အခန်း (၁၃၂)
Vol. 14 Ch. 132
ဝမ်ကျန်းရုန်၏ မျှော်လင့်ချက်မှာ မှိန်ဖျော့သွားခဲ့သည်။ "ထားလိုက်ပါတော့။ ပရော်ဖက်ဆာလင် ပြန်လာတာက လက္ခဏာကောင်းပါပဲ။ အနည်းဆုံးတော့ အခြေအနေတွေ စပြီး တိုးတက်လာပြီ။"
စကားဝိုင်းက လေးလံလာသဖြင့် ချီဖန့် အကြောင်းအရာ ပြောင်းလိုက်သည်။ "ဆရာ့ကတော်ရော ဘယ်လိုနေလဲ"
"အမြဲတမ်းလိုပါပဲ" ဝမ်ကျန်းရုန် နာကျင်စွာ ပြုံးလျက် ပြောလိုက်သည်။ "ဦးလေးက အဲဒီကိစ္စ မဖြစ်ခင်မှာ သူမကို ကွာရှင်းပေးခဲ့ပေမဲ့၊ သူမကလည်း ဆရာမ တစ်ယောက်ဆိုတော့ ဘဝက မလွယ်ကူခဲ့ဘူး။ ဒီဝန်ထုပ်ဝန်ပိုးကို နှစ်ပေါင်းများစွာ ထမ်းပိုးခဲ့ရလို့ သူမရဲ့ ကျန်းမာရေးက တဖြည်းဖြည်း ဆိုးလာတယ်။ ဝူရှင်းသဲ့ရဲ့ ကိစ္စကြောင့် သူမ အရမ်းဒေါသထွက်ပြီး ငါ မလာခင်လေးမှာတင် ဖျားသွားခဲ့တယ်။"
သူမ၏ ကျန်းမာရေး အခြေအနေ မကောင်းသော်လည်း သူမ၏ တူကို ဤခရီးဝေးကြီးသို့ စာလာပို့ခိုင်းခဲ့သည်။ သူမအတွက်တော့ သူမ၏ ကျန်းမာရေးထက် ဤစာက ပိုအရေးကြီးနေသည်မှာ ထင်ရှားလှသည်။
ယန်ရွှယ်သည် စာထဲတွင် ဘာတွေပါလဲဆိုသည်ကို စိတ်ဝင်စားလာခဲ့သည်။ တစ်စုံတစ်ခုကြောင့် သူမ၏ ရင်ထဲတွင် စိတ်မအေးစရာ ခံစားချက်တစ်ခု ဖြစ်လာခဲ့သည်။
သို့သော် ဝမ်ကျန်းရုန် ရှိနေသေးသဖြင့် သူမ မမေးဖြစ်သေးပေ။ ချီဖန့်ကလည်း ဘာမှထုတ်မပြောဘဲ မေးလိုက်သည်။ "အစ်ကိုကျန်းရုန် ဒီည ဒီမှာပဲ တည်းသွားမလား?"
ညစာစားပြီးနောက် ဝမ်ကျန်းရုန် ခြံဝင်းထဲသို့ ထွက်သွားမှသာ ချီဖန့်က ယန်ရွှယ်ကို တိုးတိုးလေး ပြောလိုက်သည်။
"ကိုယ် ခရီးတစ်ခု သွားဖို့ လိုလိမ့်မယ် ထင်တယ်။"
ယန်ရွှယ် အံ့သြမသွားခဲ့ပေ။ "ဆရာ့ကတော်က စာထဲမှာ ဘာရေးထားလို့လဲ"
ချီဖန့်က သူမကို စိုက်ကြည့်လိုက်သည်။ "သူမက ကိုယ့်ဆရာ့ရဲ့ အလုပ်တွေကို ဝူရှင်းသဲ့ လက်ထဲမှာ ပျက်စီးမခံနိုင်ဘူးတဲ့။ အခု ပရော်ဖက်ဆာလင်က ပရောဂျက်ကို တာဝန်ယူတော့မှာဆိုတော့ အချိန်တန်ပြီလို့ ပြောထားတယ်။"
ယန်ရွှယ်၏ ရင်ခုန်သံ မြန်လာခဲ့သည်။ "သူမက ရှင် သိမ်းထားတဲ့ သုတေသနတွေကို ပရော်ဖက်ဆာလင် လက်ထဲ အပ်ခိုင်းတာလား"
" 'အပ်ခိုင်းတာ' လို့တော့ အတိအကျ ပြောလို့မရဘူး" ချီဖန့် ရှင်းပြလိုက်သည်။
"သူမက ကိုယ့်ကို ပရော်ဖက်ဆာလင်နဲ့ အတူအလုပ်လုပ်ပြီး ဆရာ့ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်စေချင်တာ။"
ယန်ရွှယ် မျက်မှောင်ကြုတ်လိုက်မိသည်။ "ဒီ ပရော်ဖက်ဆာလင်ကရော ယုံရပါ့မလား"
သူမ ဖတ်ဖူးသည့် မူရင်းဝတ္ထုထဲတွင် ဤလူ သို့မဟုတ် ချီဖန့် ဆရာ့ကတော်အကြောင်း ပါခဲ့သည်ကို သူမ မမှတ်မိပေ။
"ပရော်ဖက်ဆာလင်က ဆရာစုရဲ့ ကျောင်းနေဖက် သူငယ်ချင်းကောင်းပါ။ သူကပဲ ဆရာစုနဲ့ ဆရာ့ကတော်ကို မိတ်ဆက်ပေးခဲ့တာ။ ဆရာစုရဲ့ အမှုဖြစ်တော့လည်း ပရော်ဖက်ဆာ လင်က ဆရာ့ဘက်ကနေ ကာကွယ်ပြောပေးခဲ့သေးတယ်။"
ယုတ္တိရှိရှိ စဉ်းစားလျှင် သူသည် ယုံကြည်ထိုက်သူ ဖြစ်သင့်သည်။ အကယ်၍ မယုံရလျှင် ချီဖန့်ဆရာ့ရဲ့ ဇနီးသည်က ချီဖန့်ကို ထိုအရာများ သွားထုတ်ခိုင်းလိမ့်မည် မဟုတ်ပေ။ နောက်ဆုံးတော့ ချီဖန့်ကလွဲရင် ကွယ်လွန်သူ ခင်ပွန်းဖြစ်သူရဲ့ သုတေသနတွေကို သူမထက် ပိုဂရုစိုက်မယ့်သူ မရှိတော့ဘူးလေ။
ဒါပေမဲ့ အရာရာက အဆင်ပြေလွန်းမနေဘူးလား။ တစ်ဖက်မှာ ဝူရှင်းသဲ့က ပြဿနာကို မဖြေရှင်းနိုင်ဖြစ်နေချိန် အခြားတစ်ဖက်၌ စုချန်ချင်းရဲ့ သူငယ်ချင်းဟောင်းက ရုတ်တရက် တာဝန်ယူဖို့ ပြန်ရောက်လာခဲ့သည်။
မူရင်းစာအုပ်ထဲမှာ ဝူရှင်းသဲ့က အခုထက် အများကြီး နောက်ကျမှ ရာထူးက ပြုတ်တာ - ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒ ကျင့်သုံးပြီးနောက်မှာတောင် ချီဖန့်က သူ့ကို ဖြုတ်ချဖို့ ဆယ်စုနှစ်တစ်ခုကျော် အချိန်ယူခဲ့ရသည်။
ဒါပေမဲ့ အခုက ၁၉၇၀ ပဲ ရှိသေးတယ်၊ ရှည်လျားလှတဲ့ ကသောင်းကနင်း ဖြစ်ရပ်တွေ ပြီးဆုံးဖို့ ၆ နှစ်တောင် လိုသေးတယ်...
ယန်ရွှယ်၏ မျက်နှာက တည်ကြည်သွားသည်။ "ဒါဆို ရှင် အဲဒီပစ္စည်းတွေကို အခု သွားပေးတော့မလို့လား"
"အခြေအနေကို အရင်သွား စစ်ဆေးကြည့်ရုံပါ" ချီဖန့်က အေးဆေးစွာ ပြန်ဖြေလိုက်သည်။
"ကိုယ် ဆရာ့ကတော်နဲ့ ပရော်ဖက်ဆာလင်ကို ကိုယ်တိုင် မတွေ့မချင်း ဘယ်သူ့ကိုမှ မယုံဘူး။"
သူသည် ဆရာ့ကတော်၏ တူကိုပင် သံသယရှိနေသေးသည်။ ယန်ရွှယ် မျက်ခုံးပင့်လိုက်မိသည်။ "ရှင် သူ့ကို သံသယရှိနေတာလား"
သူမ၏ လေသံမှာ တိုးတိုးလေးဖြစ်ပြီး ချီဖန့်လည်း လေသံနှိမ့်ကာ ပြောလိုပ်သည်။ "သံသယရှိတာထက် ပိုပါတယ်။ သူက ဆရာ့ကတော်မှာ ကျန်ရှိတဲ့ ဆွေမျိုးအနည်းငယ်ထဲက တစ်ယောက်လေ။ ဆရာ ကွယ်လွန်ပြီးကတည်းက သူပဲ ဆရာ့ကတော်ကို စောင့်ရှောက်ပေးခဲ့တာ။"
သို့သော် တစ်ခုခု ပိုရှိနေသေးသည်မှာ ထင်ရှားသည်။ သူ၏ မျက်နှာထားက မှောင်မှောင်သွားကာ ပြောလိုက်သည်။ "ကိုယ် ဝူရှင်းသဲ့ကို ပိုစိုးရိမ်တယ်။ နောက်ဆုံးတော့ သူက မင်းကို တစ်ခါ ခြိမ်းခြောက်ဖူးတယ်လေ။"
ထိုဖြစ်ရပ်သာ မရှိခဲ့လျှင် ချီဖန့် ဤမျှ သတိကြီးလိမ့်မည် မဟုတ်ပေ။ သို့သော် ဝူရှင်းသဲ့က လူတစ်ယောက် အသည်းအသန်ဖြစ်လာလျှင် မည်မျှအထိ လုပ်နိုင်သည်ကို သူ့ကို ပြသခဲ့ပြီးသား ဖြစ်သည်။
သို့သော် ချီဖန့် ရှင်းပြလေလေ ယန်ရွှယ် ပို၍ ဇဝေဇဝါ ဖြစ်လာလေလေပင်။ ချီဖန့်က အမှန်တကယ်တော့ ချီကျင်းရှု့ ဖြစ်ကြောင်း သိကတည်းက သူမ အရာရာကို ဆက်စပ်ဖို့ ကြိုးစားနေခဲ့တာ။
သူမ၏ တွေးဆချက်အရဆိုလျှင် ဝူရှင်းသဲ့သည် နောက်ဆုံးတွင် ထိုသုတေသန ရလဒ်များကို ရရှိသွားခဲ့သည်မှာ သေချာသည် - မဟုတ်လျှင် သူ ရာထူးအမြန်တက်လာပြီး ချီဖန့်ကို ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ဒုက္ခပေးနိုင်လိမ့်မည် မဟုတ်ပေ။
ဒါပေမဲ့ ချီဖန့်က စေ့စပ်သေချာပြီး စိတ်ရှည်သူ တစ်ယောက်ပဲလေ၊ ဒိုင်ယာရီ အတုနဲ့ ၂ နှစ်ကြာအောင် ထောင်ချောက်ဆင်နိုင်တဲ့သူက ဘယ်လိုလုပ်ပြီး အစစ်ကို အလွယ်တကူ လက်လွှတ်လိုက်မှာလဲ။
နားမလည်နိုင်တော့သဖြင့် ယန်ရွှယ် လက်လျှော့လိုက်ကာ ပြောလိုက်သည်။ "ကျွန်မလည်း ရှင်နဲ့အတူ လိုက်ခဲ့မယ်"
အကြောင်းရင်း ဘာပဲဖြစ်ဖြစ် အန္တရာယ်ကို လူနှစ်ယောက် ကာကွယ်တာက တစ်ယောက်ထက် ပိုကောင်းသည်။ ဒါ့အပြင် သူမမှာ မူရင်းဇာတ်လမ်းကို သိနေတဲ့ အားသာချက်လည်း ရှိတာပဲလေ။
ချီဖန့်က ချက်ချင်း ကန့်ကွက်ခဲ့သည်။ "မဖြစ်ဘူး။ မင်းမှာ ကိုယ်ဝန်ရှိနေတာလေ။ ဒီလို ဒုက္ခတွေကို ခံစရာ မလိုပါဘူး။"
"ကျွန်မမှာ ကိုယ်ဝန် ၅ လ ရှိနေပြီလေ" ယန်ရွှယ် ပြန်ပြောလိုက်သည်။
"ဒီအဆင့်မှာတော့ အဆင်ပြေပါတယ်။ သစ်တောစခန်းက အမျိုးသမီးတွေ အများကြီးတောင် တောင်ပေါ်တက်ပြီး စားစရာတွေ သွားရှာနေကြတာပဲ။"
"မဖြစ်ဘူး" ချီဖန့် ပြတ်ပြတ်သားသား ငြင်းခဲ့သည်။
"ဘယ်နှစ်လပဲ ဖြစ်ဖြစ် မင်း မလိုက်ရဘူး။ တစ်ခုခု ဖြစ်လာရင် ကိုယ် မင်းနဲ့ ကလေးကို မကာကွယ်နိုင်ဘဲ နေလိမ့်မယ်။"
"ရှင့်ဆရာ့ကတော်အိမ်က ထောင်ချောက်တွေ ပြည့်နေတဲ့ နေရာမှ မဟုတ်တာ။ ဝူရှင်းသဲ့က ကျွန်မကို ဖမ်းပြီး ရှင့်ကို ခြိမ်းခြောက်ဖို့ အဲဒီမှာ ချောင်းမြောင်းနေလိမ့်မယ် ထင်လို့လား"
ယန်ရွှယ်သည် ဝူရှင်းသဲ့၏ စရိုက်ကို ယုံကြည်နေ၍ မဟုတ်ပေ၊ သို့သော် သူသာ ထိုမျှအထိ အာဏာရှိလျှင် သူမကို ဖမ်းသွားသည်မှာ ကြာပြီဖြစ်သည်။
ပြီးတော့ ဝူရှင်းသဲ့မှာ အဲဒီလောက်အထိ ဩဇာရှိနေရင် စုချန်ချင်းရဲ့ မှတ်စုတွေကို ဘာလို့ လိုချင်နေဦးမှာလဲ။ သူ့ရဲ့ သုတေသနတွေက အဲဒီအချိန်မှာ ဘာထူးခြားသွားမှာမို့လို့လဲ။
သို့သော် ချီဖန့်မှာ မလှုပ်မယှက်ပင်။ "တစ်သန်းမှာ တစ်ခါ ဖြစ်နိုင်တဲ့ အန္တရာယ်တောင်မှ အရမ်းများလွန်းတယ်။"
သူ၏ လေသံမှာ အေးစက်နေသည်ကို သတိပြုမိသွားသဖြင့် သူသည် မျက်နှာထားကို နူးညံ့အောင်လုပ်ကာ ယန်ရွှယ်၏ ခေါင်းကို အသာအယာ ပုတ်လိုက်သည်။
"လိမ္မာစမ်းပါ။ ကိုယ် စိတ်မပူဘဲနဲ့ ဒီကိစ္စကို လုပ်ပါရစေ။"
သူက သူမကို ကလေးတစ်ယောက်လို ဆက်ဆံနေခြင်း ဖြစ်သည်။ ထိုအချိန်မှာပင် ဝမ်ကျန့်ရုံက ပြန်ရောက်လာပြီး တံခါးဝတွင် ရပ်ကာ အတွင်းသို့ ဝင်ရမလား၊ ပြန်ဆုတ်ရမလား မဝေခွဲနိုင် ဖြစ်နေသည်။
"ရှင် ကျွန်မကို တကယ်ပဲ မလိုက်ခိုင်းဘူးလား"
ယန်ရွှယ် လေသံနှိမ့်ကာ နောက်ဆုံးတစ်ကြိမ် ထပ်ကြိုးစားကြည့်ခဲ့သည်။
ချီဖန့် လုံးဝ အလျှော့မပေးသောအခါ သူမသည် နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး ရုတ်တရက် သူမ၏ ဗိုက်ကို ကိုင်ကာ အသံကျယ်ကြီးဖြင့် ဟန်ဆောင် အော်လိုက်တော့သည်။
"ရှင် ဘာလို့ ကျွန်မကို ရှင့်ဆရာ့ကတော်နဲ့ သွားတွေ့ဖို့ မလိုက်ခိုင်းတာလဲ"
ထိုအော်သံကြောင့် တံခါးဝတွင် တုံ့ဆိုင်းနေသော ဝမ်ကျန်းရုန်သာမက ချီဖန့်ကိုယ်တိုင်ပင် မှင်သက်သွားရသည်။
ယန်ရွှယ်၏ တည်ကြည်သော မျက်နှာမှာ ယခုတော့ မကျေမနပ်ဖြစ်နေသော မျက်နှာအဖြစ် ပြောင်းလဲသွားခဲ့သည်။
"ရှင် ကျွန်မတို့ မင်္ဂလာဆောင်တုန်းကလည်း ဘယ်သူ့ကိုမှ မဖိတ်ခဲ့ဘူး၊ အခုလည်း ရှင့်ဆရာ့ကတော်နဲ့ ကျွန်မကို သွားမတွေ့ခိုင်းဘူး။ ကျွန်မက ရှင့်အတွက် အရှက်ရစရာ ဖြစ်နေလို့လား"
သူမက ထိုမျှနှင့် မရပ်ဘဲ သူမ၏ ဗိုက်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ "ဒါမှမဟုတ် ကျွန်မတို့ ကလေးကရော လူကြားထဲ ပြဖို့ မသင့်တော်လို့လား"
သူတို့ လက်ထပ်ခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း ချီဖန့် သူမကို ဤကဲ့သို့ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူသည် အလွန်အံ့အားသင့်သွားရသဖြင့် ပြန်၍ပင် စကားမဆိုနိုင်တော့ချေ။
ယန်ရွှယ်သည် ဝမ်ကျန်းရုန်ဘက်သို့ လှည့်ကာ မေးလိုပ်သည်။ "အစ်ကိုကျန်းရုန် ပြောပါဦး။ ကျွန်မက တကယ်ပဲ အရှက်ရစရာ ဖြစ်နေလို့လား"
ဝမ်ကျန်းရုန်မှာလည်း ဤသို့ဖြစ်လာလိမ့်မည်ဟု အဆင်သင့်မဖြစ်ထားပေ။ သူက အနေရခက်စွာဖြင့် ကြားဝင်ဖြန်ဖြေရန် ကြိုးစားရှာသည်။
"ညီမလေး စိတ်မဆိုးပါနဲ့။ ချီဖန့်က အဲဒီလိုဆိုလိုတာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။"
"ဒါဆိုရင် ကျွန်မကိုပါ ခေါ်သွားလေ!" ယန်ရွှယ်သည် ချီဖန့်ဘက်သို့ ချက်ချင်းပြန်လှည့်ကာ အမိန့်ပေးသည့်လေသံဖြင့် ပြောလိုက်ပြန်သည်။
မကြာမီမှာပင် ဆူညံသံကြောင့် ဒုတိယအဖွားပင် ရောက်လာတော့သည်။ "ဘာတွေဖြစ်နေကြတာလဲ။ နင်တို့နှစ်ယောက် ကောင်းကောင်းမွန်မွန် စကားပြောလို့ မရဘူးလား"
ယန်ကျိအန်မှာလည်း အဖွားယန်၏ နောက်ကွယ်တွင် ဝဲလည်ဝဲလည်လုပ်နေပြီး ကြားဝင်ကူညီချင်သော်လည်း မည်သို့လုပ်ရမည်ကို မသိဖြစ်နေသည်။
ယန်ရွှယ်က သူမ၏ဗိုက်ကို ကိုင်ထားဆဲဖြစ်ပြီး သူမ၏ မကျေနပ်ချက်များကို ထပ်ပြောပြသည်။
"အဖွား ပြောပါဦး—သူ လုပ်တာ တရားသလား?"
ယန်ရွှယ်က ပြင်ပမှ ထောက်ခံမှုကို ရှာဖွေနေသဖြင့် လင်မယားချင်း ရန်ဖြစ်နေကြသည်နှင့်ပင် တူနေတော့သည်။ သို့သော် ယန်ရွှယ်သည် အကျိုးအကြောင်းမရှိ ဇွတ်တရွတ် လုပ်တတ်သူမျိုး မဟုတ်ပေ။ သူမ ကိုယ်ဝန်နှင့်ပင် လိုက်မည်ဟု အတင်းအကျပ်ဆိုနေခြင်းမှာ တစ်စုံတစ်ခုသော အကြောင်းရင်း ရှိရမည်ဖြစ်သည်။
ဒုတိယအဖွားယန်က "ဪ" ဟု အသံရှည်ဆွဲလိုက်ပြီးနောက် သူမ၏ မြေးမနှင့် မြေးသမက်ကြားတွင် ရွေးချယ်ရသောအခါ ယန်ရွှယ်ဘက်က ရပ်တည်ပေးလိုက်သည်။
"အေးလေ... ရှောင်ချီ ဒီမှာ မှားနေတာပဲ။"
ယန်ရွှယ်၏ အဖွားပီသပေသည်—ပြီးခဲ့သည့် ရက်ပိုင်းကတင် ချီဖန့် တစ်ခုခု လွဲချော်လျှင် သူမက အစီရင်ခံပါမည်ဟု ကတိပေးထားခဲ့သေးသည်။
ချီဖန့် သက်ပြင်းချလိုက်သည်။ "အဖွား သူမ လိုက်သင့်တယ်လို့ တကယ်ထင်တာလား။ သူမကိုယ်ဝန်က အတော်ရင့်နေပြီလေ။"
ဒုတိယအဖွားယန်က ယန်ရွှယ်ကို လှမ်းကြည့်ရင်း တုံ့ဆိုင်းသွားခဲ့သည်။ "နင်တို့နှစ်ယောက် ပြန်တိုင်ပင်ကြပါဦး။ ဒီတစ်ခါတော့ သေသေချာချာလေးပေါ့။"
ထို့နောက် တစ်ခုခုကို ရုတ်တရက် သတိရသွားသကဲ့သို့ရေရွတ်ကာ အမြန်ပြေးထွက်သွားတော့သည်။ "အယ်! မီးဖိုပေါ်မှာ ဟင်းတွေ တည်ထားတာ!"
သူမ ထွက်သွားသည်နှင့် ယန်ကျိအန်းလည်း တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် နောက်က လိုက်သွားရာ၊ အနေရခက်လှသည့် တိတ်ဆိတ်မှုကြားတွင် ဘာမှနားမလည်သော ဝမ်ကျန်းရုန် တစ်ယောက်တည်း ကျန်ရစ်ခဲ့တော့သည်။
ယန်ရွှယ်သည် ထိုအခွင့်အရေးကို အသုံးချကာ အရှိန်မြှင့်လိုက်သည်။
"ကျွန်မက ရှင့်အတွက် မထိုက်တန်ဘူးဆိုတာ သိပါတယ်။ ရှင်က တက္ကသိုလ်ကျောင်းဆင်း၊ ကျွန်မက အလယ်တန်းပဲ ပြီးထားတဲ့ ရွာသူတစ်ယောက်လေ။ ဒါပေမဲ့ ထိုက်တန်သည်ဖြစ်စေ၊ မထိုက်တန်သည်ဖြစ်စေ ကျွန်မတို့ လက်ထပ်ပြီးသားပါ။ ကျွန်မအတွက် မဟုတ်ရင်တောင် ကျွန်မတို့ရဲ့ ကလေးကိုတော့ အသိအမှတ်ပြုသင့်တာ မဟုတ်လား"
၎င်းမှာ အလွန်ပြင်းထန်သော စွပ်စွဲချက်ပင်။ ဝမ်ကျန်းရုန်က သူမကို အမြန်နှစ်သိမ့်ပေးခဲ့သည်။ "ညီမလေး အဲဒီလို မတွေးပါနဲ့။ ချီဖန့်အကြောင်း ငါသိပါတယ်။ သူ ညီမလေးကို လက်ထပ်တာက ညီမလေးကို တန်ဖိုးထားလို့ပါ။"
သူတို့ လက်ထပ်ခဲ့သည်မှာ တစ်နှစ်ခွဲနီးပါး ရှိခဲ့ပြီဖြစ်သလို ကလေးလည်း ရတော့မည် ဖြစ်သော်လည်း၊ ချီဖန့်က သူမကို "တန်ဖိုးထားသည်" ဟူသော စကားကို အခြားသူတစ်ယောက်၏ ပါးစပ်မှတစ်ဆင့် ယန်ရွှယ် ပထမဆုံးအကြိမ် ကြားလိုက်ရခြင်း ဖြစ်သည်။
သူမ၏ ဒေါသများက စက္ကန့်ပိုင်းမျှ တုံ့သွားပြီး သူမ၏ မျက်လုံးများက ချီဖန့်ထံသို့ အလိုလို ရောက်သွားသည်။ ချီဖန့်ကလည်း သူမကို ကြည့်နေပြီး ခေတ္တမျှ နှစ်ဦးလုံး စကားမပြောနိုင်ဖြစ်သွားကြသည်။
သူတို့ တိတ်ဆိတ်သွားရုံသာမက၊ ချီဖန့်သည် သူမ၏ အကြည့်ကို သတိပြုမိသောအခါ မျက်နှာကို အခြားသို့ လွှဲလိုက်သည်—၎င်းမှာ မည်သည့်အခြေအနေတွင်မဆို တည်ငြိမ်လှသော သူ၏ထံမှ မြင်တွေ့ရခဲသည့် အမူအရာပင်။
ထိုတုံ့ပြန်မှုက ယန်ရွှယ်၏ ရင်ထဲတွင် တစ်မျိုးလေး ခံစားရစေသော်လည်း သူမက ချက်ချင်း မေ့ပျောက်လိုက်သည်။ ဘာမှမသိရှာသော ဝမ်ကျန်းရုန်ကတော့ အခြေအနေကို ထိန်းညှိရန် ဆက်ကြိုးစားနေခဲ့သည်။
"သူက ညီမလေး ကိုယ်ဝန်နဲ့မို့လို့ မစောင့်ရှောက်နိုင်မှာကို စိုးရိမ်နေတာလို့ ငါထင်တယ်။"
သို့သော် ယန်ရွှယ်တွင် ရည်မှန်းချက် ရှိပြီးသားဖြစ်သည်။ "ကျွန်မ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်ပါတယ်။ ပြီးတော့ လမ်းမလျှောက်နိုင်တဲ့ အခြေအနေမျိုးလည်း မဟုတ်သေးဘူး။"
သူမက ဝမ်ကျန်းရုန်ဘက်သို့ လှည့်ကာ သူမ၏ မကျေနပ်ချက်များကို ထပ်ပြောခဲ့သည်။
"အစ်ကိုကျန်းရုန် ပြောပါဦး—သူ လုပ်တာ တရားသလား
ကျွန်မ သူ့ရဲ့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ တစ်ယောက်ကိုမှ မတွေ့ဖူးသေးဘူး။ အခုတစ်ခေါက် မလိုက်ရရင် နောက်တစ်ခါ ဘယ်တော့ အခွင့်အရေး ရဦးမလဲ မသိဘူး။"
သူမက အလွန်သနားစဖွယ် ပြောဆိုနေခြင်းဖြစ်ပြီး သူမ၏ ချစ်စရာကောင်းသော မျက်နှာလေးကြောင့် ဝမ်ကျန်းရုန်မှာ ဆက်ငြင်းဆန်ရန် ခက်ခဲသွားခဲ့သည်။
"ချီဖန့်... မင်း ဇနီးကိုပါ ခေါ်သွားလိုက်ပါလား" ဝမ်ကျန်းရုန် အကြံပြုလိုက်သည်။
"အကယ်၍ အခက်အခဲရှိရင် ခရီးဆောင်အိတ်တွေကို ငါပဲ အကုန်သယ်ပေးမယ်။ မင်းက လမ်းတစ်လျှောက်မှာ သူမကို စောင့်ရှောက်ဖို့ပဲ အာရုံစိုက်ပေါ့။"
ချီဖန့် ခေတ္တမျှ တိတ်ဆိတ်နေခဲ့သည်။ ထို့နောက်မှ သူတို့နှစ်ဦးကို ကြည့်လိုက်ပြီး ယန်ရွှယ်ထံသို့ အကြည့်များ ဝဲလည်သွားသည်။
"ကောင်းပြီ... အားလုံး အတူတူ သွားကြတာပေါ့။"
ယန်ရွှယ်သည် သိပ်ပြီး တုံ့ပြန်မှုမပြသော်လည်း ဝမ်ကျန်းရုန်ကတော့ သက်ပြင်းချကာ သူ၏ နဖူးမှ ချွေးများကို သုတ်လိုက်ရတော့သည်။
ဤ "အစ်ကိုကျန်းရုန်" မှာ ချီဖန့်ကဲ့သို့ ပွင့်လင်းသူ မဟုတ်သော်လည်း အမျိုးသမီးများနှင့် ဆက်ဆံရာတွင်တော့ ကျွမ်းကျင်သူ မဟုတ်သည်မှာ ထင်ရှားလှသည်။
ကိစ္စက ပြတ်သွားပြီ ဖြစ်သည်။ ချီဖန့်သည် နောက်တစ်နေ့ မနက်စောစောတွင် ခွင့်သွားတိုင်ကာ လိုအပ်သော စာရွက်စာတမ်းများ သွားယူမည်ဖြစ်ပြီး၊ ယန်ရွှယ်ကတော့ စမ်းသပ်စိုက်ပျိုးရေးစခန်းတွင် ကိစ္စများ စီစဉ်ထားမည်ဖြစ်သည်။ ထို့နောက် ဝမ်ရှန်း သစ်တောစခန်းမှတစ်ဆင့် မြင်းလှည်းစီးကြမည်ဖြစ်သည်။
"ကျင်းချွမ်က ထွက်မယ့် ရထားက အရမ်းစောတယ်—ငါတို့ အချိန်မီမှာ မဟုတ်ဘူး။ မင်းကို ခေါ်သွားဖို့ စခန်းကနေ မြင်းလှည်းတစ်စီး စီစဉ်ပေးမယ်" ချီဖန့်က အသေးစိတ် စဉ်းစားပေးသည်။ သို့သော် သူ၏ လေသံမှာ အေးစက်နေဆဲဖြစ်ပြီး ယန်ရွှယ်ကို ကြည့်ရန် ရှောင်လွှဲနေသည်။
၎င်းကို သတိပြုမိသဖြင့် ယန်ရွှယ် သူ၏အနားသို့ တိုးသွားခဲ့သည်။ "ရှင် စိတ်ဆိုးနေတာလား?"
ထိုအချိန်တွင် ဝမ်ကျန်းရုန်ကို ဒုတိယအဖွားအိုက ခြံထဲတွင် ဖရဲသီးစားရန် ခေါ်သွားသဖြင့် အခန်းထဲတွင် အထုပ်ပြင်ဆင်နေသော လင်မယားနှစ်ယောက်သာ ကျန်ရစ်သည်။
ချီဖန့်က အလုပ်ရှုပ်ချင်ယောင်ဆောင်ကာ ခေါင်းငုံ့ထားသည်။ "ဆုံးဖြတ်ပြီးသား ကိစ္စပဲ။ စိတ်ဆိုးစရာ ဘာရှိလို့လဲ"
သူ စိတ်ကောက်နေဆဲဖြစ်ကြောင်း ထင်ရှားလှသည်။ ယန်ရွှယ်က သူ၏ လက်မောင်းကို ဖက်လိုက်သည်။ "ကျွန်မ တကယ် အဆင်ပြေပါတယ်။ ပြီးတော့ ကျွန်မက ရှင့်အတွက် စိုးရိမ်လို့ပါ။"
"ဆရာ့ကတော် အိမ်က နဂါးတွင်းမှ မဟုတ်တာ။ ဝူရှင်းငဲ့က ကိုယ့်ကို ဖမ်းဖို့ ထောင်ချောက်ဆင်ထားမယ်လို့ မင်း တကယ်ထင်တာလား" ချီဖန့်သည် သူမ ပြောခဲ့သော စကားများကိုပင် သူမထံ ပြန်သုံးလိုက်သည်။
သို့သော် သူမက ဤခရီးစဉ်တွင် ဝူရှင်းသဲ့နှင့် ပတ်သက်လာမည်ကို စိုးရိမ်နေခြင်းဖြစ်သည်—ဤတစ်ကြိမ်တွင် ချီဖန့်က သူတို့ဆရာ့ရဲ့ လက်ရာတွေကို မကာကွယ်နိုင်ဘဲ ဖြစ်သွားမှာကို သူမ ကြောက်မိသည်။
သူမက အတိတ်ကို ပြန်ရောက်လာခဲ့ပြီးပြီဖြစ်ရာ မူရင်းဇာတ်လမ်းထဲက ကံဆိုးမိုးမှောင်ကျမှုမျိုးကို သူ ထပ်မကြုံစေချင်တော့ပေ။ ထိုဇာတ်လမ်းထဲတွင် သူ၏ ကျန်းမာရေး ဆိုးရွားသွားခဲ့ရခြင်းမှာ မိမိလက်လွှတ်လိုက်ရသည့် အရာများအတွက် မိမိကိုယ်ကိုယ် ခွင့်မလွှတ်နိုင်ခဲ့သောကြောင့် ဖြစ်နိုင်သည်ဟု မည်သူသိနိုင်မည်နည်း။
ယန်ရွှယ် ပြုံးလိုက်သည်။ "လမ်းမှာ မြှူဆွယ်တဲ့ မိန်းမတွေနဲ့ တွေ့ပြီး ရှင် ပါသွားရင်ရော။ ဒါဆိုရင် ကျွန်မက ကလေးအတွက် ပထွေးသစ် ရှာရတဲ့ ဒုက္ခကို ခံရတော့မှာပေါ့။"
ဤစကားက ချီဖန့်ကို သူမဘက်သို့ လှည့်ကြည့်လာစေခဲ့သည်—သို့သော် သူ၏ မျက်နှာထားကတော့ မသာယာလှပေ။
"မင်းက ကလေးအတွက် ပထွေးသစ် ရှာဖို့တောင် တွေးနေပြီပေါ့"
"ဒါကြောင့်ပဲ ကျွန်မ ရှင့်နောက်ကို လိုက်ရမှာပေါ့"
ယန်ရွှယ်က သူ၏လက်မောင်းကို တင်းတင်းဖက်ကာ ပြောလိုက်သည်။
"ချီဖန့်... ကျွန်မတို့က အခု မိသားစုတွေ ဖြစ်နေပြီလေ။"
သူမ၏ ကြည်လင်ပြီး ရိုးသားသော မျက်လုံးများက သူ့ကို စိုက်ကြည့်နေသဖြင့် သူ စကားမဆိုနိုင်တော့ပေ။