အခန်း (၁၃၈)
Vol. 14 Ch. 138
စမ်းသပ်ကွင်းတွင် ယခင်ကလည်း မိုးရွာသည့်ရက်များကို ကိုင်တွယ်ခဲ့ဖူးသဖြင့် လျန်ယွဲ့အာက ထိုနည်းလမ်းကို သိသည်။ သူမက မတတ်သာသည့် အပြုံးဖြင့် ပြောလိုက်သည်။
"နင် ထွက်သွားတဲ့နေ့ကပဲ ခဏ နေသာတာလေ။ အဲဒီနောက်ပိုင်းကစပြီး သည်းသည်းမည်းမည်း ရွာတော့တာပဲ။ သစ်တောစခန်း တစ်ခုလုံးက ဒီနှစ်မှာ ရေထပ်ကြီးမှာကို စိုးရိမ်နေကြတယ်။ ရေဘေးကာကွယ်ရေး အသိပေးချက်တွေလည်း ထုတ်နေတာ ရက်တော်တော်ကြာပြီ။"
သူမ သက်ပြင်းချလိုက်သည်။ "ကောချန်အန်း ဒီနေ့ သွားစစ်ကြည့်တော့ အကြာကြီး ထပ်ထားရင် မှိုတွေ တက်လာတော့မယ်တဲ့။ ဒါကြောင့် နင် ပြန်ရောက်ပြီလားလို့ လာကြည့်တာ။"
အကယ်၍ ကြွက်နားရွက်မှိုများသာ တကယ် မှိုတက်သွားပါက အသစ်ခူးထားသည့် အသုတ်တင်မကဘဲ အောက်က ခြောက်ပြီးသား မှိုတွေပါ ပျက်စီးသွားပေလိမ့်မည်။ ယန်ရွှယ်သည် အချိန်မဆွဲတော့ပေ။
"ကျွန်မ သွားကြည့်လိုက်မယ်။"
သူမ ထီးကို လှမ်းယူမည်အပြုတွင် ချီဖန့်က ထီးကို ဖွင့်ပြီးသားဖြစ်နေပြီး သူမ၏ လက်မောင်းကို တွဲကူရန် ရှေ့သို့ တိုးလာသည်။
"ကိုယ် မင်းနဲ့အတူ လိုက်ခဲ့မယ်။"
လျန်ယွဲ့အာုည် ယန်ရွှယ်၏ ဗိုက်ကို တစ်ချက်ကြည့်ကာ ကျန်လက်မောင်းတစ်ဖက်ကို တွဲကူလိုက်သည်။ ယန်ရွှယ်သည် သူမ၏ ဒေါသများကို ခဏဘေးဖယ်ထားကာ စမ်းသပ်ကွင်းသို့ အမြန်ဆုံး ရောက်ရှိရန်သာ အာရုံစိုက်လိုက်သည်။
သူတို့အဖွဲ့ ရောက်သွားသောအခါ ကောချန်အန်းနှင့် ကျိုးဝမ်ဟွေ့တို့မှာ မှိုလှန်းသည့် တဲထဲတွင် စိုးရိမ်တကြီး ဖြစ်နေကြသည်ကို တွေ့လိုက်ရသည်။
ကျိုးဝမ်ဟွေ့၏ ခြေရင်းတွင် ခေါက်ထားသော ထီးတစ်ချောင်း ရှိနေသည်။ "ကျွန်မ အခုပဲ သွားစစ်ခဲ့သေးတယ်။ အခုလို မိုးသည်းနေတော့ နောက်ထပ် မှိုတစ်သုတ်ကလည်း ရင့်တော့မယ်။"
ယန်ရွှယ် ဝင်လာသည်ကို မြင်သောအခါ သူတို့၏ မျက်နှာများ ဝင်းပသွားသည်။ "ယန်ရွှယ် နင် ပြန်ရောက်ပြီလား!"
ယန်ရွှယ် ခေါင်းညိတ်ပြပြီး စကားများများမပြောဘဲ မှိုများဆီသို့ တန်းသွားခဲ့သည်။ "ဘယ်အသုတ်က အစောဆုံး ခူးထားတာလဲ"
တာဝန်ခံဖြစ်သည့် ကောချန်အန်းက စင်အချို့ကို ချက်ချင်း ညွှန်ပြသည်။ "ဒါတွေ၊ ဒါတွေ၊ ပြီးတော့ ဒါတွေ— အားလုံးပဲ။"
အကြမ်းဖျင်း တွက်ကြည့်ပါက အနည်းဆုံး ပေါင်တစ်ရာ၊ နှစ်ရာခန့် ရှိလိမ့်မည်။ ခြောက်သွားပြီးနောက်တွင်ပင် ပေါင်အနည်းငယ် ထွက်ရှိဦးမည်ဖြစ်သည်— အောက်က ခြောက်ပြီးသား မှိုတွေကို ထည့်မတွက်ရသေးပေ။
ယန်ရွှယ်က သွားရောက် စမ်းကြည့်လိုက်ရာ အခြေအနေမှာ မကောင်းပေ။ "ဒါတွေကို ပစ်လိုက်ပါ။ အောက်က ခြောက်ပြီးသား မှိုတွေကိုပဲ ကယ်တင်လိုက်ကြရအောင်။"
"ဒါတွေ အားလုံးကို လွှင့်ပစ်ရမှာလား" အမြဲတမ်း ခြွေတာတတ်သည့် ကျိုးဝမ်ဟွေ့က နှမျောတသစွာဖြင့် မေးခဲ့သည်။
သို့သော် ယန်ရွှယ်က မတွန့်ဆုတ်ပေ။ "အားလုံးပဲ။ ယွမ်အနည်းငယ် ဆုံးရှုံးတာက ကျွန်မတို့ရဲ့ ထုတ်ကုန်တွေက အရည်အသွေးညံ့တယ်ဆိုတဲ့ နာမည်ထွက်ပြီး ရောင်းမထွက်တော့တာထက် ပိုကောင်းပါတယ်။"
မည်သူမှ ထပ်မငြင်းကြတော့ပေ။ သူတို့သည် အပေါ်က စိုနေသော မှိုများကို အမြန်ဖယ်ထုတ်လိုက်ကြသည်။ အမှန်စင်စစ် သူတို့ လုံးဝတော့ မဖြုန်းတီးချင်ကြပေ— ၎င်းတို့ကို နေလှန်း၍ မရတော့သော်လည်း ချက်စား၍တော့ ရနိုင်သေးသည်။
ယန်ရွှယ်က ကျန်သည့်အသုတ်များကို စစ်ဆေးခဲ့သည်။ ၎င်းတို့မှာ အခြေအနေ အနည်းငယ် ပိုကောင်းသော်လည်း မိုး ဆက်ရွာနေပါက အကြာကြီး တောင့်ခံနိုင်မည်မဟုတ်ပေ။
သူမသည် တဲထဲတွင်ရပ်ကာ ခါးကို လက်ဖြင့်ထောက်ပြီး စဉ်းစားနေသည်။ "အခြားနည်းလမ်း မရှိရင်တော့၊ အန္တရာယ်အရှိဆုံး မှိုတွေကို ရွေးထုတ်ပြီး အိမ်က ကန် ပေါ်မှာ တင်လှန်းရမှာပဲ။"
"ကျွန်မတို့လည်း အဲဒါကို စဉ်းစားနေတာ" လျန်ယွဲ့အာ ပြောလိုက်သည်။ "ဒါပေမဲ့ အိမ်က ခန်တွေက သေးတယ်။ အဲဒီလို လှန်းလိုက်ရင် မှိုတွေရဲ့ ပုံသဏ္ဌာန် ပျက်ကုန်လိမ့်မယ်။"
သူတို့၏ မှိုများမှာ ဈေးနှုန်းချိုသာသောကြောင့်သာမက အသွင်အပြင် အလွန်လှပသောကြောင့်လည်း ရောင်းအားကောင်းနေခြင်းဖြစ်သည်။ အကယ်၍ အရည်အသွေး ကျဆင်းသွားပါက ရောင်းအားကို ထိခိုက်စေနိုင်ပြီး နောင်တွင် ရောင်းချရန် ခက်ခဲသွားပေလိမ့်မည်။
ယန်ရွှယ်သည် ဤအချက်ကို သိသော်လည်း အသွင်အပြင် အနည်းငယ် ပျက်သွားပါက ဈေးလျှော့ရောင်း၍ ရသေးသည်။ အရာအားလုံး ပုပ်သိုးသွားအောင် လွှတ်ထားခြင်းထက်စာလျှင် ပိုကောင်းပေသည်။
အကောင်းဆုံးမှာ မိုးရွာထဲတွင် ခူးထားသော မှိုများကို အခြောက်ခံစက်ဖြင့် အခြောက်ခံသင့်သည်။ သို့သော် ဤခေတ်ကာလတွင် ထိုစက်မျိုးကို ဘယ်မှာသွားရှာရပါမည်နည်း။ စမ်းသပ်ကွင်းတွင် နေ့ဘက်၌ပင် လျှပ်စစ်မီး မရှိပေ။
ယန်ရွှယ်သည် ရထားလေးပေါ်မှ ဆင်းဆင်းချင်းပင် ဤနေရာသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။ ခရီးပန်းသဖြင့် ခြေထောက်များ နာကျင်နေကာ သူမ ကိုယ်ကို ဟိုဘက်ဒီဘက် အနေအထား ပြောင်းရင်း ပြောလိုက်သည်။
"လောလောဆယ်တော့ ဒီအတိုင်းပဲ လုပ်ကြတာပေါ့။ အခြောက်ခံနိုင်သလောက် ခံထားပြီး မနက်ဖြန်တော့ မိုးလင်းလာလိမ့်မယ်လို့ မျှော်လင့်ရတာပဲ"
မည်သူ့တွင်မှ ပိုကောင်းသော နည်းလမ်းမရှိပေ။ သို့သော် ကျိုးဝမ်ဟွေ့မှာ စိတ်မကောင်းဖြစ်နေသည်ကို ဖုံးကွယ်မထားနိုင်ပေ။
"စမ်းသပ်ကွင်းမှာသာ ခန် ကြီးကြီး အချို့ ဆောက်ထားခဲ့ရင် သိပ်ကောင်းမှာပဲ။"
စမ်းသပ်ကွင်းတွင် ခန်များ တပ်ဆင်မည့်အကြောင်း ပြောလိုက်သောအခါ ယန်ရွှယ်၏ စိတ်ထဲတွင် တစ်ခုခု လက်ခနဲ ဖြစ်သွားသည်။ သို့သော် ခရီးပန်းနေသဖြင့် ထိုအတွေးကို သေချာဖမ်းမဆုပ်နိုင်ခဲ့ပေ။
ယခုအချိန်အထိ တိတ်ဆိတ်နေသော ချီဖန့်က ရုတ်တရက် မေးလိုက်သည်။ "ဒီမှာ ကျောက်မီးသွေး ဘယ်လောက် ကျန်သေးလဲ"
ထိုစကားကို ကြားသည်နှင့် ယန်ရွှယ် ချက်ချင်း နားလည်သွားသည်။ "ကျန်ဦးမှာပါ။ စမ်းသပ်ကွင်း ဆောက်ပြီးကတည်းက ဘွိုင်လာကို တစ်ခါပဲ မီးမွှေးဖူးတာ။"
သူတို့မှာ ခန်တွေ မရှိပေမဲ့ မှိုစိုက်ပျိုးခန်းတွေ ရှိသည်။ ဘွိုင်လာကို မီးမွှေးလိုက်ပါက အုတ်ကုတင်ကဲ့သို့ပင် အလုပ်ဖြစ်နိုင်သည်— ပို၍ပင် ကောင်းနိုင်သေးသည်။
ယန်ရွှယ်သည် ကျောက်မီးသွေး သိုလှောင်ရုံဘက်သို့ သွားရန် ပြင်လိုက်သော်လည်း ချီဖန့်က ပိုမြန်နေသည်။ သူသည် မိုးထဲသို့ အရင်ဆုံး တိုးထွက်သွားခဲ့သည်။
ကောချန်အန်းလည်း သဘောပေါက်သွားပြီး သူတို့နောက်သို့ အပြေးလိုက်သွားခဲ့သည်။ မကြာမီတွင် သူတို့သည် ဘွိုင်လာထဲသို့ ရေဖြည့်ကာ ကျောက်မီးသွေးများ ထည့်ပြီး ခဏချင်းမှာပင် မီးမွှေးလိုက်ကြသည်။
ဤနည်းလမ်း အလုပ်ဖြစ်ပါ့မလား မသေချာသဖြင့် အစပိုင်းတွင် စိုက်ပျိုးခန်း တစ်ခန်းတည်း၏ ဗားကိုသာ ဖွင့်လိုက်သည်။ ပိုက်များထဲမှတစ်ဆင့် အငွေ့ပျံနေသော ရေနွေးငွေ့များ ဝင်ရောက်လာပြီး အောက်ခြေရှိ အပူပေးစနစ်ကို လည်ပတ်စေရာ အခန်းမှာ လျင်မြန်စွာ ပူနွေးလာခဲ့သည်။
သူတို့သည် မှိုများကို အထဲသို့ သယ်ကာ ကြမ်းပြင်နှင့် အောက်ခြေစင်များပေါ်တွင် နှစ်ထပ်ခန့် ဖြန့်ခင်းလိုက်ပြီးမှ အပြင်သို့ထွက်ကာ အပူချိန်ကို အမြင့်ဆုံးအထိ မြှင့်လိုက်ကြသည်။
ခဏအကြာတွင် သွားရောက်စစ်ဆေးသောအခါ ကောချန်အန်းသည် တံခါးဖွင့်လိုက်သည်နှင့် ထွက်လာသော အပူရှိန်ကြောင့် နောက်သို့ပင် လန့်တွန့်သွားသည်။
သို့သော် သူ အထဲသို့ ဝင်ကြည့်ပြီး မျက်နှာနီမြန်းလျက် ပြန်ထွက်လာခဲ့သည်။ "အလုပ်ဖြစ်တယ်။ အောက်ဆုံးအလွှာက စပြီး ခြောက်နေပြီ။"
"ကျွန်တော် ကြည့်မယ်။"
ချီဖန့်သည် ကိုယ်ဝန်ဆောင် ယန်ရွှယ်ကို အထဲသို့ ပေးမဝင်ဘဲ သူကိုယ်တိုင် ဝင်ကြည့်သည်။ ခဏအကြာတွင် ခြောက်သွေ့နေသော မှိုတစ်ပွင့်ကို ကိုင်လျက် ပြန်ထွက်လာသည်။
"တကယ် အလုပ်ဖြစ်နေပြီ။"
အားလုံး စုပေါင်းပြီး သက်ပြင်းချလိုက်နိုင်ကြသည်။ သူတို့သည် ကျန်ရှိသော စိုက်ပျိုးခန်းများကို ချက်ချင်းဖွင့်ကာ ပျက်စီးလွယ်ဆုံးသော မှိုအသုတ်များကို အထဲသို့ ရွှေ့ပြောင်း၍ အခြောက်ခံလိုက်ကြသည်။
အားလုံး ပြီးစီးသွားချိန်တွင် အလုပ်ဆင်းချိန်ပင် ကျော်လွန်နေပြီဖြစ်ကာ အပြင်ဘက်တွင် မှောင်နေပြီဖြစ်သည်။ လျန်ယွဲ့အာက ယန်ရွှယ်နှင့် ချီဖန့်ကို အားနာသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"နင်တို့ တကယ် ပင်ပန်းနေရောပေါ့။ ပြန်ရောက်ရောက်ချင်းပဲ ငါက ခေါ်လာမိတာ။"
ကျိုးဝမ်ဟွေ့လည်း တိုက်တွန်းခဲ့သည်။ "နင်တို့နှစ်ယောက် သွားနားကြတော့၊ အထူးသဖြင့် ယန်ရွှယ်ပဲ။ ဒီမှာ ငါတို့ ကိုင်တွယ်လို့ ရပါတယ်။ အလောတကြီး ပြန်လာစရာ မလိုဘူး။"
ယန်ရွှယ်မှာ တကယ်ပင် ဗိုက်ဆာနေပြီဖြစ်သည်— သူမဗိုက်ထဲက ကလေးလေးကပင် ဆန္ဒပြနေပြီဖြစ်သည်။ သူမက ခေါင်းညိတ်ပြပြီး အားလုံးကို နှုတ်ဆက်လိုက်သည်။
အိမ်ပြန်လမ်းမှာ မှောင်နေပြီး ဘယ်သူမှ လက်နှိပ်ဓာတ်မီး မပါလာကြပေ။ တဖြောက်ဖြောက် ရွာနေသော မိုးသံများကြားတွင် ချီဖန့်က ယန်ရွှယ်၏ လက်မောင်းကို ထပ်၍တွဲကူလိုက်သည်။
သူမက လက်ကို ရုန်းမထွက်သော်လည်း စကားလည်း မပြောပေ။ သူတို့သည် တိတ်ဆိတ်စွာ အိမ်ပြန်လာကြပြီး ယန်ကျိအန်းနှင့် ဒုတိယ အဘွားယန်တို့နှင့်အတူ မြိန်ရှက်စွာ ညစာစားကြသည်။
ညစာစားပြီးနောက် သူမ အနားယူတော့မည့်အချိန်တွင် ဒုတိယ အဘွားယန်က အံဆွဲထဲမှ စာရွက်တစ်ရွက်ကို ထုတ်ပေးခဲ့သည်။
"ဒါက မင်းအတွက် ကြေးနန်းစာပဲ။ မနေ့ကတည်းက ရောက်နေတာ၊ စောစောက ပြောဖို့ အခွင့်မသာလို့။"
ယန်ရွှယ်က စာရွက်ကို ယူလိုက်သော်လည်း သေသေချာချာ မကြည့်ပေ။ သူမ၏ အပြုံးမှာ အနည်းငယ် ပျောက်ကွယ်သွားပြီးနောက် ထိုစာရွက်ကို ဘေးနားရှိ ခန်ပေါ်တွင် ပေါ့ပေါ့ပါးပါးပင် တင်ထားလိုက်သည်။
"ဒါကို ဒီအတိုင်း ပစ်ထားလို့ မဖြစ်ဘူး။ အခန်းထဲ ပြန်ယူသွားပြီး သေသေချာချာ သိမ်းထားလေ" အဘွားယန်သည် ထိုသို့ပြောကာ စာရွက်ကို ကောက်ယူပြီး သူမလက်ထဲသို့ ထည့်ပေးလိုက်သည်။
ယန်ရွှယ်သည် ဘာမှမပြောဘဲ ကြေးနန်းစာကို ယူကာ သူမ၏ အခန်းသို့ ပြန်လာခဲ့သည်။
သူမ အခန်းထဲသို့ ဝင်ဝင်ချင်းမှာပင် တစ်စုံတစ်ယောက်က နောက်မှ လိုက်ဝင်လာပြီး သူမ၏ ကျောပြင်ကို နွေးထွေးစွာ ဖက်ထားလိုက်သည်။
"ကိုယ် တကယ် မှားသွားမှန်း သိပါတယ် မိန်းမရယ်" သူမ၏ နားနားတွင် တိုးတိုးလေး က်ပြောကာ သူ၏ လက်များဖြင့် သူမဗိုက်ကို ဂရုတစိုက် ပွေ့ဖက်ထားခဲ့သည်။
ယန်ရွှယ်သည် တိတ်ဆိတ်နေဆဲဖြစ်ကာ ကြေးနန်းစာကိုသာ လှမ်းပေးလိုက်သည်။ "ဒါကို အရင်ဖတ်ကြည့်ဦး။"
ချီဖန့် နားမလည်နိုင်ဖြစ်သွားသော်လည်း လက်တစ်ဖက်ကို လွှတ်ကာ ကြေးနန်းစာကို ယူလိုက်သည်။ တစ်ချက်ကြည့်လိုက်သည်နှင့် ထိုလိပ်စာမှာ သူ၏ ဆရာကတော်ဆီက ဖြစ်မှန်း သိလိုက်သည်။ ထို့နောက် ပေးပို့သူကို ကြည့်လိုက်ရာ ယန်ကျင်းမှာရှိသော သူ၏ သူငယ်ချင်း ဖြစ်နေသည်။ ယခင်က ယန်မိသားစု၏ အခြေအနေကို စုံစမ်းရန် သူ စာရေးခဲ့ဖူးသော သူငယ်ချင်းပင်။
သူ ချက်ချင်း နားလည်သွားသည်။ "မင်း ငါ့ဆရာကတော်ရဲ့ လိပ်စာကို သိဖို့ သူ့ဆီ ဆက်သွယ်ခဲ့တာလား"
"ဟုတ်တယ်"
ယန်ရွှယ် မတွန့်ဆုတ်ဘဲ ဝန်ခံလိုက်သည်။ "တကယ်လို့ ရှင်သာ အဲဒီ ကြေးနန်းစာကို ကျွန်မဆီ ပို့မလာခဲ့ဘူးဆိုရင်၊ ကျွန်မ သူ့ဆီက အကြောင်းပြန်စာကို စောင့်ပြီးမှ ရှင့်ကို လိုက်ရှာမှာ။"
အမျိုးသမီးငယ်၏ အသံမှာ တည်ငြိမ်နေပြီး သူမ သူ့ကို တွန်းထုတ်လိုက်သည်။ "ရှင်က ကျွန်မ ရှင့်စာတွေကို ဖတ်မိလို့ပဲဖြစ်ဖြစ်၊ ရှင့်ဆရာကတော်ရဲ့ လိပ်စာကို စုံစမ်းလို့ပဲဖြစ်ဖြစ် စိတ်ဆိုးနေတယ်ဆိုရင် အခုပဲ စပြီး စကားများလို့ ရပြီ။"
ဒါက ချီဖန့်အတွက် မမျှော်လင့်ထားသောအရာ ဖြစ်သော်လည်း သူက သူမကို ချက်ချင်း အပြစ်မတင်ပေ။ "ဘာလို့ သူ့ဆီမှာ လိပ်စာသွားမေးဖို့ စဉ်းစားမိတာလဲ"
"ဘယ်သူ့ဆီ သွားမေးရမှာလဲ။ ကျွန်မ ဘေးနားက လူတွေထဲမှာ ရှင် ဘယ်သွားလဲဆိုတာ သိတဲ့သူ ရှိလို့လား။ ဒါမှမဟုတ် ရှင် အမြဲတမ်း ပြောနေတဲ့ ဒီ 'ဆရာကတော်' ဆိုတဲ့သူရဲ့ နာမည်ကို သိတဲ့သူရော ရှိလို့လား"
ယန်ရွှယ်က မျက်နှာကို မော့ကာ သူ့ကို ကြည့်လိုက်သည်။ "ရှင်က ကျွန်မတို့ကို မိသားစုလို့ အမြဲပြောခဲ့တယ်၊ ကျွန်မ ဒဏ်ရာရတုန်းက ရှင့်ကို မပြောလို့ ရှင် စိတ်ဆိုးခဲ့တယ်လေ။ ဒါပေမဲ့ ရှင် ကျွန်မကို ကတိပေးပြီးမှ ထားခဲ့တာကျတော့ရော၊ ဒါက မိသားစုကို ဆက်ဆံတဲ့ ပုံစံလား"
"ကိုယ် မင်းကို မိသားစုလို့ မသတ်မှတ်ခဲ့တာ တစ်ခါမှ မရှိပါဘူး"
ချီဖန့် ရှင်းပြရန် ကြိုးစားလိုက်သည်။ "မင်းမှာ ကိုယ်ဝန်သာ မရှိရင် ကိုယ် မင်းကို တစ်ခါတည်း ခေါ်သွားမှာပါ။ ဒါပေမဲ့ မင်းဗိုက်က ဒီလောက်အထိ ကြီးနေတာကို—"
"ဗိုက်ကြီးနေတာက ကျွန်မ ကိုယ့်ကိုယ်ကိုယ် မစောင့်ရှောက်နိုင်တော့ဘူးလို့ ဆိုလိုတာလား။ ဒါမှမဟုတ် ကျွန်မက ရူးသွားပြီလို့ ထင်နေတာလား"
ယန်ရွှယ်သည် စကားကို ပြတ်ပြတ်သားသား ဖြတ်ပြောလိုက်သည်။ "ကောင်းပြီလေ၊ အဲဒီတုန်းက ကျွန်မလည်း စိတ်အခြေအနေ မတည်ငြိမ်လို့ ရှင့်ကို ဘယ်လို ရှင်းပြရမှန်း မသိခဲ့တာ မှန်ပါတယ်။ ရှင့်ကို ခေါ်သွားစေချင်လို့ ဝမ်ကျန်းရုန် ရှေ့မှာတောင် ပြဿနာရှာခဲ့သေးတယ်လေ။ ဒါပေမဲ့ ရှင့်မျက်လုံးထဲမှာ ကျွန်မက အကြောင်းပြချက်မရှိ ပြဿနာရှာတတ်တဲ့ လူတစ်ယောက်ပဲလား။ ပြီးတော့ ရှင်က ကျွန်မကွယ်ရာမှာ ခိုးပြီး ထွက်သွားတယ်!"
ယန်ရွှယ်ကို အစိတ်အဆိုးဆုံး ဖြစ်စေသည့် အချက်မှာ ဤသည်ပင်။ "ကျွန်မကို မခေါ်သွားချင်လို့ ရှင်က အရင်ဆုံး ကတိပေးပြီးမှ နောက်ဆုံးမိနစ်မှာ ခိုးထွက်သွားတာပဲ။ ကျွန်မက ရှင့်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို အတူထမ်းပိုးဖို့ မထိုက်တန်ဘူးလို့ ရှင် တကယ် ထင်နေတာလား"
သူမသည် စကားကို ဤမျှအထိ အရှည်ကြီးနှင့် ပြတ်ပြတ်သားသား ပြောလေ့မရှိပေ။ ချီဖန့်သည် အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။
"မင်းကို အတူထမ်းပိုးခိုင်းဖို့ ကိုယ် မဝံ့ရဲခဲ့တာပါ။"
သူ၏ အကြည့်များမှာ အောက်သို့ ကျသွားသည်။ "ယန်ရွှယ်... ကိုယ့်မှာ အမေ၊ အဘိုး၊ ဆရာ... ပြီးတော့ အဖေနဲ့ အစ်ကိုပါ ဆုံးရှုံးခဲ့ရပြီးပြီ။ ကိုယ့်မှာ မင်းပဲ ကျန်တော့တာ။"
သူ၏ အသံမှာ တည်ငြိမ်နေပြီး မျက်နှာအမူအရာမှာလည်း မပြောင်းလဲသော်လည်း၊ သူ၏ စကားများထဲတွင် နက်ရှိုင်းသော အထီးကျန်မှုများ ကိန်းအောင်းနေသည်။
ထိုစာထဲမှ စကားလုံးတိုင်းမှာ စစ်မှန်လှသည်။ ယန်ရွှယ်နှင့် ဆုံမှသာ သူသည် တကယ့်အိမ်တစ်လုံးကို ရခဲ့ခြင်းဖြစ်ရာ— သူ၏ ဇနီးနှင့် ကလေးကို မည်သို့ စွန့်စားမှုထဲ ထည့်နိုင်ပါမည်နည်း။
ရှန်ရှို့ဖန် ကြုံတွေ့ခဲ့ရသကဲ့သို့— သို့မဟုတ် ထို့ထက် ပိုဆိုးသော အခြေအနေမျိုး ယန်ရွှယ် ကြုံတွေ့ရမည့် အခွင့်အရေး အနည်းငယ်လေးကိုပင် သူ လက်မခံနိုင်ပေ။
"ဒါပေမဲ့ ရှင် တစ်ခါလောက်ရော စဉ်းစားဖူးလား" ယန်ရွှယ်၏ လေသံမှာ နူးညံ့သွားခဲ့သည်။ "တကယ်လို့ ကျွန်မ ရှင့်နောက်ကို မလိုက်ခဲ့ဘဲ ရှင့်မှာ တစ်ခုခု ဖြစ်သွားရင်၊ ကျွန်မနဲ့ ကလေးက ဘာဖြစ်သွားမလဲဆိုတာကိုရော"
သူမ၏ စကားမှာ သူ့ကို ထိမှန်သွားစေခဲ့သည်။
သူ မော့ကြည့်လိုက်သော်လည်း ယန်ရွှယ်၏ အကြည့်မှာ ပြတင်းပေါက်ပြင်ပသို့ ရောက်ရှိနေပြီဖြစ်သည်။
"ကျွန်မသာ ရှင့်နောက်ကို မလိုက်ခဲ့ရင်၊ ရှင်က ရှင့်ဆရာရဲ့ အလုပ်တွေကို လွှဲပေးခဲ့မိမှာပဲ၊ အဲဒီအတွက် ရှင် ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး— ကျွန်မ ပြောတာ မှားလား"
ချီဖန့် မငြင်းနိုင်ပေ။ ယန်ရွှယ်က သူ့ဘက်သို့ ပြန်လှည့်လာသည်။ "ဒါဆို ရှင်က ကျွန်မကို ရှင့်ဘေးနားကနေပြီးတော့ ရှင် တစ်သက်လုံး နောင်တတွေနဲ့ ရှင်သန်နေတာကိုပဲ ထိုင်ကြည့်နေစေချင်တာလား"
ဤကဲ့သို့သော အဖြစ်အပျက်များကို စာထဲတွင် ဖတ်ရသောအခါ သူမ သက်ပြင်းချရုံသာ တတ်နိုင်သော်လည်း၊ ယခုမူ သူသည် သူမ၏ ခင်ပွန်းဖြစ်ကာ မမွေးသေးသော ကလေး၏ ဖခင်လည်း ဖြစ်နေသည်။
သူမ၏ လေသံမှာ တိုးညင်းသွားခဲ့သည်။ "ချီဖန့် ရှင် တစ်ယောက်တည်း မဟုတ်တော့ဘူး။ အရာအားလုံးကို ရှင့်တစ်ယောက်တည်း ထမ်းထားစရာ မလိုတော့ဘူး။ ပြီးတော့ ကျွန်မက ရှင့်ရဲ့ ကာကွယ်မှုပဲ လိုအပ်နေတဲ့ ဘာမှမသိတဲ့ လူတစ်ယောက် မဟုတ်ဘူး။ ကျွန်မ ဒဏ်ရာရတုန်းက ရှင့်ကို မပြောပြလို့ ရှင် အရမ်း စိတ်ဆိုးခဲ့တယ်လေ။ ရှင် ခိုးထွက်သွားတာကို သိလိုက်ရချိန်မှာ ကျွန်မ ဘယ်လို ခံစားရလဲဆိုတာ ရှင် သိရဲ့လား"
ထိုစဉ်က သူမ၏ ခံစားချက်မှာ ဒေါသထွက်ရုံတင်မကပေ။ ထို့ကြောင့်လည်း သူမသည် သူ၏ ဆရာကတော် လိပ်စာကို စုံစမ်းခဲ့ပြီး မတွန့်ဆုတ်ဘဲ နောက်က လိုက်လာခဲ့ခြင်းဖြစ်သည်။
သူမသည် အဆိုးဆုံးကိုပင် ပြင်ဆင်ထားခဲ့သည်— ချီဖန့် သူမ သူ့စာတွေကို ခိုးဖတ်လို့ စိတ်ဆိုးပြီး လမ်းခွဲကြရမည်ဆိုလျှင်တောင်မှပေါ့။ နောက်ဆုံးတော့ သူတို့မှာ ကိုယ်စီ လျှောက်ရမည့် လမ်းတွေ ရှိကြသည်။
သို့သော် တစ်ခုတော့ အလျှော့ပေး၍ မရပေ - သူသည် စာအုပ်ထဲက အမှားမျိုးကို ထပ်မလုပ်မိစေရပေ။
အခန်းတွင်း တိတ်ဆိတ်သွားခဲ့သည်။ ယန်ရွှယ်သည် သူမ ပြောစရာရှိသည်များကို ပြောပြီးနောက် အပြင်ထွက်ရန် ပြင်လိုက်သည်။
သို့သော် ချီဖန့်က တံခါးလက်ကိုင်ပေါ်ရှိ သူမ၏ လက်ကို ဖမ်းဆုပ်လိုက်သည်။
"ကိုယ် မင်းကို စိတ်ပူအောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်"သူ၏ အသံမှာ တိုးညင်းနေပြီး ယခင်ကကဲ့သို့ ချော့မော့နေသော လေသံမျိုး မဟုတ်တော့ပေ။
သူမ တွန်းထုတ်မည်ကို စိုးရိမ်နေသကဲ့သို့ သူမကို ဖက်ရန်ပင် မဝံ့မရဲ ဖြစ်နေသည်။ "နောက်တစ်ခါ ဒီလို မလုပ်တော့ပါဘူး။ နောင်ကျရင် မင်းစကားကိုပဲ နားထောင်မယ်။"
သူ့အတွက် ဤမျှအထိ ပင်ပန်းခံမည့်သူ မည်သူမှ မရှိပေ— သူမတစ်ယောက်တည်းသာ ရှိသည်။
သူ၏ အခက်အခဲများကို ဝန်ထုပ်ဝန်ပိုးဟု တစ်ခါမှ မမြင်ဘဲ၊ သူ့ကို ဘယ်တော့မှ တွန်းမထုတ်ဘဲ၊ သူ့အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် ပင်ပန်းခံနေသည့် သူမတစ်ယောက်တည်းသာ...
သူမ၏ လက်ကို ဆုပ်ကိုင်ထားသော သူ၏ လက်မှာ ပို၍ တင်းကျပ်သွားခဲ့သည်။ "နောင်ကျရင် မင်းပဲ ဆုံးဖြတ်ပါ။ ကိုယ် အရာအားလုံးကို မင်းနဲ့ တိုင်ပင်မယ်။ မင်းစကား နားထောင်မယ်။"
"ကြည့်ရသေးတာပေါ့"
ယန်ရွှယ်သည် စကားလုံးများကို ဘယ်တော့မှ မယုံကြည်ဘဲ လုပ်ရပ်ကိုသာ ကြည့်တတ်သူဖြစ်သည်။
သူက လက်ကို မလွှတ်သဖြင့် သူမကိုယ်တိုင်ပင် ရုန်းထွက်လိုက်သည်။ "ကျွန်မ ပင်ပန်းနေပြီ။ အနားယူချင်တယ်။"
ချီဖန့် မတားရဲတော့ဘဲ လက်ကို ချက်ချင်း လွှတ်ပေးလိုက်သည်။ သူမ တံခါးဖွင့်ပြီး တစ်ဖက်ခန်းသို့ ဝင်သွားသည်ကို သူ ငေးကြည့်နေမိသည်။
မကြာမီတွင် ယန်ကျိအန်း၏ ရယ်သံများနှင့်အတူ ယန်ရွှယ်၏ နူးညံ့သော အသံများကို ကြားလိုက်ရသည်။ သူသည် တွန့်ဆုတ်နေသော်လည်း သူမ၏ ကောင်းမွန်နေသော စိတ်အခြေအနေကို သွား၍ မနှောင့်ယှက်တော့ပေ။
မိုးသည် နောက်တစ်ရက်အထိ ဆက်ရွာနေပြီးမှ နေပြန်သာလာခဲ့သည်။ စမ်းသပ်ကွင်းရှိ လူအားလုံး သက်ပြင်းချနိုင်ကြပြီး ကျန်ရှိနေသော မှိုများကို အမြန်ဆုံး နေလှန်းလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် စက်ပြင်အလုပ်ရုံ၌ ချူမင်လီက ချီဖန့်အား ရုံးခန်းသို့ ခေါ်လိုက်သည်။
"မင်း အရင်က ပြင်ထားတဲ့ မြေတူးစက်ကို ကောင်တီက ရေလှောင်ကန် ပြုပြင်ဖို့အတွက် ငှားသွားတယ်။ ကောင်တီက သိချင်နေတာက— တကယ်လို့ မင်းကို နောက်တစ်စီး ထပ်ပြင်ခိုင်းမယ်ဆိုရင် ဘယ်လောက်ကြာမလဲတဲ့။"
အပိုပစ္စည်းတွေ အစုံအလင်ရှိပြီး လူအင်အား လုံလောက်လျှင်၊ ယခင်ကလည်း အောင်မြင်အောင် လုပ်ဖူးသဖြင့် သိပ်တော့ မကြာနိုင်ပေ။
သို့သော် ချီဖန့် ခဏရပ်သွားသည်။ "ကျွန်တော် ပြန်သွားပြီး သေသေချာချာ တွက်ချက်ကြည့်ပါဦးမယ်။ မကြာခင် အဖြေပေးပါ့မယ်။"
ချူမင်လီသည် သူ၏ စေ့စပ်သေချာမှုကို ယုံကြည်ပြီးသားဖြစ်သဖြင့် ထပ်မမေးတော့ပေ။ "ဒါဆိုရင် ငါ ကောင်တီကို အကြောင်းပြန်လို့ရအောင် အမြန်ဆုံး အဖြေပေးနော်။"