← Chapters

အခန်း (၁၅၄၃-၁၅၄၅)

Vol. 103 Ch. 1543-1545

အခန်း (၁၅၄၃-၁၅၄၅)

Vol. 103 Ch. 1543-1545

အခန်း (၁၅၄၃) တုန်ဟည်းသွားသော မိုးမြေ (၁)

“မြဲမြံသော စည်းတံဆိပ်”

ထူဝေ့သည် ကြောက်မက်ဖွယ် စွမ်းအားများ စုစည်းနေသည့် ဧရာမ ဝဲဂယက်ကြီးကို ကြည့်ကာ ကြောက်ရွံ့သွားရသည်။ သူသည် အစွမ်းရှိသမျှ အသုံးပြုကာ စွမ်းအင်တံဆိပ်ပေါင်းများစွာကို ထုတ်ဖော်လိုက်ပြီး သူ၏ ပတ်လည်တွင် ဘဲဥပုံ အကာအကွယ် အရံအတားတစ်ခုကို တည်ဆောက်လိုက်၏။ သူ၏ ဆံနွယ်များကို စည်းနှောင်ထားသော သရဖူငယ်လေးမှာ ကျိုးပဲ့သွားသည်မှာ ကြာပြီဖြစ်ရာ ဆံနွယ်များမှာ လေထဲတွင် ဖရိုဖရဲ လွင့်ပျံနေတော့သည်။

ဧရာမ ဝဲဂယက်ကြီးမှာ ဆက်လက်၍ ပြင်းထန်စွာ လည်ပတ်နေဆဲပင်။ ဝဲဂယက်၏ ဗဟိုချက်မှနေ၍ ဧရာမ အပြာရောင် အလင်းတိုင်ကြီးတစ်ခု ရုတ်တရက် ထိုးထွက်လာပြီး ဘဲဥပုံ ကာကွယ်ရေးအရံအတားပေါ်သို့ ကျရောက်သွားတော့သည်။

တစ်ဦးက တိုက်စစ်ဆင်၍ တစ်ဦးက ခုခံနေခြင်းပင်။

ဆိုးယုတ်သူတစ်ပါးနှင့် ရင်ဆိုင်နေရချိန်တွင် ထူဝေ့သည် နတ်ဧကရာဇ်တစ်ပါး ဖြစ်နေစေကာမူ သူသည် ခံစစ်အနေဖြင့်သာ တောင့်ခံနေရရှာသည်။ သူ့ထံသို့ တိုးဝင်လာသော ကျယ်ပြောလှသည့် စွမ်းအားကြီးကို မြင်လိုက်ရသောအခါ သူ၏ စိတ်မှာ ပြင်းထန်စွာ လှုံ့ဆော်ခံလိုက်ရ၏။ သူ၏ နှလုံးသားထဲတွင် ဒေါသများမှာ ဟုန်းဟုန်းတောက် လောင်ကျွမ်းလာတော့သည်။ သူ ဤအခြေအနေကို လုံးဝ လက်မခံနိုင်ပေ။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ ခံစားခဲ့ရသည့် မကျေနပ်မှုများကလည်း သူ၏ ဒေါသမီးကို ပိုမို တောက်လောင်စေခဲ့သည်။ သူ၏ ဒေါသက ဆိုးယုတ်သူတစ်ပါးအပေါ် ထားရှိသော ကြောက်ရွံ့မှုကို ဖယ်ရှားပေးလိုက်သဖြင့် သူက ဟိန်းဟောက်လိုက်တော့သည်။

“မင်း အသက်ရှင်နေသေးတာကို ငါ တကယ် ဝမ်းသာမိတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းတုန်းက ငါ အရေးနိမ့်ခဲ့ပြီးကတည်းက မင်းနဲ့ နောက်တစ်ကြိမ် ပြန်တိုက်ရဖို့ ငါ အမြဲတမ်း စိတ်ကူးခဲ့တာ။ အခုတော့ ငါ့ရဲ့ ဆန္ဒတွေ ပြည့်ဝသွားပြီပေါ့”

ထူဝေ့သည် တိုက်ခိုက်လိုစိတ်များ ခန္ဓာကိုယ်မှ လျှံထွက်လာစဉ် အရူးအမူး ရယ်မောလိုက်တော့သည်။ တစ်ချိန်တည်းမှာပင် သူသည် သူ သေဆုံးသွားနိုင်သည့် အခြေအနေကိုလည်း လက်ခံလိုက်ပုံရပေသည်။ သူ၏ ကြောက်ရွံ့မှုကို ကျော်လွှားပြီး မိမိ၏ အကန့်အသတ်ကို ဖောက်ထွက်လိုပါက တည်ငြိမ်မှုကို မဆုံးရှုံးစေရန် လိုအပ်ကြောင်း သူ သိသည်။ ထိုသို့ လက်ခံလိုက်ခြင်းမှာ သူ၏ အရှိန်အဝါကို ပြန်လည် ရရှိရန် ပထမဆုံး ခြေလှမ်းပင် ဖြစ်သည်။

နှစ်ပေါင်း တစ်သိန်းတိုင်ခဲ့ပြီ။ ထူဝေ့အနေဖြင့် နတ်ဧကရာဇ်တစ်ပါး ဖြစ်လာရန်မှာ မလွယ်ကူခဲ့ပေ။ သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းက ရရှိခဲ့သည့် အရှုံးမှာ သူ၏ နှလုံးသားထဲတွင် ဖျောက်ဖျက်၍ မရသော အရိပ်မည်းကြီးအဖြစ် ကျန်ရှိနေခဲ့သည်။ ၎င်းမှာ သူ့အား အိပ်မက်ဆိုးတစ်ခုကဲ့သို့ အမြဲတမ်း ခြောက်လှန့်နေခဲ့၏။ ဤအကြောင်းကို တွေးမိသောအခါ သူသည် မကျေနပ်မှုများဖြင့် ပြည့်နှက်သွားပြန်သည်။

ထူဝေ့သည် ဝဲဂယက်ကြီးကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။

ဘုန်း။

စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားသောအခါ တိုက်ခိုက်မှု၏ ဗဟိုချက်မှနေ၍ အလင်းကွင်းတစ်ခု ထွက်ပေါ်လာပြီး အရပ်မျက်နှာ အနှံ့အပြားသို့ ရိုက်ခတ်သွားတော့သည်။ ထိုစွမ်းအင်ဂယက်မှာ မည်မျှ ဝေးဝေးသို့ ရောက်ရှိသွားသည်ကို မည်သူမျှ မသိနိုင်ပေ။ ထိုအလင်းကွင်းကြီးမှာ ပြန့်ကားသွားပြီး သွင့်ကျန်း၏ ဖျက်ဆီးခြင်းတိုင်လုံးနှင့် ထိတွေ့မိသွားတော့သည်။

ဒိုင်း

ဖျက်ဆီးခြင်းတိုင်လုံးပေါ်တွင် နက်ရှိုင်းသော အက်ကြောင်းကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ ပို၍ ထိတ်လန့်စရာကောင်းသည်မှာ ထိုအက်ကြောင်းမှာ အပေါ်နှင့် အောက်သို့ အရှိန်အဟုန်ဖြင့် ပြန့်နှံ့သွားခြင်းပင်။ ကျောက်စိုင်ကျောက်ခဲများမှာ ဖျက်ဆီးခြင်းတိုင်လုံးအတွင်းသို့ အဆက်မပြတ် ပြုတ်ကျလာပြီး ကာကွယ်ရေးအရံအတားကို ရိုက်ခတ်နေတော့သည်။

ယင်းကို မြင်သောအခါ တွမ့်မူထျန်းမှာ မှင်တက်သွားရ၏။

“မဖြစ်နိုင်တာ။ ကောင်းကင်ကြီးက အခုအချိန်မှာ ပြိုကျလို့ မဖြစ်သေးဘူး။ ငါ အကြာကြီး မနေရသေးဘူး၊ အသားဖတ်တွေ ဖြစ်မသွားချင်သေးဘူး”

ကာကွယ်ရေးအရံအတားမှာ တဖျတ်ဖျတ် တုန်ခါနေပြီး ၎င်း၏ စွမ်းအားမှာလည်း သိသိသာသာ အားနည်းလာခဲ့ပြီ ဖြစ်သည်။

တွမ့်မူထျန်းမှာ တုံ့ဆိုင်းသွား၏။ သူ အခုပဲ ထွက်ပြေးသင့်သလားဟု တွေးနေမိသည်။ သူ သင်္ကေတလမ်းကြောင်းကို အသုံးပြုပြီး သွင့်ကျန်းမှ ထွက်ခွာသွားနိုင်သည်။ ကျောက်တုံးကျောက်ခဲများမှာ အကာအကွယ်အပေါ်သို့ ပိုမို၍ ပြုတ်ကျလာနေကြ၏။ အကာအကွယ်မှာလည်း တဖြည်းဖြည်းနှင့် မှိန်ဖျော့လာတော့သည်။ ထိုအချိန်တွင် လျှပ်စီးတန်းတစ်ခု ကျဆင်းလာပြီး ဖျက်ဆီးခြင်းတိုင်လုံးပေါ်ရှိ အက်ကြောင်းကို ပြုပြင်ရန် ကြိုးစားလိုက်သည်။ ကံဆိုးစွာပင် အက်ကြောင်းကို ပြုပြင်ပြီးသည်နှင့် နောက်ထပ် အလင်းကွင်းများမှာ ထပ်မံ ရောက်ရှိလာပြန်သည်။

ဘုန်း ဘုန်း ဘုန်း

ဝဲဂယက်၏ ဗဟိုချက်မှနေ၍ အပြာရောင် အလင်းတိုင်များမှာ ပိုမို ပေါ်ထွက်လာတော့သည်။ ယခင်ကနှင့် မတူညီသည့်အချက်မှာ အလင်းတိုင်တစ်ခုစီ၏ ပတ်လည်တွင် အပြာရင့်ရောင် နဂါးတစ်ကောင်စီ ရစ်ပတ်နေခြင်းပင် ဖြစ်သည်။

ဆိုးယုတ်သူတစ်ပါး၏ ဧရာမ စိတ်ဝိညာဉ်သဏ္ဌာန်မှာ ကောင်းကင်ထက်ကနေ ဝဲဂယက်ကြီးကို စောင့်ကြပ်လျက် ငုံ့ကြည့်နေ၏။ တစ်ဖက်တွင်မူ လုကျိုးသည် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ မျက်ခုံးနှစ်ခုကြားရှိ နေရာတွင် ဝဲပျံနေရင်း ထူဝေ့ကို သူ၏ အပြာရောင်မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ သူသည် သူ၏ ကောင်းကင်ကျမ်းစာ စွမ်းအားအားလုံးကို ထုတ်ဖော်အသုံးပြုထားခဲ့ပြီး ဖြစ်သည်။

ထူဝေ့သည် ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။ သူ၏ ခံ့ညားထည်ဝါသော ပုံရိပ်မှာ ပျောက်ကွယ်သွားသည်မှာ ကြာလှပြီ ဖြစ်သည်။ သူ၏ နားထင်မှ သွေးကြောများမှာ ဖောင်းကြွနေပြီး မျက်လုံးများမှာလည်း မျက်တွင်းထဲမှ ထွက်လာတော့မည့်အတိုင်းပင်။ သူ၏ မျက်ဖြူသားပေါ်တွင် အနက်ရောင် သွေးကြောများကို မြင်တွေ့ရပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ ထိတ်လန့်ဖွယ်ရာ စွမ်းအားများကို ထုတ်ဖော်လိုက်တော့သည်။ အနက်ရောင် စွမ်းအင်များမှာ မိုးမြေအကြားတွင် ပြင်းထန်စွာ လှုပ်ခတ်သွားပြီး ဖျက်ဆီးခြင်း၏ ပုံရိပ်တစ်ခုကို ဖန်တီးလိုက်၏။

ဒင်

ဝိညာဉ်ရှာခေါင်းလောင်းသံ ထွက်ပေါ်လာသည်။

“ကောင်းကင်ကို လောင်ကျွမ်းစေ၊ ပင်လယ်ကို ဆူပွက်စေ”

ထူဝေ့၏ ဘဲဥပုံ အကာအကွယ်မှာ ပျောက်ကွယ်သွားပြီး သူ၏ အနက်ရောင်စိတ်ဝိညာဉ်သဏ္ဌာန်မှာ အနက်ရောင် မီးတောက်များဖြင့် လောင်ကျွမ်းလာတော့သည်။ အနက်ရောင် မီးတောက်များမှာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး လေထု၊ တိမ်တိုက်များနှင့် ပတ်ဝန်းကျင်ရှိ ကနဦးစွမ်းအင်များကိုပါ လောင်ကျွမ်းစေတော့သည်။ ထို့နောက် ပြင်းထန်လှသော အပူစွမ်းအင်မှာ အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွားပြီး မိုင် ၁၀၀ ပတ်လည်အတွင်းရှိ ပန်းများ၊ သစ်ပင်များနှင့် သက်ရှိမှန်သမျှကို လောင်ကျွမ်းစေတော့သည်။

လုကျိုးက သူ၏ လက်ကို ဖိချလိုက်ရင်း ပြောလိုက်သည်။

“ခရမ်းရောင်တောက်ပသံကျောက်”

ဆိုးယုတ်သူတစ်ပါး၏ စွမ်းအားနှင့်အတူ ခရမ်းရောင်တောက်ပသံကျောက်၏ စွမ်းအားမှာလည်း အဆမတန် မြင့်တက်လာခဲ့ပြီ ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အရာအားလုံးမှာ အေးခဲသွားတော့သည်။ ပုံမှန်နိယာမများကို ဖောက်ဖျက်ထားသည့် အေးခဲခြင်းစွမ်းအားမှာ သွင့်ကျန်း၏ ဖျက်ဆီးခြင်းတိုင်လုံးဆီသို့ပါ ပျံ့နှံ့သွားတော့၏။

ဖျက်ဆီးခြင်းတိုင်လုံးအတွင်း၌ ရှိနေဆဲဖြစ်သော တွမ့်မူထျန်းသည် မဟာလေဟာနယ် အပင်ပေါက်လေးကို လှည့်ကြည့်လိုက်သည်။ သူသည် ခေါင်းကိုသာ အားမလိုအားမရ ခါယမ်းလိုက်ပြီး သက်ပြင်းချလိုက်ရုံသာ တတ်နိုင်တော့၏။ အပင်ပေါက်ကို ဆွဲနုတ်နေဖို့ရာ အဓိပ္ပာယ် မရှိတော့ပေ။ သူ ထပ်မံ၍ တောင့်မခံနိုင်တော့ပါချေ။ ကာကွယ်ရေးအရံအတား ပျောက်ကွယ်သွားသည်နှင့် သူသည် ကြွေလွင့်ကြယ်တစ်လုံးပမာ အပြင်သို့ ပျံထွက်သွားတော့သည်။

ဖျက်ဆီးခြင်းတိုင်လုံး၏ အပြင်ဘက်ရှိ လောကကြီးမှာ မီးနှင့် ရေခဲတို့၏ လောကတစ်ခုပမာ ဖြစ်နေတော့သည်။

သူ ခေါင်းမော့ကြည့်လိုက်သောအခါ မေ့ဖျောက်၍ မရနိုင်သော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရ၏။ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုသည် မိုးမြေအကြားတွင် မိုးထိမတတ် မြင့်မားစွာ တည်ရှိနေသည်။ ၎င်းမှာ အရင်က တစ်ခါမျှ မမြင်ဖူးလောက်အောင် ကြီးမားလှပြီး ကောင်းကင်ယံရှိ လေနှင့် တိမ်တိုက်များကို လှုပ်ခတ်စေနေ၏။ ထို့အပြင် တကယ်ပင် ခံ့ညားလှသော အနက်ရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကိုလည်း မြင်တွေ့ရသည်။ ၎င်းမှာ အနက်ရောင် မီးတောက်များဖြင့် လောင်ကျွမ်းလျက် ကောင်းကင်ယံရှိ ဧရာမ ဝဲဂယက်ကြီးကို ဆက်လက် အန်တုနေတော့သည်။

တွမ့်မူထျန်း “...”

တွမ့်မူထျန်းက မှင်တက်သွားတော့သည်။ သူသည် မဟာသူတော်စင်တစ်ပါး ဖြစ်သော်လည်း အလွန်ဆုံး တာအိုသူတော်စင်များ၏ တိုက်ပွဲကိုသာ မြင်ဖူးခဲ့ခြင်း ဖြစ်သည်။ အထွတ်အထိပ်သက်ရှိများ လှုပ်ရှားသည်ကိုမူ သူ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ အထွတ်အထိပ်သက်ရှိများသည် မြင့်မြတ်လှပြီး မည်သူမျှ လက်လှမ်းမမီနိုင်သော သူများ ဖြစ်ကြသည်။ သူတို့သည် ကျင့်ကြံခြင်းနှင့် လူတိုင်း၏ ကိုးကွယ်မှုကို ခံယူခြင်းတို့မှလွဲ၍ အခြားကိစ္စများကို လုပ်ဆောင်လေ့ မရှိကြပေ။ ဘာပဲဖြစ်ဖြစ် မဟာလေဟာနယ်တွင် ပညာရှင်များစွာ ရှိနေသည် မဟုတ်ပါလော။ ထို့ကြောင့် အထွတ်အထိပ်သက်ရှိများအနေဖြင့် ကိုယ်တိုင် ကိုယ်ကျ လှုပ်ရှားနေရန် မလိုအပ်ပါချေ။

ဂျွတ်။

တွမ့်မူထျန်းမှာ နီးကပ်လာသော အေးစက်မှုကို ခံစားလိုက်ရသည်။ “ပြီးပြီ”

ပညာရှင်ကြီးများ တိုက်ခိုက်ကြသောအခါ ဘေးမှ သာမန်လူများမှာ ဒုက္ခရောက်ကြရစမြဲပင်။ တွမ့်မူထျန်းသည် သူ၏ အစွမ်းရှိသမျှဖြင့် ဝေးရာသို့ ပျံသန်းသွားသော်လည်း ကံဆိုးစွာပင် အရှိန်အဟုန်ဖြင့် ပြန့်နှံ့လာသော အေးခဲခြင်းစွမ်းအားမှာ သူ့ကို အမှီလိုက်နိုင်လာတော့သည်။

…

အခန်း (၁၅၄၄) တုန်ဟည်းသွားသော မိုးမြေ (၂)

သေရေးရှင်ရေး အခိုက်အတန့်တွင် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ မျက်လုံးများမှ အပြာရောင်အလင်းတန်းတစ်ခု ထိုးထွက်လာပြီး ဝေးကွာလှသော မိုးကုပ်စက်ဝိုင်းဆီသို့ ဖြတ်သန်းလျက် တွမ့်မူထျန်းကို တိကျစွာ ရိုက်ခတ်လိုက်သည်။

ဘုန်း။

တွမ့်မူထျန်း၏ မျက်နှာမှာ ပြာနှမ်းနေတော့သည်။ ထိုအခိုက်အတန့်တွင် သူ သေရတော့မည်ဟု မည်သို့မျှ သံသယမရှိခဲ့ပေ။ သို့သော် သူ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ပင် ထိုအပြာရောင်အလင်းတန်းမှာ အေးခဲခြင်းစွမ်းအားများကို ချေဖျက်ပေးလိုက်သဖြင့် သူ လွတ်လပ်ခွင့် ရရှိသွားတော့သည်။ သူသည် အလွန်ဝမ်းသာသွားတော့သည်။

“ဘေးဒုက္ခအပြီးမှာ ကံကောင်းခြင်းတွေ ရောက်လာတာပဲ။ ငါ ဒီမှာ သေမှာ မဟုတ်ဘူး”

တွမ့်မူထျန်းသည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ သင်္ကေတလမ်းကြောင်းဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။ သူ၏ တုန်ရီနေသော လက်များဖြင့် သင်္ကေတလမ်းကြောင်းကို လှုံ့ဆော်လိုက်၏။ သူ အခုအလိုချင်ဆုံးအရာမှာ ထိုထိတ်လန့်ဖွယ်ရာ နေရာမှ အမြန်ဆုံး ထွက်ခွာသွားရန်သာ ဖြစ်သည်။

တွမ့်မူထျန်း ထွက်ခွာသွားသည်နှင့်...

ဂျိမ်း

သွင့်ကျန်း၏ ဖျက်ဆီးခြင်းတိုင်လုံးမှာ ဆိုးယုတ်သူတစ်ပါး နှင့် ထူဝေ့တို့၏ ပြင်းထန်လှသော တိုက်ပွဲဒဏ်ကို ထပ်မံ၍ မတောင့်ခံနိုင်တော့ပေ။ မိုးကြိုးသံပမာ အသံကျယ်ကြီးနှင့်အတူ ၎င်းမှာ ပြိုလဲသွားတော့သည်။

ဘုန်း ဘုန်း ဘုန်း

အမှန်စင်စစ် တည်ဆောက်ခြင်းထက် ဖျက်ဆီးခြင်းက ပို၍ လွယ်ကူစမြဲပင်။

မဟာလေဟာနယ်၏ တုန်လှုပ်မှု

ဖျက်ဆီးခြင်းတိုင်လုံး ပြိုလဲသွားသောအခါ ကမ္ဘာမြေကြီးမှာ တုန်ခါသွားသလို မဟာလေဟာနယ်တစ်ခုလုံးလည်း တုန်ဟည်းသွားရတော့သည်။

အထွတ်အမြတ်ခန်းမတွင် ဖြစ်သည်။

ပင်မနန်းဆောင်၏ အပြင်ဘက်ရှိ တရားမျှတမှုချိန်ခွင်မှာ တကျီကျီမြည်ကာ သွင့်ကျန်းရှိရာဘက်သို့ စောင်းသွားတော့သည်။ ပင်မနန်းဆောင်အတွင်း၌ မင်ရှင်းသည် သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး ဟင်းလင်းပြင်ထဲ၌ ပျောက်ကွယ်သွား၏။ သူ အပြင်ဘက်တွင် ပြန်လည်ပေါ်လာချိန်၌ အထွတ်အထိပ်သက်ရှိ လေးပါးမှာလည်း တစ်ချိန်တည်းတွင် ရောက်ရှိလာကြသည်။

အထွတ်အထိပ်သက်ရှိ လေးပါးမှာ မင်ရှင်းကို တညီတညွတ်တည်း ဦးညွှတ်နှုတ်ဆက်လိုက်ကြ၏။

“ဂါရဝပြုပါတယ်”

မင်ရှင်း အပါအဝင် သူတို့အားလုံးမှာ ဘာဖြစ်ခဲ့သည်ကို မသိကြသေးပေ။ သို့သော် တရားမျှတမှုချိန်ခွင်၏ ပြင်းထန်လှသော လှုပ်ရှားမှုကို မြင်သောအခါ အခြေအနေ မည်မျှအထိ စိုးရိမ်ရသည်ကို နားလည်လိုက်ကြသည်။ ထို့ပြင် မြေပြင်မှာလည်း တုန်ခါနေဆဲပင်။ ကြည့်ရသည်မှာ ဤတုန်ခါမှုမှာ သွင့်ကျန်းအရပ်မှ လာခြင်း ဖြစ်ပေလိမ့်မည်။

မကြာမီမှာပင် ရေတွက်၍မရနိုင်သော ပညာရှင်များစွာမှာ အင်အားအပြည့်ဖြင့် ပျံထွက်လာကြသည်။ သူတို့သည် ကောင်းကင်ယံ၌ ဝဲပျံနေရင်း တရားမျှတမှုချိန်ခွင်ကို ငုံ့ကြည့်နေကြ၏။ ထိုလူများမှာ မဟာလေဟာနယ်၏ ခန်းမဆယ်ခုမှ ဖြစ်ကြသည်။

မဟာလေဟာနယ်၏ ခန်းမဆယ်ခုမှာ ယန်ဖုန်း၊ ရွှမ်မုန့်၊ ရို့ကျောက်၊ ချန်ယွီ၊ ကျူးယုံ၊ ထူဝေ့၊ ရှန်းကျန်း၊ ချုံကွမ်း၊ ရွှမ်ယီ၊ ကျောက်ယန်တို့ ဖြစ်ကြသည်။

ချုံကွမ်းနန်းဆောင်၏ အထက်တွင်

လန်ရှီဟယ်သည် လေးနက်သော မျက်နှာထားဖြင့် ကောင်းကင်ယံ၌ ဝဲပျံနေ၏။ ခဏအကြာတွင် အိုးရန်ကျစ်ယွင်ပေါ်လာသည်။

လန်ရှီဟယ်က အနည်းငယ် ဦးညွှတ်လျက် မေးမြန်းလိုက်၏။

“ချန်းပေ့အိုရန်... ဘာဖြစ်ခဲ့လဲဆိုတာ သိလား။ ဘာက ဒီလောက်အထိ ကြီးမားတဲ့ ဆူညံသံကို ဖြစ်စေတာလဲ”

“အထွတ်အမြတ်ခန်းမက လာတဲ့သတင်းအရ တရားမျှတမှုချိန်ခွင်ရဲ့ လှုပ်ရှားမှုက တကယ့်ကို ပြင်းထန်နေတယ်တဲ့။ အခုထိတော့ ဘာကြောင့်လဲဆိုတာကို မသိရသေးဘူး။ ဒါပေမဲ့... ငါ မမှားဘူးဆိုရင်တော့... ဖျက်ဆီးခြင်းတိုင်လုံး တစ်ခု ပြိုလဲသွားပြီ ထင်တယ်”

လန်ရှီဟယ်က ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်မိ၏။

“ဖျက်ဆီးခြင်းတိုင်လုံး ပြိုလဲသွားတယ် ဟုတ်လား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မျှခြေက ဘယ်လောက်ပဲ ပျက်နေပါစေ တိုင်လုံးတွေကို ဖျက်ဆီးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် အထွတ်အမြတ်ခန်းမက တိုင်လုံးတွေကို ကာကွယ်ဖို့ လူတွေ စေလွှတ်ထားတာပဲလေ။ ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး...”

အိုးရန်ကျစ်ယွင်က ခေါင်းမော့ကာ ခပ်အေးအေးပင် ဆိုလိုက်၏။

“အရာအားလုံးမှာ အကျိုးသင့် အကြောင်းသင့် ရှိနေတာ မဟုတ်ဘူး။ ငါတို့ စောင့်ကြည့်ရုံပဲ ရှိတာပေါ့။ ဖြစ်နိုင်တာက မကြာခင် ငါတို့ အဖြေရပါလိမ့်မယ်။ ဒီလောက်အထိ ကြီးမားတဲ့ လှုပ်ခတ်မှုမျိုးကိုတော့ မဟာလေဟာနယ်ဧကရာဇ်က လျစ်လျူရှုထားမှာ မဟုတ်ပါဘူး”

လန်ရှီဟယ်မှာ ဘာမှ ပြန်မပြောဘဲ မှင်တက်စွာ ငုံ့ကြည့်နေမိတော့သည်။

ချုံကွမ်းနန်းဆောင်တွင် ရေကန်တစ်ခု ရှိသည်။ ၎င်းမှာ ပုံမှန်အားဖြင့် မှန်တစ်ချပ်ပမာ တည်ငြိမ်နေသော်လည်း ယခုအခိုက်အတန့်တွင်မူ ရေမျက်နှာပြင်ပေါ်၌ လှိုင်းဂယက်များ ထွက်ပေါ်နေ၏။

အိုးရန်ကျစ်ယွင်က ဆိုလိုက်သည်။

“အရမ်း စိတ်မပူပါနဲ့။ တိုင်လုံးတစ်ခု ပြိုလဲသွားရင်တောင် ကောင်းကင်ကို ထောက်ထားပေးမဲ့ တိုင်လုံး ကိုးခု ကျန်ပါသေးတယ်။ ကောင်းကင်ကြီးက ဒီလောက်အလွယ်တကူ ပြိုကျမှာ မဟုတ်ပါဘူး”

လန်ရှီဟယ်က သူ့ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်ကာ မေးလိုက်၏။

“ချန်းပေ့အိုရန်... ဘာလို့ ချန်းပေ့က ဒါကို လုံးဝ ဂရုမစိုက်သလို ကျွန်မ ခံစားနေရတာလဲ”

“တကယ်တော့...” အိုးရန်ကျစ်ယွင် တစ်ခုခု ပြောချင်သော်လည်း နောက်ဆုံးတွင် ထိန်းသိမ်းလိုက်သည်။ ဤကဲ့သို့သော အရာများကို ပြောရန် စောလွန်းနေသေးသည် မဟုတ်ပါလော။ ထို့ကြောင့် သူက ပြောလိုက်သည်။

“ထားလိုက်ပါတော့”

ကျိမင်၏ ဖျက်ဆီးခြင်းတိုင်လုံးတွင် ဖြစ်သည်။

မြင့်မားလှသော ရေခဲအရံအတားမှာ ရှိနေဆဲပင်။ ၎င်းမှာ ကောင်းကင်ကြီး ပြိုကျလာမည့် အချိန်ကို စောင့်ဆိုင်းနေသကဲ့သို့ ရှိနေတော့သည်။

ရေခဲအရံအတားအတွင်းရှိ ပိုးစာပင်ကြီးပေါ်တွင် ပိုးစာမင်းသမီးသည် လိပ်ပြာတစ်ကောင်ပမာ ရေခဲအရံအတား၏ ထိပ်ဖျားဆီသို့ ပျံတက်သွားသည်။ သူမ ပျံသန်းစဉ် လေပြည်လေညင်းက သူမ၏ အဝါရောင်ဝတ်စုံကို လှုပ်ခတ်စေနေ၏။ သူမ ပျံသန်းစဉ်အတွင်း ဗျိုင်းဖြူများမှာလည်း ဝန်းရံပျံသန်းနေကြသည်။

သူမ ရပ်တန့်လိုက်သောအခါ ကောင်းကင်ယံကို တိတ်ဆိတ် မှင်တက်စွာ ကြည့်နေမိ၏။ ထို့နောက် သူမသည် နဂိုအတိုင်း ရှိနေဆဲဖြစ်သော ကျိမင်၏ ဖျက်ဆီးခြင်းတိုင်လုံးကို ကြည့်လိုက်ပြီးနောက် အောက်သို့ ပြန်လည် ဆင်းသက်သွားတော့သည်။

စစ်ပွဲ၏ အဆုံးသတ်

ဂျိမ်း

သွင့်ကျန်း၏ ဖျက်ဆီးခြင်းတိုင်လုံးမှ ကျောက်တုံးကျောက်ခဲများ ပြိုကျမှုမှာ နောက်ဆုံးတွင် ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့မှာ စုပုံလျက် ကောင်းကင်သို့ မိုးထိမတတ် မြင့်မားလှသော တောင်ကြီးတစ်ခုပမာ ဖြစ်နေတော့၏။

သွင့်ကျန်း၏ ဖျက်ဆီးခြင်းတိုင်လုံးမှ ကျန်ရှိနေသော အရာများကို မြင်လိုက်ရသောအခါ အနက်ရောင် မီးတောက်များမှာ ဆက်လက် လောင်ကျွမ်းနေဆဲပင်။ ထူဝေ့သည် ၎င်းကို မြင်တွေ့လိုက်ရသောအခါ ဟစ်အော်လိုက်မိပြီး သူ၏ ရင်ခုန်သံမှာလည်း ခေတ္တမျှ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

“ဖျက်ဆီးခြင်းတိုင်လုံး”

တစ်ချိန်တည်းမှာပင် အလင်းတိုင်များမှာ ဆက်တိုက် ထိုးထွက်နေဆဲပင်။ လုကျိုးသည် ကောင်းကင်ယံ၌ ဖုံးကွယ်နေသော မဟာလေဟာနယ်ကို မော့ကြည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်မှာ သူ၏ လက်ကို မြှောက်ကာ အနက်ရောင် မြူခိုးများကို ဖယ်ရှားလိုက်၏။ မည်သည့် သားရဲတစ်ကောင်ကိုမျှ မမြင်တွေ့ရပေ။ ဤမျှအဆင့်ရှိသော တိုက်ပွဲမျိုးတွင် ထွက်ပြေးနိုင်သော သားရဲမှန်သမျှမှာ ထွက်ပြေးကုန်ကြပြီ ဖြစ်သည်။ မထွက်ပြေးနိုင်သူများမှာမူ သေဆုံးကုန်ကြပြီ၊ သို့တည်းမဟုတ် သေလုမြောပါး ဖြစ်နေကြပြီ ဖြစ်သည်။

လုကျိုးသည် ထိုအချိန်တွင် မဟာလေဟာနယ်၏ အောက်ခြေကို မြင်လိုက်ရ၏။ ၎င်းမှာ တောင်တန်းတစ်ခုပမာ မညီမညာ ဖြစ်နေပြီး ကောင်းကင်ယံ၌ ပြောင်းပြန်ဆွဲထားသော ကုန်းမြေတစ်ခုနှင့် တူလှပေသည်။

လုကျိုးသည် ဤကိစ္စပေါ်၌ အချိန်အများကြီး မကုန်လိုတော့ပေ။ ထို့အစား သူ၏ လက်ကျန်အချိန်ကို စစ်ဆေးလိုက်ပြီးနောက် ပြောလိုက်သည်။

“ဒါကို အဆုံးသတ်ကြစို့”

ဓားအသွင်ပြောင်းထားသော အမည်မဲ့မှာ လုကျိုး၏ လက်ထဲ၌ ပေါ်ထွက်လာသည်။ ထို့နောက် ၎င်းသည် မကြုံစဖူးသော အရွယ်အစားအထိ ကြီးမားလာတော့၏။ ကောင်းကင်ယံရှိ ဝဲဂယက်ကြီးနှင့် လုကျိုး၏ ကုန်ခမ်းခြင်းမရှိသော စွမ်းအားတို့ ပေါင်းစပ်လိုက်သောအခါ ၎င်းမှာ လောကကြီးကို တုန်ဟည်းစေနိုင်လောက်သော စွမ်းအားများ ရှိနေသကဲ့သို့ပင်။

လုကျိုးသည် အမည်မဲ့ကို အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ လက်ထဲသို့ လွှင့်ပစ်လိုက်သည်။ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် အမည်မဲ့ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် အနက်ရောင်စိတ်ဝိညာဉ်သဏ္ဌာန်အား လျှပ်စီးပမာ အရှိန်ဖြင့် ခုတ်ပိုင်းလိုက်တော့သည်။

ဝှစ်

ယင်းကို မြင်သောအခါ ထူဝေ့၏ မျက်နှာထားမှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို အလျင်အမြန် ပြန်လည် သိမ်းဆည်းလိုက်သည်။ သူသည် စကားတစ်လုံးမှ မပြောတော့ဘဲ ချက်ချင်းပင် လှည့်ထွက်ကာ ထွက်ပြေးလေတော့သည်။

“ရပ်စမ်း”

ထူဝေ့မှာ သဲနာရီကြောင့် ထပ်မံ၍ အတင်းအကျပ် ရပ်တန့်ခြင်း ခံလိုက်ရပြန်သည်။ သူ၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားပြီး သူ၏ စိတ်ထဲတွင် ထိတ်လန့်ဖွယ်ရာ အတွေးတစ်ခု ပေါ်လာတော့၏။

'သူက သဲနာရီနဲ့ ရေဆန်နိယာမတွေကို အကြိမ်ပေါင်းများစွာ သုံးခဲ့ပြီးပြီလေ။ ဘာလို့ သူက အခုထိ ဒီလောက်အထိ အစွမ်းထက်နေသေးတာလဲ။ သူ ဒါကို ဘယ်လို လုပ်တာလဲ။ ဒါက... ဒါက သူ၏ အထွတ်အထိပ်စွမ်းအား ပဲ'

ထိုအချိန်တွင် အမည်မဲ့က ခုတ်ပိုင်းချလိုက်သည်။ အရေးကြီးသော အခိုက်အတန့်တွင် ထူဝေ့သည် သဲနာရီ၏ အာနိသင်မှ ဖောက်ထွက်နိုင်ခဲ့သည်။ သူသည် သူ၏ လက်ကို မြှောက်ကာ အမည်မဲ့ကို ဖမ်းတားလိုက်၏။

ဘုန်း

ကမ္ဘာကြီးမှာ ထပ်မံ၍ တုန်ဟည်းသွားရပြန်သည်။

“ရေဆန်စီးဆင်းမှု” လုကျိုးက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

ထူဝေ့က အော်ဟစ်လိုက်၏။

“အဲဒါကို စိတ်တောင် မကူးနဲ့”

ကံဆိုးစွာပင် ထူဝေ့တွင် နတ်ဧကရာဇ်တစ်ပါး၏ ရုပ်ရည်၊ ကျင့်ကြံမှုနှင့် ခန္ဓာကိုယ် ရှိနေစေကာမူ သူသည် မဟာတာအိုအတွင်းရှိ အစွမ်းအထက်ဆုံး နိယာမတစ်ခုဖြစ်သော ရေဆန်နိယာမကိုမူ မခုခံနိုင်ခဲ့ပေ။ တစ်နည်းအားဖြင့် ပြောရလျှင် သူသည် အချိန်နောက်ပြန်စီးဆင်းမှု၏ ရှေ့မှောက်တွင် မည်သို့မျှ အခွင့်အရေး မရှိခဲ့တော့တာ ဖြစ်သည်။

…

အခန်း (၁၅၄၅) တုန်ဟည်းသွားသော မိုးမြေ (၃)

ဘုန်း။

အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် အမည်မဲ့ကို လွှဲယမ်းကာ ခုတ်ပိုင်းချလိုက်ရာ ထူဝေ့၏ အကာအကွယ်စွမ်းအင်များကို ထိုးဖောက်ပြီး သူ၏ ရင်ဘတ်ထိပ်မှနေ၍ အောက်သို့ စုန်ဆင်းသွားတော့သည်။

ဒိုင်း။

ထူဝေ့သည် သူ၏ ခေါင်းကို ရူးသွပ်စွာ ခါယမ်းလိုက်၏။ ကြောက်မက်ဖွယ်ရာ မျက်နှာထားဖြင့် သူသည် အမည်မဲ့ကို တွန်းထုတ်ကာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲလျက် ထွက်ပြေးရန် ကြိုးစားသည်။ သူ ရပ်တန့်လိုက်ချိန်တွင် သူ၏ ခြေဖဝါးအောက်၌ လိုဏ်ခေါင်းတစ်ခု ပေါ်ထွက်လာ၏။ ထိုအခိုက်အတန့်တွင်ပင် သူ၏ နက်မှောင်သော ဆံနွယ်များမှာ မျက်စိတစ်မှိတ်အတွင်း ဖြူဖွေးသွားတော့သည်။ အားအင်အပြည့်ရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးအသွင်မှ အိုမင်းမစွမ်းသော အဘိုးအိုတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

“ရပ်စမ်း”

လုကျိုးသည် သဲနာရီကို ထပ်မံ၍ ပစ်လွှတ်လိုက်ပြန်သည်။ ကောင်းကင်ယံရှိ သဲနာရီကို မြင်လိုက်ရသောအခါ ထူဝေ့သည် ပိုမို၍ မျှော်လင့်ချက်ကင်းမဲ့သွားပြီး ညည်းတွားရုံသာ တတ်နိုင်တော့သည်။

“ဘာလို့လဲ...” လုကျိုးသည် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်နှင့်အတူ ဆင်းသက်လာ၏။ ထို့နောက် ကြာပလ္လင်ကို လက်နက်သဖွယ် အသုံးပြုကာ ထူဝေ့ထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။ စိတ်ဝိညာဉ်သဏ္ဌာန်၏ မျက်ခုံးနှစ်ခုကြား၌ ဝဲပျံနေသော သူသည် လက်ကို ဖိချလိုက်ရာ အပြာရောင်နဂါးပေါင်းများစွာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ရစ်ပတ်သွားပြီး ကြာပလ္လင်ဆီသို့ စုစည်းသွားကြတော့သည်။

“သေစမ်း”

ကြာပလ္လင် ကျရောက်သွားသောအခါ မိုးမြေနှစ်ခုစလုံး ကွဲအက်သွားတော့သည်။ မိုင် ၁၀၀ ပတ်လည်အတွင်း မြေပြင်၌ အက်ကြောင်းများ ပေါ်ပေါက်လာပြီး မိုင် ၁၀၀၀ အထိ ပြန့်နှံ့သွား၏။ ကြာပလ္လင်သည် ထူဝေ့၏ ဦးခေါင်းပေါ်သို့ ဖိချလိုက်သောအခါ ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ မြေကမ္ဘာကြီး ပြိုကျသွားသကဲ့သို့ပင်။

လုကျိုး မျက်မှောင်ကျုံ့လိုက်မိပြီး အမိန့်ပေးလိုက်သည်။

“ပြန်ရုပ်သိမ်း”

စိတ်ဝိညာဉ်သဏ္ဌာန် ပျောက်ကွယ်သွားပြီးနောက် သူသည် ဇဝေဇဝါဖြင့် အောက်သို့ ငုံ့ကြည့်လိုက်၏။

“ချောက်နက်ကြီးလား။ သွင့်ကျန်းရဲ့ အောက်မှာ ချောက်နက်ကြီး ရှိနေတာလား။ ဒါက ချောက်နက်လား ဒါမှမဟုတ် ငရဲလား?”

လုကျိုးသည် သူ၏ လက်ကျန်အချိန်ကို ထပ်မံ စစ်ဆေးလိုက်ပြီးနောက် အောက်သို့ ငုပ်လျှိုးဆင်းကာ နေရာရွှေ့ပြောင်းပို့ဆောင်ခြင်းစွမ်းအားကို အသုံးပြုလိုက်သည်။ မကြာမီမှာပင် ပြုတ်ကျနေသော ထူဝေ့ကို သူ မြင်တွေ့လိုက်ရ၏။ ထိုအချိန်တွင် ထူဝေ့၏ အတွင်းကလီစာများမှာ ကြာပလ္လင်၏ ဒဏ်ကြောင့် ပျက်စီးနေခဲ့ပြီ ဖြစ်သည်။ သူသည် ခေါင်းမော့ကာ ကောင်းကင်ယံကို ကြည့်လိုက်၏။ ပြင်းထန်လှသော စွမ်းအားများနှင့် ရေတွက်၍မရနိုင်သော အပြာရောင်နဂါးများမှာ သူ၏ ရင်ဘတ်ကို အဆက်မပြတ် ရိုက်ခတ်နေသဖြင့် သူ အထက်သို့ ပြန်လည် ပျံတက်ရန် မဖြစ်နိုင်တော့ပေ။

လုကျိုးသည် ထူဝေ့နောက်သို့ လိုက်လံ ဖမ်းဆီးသည်။ ထူဝေ့သည် သူ၏ အစွမ်းရှိသမျှဖြင့် လက်ဝါးစည်းတံဆိပ်များကို အထက်သို့ ပစ်လွှတ်ကာ ခုခံရန် ကြိုးစားသော်လည်း လုကျိုးက အလွယ်တကူပင် ချေဖျက်ပေးလိုက်၏။ သူတို့သည် အချိန်အတော်ကြာအောင် အောက်သို့ ဆင်းသက်နေခဲ့ကြသည်။

နောက်ဆုံးတွင် ထူဝေ့သည် ခုခံခြင်းကို လက်လျှော့လိုက်တော့သည်။ သူသည် သူ၏ အကန့်အသတ်သို့ ရောက်ရှိနေပြီမှန်း သိလိုက်ပြီ ဖြစ်သည်။ သူသည် သူ၏ နောက်ဆုံးကျန်ရှိနေသော စွမ်းအင်များကို အတင်းအကျပ် လှုံ့ဆော်လိုက်ပြီး အပြာရောင်နဂါးများကို အားယူ၍ ခုခံကာ မှောင်အတိကျနေသော ချောက်နက်ကြီးအတွင်း ဝဲပျံနေလိုက်၏။ ထို့နောက် သူက မော့ကြည့်ကာ ဆိုလိုက်သည်။

“ဆိုးယုတ်သူတစ်ပါး... ငါ မင်းကို မယှဉ်နိုင်ဘူးဆိုတာ ဝန်ခံတယ်”

လုကျိုးသည် ထူဝေ့၏ ရှေ့တွင် ပေါ်လာသည်။ သူ၏ ဆံနွယ်ရှည်ကြီးမှာ လေထဲတွင် လွင့်ပျံနေပြီး အပြာရောင်မျက်လုံးများမှာလည်း ဆွဲဆောင်မှုရှိလှပေသည်။ သူ၏ ခန္ဓာကိုယ်မှ အပြာရောင်အလင်းတန်းများ ဖြာထွက်နေပြီး အပြာရောင် လျှပ်စီးတန်းများမှာလည်း တစ်ကိုယ်လုံး၌ ဝင်းလက်နေတော့သည်။ သူက လေသံအတက်အကျမရှိဘဲ ဆိုလိုက်၏။

“မင်း သေချာပေါက် သေရမယ်လို့ ငါ ပြောခဲ့တယ် မဟုတ်လား”

ထူဝေ့သည် ကောင်းကင်ယံကို တစ်ချက်ကြည့်လိုက်ပြီးမှ အောက်ခြေကို ပြန်ကြည့်ကာ သက်ပြင်းချလိုက်သည်။

“အဲဒီတုန်းက ငါ မင်းနဲ့ တိုက်ခဲ့တုန်းက မင်းက ဘာတိုက်ကွက်မှတောင် မသုံးခဲ့ဘဲ ငါ့ကို အပြင်းအထန် ဒဏ်ရာရစေခဲ့တာ။ ဒီတစ်ခါမှာတော့ မင်းနဲ့ အချိန်အတော်ကြာအောင် တိုက်ခိုက်ခွင့် ရခဲ့တယ်၊ ဒါကို ငါ့ရဲ့ ရင်ထဲက အထုံးကို ဖြေလိုက်နိုင်တာလို့ပဲ သတ်မှတ်ပါတော့မယ်”

ထူဝေ့ စိတ်ထဲမှ တွေးလိုက်မိသည်။ 'ငါ နတ်ဧကရာဇ် တစ်ပါး ဖြစ်လာခဲ့ရင်ကော ဘာထူးမှာလဲ' လုကျိုးသည် ထူဝေ့ကို မည်သည့်အမူအရာမျှ မပြဘဲ တိတ်ဆိတ်စွာ ကြည့်နေမိ၏။ ထူဝေ့က ရုတ်တရက် ရယ်မောလိုက်ပြီး ဆိုလိုက်သည်။

“ဆိုးယုတ်သူတစ်ပါး... မင်း ဘာလို့ ဒီလောက်အထိ အစွမ်းထက်နေရတာလဲ။ ဘာကြောင့်လဲ”

“ဒီလောကမှာ အားကြီးသူနဲ့ အားနည်းသူဆိုတာ အမြဲတမ်း ရှိစမြဲပဲလေ” လုကျိုးက တည်ငြိမ်စွာ ဆိုလိုက်သည်။

“အကယ်၍ မင်းသာ မဟာလေဟာနယ်ကို အတင်းအကျပ် ဆန့်ကျင်မနေခဲ့ရင် ငါတို့ သူငယ်ချင်းတွေ ဖြစ်နိုင်ခဲ့မှာပါ။ ကံဆိုးတာက ငါတို့ဟာ နှစ်ပေါင်း တစ်သိန်းကျော်တိုင်အောင် ရန်သူတွေ ဖြစ်ခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းလုံးမှာ ငါက ထိပ်ဆုံးမှာ ရပ်တည်ခဲ့တယ်။ အခုတော့ မင်းအလှည့် ရောက်ပြီပေါ့” ထူဝေ့က သက်ပြင်းချလျက် ဆို၏။

“ငါတို့ ထိန်းချုပ်လို့မရတဲ့ ကိစ္စတွေ အများကြီး ရှိပါတယ်။ မင်းက ငါ့ရဲ့ ရန်သူဖြစ်ဖို့ ကံပါလာပြီးသားပဲ”

လုကျိုးက ထပ်ပြောလိုက်သည်။

“ငါ့ရဲ့ မဟာတာအို တစ်ခုတည်းနဲ့တင် ငါက အထွတ်အထိပ်ပဲ”

ထူဝေ့ အနည်းငယ် အံ့အားသင့်သွားပြီးမှ ရယ်မောလျက် ဆိုလိုက်၏။

“မှန်တာပေါ့။ မင်းဟာ ကျင့်ကြံခြင်းလမ်းစဉ်အသစ်ကို ပထမဆုံး တီထွင်ခဲ့သူ၊ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ပထမဆုံး ပိုင်ဆိုင်ခဲ့သူနဲ့ မိုးမြေရဲ့ ချုပ်နှောင်မှုတွေကို ပထမဆုံး ဖောက်ထွက်ခဲ့သူပဲ။ မဟာလေဟာနယ်၊ အထွတ်အမြတ်ခန်းမ၊ ခန်းမဆယ်ခုနဲ့ ဒီလောကကြီး တစ်ခုလုံးက မင်းကို လက်ခံနိုင်မှာ မဟုတ်ဘူး”

လုကျိုး ခေါင်းခါလိုက်ရင်း၏။

“ဒီလောကကြီးက ငါ့ကို လက်မခံနိုင်ဘူးဆိုရင် ငါကပဲ ဒီလောကကြီးကို မြေလှန်ပစ်လိုက်မှာပေါ့”

“ကောင်းတယ်။ သိပ်ကောင်းတာပဲ။ ငါသိတဲ့ ဆိုးယုတ်သူတစ်ပါး ဆိုတာ ဒါမျိုးမှပေါ့”

ဝူး

ချောက်နက်ကြီး၏ အနက်ရှိုင်းဆုံးနေရာမှ သမုဒ္ဒရာပမာ ပြင်းထန်လှသော စွမ်းအားများ ထွက်ပေါ်လာသည်။ ၎င်းမှာ စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲလှပေသည်။ ထူဝေ့က အောက်ခြေကို ငုံ့ကြည့်လိုက်ပြီး ဆိုလိုက်၏။

“မြေအောက်လမ်းကြောင်း ပွင့်သွားပြီပဲ။ လူသားတွေနဲ့ သားရဲတွေအတွက် ချုပ်နှောင်မှုတွေဟာ ငရဲ ၁၈ ထပ်မှာ ဝှက်ထားတယ်လို့ မင်း တစ်ခါက ပြောခဲ့ဖူးတယ်၊ ဒါပေမဲ့ ငါ တစ်ခါမှ မယုံခဲ့ဘူး။ ဒီနေ့မှာတော့ ငါ ဒါကို ယုံကြည်သွားပြီ”

လုကျိုးသည် အောက်ခြေမှ သမုဒ္ဒရာပမာ ပြင်းထန်နေသော စွမ်းအားများကို ဇဝေဇဝါဖြင့် ငုံ့ကြည့်လိုက်မိ၏။ သူ၏ နှလုံးသားထဲတွင် မကောင်းသော အငွေ့အသက်တစ်ခု ပေါ်ပေါက်လာသည်။ သူ အချိန်ကို စစ်ဆေးလိုက်သောအခါ လက်ကျန်အချိန် ၃ မိနစ်သာ ရှိတော့ကြောင်း တွေ့လိုက်ရ၏။ သူ ထူဝေ့ကို အရင် သတ်ရမည်။ ယခုတစ်ကြိမ်တွင်မူ သူသည် ချောက်နက်အတွင်း၌ အဖြေများ ရှာဖွေနိုင်လိမ့်မည် မဟုတ်သည်မှာ ထင်ရှားလှပေသည်။ ထို့ပြင် ကောင်းကင်ယံမှ ကိစ္စရပ်များမှာလည်း မဖြေရှင်းရသေးပေ။ သူ့ကို စောင့်ကြိုနေသော လျှို့ဝှက်ချက်များစွာ ရှိနေသေးသည် မဟုတ်ပါလော။

“အချိန်နှောင်းနေပြီ။ မင်း သွားသင့်ပြီ” လုကျိုးက မှောင်မိုက်သော လေသံဖြင့် ဆိုလိုက်သည်။

ထူဝေ့သည် မကျေမနပ် ဖြစ်နေသော်လည်း လျော့နည်းလာသော သူ၏ စွမ်းအားများကြောင့် လက်လျှော့လိုက်ရတော့သည်။ သူသည် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး အပြာရောင်နဂါးများ၏ တိုက်ခိုက်မှုကို အသာတကြည် ခံယူလိုက်တော့သည်။

ဘုန်း

ထူဝေ့ ထပ်မံ တောင့်မခံနိုင်တော့ချေ။ အပြာရောင်နဂါးများသည် သူ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားတော့သည်။ ထိုအခိုက်အတန့်တွင် သူ၏ လက်ထဲ၌ ဝိညာဉ်ရှာခေါင်းလောင်း ပေါ်ထွက်လာပြီး သူက ပြောလိုက်၏။

“ငါ့ရဲ့ အသိစိတ်တွေကို ဒီခေါင်းလောင်းထဲမှာ သွန်းလောင်းခဲ့တယ်။ သေဆုံးသွားတဲ့သူတွေရဲ့ မှတ်ဉာဏ်တွေ အဲဒီထဲမှာ ရှိတယ်...”

ဂျွတ်

ထူဝေ့သည် ဝိညာဉ်ရှာခေါင်းလောင်းကို ရိုက်ခွဲလိုက်တော့သည်။ ထို့နောက်တွင် သူ၏ မျက်နှာထက်၌ အေးချမ်းသော အပြုံးတစ်ခု ပေါ်လာပြီး သူ၏ မျက်လုံးများမှာလည်း အသက်မဲ့သွားတော့၏။ ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်မှာ ကြယ်တာရာ အလင်းစက်များအဖြစ် ပျော်ဝင်သွားပြီး မှောင်အတိကျနေသော ချောက်နက်ကြီးအတွင်း တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့သည်။

“တင်း။ ပစ်မှတ် (နတ်ဧကရာဇ်) တစ်ဦးကို သုတ်သင်လိုက်ပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ငါးသိန်း နယ်ပယ်ဆုလာဘ် ကုသိုလ် မှတ်တစ်သိန်း”

ထိုအချိန်တွင် အောက်ခြေမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများမှာ ပိုမို ပြင်းထန်လာတော့သည်။ လုကျိုးသည် အထက်သို့ ချက်ချင်း ပျံတက်လိုက်၏။

“ဟင်”

မကြာမီမှာပင် လုကျိုး တစ်ခုခု မှားယွင်းနေကြောင်း သိလိုက်ရသည်။ သူ ခေါင်းမော့ကြည့်လိုက်သောအခါ လျှပ်စီးတန်းများနှင့် တူသော အလင်းတန်းများမှာ ချောက်နက်၏ အတွင်းနံရံများအတိုင်း အထက်သို့ ပျံတက်နေကြသည်ကို မြင်လိုက်ရ၏။ လုကျိုးသည် တာအိုစွမ်းအားကို အသုံးပြုလိုက်သည်။

“နောက်ကျသွားပြီ”

ဘုန်း

ချောက်နက်ကြီးမှာ သူ့အလိုလို ပြိုကျသွားတော့သည်။

“တာအိုစွမ်းအားနဲ့ နိယာမတွေကို ကမ္ဘာမြေက ဝါးမျိုနေတာလား” လုကျိုး အံ့ဩတကြီး အော်ဟစ်လိုက်မိ၏။ သူသည် အလွယ်တကူ ထွက်ခွာနိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း တာအိုစွမ်းအားနှင့် နိယာမများကို ကမ္ဘာမြေက ဝါးမျိုသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ချုပ်နှောင်မှုတွေရဲ့ လျှို့ဝှက်ချက်က တကယ်ပဲ မြေအောက်မှာ ရှိနေတာလား”

လုကျိုး အချိန်ကို ကြည့်လိုက်သည်။ အချိန်မှာ အလွန်ပင် လျင်မြန်စွာ ကုန်ဆုံးနေခဲ့ပြီ ဖြစ်သည်။ သူ၏ စိတ်နှလုံးမှာ ချက်ချင်းပင် လေးလံသွားတော့သည်။

…

All Chapters