အခန်း (၁၃၁)
Vol. 14 Ch. 131
လျိုဝေကောသည် မှိုနမူနာအချို့ကို ယူသွားပြီး ရက်ပိုင်းအတွင်းမှာပင် ပထမဆုံး အော်ဒါကို ရရှိခဲ့သည်။ ချန်ရွှေ့ လက်လီအရောင်းဆိုင်က စမ်းသပ်ရောင်းချရန် ကျင်း ၅၀ ဝယ်ယူခဲ့ပြီး ရောင်းကောင်းပါက ထပ်ဝယ်မည်ဟု ကတိပေးခဲ့သည်။
ထို့နောက် ခရိုင်ဟင်းသီးဟင်းရွက်နှင့် အခြေခံစားသောက်ကုန်ဆိုင်က ကျင်း ၃၀၀ မှာယူခဲ့သည်။ ၎င်းဆိုင်မှာ လူစည်ကားပြီး ခရိုင်တစ်ခုလုံးတွင် ဆိုင်ခွဲ ၅ ဆိုင်ရှိသဖြင့် အလားအလာရှိသော ဝယ်သူပင် ဖြစ်သည်။
ထို့အပြင် သူသည် ခရိုင်ရှိ ဌာနဆိုင်ရာ ထမင်းစားဆောင် နှစ်ခုနှင့်လည်း အရောင်းအဝယ် တည့်ခဲ့သည်။ လျိုဝေကောက ပါးနပ်စွာဖြင့် ဆိုင်တွေမှာ မရောင်းခင်ကတည်းက လက်လီဈေးဖြင့် ဈေးဖြတ်ခဲ့သည်။
ထမင်းစားဆောင်များအနေဖြင့် ဆိုင်မှာဝယ်ရမည့်ဈေးနှင့် အတူတူပင်ဖြစ်သဖြင့် သူတို့ထံမှ တိုက်ရိုက်ဝယ်ယူခဲ့ကြသည်။
ဤသို့ဖြင့် သူတို့လက်ကျန်မှိုများမှာ ကုန်သလောက် ဖြစ်သွားခဲ့သည်။ သစ်တောဌာန ထမင်းစားဆောင်က ဝယ်ယူသည့် ကျင်း ၁၀၀ မှာ နှိုင်းယှဉ်လျှင် အနည်းငယ်မျှသာ ဖြစ်တော့သည်။
"ဒုတိယအကြိမ် သစ်တောစိုက်ပျိုးရေးပြီးရင် ဝယ်မယ့်သူတွေကို ထပ်ရှာပေးမယ်။ ဒါပေမဲ့ လက်လီဈေးအတိုင်း ရဖို့တော့ နည်းနည်းခက်သွားနိုင်တယ်"
လျိုဝေကော ပြောလိုက်သည်။ ယန်ရွှယ်လည်း ထိုသို့ဖြစ်လာမည်ကို ခန့်မှန်းထားပြီးသားဖြစ်၍ စိတ်မပျက်ဘဲ သူ၏ ဘောနပ်စ်ကို တွက်ချက်ပေးလိုက်သည်။
လျိုဝေကောက ပြုံးလျက် စနောက်လိုက်သည်။ "ဒါမှ စေတနာရှင်လို့ ခေါ်ရမှာပေါ့။ အိုက်ရုန်ရဲ့ ပထွေး ချီဖန့်လို မဟုတ်ဘူး၊ သူက စားစရာတောင် တွန့်တိုသေးတယ်"
သူ့စကားကြောင့် ယန်ရွှယ်သည် လွန်ခဲ့သည့် တစ်နှစ်က သူမနှင့် ချီဖန့်တို့ တောင်ပေါ်သို့ ပစ္စည်းများ သယ်ယူပို့ဆောင်ခဲ့ကြသည်ကို သတိရသွားသည်။ အဖွားယန် မရောက်လာခင်က သူမသည် ဟင်းချက်ရန် နေ့တိုင်း တစ်နာရီစော၍ ထရသည်။ သစ်တေားခန်းသို့ ရောက်လာခဲ့သည်မှာ တစ်နှစ်ခွဲနီးပါး ရှိခဲ့ပြီဆိုသည်ကို သူမ ယုံရခက်နေဆဲပင်။
သူမက ချီဖန့်ဘက်က နည်းနည်း ကာကွယ်ပြောပေးလိုက်သည်။" သူက ရှင့်ကို ဘာမှမပေးတာလည်း မဟုတ်ပါဘူး။ နောက်ပိုင်းမှာ ကျွန်မ ပိုထည့်ပေးလိုက်သားပဲ မဟုတ်လား"
ထိုစကားကို ကြားသောအခါ လျိုဝေကောက သူမကို ကြောင်ကြည့်ပြီး မေးခဲ့သည်။ "ပိုထည့်ပေးလိုက်တယ်? ဘယ်တုန်းကလဲ? ငါ ဘာလို့ မသိရတာလဲ?"
ယန်ရွှယ်က သူ စနောက်နေသည်ဟု ထင်သော်လည်း လျိုဝေကောက သူမထက်ပင် ပို၍ အံ့သြနေပုံရသည်။
"ချီဖန့်ကတော့ တကယ့်လူပဲနော်။ မင်း ပိုထည့်ပေးတာကို သူက တစ်ခွန်းမှ မဟဘဲ တစ်ယောက်တည်း စားလိုက်တာလား"
ယန်ရွှယ်ခမျာ ချီဖန့်ဘက်က ဆက်မကာကွယ်ပေးနိုင်တော့ပေ။ သူမ ထည့်ပေးလိုက်သမျှကို သူက ဘာသံမှမထွက်ဘဲ ငြိမ်စားလိုက်လိမ့်မည်ဟု သူမ အမှန်တကယ် မထင်ထားခဲ့ပါ။ တော်သေးသည်မှာ ယခု တောင်ပေါ်မတက်ရတော့ခြင်းပင်။ မဟုတ်ပါက သူ အလွန်အကျွံစားပြီး ဗိုက်နာနေနိုင်ပေသည်။
ထိုည အိမ်ပြန်ရောက်သောအခါ ယန်ရွှယ်သည် ချီဖန့်ကို အကြာကြီး စိုက်ကြည့်နေမိသည်။ သူမ၏ အကြည့်မှာ သူ၏အင်္ကျီအောက်က ကြံ့ခိုင်ကျစ်လျစ်သော ဝမ်းဗိုက်သားများဆီသို့ ရောက်နေသည်။ ချီဖန့်က သတိထားမိပြီး တစ်ခုခု ထူးခြားနေလားဟု သူ၏ ဝမ်းဗိုက်ကို အရင်စမ်းကြည့်သည်။ ဘာမှမရှိကြောင်း သိလိုက်သောအခါ သူ၏ မျက်ဝန်းများမှာ နက်မှောင်သွားတော့သည်။
ယန်ရွှယ် ထိုအကြည့်ကို သိသည်။ သူမက သူ့ကို "ကိုယ်ရေးကိုယ်တာအတွင်းရေးမှူး" ဟု စနောက်စဉ်က အကြည့်မျိုးပင်။
ထိုညတွင် "အတွင်းရေးမှူး ချီ" သည် သူ၏ ညှပ်ရိုးနားက မှဲ့လေးဖြင့် ဆွဲဆောင်ကာ လူကြားထဲတွင် လုံးဝမလုပ်သင့်သော အပြုအမူများကို လုပ်ဆောင်ခဲ့သည်။ ထိုအချိန်တွင် "အလုပ်ရှင် ယန်" ခမျာ ခုခံနိုင်စွမ်း မရှိတော့ပေ။ သူမ အတွင်းရေးမှူးလေး၏ ချော့မြှူမှုအောက်တွင် သူမ၏ အလှတရားများအားလုံးကို ပုံအောပေးအပ်လိုက်ရတော့သည်။
ဟုတ်ပါတယ်... "အလုပ်ရှင်လေး" (သူတို့ရင်သွေး) ရှိနေသဖြင့် အတွင်းရေးမှူးမှာ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့ရသော်လည်း ကလေးလေးကိုတော့ နှုတ်ဆက်စကား အသာအယာ ပြောခဲ့သေးသည်။
တစ်စုံတစ်ခုကို ခိုးလုပ်နေရသလို ခံစားချက်ကြောင့်လားမသိ၊ အလုပ်ရှင်ယန်သည် ထိုညက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ သို့သော် နောက်တစ်နေ့ မနက်တွင် သူမ၏ အတွင်းရေးမှူးမှာတော့ အရင်အတိုင်းပင် တက်ကြွလန်းဆန်းနေဆဲပင်။
ယခုလည်း သူ၏ အကြည့်များ ပြောင်းလဲသွားသည်ကို မြင်သောအခါ သူမ ချက်ချင်း ဆူလိုက်သည်။ "ကျွန်မ အရင်က ပိုထည့်ပေးလိုက်တဲ့ စားစရာတွေ ဘယ်ရောက်ကုန်လဲဆိုတာ ကြည့်နေတာ။ တခြားဟာတွေ မတွေးနဲ့။"
ချီဖန့်က ခဏရပ်သွားပြီး စကားလမ်းကြောင်း အသာလေး လွှဲလိုက်သည်။"မှိုရောင်းရတာ ဘယ်လိုလဲ?"
ယန်ရွှယ် ချက်ချင်း သိလိုက်သည်။ သူမ သိသွားပြီဖြစ်၍ သူ ဆက်ပြီး ဖုံးကွယ်၍ မရတော့မှန်း သူ သိသွားပြီ။
"ရှင် တော်တော် ဖုံးထားနိုင်တာပဲနော်။ တစ်နှစ်ကျော်နေပြီ၊ ကျွန်မ တစ်ခုမှ မသိလိုက်ဘူး။"
လွတ်လမ်းမရှိတော့သဖြင့် ချီဖန့်က သူမ၏ ဝမ်းဗိုက်ဆီသို့ စကားလှည့်လိုက်သည်။ "ကိုယ်တို့ သားလေးအတွက် လိုအပ်လို့ ဖြစ်မှာပါ။"
ကလေးမှာ နှစ်သစ်ကူးဝန်းကျင်က ရခဲ့ခြင်းဖြစ်ပြီး သူတို့ အိမ်ထောင်ရေး ကိစ္စကို ပြီးခဲ့သည့် သြဂုတ်လကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ သူက ကလေးရဖို့အတွက် တစ်နှစ်ကြိုပြီး အားဖြည့်နေခဲ့တာလား? ချီဖန့်သည် ကလေးရလာပြီးကတည်းက အရာရာကို ကလေးအပေါ် ပုံချတတ်လာသည်။ ကလေးမှာ သူ၏ ကံကောင်းစေသော အဆောင်လက်ဖွဲ့သဖွယ် ဖြစ်နေတော့သည်။
"အတွင်းရေးမှူး ချီ" မည်သို့ပင် ရာထူးတိုးတိုး၊ "အလုပ်ရှင် ယန်" ၏ မှိုများမှာတော့ ဆိုင်များသို့ ရောက်ရှိပြီးနောက် အရမ်းရောင်းကောင်းနေခဲ့သည်။ ၎င်းတို့မှာ အရည်အသွေးကောင်းပြီး ဈေးနှုန်းမှာလည်း ဈေးထဲကထက် တစ်ကျင်းလျှင် ပြား ၃၀ ပိုသက်သာသည်။ အရောင်းမစတင်မီမှာပင် ဆိုင်ဝန်ထမ်းများက သူတို့အတွက် အရင်ဖယ်ထားကြသည်။
ထိုခေတ်က ဆိုင်ဝန်ထမ်းအလုပ်မှာ လူတိုင်းအားကျရသော အလုပ်ဖြစ်သည်။ ပစ္စည်းကောင်းများ ရောက်လာလျှင် သူတို့က အရင်ဆုံး သိကြပြီး ဝယ်ယူခွင့်လည်း ရကြသည်။ အတွင်းပိုင်း ခွဲဝေမှုများပြီးနောက် သတင်းပျံ့သွားသည်မှာ - လက်လီဆိုင်များတွင် ဈေးကွက်ထဲကထက် ပိုကြီး၊ ပိုကောင်းပြီး ပိုဈေးသက်သာသော မှိုများ ရောက်နေပြီဟူ၍ ဖြစ်သည်။
ညွှန်ကြားရေးမှူး လျို၏ ဇနီးမှာ လက်လီဆိုင်နှင့် အဆက်အသွယ်ရှိသဖြင့် သတင်းကြားသည်နှင့် အပြေးသွားဝယ်ခဲ့သည်။ နေ့လယ်တွင် ညွှန်ကြားရေးမှူး လျို ပြန်ရောက်သောအခါ မှိုထုပ်ကြီးကို တွေ့လိုက်ရသည်။ အစက လက်ဆောင်ဟု ထင်သော်လည်း ဇနီးဖြစ်သူက ဆိုင်မှာ ဝယ်လာခြင်းဖြစ်ကြောင်း ပြောပြသည်။
"ဆိုင်မှာ ဒါတွေ ရောင်းနေပြီလား။ ဘယ်တုန်းကလဲ?"
"လွန်ခဲ့တဲ့ နှစ်ရက်လောက်က စတာ" သူမ ပြောလိုက်သည်။ "သစ်တောစခန်းတစ်ခုက စိုက်တာတဲ့။ ဈေးလည်း သက်သာပြီး အသားလည်း ထူတယ်။"
သူမက ရေစိမ်ထားသော မှိုများကို ပြလိုက်သည်။
ညွှန်ကြားရေးမှူးလျိုသည် တိတ်ဆိတ်စွာ ကြည့်နေပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် ဆိုင်သို့ တိုက်ရိုက်သွားကြည့်သည်။ ဆိုင်းဘုတ်တွင် "တစ်ကျင်း ၃.၅ ယွမ်" ဟု ရေးထားသည်ကို မြင်လိုက်ရသည်။ ဝန်ထမ်းကို မေးကြည့်သောအခါ "ကျင်းချွမ် သစ်တောစခန်းက ထွက်တာ" ဟူသော အဖြေရလိုက်သည်။
သူ၏ စိတ်ထဲတွင် လေးလံသွားတော့သည်။ ညစာစားစဉ် ဇနီးဖြစ်သူ ချက်ထားသော မှိုကို မြည်းကြည့်သောအခါ မနှစ်က ထမင်းစားဆောင်တွင် စားခဲ့ရသော အရသာနှင့် တူနေသည်ကို သတိပြုမိလိုက်သည်။ ထိုမှိုများမှာလည်း ကျင်းချွမ်မှ လာခြင်းဖြစ်ပေလိမ့်မည်။
သူသည် ချူမင်လီနှင့် လျန်ကျုံးထင်တို့၏ ကစားခြင်းကို ခံလိုက်ရပြီဖြစ်သည်။ အကယ်၍ သူသာ ကြိုသိခဲ့လျှင် ကျင်းချွမ်၏ စမ်းသပ်စီမံကိန်းကို ခွင့်ပြုပေးခဲ့မည် မဟုတ်ပေ။
ကျင်းချွမ်မှ မှိုများ အောင်မြင်နေခြင်းမှာ သစ်တောဌာနတွင်လည်း သတင်းပျံ့သွားသည်။ ညွှန်ကြားရေးမှူးလျိုဘက်က ရပ်တည်ခဲ့သူများလည်း နောင်တရနေကြသည်။ အချို့က ညွှန်ကြားရေးမှူးလျိုကို ကျင်းချွမ်က မှိုဖြန့်နေတာ သိလားဟု လာမေးကြသောအခါ သူ၏ မျက်နှာမှာ မည်းမှောင်သွားကာ ပြန်ဖြေလိုက်သည်။
"အရောင်းစတာပဲ ရှိသေးတာ၊ အထွက်နှုန်း ဘယ်လောက်ရှိမလဲဆိုတာ မသိရသေးဘူး"
မှန်ပါသည်၊ မှိုကျင်းအနည်းငယ် ရောင်းရုံဖြင့် အောင်မြင်သည်ဟု မဆိုနိုင်သေးပါ။ သို့သော် ရက်ပိုင်းအတွင်းမှာပင် လက်လီဆိုင်က ကျင်းချွမ်သို့ ထပ်မံမှာယူခဲ့သည်။ ဒါရိုက်တာလျန်က ဖုန်းလက်ခံရရှိပြီး ယန်ရွှယ်ကို အကြောင်းကြားပေးသည်။
ထိုအချိန်တွင် ယန်ရွှယ်သည် မှိုစိုက်ကွင်းတွင် ရေနုတ်မြောင်းများကို စစ်ဆေးနေသည်။ ဇူလိုင်လတွင် မိုးများသဖြင့် ရေနုတ်မြောင်းမကောင်းပါက မှိုများ ပျက်စီးနိုင်သည်။ စိုက်ကွင်းတွင် အလုပ်သမား နည်းပါးသဖြင့် ချီဖန့်က ပေါက်တူးဖြင့် ရေမြောင်းများ လိုက်ရှင်းပေးနေသည်။
ရေနုတ်မြောင်းများ အဆင်ပြေသွားပြီးနောက် ယန်ရွှယ်သည် ပစ္စည်းပို့ရန် စီစဉ်ပြီး ချီဖန့်နှင့်အတူ အိမ်ပြန်လာခဲ့သည်။ အဝေးမှကြည့်လျှင် သူတို့ အိမ်တံခါးဝတွင် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ရပ်နေသည်ကို မြင်လိုက်ရသည်။
ခြေသံကြားသဖြင့် ထိုလူက လှည့်ကြည့်လာသည်။"ခွင့်ပြုပါ... ကျွန်တော့်ကို ပြောပြပေးနိုင်မလား..."
သူ စကားမဆုံးခင်မှာပင် ခဏကြောင်သွားပြီးနောက် ဝမ်းသာအားရဖြင့် မျက်လုံးများ တောက်ပလာကာ ပြောလိုက်သည်။
"ချီဖန့်! နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ!"
ချီဖန့် ထိုလူကို မြင်လိုက်ရသဖြင့် အတော်ပင် အံ့အားသင့်သွားခဲ့သည်။
"အစ်ကိုကျန်းရုန်လား"
"အေး ငါပါပဲ။"
ထိုလူက သူ၏ နဖူးပေါ်မှ ချွေးများကို သုတ်ရင်း ခေါင်းညိတ်ပြခဲ့သည်။
"မင်း အရင်က ချန်ရွှေ့မှာ မဟုတ်လား? သစ်တောစခန်းကို ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ?"
သူသည် ချန်ရွှေ့သို့ အရင်သွားခဲ့ပြီး ထိုနေရာတွင် ချီဖန့်ကို မတွေ့သဖြင့် ကျင်းချွမ် သစ်တောစခန်းသို့ လိုက်လာခဲ့ခြင်း ဖြစ်သည်မှာ ထင်ရှားလှသည်။ ချီဖန့် အကျဉ်းချုံးသာ ရှင်းပြလိုက်သည်။"အရင်က ပြဿနာလေးတွေ နည်းနည်းရှိခဲ့လို့ပါ"
သူက အသေးစိတ် ထပ်မပြောတော့ဘဲ ခြံဝင်းထဲသို့ လက်ညှိုးညွှန်ပြကာ ဖိတ်ခေါ်လိုက်သည်။"အတွင်းထဲဝင်ပြီး မျက်နှာသစ်လိုက်ပါဦး အစ်ကိုကျန်းရုန်"
ထိုလူသည် လိုက်လာရန် ပြင်ဆင်စဉ် ချီဖန့်၏ ဘေးတွင် ရပ်နေသော ယန်ရွှယ်ကို မြင်လိုက်သဖြင့် ခဏမျှ ကြောင်သွားခဲ့သည်။
"ဒါက ကျွန်တော့်ဇနီး ယန်ရွှယ်ပါ"
ချီဖန့်က မိတ်ဆက်ပေးပြီးနောက် ယန်ရွှယ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "သူက ဝမ်ကျန်းရုန်တဲ့၊ ကိုယ့်ဆရာ့ကတော်ရဲ့ တူတော်စပ်သူပေါ့"
သူသည် ချီဖန့်၏ ဆရာ့မိသားစုမှ ဆွေမျိုးတစ်ဦးဖြစ်ကြောင်း သိလိုက်သဖြင့် ယန်ရွှယ် နွေးထွေးစွာ ပြုံးပြလိုက်သည်။
"အစ်ကိုကျန်းရုန် ဒီလောက် ပူအိုက်တဲ့ ရာသီမှာ ခရီးသွားရတာ အတော်လေး ပင်ပန်းမှာပဲ"
သူမ၏ ရင်းနှီးဖော်ရွေသော "အစ်ကိုကျန်းရုန်" ဟု ခေါ်ဝေါ်မှုကြောင့် သူသည်လည်း စိတ်ပေါ့ပါးသွားခဲ့သည်။
"ဟုတ်တယ်။ အဆိုးဆုံးကတော့ ဒီကိုလာရတဲ့ လမ်းခရီးပဲ။"
ထို့နောက် သူက တစ်ခုခုကို ရုတ်တရက် သတိရသွားသကဲ့သို့ ရေရွတ်လိုက်သည်။
"ချီဖန့် မင်း ဘယ်တုန်းက လက်ထပ်လိုက်တာလဲ။ ငါတို့ကို ဘာလို့ တစ်ခွန်းမှ မပြောတာလဲ"
"အလောတကြီး ဖြစ်သွားလို့ ဘယ်သူ့ကိုမှ အကြောင်းမကြားနိုင်လိုက်တာပါ" ချီဖန့် ထပ်မရှင်းပြတော့ဘဲ မျက်နှာသစ်ရန် ရေခပ်ပေးဖို့ သူ့ကို အတွင်းသို့ ခေါ်သွားခဲ့သည်။
ဒုတိယအဖွားမှာ အိမ်ရှေ့ခန်းတွင် ညစာပြင်ဆင်နေပြီး ဝမ်ကျန်းရုန်ကို တဘက်ကမ်းပေးလိုက်သည်။
"ရှောင်ချီရဲ့ သူငယ်ချင်းလား"
"ဟုတ်ကဲ့။ ကျွန်တော် အရင်က ဆရာ့အိမ်မှာ နေခဲ့ဖူးတယ်။ အစ်ကိုကျန်းရုန်က ဆရာ့ကတော်ရဲ့ တူပါ။"
ခေတ္တမျှ နှုတ်ဆက်စကားပြောပြီးနောက် ဝမ်ကျန်းရုန် မျက်နှာသစ်ပြီးသွားသောအခါ သူတို့သည် ချီဖန့်နှင့် ယန်ရွှယ်တို့၏ အခန်းထဲသို့ ဝင်ထိုင်ကြသည်။ ဝမ်ကျန်းရုန်က နောက်ဆုံးတွင် မေးလိုက်သည်။"လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မင်း ဘယ်လိုနေထိုင်ခဲ့လဲ"
သူ၏ လေသံမှာ တုံ့ဆိုင်းနေပြီး ချီဖန့် အရင်က အဆင်မပြေခဲ့သည်ကို သိနေသည့်ပုံပေါ်သည်။ သို့သော် ချီဖန့်ကအေးဆေးစွာ ပြန်ဖြေလိုက်သည်။ "ကျွန်တော် အဆင်ပြေပါတယ်"
ယန်ရွှယ် ထိုင်လိုက်သောအခါ ချီဖန့်က သူမ၏ ခါးနောက်တွင် ကာကွယ်ပေးသည့်အနေဖြင့် လက်ကို အလိုလို တင်ထားလိုက်သည်။ ၎င်းမှာ အမြဲတမ်းလုပ်နေကျ အမူအရာတစ်ခု ဖြစ်သည်။
၎င်းကို မြင်သောအခါ ဝမ်ကျန်းရုန် ထပ်မမေးတော့ပေ။ အိမ်ထောင်ကျပြီး ကလေးရတော့မည့် အခြေအနေမှာ ချီဖန့် အရင်က ဖြစ်နေခဲ့သော အသက်မပါသည့် အခြေအနေထက် ပိုကောင်းသည်မှာ သေချာသည်။
ယင်းအစား ချီဖန့်က မေးခွန်းကို သူ့ထံ ပြန်လှည့်လိုက်သည်။ "ဆရာ့ကတော်ရော ဘယ်လိုနေလဲ"
"အဒေါ်နဲ့ ငါ အဆင်ပြေကြပါတယ်"
ဝမ်ကျန်းရုန်က ပြောသော်လည်း သူ၏ မျက်လုံးများက ယန်ရွှယ်ထံသို့ ဝေ့ဝဲသွားသည်။
သူမ၏ရှေ့တွင် ပြောမထွက်သော ကိစ္စများရှိနေသည်မှာ သိသာလှသည်။ နောက်ဆုံးတော့ ချီဖန့်နှင့် သူ၏ ဆက်ဆံရေးအရဆိုလျှင် သာမန် လည်ပတ်ရုံသက်သက်အတွက် ခရီးဝေးကြီး လာခဲ့မည်မဟုတ်ပေ။
လည်ပတ်ခြင်း ဖြစ်လျှင်ပင် ပုံမှန်အားဖြင့် အရင်ဆုံး စာပို့လိမ့်မည်။ သူ ရောက်လာခြင်းက ချီဖန့်နှင့် ပြောစရာ ကိစ္စရှိသည်မှာ ထင်ရှားလှသည်။
ယန်ရွှယ် ပြုံးကာ ထရပ်လိုက်သည်။ "ရှင်တို့ စကားပြောကြလေ။ ကျွန်မ အဖွား ဘာချက်နေလဲ သွားကြည့်လိုက်ဦးမယ်။"
သူမ ထွက်သွားရန် ပြင်စဉ် ချီဖန့်က သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်။ "ဒီမှာပဲ နေပါ။ ကိုယ်ပဲ သွားလိုက်မယ်။"
သူက အိမ်ရှေ့ခန်းသို့ သွားပြီး ခဏအကြာတွင် ပြန်လာကာ ဝမ်ကျန်းရုန်ကို မေးလိုက်သည်။
"အဖွားက သစ်သီးယိုဘူး ဖွင့်လိုက်ပြီး ပဲသီးနဲ့ ခရမ်းသီး ကြော်ပေးမယ်တဲ့၊ အဆင်ပြေမလား"
"ပြေပါတယ်၊ ဘာမဆို ဖြစ်ပါတယ်။ အဖွားကို အလုပ်မရှုပ်စေနဲ့လို့ ပြောပေးပါ" ဝမ်ကျန်းရုန် အမြန်ပြန်ဖြေလိုက်သည်။
ယခုတော့ ယန်ရွှယ် ထွက်သွားရန် အကြောင်းပြချက် မရှိတော့ပေ။ ချီဖန့်၏ မျက်လုံးထဲတွင် သူမ မသိသင့်သော ကိစ္စမရှိကြောင်း ထင်ရှားလှသည်။
ဝမ်ကျန်းရုန်သည် တုံ့ဆိုင်းမနေတော့ဘဲ စာတစ်စောင်ကို ထုတ်လိုက်သည်။ "အဒေါ်က ဒါကို မင်းလက်ထဲ အရောက် ပေးခိုင်းလိုက်တာ။"
သူ၏ လေသံကို အနည်းငယ် နှိမ့်လိုက်ပြီး ထပ်ပြောလိုက်သည်။"စာတိုက်ကနေ ပို့ရင် စိတ်မချရမှာစိုးလို့ ငါ့ကို ကိုယ်တိုင် လာပို့ခိုင်းလိုက်တာ"
စာထဲတွင် ပါဝင်သော အကြောင်းအရာမှာ အလွန်အရေးကြီးပြီး လျှို့ဝှက်ချက်လည်း ဖြစ်နိုင်ပေသည်။
ချီဖန့်က ၎င်းကို တည်ငြိမ်စွာ ယူလိုက်သည်။ စာဖတ်ပြီးနောက် သူ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားခဲ့သည်။
"ပရော်ဖက်ဆာလင် ပြန်ခေါ်ခံရပြီလို့ ဆရာ့ကတော်က ရေးထားတယ်။"
"ဟုတ်တယ်" ဝမ်ကျန်းရုန် အတည်ပြုလိုက်သည်။
"မင်း သိလားတော့ မသိဘူး၊ အဲဒီ ကျေးဇူးကန်းတဲ့ ဝူရှင်းသဲ့က ဦးလေးရဲ့ သုတေသနတွေကို တူးဖော်ခဲ့တာ။"
သူ၏ လေသံက ခါးသီးသွားသည်။ "အဲဒါတင်မကဘူး၊ အဲဒါတွေက သူ့အလုပ်တွေပါဆိုပြီး အပိုင်စီးခဲ့တာ။ အခုတော့ အဲဒါတွေက လွဲချော်သွားလို့ ဦးလေးရဲ့ အလုပ်တွေက အသုံးမကျဘူးလို့ လူတွေက ပြောနေကြပြီ။"
ချီဖန့် တည်ငြိမ်နေဆဲပင်။ သူသည် ဤကိစ္စကို သိနေသည်မှာ ကြာပြီဖြစ်သလို သူ၏ ဆရာ့အပေါ် အထင်သေးသော စကားများကိုလည်း အလုံအလောက် ကြားဖူးပြီးသား ဖြစ်သည်။
သူက အေးဆေးစွာ မေးလိုက်သည်။ "ဒါဆို ဝူရှင်းသဲ့က အမှားလုပ်လိုက်လို့ အခု ပရော်ဖက်ဆာလင်ကို အဲဒီပရောဂျက်ကို တာဝန်ယူဖို့ ပြန်ခေါ်လိုက်တာပေါ့"
"ဦးလေးရဲ့ သုတေသနကိုတောင် သေချာ မသုံးတတ်တဲ့သူက ဘယ်လိုလုပ် ဆက်ကိုင်ထားနိုင်မှာလဲ" ဝမ်ကျန်းရုန်က လှောင်ပြုံးပြုံးခဲ့သည်။
"ပရော်ဖက်ဆာလင်ကအင်ဂျင်နီယာ မက္ကင်းနစ်မှာ လုပ်ခဲ့တာလေ၊ သူက အတွေ့အကြုံနဲ့ အရည်အချင်း ပိုမရှိဘူးလား"
ချီဖန့်က ဘာမှပြန်မပြောဘဲ စာကို ပြန်ကြည့်လိုက်သည်။ "အစ်ကိုနဲ့ ဆရာ့ကတော်က ပရော်ဖက်ဆာလင်နဲ့ တွေ့ပြီးပြီလား"
"တွေ့ပြီးပြီ။ သူက အဒေါ့်ကို ဦးလေးရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေကို ဆက်သွယ်ပေးနိုင်မလားလို့ မေးခဲ့တယ်၊ သူတို့တွေကို ပြန်ခေါ်ပြီး သုတေသနတွေ ဆက်လုပ်ချင်လို့တဲ့။"
ဝမ်ကျန်းရုန်က သက်ပြင်းချလိုက်သည်။ "ငါ သူ့ကို အဒေါ့်အိမ်မှာ တစ်ခါတွေ့ခဲ့တယ်။ သူ တော်တော်လေး အိုစာသွားပြီ။ လေးစားရတဲ့ ပရော်ဖက်ဆာ တစ်ယောက်က စက်ရုံမှာ ဝက်အူလှည့်တဲ့ အလုပ်ကို သုံးနှစ်ကျော်လောက် လုပ်ခဲ့ရတာလေ။"
သို့သော် ထိုခေတ်က ပရော်ဖက်ဆာများထဲတွင် စိုက်ပျိုးရေးခြံ သို့မဟုတ် စက်ရုံများသို့ အပို့မခံရသူ မည်မျှရှိပါသနည်း။ ပရော်ဖက်ဆာလင်လိုမျိုး ပြန်ခေါ်ခံရခြင်းမှာ ကံကောင်းခြင်းတစ်ခုပင် ဖြစ်သည်။
ချီဖန့်က တိတ်ဆိတ်နေပြီး ဝမ်ကျန်းရုန်သည်လည်း သူ၏ ဦးလေးကို သတိရသွားပုံရကာ တိတ်သွားသည်။
အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူ မေးလိုက်သည်။ "ပရော်ဖက်ဆာလင်တောင် ပြန်လာနိုင်ရင်... ဦးလေးရဲ့ အခြေအနေကလည်း ပြန်ကောင်းလာနိုင်မယ့် အခွင့်အရေး ရှိမလား..."
သူ၏စကားသံမှာ တိုးဝင်သွားပြီး အခွင့်အရေးမှာ နည်းပါးလှသည်ကို သူ သိနေသည့်ပုံပေါ်သည်။ သို့သော် သူ၏ မျက်လုံးများတွင် မျှော်လင့်ချက်၊ ဝမ်းနည်းမှုနှင့် ဒေါသတို့ ရောယှက်နေသည်။
ချီဖန့်သည် အဖြေအတိအကျ မပေးနိုင်သဖြင့် ခေါင်းငုံ့ထားလိုက်သည်။ ထိုမျှော်လင့်ချက်ကိုလည်း သူ မဖျက်ဆီးချင်ပေ။