← Chapters

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း ၉၉:ပါးစပ်က မလိုချင်ဘူးလို့ ပြောနေပေမဲ့ ခန္ဓာကိုယ်ကတော့ တော်တော်လေး ရိုးသားနေတာပဲ...

ဤအရာကို သူမ တွေးမိလိုက်သည်နှင့် တစ်ပြိုင်နက် လျှိုရူယန်၏စိတ်ခံစားချက်များ ချက်ချင်းဆိုသလိုပင် ပို၍ငြိမ်သက်သွားခဲ့သည်။

စူးချန်ကဲက သူ၏နောက်ဆုံး ထမင်းလုပ်ကို စားပြီးနောက် တူကိုချထားသော လျှိုရူယန် ကို ကြည့်ကာ ပြောလိုက်သည်။

"အဲ့ဒါက ကောင်းကင်အဆင့် ဆေးလုံးတစ်လုံး သက်သက်ပါပဲ... နောက်ဆို အဲ့ဒီအတွက် မင်းရဲ့ အသက်အန္တရာယ်နဲ့ မစွန့်စားနဲ့တော့..."

"နားလည်ပါပြီ စီနီယာအစ်ကို..."

လျှိုရူယန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သော်လည်း သူမ၏စိတ်နှလုံးသားထဲတွင် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

'ပြောရတာ လွယ်တာပေါ့... ကောင်းကင်အဆင့် ဆေးလုံးတွေက အခုချိန်မှာ ဒီဧကရီအတွက် အရမ်းအရေးကြီးတယ်... အဲ့ဒါနဲ့ဆိုရင် ငါက အနည်းဆုံး ခက်ခဲတဲ့ ကျင့်ကြံခြင်း အချိန် ခြောက်လလောက်ကို သက်သာစေနိုင်တယ်...'

'ငါ့မှာ အရင်းအမြစ်တွေ လုံလုံလောက်လောက် ရှိရင် ဒီဧကရီက ဘာလို့ အသက်အန္တရာယ်နဲ့ စွန့်စားနေရမှာလဲ... နဝမတောင်ထိပ်မှာ ဒီနှစ်တွေ တလျှောက်လုံး နေလာတာတောင် စိတ်ဝိညာဉ် ကျောက်တုံးတစ်တုံးကိုတောင် ငါ မမြင်ဖူးခဲ့လို့ မဟုတ်ဘူးလား...'

'ထားလိုက်ပါတော့... ဒီဧကရီက ဒီကိစ္စတွေ အကြောင်း ထပ်မတွေးတော့ဘူး... ဒီလွန်ခဲ့တဲ့ တစ်လအတွင်းမှာတင် ငါ့အပေါ် နင့်ရဲ့ ကြင်နာမှုက ဒီနှစ်တွေတလျှောက်လုံးက ထောက်ပံ့ကြေးတွေအားလုံးကို ကျော်လွန်နေပါပြီ... အမှန်တကယ်တော့ ငါက နဝမတောင်ထိပ်က ခေါင်းဆောင်တပည့်တစ်ယောက်ရဲ့ အရင်းအမြစ်တွေကို ရနိုင်ရင်တောင်မှ အဲ့ဒါက လုံလောက်ဖို့ အများကြီး လိုသေးတယ်...'

ချက်ချင်းပင် ထုယိုယို၏တိုက်တွန်းမှုကြောင့် သူမလည်း သူမ၏တူကို ကောက်ကိုင်လိုက်သည်။ အမျိုးသမီးသုံးဦးသည် စားသောက်နေစဉ် အသေးအမွှား ကိစ္စများအကြောင်း စကားပြောဆိုခဲ့ကြသော်လည်း အများအားဖြင့် ထုယိုယိုကသာ စကားပြောနေခဲ့ခြင်း ဖြစ်လေ၏။ လျှိုရူယန်က တစ်ခါတစ်ရံသာ ဝင်ပြောပြီး နင်ဖူယောင်မှာ လုံးဝ စကားမပြောဘဲ သူမ သဘောတူသော ကိစ္စတစ်ခုခုကို ဆွေးနွေးသည့်အချိန်တိုင်း ခေါင်းညိတ်ရုံသာ ရှိလေသည်။

မကြာမီ လူတိုင်း စားသောက်ပြီးသွားခဲ့သည်။

နင်ဖူယောင်သည် ကျောက်စားပွဲပေါ်မှ ပန်းကန်အလွတ်များကို ရှင်းလင်းရန် မတ်တတ်ရပ်လိုက်ပြီး ထုယိုယိုက ထိုအရာများကို မီးဖိုချောင်သို့ ယူသွားရန် ကူညီပေးခဲ့သည်။

သူမတို့ ထွက်သွားပြီးနောက် လျှိုရူယန်က တစ်ခုခု လုပ်ရန် မတ်တတ်ရပ်တော့မည့် အချိန်လေးမှာပင်...

"ခဏနေအုံး..."

စူးချန်ကဲက လျှိုရူယန်ကို လှမ်းခေါ်လိုက်သည်။

"စီနီယာအစ်ကိုမှာ တခြား ညွှန်ကြားစရာတွေ ရှိသေးလို့လား..."

လျှိုရူယန်က သူမ၏ခေါင်းကို အနည်းငယ် ငုံ့ကာ ရိုသေလေးစားပြီး နာခံမှုရှိသော ကိုယ်ဟန်အနေအထားကို ယူဆောင်လိုက်သည်။

သူမ၏စကား မဆုံးမီမှာပင် သူမ၏ရှေ့ရှိ စားပွဲသည် တောက်ပသော အလင်းရောင်ဖြင့် ရုတ်တရက် လင်းလက်သွားခဲ့သည်။

မရေမတွက်နိုင်သော ရှားပါးဆေးလုံးများနှင့် တောက်ပနေသော စိတ်ဝိညာဉ် ကျောက်တုံးများက လေဟာနယ်ထဲမှ ထွက်ပေါ်လာခဲ့ပေ၏။ ထိုအရာများထဲတွင် ကြီးကျယ်ခမ်းနားသော အရှိန်အဝါများ ဖြာထွက်နေသည့် ကောင်းကင်အဆင့် စိတ်ဝိညာဉ်ပစ္စည်းများနှင့် မျက်စိကျိန်းလောက်အောင် တောက်ပသော နတ်ဘုရား အလင်းရောင်များ ဖြာထွက်နေသည့် ထူးဆန်းသော စိတ်ဝိညာဉ်သစ်သီးတချို့လည်း ပါဝင်သည်။ ကြွယ်ဝသော ဆေးဖက်ဝင်ရနံ့များနှင့် စိတ်ဝိညာဉ်စွမ်းအားများက လေထုထဲသို့ ချက်ချင်းပြည့်နှက်သွားခဲ့သည်။

"မင်းရဲ့ ကျင့်ကြံခြင်းအတွက် ဒါတွေကို ယူသွားလိုက်..."

စူးချန်ကဲက ကျောက်စရစ်ခဲ အနည်းငယ်ကို ပေါ့ပေါ့ပါးပါး ပစ်ချလိုက်သည့်အလား ဂရုမစိုက်သော အမူအရာဖြင့် ပြောလိုက်ပြီးနောက် ထပ်ဖြည့်ပြောလိုက်သည်။

"တကယ်လို့ မလုံလောက်သေးဘူးဆိုရင် အသင်္ချေကောင်းကင်ဘုံနန်းတော်ကို တိုက်ရိုက် သွားပြီး ထပ်ယူလိုက်ပါ... ဘာပံ့ပိုးမှုအမှတ်မှ မလိုပါဘူး... ငါ ယူခိုင်းတယ်လို့ပဲ ပြောလိုက်ပါ..."

သူ၏လေသံမှာ တည်ငြိမ်နေပြီး လှိုင်းဂယက် အနည်းငယ်မျှ မရှိချေ။ သာမန်ကျင့်ကြံသူများကို ရူးသွပ်သွားစေမည့် ထိုရတနာများကို သူ ကြည့်လိုက်သောအခါ သူ၏မျက်လုံးများတွင် နှမြောမှု အရိပ်အယောင် တစိုးတစိမျှ မရှိချေ။ ဤဆေးလုံးများက သူ၏လက်ရှိနယ်ပယ်အတွက် များစွာအသုံးမဝင်ချေ။ ထိုအရာများမှာ ချင်းချိုးလျှို့ဝှက်နယ်မြေအတွင်း၌ စေတနာပြသခဲ့သော ကျင့်ကြံသူတစ်ဦးက ကမ်းလှမ်းခဲ့သည့် အဖိုးတန် စုဆောင်းမှုများသာ ဖြစ်သည်။ စိတ်ဝိညာဉ် သစ်သီးများနှင့် ပတ်သက်၍မူ အပျက်အစီးနယ်မြေမှ သူ ရရှိခဲ့ပြီး ထိုအရာများမှာ ဆေးဖော်စပ်ခြင်းအတွက် ထိပ်တန်းအဆင့် ပစ္စည်းများ ဖြစ်သော်လည်း မြင့်မြတ်အရှင်နယ်ပယ်အောက်ရှိ ကျင့်ကြံသူများအတွက်သာ ထိရောက်မှု ရှိလေ၏။ သူ၏ကျင့်ကြံခြင်းက အလွန်လျှင်မြန်စွာ တိုးတက်သွားခဲ့ပြီး ထိုအရာများကို သန့်စင်ရန် အချိန်မရခဲ့သဖြင့် သူ၏ သိုလှောင်လက်စွပ်ထဲတွင် တောင်များအလား စုပုံနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

"..."

ဤစကားများကြောင့် လျှိုရူယန်သည် ချက်ချင်း ကြောင်အမ်းသွားခဲ့ပြီး စူးချန်ကဲကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူမက သူမကိုယ်သူမ ညွှန်ပြကာ ပြောလိုက်၏။

"ဒါတွေ... ဒါတွေ အားလုံးက ကျွန်မအတွက်လား..."

ထိုစကားကိုပြောပြီးနောက် သူမက စားပွဲပေါ်ရှိ အဖိုးတန် ဆေးလုံးများကို တစ်ချက်ကြည့်လိုက်ရာ ထိုဆေးလုံးများ၏တန်ဖိုးမှာ ဟွမ်ယန်ဆေးလုံးထက် အနည်းငယ်မျှ မနိမ့်ကျဘဲ အထူးသဖြင့် ထိုစိတ်ဝိညာဉ် သစ်သီးတချို့ပင်။ သူမ၏ယခင်ဘဝက သူမ၏ အစွမ်းထက်ဆုံး ကျွမ်းကျင်မှုမှာ ဆေးဖော်စပ်ခြင်းဖြစ်ပြီး ဤအရာများမှာ ဆေးဖော်စပ်ရန် ပါဝင်ပစ္စည်းများဖြစ်ကြောင်း သူမ တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ အကယ်၍ ထိုအရာများသာ သူမ၏လက်ထဲတွင် ရှိနေပါက ပို၍ပင် တန်ဖိုးရှိသော ထိပ်တန်းအဆင့် ဆေးလုံးများကို သူမ ဖော်စပ်နိုင်ပေလိမ့်မည်။

'ဒီလောက် အဖိုးတန်တဲ့ အရာတွေ အားလုံးက ငါ့အတွက်လား...'

'ပြီးတော့ ငါ လိုချင်တာ မှန်သမျှကို အသင်္ချေကောင်းကင်ဘုံနန်းတော်ကနေ ယူခွင့်ပြုမယ်လို့တောင် သူ ကတိပေးခဲ့တာလား...'

'ကောင်းကင်ဘုံ...'

'ဒါက အဲ့ဒီ ကပ်စေးနှဲတဲ့ ဝမ်းတွင်းမည်းစူး ဟုတ်သေးရဲ့လား... ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... '

သူမ တွေးတောလိုက်သည်။

"အင်း..."

စူးချန်ကဲက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်ရုံသာ ဖြစ်လေ၏။

သို့ရာတွင် အချိန်အတော်ကြာ အံ့အားသင့်ပြီးနောက် လျှိုရူယန်သည် တဖြည်းဖြည်း သတိပြန်ဝင်လာကာ သူမ၏ လှပသော မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှုမျိုးစုံဖြင့် ပြည့်နှက်နေခဲ့သည်။ စူးချန်ကဲက အဘယ်ကြောင့် ဤမျှထိ ပြောင်းလဲသွားပြီး သူမကို ရုတ်တရက် ဂရုစိုက်လာကာ သူမကို ကယ်တင်ပြီး ယခုချိန်၌ သူမကို ရတနာများစွာ ပေးနေရသနည်းဟု တွေးတောနေမိသည်။

သို့ရာတွင် စူးချန်ကဲက ဤသို့ ပြုမူလေလေ သူမက ထိုအရာများကို လက်ခံရန် ပို၍မဖြစ်နိုင်လေလေပင်။

စူးချန်ကဲ၏ ကြီးမားသော ကြင်နာမှုများစွာကို သူမ အကြွေးတင်နေပြီဟု ခံစားရပြီး ဤအတိုင်း ဆက်မသွားနိုင်တော့ချေ။ မည်သို့ပင်ဆိုစေ သူမသည် ဟွမ်ယန်ဆေးလုံးကို သန့်စင်ပြီးနောက် လူတိုင်းကို နှုတ်ဆက်ရန် ရည်ရွယ်ချက်ဖြင့် ပြန်လာခဲ့ခြင်း ဖြစ်သည်။ ကြီးမားသော မဟာရန်သူတစ်ဦး ချဉ်းကပ်လာနေသဖြင့် စူးချန်ကဲနှင့် မည်သည့် ပတ်သက်မှုမျှ ထပ်မလုပ်လိုတော့ချေ။ ဤသည်က သူ့ကို ထိခိုက်စေရုံသာ ရှိပေလိမ့်မည်။

ဤကောင်းကင်နှင့်မြေကြီးရတနာများက ယခုအချိန်၌ သူမအတွက် အလွန်အရေးကြီးသော်လည်း သူမ၏ကိုယ်ပိုင်မူဝါဒများကို သူမ မချိုးဖောက်နိုင်ချေ။

"စီနီယာအစ်ကို... ဘာမှ ပြန်မပေးဘဲ အကျိုးကျေးဇူးတွေကို ကျွန်မ လက်မခံနိုင်ပါဘူး... ဒီဂျူနီယာညီမလေးက ဒီရတနာတွေကို လက်မခံနိုင်ပါဘူး..."

လျှိုရူယန်၏လေသံမှာ အေးစက်နေပြီး သူမ ငြင်းဆိုလိုက်စဉ် သူမ၏အကြည့်မှာ ခိုင်မာနေကာ သူမ၏သွယ်လျသော လက်ချောင်းများက အလိုအလျောက် တင်းကြပ်သွားခဲ့သည်။

"မလိုချင်ဘူးလား..."

စူးချန်ကဲက မျက်ခုံးအနည်းငယ် ပင့်သွားပြီး ဖတ်ရခက်သော မှေးမှိန်သည့် အပြုံးတစ်ခုက သူ၏နှုတ်ခမ်းများပေါ်တွင် ဆော့ကစားနေခဲ့လေ၏။ သူက "မင်းမှာ ရွေးချယ်ခွင့် ရှိမှာ မဟုတ်ဘူး..." ဟု တွေးလိုက်သည်။

သူက ရုတ်တရက် လက်မြှောက်လိုက်ပြီး သူ၏ သွယ်လျသော လက်ချောင်းများက လျှိုရူယန် ကို တည့်တည့်ညွှန်ပြကာ ပြောလိုက်၏။

"ပါးစပ် ဟလိုက်..."

သူ၏ လေသံမှာ ဩဇာပါပြီး သံသယဖြစ်စရာ အခွင့်အရေး မပေးချေ။

နောက်တစ်စက္ကန့်တွင် မမြင်နိုင်သော စွမ်းအားတစ်ခုက သူမ၏နှုတ်ခမ်းများကို ညင်သာသော်လည်း ခုခံ၍မရနိုင်လောက်အောင် အတင်းအကြပ် ဖွင့်လိုက်သည်။

စိတ်အနှောင့်အယှက်ဖြစ်မှု အရိပ်အယောင်တစ်ခုက လျှိုရူယန်၏ မျက်ခုံးများတွင် ဖြတ်ပြေးသွားခဲ့သည်။ ဂုဏ်ကျက်သရေရှိသော နတ်ဘုရားဖီးနစ်ဧကရီအနေဖြင့် သူမ ဤကဲ့သို့ ဆက်ဆံခံရဖူးသည်မှာ မည်သည့်အချိန်ကနည်း ဟု တွေးမိလေ၏။

အစွမ်းထက်သော ရန်သူများကို ရင်ဆိုင်ရချိန်တွင်ပင် အခြားသူများ၏ကရုဏာအောက်တွင် သူမ ဤမျှထိ ရှိမနေခဲ့ဖူးချေ။

သူမက အလိုအလျောက် ရုန်းကန်ရန် ကြိုးစားလိုက်ရာ သူမ၏ စိတ်ဝိညာဉ် စွမ်းအားက သူမ၏ခန္ဓာကိုယ် နံဘေးပတ်လည်တွင် ဝိုးတဝါး တုန်ခါနေခဲ့သည်။

"စီ... စီနီယာအစ်ကို... ဘာလုပ်နေတာလဲ..."

"မဟုတ်ဘူး... မလုပ်နဲ့..."

သူမ၏စကား မဆုံးမီမှာပင် တောက်ပသော အလင်းရောင်ဖြင့် လင်းလက်နေသည့် ကောင်းကင်အဆင့်ဆေးလုံးတစ်လုံးကို စူးချန်ကဲက သွယ်လျသော လက်ချောင်းနှစ်ချောင်းဖြင့် ညှပ်ယူပြီး သူမ၏ပါးစပ်ထဲသို့ ညင်သာစွာ ထည့်ပေးလိုက်သည်။

"အွန်း..."

ဆေးလုံးသည် သူမ၏ပါးစပ်ထဲသို့ ဝင်သွားသည်နှင့် တပြိုင်နက် အရည်ပျော်သွားပြီး ကြွယ်ဝသော စိတ်ဝိညာဉ် စွမ်းအင်က သူမ၏ ခြေလက်များနှင့် အရိုးများတလျှောက် နွေးထွေးသော ရေစီးကြောင်းတစ်ခုအလား ချက်ချင်းစီးဆင်းသွားခဲ့သည်။

သူမ၏မရီဒါန်းများတွင် ညင်သာသော စွမ်းအားတစ်ခုဖြင့် ပြည့်နှက်သွားသည်ကို လျှိုရူယန်က ခံစားလိုက်ရလေသည်။ သူမ၏လျှို့ဝှက် နည်းစနစ်ကို အသုံးပြုခြင်းကြောင့် အနည်းငဟ် နာကျင်နေခဲ့သော ဒဏ်ရာများမှာ လျင်မြန်စွာ စတင်သက်သာလာပေ၏။ ထို့ပြင် အချိန်အတော်ကြာ တန့်နေခဲ့သော နယ်ပယ်အတားအဆီးပင်လျှင် လျော့ရဲလာမည့် လက္ခဏာများကို ပြသလာခဲ့သည်။

သူမ၏ ရုန်းကန်နေသော လှုပ်ရှားမှုများက တဖြည်းဖြည်း ရပ်တန့်သွားခဲ့လေ၏။။ သူမသည် ဤရုတ်တရက် အဆင့်ချိုးဖျက်ဝင်ရောက်မှု အခွင့်အရေးတွင် အလိုအလျောက် နစ်မြုပ်သွားခဲ့ပြီး သူက သူမ၏ နှုတ်ခမ်းများထဲသို့ နောက်ထပ် စိတ်ဝိညာဉ်သစ်သီးတစ်လုံးကို ထည့်ပေးရန် ခွင့်ပြုလိုက်သည်။

သူမကို အရှက်ရဆုံး ဖြစ်စေသောအရာမှာ သူမ၏စိတ်နှလုံးစား နက်ရှိုင်းသောနေရာမှ ပေါ်ထွက်လာသော ဖော်ပြ၍မရနိုင်သည့် ပျော်ရွှင်မှုနှင့် ကျေနပ်မှုခံစားချက်ပင်။ သူမ၏ ခန္ဓာကိုယ်သည် ဤလွှမ်းမိုးမှုရှိသော်လည်း ညင်သာသော အာဟာရဖြည့်တင်းမှုကို အညံ့ခံလိုက်ပြီ ဖြစ်သည့်အလားပင်။ သူမ၏ ပါးပြင်များသည် နေဝင်ချိန်အလား နီရဲနေပြီး မြေကြီးထဲ ဝင်ပုန်းရန် အက်ကွဲကြောင်းတစ်ခုကို ချက်ချင်း ရှာတွေ့ချင်စိတ် ပေါက်သွားခဲ့သည်။

"ပါးစပ်က မလိုချင်ဘူးလို့ ပြောနေပေမဲ့ ခန္ဓာကိုယ်ကတော့ တော်တော်လေး ရိုးသားနေတာပဲ..."

စူးချန်ကဲက ခပ်အုပ်အုပ်ရယ်မောလိုက်ပြီး သူ၏လက်ချောင်းများကို ပြန်ရုပ်သိမ်းလိုက်၏။ သူ၏အကြည့်က သူမ၏ အနည်းငယ် တုန်ရီနေသော မျက်တောင်များပေါ်သို့ ကျရောက်သွားခဲ့သည်။

အဆင့်ချိုးဖျက်ဝင်ရောက်မှု နီးကပ်လာပြီဖြစ်ကြောင်း ညွှန်ပြနေသည့် သူမ၏နံဘေးပတ်လည်ရှိ လှည့်ပတ်နေသော စိတ်ဝိညာဉ် စွမ်းအားများကို မြင်သောအခါ သူက တခဏမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် လက်လှမ်းကာ သူမ၏ သေးသွယ်သော ခါးလေးကို ပွေ့ဖက်လိုက်၏။

"..."

လျှိုရူယန် ၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး သူမ၏မျက်လုံးများ နက်ရှိုင်းရာရှိ အိပ်မောကျနေသော နတ်ဘုရားဖီးနစ်၏ ပုံရိပ်ယောင် ရုတ်တရက် နိုးထလာကာ ထိုအရာ၏အမွှေးများ ထောင်မတ်သွားခဲ့သည်။

ယခင်က မရှိဖူးသော တုန်ခါမှုတစ်ခုက သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းသွားခဲ့သည်။ သူမ၏ ယခင်ဘဝတွင်ရော ယခုဘဝတွင်ပါ မည်သည့် အမျိုးသားကမျှ သူမအနီးသို့ ဤမျှထိ နီးကပ်စွာ ချဉ်းကပ်ရန် မဝံ့ရဲခဲ့ဖူးချေ။ သူမ၏ခါးကို ပွေ့ဖက်ရန်ဆိုလျှင် ပို၍ပင် မဝံ့ရဲခဲ့ဖူးပေ။

သူမ ရုန်းထွက်မသွားနိုင်မီမှာပင် သူမ၏ မျက်စိရှေ့ရှိ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

စူးချန်ကဲက ခြေတစ်လှမ်း လှမ်းလိုက်ရာ ဟင်းလင်းပြင်က ရေအလား လှိုင်းထသွားခဲ့သည်။ သူတို့နှစ်ဦးလုံးသည် စိတ်ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်နေပြီး မွှေးကြိုင်သော စိတ်ဝိညာဉ်သစ်ပင်များဖြင့် ဝန်းရံထားကာ တိတ်ဆိတ်ပြီး သာယာငြိမ်းချမ်းသော အခန်းတစ်ခုအတွင်းသို့ ရောက်ရှိနေလေပြီ။

"ဒီနေရာမှာ အေးအေးဆေးဆေး အဆင့်ချိုးဖျက်ပါ..."

သူက တီးတိုးပြောလိုက်ပြီး သူမကို နူးညံ့သော ပိုးထည်များ ခင်းထားသည့် ကုတင်ပေါ်တွင် ညင်သာစွာ တင်ပေးလိုက်ကာ လှည့်ထွက်သွားခဲ့သည်။ သူ၏ဝတ်ရုံများသည် လူးလွန့်နေပေ၏။

ဤစကားကို ကြားပြီးနောက် လျှိုရူယန်သည် စူးချန်ကဲ၏ တည်ရှိနေခြင်းကို မခံစားနိုင်တော့ချေ။ သူမ၏မျက်လုံးထောင့်မှနေ၍ အခန်းထဲရှိ စားပွဲပေါ်မှ မျက်စိကျိန်းလောက်အောင် တောက်ပနေသော ဆေးလုံးများနှင့် စိတ်ဝိညာဉ် သစ်သီ များကို သူမ ရှင်းလင်းစွာ မြင်နိုင်ပြီး သူမ၏စိတ်နှလုံးသား တုန်ရီသွားခဲ့သည်။ ရှုပ်ထွေးသော စိတ်ခံစားမှုမျိုးစုံက သူမ၏စိတ်အတွင်းတွင် လှိုင်းထလာခဲ့သော်လည်း အဆင့်ချိုးဖျက်ဝင်ရောက်မှုက နီးကပ်နေပြီဖြစ်ရာ သူမက သူမ၏ငွေရောင်သွားလေးများကို ကိုက်ထားလိုက်သည်။

"တော်ပြီ..."

"အရင်ဆုံး အဆင့်ချိုးဖျက်ဝင်ရောက်ရမယ်..."

【ဒင်... လက်ခံသူက ကံကြမ္မာသမီးတော် လျှိုရူယန်ကို ပြင်းပြင်းထန်ထန် နွေးထွေးပေးခဲ့ပြီးတော့... လက်ခံသူရဲ့ အတင်းအကြပ် နွေးထွေးမှုကို ခံစားရစေသလို သူ့ရဲ့နှလုံးသားကိုလည်း လှုပ်ခတ်သွားစေခဲ့တယ်... ဒါက နွေးထွေးတဲ့ စီနီယာအစ်ကို တစ်ယောက်ရဲ့ လုပ်ရပ်တွေနဲ့ ကိုက်ညီပါတယ်... ဆုလာဘ် နှစ်ဆ ..သုံးလစာ ကျင့်ကြံခြင်း အတွေ့အကြုံ】

【လက်ရှိ စုဆောင်းမှု ...၇ လ】

အခန်း ၁၀၀...ကျေးဇူးပြုပြီး ကြည့်ပါအုံး ဆရာ

"ငါ သွားတော့မယ်..."

"ခုနစ်လ... ဒါက ပုံမှန်ထက် အများကြီး ပိုမြန်တယ်... ဒီကိစ္စက အရှုံးမပေါ်ပါဘူး..."

"ဒါပေမဲ့ 'နှလုံးသား လှုပ်ခတ်သွားတယ်' ဆိုတာက ဘာအဓိပ္ပာယ်လဲ... ဒီဧကရီရဲ့ တာအို နှလုံးသားက မတည်ငြိမ်ဘူးလား..."

စူးချန်ကဲက အခန်းထဲမှ ထွက်လာပြီးနောက် တီးတိုးရေရွတ်လိုက်သည်။ သူ မော့ကြည့်လိုက်ရာ သန့်ရှင်းရေး လုပ်ပြီးသွားသော နင်ဖူယောင်နှင့် ထုယိုယိုတို့ မီးဖိုချောင်မှ ထွက်လာသည်ကို မြင်လိုက်ရသည်။

"စီနီယာအစ်ကို... ဒုတိယ စီနီယာအစ်မက ဘယ်မှာလဲ..."

ထုယိုယိုက စူးချန်ကဲထံသို့ လျှောက်လှမ်းလာပြီး သူမ၏မီးခိုးပြာရောင် မျက်လုံးများဖြင့် အခန်း၏ ပြတင်းပေါက်ကို သိချင်စိတ်ဖြင့် ကြည့်ကာ မေးလိုက်သည်။

စူးချန်ကဲက လက်လှမ်းကာ ဂဏာမငြိမ်ဖြစ်နေသော သူမ၏ခေါင်းလေးကို ခပ်ဖွဖွ ဖိထားလိုက်ပြီး သူမကို ခိုးမကြည့်ရန် တားဆီးလိုက်၏။ သူက ပြောဆိုသည်။

"ကြည့်မနေနဲ့တော့... မင်းရဲ့ဒုတိယစီနီယာအစ်မက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်တော့မယ်... မင်းက ဘာလို့ ကြိုးကြိုးစားစား မကျင့်ကြံတာလဲ... အခု မင်းက ကျင့်ကြံဆင့် အနိမ့်ဆုံးသူပဲ..."

"..."

ထုယိုယို ကြောင်အမ်းသွားခဲ့ပြီး သူမ၏မျက်နှာလေးပေါ်တွင် အံ့အားသင့်မှုအမူအရာတစ်ရပ် ထွက်ပေါ်လာခဲ့သည်။

"ဒုတိယစီနီယာအစ်မက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ်ကို ရောက်တော့မှာလား..."

"သူက မကြာသေးခင်ကမှ သွေးသန့်စင်ခြင်းနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ခဲ့တာ မဟုတ်ဘူးလား... သူက ဘယ်လိုလုပ် ဒီလောက်ထိ မြန်ရတာလဲ..."

အနီးအနားတွင် ရပ်နေသော နင်ဖူယောင်ကလည်း အံ့အားသင့်မှု အရိပ်အယောင်တစ်ခုကို ပြသကာ တွေးလိုက်သည်။

"ဒုတိယ စီနီယာအစ်မရဲ့ ကျင့်ကြံမှုကလည်း အဲ့ဒီလောက်တောင် မြန်တာလား..."

"မင်းတို့အားလုံး ငါ့ရဲ့နောက်ကို လိုက်ခဲ့..."

စူးချန်ကဲက ညင်သာစွာ ပြောလိုက်ပြီးနောက် ရှေ့သို့ လျှောက်လှမ်းသွားလေ၏။

မကြာမီ ဂိုဏ်းတူမောင်နှမသုံးဦးသည် နှစ်ပေါင်းများစွာ အသုံးမပြုခဲ့သော နဝမတောင်ထိပ်ရှိ ခန်းမကြီးတစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။ ဤနေရာမှာ မူလက တောင်ထိပ်သခင်၏ အဓိက ခန်းမပင်။ စူးချန်ကဲက တွေးတောပြီးနောက် တာအိုမျှဝေရန် ဤနေရာကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ အကြောင်းအရင်းမှာ အလွန်ရိုးရှင်းပေ၏။ ခန်းမအတွင်းရှိပစ္စည်းများမှာ အလွန် ကောင်းမွန်သဖြင့် နတ်ဘုရားစွမ်းရည်များကို လေ့ကျင့်သည့်အခါ တစ်ခုခု ပျက်စီးသွားမည်ကို စိုးရိမ်ရန် မလိုသောကြောင့်ပင်။

စူးချန်ကဲက ခန်းမထဲသို့ ဝင်ရောက်ပြီးနောက် တစ်ခုခုကို သတိရသွားခဲ့လေသည်။ သူက သူ၏ ဆက်သွယ်ရေးကျောက်စိမ်းပြားကို ထုတ်ယူကာ ၉၉+ သတင်းစကားများကို ဆွဲချပြီး ယောင်ရှင်းယဲ့ကို ရှာတွေ့ကာ သတင်းစကားတစ်ခု ပို့လိုက်သည်။

"ဂိုဏ်းတူဦးလေးယောင် ... ကျေးဇူးပြုပြီး ဒီနေ့ လာခဲ့ပေးပါ..."

မည်သို့ပင်ဆိုစေကာမူ တာအိုကို မျှဝေပေးရမည်ဖြစ်ရာ ယောင်ရှင်းယဲ့အတွက်လည်း အချိန်ကို အများဆုံးအသုံးချပြီး စီစဉ်ပေးလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။ သူ ကတိပေးထားပြီးပြီဖြစ်ရာ စူးချန်ကဲသည် သူ၏စကားကို အမြဲတမ်း တည်လေသည်။

ယောင်ရှင်းယဲ့ မည်မျှထိ သင်ယူနိုင်မည် သို့မဟုတ် ထိုအရာက အသုံးဝင်ခြင်းရှိမရှိ ဆိုသည်နှင့် ပတ်သက်၍မူ သူ အမှန်တကယ်ပင် မသိခဲ့ချေ။

ရိုးရိုးသားသား ပြောရလျှင် သူ မည်သူ့ကိုမျှ မသင်ပေးဖူးခဲ့ချေ။ ထုယိုယိုသည် မည်သည့်နေရာကမှန်းမသိရဘဲ ခုံအသေးလေးတစ်လုံးကို ရှာတွေ့ပြီး ခန်းမ၏အလယ်တွင် ထိုင်လိုက်၏။ သူမ၏နံဘေးရှိ နင်ဖူယောင်သည် တခဏမျှ ကြောင်အမ်းသွားခဲ့ပြီးနောက် လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဂျူနီယာညီမလေး... နင်က ဘယ်လိုလုပ်ပြီး ထိုင်နေရတာလဲ... စီနီယာအစ်ကိုက မတ်တတ်ရပ်နေတုန်းပဲလေ..."

"အာ... ကျောင်းသားတွေက အတန်းထဲမှာ ထိုင်နေပြီး ဆရာက မတ်တတ်ရပ်နေရတာ ပုံမှန် မဟုတ်ဘူးလား..."

ထုယိုယိုက အလေးအနက် ပြန်ဖြေလေသည်။

ဤစကားကို ကြားသောအခါ နင်ဖူယောင် ကြောင်အမ်းသွားခဲ့သည်။ ထိုအရာက အဓိပ္ပာယ်ရှိပုံ ရလေ၏။

"တတိယ စီနီယာအစ်မ... လာ... နင်လည်း ထိုင်... ဒီမှာ ခုံတွေ အများကြီး ရှိသေးတယ်..."

ထုယိုယိုက နောက်ထပ် ခုံအသေးလေးတစ်လုံးကို ဆွဲထုတ်ကာ ပြောလိုက်သည်။

သို့ရာတွင် နင်ဖူယောင်က စူးချန်ကဲကို တစ်ချက်ကြည့်ရုံသာဖြစ်ပြီး မည်သည့် လှုပ်ရှားမှုမျှ မလုပ်ခဲ့ချေ။ သူမ ထိုသို့ပြုလုပ်ရန် မဝံ့ရဲခြင်းပင်။

တစ်ချိန်တည်းမှာပင်...

ဝှစ်...

ပုံရိပ်တစ်ခုက မိုးကောင်းကင်ယံမှ အလျင်စလို ဆင်းသက်လာခဲ့သည်။ ယောင်ရှင်းယဲ့သည် စိုးရိမ်မှုနှင့် စိတ်လှုပ်ရှားမှု ရောယှက်နေသော အမူအရာဖြင့် ခန်းမထဲသို့ ဝင်လာပြီး စူးချန်ကဲကို လက်ပူးဆုပ်ကာ အရိုအသေပြု၍ မေးလိုက်သည်။

"ဆရာ... ကျွန်တော့်ကို ဘာလို့ ခေါ်လိုက်တာလဲ..."

သူသည် ကိစ္စတချို့ကို ခန့်မှန်းမိသော်လည်း စူးချန်ကဲကိုယ်တိုင် မပြောမချင်း သူ မသေချာသေးချေ။

"အရင်က ခင်ဗျားကို အဆောင်လက်ဖွဲ့တာအို သင်ပေးမယ်လို့ ကျွန်တော် ကတိပေးထားတယ်လေ... ဒီနေ့ ကျွန်တော့်ရဲ့ ဂျူနီယာညီမလေး တွေလည်း အတူတူ ရှိနေတာဆိုတော့ အတော်ပဲ..."

စူးချန်ကဲက ညင်သာစွာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာ..."

ယောင်ရှင်းယဲ့က အလွန် စိတ်လှုပ်ရှားနေသော အမူအရာကို ပြသကာ စူးချန်ကဲကို ဦးညွှတ်လိုက်ပြီးနောက် ထုယိုယိုနှင့်နင်ဖူယောင်ကို အပြုံးနှင့်ကြည့်ပြီး နှုတ်ဆက်လိုက်သည်။

"ဂိုဏ်းတူ တူမလေးနှစ်ယောက်... အခုကစပြီး ငါတို့က အတန်းဖော်တွေ ဖြစ်သွားပြီ..."

သူက မည်သည့်ဟိတ်ဟန်ကြီးမှုကိုမှ မပြသခဲ့သဖြင့် ထုယိုယိုက သူ့ကို ချက်ချင်းသဘောကျသွားစေခဲ့သည်။

"ဂိုဏ်းတူဦးလေး ယောင် ... ထိုင်ချင်လား..."

ထုယိုယိုက ချက်ချင်းပြုံးပြလိုက်ပြီး နောက်ထပ် ခုံတစ်လုံးကို ဆွဲထုတ်ကာ ပြောလိုက်သည်။

တစ်ဖက်တွင်မူ နင်ဖူယောင်က ယောင်ရှင်းယဲ့ ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး ထိုနေ့က အသင်္ချေကောင်းကင်ဘုံနန်းတော်မှ မြင်ကွင်းကို ပြန်လည်သတိရသွားခဲ့သည်။

"ဂိုဏ်းတူဦးလေးယောင်...."

"သူက ဘာလို့ ဒီနေရာကို ရောက်နေတာလဲ..."

"သူ... သူ... သူက စီနီယာအစ်ကိုကို 'ဆရာ' လို့ ခေါ်တယ်လား..."

တစ်ချိန်တည်းမှာပင် အားချီ၏ အနည်းငယ် နားမလည်နိုင်သော အသံက သူမ၏စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။

"ဒီမှာ အဆောင်လက်ဖွဲ့တာအိုအကြောင်း တစ်ခုခုကို ငါ ဘာလို့ ကြားနေရတာလဲ..."

ရှေးဟောင်းဓား အတွင်း၌....

အားချီက အနည်းငယ် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။

"သူက အဆောင်လက်ဖွဲ့တာအိုကိုလည်း သိနေတာများလား..."

"အားချီ... စီနီယာအစ်ကိုက လျှိုယွမ် မြို့ မှာ လက်ဟန်သင်္ကေတလေးတစ်ခုတည်းနဲ့ အဆောင်လက်ဖွဲ့တွေကို ဖွဲ့စည်းခဲ့တယ်လို့ ဂိုဏ်းထဲက လူတွေ ပြောတာကို ငါ ကြားဖူးတယ်... အဲ့ဒါက အဆောင်လက်ဖွဲ့တာအိုရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်နေတဲ့ လက္ခဏာပဲ..."

နင်ဖူယောင်က သူမ၏စိတ်ထဲတွင် ပြန်ဖြေလိုက်သည်။

"အဆောင်လက်ဖွဲ့တာအိုရဲ့ အထွတ်အထိပ်အဆင့်လား...."

"အဲ့ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

အားချီက ထိုအရာကို ရှင်းလင်းစွာ မယုံကြည်ခဲ့ချေ။ စူးချန်ကဲ၏ ဓားတာအိုပါရမီမှာ အလွန်မွန်းစတားဆန်ပြီး သူ၏ကျင့်ကြံခြင်းမှာ အနည်းငယ် အဓိပ္ပာယ်မရှိရုံသာမက သူသည် လက်ဖက်ရည်တာအိုပါရမီကိုလည်း ပိုင်ဆိုင်ထားသည်။ အကယ်၍ သူသည် ရှားပါးသော အဆောင်လက်ဖွဲ့တာအိုတွင်လည်း ထူးခြားသော ပါရမီကို ပိုင်ဆိုင်ထားပါက ထိုအရာမှာ အလွန်အမင်း အဓိပ္ပာယ်မရှိ ဖြစ်သွားပေလိမ့်မည်။

'သူက လူရောဟုတ်သေးရဲ့လား'ဟု အားချီက တွေးမိလေသည်။

ခန်းမကြီးထဲတွင် ထုယိုယိုက သူ့ကို ထိုင်ရန် ပြောသည်ကို ယောင်ရှင်းယဲ့ ကြားသောအခါ သူက မထိုင်ရသေးသော နင်ဖူယောင် ကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် အနေရခက်သလို ခံစားလိုက်ရသည်။

"ဒါက..."

"မင်းတို့အားလုံး ထိုင်ကြပါ..."

စူးချန်ကဲက စကားပြောလာသောအချိန်မှသာ ယောင်ရှင်းယဲ့က ပြုံးပြီး ထုယိုယို၏နောက်တွင် ထိုင်လိုက်လေသည်။ နင်ဖူယောင်ကလည်း ထိုင်ရဲသွားခဲ့လေ၏။

ဤသို့ဖြင့် နဝမတောင်ထိပ်မှ ပထမဆုံး အတန်းငယ်လေး တရားဝင် စတင်ခဲ့လေပြီ။

စူးချန်ကဲက ရွေ့လျားသွားပြီး ခန်းမ၏ထိပ်ရှိ ကျောင်းအုပ်ထိုင်ခုံတွင် ထိုင်လိုက်ကာ သူ၏ အကြည့်က နင်ဖူယောင်အပေါ်သို့ ကျရောက်သွားခဲ့သည်။

"ဖူယောင် ... ထိုက်ချင် ဓားကိုးလက်ကို ဆက်ပြီး နားလည်သဘောပေါက်အောင်လုပ်... တကယ်လို့ မင်းမှာ မေးစရာရှိရင် အချိန်မရွေး မေးလို့ရပါတယ်..."

ထိုစကားနှင့်အတူ သူက လက်ညှိုးတစ်ချောင်းကို ညွှန်ပြလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း ဓားစိတ်ဆန္ဒတစ်ခုက ချက်ချင်းကျဆင်းလာပြီး သွေးရောင်ခေါင်းလောင်းတစ်ခုအဖြစ် စုစည်းသွားကာ နင်ဖူယောင်ကို လွှမ်းခြုံသွားခဲ့လေ၏။

ဓားကျောက်စာတိုင်ထဲရှိ အရာထက် ပို၍သန့်စင်ပြီး သိပ်သည်းသော သတ်ဖြတ်ခြင်း ဓားစိတ်ဆန္ဒကို ခံစားရသောအခါ နင်ဖူယောင် ချက်ချင်း နားလည်သွားပြီး လက်ပူးဆုပ်ကာ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ စီနီယာအစ်ကို..."

စူးချန်ကဲ ပေးသော အခွင့်အရေးကို သူမကလည်း တန်ဖိုးထားခဲ့သည်။ သူမက ချက်ချင်း ပလ္လင်ခွေ ထိုင်လိုက်ပြီး အလေးအနက်ထား၍ နားလည်သဘောပေါက်အောင် စတင်လုပ်ဆောင်လိုက်၏။ ဓားကျောက်စာတိုင်ပေါ်ရှိ စူးချန်ကဲ၏မှတ်စုများက သူမ၏စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။ သူမသည် သတ်ဖြတ်ခြင်း ဓားစိတ်ဆန္ဒတွင် လျင်မြန်စွာ နစ်မြုပ်သွားခဲ့သည်။ ထိုအရာ၏ထိရောက်မှုမှာ ဓားကျောက်စာတိုင်၏ သိပ်သည်းမှု မရှိသော ဓားစိတ်ဆန္ဒကို လေ့လာဆင်ခြင်ခြင်းထက် အမှန်တကယ်ကို များစွာပို၍လျှင်မြန်ကြောင်း ပြောရပေမည်။

"သခင်မ... နင့်ရဲ့ကျင့်ကြံခြင်းမှာ ငါ ကူညီပေးပါ့မယ်..."

အားချီက တီးတိုးပြောဆိုလိုက်ပြီး မမြင်နိုင်သော တာအိုပုံစံများက ရှေးဟောင်းဓားမှ ထွက်ပေါ်လာကာ နင်ဖူယောင်၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

ချက်ချင်းပင် နင်ဖူယောင်၏ လှပသော မျက်လုံးများ မှေးစင်းသွားပြီး သတ်ဖြတ်ခြင်း ဓားစိတ်ဆန္ဒမှာ အနည်းငယ် ပို၍ရင်းနှီးလာသည်ကို သူမ ခံစားမိလေ၏။

စူးချန်ကဲက နင်ဖူယောင်ကို တစ်ချက်ကြည့်ပြီး တွေးလိုက်သည်။

"ဓားစိတ်ဝိညာဉ်က အားစိုက်ထုတ်နေတာလား..."

"အဲ့ဒါက အတော်လေး ထိရောက်တာပဲ..."

"ဒီကောင်မလေးက ထိုက်ချင် ဓားကိုးလက်ကို နားလည်သဘောပေါက်မှပဲ ငါ ဆုလာဘ် ရမှာလား မသိဘူး..."

သူ၏နံဘေးရှိ ယောင်ရှင်းယဲ့ မှာ စူးချန်ကဲ၏ လှုပ်ရှားမှုကြောင့် အသက်ရှူမမှားဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ပြီး သူ၏နှလုံးသားတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

"ဆရာက ထိုက်ချင်ဓားနည်းစနစ်ကို ဒီလောက် အတိုင်းအတာအထိ အသုံးပြုနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး... သူ အဲ့ဒါကို နားလည်သဘောပေါက်ထားတာ သိပ်မကြာသေးဘူး မဟုတ်လား... ဒီဓားတာအိုပါရမီက သူ့ရဲ့ အဆောင်လက်ဖွဲ့တာအိုထက် မလျော့လောက်ဘူး..."

ထို့နောက် စူးချန်ကဲ၏အကြည့်က သူ့အပေါ်သို့ ကျရောက်လာခဲ့သည်။

"ဂိုဏ်းတူဦးလေး ယောင် ... အရင်က ကျွန်တော် ခင်ဗျားကို ပြောခဲ့တာတွေ မှတ်မိသေးလား..."

သူ၏အသံ အဆုံးသတ်သွားသည်နှင့် ရှေးဟောင်းဓားထဲရှိ ဓားစိတ်ဝိညာဉ် အားချီပင်လျှင် သူမ၏စိတ်ဝိညာဉ်အသိစိတ်ကို ထိုနေရာသို့ တိတ်တဆိတ် ဦးတည်လိုက်၏။

ဤအရာကို ကြားသောအခါ ယောင်ရှင်းယဲ့က ချက်ချင်း ကျောမတ်လိုက်ပြီး သူ၏ အမူအရာမှာ လေးနက်နေကာ လက်ပူးဆုပ်၍ ပြန်ဖြေလိုက်သည်။

"ဒီတပည့်က မမေ့ရဲပါဘူး... ကျွန်တော် ဘယ်လောက်ထိ သင်ယူနိုင်မလဲဆိုတာက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ကံကြမ္မာအပေါ်မှာ လုံးဝ မူတည်ပါတယ်... ကျွန်တော် နည်းနည်းလေးတောင် မပေါ့ဆရဲပါဘူး..."

စူးချန်ကဲက အနည်းငယ် ခေါင်းညိတ်လိုက်ရာ သူ၏မျက်လုံးများက သူ၏ အတွေးများကို ရောင်ပြန်ဟပ်နေပြီး မည်သည့်နေရာမှ စတင်ရမည်ကို စဉ်းစားနေပုံရသည်။

အချိန်တခဏကြာ စဉ်းစားပြီးနောက် သူက နောက်ဆုံးတွင် စကားပြောဆိုလိုက်သည်။

"အဲ့ဒီလိုဆိုမှတော့... လောလောဆယ် ခင်ဗျား အကျွမ်းကျင်ဆုံးဖြစ်တဲ့ အဆောင်လက်ဖွဲ့ကို ရေးဆွဲပြီး စစ်ဆေးဖို့အတွက် ကျွန်တော့်ကို ပေးပါ..."

ယောင်ရှင်းယဲ့က ရိုသေလေးစားစွာဖြင့် သဘောတူလိုက်၏။

သူ၏ရှေ့တွင် စိတ်ဝိညာဉ်အလင်းတန်း အစက်အပြောက်များ လင်းလက်သွားခဲ့သည်။ ရှေးဟောင်းပုံစံ ရွှမ်စက္ကူတစ်ရွက်က တိတ်တဆိတ် လွင့်မျောလာပြီး တာအိုစည်းချက် ပါဝင်နေသော ကျိုးပဲ့နေသည့် ရှေးဟောင်း စုတ်တံတစ်ချောင်းက သူ၏လက်ဝါးထဲတွင် ထွက်ပေါ်လာခဲ့သည်။ ထိုစုတ်တံမှာ ပျက်စီးနေသော်လည်း ထိုအရာ၏ ထူးခြားသော သဘာဝကို မြင်တွေ့နိုင်ပေ၏။

သူ အသေအချာ ပြင်ဆင်ထားကြောင်း သိသာရှင်းလင်းလှသည်။ သူက သူ၏စိတ်ကို အာရုံစိုက်ပြီးသူ၏စိတ်ဝိညာဉ်ကို ငြိမ်သက်စေလိုက်သည်။ စုတ်တံ၏ထိပ်က စက္ကူကို ထိတွေ့လိုက်ရာ တာအိုစည်းချက်က ထိုအရာနှင့်အတူ စီးဆင်းသွားခဲ့သည်။

နောက်ဆုံးမျဉ်းကြောင်းကို ပြီးမြောက်သည့် အချိန်တွင် ယောင်ရှင်းယဲ့၏ နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ သီးနေခဲ့သည်။ သူ၏ လက်ရှိကြိုးစားအားထုတ်မှု အားလုံးကို စုစည်းထားပြီး ကောင်းကင်နှင့်မြေကြီး ဥပဒေသများ၏ စွမ်းအား အစအနလေးတစ်ခု ပါဝင်နေသော နတ်ဘုရားအဆောင်လက်ဖွဲ့ကို သူ မြှောက်ကိုင်လိုက်သည်။

အဆောင်လက်ဖွဲ့ ဖွဲ့စည်းသွားသည့် အခိုက်အတန့်တွင် ခန်းမထဲရှိ လေထုမှာ ရှင်းလင်းသွားခဲ့လေ၏။ ထိုအရာမှာ ချင်းချိုး အပျက်အစီးနယ်မြေတွင် စူးချန်ကဲ တစ်ချိန်က ထုတ်ဖော်အသုံးပြုခဲ့သော 'ရွှမ်ချင်း အဆောင်လက်ဖွဲ့' ပင်။ သို့ရာတွင် ယောင်ရှင်းယဲ့ ရေးဆွဲပြီးနောက် ထိုနှစ်ခုကြားရှိ ကွာခြားချက်မှာ ကောင်းကင်နှင့်မြေကြီးအလား ဖြစ်နေသည်။ စူးချန်ကဲ၏အဆောင်လက်ဖွဲ့မှာ အလိုအလျောက် စုစည်းသွားခြင်းသာ ဖြစ်လေ၏။

"ကျေးဇူးပြုပြီး ကြည့်ပါအုံး ဆရာ..."

ယောင်ရှင်းယဲ့က အဆောင်လက်ဖွဲ့ကို ရိုသေလေးစားစွာ ပေးအပ်လိုက်ပြီးနောက် သူ၏ လက်များကို နံဘေးတွင်ချကာ မတ်တတ်ရပ်နေပြီး သူ၏မျက်လုံးများရှိ မျှော်လင့်ချက်များကို ဖုံးကွယ်မထားနိုင်ခဲ့ချေ။

Book 10 end.

All Chapters