အခန်း (၁၅၃၇-၁၅၃၉)
Vol. 103 Ch. 1537-1539
အခန်း (၁၅၃၇) ငါကိုယ်တိုင်က ဆိုးယုတ်သူတစ်ပါးဖြစ်နေမှန်း ငါတစ်ယောက်တည်းပဲ မသိတာ (၂)
နတ်အရှင် မင်ပန်းက လျှောက်တင်လိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းအတွင်းမှာ အရှင်မင်းကြီးဟာ ဝိညာဉ်ရှာခေါင်းလောင်းကို သုံးကြိမ်ပဲ အသုံးပြုခဲ့ဖူးပါတယ်။ အဲဒီအကြိမ်တိုင်းမှာလည်း အောင်မြင်မှုတွေချည်း ရခဲ့တာပဲ။ အဲဒီအချိန်ကစပြီး ထူဝေ့နန်းဆောင်ရဲ့ အဆင့်အတန်းဟာ ခိုင်မာသွားခဲ့တာပေါ့”
ထူဝေ့သည် မင်ပန်း၏ မြှောက်ပင့်စကားများကို ကြားသော်လည်း အထူးတလည် ဝမ်းမြောက်ဟန် မပြပေ။ သူက ဆက်ပြောလိုက်သည်။
“ဒီပစ္စည်းရှိနေရင် ဘယ်သက်ရှိမှ ငါ့ရဲ့ အာရုံခံနိုင်စွမ်းကနေ လွတ်အောင် မပြေးနိုင်ဘူး”
မင်ပန်းက ခေါင်းညိတ်ပြလိုက်သည်။
“ကျေးဇူးပြုပြီး ကျုပ်တို့ကို ကူညီပေးပါ အရှင်မင်းကြီး”
မင်သဲ့ကလည်း မင်ပန်း၏စကားကို အလျင်အမြန်ပင် ထောက်ခံလိုက်၏။
“ကျေးဇူးပြုပြီး ကျုပ်တို့ကို ကူညီပေးပါ အရှင်မင်းကြီး”
ထူဝေ့က သူ၏လက်စွပ်ကို ခါလိုက်သည်။ ဝိညာဉ်ရှာခေါင်းလောင်းသည် သာယာနာပျော်ဖွယ် အသံများ ထွက်ပေါ်လျက် ပျံထွက်သွားတော့သည်။
ဒင် ဒင် ဒင် ဒင် ဒင်
ထိုအသံမှာ ထူးခြားမှု မရှိလှပေ။ အမှန်စင်စစ် လမ်းပေါ်ရှိ ဆိုးသွမ်းသော ကလေးငယ်များ ဝတ်ဆင်ထားသည့် သာမန်ခေါင်းလောင်းသံနှင့်ပင် တူလှပေသည်။ သို့သော်လည်း ၎င်း၏ ထိုးဖောက်နိုင်စွမ်းမှာမူ အံ့မခန်းဖြစ်လှပေ၏။ ထို့အပြင် ထိုအသံသည် တဖြည်းဖြည်းနှင့် ပိုမို အားကောင်းမြဲမြံလာကာ ဆက်တိုက် မြည်ဟည်းနေတော့သည်။
ဝိညာဉ်ရှာခေါင်းလောင်းသည် လုကျိုး၊ ချင်းယွမ်နှင့် မင်ရှစ်ရင်တို့ရှိရာနှင့် မဝေးလှသဖြင့် ထိုအသံလှိုင်းများမှာ သူတို့ဆီသို့ ရောက်ရှိလာရန် အချိန်အတော်ကြာ မစောင့်လိုက်ရပေ။ အသံလှိုင်းများသည် ဖုံးကွယ်ခြင်းစွမ်းအားနှင့် ထိတွေ့မိသောအခါ တဝီဝီ မြည်သံတစ်ချက် ထွက်ပေါ်လာသည်။
ထို့နောက်တွင် လုကျိုးသည် သူ၏ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန် လှုပ်ခတ်သွားသည်ကို အာရုံခံမိလိုက်၏။ ၎င်းမှာ ဖုံးကွယ်ခြင်းစွမ်းအားက ဝိညာဉ်ရှာခေါင်းလောင်း၏ ရှာဖွေမှုကို မရှောင်လွှဲနိုင်ခြင်းကြောင့် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ကောင်းကင်ကျမ်းစာစွမ်းအားမှာ ထိုအသံကို သဘာဝအတိုင်း တန်ပြန်နိုင်စွမ်း ရှိပေသည်။ သို့သော်လည်း အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် အသံလှိုင်း၏ ထူးခြားသော စွမ်းအင်များကို ဝါးမျိုရန် လှုပ်ရှားလိုက်ချိန်တွင်မူ သူတို့၏ တည်နေရာမှာ ပေါ်ပေါက်သွားတော့သည်။
“ကိုယ်ထင်ပြစမ်း”
ဘုန်း
ထူဝေ့သည် ဝိညာဉ်ရှာခေါင်းလောင်းကို ပြန်လည်သိမ်းဆည်းလိုက်ပြီးနောက် ဧရာမ စွမ်းအင်လှိုင်းတစ်ခုကို လုကျိုး၊ မင်ရှစ်ရင်၊ ချုံးချီနှင့် ချင်းယွမ်တို့ရှိရာဘက်သို့ ပစ်လွှတ်လိုက်တော့သည်။
မင်ပန်းက အံ့အားသင့်သော မျက်နှာထားဖြင့် ငုံ့ကြည့်လိုက်မိ၏။
“ကိုယ်ပျောက်အတတ်လား”
တစ်ဖက်လူမှာ သူ၏မျက်စိအောက်တွင် တစ်လျှောက်လုံး ပုန်းနေလိမ့်မည်ဟု မင်ပန်း မထင်ထားခဲ့ပေ။ ထို့ပြင် တစ်ဖက်လူမှာ ဤမျှကြာအောင် ပုန်းအောင်းနေခဲ့သော်လည်း သူ လုံးဝ အာရုံမခံနိုင်ခဲ့သည် မဟုတ်ပါလော။
ထိုအခိုက်အတန့်တွင် ချင်းယွမ်သည် နောက်သို့ လှည့်ကာ လုကျိုးနှင့် မင်ရှစ်ရင်တို့ကို တွန်းထုတ်လိုက်ရင်း ဆိုလိုက်၏။
“အရှင်တို့ အရင်သွားကြပါ”
ထူဝေ့က သူ၏လက်စွပ်ကို ထပ်မံ ဝှေ့ယမ်းလိုက်ပြန်သည်။ အမည်းရောင် တံတိုင်းတစ်ခု မြေပြင်မှ ထိုးထွက်လာပြီး သူတို့၏ ထွက်ပြေးမည့်လမ်းကို ပိတ်ဆို့လိုက်၏။ သူတော်စင်နန်းဆောင် ရှစ်ခုမှ တောင်ပံမျိုးနွယ်စုဝင် ထောင်ပေါင်းများစွာက သူတို့ကို ဝိုင်းထားလိုက်ကြပြီ ဖြစ်သည်။ ရေတွက်၍ မရနိုင်သော မျက်လုံးပေါင်းများစွာက လုကျိုးနှင့် အခြားသူများကို ငုံ့ကြည့်နေကြတော့သည်။
ထိုအချိန်တွင် မင်သဲ့က နှာခေါင်းရှုံ့လျက် ဆိုလိုက်၏။
“မင်းတို့ ထွက်ပြေးနိုင်မှာ မဟုတ်ဘူးလို့ ငါ ပြောသားပဲ”
မင်ပန်းကလည်း အနည်းငယ် ဒေါသထွက်ဟန်ဖြင့် ပြောလိုက်သည်။
“သာမန် သူတော်စင်လေး တစ်ယောက်ကများ ဒီလို လှည့်ကွက်တွေ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ထူဝေ့က သူ၏လက်ကို မြှောက်ကာ တားဆီးလိုက်ပြီးနောက် လုကျိုးကို တည်ငြိမ်စွာ မေးမြန်းလိုက်သည်။
“မင်း နာမည် ဘယ်သူလဲ”
လုကျိုး စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ ကြည့်ရတာ ဒီနေ့တော့ ကံမကောင်းဘူး ထင်တယ်ဟု သူ တွေးလိုက်မိသည်။ မြစ်နားမှာ လမ်းလျှောက်နေမှတော့ ဖိနပ်မစိုဘဲ ဘယ်ရှိပါ့မလဲ။ နောက်ဆုံးတွင် သူက ထူဝေ့ကို မော့ကြည့်ကာ ပြန်လည် မေးမြန်းလိုက်၏။
“မင်း နာမည်ကော ဘယ်သူလဲ”
မင်ပန်း၊ မင်သဲ့နှင့် ကျန့်ဝမ်ရွှီတို့ သုံးဦးလုံး တစ်ပြိုင်နက်တည်း မျက်မှောင်ကျုံ့လိုက်ကြသည်။
ထို့နောက် မင်သဲ့က လေးနက်သော လေသံဖြင့် ဆိုလိုက်၏။
“မင်းမှာ အဖြူရောင်ဧကရာဇ်ရဲ့ အကာအကွယ် ရှိနေရင်တောင် မဟာဧကရာဇ် ထူဝေ့နဲ့ မဟာနတ်အရှင် မင်ပန်း တို့ရဲ့ ရှေ့မှာတော့ ဒူးထောက်ရမယ်”
ဝှစ်
မင်သဲ့သည် စကားအရှည်ကြီး မပြောတော့ဘဲ လက်ဝါးစည်းတံဆိပ်တစ်ခုကို ပစ်လွှတ်လိုက်သည်။ လုကျိုးကလည်း မင်သဲ့၏ တိုက်ကွက်ကို ရင်ဆိုင်ရန် ကောင်းကင်စွမ်းအားများ ပါဝင်နေသော လက်ဝါးစည်းတံဆိပ်တစ်ခုကို ထုတ်ဖော်လိုက်၏။
ဘုန်း
လုကျိုးမှာ သူတော်စင်အဆင့်မျှသာ ရှိသေးသည်။ ကောင်းကင်စွမ်းအား ရှိနေစေကာမူ အလွန်ဆုံးမှ တာအိုသူတော်စင် တစ်ပါးနှင့် အသာအယာသာ ယှဉ်နိုင်ပေလိမ့်မည်။ မကြာမီမှာပင် သူသည် ကြီးမားသော အင်အားတစ်ခု၏ တွန်းထုတ်ခြင်းကို ခံလိုက်ရပြီး ပေအနည်းငယ် နောက်သို့ လျှောတိုက်သွားရ၏။ နောက်ဆုံးတွင်မှ သူ၏ ဟန်ချက်ကို ပြန်လည် ထိန်းသိမ်းနိုင်ခဲ့သည်။
ချင်းယွမ်သည် လုကျိုး၏ ဘေးသို့ ဖျတ်ခနဲ ရောက်ရှိလာပြီး သူ့ကို တွဲကူလိုက်ရင်း မေးမြန်းလိုက်၏။
“မျှော်နန်းသခင်လု... အဆင်ပြေရဲ့လား”
“ငါ ဘာမှမဖြစ်ဘူး” လုကျိုးက ပြောလိုက်သည်။ ယခုအခိုက်အတန့်တွင် သူသည် သာမန်လူတစ်ယောက်ကဲ့သို့ပင် ရှိနေ၏။
“ချင်းယွမ်လေး... ဖယ်စမ်း” မင်ပန်းက ပြောလိုက်ပြီးနောက် အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်။
ချင်းယွမ်သည် လုကျိုးကို အလျင်အမြန်ပင် တွန်းထုတ်လိုက်၏။ သူမသည် လက်နှစ်ဖက်ကို ပူးကပ်ကာ တောင်ပံများကို ခတ်လိုက်တော့သည်။
ဘုန်း
ချင်းယွမ်သည် လေထဲတွင် တစ်ပတ် လည်သွားပြီးမှ မြေပြင်သို့ ပြန်လည် ဆင်းသက်လိုက်ရသည်။ အစောပိုင်းက အလင်းတန်းများစွာကြောင့် ဒဏ်ရာရထားသဖြင့် သူမမှာ မူလကတည်းက အင်အားကုန်ခမ်းနေပြီ ဖြစ်သည်။ ဤတိုက်ကွက်ကို တားဆီးနိုင်ခဲ့ခြင်းမှာပင် အတော်လေး စွမ်းဆောင်နိုင်ခဲ့ခြင်းပင်။ သူမသည် ကောင်းကင်ယံကို ကြည့်လိုက်သောအခါ သူမ၏ စွမ်းအင်များမှာ ဖရိုဖရဲ ဖြစ်နေတော့သည်။
မင်ရှစ်ရင်မှာ မှင်တက်သွားရ၏။ ဒါဟာ သူကိုယ်သူ အသုံးမကျဘူးလို့ ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းပင်။ ဤကဲ့သို့သော တုနှိုင်းမဲ့ ပညာရှင်ကြီးများ၏ ရှေ့တွင် သူသည် မည်သို့မျှ မတတ်နိုင်ဘဲ ဘာမှ ကူညီနိုင်စွမ်း မရှိခဲ့ပေ။
လုကျိုးသည် ကောင်းကင်ယံကို ကြည့်ကာ လေသံအတက်အကျမရှိဘဲ ဆိုလိုက်၏။
“မင်းတို့မှာ ပြဿနာရှိရင် ငါ့ဆီကိုပဲ တိုက်ရိုက် လာခဲ့ကြ”
“မင်း တစ်ယောက်တည်းနဲ့လား။ အကယ်၍ မင်းသာ အဲဒီမိန်းကလေးကို အပ်မယ်ဆိုရင် ငါ မင်းကို သက်သောင့်သက်သာနဲ့ မြန်မြန် သေခွင့်ပေးမယ်” မင်သဲ့က ဆိုလိုက်သည်။
ကျန့်ဝမ်ရွှီက မင်သဲ့ကို ကြည့်ကာ မေးမြန်းလိုက်၏။
“သူက အဲဒီမိန်းကလေးရဲ့ ဆရာလား”
“မှန်ပါတယ်”
“တုနှိုင်းမဲ့ ပညာရှင်တစ်ယောက် ဖြစ်လိမ့်မယ်လို့ ငါ ထင်နေတာ။ တကယ်တော့ ဘာမှ မဟုတ်ပါလား”
ကျန့်ဝမ်ရွှီက ခပ်အေးအေးပင် ဆိုလိုက်၏။
လုကျိုးသည် ကျန့်ဝမ်ရွှီကို ကြည့်လိုက်သည်။ ရုပ်ရည်အားဖြင့်ဆိုလျှင် သူသည် ကျန့်ဝမ်ရွှီ ဖြစ်ကြောင်း မသိနိုင်ပေ။ သို့သော် ကျန့်ဝမ်ရွှီ၏ စွမ်းအင်များမှာမူ ရင်းနှီးနေသကဲ့သို့ သူ ခံစားလိုက်ရ၏။ ထို့ကြောင့် သူက မေးမြန်းလိုက်သည်။
“မင်းက ကျန့်ဝမ်ရွှီ လား”
“မင်း ငါ့ကို သိနေတာလား” ကျန့်ဝမ်ရွှီက အနည်းငယ် အံ့အားသင့်စွာဖြင့် ပြန်မေးလိုက်၏။
လုကျိုးက ဆိုလိုက်သည်။
“ငါ မင်းကို တစ်ကြိမ် သတ်နိုင်ခဲ့ရင် နောက်ထပ် တစ်ကြိမ်လည်း သတ်နိုင်သေးတယ်”
ကျန့်ဝမ်ရွှီမှာ ထိုစကားကြောင့် ရယ်ချင်သွားရ၏။ သို့သော် ထူဝေ့ ရှိနေသဖြင့် သူ အကျယ်ကြီး မရယ်ဝံ့ပေ။ လုကျိုး၏ ရပ်တည်ချက်ကို မြင်သောအခါ ထူဝေ့က ပြုံးလျက် ဆိုလိုက်သည်။
“စိတ်ဝင်စားဖို့ ကောင်းသားပဲ။ သာမန် သူတော်စင်လေး တစ်ယောက်က မဟာလေဟာနယ်ကို ရင်ဆိုင်တဲ့အခါ ဒီလောက်အထိ ရဲတင်းနေတာပေါ့။ မင်းရဲ့ သတ္တိကိုတော့ ချီးကျူးရမယ်”
လုကျိုးသည် ထူဝေ့ကို ကြည့်လိုက်သည်။ ရှင်းပြ၍ မရသော ရင်းနှီးသည့် ခံစားချက်တစ်ခု သူ၏ စိတ်ထဲတွင် ပေါ်ပေါက်လာ၏။ သို့သော် သူ မည်မျှပင် စဉ်းစားစေကာမူ အဖြေကို ရှာမတွေ့ခဲ့ပေ။ နောက်ဆုံးတွင် သူက မေးမြန်းလိုက်ရုံသာ ရှိတော့သည်။
“မင်းက ထူဝေ့နန်းဆောင်ရဲ့ နန်းဆောင်သခင် မဟာဧကရာဇ် ထူဝေ့ လား”
“ရိုင်းလှချည်လား” မင်ပန်းက ဆိုလိုက်ပြီး လုကျိုးထံသို့ အသံလှိုင်းတစ်ခု ထုတ်လွှတ်လိုက်သည်။
လုကျိုးသည် နောက်သို့ တစ်ပတ် လှည့်လိုက်ပြီး လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် ပေ ၃၀၀၀ ခန့် နောက်သို့ ဆုတ်ခွာသွားတော့သည်။ မင်ရှစ်ရင်၊ ချင်းယွမ်နှင့် ချုံးချီတို့လည်း သူ့နောက်မှ လိုက်ပါသွားကြ၏။
ထူဝေ့၊ မင်ပန်းနှင့် အခြားသူများမှာ နေရာရွှေ့ပြောင်း ပို့ဆောင်ခြင်းကို အသုံးပြုကာ သူတို့၏ အထက်တွင် ပြန်လည် ပေါ်လာပြန်သည်။
“ငါ့ရဲ့ အားအနည်းဆုံး အသံလှိုင်းကိုတောင် မင်း မတားနိုင်ဘဲနဲ့ အရှင်မင်းကြီးအပေါ်မှာ ဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲတယ်ပေါ့။ အဲဒီမိန်းကလေးသာ မရှိရင် ငါ မင်းရဲ့ အရိုးတွေကို အခုလောက်ဆို ဖုန်မှုန့်ဖြစ်အောင် လုပ်လိုက်ပြီးပြီ” မင်ပန်းက လေးနက်သော လေသံဖြင့် ဆိုလိုက်တော့သတည်း။
…
အခန်း (၁၅၃၈) ငါကိုယ်တိုင်က ဆိုးယုတ်သူတစ်ပါးဖြစ်နေမှန်း ငါတစ်ယောက်တည်းပဲ မသိတာ (၃)
မင်ပန်း၏ မျက်လုံးထဲတွင်မူ လုကျိုးမှာ သေလူတစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ လုကျိုးကို မသတ်မီ သူသည် ထိုမိန်းကလေးငယ်ကို အရင်ရှာရမည်ဖြစ်၏။ ထိုသို့ဆိုလျှင် သူ၏ မျိုးနွယ်စုဝင် ဟုန်ကျန့်အတွက် ကလဲ့စားချေပေးနိုင်မည် ဖြစ်သည်။
ထူဝေ့က သက်ပြင်းချလျက် ဆို၏။
"ငါ့မှာ အချိန်အများကြီး ဖြုန်းဖို့ မရှိဘူး"
"နားလည်ပါပြီ" မင်ပန်းက ဆိုကာ သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။
သူတော်စင်နန်းဆောင် ရှစ်ခုမှ အရှင်သခင်များနှင့် တောင်ပံမျိုးနွယ်စုဝင် တစ်ထောင်ကျော်တို့သည် လုကျိုး၊ မင်ရှစ်ရင်နှင့် ချင်းယွမ်တို့ကို ဝိုင်းရံထားလိုက်ကြသည်။
မင်ပန်းက ခြိမ်းခြောက်သော လေသံဖြင့် ဆိုလိုက်၏။
"ငါ မင်းကို နောက်ဆုံး အခွင့်အရေး တစ်ခု ပေးမယ်။ အဲဒီမိန်းကလေးကို အပ်စမ်း။ မဟုတ်ရင်တော့ မင်း သေသွားရင်တောင် မဟာလေဟာနယ်က မင်းရဲ့ မှတ်ဉာဏ်တွေကို စုံစမ်းဖို့ နည်းလမ်းရှိတယ်ဆိုတာ မမေ့နဲ့"
ချင်းယွမ်၏ မျက်လုံးများမှာ ထိုအခိုက်အတန့်တွင် စိုးရိမ်မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ဖြင့် ပြည့်နှက်နေတော့သည်။
မင်ရှစ်ရင်ကလည်း လေသံတိုးတိုးဖြင့် လှမ်းခေါ်လိုက်မိ၏။
"ရှစ်စွင်း..."
ထိုအချိန်တွင် လုကျိုးသည် တည်ငြိမ်စွာပင် လက်နောက်ပစ်လိုက်ပြီး မြေပြင်ကို ခြေတစ်ချက်စောင့်ကာ ကောင်းကင်ယံသို့ ပျံတက်လိုက်သည်။ သူ၏ မျက်နှာမှာ မည်သည့် အမူအရာမျှ မရှိသော်လည်း အကြည့်များမှာမူ စူးရှလှပေသည်။
"မင်း သေချင်နေတာပဲ" မင်သဲ့က ထိုသို့ ပြောကာ စွမ်းအင်တံဆိပ်တစ်ခုဖြင့် တိုက်ခိုက်လိုက်၏။
စွမ်းအင်တံဆိပ် ကျရောက်တော့မည့်ဆဲဆဲတွင် လုကျိုးသည် သူ၏ တစ်ခုတည်းသော အထွတ်အထိပ်ကတ်ကို သုံးလိုက်တော့သည်။ ထိုကတ်မှာ မည်မျှအထိ အစွမ်းထက်သည်ကို သူ မသိသော်လည်း ရလဒ်က ဘာပဲဖြစ်ဖြစ် သူ အစွမ်းကုန် ကြိုးစားမည်ဟု ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
လုကျိုးက တည်ငြိမ်စွာ ဆိုလိုက်၏။
"ဘယ်သူနိုင်မလဲဆိုတာ ပြောဖို့ စောလွန်းပါသေးတယ်"
လုကျိုး အထွတ်အထိပ်ကတ်ကို သုံးလိုက်သည်နှင့် မင်သဲ့၏ စွမ်းအင်တံဆိပ်မှာ လုကျိုးအပေါ်သို့ ကျရောက်လာသည်။ အံ့ဖွယ်အမှတ်အသားဝတ်ရုံမှာ တရှပ်ရှပ် မြည်သွားပြီး ထိုတိုက်ကွက်ကို ပြီးပြည့်စုံစွာ ကာကွယ်ပေးလိုက်၏။
"ဟင်"
ထိုအခိုက်အတန့်တွင် သူတော်စင်နန်းဆောင် ရှစ်ခုက တည်ဆောက်ထားသော ကောင်းကင်ပိတ်ဆို့ခြင်းအစီအရင်မှာ ရုတ်တရက် တဝီဝီ မြည်ဟည်းလာပြီး အရပ်မျက်နှာ အသီးသီးမှ စွမ်းအင်များကို စုစည်းကာ အမည်းရောင် ဝဲဂယက်တစ်ခု ဖြစ်ပေါ်စေတော့သည်။ ထိုစွမ်းအင်များမှာ လျှပ်စီးပမာ အရှိန်ဖြင့် လုကျိုးထံသို့ စီးဝင်သွား၏။
"ဒါ ဘာဖြစ်တာလဲ" မင်ပန်း ဇဝေဇဝါ ဖြစ်သွားရသည်။
ထူဝေ့ကလည်း အံ့အားသင့်စွာဖြင့် စောင့်ကြည့်နေမိ၏။ သူ၏ စိတ်ဝင်စားမှုနှင့် သိချင်စိတ်တို့မှာ အနည်းငယ် လှုံ့ဆော်ခံလိုက်ရသည်။
လုကျိုး၏ ဆံပင်များမှာ လေထဲတွင် လွင့်ပျံနေပြီး စွမ်းအင်များမှာ သူ၏ ပတ်လည်တွင် ပေါင်းစည်း ဝဲလည်နေတော့သည်။ အမည်းရောင် စွမ်းအင်များမှာ ဝင်းလက်လာပြီး အပြာရောင် လျှပ်စီးတန်းများအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် သူ၏ မျက်လုံးများမှ အပြာရောင် အလင်းတန်းများ ဖြာထွက်လာတော့သည်။ ထို့အပြင် အံ့ဖွယ်အမှတ်အသားဝတ်ရုံမှာလည်း ဖျော့တော့သော အပြာရောင် အလင်းများ ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။ မကြာမီမှာပင် သူ၏ လက်မောင်းများနှင့် ခြေထောက်များတွင် အပြာရောင် လျှပ်စီးနဂါးများ ရစ်ပတ်သွားကြတော့သည်။
ဝူး။
လုကျိုး၏ နောက်ကွယ်တွင် မိုးမြေအကြား ဟိတ်ဟန်ကြီးမားလှသော အပြာရင့်ရောင် စိတ်ဝိညာဉ်သဏ္ဌာန်ကြီးတစ်ခု ပေါ်ထွက်လာသည်။ စိတ်ဝိညာဉ်သဏ္ဌာန်၏ ကျောဘက်တွင် ဆွဲချိတ်ထားသော တောက်ပလှသည့် ကြယ်တာရာဒိုင်ခွက်မှာ မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ မွေးဖွားဇယားချပ် အားလုံးမှာ လင်းထိန်နေတော့သည်။
ထူဝေ့၏ သိချင်စိတ်ပြင်းပြနေသော မျက်နှာထားမှာ တဖြည်းဖြည်းနှင့် လေးနက်စိုးရိမ်သော အမူအရာသို့ ပြောင်းလဲသွားသည်။ နောက်ဆုံးတွင် သူ အခြေအနေမှန်ကို ရိပ်မိသွားသောအခါ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိတော့သည်။
"ဆိုးယုတ်သူတစ်ပါး"
ထိုအချိန်တွင် ချင်းယွမ်သည် ကြည်ညိုလေးစားမှုနှင့် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် လုကျိုးကို မော့ကြည့်ကာ ဆိုလိုက်၏။
"ပြန်လည် ကြိုဆိုပါတယ်... ဂုဏ်သိက္ခာကြီးမားလှတဲ့ ဆိုးယုတ်သူတစ်ပါး"
ထို့နောက် ချင်းယွမ်သည် ဒူးတစ်ဖက်ထောက်ကာ သူမ၏ လက်ယာဘက်လက်ကို လက်ဝဲဘက် ပခုံးပေါ်တွင် တင်လိုက်သည်။ သူမ၏ ရင်မှာ ပြင်းထန်စွာ ခုန်နေသော်လည်း မျက်နှာထားမှာမူ အလွန်ပင် ရိုသေကိုင်းရှိုင်းလှပေသည်။ 'ကျုပ် သိတာပေါ့။ ဆိုးယုတ်သူတစ်ပါးဟာ သူ့ ဂုဏ်ကျက်သရေတွေနဲ့ ပြန်လာမှာကို ကျုပ် သိနေတာပဲ'
မင်ပန်း၏ မျက်နှာပေါ်ရှိ မောက်မာမှုများမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး အံ့အားသင့်မှုများဖြင့် အစားထိုးသွားခဲ့ပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လုကျိုးသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲလျက် လှုပ်ရှားလိုက်၏။ သူ၏ အရှိန်အဝါကြောင့် ကျန်သည့်သူများမှာ ပြင်းထန်လှသော ဖိအားများ သူတို့အပေါ်သို့ ကျရောက်လာသကဲ့သို့ ခံစားလိုက်ကြရသည်။ ထူဝေ့နှင့် မင်ပန်းတို့မှာ ဟင်းလင်းပြင်နိယာမကို အသုံးပြုကာ အလျင်အမြန် နောက်ဆုတ်လိုက်ကြရ၏။
ဝှစ်
လုကျိုး တစ်ကိုယ်လုံး အပြာရောင်အလင်းများ ဖုံးလွှမ်းလျက် မင်သဲ့နှင့် ကျန့်ဝမ်ရွှီတို့၏ အကြားတွင် ပေါ်လာသည်။ အပြာရောင် လျှပ်စီးနဂါးများ ရစ်ပတ်နေသော သူ၏ လက်ဝဲနှင့် လက်ယာလက်များဖြင့် ထိုသူနှစ်ဦး၏ ကုပ်ပိုးကို ဖမ်းဆွဲလိုက်တော့သည်။
"ဆိုးယုတ်... ဆိုးယုတ်သူတစ်ပါး" မင်သဲ့ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်မိ၏။
ကျန့်ဝမ်ရွှီမှာမူ သူ၏ ကုပ်ပိုးကို ဖမ်းဆွဲထားသော လုကျိုးကို မျက်လုံးပြူးကာ စိုက်ကြည့်နေမိသည်။ တစ်ချိန်တည်းမှာပင် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ထံမှ မှတ်ဉာဏ်များမှာ တစ်ခုပြီးတစ်ခု ပြန်လည် ရောက်ရှိလာတော့သည်။ သူသည် ရွှေကြာနယ်မြေမှ မိစ္ဆာအိုကြီးကျိကို သတိရသွားသည်။ လက်ဝါးစည်းတံဆိပ် ငါးခု တိုက်ခိုက်ခံရပြီးနောက် မထနိုင်တော့ပုံနှင့် သူ၏ ခန္ဓာကိုယ်အား ဓားဖြင့် ထိုးဖောက်ခံလိုက်ရပုံများကို ပြန်လည် မြင်ယောင်လာခဲ့ပြီ ဖြစ်သည်။ နောက်ဆုံးတွင် သူ အရာရာကို နားလည်သွားတော့၏။ သူက တုန်ရီနေသော အသံဖြင့် မေးမြန်းလိုက်သည်။
"မင်း... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လုကျိုးက ကျန့်ဝမ်ရွှီကို ကြည့်ပင်မကြည့်ဘဲ ခပ်အေးအေးပင် ဆိုလိုက်၏။
"ငါ မင်းကို တစ်ကြိမ် သတ်နိုင်ခဲ့ရင် နောက်ထပ် တစ်ကြိမ်လည်း သတ်နိုင်သေးတာပေါ့"
အဘယ်ကြောင့်ရယ်မသိ၊ ဤအခိုက်အတန့်တွင် လုကျိုးသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များမှာ မိုးမြေ၊ မဟာတာအိုတို့နှင့် တစ်သားတည်း ဖြစ်နေသည်ဟု ခံစားနေရသည်။
မင်သဲ့သည် လွတ်မြောက်ရန် ရုန်းကန်သောအခါ လုကျိုးက သူ၏ ဆုပ်ကိုင်မှုကို ပိုမို တင်းကျပ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ တစ်ကိုယ်လုံးတွင် အပြာရောင် လျှပ်စီးတန်းများ ဝင်းလက်သွားတော့သည်။
"အားးးးး" မင်သဲ့သည် သနားစဖွယ် ထိတ်လန့်ဖွယ်ရာ အော်ဟစ်သံတစ်ခုကို ပြုလုပ်လိုက်ရသည်။ သူသည် သူ၏ မွေးဖွားဇယားချပ် အားလုံးကို တစ်ပြိုင်နက်တည်း အစိမ်းလိုက် အကြိတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရခြင်းပင်။
ထို့နောက်တွင်မူ တိတ်ဆိတ်ခြင်းများသာ လွှမ်းမိုးသွားပြီး မင်သဲ့၏ ခန္ဓာကိုယ်မှာ မြေပြင်သို့ ပျော့ခွေစွာ ပြုတ်ကျသွားတော့သည်။ လုကျိုးသည် သူ၏ လက်ကို တင်းကျပ်လိုက်ရုံမျှဖြင့် တာအိုသူတော်စင် တစ်ပါးကို အလွယ်တကူ သတ်ဖြတ်လိုက်နိုင်ခဲ့ပြီ ဖြစ်သည်။
ထူဝေ့နှင့် မင်ပန်း "..."
သူတော်စင်နန်းဆောင် ရှစ်ခုမှ အရှင်သခင် ရှစ်ဦးနှင့် တောင်ပံမျိုးနွယ်စုဝင် တစ်ထောင်ကျော်တို့မှာမူ သူတို့၏ အဆိုးရွားဆုံး အိပ်မက်ဆိုးနှင့် ရင်ဆိုင်နေရသကဲ့သို့ ထိတ်လန့်တုန်လှုပ်စွာဖြင့် တုန်ရီနေကြတော့သည်။
…
အခန်း (၁၅၃၉) အတိတ်က မဟာနတ်ဧကရာဇ် (၁)
တာအိုသူတော်စင်တစ်ဦးဖြစ်ရန် ကျင့်ကြံရခြင်းမှာ အချိန်ကုန်ပြီး လူပင်ပန်းလှသည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် တာအိုသူတော်စင်တစ်ဦး သေဆုံးခြင်းမှာ ကြီးမားလှသော ဆုံးရှုံးမှုပင်။ တာအိုသူတော်စင်များသည် အထွတ်အထိပ်သက်ရှိများထက် နိမ့်ပါးသော်လည်း အထွတ်အထိပ်သက်ရှိ ဖြစ်လာနိုင်ခြေ အလွန်မြင့်မားသူများ ဖြစ်ကြသည်။ မဟာလေဟာနယ်ဖြစ်စေ၊ မဟာအသူရာမြေဖြစ်စေ ပါရမီရှင်များကို အလွန်တန်ဖိုးထားကြပြီး အထူးသဖြင့် အထွတ်အထိပ်သက်ရှိဖြစ်လာရန် အလားအလာရှိသူများကို ပိုမိုဦးစားပေးကြသည်။ ဤသည်မှာလည်း စီယွမ်အာကို သူတို့ အသည်းအသန် ရှာဖွေနေကြသည့် အကြောင်းရင်းပင် ဖြစ်သည်။
တာအိုသူတော်စင်တစ်ဦးအား ဆိုးယုတ်သူတစ်ပါးက သတ်ဖြတ်လိုက်သည်ကို မြင်တွေ့လိုက်ရသူများ၏ စိတ်ထဲတွင် မည်သို့ခံစားရမည်ကို ခန့်မှန်းကြည့်ရုံဖြင့် သိနိုင်ပေသည်။
“တင်း ပစ်မှတ်ကို သတ်လိုက်ပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ၁၀၀,၀၀၀။ မျိုးနွယ်စုဆုလာဘ် ကုသိုလ်မှတ် ၂၀,၀၀၀။ မှတ်ချက် ပစ်မှတ်တွင် နတ်ဝိညာဉ်ပုလဲသာ ရှိသည်”
ယခု ကျန့်ဝမ်ရွှီ၏ အလှည့်သို့ ရောက်ရှိလာသောအခါ သူ၏မျက်နှာမှာ ပြာနှမ်းနေပြီး မျှော်လင့်ချက်ကင်းမဲ့မှုများက သူ၏နှလုံးသားထဲသို့ လွှမ်းမိုးသွားတော့သည်။ ဤလောကတွင် အချို့သောအရာများသည် ကံကြမ္မာက သတ်မှတ်ထားပြီးသားပင်။ သေခြင်းတရားနှင့် နီးကပ်လာလေလေ သူ၏မှတ်ဉာဏ်များမှာ ပိုမိုရှင်းလင်းလာလေလေ ဖြစ်သည်။ ဤအခိုက်အတန့်တွင် သူသည် တာအိုသူတော်စင် မဖြစ်မီက ကြားဖူးခဲ့သည့် ဒဏ္ဍာရီတစ်ခုကို ပြန်လည်သတိရလိုက်သည်။ ထိုဒဏ္ဍာရီမှာ အထွတ်အထိပ်သက်ရှိများစွာကို တစ်ဦးတည်းနှင့် ရင်ဆိုင်ခဲ့သည့် အတိတ်ကာလမှ မဟာနတ်ဧကရာဇ်၊ ဆိုးယုတ်သူတစ်ပါးအကြောင်းပင် ဖြစ်သည်။
ဆိုးယုတ်သူတစ်ပါးသည် မဟာလေဟာနယ်တွင် တားမြစ်ထားသော အကြောင်းအရာတစ်ခုဖြစ်ပြီး မည်သူမျှ ထုတ်မပြောရဲကြပေ။ သူသည် မဟာလေဟာနယ်ကို ဆန့်ကျင်သူများအားလုံး၏ စံပြပုဂ္ဂိုလ်ဖြစ်သလို အထွတ်အမြတ်ခန်းမအပါအဝင် ခန်းမဆယ်ခုလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သူ ဖြစ်သည်။ မဟာလေဟာနယ်က ယုတ်မာသူဟု တံဆိပ်ကပ်ခဲ့သော ထိုမဟာနတ်ဧကရာဇ်သည် ယခုအခါ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။
၎င်းမှာ ရုတ်တရက်ဆန်ပြီး မမျှော်လင့်ထားသည့် ကိစ္စတစ်ခုပင်။ ကျန့်ဝမ်ရွှီသည် သူ၏ရှင်သန်လိုစိတ်ဖြင့် ရုန်းကန်နေသော်လည်း သူ၏ သွေးကြောများနှင့် စွမ်းအားဗဟိုချက်အတွင်းရှိ စွမ်းအင်ပင်လယ်မှာ ဆိုးယုတ်သူတစ်ပါး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီဖြစ်သည်။ ခွန်အားကွာခြားချက်မှာ မိုးနှင့်မြေပမာပင်။ နောက်ဆုံးတွင် သူသည် ထူဝေ့ဘက်သို့ လှည့်ကာ အားယူ၍ ပြောလိုက်ရတော့သည်။
“ကယ်... ကယ်ပါဦး။ အ... အရှင်မင်းကြီး”
ကျန့်ဝမ်ရွှီတွင် လုပ်ဆောင်ရမည့် ကိစ္စများစွာ ကျန်ရှိနေသေးသည်။ သူသည် အထွတ်အထိပ်သက်ရှိတစ်ဦး၏ အခွင့်အရေးများကို မခံစားရသေးသလို လူပေါင်းများစွာအပေါ် အုပ်ချုပ်ခြင်းနှင့် ငွေရောင်အစောင့်တပ် သုံးထောင်အတွက် ကလဲ့စားချေခြင်းများကိုလည်း မလုပ်ဆောင်ရသေးပေ။ သူသည် အသည်းအသန် အသက်ရှင်ချင်နေမိသည်။ ကံဆိုးစွာပင် သူ၏သခင် ထူဝေ့မှာမူ သူကိုယ်တိုင်ပင် ကျန့်ဝမ်ရွှီထက် ပိုမိုထိတ်လန့်နေပုံရသည်။ ထူဝေ့က သူ့ကို ကယ်တင်ရန် လှုပ်ရှားပါ့မည်လော ဆိုသည်မှာ မသေချာတော့ပေ။
မင်ပန်းမှာမူ သူ၏မာနနှင့် ဝင့်ကြွားမှုများမှာ တစ်ခါမျှမမြင်ဖူးသော ထိုဧရာမစိတ်ဝိညာဉ်သဏ္ဌာန်ကြီးကြောင့် ပြိုလဲပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ဆိုးယုတ်သူတစ်ပါး၏ရှေ့တွင် သူသည် အရွယ်မရောက်သေးသော ကလေးငယ်တစ်ဦးကဲ့သို့သာ ရှိနေတော့သည်။
လုကျိုး၏မျက်လုံးများမှာ အပြာရောင်အလင်းတန်းများ ထပ်မံဝင်းလက်လာပြီး ကောင်းကင်စွမ်းအားများမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။ သို့သော် သူ၏စွမ်းအားမှာ ယခင်ကနှင့်မတူဘဲ ပိုမိုစင်ကြယ်ပြီး တိကျနေသည်ကို သူ အာရုံခံမိလိုက်သည်။
“ကယ်ပါဦး... ကျွန်တော်...” ကျန့်ဝမ်ရွှီသည် လုကျိုး၏လက်ချောင်းများကြားတွင် မိနေသော တွားသွားသတ္တဝါလေးတစ်ကောင်ပမာ ဖြစ်နေသည်။ သူ မည်မျှပင် အော်ဟစ်အကူအညီတောင်းစေကာမူ ထူဝေ့၊ မင်ပန်းနှင့် သူတော်စင်နန်းဆောင် ရှစ်ခုမှသူများမှာ မလှုပ်ဝံ့ကြပေ။
ဆန့်ကျင်ဘက်အနေဖြင့် ချင်းယွမ်မှာမူ အလွန်အမင်း စိတ်လှုပ်ရှားပြီး ဝမ်းသာလွန်းသဖြင့် မျက်ရည်များပင် ကျလာတော့သည်။ တစ်ဖက်တွင်လည်း မင်ရှစ်ရင်မှာ ကြောင်အမ်းအမ်း ဖြစ်နေပြီး ဘာတွေဖြစ်နေမှန်း နားမလည်နိုင်ဘဲ ရှိနေသည်။ သူက သူ့ဘာသာ တီးတိုးရေရွတ်လိုက်မိ၏။
“ဒါ... ဒါ ငါ့ရှစ်စွင်းလား”
လုကျိုး၏ အရှိန်အဝါမှာ လုံးဝပြောင်းလဲသွားသဖြင့် မင်ရှစ်ရင် ဤသို့ခံစားရခြင်းမှာလည်း ဆန်းတော့မဆန်းပေ။
ထူဝေ့က သူ့ကို ကယ်တင်ရန် ရည်ရွယ်ချက် မရှိသည်ကို ကျန့်ဝမ်ရွှီ မြင်သောအခါ လုကျိုးကို ကြည့်ကာ ဆိုလိုက်သည်။
“ကျွန်တော်... ကျွန်တော်... မဟာလေဟာနယ်ဧကရာဇ်။ ကျွန်တော့်မှာ...”
ဂျွတ်
လုကျိုးသည် ကျန့်ဝမ်ရွှီ၏လည်ပင်းကို ညှစ်ထားသည့် သူ၏လက်ကို ပိုမိုတင်းကျပ်လိုက်သည်။ အခြားသူများ၏အမြင်တွင် ဆိုးယုတ်သူတစ်ပါးသည် အငြိုးအတေးကြီးစွာဖြင့် သူ၏လက်ကို ဆုပ်ကိုင်လိုက်ခြင်းပင်။ ထို့နောက်တွင် အပြာရောင်လျှပ်စီးတန်းများ ကျန့်ဝမ်ရွှီအား ရိုက်ခတ်လိုက်သဖြင့် လေထုထဲတွင် တဖြဖြမြည်သံများ ဟိန်းထွက်သွားတော့သည်။ ကျန့်ဝမ်ရွှီတွင် မည်သို့မျှ ခုခံနိုင်စွမ်းမရှိတော့ပေ။ သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများမှာ ဆိုးယုတ်သူတစ်ပါး၏ စွမ်းအင်ကြောင့် ချက်ချင်းပင် လောင်ကျွမ်းသွားရသည်။ သူသည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကိုပင် ထုတ်ဖော်နိုင်စွမ်း မရှိတော့ပေ။ ဆိုးယုတ်သူတစ်ပါး၏ရှေ့တွင် သူသည် ပုချပ်ဆိတ်တစ်ကောင်ပင် မဟုတ်ဘဲ ဖုန်မှုန့်တစ်စမျှသာ ဖြစ်ကြောင်း သူ သိလိုက်ရပြီဖြစ်သည်။
ဘုန်း
လုကျိုးသည် ကျန့်ဝမ်ရွှီအား ကိုင်ထားရင်း မိုးမြေအကြားတွင် ဝဲပျံနေစဉ် ကျန့်ဝမ်ရွှီမှာ အပြာရောင်လျှပ်စီးတန်းများ၏ အဆက်မပြတ် တိုက်ခိုက်ခြင်းကို ခံနေရသည်။ သူသည် အတွင်းရောအပြင်ပါ လျှပ်စီးတန်းများကြောင့် လောင်ကျွမ်းသွားရ၏။ သူ၏ဆံပင်များမှာ တံမြက်စည်းပမာ ဖြစ်သွားပြီး မျက်နှာမှာလည်း မည်းနက်သွားတော့သည်။ အသက်ရှူအနည်းငယ်အကြာတွင် သူသည် နောက်ဆုံးတွင် ငြိမ်သက်သွားတော့သည်။
လုကျိုးသည် အသက်ငွေ့ငွေ့သာ ကျန်တော့သော ကျန့်ဝမ်ရွှီကို ကြည့်ကာ ခပ်အေးအေးပင် ဆိုလိုက်၏။
“မင်းရဲ့ နိမ့်ကျလှတဲ့ အသက်ကို ငါ ချမ်းသာပေးမယ်။ ငါ့ကို လာပြီး ရန်စမိတဲ့ အကျိုးဆက်ကိုတော့ သေသေချာချာ ကြည့်ထားလိုက်စမ်း”
လုကျိုးသည် ကျန့်ဝမ်ရွှီအား လွှင့်ပစ်လိုက်ပြီးနောက် သူ၏လက်ကို ရှေ့သို့ တွန်းထုတ်လိုက်သည်။
ဘုန်း
ကျန့်ဝမ်ရွှီမှာ အပြာရောင်လက်ဝါးစည်းတံဆိပ်တစ်ခု၏ ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး လုံးဝ မလှုပ်နိုင်တော့ပေ။ သူသည် ဧရာမ တွင်းကြီးတစ်ခုအတွင်းသို့ မှောက်လျက်သား ပြုတ်ကျသွားပြီး ကောင်းကင်ယံရှိ ဆိုးယုတ်သူတစ်ပါးကို မော့ကြည့်နေမိသည်။ အောက်ခြေမှ ကြည့်လျှင် ဆိုးယုတ်သူတစ်ပါးမှာ အတုမဲ့ ခန့်ညားထည်ဝါလှပေသည်။ ထိုအချိန်တွင် မင်ပန်းမှာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိ၏။ သူ တကယ်ပင် ထွက်ပြေးချင်နေသော်လည်း အလွန်အမင်း ကြောက်လန့်နေသဖြင့် မလှုပ်ဝံ့ပေ။ ထူဝေ့ ဘာလုပ်မည်ကိုသာ သူ စောင့်ကြည့်နေမိတော့သည်။
လုကျိုးသည် ထူဝေ့ကို ကြည့်ကာ မေးမြန်းလိုက်၏။
“မင်း ဘာလို့ မပြေးတာလဲ”
“ဆိုးယုတ်သူတစ်ပါးနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ပြေးလို့ကော ဘာထူးမှာမို့လို့လဲ” ထူဝေ့က ဆိုသည်။ ဘာပဲဖြစ်ဖြစ် သူသည် ဆိုးယုတ်သူတစ်ပါး၏ စွမ်းဆောင်ရည်များကို အသိဆုံးသူများထဲမှ တစ်ဦး ဖြစ်သည်။ ထို့ကြောင့် ထွက်ပြေးခြင်းမှာ အချည်းနှီးသာ ဖြစ်မည်ကို သူ သိနေသည်။
ဤအခိုက်အတန့်တွင် မင်ပန်းမှာလည်း သတိပြန်ဝင်လာပုံရသည်။ သူက အသံဩဩဖြင့် ဆိုလိုက်၏။
“အခြေအနေက တကယ်ပဲ ဆိုးယုတ်သူတစ်ပါး ဖြစ်နေတာကိုး”
လုကျိုးက လေသံအတက်အကျမရှိဘဲ မိန့်ကြားလိုက်သည်။
“မင်းကိုယ့်ဘာသာ အဆုံးစီရင်ဖို့ အခွင့်အရေး ငါပေးမယ်။ ငါ့လက်ကို စောင့်နေမယ်ဆိုရင်တော့ နောက်ဆုံးမှာ မင်း သေဖို့ တောင်းဆိုနေရမယ်”
တစ်ဖက်လူမှာ ဆိုးယုတ်သူတစ်ပါး ဖြစ်ကြောင်း မင်ပန်း သိသွားသောအခါ အရင်ကကဲ့သို့ မောက်မာမနေတော့ပေ။ သို့သော်လည်း သူက မလျှော့သော ဇွဲဖြင့် ဆိုလိုက်၏။
“မဟာလေဟာနယ်က မင်းကို တစ်ကြိမ် သတ်နိုင်ခဲ့ရင် နောက်ထပ် တစ်ကြိမ်လည်း သတ်နိုင်တာပဲ။ သူတော်စင်နန်းဆောင် ရှစ်ခု... ဒီနေ့ မင်းတို့ မအောင်မြင်ဘူးဆိုရင် သေဖို့သာ ပြင်ထားကြ”
“နားလည်ပါပြီ”
သူတော်စင်နန်းဆောင် ရှစ်ခုမှ တောင်ပံမျိုးနွယ်စုဝင် ထောင်ပေါင်းများစွာသည် အရပ်မျက်နှာ ရှစ်ဖက်သို့ စုရုံးလိုက်ကြပြီး ကောင်းကင်ပိတ်ဆို့ခြင်းအစီအရင်ကို ထိန်းချုပ်လိုက်ကြသည်။ ထို့နောက် အလင်းတိုင် ရှစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားပြီးနောက် ရေတွက်၍ မရနိုင်သော ထက်မြက်သည့် ဓားသွားများသည် ဧရာမ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကြီးအပေါ်သို့ မိုးပမာ ရွာကျလာတော့သည်။
တစ်ဖက်တွင်မူ လုကျိုးသည် ထူဝေ့အား မမှိတ်မသုန် စိုက်ကြည့်နေဆဲပင်။ သူသည် အစီအရင်၏ တိုက်ခိုက်မှုများကို လုံးဝ ဂရုမစိုက်ပေ။ ထို့နောက် သူက ဖြည်းညင်းစွာ ဆိုလိုက်၏။
“မင်းတို့အားလုံးက ငါ့ကို တိုက်ခိုက်ဖို့ အဆင့်မီလို့လား”
ထို့နောက်တွင် အကန့်အသတ်မရှိလှသော စွမ်းအင်များသည် လုကျိုး၏ ခန္ဓာကိုယ်အတွင်းမှ လျှံထွက်လာတော့သည်။
'လူတိုင်းက ငါ့ကို ဆိုးယုတ်သူတစ်ပါးလို့ ခေါ်နေမှတော့... ငါကပဲ ဆိုးယုတ်သူတစ်ပါး ဖြစ်ပေးလိုက်ရတာပေါ့'
ဝူး
ကြာပလ္လင်ပေါ်မှ ပွင့်ချပ်များသည် ရုတ်တရက် ပျံထွက်သွားကြသည်။ တစ်ချပ်မှ နှစ်ချပ်၊ နှစ်ချပ်မှ လေးချပ်၊ သုံးချပ်မှ ခြောက်ချပ်...။ သူတို့၏ အရေအတွက်မှာ ဆက်တိုက် တိုးပွားလာနေပြီး ကြာပလ္လင်နှင့် ဝေးကွာသွားလေလေ ပိုမို ကြီးမားလာလေလေ ဖြစ်သည်။ ဆယ်ဆ၊ အဆတစ်ရာ၊ အဆတစ်ထောင်... ပွင့်ချပ်များ ကြီးထွားလာမှုမှာ ရပ်တန့်မသွားပေ။ ထိုပွင့်ချပ်များ၏ အနံနှင့် အလျားမှာ တိုင်းတာ၍ မရနိုင်လောက်အောင် ဖြစ်သွားပြီး အရပ်မျက်နှာ အနှံ့အပြားသို့ ပျံထွက်သွားကြတော့သည်။
…