အခန်း (၁၅၃၁-၁၅၃၃)
Vol. 103 Ch. 1531-1533
အခန်း (၁၅၃၁) မျှော်နန်းသခင်လုအတွက် အဟန့်အတားမှန်သမျှကို ရှင်းလင်းပေးရန် အသင့်ရှိနေခြင်း
တောင်ပံမျိုးနွယ်စုသည် မဟာအသူရာမြေ၌သာ တစ်နှစ်ပတ်လုံး အမြဲတမ်း နေထိုင်လေ့ရှိပြီး ပြင်ပသို့ ထွက်ခွာလေ့ မရှိသလောက်ပင်။ အကယ်၍ သူတို့သည် တာဝန်တစ်ခုခုဖြင့် အပြင်သို့ ထွက်လာခဲ့လျှင်ပင် နယ်မြေကိုးခုရှိ ကျင့်ကြံသူများ၏ ခွန်အားနှင့်ဆိုပါက သူတို့အား တောင်ပံများ ထုတ်ဖော်လာရသည်အထိ အတင်းအကျပ် ဖိအားပေးနိုင်စွမ်း မရှိကြပေ။ ထို့အပြင် နယ်မြေကိုးခုရှိ လူအများစုမှာလည်း တောင်ပံမျိုးနွယ်စု တည်ရှိကြောင်းကိုပင် မသိရှိကြချေ။
ရှေးခေတ်ကာလများတွင် လူသားနှင့် သားရဲတို့ကို ခွဲခြား၍ မရနိုင်လောက်အောင် ဖြစ်ခဲ့ဖူးသည်။ လူသားနှင့် သားရဲတို့ ပေါင်းစပ်ထားသည့် ကျင့်ကြံသူ အများအပြား ရှိခဲ့ကြ၏။ ဥပမာအားဖြင့် လူတစ်ပိုင်း ငါးတစ်ပိုင်းဖြစ်သော ရေသူမများ ရှိသကဲ့သို့ မြွေတစ်ပိုင်း လူတစ်ပိုင်းဖြစ်သော ရှေးဟောင်း နတ်ဘုရားများလည်း ရှိခဲ့ဖူးသည်။ သို့သော် ထိုသူတို့ကို မြင်တွေ့ရခဲလှပြီး ရှေးဟောင်း ကျမ်းစာများထဲ၌သာ ဖော်ပြပါရှိလေသည်။ ထိုသူတို့ကို မြင်ဖူးသူမှာလည်း အလွန်ပင် ရှားပါးလှပေသည်။
ထို့ကြောင့် တာ့ဟန်မှ ကျင့်ကြံသူများသည် တောင်ပံမျိုးနွယ်စုဝင် နှစ်ဦးကို မြင်တွေ့လိုက်ရသောအခါ အံ့အားသင့်ကာ ဆွံ့အသွားကြခြင်းမှာ မဆန်းပေ။
တစ်ဖက်တွင်မူ တောင်ပံမျိုးနွယ်စုဝင် နှစ်ဦးသည် လုကျိုးကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြသည်။ ဘာပဲဖြစ်ဖြစ် သူတို့ကို အန်တုနိုင်သည့် ပညာရှင်ဟူ၍ အလွန်ပင် နည်းပါးလှပေသည်။ နယ်မြေကိုးခုလုံးတွင် ချန်ဖုတစ်ဦးတည်းသာလျှင် ဤကဲ့သို့ လုပ်ဆောင်နိုင်စွမ်း ရှိပေလိမ့်မည်။ သို့သော် ချန်ဖုမှာ ဤနေရာတွင် မရှိသလို သူတို့ရှေ့ရှိ ပုဂ္ဂိုလ်မှာလည်း ချန်ဖု မဟုတ်သည်မှာ သေချာလှသည်။
နောက်ဆုံးတွင် တောင်ပံမျိုးနွယ်စုဝင် တစ်ဦးက လုကျိုးကို လက်ညှိုးညွှန်ပြကာ မျက်မှောင်ကျုံ့လျက် ထပ်မံ မေးမြန်းလိုက်သည်။
“မင်းက ဘယ်သူလဲ”
လုကျိုးသည် ထိုတောင်ပံမျိုးနွယ်စုဝင် နှစ်ဦးကို ကြည့်လိုက်ပြီးနောက် မြောက်ဘက်မြို့တော်ရှိ နန်းတော်ကြီးဆီသို့ အကြည့်လွှဲကာ ပြောလိုက်သည်။
“အကြီးအကဲ မင်သဲ့… မင်း ငါ့ကို ရှာနေတာလား”
လုကျိုး၏ အသံမှာ အသံလှိုင်းတစ်ခုပမာ ပျံ့လွင့်သွားတော့သည်။ နန်းတော်ကြီးအတွင်းမှမူ မည်သည့် တုံ့ပြန်မှုမျှ မရှိဘဲ တိတ်ဆိတ်နေဆဲပင်။ ရုတ်တရက် နန်းတော်အတွင်းမှ တောင်ပံမျိုးနွယ်စုဝင် ဆယ်ဦး ပျံထွက်လာကြသည်။ အစောပိုင်းက နှစ်ဦးနှင့် ပေါင်းလိုက်လျှင် ယခုအခါ တောင်ပံမျိုးနွယ်စုဝင် ၁၂ ဦး ရှိနေပြီ ဖြစ်သည်။
ထိုအချိန်တွင်မှ သတိပြန်ဝင်လာသော ယန်းမူက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
“လုချန်းပေ့။ နောက်ဆုံးတော့ ချန်းပေ့ ရောက်လာပြီပဲ”
လုကျိုးက ယန်းမူဘက်သို့ လှည့်ကာ ဆိုလိုက်သည်။
“မင်းက နေဝင်ဆည်းဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်လောက်ပဲ ဖြစ်ပြီး ဘာလို့ ရှေ့ထွက်ရဲနေရတာလဲ။ သေရမှာ မကြောက်ဘူးလား”
ယန်းမူက ရိုးသားစွာပင် ပြန်လည် လျှောက်တင်လိုက်၏။
“ချန်းပေ့... ချန်းပေ့က အရင်တုန်းက ကျုပ်တို့ နေဝင်ဆည်းဆာဂိုဏ်းအပေါ်မှာ ကျေးဇူးအများကြီး ရှိခဲ့တာပါ။ ဒါကြောင့် ကျွန်တော် တတ်နိုင်သလောက် ချန်းပေ့ကို ကူညီပေးပါ့မယ်”
“အေး... ကောင်းတာပေါ့” လုကျိုး ဆိုလိုက်ပြီးနောက် သူ၏ လက်ကို ဆန့်ထုတ်ကာ ကုသခြင်း စွမ်းအားကို ထုတ်လွှတ်ပေးလိုက်သည်။
လုကျိုး၏ ကုသခြင်း စွမ်းအားက သူ၏ ဒဏ်ရာများကို အံ့ဖွယ်နည်းလမ်းဖြင့် ပျောက်ကင်းစေသည်ကို ကြည့်ရင်း ယန်းမူမှာ အံ့အားသင့်ကာ ကြည်ညိုလေးစားသွားရသည်။ ထို့နောက် လုကျိုး၏ သူတော်စင်အလင်းကို သူ ပြန်လည် သတိရသွားသောအခါ ထပ်မံ၍ စိတ်လှုပ်ရှားလာပြန်၏။ သူသည် သတ္တိမွေးကာ ဆိုလိုက်သည်။
“ချန်းပေ့... ဒီငှက်လူတွေရဲ့ ခေါင်းဆောင်က တကယ့်ကို ကြောက်ဖို့ ကောင်းတာဗျ။ ကိုင်တွယ်ရတာ မလွယ်ဘူးနော်”
လုကျိုး ခေါင်းညိတ်လိုက်၏။
“ဒါကြောင့်လည်း ငါကိုယ်တိုင် လာခဲ့တာပေါ့...”
ယန်းမူ “...”
လုကျိုးမှာ ယခုအခါ သူတော်စင်တစ်ပါး ဖြစ်နေသည်ကို ယန်းမူ အံ့ဩမိသော်လည်း သူတော်စင်တစ်ပါးသည် တာအိုသူတော်စင် တစ်ပါးကို မယှဉ်နိုင်မှန်း သူ သိထားသည်။ ယန်းမူ တစ်ယောက် စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေစဉ်မှာပင် တောင်ပံမျိုးနွယ်စုဝင် ၁၂ ဦးမှာ မြေကြီး၏ အခက် ၁၂ ခက် အတိုင်း အရပ်မျက်နှာ ၁၂ ဖက်သို့ ပျံသန်းနေရာယူလိုက်ကြသည်။ ထို့နောက် သူတို့၏ တောင်ပံများကို ဖြန့်လိုက်ကြရာ သူတို့ ခန္ဓာကိုယ်မှ အလင်းတန်းများမှာ တစ်ခုနှင့်တစ်ခု ဆက်သွယ်သွားကြတော့သည်။
ယင်းကို မြင်သောအခါ ချင်းယွမ်က အာမေဍိတ်သံ ပြုလိုက်၏။
“၁၂ လ ရာသီခွင် မဟာအစီအရင်ပါလား”
မင်ရှစ်ရင်က သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
“ဒါက ဘယ်လို အစီအရင်မျိုးလဲ”
ချင်းယွမ်က ရှင်းပြလိုက်သည်။
“ဒါက ကျင့်ကြံမှု အခြေခံချင်း တူညီပြီး မွေးဖွားဇယားချပ် အရေအတွက် တူညီတဲ့ ကျင့်ကြံသူ ၁၂ ယောက် လိုအပ်တဲ့ ရှေးဟောင်းအစီအရင်တစ်ခုပဲ။ သူတို့ ၁၂ ယောက်လုံးက တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်သွားပြီး ယာယီ ဟင်းလင်းပြင်အစီအရင်တစ်ခုကို တည်ဆောက်လိုက်တာ။ အဲဒီအစီအရင်ထဲမှာ သူတို့က ပြိုင်ဘက်ကင်းတဲ့သူတွေ ဖြစ်သွားကြတာပေါ့”
“ပြိုင်ဘက်ကင်းတယ် ဟုတ်လား”
မင်ရှစ်ရင်သည် ပြိုင်ဘက်ကင်းခြင်း ကဲ့သို့သော ချဲ့ကားထားသည့် စကားလုံးများကို ကြားရသောအခါ အမြဲတမ်း သံသယရှိတတ်သူ ဖြစ်သည်။
ချင်းယွမ်က ဆက်ပြောလိုက်သည်။
“သေချာတာပေါ့... ဒါပေမဲ့ မျှော်နန်းသခင်လုရဲ့ ရှေ့မှာတော့ ဒါက ဘာမှ မဟုတ်ပါဘူး”
မင်ရှစ်ရင်သည် ချင်းယွမ်ကို သံသယဖြင့် ကြည့်လိုက်ပြီးနောက် သူမအနားသို့ တိုးသွားကာ လေသံတိုးတိုးဖြင့် မေးလိုက်၏။
“မေးစရာ တစ်ခု ရှိတယ်ဗျ။ ကျုပ်တို့ နှစ်ယောက်ကြားမှာပဲ ထားပါနော်။ ခင်ဗျားက ကျုပ်ရှစ်စွင်းကို ဘာလို့ ဒီလောက်အထိ အထင်ကြီးနေရတာလဲ”
ချင်းယွမ်သည် မင်ရှစ်ရင်ကို အကဲခတ်ကြည့်လိုက်သည်။ ထို့နောက် သူမသည် မင်ရှစ်ရင်ကို သနားကရုဏာ သက်သော မျက်လုံးများဖြင့် ကြည့်ကာ စိတ်ထဲမှ တွေးလိုက်မိသည်။
'သနားစရာ ကောင်းတဲ့ ကလေးလေးပဲ။ သူ့ဆရာရဲ့ တကယ့် အထောက်အထားကိုတောင် သူ မသိရှာဘူးပဲ။ ဒါကြောင့်လည်း ဒီလို မေးခွန်းမျိုး မေးတာပေါ့။ ဒါပေမဲ့ ဆိုးယုတ်သူတစ်ပါးက သူ့ရဲ့ အထောက်အထားကို လျှို့ဝှက်ထားရမယ်လို့ မှာထားမှတော့ ငါလည်း ဝိုင်းပြီး ဖုံးကွယ်ပေးရမှာပေါ့'
ထိုသို့ တွေးလိုက်ပြီးနောက် ချင်းယွမ်က လေသံအေးအေးဖြင့် ပြန်လည် ဖြေကြားလိုက်၏။
“ဒီလိုပါ... ကျုပ်နဲ့ မျှော်နန်းသခင်လုကြားမှာ အပြန်အလှန် နားလည်မှုတွေ ရှိလို့ပါ။ ဒါ့အပြင် သူ့ကို မြင်လိုက်ရတဲ့ အခိုက်အတန့်မှာတင် သူဟာ ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဆိုတာ ကျုပ် သိခဲ့ရတယ်။ သင်းပျံ့တောင်ကြားထဲမှာ ချင်းယွမ်အသိုက်အမြုံကို ရှာတွေ့ဖို့ဆိုတာ ခက်ခဲပေမဲ့ သူကတော့ ရှာတွေ့ခဲ့တယ်။ ဒါ့အပြင် ချင်းယွမ်အသိုက်အမြုံရဲ့ တိုက်ခိုက်မှုကြားကနေ အသက်ရှင်လွတ်မြောက်နိုင်တဲ့သူဆိုလို့ ဒီလောကမှာ မျှော်နန်းသခင်လု တစ်ယောက်တည်းပဲ ရှိတာလေ”
မင်ရှစ်ရင် ခေါင်းကုတ်လိုက်ပြီး ဆိုလိုက်၏။
“ခင်ဗျားနဲ့ အနီရောင်ကြာနယ်မြေက မိုးမခတစ်ထောင် ဘုရားကျောင်းက ကျောင်းတိုင်ဆရာတော် ရှားချန်းချိုးနဲ့ဆိုရင် တော်တော်လေး စကားပြောလို့ ကောင်းမှာပဲ။ နောင်ကျရင် သူ့နဲ့ မိတ်ဆက်ပေးမယ်ဗျာ”
“ရှားချန်းချိုး ဟုတ်လား။ သူက ဘယ်သူပဲဖြစ်ဖြစ် မျှော်နန်းသခင်လုရဲ့ မိတ်ဆွေဆိုရင်တော့ ထိပ်တန်း ပါရမီရှင်တစ်ယောက် ဖြစ်ရမယ်ဆိုတာ ကျုပ် သေချာပေါက် ယုံကြည်ပါတယ်” ချင်းယွမ်က ယုံကြည်ချက်ရှိရှိ ဆိုလိုက်သည်။
မင်ရှစ်ရင်သည် သူ၏ ရှစ်တိ ကျူးဟုန်ကုန်း၏ မြှောက်ပင့်နိုင်စွမ်းမှာ ချင်းယွမ်နှင့် ယှဉ်လျှင် ဖျော့တော့သွားပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် သူ၏ ဆရာကို ဤမျှအထိ အရူးအမူး ကြည်ညိုနေသော ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူ တစ်ဦး ရှိနေခြင်းမှာ ကောင်းသော ကိစ္စတစ်ခုပင်။ ဤသို့ဆိုလျှင် သူမကို မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ဖို့ရန် လှည့်စားနေစရာ မလိုတော့ပေ။
တစ်ချိန်တည်းမှာပင် ချင်းယွမ်ကလည်း မင်ရှစ်ရင်ကို သနားစရာကောင်းသော ကလေးငယ်တစ်ဦးအဖြစ် ဆက်လက် ကြည့်နေမိ၏။ သူမ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
'ဆိုးယုတ်သူတစ်ပါး ရဲ့ ဖုံးကွယ်ထားမှုကို ခံနေရတဲ့ သနားစရာ ကလေးလေး...'
ထိုအခိုက်အတန့်တွင် ၁၂ လရာသီခွင် မဟာအစီအရင်မှာ နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ မြောက်ဘက်မြို့တော်၏ ကောင်းကင်ယံတွင် ပိတ်ဆို့ထားသော ဟင်းလင်းပြင်တစ်ခု ပေါ်ထွက်လာ၏။ တောင်ပံမျိုးနွယ်စုဝင်များ၏ တောင်ပံများပေါ်မှ အလင်းရောင်များမှာ ကောင်းကင်ယံရှိ ကြယ်တာရာများပမာ တောက်ပနေတော့သည်။
တာ့ဟန်မှ ကျင့်ကြံသူများသည် ကောင်းကင်ယံရှိ တောင်ပံမျိုးနွယ်စုဝင် ၁၂ ဦးကို ထိတ်လန့်ကြောက်ရွံ့စွာ ငေးကြည့်နေကြရသည်။ သူတို့သည် မူလကတည်းက တောင်ပံမျိုးနွယ်စုကို မယှဉ်နိုင်ကြသည့်အပြင် ယခုအခါ ထိုသူတို့မှာ အစီအရင်အတွင်း၌ ရှိနေကြခြင်း ဖြစ်သည်။
ထိုအချိန်တွင် ၁၂ နာရီ အရပ်မျက်နှာ၌ ရှိနေသော တောင်ပံမျိုးနွယ်စုဝင်က ဆိုလိုက်၏။
“ငါတို့ရဲ့ အလုပ်ကို အနှောင့်အယှက် ပေးတဲ့သူတွေကို သတ်ပစ်ဖို့ အကြီးအကဲက အမိန့်ပေးထားတယ်”
ထို့နောက် သူက လုကျိုးကို ကြည့်ကာ ဆက်ပြောလိုက်သည်။ “မင်းက သူတော်စင်တစ်ပါး ဖြစ်နေပါစေဦးတော့... ငါတို့အတွက်တော့ ပုရွက်ဆိတ်တစ်ကောင်နဲ့ ဘာမှ မခြားပါဘူး”
ထို့နောက်တွင် တောင်ပံမျိုးနွယ်စုဝင် ၁၂ ဦးမှာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ လုကျိုးထံသို့ တဟုန်ထိုး ပြေးဝင်လာကြတော့သည်။ ကျန်ရှိနေသော ကျင့်ကြံသူများမှာမူ ထိုတိုက်ပွဲအတွင်း ကြားညှပ်သွားမည်ကို စိုးရိမ်သဖြင့် အရပ်မျက်နှာ အနှံ့အပြားသို့ ကမန်းကတန်း ပြေးလွှားလိုက်ကြရ၏။
တစ်ချိန်တည်းမှာပင် လုကျိုးသည် ကောင်းကင်ကျမ်းစာ မန္တန်ကို ရွတ်ဆိုလိုက်ပြီး ဖျက်ဆီးခြင်း နိယာမမှ တိုက်ကွက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။
ဘုန်း။
နိယာမ စွမ်းအားနှစ်ခုမှာ ထိပ်တိုက်တွေ့ဆုံသွားပြီး တစ်ခုနှင့်တစ်ခု ချေဖျက်သွားကြသည်။ ထို့နောက် တောင်ပံမျိုးနွယ်စုဝင် ၁၂ ဦးမှာ သူတို့၏ မူလနေရာများဆီသို့ ပြန်လည် ပျံသန်းသွားကြ၏။
ယင်းကို မြင်သောအခါ ချင်းယွမ်က အထင်သေးသော လေသံဖြင့် ဆိုလိုက်သည်။
“ဒါက အသေးအဖွဲ လှည့်ကွက်လေးပါပဲ။ မျှော်နန်းသခင်လုကတော့ သူတို့ကို အလွယ်လေး ကိုင်တွယ်နိုင်မှာပါ”
လုကျိုးသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး အသေရိုက်ချက်ကတ်တစ်ခုကို ထုတ်ယူလိုက်သည်။ တောင်ပံမျိုးနွယ်စုဝင် ၁၂ ဦး၏ မွေးဖွားဇယားချပ်များမှာ ချိတ်ဆက်နေသဖြင့် သူသည် လူတစ်ယောက်ကိုသာ ကိုင်တွယ်ရန် လိုအပ်သည်။ ထိုသို့ဆိုလျှင် ၁၂ လရာသီခွင် မဟာအစီအရင်မှာလည်း အလိုလို ပျက်ပြယ်သွားပေလိမ့်မည်။
မင်ရှစ်ရင်က မေးမြန်းလိုက်သည်။
“အကယ်၍ ခင်ဗျားသာဆိုရင် ဒီအစီအရင်ကို ဖျက်ဖို့ ဘယ်နှစ်ကွက် လိုမလဲ”
ချင်းယွမ်က ၁၂ လရာသီခွင် မဟာအစီအရင်ကို ကြည့်ကာ ခေတ္တမျှ တွေးတောပြီးနောက် ဆိုလိုက်၏။
“ကျုပ်သာ ပြင်ဆင်ထားမယ်ဆိုရင် တစ်ကွက်တည်းနဲ့ လုံလောက်ပါတယ်”
'ဒါဆိုရင် ကျုပ်ရှစ်စွင်းက ခင်ဗျားလောက် မတော်ဘူးလို့ ပြောချင်တာလား။' မင်ရှစ်ရင် စိတ်ထဲမှ အော်ဟစ်လိုက်ချင်သော်လည်း ထိန်းသိမ်းလိုက်ရသည်။ ထိုအစား သူက ပြောလိုက်သည်။
“ဒါဆိုရင် ခင်ဗျားက တကယ့်ကို လူမှုရေး နားမလည်တဲ့သူပဲ။ ဒီလိုဆိုရင် ကျုပ်ရှစ်စွင်းကို ဘာလို့ ကိုယ်တိုင် လှုပ်ရှားခိုင်းနေရတာလဲ”
ထိုစကားကို ကြားလိုက်ရသောအခါ ချင်းယွမ်သည် သူမ၏ နဖူးကို ရိုက်ကာ ဆိုလိုက်သည်။
“ဟုတ်သားပဲ။ ကျုပ်က မျှော်နန်းသခင်လုကို ဒီလို အသေးအဖွဲ ကိစ္စတွေကို ဘာလို့ ကိုယ်တိုင် လုပ်ခိုင်းနေမိပါလိမ့်”
ချင်းယွမ် လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် သူမ ခေါင်းမော့ကြည့်လိုက်သောအခါ လုကျိုးမှာ ၁၂ နာရီ အရပ်မျက်နှာရှိ တောင်ပံမျိုးနွယ်စုဝင်ထံသို့ ပျံသန်းသွားသည်ကို တွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပင် ၁၂ နာရီ အရပ်မျက်နှာရှိ တောင်ပံမျိုးနွယ်စုဝင်ကလည်း လုကျိုး၏ ရည်ရွယ်ချက်ကို ရိပ်မိသွားပုံရသည်။ သူသည် သူ၏ လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်ရာ တောင်ပံမျိုးနွယ်စုဝင်များ၏ စွမ်းအားများမှာ စုစည်းသွားကြပြီး တောက်ပလှသော အလင်းလုံးတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် သူသည် ထိုအလင်းလုံးကို ရှေ့သို့ တွန်းထုတ်လိုက်ရင်း အော်ဟစ်လိုက်၏။
“သေစမ်း... အသိဉာဏ်မဲ့တဲ့ လူသား”
လုကျိုးသည် ထိုအချိန်မှာပင် အသေရိုက်ချက်ကတ်ကို အသုံးပြုလိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ရိုင်းစိုင်းလိုက်တာ။ မင်းတို့က သေးနုပ်လှတဲ့ တောင်ပံမျိုးနွယ်စုဝင်တွေသာသာပဲ”
ရင်းနှီးနေသော ခံစားချက်တစ်ခု ပြန်လည် ပေါ်ပေါက်လာပြီး အသေရိုက်ချက်ကတ်မှ စွမ်းအင်များသည် လုကျိုး၏ လက်ဝါးထက်တွင် ဝဲဂယက်တစ်ခုသဖွယ် ဖြစ်ပေါ်လာသည်။ ထို့နောက်တွင်မူ လက်ဝါးစည်းတံဆိပ်တစ်ခုသည် အလင်းလုံးထံသို့ ပျံထွက်သွားတော့သည်။
ဗုဒ္ဓ၏ ကြောက်ရွံ့ခြင်းမဲ့ မဟာတံဆိပ်တော်ပင် ဖြစ်သည်။ ဤသည်မှာ လုကျိုး အသေရိုက်ချက်ကတ်ကို ပထမဆုံးအကြိမ် အသုံးပြုခဲ့စဉ်က ပေါ်ထွက်လာခဲ့သည့် လက်ဝါးစည်းတံဆိပ်လည်း ဖြစ်သည်။
နှစ်ပေါင်း မည်မျှပင် ကုန်ဆုံးသွားစေကာမူ လုကျိုးသည် ထိုခံစားချက်ကို မေ့ဖျောက်နိုင်ခြင်း မရှိပေ။ လောကကြီးကို ဖျက်ဆီးပစ်နိုင်သည့် ထိုစွမ်းအား၏ ခံစားချက်ပင် ဖြစ်၏။ ယင်ကောင်တစ်ကောင်ပဲဖြစ်ဖြစ်၊ ဆရာသခင် တစ်ပါးပဲဖြစ်ဖြစ် အသေရိုက်ချက်ကတ်သည် မည်သည့်အခါမျှ အရေးနိမ့်ခဲ့ဖူးခြင်း မရှိပေ။ အမှန်စင်စစ် သူသည် ဤကတ်၏ အကန့်အသတ်ကိုပင် မသိရှိသေးပေ။ သူ ဤကတ်၏ အစွမ်းအပေါ် မရေမရာ ဖြစ်ခဲ့ဖူးသည့် တစ်ခုတည်းသော အချိန်မှာ အဆုံးမဲ့သမုဒ္ဒရာထဲ၌ ခွန်နှင့် တွေ့ဆုံခဲ့စဉ်ကပင် ဖြစ်သည်။ သူသည် ခွန် မည်မျှအထိ အစွမ်းထက်သည်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။ ၎င်းမှာ မိုးပြာနဂါး မုန့်ကျန်းထက် မနိမ့်လှသလို မဟာအသူရာမြေရှိ ဖျက်ဆီးခြင်းတိုင်လုံးအထက် ကောင်းကင်ယံ၌ ဝဲပျံနေသော ဧရာမ သားရဲကြီးထက်လည်း လျော့နည်းမည် မဟုတ်ပေ။
လုကျိုးသည် တစ်ကြိမ်ထက်မက တွေးတောခဲ့ဖူးသည်။ အသေရိုက်ချက်ကတ်၏ စွမ်းအား အရင်းအမြစ်မှာ အဘယ်နည်း။ စွမ်းအင် တည်မြဲခြင်း နိယာမအရ စွမ်းအင်မှန်သမျှတွင် အရင်းအမြစ်နှင့် လားရာ ရှိရမည်ဖြစ်ပြီး နောက်ဆုံးတွင် မျှခြေတစ်ခု ရှိရမည် ဖြစ်သည်။ ဤအရာအားလုံးကို ထိန်းချုပ်နေသည့် အနန္တတန်ခိုးရှင် တစ်ဦး ရှိနေလိမ့်မည်ဟု သူ တစ်ခါက တွေးခဲ့ဖူးသည်။ သူ၏ ကျင့်ကြံမှု တိုးတက်လာသည်နှင့်အမျှ ဤခံစားချက်မှာ ပိုမို ပြင်းထန်လာတော့သည်။
လုကျိုး အတွေးနက်နေစဉ်မှာပင် တောက်ပသော ရွှေရောင် ကြောက်ရွံ့ခြင်းမဲ့ မဟာတံဆိပ်တော် သည် အလင်းလုံးကို ချေမှုန်းဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။ ၎င်းသည် ရှေ့သို့ ဆက်လက် ပျံသန်းနေဆဲပင်။ ၁၂ နာရီ အရပ်မျက်နှာရှိ တောင်ပံမျိုးနွယ်စုဝင်သည် သူ၏ မျက်လုံးများကို ပြူးကျယ်သွားကာ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
“ဒါ... ဒါက ဘယ်လို စွမ်းအားမျိုးလဲ”
ဘုန်း။
တောင်ပံမျိုးနွယ်စုဝင်မှာ ကြိုတင်ပြင်ဆင်မှု မရှိဘဲ လက်ဝါးစည်းတံဆိပ်မှာ တောင်တစ်လုံး၏ အင်အားဖြင့် သူ့အပေါ်သို့ ကျရောက်သွားတော့သည်။ ထို့နောက် လက်ဝါးစည်းတံဆိပ်မှ စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွား၏။
“အားးးးး” တောင်ပံမျိုးနွယ်စုဝင်မှာ စူးရှစွာ အော်ဟစ်လိုက်ရသည်။
ချိတ်ဆက်မှုတစ်ခု ပြတ်တောက်သွားသည်နှင့် ၁၂ ရာသီခွင် မဟာအစီအရင်၏ ချိတ်ဆက်မှုသည်လည်း ကြောက်ရွံ့ခြင်းမဲ့ မဟာတံဆိပ်တော်ကြောင့် အလိုလို ပျက်ပြယ်သွားတော့သည်။ တောင်ပံမျိုးနွယ်စုဝင်မှာ သွေးများ အန်ထုတ်လျက် နောက်သို့ လွင့်သွားရ၏။ ကောင်းကင်ယံရှိ ၁၂လ ရာသီခွင် မဟာအစီအရင်က တည်ဆောက်ထားသော ပိတ်ဆို့ထားသည့် ဟင်းလင်းပြင်မှာလည်း ကြယ်တာရာ အလင်းစက်များအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။ ထိုအလင်းစက်များမှာ ကောင်းကင်မှ မိုးစက်များပမာ ရွာကျလာခဲ့သည်။
တာ့ဟန်မှ ကျင့်ကြံသူများသည် မှင်တက်စွာ ငေးကြည့်နေကြရသည်။ တစ်ကွက်တည်းဖြင့် အစီအရင်ကို ဖျက်ဆီးနိုင်သည်ဟု ပြောခဲ့သော ချင်းယွမ်ပင်လျှင် အားကျစွာဖြင့် ရေရွတ်လိုက်မိ၏။
“ဆိုးယုတ်သူ... ဆိုတဲ့အတိုင်း ထိုက်တန်ပေတယ်...”
မင်ရှစ်ရင်က မျက်မှောင်ကျုံ့လိုက်ရင်း မေးမိသွားသည်။
“ဆိုးယုတ်သူ ဘာဖြစ်တာလဲ”
“ဟို... ဘာမှ မဟုတ်ပါဘူး” ချင်းယွမ်က အလျင်အမြန် ဆိုလိုက်ရင်း စိတ်ထဲမှ တွေးလိုက်မိသည်။
'ငါ့ပါးစပ်က ဘာလို့ ဒီလောက်အထိ မလိမ္မာရတာလဲ'
အစပိုင်းတွင် ချင်းယွမ်သည် လုကျိုးကို လူသားပညာရှင်တစ်ဦးဟုသာ ထင်မြင်ခဲ့ခြင်း ဖြစ်သည်။ လုကျိုး ပိုင်ဆိုင်ထားသော အမွေအနှစ်ပစ္စည်းများနှင့် သူ၏ စွမ်းအားများကို မြင်သောအခါမှ သူသည် ဆိုးယုတ်သူတစ်ပါး ဖြစ်လိမ့်မည်ဟု ၆၀ ရာခိုင်နှုန်းခန့် ယုံကြည်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သဲနာရီနှင့် ကျယ်ပြန့်ကောင်းကင်အိတ်ကို မြင်သောအခါတွင်မူ ၉၀ ရာခိုင်နှုန်းကျော်အထိ သေချာသွားခဲ့သည်။ ယခုမူ လုကျိုးသည် ဆိုးယုတ်သူတစ်ပါး ဖြစ်ကြောင်း သူမ ၁၀၀ ရာခိုင်နှုန်း သေချာသွားခဲ့ပြီ ဖြစ်သည်။ ဘာမှ သံသယဖြစ်စရာ မလိုတော့ပေ။ သူ၏ တိုက်ခိုက်ပုံ၊ သူ၏ ဟန်ပန်နှင့် သူ၏ နည်းစနစ်များမှာ အတိတ်ကအတိုင်း လွှမ်းမိုးနိုင်စွမ်းရှိပြီး အစွမ်းထက်လှပေသည်။ မဟာလေဟာနယ် တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည့် အမြင့်ဆုံးသော ဆိုးယုတ်သူတစ်ပါးကို ကြည့်ရင်း ချင်းယွမ်မှာ တကယ်ပင် စိတ်လှုပ်ရှားသွားရသည်။ သူမအနေဖြင့် သူ၏ အထောက်အထားကို ပေါက်ကြားမိလုနီးပါး ဖြစ်သွားခြင်းမှာ မဆန်းပေ။
မင်ရှစ်ရင်က ဆိုလိုက်၏။
“ဆိုးယုတ်သူဖြစ်ဖြစ် ဘာဖြစ်ဖြစ်၊ ကျုပ်ရှစ်စွင်းကို မိစ္ဆာ ဒါမှမဟုတ် နတ်ဆိုးလို့ ခေါ်ကြတဲ့သူတွေ အများကြီး ရှိပါတယ်။ ခင်ဗျားက ပထမဆုံး မဟုတ်ပါဘူး။ ဒါပေမဲ့ ခင်ဗျား မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ချင်တယ်ဆိုရင်တော့ စကားနည်းနည်းလျှော့တာ အကောင်းဆုံးပဲ။ ခင်ဗျားက ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူ ဖြစ်နေပါစေဦးတော့၊ ကျုပ်ရှစ်စွင်းကိုတော့ ရိုရိုသေသေ ဆက်ဆံရမယ်။ ဘယ်လိုလဲ”
“မင်း ပြောတာ မှန်ပါတယ်” ချင်းယွမ်က ခေါင်းညိတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် တစ်ကွက်တည်းဖြင့် ၁၂ ရာသီခွင် မဟာအစီအရင်ကို ဖျက်ဆီးလိုက်သော လုကျိုးမှာ စနစ်၏ အသိပေးချက်ကို ရရှိလိုက်၏။
“တင်း။ မွေးဖွားဇယားချပ် တစ်ခုကို ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ၅၀၀”
လုကျိုး ခေါင်းခါလိုက်မိသည်။ တောင်ပံမျိုးနွယ်စုဝင်များမှာ ချိတ်ဆက်နေကြသဖြင့် သူသည် ဆုလာဘ်ကို တစ်ကြိမ်သာ ရရှိခဲ့ခြင်း ဖြစ်သည်။ တောင်ပံမျိုးနွယ်စုဝင် ၁၂ ဦးလုံး အပြင်းအထန် ဒဏ်ရာရသွားသည်ကို သူ ရှင်းလင်းစွာ အာရုံခံမိသော်လည်း ၁၂ နာရီ အရပ်မျက်နှာရှိ တောင်ပံမျိုးနွယ်စုဝင် တစ်ဦးတည်းသာ သူ၏ မွေးဖွားဇယားချပ် တစ်ခု ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တွင် ကျင့်ကြံသူများသည် လုကျိုးကို ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် မော့ကြည့်နေကြတော့သည်။ ဒါဟာ လူသားတစ်ယောက်ရဲ့ အစွမ်းသတ္တိပဲ။
နောက်ဆုံးတွင် တောင်ပံမျိုးနွယ်စုဝင် ၁၂ ဦးမှာ ကောင်းကင်ယံ၌ ပြန်လည် စုစည်းလိုက်ကြပြီး ရန်သူကြီးတစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ လုကျိုးကို သတိကြီးစွာ ကြည့်နေကြသည်။ ထိုအချိန်တွင် ချင်းယွမ်က ဆိုလိုက်၏။
“မျှော်နန်းသခင်လု... ဒီလို အသေးအဖွဲ ကိစ္စတွေကို စိတ်အနှောင့်အယှက် မခံပါနဲ့တော့။ ဒါကို ကျုပ်ကိုပဲ လွှဲပေးလိုက်ပါ”
ထို့နောက်တွင် ချင်းယွမ်၏ ဝတ်ရုံ၊ အမှန်စင်စစ် သူမ၏ တောင်ပံများမှာ အနည်းငယ် တုန်ခါသွားသည်။ ၎င်းကို လှုပ်ခတ်လိုက်သောအခါ လူတိုင်း၏ အမြင်အာရုံမှာ ဝေဝါးသွားရ၏။ ခဏအတွင်းမှာပင် သူမသည် တောင်ပံမျိုးနွယ်စုဝင် ၁၂ ဦး၏ ရှေ့သို့ ရောက်ရှိသွားတော့သည်။ သူမသည် ပြတ်သားပြီး သနားညှာတာမှု ကင်းစွာဖြင့် သတ်ဖြတ်ပွဲကို စတင်လိုက်တော့သည်။
လုကျိုး မျက်မှောင်ကျုံ့လိုက်မိ၏။
'ဒါဟာ ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူရဲ့ အရှိန်နဲ့ ခွန်အားလား'
ချင်းယွမ်၏ အရှိန်ကို လုကျိုး လုံးဝ မမှီလိုက်ပေ။ သူသည် သေသေချာချာ မြင်တွေ့နိုင်ရန်အတွက် အလျင်အမြန်ပင် အမြင်အာရုံစွမ်းအား မန္တန်ကို ရွတ်ဆိုလိုက်သည်။ သူ၏ မျက်လုံးများမှ ကောင်းကင်ကျမ်းစာ စွမ်းအားများ ဖြာထွက်လာသောအခါမှ ချင်းယွမ်၏ လှုပ်ရှားမှုများကို သူ ရှင်းလင်းစွာ မြင်တွေ့နိုင်တော့သည်။
ချင်းယွမ်က အေးစက်စွာ ပြုံးလျက် သူမ၏ လက်ထဲတွင် ပွင့်လင်းမြင်သာသော တောင်ပံဓားသွားတစ်ခုကို ဝှေ့ယမ်းလိုက်သည်။ သူမသည် တောင်ပံမျိုးနွယ်စုဝင် ၁၂ ဦးကြားတွင် ကူးလူးပျံသန်းလျက် သူတို့ကို လှပကျော့ရှင်းစွာ လျင်မြန်စွာနှင့် တိတိကျကျ ခုတ်ပိုင်းလိုက်တော့သည်။ မည်သူမျှ လွတ်မြောက်ခြင်း မရှိပေ။ တောင်ပံမျိုးနွယ်စုဝင်များမှာ သူတို့၏ လည်ပင်းများ၊ လက်ကောက်ဝတ်များနှင့် ပေါင်များတွင် အခုတ်ခံလိုက်ကြရ၏။
ဝှစ် ဝှစ် ဝှစ်
အလွန်လျင်မြန်လှသော တိုက်ပွဲအပြီးတွင် ချင်းယွမ်သည် လုကျိုး၏ ရှေ့၌ ပြန်လည် ရပ်တန့်လိုက်သည်။ တောင်ပံမျိုးနွယ်စုဝင် ၁၂ ဦးမှာ ကောင်းကင်ယံ၌ အေးခဲနေကြဆဲပင်။ စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်မူ သူတို့အားလုံးမှာ တိုဟူးတုံးများပမာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်ကာ ကောင်းကင်မှ ပြုတ်ကျသွားကြတော့သည်။
တာ့ဟန်မှ ကျင့်ကြံသူများ “...”
မင်ရှစ်ရင်နှင့် ယန်းမူ “...”
ချင်းယွမ်၏ အစွမ်းသတ္တိကြောင့် လူတိုင်း မှင်တက်သွားကြရသည်။ ထိုအခိုက်အတန့်တွင် ချင်းယွမ်သည် လုကျိုးကို ဦးညွှတ်လိုက်ပြီးနောက် ပြုံးလျက် ဆိုလိုက်၏။
“ကျုပ်က မျှော်နန်းသခင်လုအတွက် အဟန့်အတားမှန်သမျှကို ရှင်းလင်းပေးဖို့ အသင့်ပါပဲ”
…
အခန်း (၁၅၃၂) ငါ မလုပ်ရဲတာ မရှိ
လုကျိုးသည် ယခင်က မုန့်ကျန်းနှင့် တိုက်ခိုက်ဖူးသဖြင့် ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူများ မည်မျှအစွမ်းထက်သည်ကို သိရှိထားသည်။ ချင်းယွမ်က တောင်ပံမျိုးနွယ်စုဝင် ၁၂ ဦးကို တစ်ကွက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ ကျိုးကြောင်းဆီလျော်လှပေသည်။ ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူတစ်ဦး၏ အစွမ်းသတ္တိကို တစ်ခါမျှ မမြင်ဖူးကြသည့် ကျင့်ကြံသူများမှာမူ ဤတိုက်ကွက်ကြောင့် လုံးဝ မှင်တက်သွားကြရသည်။ လုကျိုးက ချင်းယွမ်ကို အသိအမှတ်ပြုဟန်ဖြင့် ခေါင်းအနည်းငယ် ညိတ်ပြလိုက်ရင်း ဆို၏။
“ကောင်းပြီ”
ချင်းယွမ်သည် မြေပြင်ပေါ်ရှိ အပိုင်းပိုင်း ပြတ်တောက်နေသော အလောင်းများကို ကြည့်ကာ ဆိုလိုက်သည်။
“မျှော်နန်းသခင်လုရဲ့ ရှေ့မှာ မင်းတို့က ဘယ်လိုတောင် ရဲတင်းရတာလဲ”
လုကျိုးက မြောက်ဘက်မြို့တော်ရှိ နန်းတော်ကြီးကို ကြည့်ကာ မေးမြန်းလိုက်၏။
“ဒါပဲလား”
မည်သည့် တုံ့ပြန်မှုမျှ ရှိမလာပေ။ လူတိုင်းမှာ တံတွေးများကို အကြိမ်ကြိမ် မျိုချနေကြရပြီး သတိပြန်မဝင်နိုင်သေးဘဲ ရှိနေကြသည်။ ယန်းမူက ပထမဆုံး သတိဝင်လာသူ ဖြစ်သည်။ သူသည် သတ္တိမွေးကာ လုကျိုးထံသို့ ပျံသန်းလာပြီး ဦးညွှတ်လျက် ဆို၏။
“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လုချန်းပေ့”
လုကျိုးက မေးမြန်းလိုက်သည်။
“မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ”
ယန်းမူက သက်ပြင်းချလျက် လျှောက်တင်လိုက်၏။
“ကျွန်တော် အတင်းအကျပ် ခိုင်းစေခံရတာပါ။ ဒီငှက်လူတွေ တာ့ဟန်ကို ရောက်လာပြီးတော့ ဆရာသခင် နှစ်ပါးကို ဒဏ်ရာရအောင်လုပ်ခဲ့တယ်။ အဲဒီနောက် သူတော်စင်ချန်ရဲ့ နာမည်ကို သုံးပြီး လူတိုင်းကို ဆင့်ခေါ်ခဲ့တာ။ ဒါကြောင့် ကျွန်တော် လာခဲ့တာပါ။ အဲဒါက ဒီငှက်လူတွေ ဖြစ်နေလိမ့်မယ်လို့ ဘယ်သူ သိမှာလဲ”
“သူတို့က ၁၂ ယောက်ပဲလား” လုကျိုးက မေးလိုက်သည်။
ယန်းမူက ဆို၏။
“မဟုတ်ပါဘူး... သူတို့ရဲ့ ခေါင်းဆောင်က အကြီးအကဲ မင်သဲ့လို့ ခေါ်ပုံရပါတယ်။ သူ့ လုပ်ရပ်တွေက တကယ့်ကို... ရက်စက်လွန်းပါတယ်”
“ဒါဆို တကယ်ပဲ မင်သဲ့ ဖြစ်နေတာကိုး” လုကျိုးက ဆိုလိုက်သည်။
“လုချန်းပေ့... ချန်းပေ့က သူ့ကို သိလို့လား” ယန်းမူက မေးသော်လည်း လုကျိုးက ပြန်မဖြေခဲ့ပေ။
သူသည် မဟာအသူရာမြေတွင် ရှိခဲ့စဉ်က အချိန်များကို ပြန်လည် အမှတ်ရသွားပြီး အနည်းငယ် ရွံရှာမိသွားသည်။ နောက်ဆုံးတွင် သူက မေးမြန်းလိုက်၏။
“သူ အခု ဘယ်မှာလဲ”
ယန်းမူက ခေါင်းခါလိုက်သည်။
“ကျွန်တော် မသိပါဘူး”
ယင်းကို ကြားသောအခါ ချင်းယွမ်က အားနာဟန်ဖြင့် ဆို၏။
“စောစောကသာ သိရင် တစ်ယောက်လောက်ကို အသက်ချန်ထားခဲ့ရမှာ”
ယန်းမူက အစောပိုင်းက လက်ပါးစေသဖွယ် စကားပြောခဲ့သည့် ကျင့်ကြံသူကို လက်ညှိုးညွှန်ပြကာ ဆိုလိုက်သည်။
“သူ သေချာပေါက် သိလိမ့်မယ်”
ထိုကျင့်ကြံသူမှာ ထိတ်လန့်သွားပြီး မျက်လုံးများ ပြူးထွက်သွားသည်။ သူက အလျင်အမြန်ပင် အသနားခံလိုက်၏။
“ချန်းပေ့... ကျွန်တော် ဘာမှ မသိပါဘူး။ ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ”
ယန်းမူက အလွန်အမင်း စိတ်ပျက်ဟန်ဖြင့် ဆိုလိုက်သည်။
“လုချန်းပေ့... ဒီလိုလူမျိုးကို ကိုင်တွယ်ဖို့ဆိုရင် ဝန်ခံချက်ရအောင် သေချာပေါက် နှိပ်စက်ရပါလိမ့်မယ်။ သူ့ဆီကနေ တစ်ခုခု သိရမှာ သေချာပါတယ်”
မင်ရှစ်ရင်က ကြားဖြတ်ဆိုလိုက်၏။
“ဒါဆိုရင်တော့ ကျွန်တော်က ကျွမ်းကျင်သူပဲ။ သူ့မျက်လုံးတွေကို ဖောက်ထုတ်ပစ်တာပဲဖြစ်ဖြစ်၊ လက်သည်းအောက်ကို အပ်နဲ့ ထိုးတာပဲဖြစ်ဖြစ်၊ ခေါင်းထဲကို အပ်နဲ့ စိုက်တာပဲဖြစ်ဖြစ်... အဲဒါတွေက ကျွန်တော့်အတွက် ဘာမှ မဟုတ်ဘူးနော်”
ထိုကျင့်ကြံသူမှာ ကျောရိုးထဲအထိ စိမ့်သွားကာ ချွေးသီးချွေးပေါက်များ ကျလာတော့သည်။ ထို့နောက် သူက ချက်ချင်းပင် လှည့်ထွက်ကာ ထွက်ပြေးလေတော့သည်။ ကံဆိုးစွာပင် သူသည် ပေ ရာဂဏန်းခန့်သာ ပျံသန်းရသေးခင်မှာပင် ချင်းယွမ်က သူ၏ လမ်းတွင် ပိတ်ရပ်လိုက်၏။ ထို့နောက် အလင်းလုံးတစ်ခု ထွက်ပေါ်လာပြီး သူ့ကို နောက်သို့ လွင့်စဉ်သွားစေကာ သွေးများ အန်ထုတ်စေလိုက်သည်။ ထိုသို့ဖြင့် သူ၏ အတွင်းကလီစာများမှာ ဒဏ်ရာ ရရှိသွားတော့သည်။
ချင်းယွမ်က လုကျိုးဘက်သို့ လှည့်ကာ အားနာဟန်ဖြင့် ဆို၏။
“ကျုပ် လူသားတွေနဲ့ မတိုက်ခိုက်ရတာ ကြာပြီဆိုတော့ ခွန်အားကို ကောင်းကောင်း မထိန်းနိုင်ဖြစ်သွားတယ်၊ ခွင့်လွှတ်ပေးပါ မျှော်နန်းသခင်လု”
“ရပါတယ်” လုကျိုးက ဆိုလိုက်သည်။ ထို့နောက် သူ၏ လက်ကို ဆန့်ထုတ်ကာ မိစ္ဆာကိုယ်တော် လက်ဝါးစည်းတံဆိပ်ကို အသုံးပြု၍ ထိုကျင့်ကြံသူကို သူ့ထံသို့ ဆွဲခေါ်လိုက်၏။ သူက အေးစက်သော လေသံဖြင့် မေးမြန်းလိုက်သည်။
“ငါ မင်းကို တစ်ကြိမ်ပဲ မေးမယ်။ မဖြေခင် သေသေချာချာ စဉ်းစား။ မင်သဲ့ အခု ဘယ်မှာလဲ”
အချို့သောအရာများသည် ခွန်အားရှိရုံဖြင့် ပိုင်ဆိုင်နိုင်သည်မဟုတ်ဘဲ ၎င်းမှာ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါပင် ဖြစ်သည်။ ထိုကျင့်ကြံသူမှာ ပျာယာခတ်သွားရ၏။ အတွင်းဒဏ်ရာများ၏ နာကျင်မှုနှင့်အတူ သူသည် ထိတ်လန့်မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ဖြင့် ပြည့်နှက်နေတော့သည်။ သူက အထစ်ထစ် အငေါ့ငေါ့ဖြင့် ဖြေလိုက်၏။
“သူ... သူ... သူ မဟာအသူရာမြေကို ပြန်သွားပါပြီ”
ထိုအခိုက်အတန့်တွင် တစ်စုံတစ်ယောက်က သက်ပြင်းချလျက် ဆိုလိုက်သည်။
“ထင်တဲ့အတိုင်းပဲ။ သူ စစ်ကူတွေ သွားခေါ်တာ ဖြစ်ရမယ်။ အဲဒီမိန်းကလေးကို ရှာဖို့အတွက်ဆိုရင် သူက ရှေးဟောင်း နတ်သားရဲတစ်ကောင်ကိုတောင် သုံးကောင်း သုံးလိမ့်မယ်”
လုကျိုးက ကျင့်ကြံသူများကို ကြည့်ကာ မေးမြန်းလိုက်၏။
“မင်းတို့အားလုံးက သူ့အတွက် အလုပ်လုပ်ပေးချင်ကြတာလား”
နောက်ထပ် လူတစ်ဦးက သက်ပြင်းချလျက် ဆို၏။
“ကျုပ်တို့မှာ ရွေးချယ်စရာ မရှိလို့ပါ။ ကျုပ်တို့အားလုံးမှာ အမှတ်အသား အလုပ်ခံထားရပြီ။ အခု တောင်ပံမျိုးနွယ်စုဝင် ၁၂ ယောက် သေသွားပြီဆိုတော့ ကျုပ်တို့အတွက်လည်း ကောင်းကျိုးရှိလာမှာ မဟုတ်တော့ဘူး”
'ဒါကြောင့် ဒီလူတွေက မပျော်မရွှင် ဖြစ်နေကြတာကိုး...'
လုကျိုးသည် မိစ္ဆာကိုယ်တော် လက်ဝါးစည်းတံဆိပ်ကို ဖျက်သိမ်းလိုက်သည်။ ထိုအခါ ထိုကျင့်ကြံသူမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ သူသည် ချင်းယွမ်၏ တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရထားခြင်း ဖြစ်၏။ အကယ်၍ အလျင်အမြန် မကုသနိုင်ပါက သူ အသက်ရှင်ရန် မျှော်လင့်ချက် မရှိပေ။ လူတိုင်းမှာ သေခြင်းတရားကို ထုံထိုင်းနေကြပြီ ဖြစ်သည်။ လူပေါင်း မည်မျှ သေဆုံးခဲ့ရသည်ကို မည်သူ သိပါ့မည်နည်း။ သူတို့၏ အနာဂတ်မှာလည်း မှောင်မိုက်နေပုံရ၏။
ထိုအချိန်တွင် မင်ရှစ်ရင်က ဆိုလိုက်သည်။
“ရှစ်စွင်း... သွားကြရအောင်။ သူတို့ သေတာ မသေတာ ကျုပ်တို့နဲ့ ဘာမှ မဆိုင်ပါဘူး”
လုကျိုးက ခေါင်းခါလျက် ဆို၏။
“ငါ ဒီမှာပဲ မင်သဲ့ ကို စောင့်မယ်။ အခု တောင်ပံမျိုးနွယ်စုဝင် ၁၂ ယောက် သေသွားပြီဆိုတော့ သူ သေချာပေါက် ဒီကို အပြေးအလွှား ရောက်လာမှာပဲ”
မင်ရှစ်ရင် “...”
ချင်းယွမ်က ပြုံးလျက် ဆိုလိုက်၏။
“ကျုပ်လည်း မျှော်နန်းသခင်လုနဲ့အတူ လိုက်ပါပါ့မယ်” ထိုသို့ဖြင့် လုကျိုးသည် နန်းတော်အတွင်းသို့ ဆင်းသက်လိုက်ပြီး မင်ရှစ်ရင်နှင့် ချင်းယွမ်တို့ကလည်း နောက်မှ လိုက်ပါသွားကြတော့သည်။ ကျန်ရှိနေသော ကျင့်ကြံသူများသည်လည်း တစ်ဦးပြီးတစ်ဦး ဆင်းသက်လာကြ၏။ သူတို့သည် မြေပြင်ပေါ်ရှိ အလောင်းများနှင့် သွေးကွက်များကို ကြည့်ကာ သက်ပြင်းချနေကြတော့သည်။
မွန်းလွဲပိုင်းတွင်ဖြစ်သည်။
ဝေးကွာသော ကောင်းကင်ယံ၌ ဧရာမ ငှက်သားရဲကြီးတစ်ကောင် ပေါ်ထွက်လာသည်။ ၎င်း၏ ကျောပေါ်တွင် ဝတ်ရုံဖြူ ကျင့်ကြံသူ ဆယ်ဂဏန်းခန့် ရပ်နေကြ၏။ ထိုငှက်သားရဲကြီး၏ တောင်ပံများမှာ ပေ ၁၀၀၀၀ ခန့်အထိ ကျယ်ပြောလှပေသည်။ ၎င်းမှာ အစိမ်းရောင် ဖြစ်ပြီး တောင်ပံများမှာလည်း အလင်းရောင်များဖြင့် တလက်လက် တောက်ပနေ၏။
ချင်းယွမ်က ဆို၏။
“မင်လွမ်း”
“မင်လွမ်း ဆိုတာ ဘာလဲ” မင်ရှစ်ရင်က မေးလိုက်သည်။
ချင်းယွမ်က ရှင်းပြလိုက်၏။
“ခြေရာခံတဲ့နေရာမှာ တကယ့်ကို တော်တဲ့ သားရဲတွေထဲက တစ်ကောင်ပဲ။ သူက ရှေးဟောင်း နတ်သားရဲ တစ်ကောင်ပါ”
“အင်း... ဒါပေမဲ့ သူက ခင်ဗျားလောက်တော့ မတော်ပါဘူး” မင်ရှစ်ရင်က ပြုံးလျက် ဆိုလိုက်သည်။
ချင်းယွမ်မှာ ဒေါသထွက်မသွားသော်လည်း ထိုသို့ နှိုင်းယှဉ်မှုကြောင့် ဆွံ့အသွားရသည်။ ခေတ္တမျှ ကြာပြီးနောက် သူမက ဆို၏။
“မင်လွမ်းက ခြေရာခံတဲ့နေရာမှာပဲ တော်တာပါ၊ တိုက်ခိုက်တဲ့နေရာမှာ မတော်ပါဘူး။ ဒီကောင်က နတ်သားရဲ ဖြစ်လာနိုင်တာကိုက အံ့ဩစရာပဲ”
မင်ရှစ်ရင်က ခေါင်းညိတ်လိုက်သည်။
“ကြည့်ရတာ သူတို့က ညီမလေးကို ရှာဖို့အတွက် တကယ့်ကို အားကုန်ထုတ်နေကြတာပဲ”
ထိုအချိန်တွင် မင်လွမ်း၏ ကျောပေါ်မှ မိုးကြိုးပမာ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။
“ငါ့လူတွေကို ဘယ်သူကများ သတ်ရဲတာလဲ”
ထို့နောက်တွင် မင်လွမ်းသည် နားမခံသာသော အော်ဟစ်သံတစ်ခုကို ပြုလုပ်လိုက်၏။ ချင်းယွမ်က မင်လွမ်းသည် တိုက်ခိုက်ရာတွင် မတော်ဟု ပြောသော်လည်း ၎င်းမှာ တာ့ဟန်ရှိ ကျင့်ကြံသူများ ယှဉ်နိုင်သည့်အရာ မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ၎င်းမှာ ရှေးဟောင်း နတ်သားရဲ တစ်ကောင် မဟုတ်ပါလော။ လူတိုင်းက နားကို ပိတ်ထားကြပြီး မင်လွမ်း ကောင်းကင်မှ ဆင်းသက်လာသည်ကို စိုးရိမ်တကြီး ကြည့်နေကြရသည်။ မင်လွမ်းက တောင်ပံခတ်လိုက်သောအခါ ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာ၏။ မကြာမီမှာပင် ၎င်းသည် နန်းတော်အထက်သို့ ရောက်ရှိလာပြီး လူတိုင်းကို ငုံ့ကြည့်လိုက်တော့သည်။
ဝတ်ရုံဖြူ အဘိုးအိုတစ်ဦးသည် မင်လွမ်း၏ ဦးခေါင်းပေါ်တွင် ရပ်နေပြီး လူတိုင်းကို ဒေါသတကြီး ကြည့်နေ၏။ သူသည် တောင်ပံမျိုးနွယ်စုဝင် ၁၂ ဦး သေဆုံးသွားသည်ကို အာရုံခံမိသောအခါ မဟာအသူရာမြေမှ အပြေးအလွှား ရောက်ရှိလာခြင်း ဖြစ်သည်။ သူ၏လူများကို သတ်ရဲလောက်အောင် မည်သူကများ ရဲတင်းနေသနည်းဟု သူ မြင်ချင်နေခြင်းပင်။ မြေပြင်ပေါ်ရှိ အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေသော အလောင်းများကို မြင်သောအခါ သူ၏ ဒေါသမီးမှာ ပိုမို တောက်လောင်လာတော့သည်။
“ချန်ဖု။ ထွက်ခဲ့စမ်း”
သူ၏ အမြင်အရဆိုလျှင် မဟာသူတော်စင် ချန်ဖု တစ်ဦးတည်းသာလျှင် ဤကဲ့သို့ လုပ်ဆောင်နိုင်စွမ်း ရှိသည်။ အခြားသူ မဖြစ်နိုင်ဟု သူ ယူဆထား၏။ ထိုအချိန်တွင် မြေပြင်ပေါ်ရှိ ကျင့်ကြံသူ အားလုံးမှာ နန်းတော်ရှိရာဘက်သို့ တညီတညွတ်တည်း လှည့်ကြည့်လိုက်ကြသည်။
လုကျိုးက သူ၏ ခေါင်းကို အနည်းငယ် မော့လိုက်ပြီး လေးနက်သော လေသံဖြင့် ဆိုလိုက်၏။
“မင်သဲ့... နောက်ဆုံးတော့ မင်း ရောက်လာပြီပဲ”
မင်လွမ်း၏ ဦးခေါင်းပေါ်တွင် ရပ်နေသော အဘိုးအိုမှာ အခြားသူမဟုတ်၊ တောင်ပံမျိုးနွယ်စုမှ အကြီးအကဲ မင်သဲ့ပင် ဖြစ်သည်။ အခြေအနေ မကောင်းလှသော အကြီးအကဲ မင်သဲ့သည် နန်းတော်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ လုကျိုး နန်းတော်အထက်တွင် ဝဲပျံနေသည်ကို မြင်သောအခါ သူ၏ မျက်လုံးများ ပြူးထွက်သွားပြီး အော်ဟစ်လိုက်မိ၏။
“မင်းလား”
အကြီးအကဲ မင်သဲ့၏ အသံတွင် အံ့အားသင့်မှုနှင့်အတူ ဒေါသများလည်း ရောယှက်နေပေသည်။ လုကျိုးက ခပ်အေးအေးပင် ဆိုလိုက်၏။
“မင်းက တာ့ဟန်ကို လာပြီး ငါ့တပည့်ကို ရှာနေမှတော့ ငါလည်း မလာလို့ မရတော့ဘူးပေါ့”
အကြီးအကဲ မင်သဲ့က သူ၏ ရင်ထဲမှ ဒေါသကို ထိန်းချုပ်လိုက်ပြီး ပြုံးလျက် ဆိုလိုက်သည်။
“မင်း ဒီကို ရောက်နေမှတော့ ကိစ္စတွေက ပိုလွယ်သွားတာပေါ့။ အဲဒီမိန်းကလေးကို ငါ့လက်ထဲ အပ်လိုက်စမ်း၊ ဒါဆို ငါတို့ကြားက ရန်ငြိုးတွေကို အကုန် ပယ်ဖျက်ပေးမယ်”
“ငါက ငြင်းဆန်မယ်ဆိုရင်ကော” လုကျိုးက မည်သည့် အမူအရာမျှ မပြဘဲ မေးလိုက်သည်။
“အဖြူရောင်ဧကရာဇ်သာ မရှိရင် မင်းက မဟာအသူရာမြေက ဖျက်ဆီးခြင်းတိုင်လုံးထဲကိုတောင် ဝင်နိုင်မှာ မဟုတ်ဘူး၊ ငါနဲ့ စကားပြောဖို့ဆိုတာ ဝေလာဝေးပဲ” အကြီးအကဲ မင်သဲ့က ဆို၏။
အကြီးအကဲ မင်သဲ့၏ စကား ဆုံးသွားသည်နှင့် ချင်းယွမ်၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားသည်။ ထို့နောက် သူမက စူးရှသော အသံဖြင့် ဆိုလိုက်၏။
“တောင်ပံမျိုးနွယ်စုတွေက ဘယ်တုန်းကတည်းက ဒီလောက်အထိ မောက်မာလာကြတာလဲ”
အကြီးအကဲ မင်သဲ့က ချင်းယွမ်ဘက်သို့ အကြည့်လွှဲကာ မေးမြန်းလိုက်သည်။
“မင်းက ဘယ်သူလဲ”
ချင်းယွမ်က ပြန်လည် တုံ့ပြန်လိုက်၏။
“ငါ ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ ရှေးခေတ်တုန်းက တောင်ပံမျိုးနွယ်စုတွေဟာ ဧကရာဇ် ငါးပါးရဲ့ အခိုင်းအစေနေရာတောင် အဆင့်မမီခဲ့ကြဘူးဆိုတာ ငါ မှတ်မိနေသေးတယ်။ နှစ်တွေ ဒီလောက် ကြာခဲ့တာတောင် အဆင့်အတန်းတွေက ဒီလောက်အထိ နိမ့်ကျနေတုန်းပါပဲလား”
ဤကဲ့သို့ လှောင်ပြောင်ခံရသဖြင့် အကြီးအကဲ မင်သဲ့မှာ သဘာဝကျစွာပင် ဒေါသထွက်သွားရသည်။ သူက လက်ကို ဆန့်ထုတ်ကာ ဆိုလိုက်၏။
“ငါ မင်းကို အရင် သတ်မယ်”
ထို့နောက်တွင် မင်ရောင်ခြည်ကဲ့သို့ အနက်ရောင် လက်ဝါးစည်းတံဆိပ်တစ်ခုမှာ ကောင်းကင်မှ ကျဆင်းလာသည်။ ၎င်းမှာ ချင်းယွမ်၏ ရှေ့ ပေအနည်းငယ်အကွာသို့ ရောက်သောအခါ သူမသည် လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားတော့သည်။
“ဟင်” အကြီးအကဲ မင်သဲ့ အံ့အားသင့်စွာဖြင့် ချင်းယွမ်ကို ကြည့်လိုက်မိ၏။
ချင်းယွမ်က ပြုံးလျက် ဆိုလိုက်သည်။
“ဪ... မင်းက တာအိုသူတော်စင် တစ်ယောက် ဖြစ်နေတာကိုး”
အကြီးအကဲ မင်သဲ့သည် တစ်ဖက်လူမှာ မရိုးရှင်းမှန်း အာရုံခံမိသဖြင့် အလျင်အမြန်ပင် ဆိုလိုက်၏။
“ငါက မဟာလေဟာနယ်နဲ့ မဟာအသူရာမြေရဲ့ အမိန့်အရ လုပ်ဆောင်နေတာ။ မင်းက မဟာလေဟာနယ်ကို ရန်သူအဖြစ် သတ်မှတ်ချင်နေတာလား”
မဟာလေဟာနယ်အကြောင်း ပါလာသောအခါ ချင်းယွမ်သည် ရှေ့ဆက်လုပ်ဆောင်ရန် လုကျိုးကို လှမ်းကြည့်လိုက်သည်။ သူမအနေဖြင့် မဆင်မခြင် မလှုပ်ရှားရဲပေ။ ဘာပဲဖြစ်ဖြစ် မဟာလေဟာနယ်ကို လူသိရှင်ကြား ရန်သူအဖြစ် သတ်မှတ်ရန်မှာ သူတို့အတွက် စောလွန်းနေသေးသည် မဟုတ်ပါလော။
လုကျိုးက တည်ငြိမ်စွာ မေးမြန်းလိုက်သည်။
“မင်းက မဟာလေဟာနယ်ရဲ့ အမိန့်နဲ့ လုပ်ဆောင်နေတာ ဟုတ်လား။ မဟာလေဟာနယ်ထဲက ဘယ်သူက မင်းကို အဲဒီလို အမိန့်ပေးတာလဲ”
အကြီးအကဲ မင်သဲ့က ကောင်းကင်ယံရှိရာဘက်သို့ လက်သီးဆုပ် အရိုအသေပြုလိုက်ပြီးနောက် အမှန်အတိုင်း ဆိုလိုက်၏။
“ထူဝေ့ခန်းမရဲ့ ငွေရောင်အစောင့်တပ် ခေါင်းဆောင်၊ တာအိုသူတော်စင်ကျန်း ပဲ”
“ကျန့်ဝမ်ရွှီလား” လုကျိုးက မျက်မှောင်ကျုံ့လိုက်မိသည်။
အကြီးအကဲ မင်သဲ့က ဝင့်ကြွားစွာ ဆို၏။
“မင်း တာအိုသူတော်စင် ကျန်း ကို သိနေမှတော့ ငါ အများကြီး ပြောနေစရာ မလိုတော့ဘူးပေါ့”
ထိုအခိုက်အတန့်တွင် ချင်းယွမ်က ဒေါသတကြီး မေးမြန်းလိုက်သည်။
“ဒါဆိုရင် ဧကရာဇ်ယွီကော ဒါကို သဘောတူလို့လား”
“မင်း ဘယ်လို ထင်လဲ” အကြီးအကဲ မင်သဲ့က ပြန်မဖြေဘဲ ခပ်အေးအေးပင် နေလိုက်သည်။ ချင်းယွမ်၏ အသံမှာ အေးစက်သွားပြီး ဆိုလိုက်၏။
“မင်းရှေ့မှာ ဘယ်သူ ရပ်နေလဲဆိုတာ မင်း သိလို့လား”
“ငါ ဂရုမစိုက်ဘူး။ မဟာလေဟာနယ်အောက်မှာ ရှိတဲ့သူမှန်သမျှဟာ ပုရွက်ဆိတ်တွေပဲ” အကြီးအကဲ မင်သဲ့က အမှုမဲ့အမှတ်မဲ့ ဆိုလိုက်သည်။
ချင်းယွမ်၏ ရင်ထဲမှ ဒေါသမီးမှာ ပိုမို တောက်လောင်လာတော့သည်။ သူမရှေ့ရှိလူမှာ မဟာလေဟာနယ် တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည့် ဆိုးယုတ်သူတစ်ပါး ဖြစ်ကြောင်း သူမ တကယ်ပင် အော်ဟစ်ပြောဆိုလိုက်ချင်သော်လည်း ကံဆိုးစွာပင် ထိုစကားများကို သူမ ထုတ်မပြောနိုင်ခဲ့ပေ။
လုကျိုးသည် မင်သဲ့ကို လက်ညှိုးညွှန်ပြကာ ချင်းယွမ်အား မိန့်ကြားလိုက်၏။
“ချင်းယွမ်... မင်းရဲ့ စွမ်းရည်ကို ငါ့ကို ပြစမ်း”
ချင်းယွမ်သည် သူမ၏ ဒေါသကို မထိန်းချုပ်နိုင်တော့ပေ။ သူမက လုကျိုးကို ဦးညွှတ်လျက် ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ မျှော်နန်းသခင်”
အကြီးအကဲ မင်သဲ့သည် ချင်းယွမ်ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ခဏမျှ ကြောင်အသွားသည်။ ထို့နောက်တွင် ချင်းယွမ်သည် ကောင်းကင်ယံ တစ်ခုလုံးကို လင်းထိန်သွားစေသော တောက်ပသည့် အလင်းတန်းများနှင့်အတူ ပေါ်ထွက်လာသည်ကို သူ မြင်လိုက်ရ၏။ ထို့နောက် ချင်းယွမ်၏ ဝတ်ရုံမှာ လေထဲတွင် လွင့်ပျံသွားပြီး တဝီဝီ မြည်သံများမှာလည်း လေထုထဲတွင် ဟိန်းထွက်သွားတော့သည်။ တစ်ချိန်တည်းမှာပင် ပန်းရနံ့များမှာလည်း လေထဲတွင် ပျံ့လွင့်လာခဲ့သည်။
ထိုအချိန်တွင် အကြီးအကဲ မင်သဲ့က အံ့အားသင့်စွာ အော်ဟစ်လိုက်မိ၏။
“ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူ ချင်းယွမ်”
ဝှစ် ဝှစ် ဝှစ်
မင်လွမ်းမှာ ထိတ်လန့်သွားသဖြင့် အလျင်အမြန်ပင် တောင်ပံခတ်၍ ထွက်ပြေးလေတော့သည်။ ၎င်းသည် ကျောပေါ်ရှိ တောင်ပံမျိုးနွယ်စုဝင် ဆယ်ဦးကျော်ကို ခါချလိုက်ပြီး မိုးကုပ်စက်ဝိုင်းဆီသို့ ပျံသန်းသွားတော့၏။ တောင်ပံမျိုးနွယ်စုဝင်များ မြေပြင်သို့ ပြုတ်ကျလာစဉ် သူတို့သည် ကြီးမားသော အန္တရာယ်ကို အာရုံခံမိလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် အကြီးအကဲ မင်သဲ့က အော်ဟစ်လိုက်၏။
“ကာကွယ်ကြစမ်း”
ထို့နောက် အကြီးအကဲ မင်သဲ့သည် လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်ရာ တောင်ပံမျိုးနွယ်စုဝင် ဆယ်ဦးကျော်မှာ စုစည်းသွားကြပြီး အလင်းအရံအတားတစ်ခုကို တည်ဆောက်လိုက်ကြသည်။
ဘုန်း ဘုန်း ဘုန်း
ရေတွက်၍ မရနိုင်သော အရိပ်များမှာ အလင်းဒိုင်းကို တိုက်ခိုက်နေကြသည်။ ချင်းယွမ်သည် အလင်းဒိုင်းကို လျင်မြန်စွာ ဖျက်ဆီးပစ်လိုက်ပြီး တောင်ပံမျိုးနွယ်စုဝင် ငါးဦးကို ဖြတ်ကျော်တိုက်ခိုက်လိုက်၏။
ဝှစ် ဝှစ် ဝှစ်
ခဏအတွင်းမှာပင် ထိုတောင်ပံမျိုးနွယ်စုဝင် ငါးဦး၏ ရင်ဘတ်များမှာ ထိုးဖောက်ခံလိုက်ရတော့သည်။ ချင်းယွမ် ရပ်တန့်လိုက်သောအခါ သူမသည် မူလအသွင် ပြန်ပြောင်းသွားသော သူမ၏ လက်ကို မြှောက်၍ ကြည့်လိုက်၏။ သူမ၏ လက်သည်းများတွင် သွေးများ စွန်းထင်းနေပြီး နှလုံးအချို့ကိုလည်း ဆုပ်ကိုင်ထားသည်ကို မြင်တွေ့ရသည်။ ထို့နောက် သူမသည် လက်ကို ခါလိုက်ပြီး ထိုနှလုံးများကို အမှုမဲ့အမှတ်မဲ့ ပစ်ချလိုက်၏။ သူမမှာ လူသား မဟုတ်သည့်အတွက် လူသားများကဲ့သို့ စက်ဆုပ်ရွံရှာခြင်း မရှိပေ။
အကြီးအကဲ မင်သဲ့မှာ ဒေါသကြောင့် မျက်နှာနှင့် နားရွက်များပါ နီမြန်းလာပြီး ဆိုလိုက်၏။
“မင်းက ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူ ဖြစ်နေရင်ကော ဘာဖြစ်လဲ။ အနှစ် တစ်သိန်းတောင် ရှိနေပြီ၊ အရာရာက ပြောင်းလဲကုန်ပြီ။ မင်း ငါ့ကို မသတ်နိုင်ပါဘူး”
ဝူး။
ထို့နောက်တွင် အလင်းတိုင်ကြီးတစ်ခုမှာ ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။ ချင်းယွမ်က ထိုအလင်းတိုင်ကို ကြည့်ကာ မျက်မှောင်ကျုံ့လျက် ဆို၏။
“ဒါက ဘယ်လို တိုက်ကွက်မျိုးလဲ”
အကြီးအကဲ မင်သဲ့က ဆိုသည်။
“အကယ်၍ ငါသာ သေသွားရင် မဟာလေဟာနယ်နဲ့ ဧကရာဇ်ယွီ တို့က ချက်ချင်း သိသွားလိမ့်မယ်။ မင်း ငါ့ကို သတ်ရဲလို့လား”
ဧရာမ အလင်းတိုင်ကြီးမှာ အကြီးအကဲ မင်သဲ့ကို ဖုံးလွှမ်းထားပြီး သူက လူတိုင်းကို ငုံ့ကြည့်နေ၏။ တစ်ချိန်တည်းမှာပင် ကျန်ရှိနေသော တောင်ပံမျိုးနွယ်စုဝင်များကလည်း သူ့ကို ကာကွယ်ထားကြသည်။ ချင်းယွမ်မှာ တုံ့ဆိုင်းသွားရ၏။ သူမသည် အကြီးအကဲ မင်သဲ့ကို သတ်နိုင်လောက်အောင် အစွမ်းထက်သော်လည်း မဟာလေဟာနယ်ကို ရန်သူအဖြစ် သတ်မှတ်ရန်မှာမူ သတ္တိမရှိသေးပေ။ ထို့အပြင် ဆိုးယုတ်သူတစ်ပါး၏ ကျင့်ကြံမှုမှာလည်း နာလန်မထူသေးပေ။ အကယ်၍ သူတို့သည် အချိန်မတိုင်မီ အထောက်အထား ပေါ်ပေါက်သွားပါက ဒုက္ခများသာ ရောက်လာပေလိမ့်မည်။ နောက်ဆုံးတွင် သူမသည် လုကျိုးကို လှည့်ကြည့်ကာ သူ၏ အမြင်ကို တောင်းခံလိုက်ပြန်သည်။
လုကျိုးက အကြီးအကဲ မင်သဲ့ကို လက်ညှိုးညွှန်ပြကာ ခပ်အေးအေးပင် ပြောလိုက်၏။
“သူ့ကို သတ်လိုက်”
ချင်းယွမ်မှာ ထိုအမိန့်ကြောင့် မှင်တက်သွားရသည်။ ဆိုးယုတ်သူတစ်ပါးသည် အတိတ်ကအတိုင်းပင် ဖြစ်နေဆဲပါလား။ အမှန်စင်စစ် ဤသည်မှာ အတိတ်က ဆိုးယုတ်သူတစ်ပါး၏ ဟန်ပန်ပင် ဖြစ်ပေလိမ့်မည်။ အကြီးအကဲ မင်သဲ့က မှောင်မိုက်သော လေသံဖြင့် ဆို၏။
“မင်း... မင်း တကယ် လုပ်ရဲတာလား”
ချင်းယွမ်က အလင်းတိုင်ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီးနောက် စကားတစ်လုံးချင်းကို ပြတ်သားစွာ ဆိုလိုက်သည်။
“မျှော်နန်းသခင်လုရဲ့ ရှေ့မှာ ကျုပ် မလုပ်ရဲတာ ဘာမှ မရှိဘူး”
ဝှစ်
ချင်းယွမ်သည် ကြွေလွင့်ကြယ်တစ်လုံးပမာ ပျံထွက်သွားပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်တော့သည်။ ယင်းကို မြင်သောအခါ တာ့ဟန်မှ ကျင့်ကြံသူများသည် မျက်နှာများ ဖြူရော်သွားကာ အလျင်အမြန် နောက်ဆုတ်ပြေးကြတော့သည်။ အကယ်၍ ထိုတိုက်ပွဲအတွင်း ကြားညှပ်သွားပါက သေချာပေါက် အသက်ပျောက်ပေလိမ့်မည်။ အကြီးအကဲ မင်သဲ့မှာ အံ့အားသင့်ကာ မျက်လုံးများ ပြူးထွက်သွားရ၏။ ချင်းယွမ်သည် ထိုအဘိုးကြီးအပေါ်တွင် ဤမျှအထိ သစ္စာရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အံ့အားသင့်ရုံသာမက သူသည် ဇဝေဇဝါလည်း ဖြစ်နေမိသည်။ အဖြူရောင်ဧကရာဇ်က သူ့ကို ကူညီခဲ့သလို ယခုအခါ ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူကပါ သူ့ကို ကူညီနေပြန်ပြီ မဟုတ်ပါလော။
နောက်ဆုံးတွင် အကြီးအကဲ မင်သဲ့မှာ အော်ဟစ်ရုံသာ တတ်နိုင်တော့သည်။
“ကာကွယ်ကြစမ်း”
ဝူး
ကျန်ရှိနေသော တောင်ပံမျိုးနွယ်စုဝင် ငါးဦး၏ ခန္ဓာကိုယ်များမှာ ရွှေရောင်အလင်းများ ဖြာထွက်လာပြီး အလင်းတိုင်ကို ဝန်းရံလိုက်ကြသည်။
ဘုန်း ဘုန်း ဘုန်း
ချင်းယွမ်သည် အလင်းတိုင်ရှေ့သို့ ရောက်ရှိလာပြီး ရွှေရောင် တောင်ပံမျိုးနွယ်စုဝင် ငါးဦးနှင့် အလင်းတိုင်ကို တိုက်ခိုက်တော့သည်။ သူမ တိုက်ခိုက်လိုက်တိုင်း ပေ ၁၀၀၀၀ ခန့် ကျယ်ပြောသော စွမ်းအင်ဂယက်များမှာ ရိုက်ခတ်သွားပြီး ဟင်းလင်းပြင်မှာလည်း ယိုယွင်းသွားသည်။ ထိုအချိန်တွင် မြောက်ဘက်မြို့တော်ရှိ နန်းတော်ကြီးမှာ မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ တိုက်ပွဲနယ်မြေမှာ အလင်းတိုင်ကြောင့် တစ်နေရာတည်းတွင် မြဲမြံနေပြီး လှုပ်ရှားမှု မရှိပေ။
“သူက တာအိုသူတော်စင် တစ်ယောက်တင် မဟုတ်ဘူးလား” ချင်းယွမ် ဇဝေဇဝါ ဖြစ်သွားရသည်။
အကြီးအကဲ မင်သဲ့မှာ သူ၏ အစွမ်းရှိသမျှဖြင့် ကာကွယ်နေ၏။ သူသည် ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူကို တားဆီးရန် ကြိုးစားရင်း တိတ်ဆိတ်နေမိသည်။ ထိုအခိုက်အတန့်တွင် သူသည် လက်ကို ကောင်းကင်ယံသို့ မြှောက်လိုက်ရာ အလင်းတိုင်မှာ ပိုမို တောက်ပလာတော့သည်။ ထို့နောက်တွင် သူ၏ တောင်ပံများကို ဖြန့်လိုက်ရာ ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သားတစ်ပါးပမာ ဖြစ်နေတော့သည်။
…
အခန်း (၁၅၃၃) သူ၏ အသက်ကို နုတ်ယူခြင်း
အကြီးအကဲ မင်သဲ့သည် တာအိုသူတော်စင်တစ်ပါး ဖြစ်သော်လည်း ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူ၏ ရှေ့တွင်မူ ခုခံကာကွယ်ရုံသာ တတ်နိုင်ရှာသည်။ တောင်ပံမျိုးနွယ်စုဝင်များကို တစ်ခါမျှ မမြင်ဖူးခဲ့ကြသည့် ကျင့်ကြံသူများမှာမူ သူတို့ရှေ့ရှိ အလင်းတိုင်ကြီးမှာ အလွန်ပင် တောက်ပစူးရှလှသဖြင့် မျက်စိများပင် ကျိန်းစပ်လာကြရသည်။
လုကျိုးသည် မျက်မှောင်ကျုံ့လျက် လေသံတိုးတိုးဖြင့် မေးမြန်းလိုက်၏။
“မင်း သူ့ကို အနိုင်မယူနိုင်ဘူးလား”
ဤမေးခွန်းမှာ ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူ ဖြစ်သည့် ချင်းယွမ်အတွက်မူ ကြီးမားသော စော်ကားမှုတစ်ခုပင် ဖြစ်သည်။ ထို့အပြင် သူမသည် ချင်းယွမ်အသိုက်အမြုံတွင် အစွမ်းအထက်ဆုံးသူ ဖြစ်၏။ သူမသည် မဟာလေဟာနယ်လောက် မစွမ်းသော်လည်း အားနည်းသူတော့ မဟုတ်ပေ။ အချိန်တွေ မည်မျှပင် ပြောင်းလဲသွားပါစေ သူတော်စင်သတ်ဖြတ်သူတစ်ဦး၏ စွမ်းအားမှာ တာအိုသူတော်စင်တစ်ပါး အန်တုနိုင်သည့်အရာ မဟုတ်ပေ။ ချင်းယွမ်သည် မိမိကိုယ်ကိုယ် ဒေါသဖြစ်လျက် ဆိုလိုက်၏။
“ကျေးဇူးပြုပြီး ကျုပ်ကို အချိန်ခဏလောက် ပေးပါ”
နားရှိသူမှန်သမျှသည် ဤအခိုက်အတန့်တွင် ချင်းယွမ် မည်မျှအထိ ဒေါသထွက်နေသည်ကို ကြားနိုင်ပေလိမ့်မည်။ သူမ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသည့် အရှိန်အဝါများ ဟုန်းဟုန်းတောက် ထွက်ပေါ်နေတော့သည်။ ချင်းယွမ်သည် ကောင်းကင်ယံသို့ ပျံတက်လိုက်၏။ သူမ၏ ဝတ်ရုံမှာ ပုရစ်တောင်ပံကဲ့သို့သော ပွင့်လင်းမြင်သာသည့် တောင်ပံများအဖြစ် ပြန်လည် ပြောင်းလဲသွားသည်။ သူမ၏ ခန္ဓာကိုယ်မှာ တောင်ပံမျိုးနွယ်စုဝင်များထက် သေးငယ်လှသလို သာမန် သားရဲတစ်ကောင်ထက်ပင် သေးငယ်ပေသည်။ သို့သော်လည်း သေးငယ်ပြီး နုနယ်လှသည်ဟု ထင်ရသော ထိုခန္ဓာကိုယ်အတွင်းရှိ စွမ်းအားကိုမူ မည်သူမျှ သံသယမဝင်ဝံ့ကြပေ။
လူတိုင်းက ခေါင်းမော့ကာ ကြည့်နေကြရသည်။ ချင်းယွမ်သည် တိမ်တိုက်များကြားတွင် ပျံသန်းလျက် စူးရှပြီး နားမခံသာသော တဝီဝီမြည်သံများကို ထုတ်လွှတ်နေ၏။ ထို့နောက်တွင် ကောင်းကင်မှ စိမ်းဖန့်ဖန့် အလင်းကွင်းများ ကျဆင်းလာပြီး တောက်ပလှသော အလင်းတိုင်ကြီးကို ဝိုင်းရံလိုက်သည်ကို လူတိုင်း မြင်တွေ့လိုက်ကြရသည်။
“ဒါက ဘယ်လို တိုက်ကွက်မျိုးလဲ” မင်ရှစ်ရင်က အံ့အားသင့်စွာ မေးလိုက်သည်။
မည်သည့်အချိန်က ရောက်လာသည်မသိသော ယန်းမူသည် မင်ရှစ်ရင်၏ ဘေးတွင် ဝဲပျံနေရင်း တီးတိုးရေရွတ်လိုက်၏။
“ချန်းပေ့တို့တောင် မသိတာ... ကျွန်တော့်လို အငယ်တစ်ယောက်က ဘယ်လိုလုပ် သိပါ့မလဲဗျာ”
မင်ရှစ်ရင်က ယန်းမူဘက်သို့ လှည့်ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။
“ခင်ဗျားက တကယ့်ကို လူကောင်းတစ်ယောက်ပဲ၊ ပြီးတော့ နှိမ့်ချတတ်သေးတယ်။ မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ဖို့ စိတ်ဝင်စားလား”
မင်ရှစ်ရင် မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် ယန်းမူ၏ တုံ့ပြန်မှုမှာ ချင်းယွမ်နှင့် ထပ်တူပင် ဖြစ်နေသည်။ သူက မိမိကိုယ်ကိုယ် လက်ညှိုးညွှန်ပြကာ မေးမြန်းလိုက်၏။
“ကျွန်တော်လား။ ကျွန်တော်က... ကျွန်တော်က အဲဒီလောက်အထိ ထိုက်တန်လို့လားခင်ဗျာ”
မင်ရှစ်ရင် အနည်းငယ် အနေခက်သွားရသည်။ 'တခြားလူတွေရဲ့ မျက်လုံးထဲမှာ မိစ္ဆာဝေဟင်မျှော်နန်းက ဒီလောက်တောင် အစွမ်းထက်နေတာလား'
မင်ရှစ်ရင် ထိုအကြောင်းကို ဆက်မပြောတော့ပေ။ အကယ်၍ လူသစ်စုဆောင်းသည့် အရှိန်မှာ ဤအတိုင်းသာဆိုလျှင် မိစ္ဆာဝေဟင်မျှော်နန်းမှာ မကြာခင် လူတွေနှင့် ပြည့်နှက်သွားတော့မည် ဖြစ်သည်။
ဝူး
မင်ရှစ်ရင် ကောင်းကင်ယံကို ခေါင်းမော့ကြည့်လိုက်သည်။ အလင်းကွင်းများမှာ အလင်းတိုင်ကို တင်းကျပ်စွာ ပတ်ထားဆဲပင်။ မင်ရှစ်ရင် ထိုအခိုက်အတန့်တွင် နားလည်သွားတော့သည်။
“ဒါက သူ ထုတ်လွှတ်လိုက်တဲ့ အစိုင်အခဲဖြစ်သွားတဲ့ အသံလှိုင်းတွေပဲ”
ယန်းမူက အံ့ဩတကြီး အော်ဟစ်လိုက်၏။
“ခင်ဗျား ပြောမှပဲ... အဲဒီအတိုင်း ဖြစ်နေပုံပဲ”
ချင်းယွမ်အနေဖြင့် အသံလှိုင်းများကို အစိုင်အခဲဖြစ်အောင် လုပ်နိုင်ခြင်းမှာ သူမ၏ ခွန်အားကို သက်သေပြနေခြင်းပင် ဖြစ်သည်။ အကြီးအကဲ မင်သဲ့နှင့် သူ၏ မျိုးနွယ်စုဝင်များသည် သူတို့၏ အစွမ်းရှိသမျှဖြင့် ဆက်လက် ကာကွယ်နေကြဆဲပင်။ ကောင်းကင်ယံ၌ ကူးလူးပျံသန်းနေသော ချင်းယွမ်ကို ကြည့်ရင်း မင်သဲ့၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေတော့သည်။ သူက ဟိန်းဟောက်လိုက်၏။
“အခုကစပြီး တောင်ပံမျိုးနွယ်စုနဲ့ ချင်းယွမ်အသိုက်အမြုံဟာ မပြေလည်နိုင်တဲ့ ရန်ဘက်တွေပဲ”
အကြီးအကဲ မင်သဲ့၏ စကား ဆုံးသည်နှင့်
ဘုန်း
ဧရာမ အလင်းတိုင်ကြီးမှာ ကွဲအက်သွားတော့သည်။ အကြီးအကဲ မင်သဲ့သည် ချင်းယွမ်၏ တိုက်ခိုက်မှုများကို ထပ်မံ မခံနိုင်တော့ဘဲ မြေပြင်သို့ ထိုးဆင်းသွားရ၏။ ထို့နောက် သူသည် လေထဲတွင်ပင် သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ တစ်ဖက်တွင်မူ ကျန်ရှိနေသော တောင်ပံမျိုးနွယ်စုဝင် ငါးဦးမှာမူ အစိုင်အခဲဖြစ်သွားသော အသံလှိုင်းများ၏ ခုတ်ပိုင်းခြင်းကို ခံလိုက်ရတော့သည်။ ထိုသို့ဖြင့် ကောင်းကင်ယံမှ သွေးစက်များနှင့် ပြတ်တောက်နေသော အင်္ဂါအစိတ်အပိုင်းများ မိုးပမာ ရွာကျလာခဲ့သည်။
တာ့ဟန်မှ ကျင့်ကြံသူများသည် ထိုအသားစိုင်နှင့် သွေးမိုးများမှ ကင်းဝေးစေရန် သူတို့၏ အကာအကွယ် စွမ်းအင်များကို အလျင်အမြန်ပင် တည်ဆောက်လိုက်ကြရ၏။ အကြီးအကဲ မင်သဲ့သည် မြေပြင်သို့ မကျမီမှာပင် ချင်းယွမ်ကို ကြည့်ကာ သူ၏ လက်ထဲရှိ ကျောက်စိမ်းအဆောင်ကို ရိုက်ခွဲရန် ဆုံးဖြတ်လိုက်သည်။
ဝူး။
လူသားအသွင် ပြန်လည် ပြောင်းလဲထားသော ချင်းယွမ်သည် မျက်စိတစ်မှိတ်အတွင်း အကြီးအကဲ မင်သဲ့၏ ရှေ့တွင် ပေါ်လာပြီး ဆိုလိုက်၏။
“မင်း ထွက်သွားလို့ မရဘူး”
ထိုအချိန်တွင် အကြီးအကဲ မင်သဲ့သည် သူ မည်မျှပင် အားစိုက်စေကာမူ သူ၏ လက်ထဲရှိ ကျောက်စိမ်းအဆောင်ကို မခွဲနိုင်တော့ကြောင်း သိလိုက်ရသည်။ သူသည် သူ၏ ကနဦးချီများကို လှုံ့ဆော်ရန် ကြိုးစားသော်လည်း သူ၏ စွမ်းအင်နှင့် ပတ်ဝန်းကျင်ရှိ စွမ်းအင်များမှာ အေးခဲနေသကဲ့သို့ ဖြစ်နေသည်ကို တွေ့ရှိလိုက်ရ၏။ ထိုတွေ့ရှိချက်များကြောင့် အကြီးအကဲ မင်သဲ့၏ ရင်ထဲ ပြင်းထန်စွာ တုန်လှုပ်တော့သည်။ သူက ချင်းယွမ်ကို စိုက်ကြည့်ရင်း ပြောရန် ကြိုးစားလိုက်သည်။
“မင်း...”
ချင်းယွမ်က တည်ငြိမ်စွာပင် ကြားဖြတ်ဆိုလိုက်၏။
“စိတ်မကောင်းပါဘူး။ မင်းက မစော်ကားသင့်တဲ့သူကို သွားပြီး စော်ကားမိလို့ပဲ”
အကြီးအကဲ မင်သဲ့မှာ အလွန်အမင်း ဒေါသထွက်သွားရသည်။ သူက ချင်းယွမ်ကို စူးစိုက်ကြည့်ရင်း ဆိုလိုက်၏။
“အဖြူရောင်ဧကရာဇ်ကြောင့်နဲ့ မင်းက မဟာလေဟာနယ် တစ်ခုလုံးနဲ့ မဟာအသူရာမြေကိုပါ ရန်သူအဖြစ် သတ်မှတ်တော့မှာလား” ထို့နောက် သူသည် တည်ငြိမ်နေသော လုကျိုးနှင့် ထိတ်လန့်နေကြသော တာ့ဟန် ကျင့်ကြံသူများကို လှမ်းကြည့်လိုက်ပြီးနောက် နာကျင်မှုကို အောင့်အည်းကာ အသံဩဩဖြင့် ဆက်ပြောလိုက်သည်။
“မင်း မင်လွမ်းကို မှတ်မိသင့်ပါတယ်။ သူ ရှိနေသရွေ့တော့ ချင်းယွမ်အသိုက်အမြုံဟာ ပုန်းနေလို့ မရဘူး။ ငါ မှတ်မိသလောက်တော့ ရှေးခေတ်တုန်းက ချင်းယွမ်တွေဆိုတာ ပုန်းအောင်းနေရတာ ဝါသနာပါတဲ့ သူရဲဘောကြောင်သူတွေ မဟုတ်လား။ ဒီတစ်ခါကျရင် မင်းတို့ ဘယ်လောက်ကြာကြာ ပုန်းနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့”
ချင်းယွမ်ထံမှ တုံ့ဆိုင်းမှုနှင့် ကြောက်ရွံ့မှု အရိပ်အယောင်လေး တစ်ခုကို အကြီးအကဲ မင်သဲ့ အာရုံခံမိသဖြင့် မျှော်လင့်ချက် အလင်းတန်းလေး တစ်ခုကို မြင်တွေ့လိုက်ရသလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူက ချင်းယွမ်ကို ဆက်လက်၍ ဖိအားပေးလိုက်၏။ ဘာပဲဖြစ်ဖြစ် သူ၏ အသက်မှာ အန္တရာယ်ရှိနေသည် မဟုတ်ပါလော။ သူက ဆိုလိုက်၏။
“မဟာလေဟာနယ်က တစ်ကမ္ဘာလုံးက ပါရမီရှင်တွေကို စုဆောင်းနေတာ။ တောင်ပံမျိုးနွယ်စုက မဟာအသူရာမြေရဲ့ ဖျက်ဆီးခြင်းတိုင်လုံးကို စောင့်ကြပ်နေသလို ငါတို့က မဟာလေဟာနယ်ရဲ့ မဟာမိတ်တွေပဲ။ မဟာအသူရာမြေရဲ့ လက်ရှိအရှင်သခင် ဧကရာဇ်ယွီ ဟာ မဟာလေဟာနယ်ဧကရာဇ်နဲ့ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်ကြတယ်။ မင်းတို့ရဲ့ သေးနုပ်လှတဲ့ ချင်းယွမ်အသိုက်အမြုံလေး သုတ်သင်ခံရမှာကို မကြောက်ဘူးလား။ မင်လွမ်းက ခြေရာခံတဲ့နေရာမှာ အတော်ဆုံးပဲ။ မင်းတို့ကတော့ ပန်းအဆိပ်တွေနဲ့ လှည့်စားခြင်းအတတ်တွေမှာပဲ ကျွမ်းကျင်တာ။ မင်းတို့ ချောက်နက်ထဲမှာ ပုန်းနေရင်တောင် မင်လွမ်း ကတော့ ရှာတွေ့မှာပဲ”
ချင်းယွမ်၏ တုံ့ဆိုင်းမှုမှာ ပိုမို ပြင်းထန်လာသည်ကို အာရုံခံမိသောအခါ အကြီးအကဲ မင်သဲ့က အေးစက်စွာ ရယ်မောလိုက်သည်။ ထိုအခိုက်အတန့်တွင် လုကျိုးက လေသံအတက်အကျမရှိဘဲ ဆိုလိုက်၏။
“အဲဒါတွေက မင်းနဲ့ ဘာဆိုင်လို့လဲ”
အကြီးအကဲ မင်သဲ့ “…”
လုကျိုး ဆိုလိုသည်မှာ မဟာလေဟာနယ် သို့မဟုတ် ဧကရာဇ်ယွီ တို့ မည်မျှပင် အစွမ်းထက်စေကာမူ အကြီးအကဲ မင်သဲ့နှင့်မူ ဘာမှ မသက်ဆိုင်တော့ပေ။ တစ်နည်းအားဖြင့် ပြောရလျှင် ထိုပညာရှင်ကြီးများက အကြီးအကဲ မင်သဲ့ကဲ့သို့ အရေးမပါလှသော အကြီးအကဲတစ်ဦး၏ အသေအပျောက်ကို ဂရုစိုက်ပါ့မည်လော။
ချင်းယွမ် ထိုအခိုက်အတန့်တွင် နားလည်သွားတော့သည်။ ထို့နောက် သူမက အေးစက်စွာ ဆိုလိုက်၏။
“မင်းရဲ့ ဘဝမှာ ဘယ်သူ့ကို သွားစော်ကားမိလဲဆိုတာ မင်း ဘယ်တော့မှ သိသွားတော့မှာ မဟုတ်ဘူး ထင်တယ်”
ထို့နောက် ချင်းယွမ်သည် သူမ၏ လက်ဝါးဖြင့် ရိုက်နှက်လိုက်သည်။
ဘုန်း
လက်ဝါးစည်းတံဆိပ်သည် လျှပ်စီးပမာ အင်အားဖြင့် အကြီးအကဲ မင်သဲ့၏ ရင်ဘတ်ကို ဖောက်ထွင်းသွားပြီး အသားစိုင်နှင့် သွေးခဲများကိုပါ ဆွဲထုတ်သွားတော့သည်။ သူသည် သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး မျက်လုံးများ နီမြန်းလျက် နောက်သို့ လွင့်စဉ်သွားရ၏။ ပေ ရာဂဏန်းခန့် ရောက်သောအခါ သူသည် ကနဦးချီများ အရပ်မျက်နှာ အနှံ့အပြားသို့ စီးထွက်သွားသည်ကို ခံစားလိုက်ရသည်။
'ကနဦးချီ မုန်တိုင်းလား'
ဤသို့ဖြင့် အကြီးအကဲ မင်သဲ့သည် သူ၏ မွေးဖွားဇယားချပ်များ ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။ ထိုအချိန်တွင် ချင်းယွမ်သည် အကြီးအကဲ မင်သဲ့၏ ရှေ့တွင် ပြန်လည် ပေါ်လာပြန်၏။ သူမက ဆိုလိုက်သည်။
“တာအိုသူတော်စင် တစ်ယောက်ရဲ့ သွေးကို မမြည်းစမ်းရတာ ကြာပြီပဲ”
ဤတစ်ကြိမ်တွင်မူ ချင်းယွမ်သည် တုံ့ဆိုင်းခြင်းမရှိဘဲ သူမ၏ လက်ဝါးဖြင့် ထပ်မံ ရိုက်နှက်လိုက်ပြန်သည်။
ဘုန်း
သို့သော် လက်ဝါးစည်းတံဆိပ်မှာ အကြီးအကဲ မင်သဲ့၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားသော်လည်း ဤတစ်ကြိမ်တွင်မူ မထိုးဖောက်နိုင်တော့ပေ။
“ဟင်” ချင်းယွမ် ဇဝေဇဝါ ဖြစ်သွားရသည်။
အကြီးအကဲ မင်သဲ့သည် သူ ဘာလို့ နောက်သို့ လွင့်မထွက်သွားရသလဲဟု တွေးတောရင်း သူ၏ လက်များကို လှုပ်ရှားလိုက်သည်။ သူ အောက်ကို ငုံ့ကြည့်လိုက်သောအခါ အနက်ရောင် အလင်းလုံးတစ်ခုက ချင်းယွမ်၏ လက်ဝါးစည်းတံဆိပ်ကို ဝါးမျိုနေသည်ကို တွေ့လိုက်ရ၏။
ချင်းယွမ်က မျက်မှောင်ကျုံ့မိသွားသည်။
“တာအိုသူတော်စင် တစ်ယောက်ရဲ့ နတ်ဝိညာဉ်ပုလဲကို ဖျက်ဆီးလို့ မရဘူးလို့ လူတိုင်းက ပြောကြတာပဲ၊ ဒါပေမဲ့ ငါကတော့ အဲဒီလိုလူမျိုး အနည်းငယ်ကို သတ်ခဲ့ဖူးတယ်။ မင်းက ဘာလို့ ဒီလောက်အထိ အသက်ပြင်းနေရတာလဲ”
ထိုအချိန်တွင် အကြီးအကဲ မင်သဲ့သည် ပြုတ်ကျသွားတော့သည်။ သူ တကယ်ပင် ထွက်ပြေးချင်နေမိ၏။ ချင်းယွမ်မှာ ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူ တစ်ဦး ဖြစ်သည်။ သူသည် တာအိုသူတော်စင် တစ်ဦး ဖြစ်သည့်တိုင် ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူကိုမူ မည်သို့မျှ မယှဉ်နိုင်ပေ။ သူ ဤမျှအထိ ကြံ့ကြံ့ခံနိုင်ခဲ့ခြင်းမှာပင် အံ့ဖွယ်တစ်ခု ဖြစ်နေပြီ ဖြစ်သည်။
သို့သော် ချင်းယွမ်က အကြီးအကဲ မင်သဲ့ကို ထွက်ပြေးဖို့ အခွင့်အရေး ပေးပါမည်လော။
ဝှစ်
ချင်းယွမ်၏ လက်မှာ မူလအသွင်အတိုင်း ထက်မြက်လှသော ဓားသွားတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ယင်းကို မြင်တွေ့လိုက်ရသော တာ့ဟန်မှ ကျင့်ကြံသူများသည် ကျောရိုးထဲအထိ စိမ့်သွားကြရ၏။ အတိတ်တုန်းက လူသားနှင့် သားရဲ ခွဲခြားမရနိုင်စဉ်ကဆိုလျှင် လူသားများသည် ဤကဲ့သို့ မြင်ကွင်းမျိုးကို ရွံရှာထိတ်လန့်မည် မဟုတ်ပေ။ သို့သော် ခေတ်သစ်တစ်ခုသို့ ရောက်ရှိလာပြီး လူသားတို့၏ အလှအပဆိုင်ရာ အမြင်များ ပြောင်းလဲသွားချိန်တွင်မူ တာ့ဟန်မှ ကျင့်ကြံသူများ ထိတ်လန့်သွားကြခြင်းမှာ သဘာဝကျလှပေသည်။
အကြီးအကဲ မင်သဲ့၏ မျက်လုံးများမှာ မျှော်လင့်ချက်မဲ့စွာဖြင့် ပြူးကျယ်နေတော့သည်။ အစောပိုင်းက သူ ကယ်တင်ခံခဲ့ရသည့် မြင်ကွင်းမျိုး ထပ်မံ ပေါ်လာလိမ့်မည်ဟု သူ မျှော်လင့်နေမိ၏။ ကံဆိုးစွာပင် မည်သည့် လှုပ်ရှားမှုမျှ ရှိမလာပေ။ သေမင်းတမန်ပမာ မိမိကို တိုက်ခိုက်လာသော ချင်းယွမ်ကို ကြည့်ရင်း သူ မည်သို့မျှ မတတ်နိုင်တော့ပေ။
…