်း အောက်ဘုံမှ ဂိုဏ်းများအတွက်မူ ထိုနေရာကို အစွမ်းထက်သည်ဟု မှတ်ယူနိုင်သည်။
အကယ်၍ သူသည် အသက်သုံးရှိုက်စာအတွင်း ထိပ်ဆုံးသို့ ရောက်သွားခဲ့လျှင်...
ထိုအရာက အဓိပ္ပာယ် တစ်ခုတည်းသာ ရှိနိုင်ပေမည်။
ဤသည်မှာ စူးချန်ကဲ၏စွမ်းအားသည် နတ်ဘုရားချဉ်းကပ်ခြင်း စေတီထက် များစွာ သာလွန်နေခြင်းပင်။
သို့ရာတွင် ထိုအရာက သူမကို အံ့အားသင့်စေဆုံး အရာ မဟုတ်ချေ။ လွန်ခဲ့သော တစ်လခန့်က စူးချန်ကဲသည် သတ္တမအထပ်ကို ကျော်ဖြတ်ရန် ကျရှုံးခဲ့လေ၏။
ဤမျှအချိန်တိုအတွင်း သူ၏စွမ်းအား မည်သို့ ဤမျှထိ ကြီးမားစွာ မြင့်တက်လာနိုင်သနည်းဟု သူမ တွေးလိုက်သည်။
"နေအုံး... တစ်လတောင် မပြည့်သေးဘူး ထင်တယ်..."
ထို့ပြင် လျှိုရူယန် ယုံကြည်ရန် ခက်ခဲသောအရာ နောက်တစ်ခု ရှိနေသေးသည်။ ယခုလေးတင်မှ သူတော်စင်သားတော် ဖြစ်လာသော စူးချန်ကဲသည် အဘယ်ကြောင့် ဤမျှထိ ကြီးမားသော အခွင့်အာဏာကို ပိုင်ဆိုင်ထားသနည်း။ အမိန့်တစ်ခုတည်းဖြင့် ထိုက်ချင်ဂိုဏ်း၏ မြင့်မြတ်အရှင်နယ်ပယ် ကျင့်ကြံသူများကို သူ့အတွက် ဤမျှအထိ လုပ်ဆောင်ရန် သူ မည်သို့ စွမ်းဆောင်နိုင်ခဲ့သနည်း။
ဝမ်ချီလန်စံအိမ်နှင့် အပြည့်အဝ စစ်ခင်းရမည် ဆိုလျှင်ပင် သူ့အတွက် ဤမျှထိ ပြတ်သားစွာ သတ်ဖြတ်ရန် ထိုက်ချင်ဂိုဏ်းသည် အမှန်တကယ်ကို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သလော....
စူးချန်ကဲသည် လီဖိုကျွင်းနှင့် ယွမ်ယန် ကုန်သည်ကြီးများအသင်းကို လှုပ်ရှားစေရန် ကြီးမားသော စျေးနှုန်းတစ်ခု ပေးချေခဲ့ရပြီး ကြီးမားသော မျက်နှာသာပေးမှုများကို အသုံးပြုခဲ့ရမည်ဟု သူမ အစပိုင်းတွင် တွေးထင်ခဲ့သည်။ သို့ရာတွင် နောက်ဆက်တွဲအနေဖြင့် ထိုက်ချင်ဂိုဏ်း၏ အလွန်အမင်း အစွမ်းထက်ပြီး မေးခွန်းထုတ်စရာ မလိုသော ပံ့ပိုးမှုများ လိုက်ပါလာလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ချေ။
ရိုးရိုးသားသား ပြောရလျှင် သူမကိုယ်တိုင် မျက်မြင်မတွေ့ခဲ့ရပါက စူးချန်ကဲသည် ဤအရာကို လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟု သူမ ယုံကြည်ခဲ့မည် မဟုတ်ချေ။
"ငါက သူ့အတွက် အဲ့ဒီလောက်ထိ အရေးပါတာလား..."
ဤအတွေးက လျှိုရူယန် ၏ စိတ်ထဲတွင် အလိုအလျောက် ထွက်ပေါ်လာခဲ့သည်။ သူမသည် ပတ်ဝန်းကျင်ရှိ နားကွဲမတတ်ကျယ်လောင်သော တိုက်ပွဲအော်ဟစ်သံများနှင့် စိတ်ဝိညာဉ် စွမ်းအားများ ရိုက်ခတ်သံများကို ကြည့်လိုက်သည်။ ဤသည်မှာ သူမကြောင့် စတင်ခဲ့သော တစ်ဖက်သတ် သတ်ဖြတ်မှုပင်။
သူမ၏နှလုံးသား နက်ရှိုင်းသောနေရာမှ နွေးထွေးမှုတစ်ခု လှိုင်းထလာခဲ့သည်။ ဤနှစ်များတလျှောက် သူမ ပျိုးထောင်လာခဲ့သော အရေးမပါသည့် စိတ်ပိုင်းဆိုင်ရာ အလေ့အကျင့်များနှင့် ပေါင်းစပ်လိုက်သောအခါ သူမသည် စူးချန်ကဲအပေါ် သဘောကျစိတ်များ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ဖြစ်ပေါ်လာခဲ့သည်။ ဤအရာက လျှိုရူယန်အား အလိုအလျောက် အံ့တင်းတင်းကြိတ်မိသွားစေခဲ့သည်။
အို ဘုရားရေ...
သူမသည် ထိုခံစားချက်ကို ယခုလေးတင် ဖိနှိပ်ထားနိုင်ခဲ့သော်လည်း ယခု၌မူ ထိုအရာက ပြန်ပေါ်လာသည်။
တစ်ချိန်တည်းတွင်...
"သတ်..."
ကျောက်ဝမ်ရှန်းနှင့် အကြီးအကဲချွီတို့ သေဆုံးပြီးနောက် ထိုက်ချင်ဂိုဏ်းမှ မြင့်မြတ်အရှင် အကြီးအကဲ၏ အေးစက်သော အမိန့်က နောက်တစ်ကြိမ် မြည်ဟီးလာပြီး တိတ်ဆိတ်မှုကို ချိုးဖျက်သွားခဲ့သည်။
"တစ်ယောက်မှ အရှင်မထားနဲ့..."
လီဖိုကျွင်းသည် ချက်ချင်းဆိုသလိုပင် သူ၏ ပုဆိန်ကြီးကို လွှဲယမ်းကာ အသံလွှင့်၍ အရေးတကြီး ပြောလိုက်သည်။
"ညီအစ်ကိုတို့... မြန်မြန် သတ်ကြစမ်း... သခင်လေးစူး နောက်ကို ငါတို့ လိုက်နိုင်မလိုက်နိုင်က ဒီအခွင့်အရေးအပေါ်မှာ လုံးဝမူတည်တယ်..."
သူ၏စကားများ အဆုံးသတ်သွားပြီးနောက် သူ၏နောက်သို့ လိုက်လာသော လူများ၏ မျက်လုံးများ ချက်ချင်းနီရဲသွားခဲ့သည်။ အထူးသဖြင့် ချင်းချိုးလျှို့ဝှက်နယ်မြေသို့ ရောက်ဖူးသူများသည် သူတို့၏ ဝှက်ဖဲများကို အသုံးပြုရန် မတုံ့ဆိုင်းခဲ့ကြချေ။
"ဟင်..."
"ဒီလူတွေက ဘာဖြစ်နေတာလဲ..."
ထိုက်ချင်ဂိုဏ်း၏ မြင့်မြတ်အရှင် သုံးဦးသည် လေထဲမှနေ၍ တိုက်ပွဲကို ကြီးကြပ်နေပြီး သူတို့၏ နတ်ဘုရားစိတ်အာရုံက တိုက်ပွဲမြေပြင် တစ်ခုလုံးကို လွှမ်းခြုံထားသည်။ ထွက်ပြေးရန် ကြိုးစားသော မည်သူ့ကိုမဆို ရက်စက်စွာ ဖျက်ဆီးပစ်ခဲ့သည်။ လီဖိုကျွင်းတို့အုပ်စု ရူးသွပ်စွာ သတ်ဖြတ်နေသည်ကို သူတို့ တိုက်ဆိုင်စွာ သတိပြုမိလိုက်ကြ၏။ လူတချို့သည် အနီးအနားတွင် ဝမ်ချီလန်စံအိမ်မှ လူများ မရှိတော့သည်ကို မြင်သောအခါ အလောင်းများကိုပင် ဒေါသတကြီး ခုတ်ထစ်နေကြသဖြင့် မြင့်မြတ်အရှင်များ ပို၍ပင် စိတ်ရှုပ်ထွေးသွားခဲ့ကြသည်။
ဝမ်ချီလန်စံအိမ်က သူတို့၏ မိသားစုတစ်ခုလုံးကို သတ်ပစ်ခဲ့ခြင်းလောဟု သူတို့ တွေးတောမိသွားသည်။
တိုက်ပွဲမြေပြင်၏ အစွန်အဖျားတွင် ဖုန်းဝူယင် သည် ထွက်ပြေးရန် ကြိုးစားပြီးနောက် မကြာမီ ပစ်ချခံလိုက်ရသော ပုံရိပ်များကို ကြည့်နေရင်း သူ ထပ်ပြီးမကူညီနိုင်တော့ကြောင်း သိလိုက်သည်။ သူသည် ကောင်းကင်ယံကို ကြည့်ရင်း သံသယ အရိပ်အယောင်တစ်ခုဖြင့် သူ၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။
"ထူးဆန်းတယ်..."
"ဝမ်ချီလန်စံအိမ်က လူတွေ ဘာလို့ ရောက်မလာသေးတာလဲ..."
"သူ့ရဲ့သား သေသွားတာကို... ကျောက်ရွှမ်ကျွင်း က တိတ်တိတ်လေး နေနိုင်မှာ မဟုတ်ဘူး..."
သို့ရာတွင် အသံတစ်သံက ဖုန်းဝူယင်၏ စိတ်ထဲတွင် မြည်ဟီးလာခဲ့သည်။
"သွားကြစို့... ဝမ်ချီလန်စံအိမ်က လူတွေ လာမှာ မဟုတ်ဘူး... ဦးလေး ဖုန်း... ဒီမျက်နှာသာပေးမှုကိုရဖို့ မလွယ်ကူပုံရတယ်... ကျေးဇူးပြုပြီး အဲ့ဒါကို ငါ့အတွက် စီစဉ်ပေးပါ... သူ့ကို ငါ တွေ့ချင်တယ်..."
ဤအရာကို ကြားသောအခါ ဖုန်းဝူယင်သည် သူ၏စိတ်ထဲမှ ရိုသေလေးစားသောအသံဖြင့် ချက်ချင်းပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ပါ သခင်မလေး..."
တစ်ချိန်တည်းတွင်...
မိုင် သုံးသောင်းအကွာရှိ ထိုက်ချင်နယ်မြေနှင့် ဝမ်ချီနယ်မြေကြား ဆုံမှတ်တွင်....
ပုံရိပ်ရာပေါင်းများစွာက ကြယ်ပျံများအလား လေထဲတွင် လွင့်မျောနေကြသည်။
သူတို့ အားလုံးသည် တစ်ထပ်တည်းတူညီသော ကြယ်ဖြူရောင်ဝတ်ရုံများကို ဝတ်ဆင်ထားပြီး သူတို့ထံမှ ဖြာထွက်နေသော ခမ်းနားသည့် စိတ်ဝိညာဉ်စွမ်းအားအရှိန်အဝါက လေနှင့်တိမ်များကို မွှေနှောက်သွားကာ မိုင်တစ်ရာပတ်လည်ရှိ လေထုကို အေးခဲသွားစေခဲ့သည်။
ထိုလူအုပ်စု၏ရှေ့ဆုံးတွင် ရပ်နေသူမှာ ကျောက်ဝမ်ရှန်းနှင့် အနည်းငယ် ဆင်တူသော မျက်နှာရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦး ဖြစ်သည်။ သူသည် တည်ငြိမ်သော အမူအရာနှင့် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါရှိပြီး သူ၏လက်များကို နောက်ပစ်ကာ မတ်တတ်ရပ်နေလေ၏။ သူ၏နံဘေးပတ်လည်တွင် မိုးကြိုးလှိုင်းများ ဝိုးတဝါးလင်းလက်နေပြီး သူ၏ ဝတ်ရုံများက လေမတိုက်ဘဲ လှုပ်ရှားနေကာ သူ၏ မျက်လုံးများထဲရှိ ဒေါသနှင့် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒမှာ ရုပ်လုံးပေါ်လာပြီး ပေါက်ကွဲထွက်တော့မည့်အလားပင်။ သူသည် ဝမ်ချီလန်စံအိမ်မှ ဒုတိယကောင်းကင်စံအိမ်၏ စံအိမ်သခင်ဖြစ်သော ကျောက်ရွှမ်ကျွင်းပင်။
"ရှန်းအာ... အဖေ့ကို ခဏလေးတောင် ဘာလို့ မစောင့်နိုင်ခဲ့ရတာလဲ..."
နာကျင်မှုနှင့်ဒေါသတို့က ကျောက်ရွှမ်ကျွင်း၏ မျက်လုံးများတွင် ရောယှက်နေခဲ့သည်။ သူ၏ လက်ကို ဝှေ့ယမ်းကာ သူ၏နောက်ရှိ ကျွမ်းကျင်သူ ရာပေါင်းများစွာကို ဦးဆောင်ပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ ဟွမ်ထျန်းမြို့ဆီသို့ အပြေးသွားရန် ဟန်ပြင်လိုက်သည်။
ထိုအချိန်မှာပင်...
ဝီ...
ရှေ့ရှိ ဟင်းလင်းပြင်တွင် လှိုင်းဂယက်တစ်ခု ပျံ့နှံ့သွားပြီး ပုံရိပ်တစ်ခုက တိတ်တဆိတ် ပေါ်လာကာ သူ၏ လမ်းကြောင်းကို တိုက်ရိုက် ပိတ်ဆို့ဟန့်တားလိုက်သည်။
ယခုရောက်ရှိလာသူ၏အရှိန်အဝါမှာ ပင်လယ်အလား နက်ရှိုင်းလှသည်။ သူသည် ဖိအား တစ်စုံတစ်ရာကို တမင်သက်သက် ထုတ်လွှတ်မထားသော်လည်း ကျောက်ရွှမ်ကျွင်း၏နောက်ရှိ ဂဏာမငြိမ်ဖြစ်နေသော အဖွဲ့မှာ ချက်ချင်း တိတ်ဆိတ်သွားပေ၏။ သူတို့အားလုံးက တပြိုင်နက်တည်း ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
"မဟာစံအိမ်သခင်ကို နှုတ်ဆက်ပါတယ်..."
ထို့နောက် အင်မော်တယ်အလား ကျက်သရေရှိသော အရှိန်အဝါရှိသည့် ခရမ်းရောင်ဝတ်ရုံဝတ် ဆံဖြူအဖိုးအိုတစ်ဦးက ဟင်းလင်းပြင်ထဲမှ ထွက်လာခဲ့သည်။
ကျောက်ရွှမ်ကျွင်းသည် တင်းကြပ်စွာ မျက်မှောင်ကြုတ်လိုက်ပြီး သားဖြစ်သူကို ဆုံးရှုံးရသည့် နာကျင်မှုနှင့် သူ၏ မြင့်တက်လာသော ဒေါသကို အတင်းအကြပ် ဖိနှိပ်လိုက်၏။ သူက တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုသည်။
"အစ်ကိုကြီး... ဘာလို့ ကျွန်တော့်ကို တားနေတာလဲ... ကျွန်တော့်ရဲ့သား သေဆုံးမှုအတွက် အမုန်းတရားက ပြေလည်လို့ မရနိုင်ဘူး... ဒီနေ့ ဟွမ်ထျန်းမြို့ကို ကျွန်တော် အပြတ်ရှင်းပစ်ပြီးတော့ ကျွန်တော့်ရဲ့သားကို သတ်တဲ့သူတွေကို အပိုင်းပိုင်း ဆွဲဖြဲပစ်ရမယ်..."
မဟာစံအိမ်သခင်၏ အမူအရာမှာ တည်ငြိမ်နေပြီး မည်သည့် စိတ်ခံစားမှုမျှ မပြသခဲ့ချေ။ သူက ဖြည်းညှင်းစွာ လက်မြှောက်လိုက်ရာ သူ၏လက်ချောင်းများကြားတွင် စိတ်ဝိညာဉ် စက္ကူ တစ်ရွက်ကို ကိုင်ဆောင်ထားသည်အား မြင်တွေ့ရသည်။ ထိုအရာမှာ သာမန်ဟု ထင်ရသော်လည်း သိမ်မွေ့သော တာအိုစည်းချက်တစ်ခု စီးဆင်းနေခဲ့သည်။
သူသည် ဘာမှထပ်မပြောဘဲ ထိုစိတ်ဝိညာဉ်စက္ကူကို ကျောက်ရွှမ်ကျွင်းထံသို့ ပေးလိုက်၏။
ကျောက်ရွှမ်ကျွင်း၏အကြည့်က စူးရှသွားခဲ့သည်။ စိတ်မရှည်မှုနှင့်သံသယ အရိပ်အယောင်တစ်ခုဖြင့် သူက စိတ်ဝိညာဉ်စက္ကူကို လက်ခံလိုက်သည်။
အဆုံးမရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပါဝင်နေပုံရသည့် စာကြောင်းအနည်းငယ်ပေါ်သို့ သူ၏မျက်လုံးများ ကျရောက်သွားသောအခါ သူ၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဥ်းမြောင်းသွားပြီး သူ့ကို ဝန်းရံနေသော ကြမ်းတမ်းသည့် အရှိန်အဝါမှာ အေးခဲတောင့်တင်းသွားခဲ့လေသည်။
စိတ်ဝိညာဉ်စက္ကူပေါ်ရှိ စာလုံးအနည်းငယ်သည် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လောက်သော အရှိန်အဝါတစ်ခုကို သယ်ဆောင်ထားပြီး သူ၏ စိတ်ကို ရိုက်ခတ်သွားသည့်အလားပင်။
【နယ်နိမိတ်ကို ဖြတ်ကျော်ရင် သေတဲ့အထိ တိုက်ပွဲဝင်ရလိမ့်မယ်...】
【ဂိုဏ်းကို အပြတ်ရှင်းမယ့် စစ်ပွဲက ဒီည စတင်မယ်...】
[ထိုက်ချင်ဂိုဏ်း ... ကျန်းရွှမ်ကျိ ...】
"ကျန်းရွှမ်ကျိ"၏လက်မှတ်တွင်ကျယ်ပြန့်သော နတ်ဘုရား စိတ်ဆန္ဒတစ်ခု ပါဝင်နေပြီး ထိုက်ချင် ဂိုဏ်းခေါင်းဆောင်၏အောက် ပထမနေရာတွင် ရှိသူက ဟင်းလင်းပြင်ကို ဖြတ်၍ သူ့ကို စိုက်ကြည့်နေပြီး အေးစက်သောအကြည့်က မိုင်တစ်သောင်း ဟင်းလင်းပြင်ကို ထိုးဖောက်လာသည့်အလားပင်။
ကျောက်ရွှမ်ကျွင်းသည် စိတ်ဝိညာဉ်စက္ကူကို အလွန်အမင်းအားစိုက်၍ ဆုပ်ကိုင်ထားသဖြင့် သူ၏လက်ဆစ်များ ဖြူရော်သွားပြီး သူ၏ လက်ခုံပေါ်ရှိ သွေးကြောများ ဖောင်းကြွလာခဲ့သည်။
သူ၏မျက်နှာပေါ်ရှိ ကြွက်သားများ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။ သူ၏စိတ်အတွင်းတွင် လောင်ကျွမ်းနေသော ဒေါသမှာ တိုတောင်းသော်လည်း တောင်တစ်လုံးအလား လေးလံသော သတိပေးချက်ကြောင့် အတင်းအကြပ် ဖိနှိပ်ခံလိုက်ရလေ၏။ ကျေနပ်မှုမရှိခြင်းနှင့် အရှက်ရမှုတို့သည် သူ၏ သွားများကြားမှ ညှစ်ထုတ်လိုက်သည့် တိုးညင်းသော ဟိန်းဟောက်သံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သူ့ကို နှစ်တစ်ရာတိုင်တိုင် ဖိနှိပ်ထားခဲ့သော သူ၏ပြိုင်ဘက် ကျန်းရွှမ်ကျိသည် မည်သည့်အချိန်မျှ အချည်းနှီး ခြိမ်းခြောက်မှုများ မပြုလုပ်ခဲ့ချေ။ အကယ်၍ သူ ယနေ့ နယ်နိမိတ်ကို ဖြတ်ကျော်ခဲ့ပါက ကျန်းရွှမ်ကျိသည် သေချာပေါက် ဆက်လက်လုပ်ဆောင်လိမ့်မည်ကို သူ သိထားသည်။ ထို့ပြင် သူ အမှန်တကယ်ကို ထိတ်လန့်တုန်လှုပ်သွားပေ၏။
အကယ်၍ စစ်ပွဲသာ အမှန်တကယ် ဖြစ်လာခဲ့ပါက ယခုအချိန်၌ အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ တွင် ယွမ်ရှန်းဂိုဏ်းကို ယှဉ်ပြိုင်နိုင်ပြီး နယ်မြေကို နှစ်တစ်ထောင်နီးပါး အုပ်ချုပ်ခဲ့သော ထိုက်ချင်ဂိုဏ်းကို ရင်ဆိုင်ရာတွင် ဝမ်ချီလန်စံအိမ် သည် သေချာပေါက် ရှုံးနိမ့်သွားပေလိမ့်မည်။
မဟာစံအိမ်သခင်သည် ကျောက်ရွှမ်ကျွင်း၏ အသွင်အပြင်ကို ကြည့်လိုက်ပြီးနောက် ဖြည်းညှင်းစွာ စကားပြောဆိုလာခဲ့ရာ သူ၏ အသံမှာ တိုးညှင်းပြီး တည်ကြည်လေးနက်နေပေ၏။
"ရွှမ်ကျွင်း... စိတ်အေးအေးထားပါ... ဒီကိစ္စကို... ဂရုတစိုက်နဲ့ ရေရှည်အစီအစဉ်ဆွဲဖို့ လိုအပ်တယ်... စိတ်ချပါ... ယွမ်ရှန်းဂိုဏ်းခေါင်းဆောင် က မနေ့ညက ငါ့ကို ဆက်သွယ်ခဲ့တယ်... လက်စားချေရမယ့်နေ့က သိပ်မဝေးတော့ပါဘူး... စိတ်မရှည်တာက အစီအစဉ်ကြီးတွေကို ပျက်စီးစေတယ်..."
ချက်ချင်းပင် မဟာစံအိမ်သခင်က ဟွမ်ထျန်းမြို့ဆီသို့ မော့ကြည့်လိုက်ပြီး သူ၏စိတ်နှလုံးသားထဲတွင် ရေရွတ်လိုက်၏။
"သူတော်စင်သားတော်လေး တစ်ယောက်အတွက် ထိုက်ချင်ဂိုဏ်းက ဒီလောက်အထိ လုပ်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး... သူတို့က အသက်ကြီးလာတာနဲ့အတူ ဆုတ်ယုတ်သွားတာ ဖြစ်ရမယ်... မဖွံ့ဖြိုးသေးတဲ့ ပါရမီရှင် တစ်ယောက်က အသုံးမကျဘူးဆိုတာ သူတို့ မသိကြဘူးလား..."
အခန်း ၉၄ : သူရဲကောင်း ရဲ့ ဒုက္ခရောက်နေတဲ့ မိန်းမလှလေးကို ကယ်တင်ဖို့ ကြိုးစားမှုက ကျရှုံးသွားတယ်... စိတ်ပျက်နေပြီလား...
ဟွမ်ထျန်းမြို့၏အပြင်ဘက်၌...
မြေပြင်ပေါ်တွင် အလောင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ အမွှေးတိုင်လောင်ကျွမ်းချိန်စာ တစ်ဝက်ခန့် မပြည့်မီ အချိန်အတွင်း ဝမ်ချီလန်စံအိမ်မှ အဖွဲ့ဝင် တစ်ရာကျော်လုံး သတ်ဖြတ်ခံလိုက်ရလေသည်။ အမှန်အားဖြင့် ဤမျှ လွှမ်းမိုးနိုင်သော စွမ်းအားကွာဟချက်နှင့်ဆိုလျှင် တိုက်ပွဲမှာ ပို၍ပင် မြန်မြန်ပြီးဆုံးသင့်သည်။ သို့ရာတွင် လူများသည် ချောင်ပိတ်မိနေပြီး သေချာပေါက် သေရမည်ကို သိသောအခါ သူတို့သည် ရူးသွပ်သွားကြပြီး ကျင့်ကြံသူများမှာ ပို၍ပင် ဆိုးရွားကြ၏။
ဤအချိန်၌ လေထဲတွင် ဦးဆောင်လာသော မြင့်မြတ်အရှင်နယ်ပယ် အလယ်အလတ်အဆင့်ရှိ အကြီးအကဲသည် လှုပ်ရှားလိုက်ပြီး အောက်သို့ ဆင်းသက်လာခဲ့သည်။
ဝင်နေသော နေလုံးကြီးက သွေးအလား နီမြန်းနေပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ယခုလေးတင်မှ ကြုံတွေ့ခဲ့ရသော မြေနေရာကို ပို၍ပင် အထီးကျန်ဆန်ပြီး လှပနေစေခဲ့သည်။
လေထဲတွင် မြင့်မြတ်အရှင်နယ်ပယ် အလယ်အလတ်အဆင့် အကြီးအကဲ ဖြစ်သော ထိုက်ချင်ဂိုဏ်း၏ မြင့်မြတ်အရှင်လင်းယဲ့က အနည်းငယ် လှုပ်ရှားလိုက်ပြီး လျှိုရူယန်၏ရှေ့သို့ သစ်ရွက်ကြွေတစ်ခုအလား လွင့်မျောလာခဲ့သည်။
သူ၏နံဘေးပတ်လည်ရှိ ထက်ရှသော ဓားစိတ်ဆန္ဒမှာ ဆုတ်ခွာသွားခဲ့ပြီဖြစ်ပြီး သူ၏မျက်လုံးများထဲရှိ အံ့အားသင့်ဖွယ်ကောင်းသော ကြီးကျယ်ခမ်းနားမှုများ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် သူသည် လျှိုရူယန် ကို ကြင်နာစွာ ကြည့်လိုက်ပြီး အတင်းအကြပ် လုပ်ယူထားသည့် တောင့်တင်းသော အပြုံးဖြင့် ပြောလိုက်သည်။
"ဂျူနီယာတူမလေးလျှို... ဒီက ကိစ္စက ပြီးသွားပါပြီ... ငါတို့နဲ့အတူ ဂိုဏ်းကို ပြန်လိုက်ခဲ့ရင် ဘယ်လိုလဲ... အဲ့ဒီလိုဆိုရင် လမ်းမှာ ဝမ်ချီလန်စံအိမ်က ဘာလှုပ်ရှားမှုပဲ လုပ်လုပ် ငါတို့ သူတို့ကို ကြောက်စရာ မလိုတော့ဘူး..."
သူ၏လေသံတွင် အကြီးအကဲ တစ်ဦး၏ ဩဇာလွှမ်းမိုးမှု အနည်းငယ်မျှ မပါဝင်ဘဲ မေးခွန်းထုတ်မှု အရိပ်အယောင်တစ်ခု ပါဝင်နေခဲ့လေ၏။
ရိုးရိုးသားသား ပြောရလျှင် လင်းယဲ့ ဤသို့ဖြစ်နေရခြင်း၏အကြောင်းအရင်းမှာ တောင်ထိပ်သခင် ရှစ်ဦးလုံးက ယဉ်ယဉ်ကျေးကျေးနေရန်နှင့် ထိုသို့မဟုတ်ပါက သူ ပြန်ရောက်သောအခါ ဒုက္ခရောက်မည်ဟု သူ့ကို သီးသန့်ပြောဆိုထားသောကြောင့်ပင်။ သူ၏တိုက်ရိုက် အထက်လူကြီးဖြစ်သော မြင့်မြတ်အရှင်ရွှမ်ကျိ ပင်လျှင် စကားပြောခဲ့ပြီဖြစ်ရာ သူ ဘာထပ်ပြောနိုင်မည်နည်း။
ဤသည်မှာ အမှန်တကယ်ကို ထိုမျှလောက် ကြီးကျယ်သော ကိစ္စလော...
သူ၏ဒေါသက တကယ်ပင် ထိုမျှလောက် ဆိုးရွားနေသလော...
လျှိုရူယန်က ခေါင်းမော့ကာ လင်းယဲ့ကို ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်ရှိ ရှားရှားပါးပါး ကြင်နာမှုက သူမကို အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။ တောင်အောက်ဆင်းရန် မနှစ်သက်သော စူးချန်ကဲထက် ထိုက်ချင်ဂိုဏ်း အကြောင်းကို သူမ များစွာပိုသိပြီး အပြင်ဘက်တွင် ဂိုဏ်း၏ သတ်ဖြတ်ခြင်း တာဝန်များကို မကြာခဏ ထမ်းဆောင်လေ့ရှိသော မြင့်မြတ်အရှင်လင်းယဲ့ အကြောင်းကို သူမ အစောကြီးကတည်းက ကြားဖူးခဲ့လေ၏။
သူသည် မည်သည့်အချိန်မျှ စိတ်အားထက်သန်သူ သို့မဟုတ် ပေါင်းသင်းရလွယ်ကူသူ တစ်ဦး မဟုတ်ခဲ့ချေ။
သူမက သူမ၏စိတ်ကို အလျင်အမြန် စုစည်းလိုက်ပြီး ရိုသေလေးစားစွာ ဦးညွှတ်လိုက်သည်။
"ဒီတစ်ကြိမ် ကျွန်မကို ကယ်တင်ပေးတဲ့အတွက် အကြီးအကဲလင်းကို ကျေးဇူးတင်ပါတယ်..."
"ဟား ဟား ဟား..."
မြင့်မြတ်အရှင် လင်းယဲ့က ကျယ်လောင်စွာ ရယ်မောလိုက်ရာ သူ၏အသံမှာ နက်ရှိုင်းနေခဲ့သည်။
"ဂျူနီယာ တူမလေး လျှို... ဘာလို့ ဒီလောက်ထိ အားနာနေရတာလဲ... ငါတို့က မိသားစုတွေပဲလေ... ကျေးဇူးတင်ဖို့ မလိုပါဘူး..."
သို့ရာတွင် သူသည် လျှိုရူယန် ကို ထပ်မကြည့်ဘဲ မနေနိုင်ခဲ့ချေ။ အစောပိုင်းက ဝမ်ချီလန်စံအိမ်မှ လူများကို ဖယ်ရှားရန် သူ အလုပ်များနေခဲ့ပြီး သူမကို အနီးကပ် အကဲမခတ်ခဲ့ရချေ။ ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ်ထက် မပိုပုံရသော ဤကောင်မလေးသည် အမှန်တကယ်ပင် ကောင်းကင်လှိုဏ်ဂူနယ်ပယ် အထွတ်အထိပ်အဆင့်၏ စွမ်းအားကို ပိုင်ဆိုင်ထားပေ၏။ ထိုအရာမှာ မယုံနိုင်လောက်အောင် နက်နဲသိမ်မွေ့ကြောင်း သူ ယခုချိန်မှသာ နားလည်သဘောပေါက်သွားခဲ့သည်။
သူတို့ထဲမှ မည်သူမျှ ရောက်မလာမီက သူမသည် အနည်းငယ်မျှ အကြောက်တရား မရှိဘဲ ရန်သူများစွာကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ပြီး တောင့်ခံနိုင်ခဲ့သည်ကို သူ မတွေးဘဲ မနေနိုင်ခဲ့ချေ။ သူမ၏ ပါရမီနှင့်သတ္တိ နှစ်ခုလုံးမှာ ထူးခြားပြီး သူမသည် အလွန်ယဉ်ကျေးလှပေ၏။ အချိန်တခဏကြာပြီးနောက် သူ အမှန်တကယ်ကို အနည်းငယ် စိတ်သက်သာရာ ရသွားသကဲ့သို့ ခံစားလိုက်ရသည်။
ချက်ချင်းပင် သူက နံဘေးရှိ လီဖိုကျွင်း ဆီသို့ အကြည့်လွှဲလိုက်ရာ သူ၏ အမူအရာမှာ သူ၏ ပုံမှန်အေးစက်မှုသို့ ပြန်လည်ရောက်ရှိသွားသော်လည်း သူ၏လေသံမှာ ယဉ်ကျေးနေဆဲပင်။ သူက လက်ကိုမြှောက်ကာ အနည်းငယ် ဦးညွှတ်လိုက်သည်။
"ဒီတစ်ကြိမ်မှာ တာအိုရောင်းရင်းတို့ အားလုံးရဲ့ အကူအညီအတွက် ငါ ကျေးဇူးတင်ပါတယ်..."
"အဟမ်း... အဟမ်း... ကျွန်တော် မဝံ့ရဲပါဘူး... ကျွန်တော် မဝံ့ရဲပါဘူး..."
လီဖိုကျွင်း က အလျင်အမြန် ရှေ့တိုးလာပြီး လက်များကို အကြိမ်ကြိမ် ဝှေ့ယမ်းကာ သူ၏မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခုကို ဖန်တီးထားသည်။
"ငါတို့ အားလုံးက မိသားစုတွေပါ... မိသားစုတွေပါ..."
ကွဲပြားသော အသွင်အပြင်များ ရှိသည့် သူ၏နောက်ရှိ ကျင့်ကြံသူလူအုပ်ကြီးကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။
"ဟုတ်ပါတယ်... ဟုတ်ပါတယ်..."
"ငါတို့ အားလုံးက ကိုယ့်လူတွေချည်းပါပဲ..."
'သူတို့အားလုံးက ဘယ်သူတွေလဲ...'
လင်းယဲ့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှ ထပ်မပြောတော့ဘဲ သူမ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြောင်း ရှင်းလင်းစွာ ပြသပြီး သူ၏စူးစမ်းလိုသော အကြည့်ကို လျှိုရူယန် ဆီသို့ ပြောင်းလိုက်၏။
"ကောင်းပါပြီ... အကြီးအကဲနဲ့အတူ ကျွန်မ လိုက်ခဲ့ပါ့မယ်..."
လျှိုရူယန်က ခေါင်းညိတ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူမ လိုအပ်သောအရာကို သူမ ရရှိပြီးပြီဖြစ်ရာ နောက်ဆုံး ကျင့်ကြံခြင်းအရှိန်မြှင့်တင်ရန်အတွက် ထိုက်ချင်ဂိုဏ်းသို့ ပြန်သွားရန် ရည်ရွယ်ထားသည်။ ထို့နောက် သူမ၏ဂျူနီယာညီမလေးနှစ်ဦးကို နှုတ်ဆက်ရပေမည်။
လင်းယဲ့က ခေါင်းညိတ်လိုက်သည်။ သူသည် အမြဲတစေ ပြတ်သားစွာ လုပ်ဆောင်တတ်သူပင်။ သူက အဝေးရှိ ဖုန်းဝူယင်ကို တစ်ချက်ကြည့်ကာခေါင်းညိတ်ပြလိုက်ပြီး လျှိုရူယန် နှင့်အတူ ထွက်ခွာရန် ဟန်ပြင်လိုက်၏။ သူသည် ယွမ်ယန် ကုန်သည်ကြီးများအသင်းအပေါ် မည်သည့်အချိန်မျှ အထင်အမြင်ကောင်း မရှိခဲ့ချေ။
အဝေးရှိ ဖုန်းဝူယင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ရုံသာဖြစ်ပြီး ဘာမှထပ်မပြောခဲ့ချေ။
"ဒီတစ်ကြိမ်မှာ ရှင်တို့အားလုံးရဲ့ အကူအညီ အတွက် ကျေးဇူးတင်ပါတယ်... ဘာပဲဖြစ်ဖြစ် ကျွန်မ လျှိုရူယန်က အဲ့ဒါကို မှတ်ထားပါ့မယ်..." လျှိုရူယန်က လူအုပ်ကြီးကို လက်ပူးဆုပ်ကာ ပြောဆိုလိုက်ပြီး နောက်သို့လှည့်ကာ ထိုက်ချင်ဂိုဏ်း၏ ပျံသန်းရေးသင်္ဘောပေါ်သို့ တက်သွားခဲ့သည်။
"သခင်မလေး လျှို... ဂရုစိုက်ပါ..."
လီဖိုကျွင်းက လက်ပူးဆုပ်လိုက်ပြီးနောက် သူ၏ ညီအစ်ကိုများကို အချက်ပြလိုက်ကာ အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ပို၍မှောင်မိုက်လာသော ညအမှောင်ထုထဲသို့ လျှင်မြန်စွာ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။
ဖုန်းဝူယင်က မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ ဗလာကျင်းသွားသော တိုက်ပွဲမြေပြင်ကို ကြည့်ကာ ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်ပြီး တီးတိုးရေရွတ်လိုက်၏။
"ဒီလောက် ကြီးမားတဲ့ အင်အားနဲ့ လာတာတောင် အလဟဿ ခရီးစဉ် ဖြစ်သွားသလိုပဲ..."
သူက ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းလိုက်ရာ သူ၏နောက်ရှိ ထူထပ်ပြီး တိတ်ဆိတ်နေသော အနက်ရောင်ဝတ်ရုံဝတ်အဖွဲ့မှာ သရဲတစ္ဆေများအလား ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
ထို့နောက်မှသာ သူက လက်များကို နောက်ပစ်ကာ ဖြည်းညှင်းစွာ လမ်းလျှောက်သွားခဲ့ပြီး လမ်းလျှောက်နေစဉ် တီးတိုးရေရွတ်လိုက်သည်.။
"သခင်မလေးက စူးချန်ကဲကို တွေ့ချင်တယ်ဆိုတော့... သူက အဲ့ဒီကောင်လေးကို ရွေးချယ်လိုက်တာလား..."
"ဖြစ်နိုင်ခြေ အရမ်းများတယ်..."
"စူးချန်ကဲကို ရွေးချယ်တာက ကောင်းပါတယ်... ယွမ်ရှန်းဂိုဏ်းရဲ့ အဲ့ဒီ နတ်ဘုရားသားတော် ထက် အများကြီး ပိုကောင်းတယ်... စူးချန်ကဲ သဘောတူမလားဆိုတာပဲ ငါ မသိတာ... သူ ငြင်းနိုင်လောက်တဲ့ အကြောင်းပြချက် မရှိဘူး မလား... သူ့အိမ်ရှေ့ကို ရောက်လာတဲ့ ပြိုင်ဘက်ကင်း အလှမယ်လေး... အဲ့ဒါက ယဲ့ မိသားစုရဲ့ မြတ်နိုးရတဲ့ ပုလဲရတနာလေး..ယွမ်ယန်နယ်မြေ ရဲ့ မိန်းမလှအဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးကလေ... ဘယ်သူက အဲ့ဒါကို ငြင်းနိုင်မှာလဲ..."
သူ၏အသံ တဖြည်းဖြည်း တိုးသွားသည်နှင့်အမျှ သူ၏ပုံရိပ်ကလည်း ညအမှောင်ယံထဲသို့ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။
လူတိုင်း ထွက်ခွာသွားပြီးနောက်...
အဝေးရှိ ရှေးဟောင်းသစ်ပင်တစ်ပင်၏ အရိပ်က တွန့်လိမ်သွားပြီး ပုံရိပ်တစ်ခုက ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
ထိုသူမှာ ယဲ့ရွှမ်ပင်။
သူ၏မျက်နှာသည် အနည်းငယ် သုန်မှုန်နေပြီး ရှင်းပြ၍မရနိုင်သော စိတ်အနှောင့်အယှက်ဖြစ်မှု တစ်ခုက သူ၏မျက်ခုံးနှစ်ခုကြားတွင် တွယ်ကပ်နေပေ၏။
လျှိုရူယန်၏ ဘေးကင်းမှုမှာ သူ ဆန္ဒရှိသောအရာ ဖြစ်သော်လည်း အကြောင်းပြချက် တစ်ခုခုကြောင့် သူ၏နှလုံးသားထဲတွင် ပျော်ရွှင်မှုကို မခံစားရဘဲ လေးလံထိုင်းမှိုင်းသော ခံစားချက်ကိုသာ ခံစားနေရသည်။
ဤသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း...
စူးချန်ကဲက မည်သည့်အချိန်က ထိုက်ချင် သူတော်စင်သားတော် ဖြစ်သွားသနည်း...
သူသည် ဤမျှထိ အံ့ဩစရာကောင်းသော စွမ်းအားကိုပင် ပိုင်ဆိုင်ထားသလော...
ထိုအချိန်လေးမှာပင် နောက်ပြောင်ချင်စိတ် အရိပ်အယောင်တစ်ခု ပါဝင်နေသော အမျိုးသမီးတစ်ဦး၏ အသံက သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
"ကျွတ် ကျွတ်... ရှောင်ယဲ့ ... ဒီစူးချန်ကဲက ရွှီယွီ ပြောသလို တကယ်ပဲ ထူးခြားပုံရတယ်... ထိုက်ချင်ဂိုဏ်းက သူတော်စင်သားတော် မခန့်အပ်တာ နှစ်တစ်ရာ ရှိပြီ... အဲ့ဒီ အခက်အခဲကို စိတ်ကူးကြည့်လို့ ရတယ်... ဒါပေမဲ့ သူက အချိန်တိုအတွင်းမှာ ဂိုဏ်းတစ်ခုလုံးရဲ့ အပြည့်အဝ ပံ့ပိုးမှုကို ရယူနိုင်ခဲ့တယ်... သူ့အတွက် ဝမ်ချီလန်စံအိမ်နဲ့ စစ်ခင်းဖို့တောင် ဝန်မလေးကြဘူး... ဒါကတင် သူ့ရဲ့ ထူးခြားတဲ့ သဘာဝကို ပြသနေတယ်..."
"ယွမ်ယန် ကုန်သည်ကြီးများအသင်းနဲ့ သူ့ကို အဲ့ဒီလောက် ပံ့ပိုးပေးနေတဲ့ လေလွင့်ကျင့်ကြံသူတွေ နဲ့ ပေါင်းစပ်လိုက်ရင်... မင်းရဲ့ ပြိုင်ဘက်က ငါတို့ မျှော်လင့်ထားတာထက် အများကြီး ပိုအစွမ်းထက်ပုံရတယ်..."
"အင်း..."
ယဲ့ရွှမ်၏အဖြေမှာ အလွန်အေးစက်နေပြီး မည်သည့်စိတ်ခံစားမှုမျှ မပြသခဲ့ချေ။
"ဘာလဲ... မင်း မပျော်ဘူးလား..."
အမျိုးသမီး၏အသံတွင် နောက်ပြောင်မှု အရိပ်အယောင်တစ်ခု ပါဝင်နေခဲ့လေ၏။
သို့ရာတွင် ယဲ့ရွှမ်က ခေါင်းခါယမ်းလိုက်ပြီး သူ၏ နှုတ်ခမ်းများတွင် မှေးမှိန်သော အကွေးတစ်ခု ရှိနေသည်။
"ဆရာက နောက်နေတာပဲ... သူ ဘေးကင်းလုံခြုံတဲ့အတွက် ကျွန်တော် ဝမ်းသာပါတယ်..."
"ဟီး ဟီး... ခေါင်းမာတဲ့ စကားတွေပဲ..."
အမျိုးသမီးက ခပ်အုပ်အုပ်ရယ်မောလိုက်ပြီး သူ့ကို အကြင်နာမဲ့စွာ ဖော်ထုတ်လိုက်သည်။
"မင်း ဂရုတစိုက် ပြင်ဆင်ထားတဲ့ သူရဲကောင်း ရဲ့ ဒုက္ခရောက်နေတဲ့ မိန်းမလှလေးကို ကယ်တင်ဖို့ ကြိုးစားမှုက ကျရှုံးသွားတယ်... မင်း စိတ်ပျက်နေပြီမလား..."
ဤအရာကို ကြားသောအခါ ယဲ့ရွှမ်၏ နှုတ်ခမ်းမဲ့ရွဲ့သွားကာ ပြောလိုက်သည်။
"ဆရာ... တကယ်လို့ ဆရာက ဒီလိုမျိုး စကားဆက်ပြောနေမယ်ဆိုရင် ကျွန်တော့်ရဲ့ နတ်ဘုရား အသိစိတ်ကို ကျွန်တော် ဖြတ်တောက်ပစ်မယ်..."
"ဟဲ ဟဲ... ငါ မှန်သွားတယ် မလား..."
"ဒါပေမဲ့ အဲ့ဒီအကြောင်း ပြောရရင်... သူနဲ့ စူးချန်ကဲရဲ့ ဆက်ဆံရေးက ရန်လိုတယ် ရင်းနှီးမှု မရှိဘူး တစ်နှစ်ပတ်လုံး သူ့ရဲ့ ဖိနှိပ်မှုကို ခံရတယ်... ပြီးတော့ စူးချန်ကဲရဲ့ မျက်လုံးထဲမှာ သူ့ရဲ့ ဂျူနီယာညီမလေးက အသုံးမကျဘူးလို့ မင်း တစ်ခါက ပြောခဲ့ဖူးတယ်မလား..."
"အဲ့ဒါကြောင့် မင်းက သူ့ကို ကယ်တင်ဖို့ ထိုက်ချင်ဂိုဏ်းကို သွားဖို့ ဆုံးဖြတ်ခဲ့တာမလား... အဲ့ဒါဆို ဒီမိန်းကလေးကို ကယ်ဖို့အတွက် သူက ဘာလို့ ဒီလောက်ထိ အများကြီး လုပ်ရတာလဲ..."
"ဒါက ရှင်းရှင်းလင်းလင်းကို မဟုတ်သေးဘူးလေ..."
ယဲ့ရွှမ်က တွေးတောနေရင်း ခေါင်းညိတ်လိုက်၏။
"ကျွန်တော် ဒါကို နားမလည်သေးဘူး... ဒါပေမဲ့ ဒီကိစ္စမှာ ပြဿနာတစ်ခုတော့ သေချာပေါက် ရှိရမယ်... သခင်မလေးလျှိုကို ကျွန်တော် တွေ့လိုက်တာနဲ့ အရာအားလုံး ရှင်းလင်းသွားပါလိမ့်မယ်..."